အပိုင်း (၁၉၂)
Viewers 31k

Chapter 192


စုန့်ထင်ရှန်းက ပန်းများကို သူ့အကြိုက်သာဝယ်သွားပြီး တစ်ကြိမ်သာ လက်ဆောင်ပေးခဲ့ဖူသည်။ သို့ဖြစ်၍ သူမကို တူညီသည့် ပန်းများ ထပ်ပေး၍ မဖြစ်သောကြောင့် ပြောလိုက်သည်။

" ကျွန်တော့် ဇနီးအတွက်ပါ ..."


" လူကြီးမင်းရဲ့ ဇနီးရဲ့ မွေးနေ့လား ... မင်္ဂလာနှစ်ပတ်လည်များလား ..."


စုန့်ထင်ရှန်း ခေါင်းခါလိုက်သည်။

" မဟုတ်ပါဘူး ... ဒီနေ့က သူအလုပ်ဝင်တာ ပထမဆုံးနေ့ပါ ..."


ဆိုင်ရှင်က ပြုံးလိုက်သော်လည်း စိတ်ထဲတွင် ငိုချင်သွားမိသည်။


ဘာလို့ ငါ့ကို ခွေးစာတွေ လာကျွေးနေတာပါလိမ့် ... သူ့မိန်းမ အလုပ်ဝင်တာ ပထမဆုံးနေ့မို့ ပန်းဝယ်သွားမယ်တဲ့ အတော်လေး စိတ်ကူးယဉ်ဆန်တဲ့လူပဲ ... သူ့မိန်းမ ဖြစ်ရတာ ကောင်းချီးပေးခံရသလိုပဲနေမှာ ...


နောက်ဆုံးတွင် ပန်းဆိုင်ပိုင်ရှင်က အဖြူရောင်နှင်းဆီပန်းနှင့် အစိမ်းရောင် တရုတ်ခေါင်းလောင်းပန်းများကို အကြံပြုလိုက်သည်။ ထိုအရောင်နှစ်ခုက လိုက်ဖက်လွန်းလှသည်။


ပထမဆုံးအကြိမ် ပန်းစည်းပေးရခြင်းက ကိုးရို့ကားယား ဖြစ်စေသော်လည်း ဒုတိယအကြိမ်ဖြစ်သောအခါ စိတ်ထဲ ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ပေ။ ဤတစ်ကြိမ်တွင် စုန့်ထင်ရှန်း ရှက်မနေတော့ပေ။ 



ဝမ်လေး ကားပေါ်တက်လာသည်နှင့် ‌အနောက်ခုံမှ ပန်းစည်းကို မြင်သွားပြီး မေးလိုက်သည်။

" ပါပါး ပန်းတွေ မာမားကို ပေးမလို့လား ..."


စုန့်ထင်ရှန်းက ကားစက်နှိုးလျက် ဖြေလိုက်သည်။

" အင်း ... ဒီနေ့က မာမား ပထမဆုံးအလုပ်တက်တဲ့နေ့လေ ... အဲ့ဒါကြောင့် အထူးလက်ဆောင် ဝယ်လာတာ ..."


ဝမ်လေးက လူလည်လေးဖြစ်သည်။ ထိုစကားများကြားသည့်အခါ သူ့အဖေကို ကျီစယ်ချင်လာသည်။ သူက တမင်သက်သက် စိတ်ဆိုးဟန်ဆောင်လိုက်သည်။


" ပါပါးက သား ပထမဆုံး သူငယ်တန်းတက်တဲ့နေ့ကကျတော့ လက်ဆောင် မပြင်ထားဘူး ..."


ဝမ်လေးက လွန်ခဲ့သည့် တစ်နှစ်ကျော်မှ ကိစ္စများကို မေ့သွားပုံရသဖြင့် သူအမြန်ဖြေလိုက်သည်။ 


" သားလေးရဲ့ စကားတွေ‌ကြောင့် ပါပါးဝမ်းနည်းသွားပြီနော် ... သား သူငယ်တန်း စစတက်ချင်းနေ့တုန်းကလည်း ပါပါးလက်ဆောင်ပေးခဲ့တယ်လေ .. အခုတော့ ပါပါးကို အပြစ်တင်နေပြီပေါ့ ... အရမ်းဝမ်းနည်းသွားပြီနော် ..."


သို့ရာတွင် ထိုအချိန်က ဝမ်လေးအတွက် သူဘာမှ မဝယ်ပေးခဲ့မိပေ။ ထိုစဉ်အချိန်က ထိုကဲ့သို့ တစ်စုံတစ်ရာ ပြုလုပ်ပေးသင့်သည်ကိုပင် စိတ်ထဲမရှိခဲ့ပေ။ 


ဝမ်လေးက လှည့်စားခံလိုက်ရသည်။ သူ့ဦးနှောက်၏ အလုပ်လုပ်နိုင်စွမ်းကြောင့် လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က ကိစ္စကို မမှတ်ထားနိုင်တော့ပေ။ သူ့ကျောပ်ိုးအိတ်ထဲမှ ရောင်စုံခြယ်ထားသည့် ရုပ်ပုံလေးကိုထုတ်ပြကာ စကားလွှဲလိုက်သည် ။


" သားဆီမှာလည်း မာမားအတွက် လက်ဆောင်ရှိတယ် ... မာမားကြိုက်ပါ့မလားတော့မသိဘူး ..."


စုန့်ထင်ရှန်းက ဤအခွင့်အရေးကိုယူပြီး ဝမ်လေးကို တမင်သက်သက် စနောက်လိုက်သည်။


" ဝမ်လေးက ပါပါးအလုပ်စတက်တဲ့ နေ့တုန်းကလည်း လက်ဆောင်မပေးဘူးနော် ..."


ဝမ်လေးက ချက်ချင်း ချေပလိုက်ပြန်သည်။


" အဲ့ဒါ ပါပါးက သားကိုမပြောထားလို့လေ ... သားသာ ကြိုသိရင် လက်ဆောင်ကောင်းကောင်းလေး ပြင်ထားမိမှာ ..."


စုန့်ထင်ရှန်း မနေနိုင်ပဲ ရယ်မိတော့သည်။ သူ့ရယ်သံက အလွန်ပင် ပျော်ရွှင်နေသည့်ပုံပင်။ သာမန်အားဖြင့် ဝမ်လေးရှေ့တွင် သူရယ်လေ့မရှိပေ။


စုန့်ထင်ရှန်းအတွက်မူ သူ့သားလေးက ပျော်ရွှင်မှု ရင်းမြစ်ဖြစ်သည်။ ကလေးလေးက တစ်ခါတစ်ရံတွင် ဆိုးပြီး ပြဿနာရှာသော်လည်း ဝမ်လေးနှင့်ရှိနေချိန်တွင်သာ သူစိတ်အချမ်းသာဆုံး အပျော်ရွှင်ဆုံးဖြစ်သည်။


သူတို့ရောက်ချိန်တွင် ယွမ်ရှ အလုပ်မဆင်းသေးသဖြင့် ကားပါကင်တွင်သာ ရပ်ထားလိုက်သည်။ ယွမ်ရှ ရုံးမဆင်းသေးသဖြင့် ထိုအချိန်တွင် သူ လုပ်စရာရှိသည်ကို ကြိုလုပ်ထားလိုက်သည်။ ကားရပ်နားသည့်နေရာရှိ လုံခြုံရေးအစောင့်ကိုပြောကာ ယွမ်ရှအတွက် လစဉ် ကားပါကင်လက်မှတ် လျှောက်ထားရန် ဤအဆောက်အအုံ၏ စီမံခန့်ခွဲရေးရုံးသို့ သွားခဲ့သည်။


မူလက တစ်နှစ်တာ ကားပါကင်လက်မှတ် လျှောက်ထားရန် စိတ်ကူးခဲ့သော်လည်း သူမက ဤအလုပ်တွင် အကြာကြီးမလုပ်ဖြစ်နိုင်ဟုတွေးပြီး လစဉ် ကားပါကင်လက်မှတ်ကိုသာလျှောက်ထားခဲ့သည်။


xxxxxx