အပိုင်း (၁၉၃)
Viewers 31k

Chapter 193


ရုံးတွင် ယွမ်ရှ တစ်နေကုန် လုပ်စရာမရှိပေ။ မန်နေဂျာက သူမကို မည်သည့်အလုပ်တာဝန်မျှ မပေးဘဲ ကုမ္ပဏီ၏ အကျဉ်းချုပ်နှင့် ၎င်းနှင့်ပတ်သက်သည့် သက်ဆိုင်ရာ အချက်အလက်များကိုသာ ဖတ်ခိုင်းစေခဲ့သည်။ မန်နေဂျာက အလွန်ယဉ်ကျေးပြီး အကယ်၍ သူမပျင်းနေပါက အလုပ်စောစောဆင်းနိုင်ကြောင်း လာပြောသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံခြားဌာနခွဲမှ ဝန်ထမ်းများ၏ အလုပ်ချိန်က အကန့်အသတ်မရှိပေ။ 


မန်နေဂျာက သူမ လုပ်စရာမရှိသည်ကိုမြင်၍ အိမ်စောစောပြန်ခွင့်ပြုသော်လည်း ပထမဆုံးနေ့တွင် ဤသို့ပြောသည့်အတွက် ယွမ်ရှ အံ့အားသင့်သွားမိသည်။ သူမ အလွန်ပျင်း၍ အိမ်စောစောပြန်ချင်သော်လည်း အနည်းဆုံး မန်နေဂျာ ပြန်မည့်အချိန်ထိ စောင့်နေသင့်သည်ဟု တွေးလိုက်သည်။


ဤကုမ္ပဏီက ဝန်ထမ်းများကို ကောင်းမွန်စွာဆက်ဆံသည်။ အနားယူသည့်အခန်းထဲတွင် အချိုရည်နှင့် သောက်စရာများကို စုံလင်စွာ ထားထားပေးသည်။ နေ့ခင်း ၃နာရီခန့်တွင် ကိတ်မုန့်များ၊ အခြားအချိုပွဲများနှင့်အတူ နို့လက်ဖက်ရည်များ မှာပေးသည်။ ကန်တုံစတိုင် ဒင်ဆမ်းများနှင့် ပီဇာလည်းမှာကျွေးသဖြင့် အလွန်ရက်ရောလှသည်ဟု ဆိုနိုင်သည်။


ယွမ်ရှ ယခင်အလုပ်လုပ်ခဲ့သည့် ကုမ္ပဏီက နေ့လယ်စာအချိုပွဲများ မှာကျွေးတတ်သော်လည်း နိုင်ငံတော်ရုံးပိတ်ရက်များနှင့် ကုမ္ပဏီ၏ နှစ်ပတ်လည်ရောက်မှသာဖြစ်သည်။


အလုပ်ဆင်းရမည့်အချိန်ရောက်သော်လည်း သူမ၏ လုပ်ဖော်ကိုင်ဖက်များက တစ်ယောက်မှ မလှုပ်ကြပေ။ မန်နေဂျာကလည်း ပြန်မည့်ပုံ မပေါ်သေးသဖြင့် သူမလည်း ခုံတွင် တိတ်ဆိတ်စွာ ထိုင်နေရသည်။ 


နောက်ဆုံးတွင် မန်နေဂျာက သူမစားပွဲသို့ ရောက်လာပြီး ညင်သာစွာ ပြုံးပြလိုက်သည်။


" အလုပ်ဆင်းချိန်ရောက်ပြီ ... မပြန်သေးဘူးလား ... မင်းရဲ့အိမ် ဘယ်မှာလဲ ... တစ်ယောက်ယောက်ကို ကားမောင်းပို့ခိုင်းဖို့ လိုသေးလား ..."


ယွမ်ရှ : “…”


သူမ ကတိုက်ကရိုက်ဖြင့် လက်ကာပြလိုက်သည်။

" မလိုပါဘူးရှင့် ... ကျွန်မ အမျိုးသား လာကြိုမှာပါ ကျေးဇူးတင်ပါတယ် ..."


မန်နေဂျာက ယဉ်ကျေးသော်လည်း အလွန်အမင်းပင် ယဉ်ကျေးလွန်းနေသဖြင့် စိတ်မငြိမ်မသက်ဖြစ်သွားမိသည်။ 


သူမက နာကျင်ရတာကို သဘောကျတဲ့လူများလား ... ဒီနေရာက လူတွေက သူမမျှော်လင့်ထားတာနဲ့ နည်းနည်းတော့ ကွာခြားနေတယ် ...


မန်နေဂျာက သူမကို ပြုံးပြနေသည်။ 


" ဒါဆို အမျိုးသားက ရောက်နေပြီပေါ့ ... ရောက်နေတယ်ဆို စောစောပြန်တော့လေ ... ဒီနေ့ လုပ်စရာမှ သိပ်မရှိတာ ...  နောက်ရက်ကျရင် မင်းကို ဖောက်သည်တစ်ယောက်နဲ့တွေ့ပေးမယ် ... သူ့ဆီကအလုပ်တွေ လုပ်ပေးရမယ် ..."


ယွမ်ရှ ချက်ချင်းပင် ခေါင်းငြိမ့်ပြလိုက်သည်။

" ကောင်းပါပြီ ဒါဆို ကျွန်မ ရုံးဆင်းနှင့်ပြီနော် ..."


" သွားပါသွားပါ ..."


မန်နေဂျာက သူမကို အမြန်ထွက်သွားစေချင်ပုံ ပေါ်နေသည်။


ယွမ်ရှ စားပွဲခုံကို ရှင်းလင်းသိမ်းဆည်းပြီးသည့်နောက် သူမ၏ လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်ကာ ထွက်သွားသည်။ သူမ ရုံးရှေ့ရောက်သည့်အခါ အတွင်းဘက်မှ မြင်ကွင်းကို တွေ့လိုက်ရသည်။ မန်နေဂျာနှင့် လုပ်ဖော်ကိုင်ဖက်များက ပစ္စည်းများ သိမ်းဆည်း၍ ပြန်ရန် ပြင်နေကြသည်။


သူတို့ကလည်း သူမလို တွေးနေတာများလား ... တစ်ယောက်ယောက် အရင်ဆုံးထွက်သွားတာကို စောင့်နေတာဖြစ်မယ် ...


သူမ စောင့်ဆိုင်းရသည့်ဂိမ်းကို မကစားချင်တော့ပေ။ စုန့်ထင်ရှန်းနှင့် ဝမ်လေးတို့က သူမကို ကားရပ်နားကွင်းတွင် စောင့်နေကြလိမ့်မည်။


ယွမ်ရှင ဧည့်ကြိုမိန်းကလေးကို နှုတ်ဆက်ပြီးနောက် ရုံးခန်းမှ ထွက်လာခဲ့သည်။ ဓာတ်လှေကားထဲ ဝင်လိုက်ချိန်တွင် မည်သူမျှ ရှိမနေသောကြောင့် မိတ်ကပ်ပြန်ပြင်လိမ်းပြီး နှုတ်ခမ်းနီဆိုးလိုက်သည်။ ယခင်ကဆိုလျှင် စုန့်ထင်ရှန်းကို ယောက်ျားတစ်ယောက်ကဲ့သို့ မမြင်ခဲ့သည့်အတွက် သူ့ရှေ့တွင် မပြင်မဆင်နေမိခဲ့သည်။ သို့ရာတွင် သူမလက်ကို ကိုင်လိုက်သည့်နေ့မှစ၍ သူ့ရှေ့တွင် သူမအပြင်အဆင်ကို ဂရုစိုက်လာမိသည်။


ဤအဆောက်အဦး၏ ကားရပ်နားရာနေရာက အလွန်ကျယ်ဝန်းလှသည့်အတွက် ယွမ်ရှ မည်သည့်နေရာသို့ သွားရမည်မသိ ဖြစ်နေသည်။ ကားပါကင်ကို တစ်ပတ်ပတ်ပြီးသည့်နောက် စုန့်ထင်ရှန်း၏ကားကို တွေ့လိုက်သည်။ သူမ ထိုနေရာသို့ လျင်မြန်စွာလျှောက်သွားမည်အပြု အနီးတွင် ရပ်ထားသည့် ကားတစ်စီးက စက်နှိုးလိုက်ပြီး ကားရှေ့မီးကို ဖွင့်လိုက်သည်။ ကားပါကင်က မူလက တိတ်ဆိတ်နေသည်ဖြစ်၍ ရုတ်တရက် ထွက်ပေါ်လာသည့် ဆူညံသံကြောင့် သူမလန့်သွားသည်။


သူမ သတိထားပြီး ဘေးနားကပ်ပေးလိုက်ကာ ထိုကားကို အရင်ထွက်သွားခိုင်းစေလိုက်သည်။


ထိုကား၏ မှန်ပြတင်းပေါက်များကို မချ‌ထားပေ။ သူမ ကားဒရိုင်ဘာကိုသာ မြင်လိုက်ရပြီး ကားနောက်ခုံမှလူကို ရှင်းလင်းစွာ မတွေ့လိုက်ရပေ။


ကားက သူမကို ဖြတ်မောင်းသွားသည်။ ထိုကားက အကွာအဝေးတစ်ခုကို ရောက်သည့်အခါမှသာ ယွမ်ရှက စုန့်ထင်ရှန်း၏ ကားဆီသို့ လျင်မြန်စွာလျှောက်သွားသည်။ ထိုနေရာတွင် မည်သူမျှ မရှိသည့်အတွက် သူမ၏ ဒေါက်ဖိနပ်သံကိုသာ ကြားနေရသည်။


xxxxxxxx