အပိုင်း (၁၉၀)
Viewers 31k

Chapter 190 


စုန့်ထင်ရှန်းက ယွမ်ရှနှင့် WeChatတွင် စကားပြောနေစဉ် လက်ထောက်ချန်က တံခါးခေါက်ပြီး ဝင်လာသည်။ 


" စီအီးအိုစုန့်ရဲ့ သူငယ်ချင်း မစ္စတာလီက ဒီကို ရောက်နေပါတယ် ... သူအခု ဧည့်ခန်းမှာပါ ..."


လီယွမ်ဟန့်လား ...


စုန့်ထင်ရှန်း ပဟေဠိဖြစ်သွားမိသည်။

သူ့သူငယ်ချင်းကလည်း အလုပ်များတဲ့လူပဲလေ ... ဒီလိုအချိန် သူ့ကုမ္ပဏီမှာ အလုပ်လုပ်နေရမှာမလား ...


" သူ့ကို ခေါ်ခဲ့လိုက်ပါ ..."


မိနစ်အနည်းငယ်အကြာတွင် ဝတ်စုံပြည့်ဝတ်ထားသည့် လီယွမ်ဟန့်က ရုံးခန်းထဲဝင်လာသည်။ သူက ပြုံးပြပြီး ပြောလိုက်သည်။


" အလုပ်များနေတာကို နှောင့်ယှက်မိသွားလား ..."


စုန့်ထင်ရှန်း သူ့ဖုန်းကို ချထားလိုက်သည်။

" အလုပ်မများပါဘူး ... မင်း ဘယ်လိုဖြစ်လို့ ဒီနေ့အားနေရတာလဲ ... နေ့လယ်စာစားချိန်တောင် ရောက်တော့မယ် ... အချိန်ရရင် ငါနဲ့ နေ့လယ်စာတူတူစားလေ ..."


" ငါ ဒီနေ့ အထူးကိစ္စတစ်ခုရှိလို့ ရောက်လာတာ ... နေ့လယ်စာက နောက်မှတူတူစားတော့မယ် ... နေ့ခင်းကျရင် ဖောက်သည်တွေနဲ့တွေ့ဖို့ ရုံးကိုပြန်ရဦးမှာ ..."


လီယွမ်ဟန့်က လက်မြှောက်ပြီး နာရီကိုကြည့်လိုက်သည်။


" ငါ ရှောင်ကျင်းကိုဖုန်းခေါ်တာ မဖြေလို့လေ ... အဲ့ဒါကြောင့် မင်းကုမ္ပဏီထိ သူ့ကိုလာရှာတာ ... ငါ ဧည့်ကြိုကောင်တာမှာ မေးလိုက်တော့ ဒီနေ့ အလုပ်မဆင်းဘူးတဲ့ ... အဲ့ဒါနဲ့ ဒီကိုရောက်လက်စနဲ့ မင်းကိုလာနှုတ်ဆက်တာ ..."


စုန့်ထင်ရှန်း ခေါင်းငြိမ့်ပြလိုက်သည်။

" အရေးကြီးကိစ္စတစ်ခုခုရှိလို့ သူမကို ရှာနေတာများလား ..."


သူ၏ လက်ထပ်ပြီးသော သူငယ်ချင်းကို ညီမဖြစ်သူက မဟုတ်မမှန်အတွေးများ ရှိနေသည့်အတွက် သူနေရခက်နေမိသည်။ သို့ရာတွင် သူက ကိစ္စများကို မနှောင့်နှေးစေလိုတော့ပေ။


" လောင်စုန့် မင်းရဲ့ စီအီးအိုအာဏာကို သုံးပြီး ငါ့ကို တစ်ခုကူညီပါလား ..."


စုန့်ထင်ရှန်းက သင်္ကာမကင်းစွာဖြင့် သူ့ကိုကြည့်လိုက်သည်။


" မင်းတို့ရဲ့HRဌာနကို ရှောင်ကျင်း အလုပ်ထွက်စာ တင်ထားလား မေးကြည့်ပါလား ..."


လီယွမ်ဟန့်က သူ့ညီမလေး၏အကြောင်းကို အစဆွဲမထုတ်ချင်တော့ပေ။ ဤကိစ္စအတွက် သူမနှင့် မည်သို့မျှ မညှိနှိုင်းနိုင်တော့ကြောင်း သူပြောထားပြီးသားဖြစ်သည်။ သူကိုယ်တိုင် သူမကို‌ အလုပ်ထွက်ရန် ပြောထားသည့်အတွက် သူမ လုပ်ကိုလုပ်ရမည်ဖြစ်သည်။ ဤသို့ပြုလုပ်လိုက်ခြင်းက အတင်းအကြပ်ဆန်ပြီး ကျိုးကြောင်းမဆီလျော်သော်လည်း သူ့ညီမလေးကို ကိုယ်ကျင့်သိက္ခာမရှိသူတစ်ယောက် မဖြစ်လာစေချင်ပေ။ 


စုန့်ထင်ရှန်းက လီယွမ်ဟန့်ကို တစ်ချက်ကြည့်လိုက်သည်။ သူ ခဏတာ တိတ်ဆိတ်နေပြီးနောက် ဖုန်းဖြင့် လက်ထောက်ချန်၏ ရုံးတွင်းဖုန်းကို ခေါ်လိုက်သည်။


" HRဌာနကို လီကျင်းရဲ့ အလုပ်ထွက်စာရထားလား မေးကြည့်လိုက် ... ပြီးရင် ငါ့ဆီ အမြန်ဆုံးအကြောင်းပြန်ပေး ..."


ဖုန်းချပြီးလိုက်သည့်နောက် စုန့်ရှန်းက လီယွမ်ဟန့်ကို ‌ဘာပြောရမည်မသိ ဖြစ်နေသည်။


လီယွမ်ဟန့်က တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သည်။ 


" လောင်စုန့် စိတ်မပူပါနဲ့ ... မင်း နေရမခက်အောင် ငါအကောင်းဆုံး ဖြေရှင်းပေးမှာပါ ... ငါ အစတည်းက သူမကို မင်းတို့ ကုမ္ပဏီမှာ အလုပ်သင်အဖြစ် မပို့လိုက်သင့်ဘူး ... ငါ သူမအတွက် တခြားအလုပ်တစ်ခု ရှာထားပြီးပြီ ... သူ့အိမ်နဲ့လည်းနီးတယ် ... သူမက ငယ်သေးတော့ မသိ နားမလည်သေးတဲ့ ကိစ္စတွေ အများကြီးရှိတယ် ... မင်းကို ပြဿနာဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ် ... စိတ်ထဲမထားပါနဲ့ ..."


စုန့်ထင်ရှန်း မော့ကြည့်လိုက်သည်။

" မင်း ကိုင်တွယ်နိုင်တယ်ဆိုရင် အဆင်ပြေပါတယ် ..."


လီယွမ်ဟန့်၏ ပုံက အလွန်ရှက်နေသည့်ပုံပင်။

" မင်းနဲ့ မင်းရဲ့ဇနီးကြားမှာ ပြဿနာမဖြစ်သွားစေဖို့ မျှော်လင့်ပါတယ် ..."


သူ့သူငယ်ချင်းက ယွမ်ရှအကြောင်းပြောလိုက်သည့်အခါ စုန့်ထင်ရှန်းပြုံးလိုက်မိသည်။

" ဝမ်လေးအမေက လီကျင်း ဘယ်သူဆိုတာတောင် မမှတ်မိပါဘူး ... စိတ်မပူပါနဲ့ ..."


လီယွမ်ဟန့် နေရခက်စွာဖြင့် ပြုံးလိုက်သည်။ သေချာတွေးကြည့်လိုက်သည့်အခါ ယွမ်ရှ စိတ်ထဲမထားမည်မှာ အကျိုးကြောင်းဆီလျော်လှသည်။ စုန့်ထင်ရှန်း၏ ကိုယ်ကျင့်တရားကောင်းသော အကျင့်စရိုက်ကြောင့် သူမ စိတ်ချလက်ချနေနိုင်မည်သာဖြစ်သည်။


ယွမ်ရှက လီကျင်းကို မမှတ်မိသော်လည်းဤကိစ္စကို သူမ ဂရုစိုက်မစိုက် နှင့် ပြဿနာဟု သတ်မှတ်သည် ဟုတ်မဟုတ် သူမပြောရဲပေ။ 


ခုမှတွေးကြည့်မိတယ် ... သူမ သဝန်တိုရင် ဘယ်လိုများ နေမလဲမသိဘူး ... သူမ သဝန်တိုတာကို မြင်ရဖို့ အခွင့်အရေးကောင်းတစ်ခုပဲ ...


ရုံးဖုန်းမြည်လာသည်။ လက်ထောက်ချန်၏ အလုပ်ကို မြန်မြန်ဆန်ဆန် လုပ်နိုင်စွမ်းက အလွန်မြင့်လှသည်။ သူက ခလုတ်နှိပ်ပြီး စပီကာဖွင့်လိုက်သည်။


" စီအီးအိုစုန့် ကျွန်တော်HRဌာနကို မေးပြီးပါပြီ ... သူတို့ လီကျင်းရဲ့ အလုပ်ထွက်စာကို မရသေးဘူးလို့ပြောပါတယ် ... ပြီးတော့ သူမ ဒီနေ့အလုပ်မလာပါဘူး ... ဘဏ္ဍာရေးဌာန ခေါင်းဆောင်ကိုလည်း ခွင့်ယူမယ်မပြောထားပါဘူးတဲ့ ..."


xxcxxxxxx