အပိုင်း (၁၉၁)
Viewers 34k

Chapter 191


လီကျင်းက အလုပ်မလာပဲ ခွင့်ယူမည့်အကြောင်း မပြောထားသည့်အပြင် ဖုန်းများပါ မဖြေသဖြင့် စုန့်ထင်ရှန်းက လီယွမ်ဟန့်ကို အကြံပေးလိုက်သည်။


" သူမ ‌ဖျားနေလား သွားကြည့်သင့်တယ်နော် ... မင်းမိဘတွေကိုလည်း ဖုန်းဆက်ကြည့်ဦး ..."


လီယွမ်ဟန့် ခေါင်းခါလိုက်သည်။


" သူတို့ အမျိုးသားနေ့အားလပ်ရက်အတွက် နိုင်ငံခြားကို ခရီးသွားကြတယ် ... အခုလောလောဆယ် ဂျပန်မှာပဲ ရှိနေကြဦးမှာ ..."


သူသည်လည်း စိတ်ပူလာသဖြင့် မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ 

"  ဘာတွေများဖြစ်နေလဲလို့ ငါသွားကြည့်လိုက်ဦးမယ် ..."


စုန့်ထင်ရှန်း ခေါင်းငြိမ့်ပြလိုက်သည် 

" အေးပါ မင်းဒီကို ကားမောင်းလာတာလား ... ငါ့ဆီက ဒရိုင်ဘာ‌တစ်ယောက် ခေါ်သွားလေ ..."


" ငါဒီကို ကိုယ့်ဘာသာမောင်းလာတာ ... မင်း အလုပ်ပြန်လုပ်တော့လေ ..."

လီယွမ်ဟန့်က မထွက်သွားမီ ခဏရပ်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။


" လောင်စုန့် ရိုးရိုးသားသားပြောရရင် ငါ့ညီမရဲ့ လုပ်ရပ်နဲ့ မင်းကို ဒီကိစ္စတွေ ပြောနေရတာကို တော်တော်လေးရှက်မိတယ်  ... အရင်က ပြောခဲ့သလိုပဲ မင်းဘာကိုမှ စိတ်ပူစရာမလိုပါဘူး ... သူမက ခဏတာ စိတ်ကစားမိတာပါ ... သူမ အမှားကြီးကြီးမားမား မလုပ်မိခင် ဒီကို မလာတော့အောင် တားထားလိုက်ပါ့မယ် ... မင်းက အမြဲတမ်း အလုပ်ရှုပ်နေတဲ့သူတစ်ယောက်ဆိုတော့ အားတဲ့အချိန် ဇနီးနဲ့ ကလေးနဲ့အတူ အချိန်ဖြုန်းပေးလိုက်ပါ ... သူမ အလုပ်ထွက်ပြီးတာနဲ့ မင်းရှေ့မှာ ပေါ်မလာအောင် ငါအတတ်နိုင်ဆုံး ကြိုးစားပါ့မယ် ..."


လီယွမ်ဟန့်၏ တုံ့ပြန်မှုကြောင့် စုန့်ထင်ရှန်း ဘာပြောရမည်မသိ ဖြစ်သွားသည်။ အစမှ အဆုံးအထိသူ လီကျင်းကို မျက်နှာသာမပေးခဲ့မိပေ။ လီယွမ်ဟန့်နှင့် သူ၏ သူငယ်ချင်းဆက်ဆံရေးကြောင့် သူ့အမျိုးများကိုပါ မျက်နှာသာပေးမည်မဟုတ်ပေ။  ထို့အပြင် ‌ယောကျာ်းနှင့် မိန်းမအကြားတွင် ကွာခြားချက်များရှိသည်။ လီကျင်းက သူ့သူငယ်ချင်း၏ ညီမလေးဖြစ်သော်လည်း သူမနှင့် ခပ်ခွာခွာသာနေခဲ့သည်။ ထို့ကြောင့်သာ လီကျင်းက သူ့ကို ပြဿနာ မဖြစ်စေခဲ့ခြင်းဖြစ်သည်။ သူ ဤကိစ္စကို လီယွမ်ဟန့် တစ်ယောက်တည်းကိုသာ ပြောပြခဲ့ခြင်းမှာ လီကျင်းကြောင့် အနာဂတ်တွင် သူတို့သူငယ်ချင်းနှစ်ယောက် အထင်လွဲမှုများ မဖြစ်စေချင်သောကြောင့်ပင်။


သို့သော်လည်း လီယွမ်ဟန့်၏ တုံ့ပြန်မှုက သူ့ကို စိတ်သက်သာရာ ရစေခဲ့သည်။ လီယွမ်ဟန့်က ဤသို့ပြုလုပ်ခြင်းမှာ လီကျင်းကြောင့် ဖြစ်သကဲ့သို့ သူတို့နှစ်ယောက်၏ သူငယ်ချင်းဆက်ဆံရေးကို မပျက်စီးစေရန်ဖြစ်သည်။


ထိုသို့တွေးကာ စုန့်ထင်ရှန်းက ပြန်ပြောလိုက်သည်။

" အမ် ..."


သူ ထရပ်လိုက်ပြီး လီယွမ်ဟန့်ကို ဓာတ်လှေကားအထိ လိုက်ပို့ကာ နောက်ဆုံးတွင် ပြောလိုက်သည်။


" ယွမ်ဟန် ... မင်း ဘာမှ ရှက်စရာမလိုပါဘူး ... ဒီကိစ္စကို ဖြေရှင်းပြီးသွားရင် ပြီးတာပဲ ... ငါတို့တွေ သိခဲ့တာလည်း ကြာပြီပဲ ... ဒီကိစ္စက ငါတို့နှစ်ယောက်ကို သိူစမ်းတွေ ဖြစ်သွားတဲ့အထိတော့ မဖြစ်သင့်ဘူးလေ ..."


" ဒါပေါ့ ..."

ဓာတ်လှေကားက ပွင့်လာသည်။


" ကောင်းပါပြီ ... ငါ့ကို ဒီနေရာထိပဲ လိုက်ပို့ပေးပါ ... ငါ့ညီမဆီ ဘာတွေဖြစ်နေလဲ သွားကြည့်ပြီးရင် အလုပ်ပြန်သွားရဦးမယ် ..."


လီယွမ်ဟန့် ဓာတ်လှေကားထဲ ဝင်သွားပြီးသည်ကိုကြည့်ပြီး ဓာတ်လှေကားတံခါးပိတ်သွားသည်နှင့် စုန့်ထင်ရှန်း သက်ပြင်းချလိုက်သည်။


လီကျင်း မြန်မြန် အမြင်မှန်ရရန် သူမျှော်လင့်နေမိသည်။


လီယွမ်ဟန့်က သူတို့ကြားတွင် ရှိနေသည်ဖြစ်၍ သူကိုယ်တိုင် ဘာမှမလုပ်လိုက်ရပေ။ သူ ဘာမှမလုပ်မီ လီယွမ်၏ နေရာနှင့် ခံစားချက်ကို ဦးစွာတွေးပေးလိုက်ရသည်။



စုန့်ထင်ရှန်းက အလုပ်မှ စော‌စောပြန်ပြီး ယွမ်ရှကို သွားကြိုချင်သည်ဖြစ်၍ နေ့လယ်စာကို အခန်းထဲသာ ယူလာခိုင်းလိုက်သည်။ နေ့လယ်စာ မြန်မြန်စားပြီး ကျန်ရှိနေသည့် နေ့လယ်စာစားချိန်တွင် အလုပ်ဆက်လုပ်နေသည်။ သို့မှသာ လေးနာရီမထိုးမီ အလုပ်ဆင်းနိုင်ပြီး ဝမ်လေးကို ကျောင်းသွားကြိုကာ သူတို့နှစ်ယောက်တူတူ ယွမ်ရှကို သွားကြိုနိုင်မည်ဖြစ်သည်။ ထိုအခါမှ အားလုံး အချိန်ကိုက် ဖြစ်နေလိမ့်မည်။ 


ဝမ်လေး၏ ကျောင်းက အိမ်နှင့်သိပ်မဝေးပေ။ စုန့်ထင်ရှန်းက ယနေ့တွင် ‌ဒရိုင်ဘာကို ခေါ်မလာတော့ပေ။ သူ ကားမောင်းနေစဉ် လမ်းဘေးတွင် ပန်းဆိုင်တစ်ဆိုင်ကို သတိထားမိ၍ တစ်ဖက်သို့ပြန်ကွေ့လိုက်ပြီး ပန်းဆိုင်ရှေ့တွင် ကားရပ်လိုက်သည်။


ဆိုင်ရှင်က စုန့်ထင်ရှန်းကို နွေးထွေးစွာ ကြိုဆိုသည်။


" လူကြီးမင်း ဘယ်လိုပန်းမျိုးဝယ်ချင်လဲ မသိဘူး ... ဒါမှမဟုတ် ဘယ်သူ့ကို ပေးမယ်ဆိုတာ ပြောပြမယ်ဆိုရင် ဘယ်လိုပန်းမျိုးပေးသင့်တယ်ဆိုတာ အကြံပေးလို့ရပါတယ် ..."


xxxxxx