အပိုင်း (၁၉၄)
Viewers 31k

Chapter 194


ယွမ်ရှ ကားနားသို့ မရောက်မီမှာပင် စုန့်ထင်ရှန်းက ကားထဲမှ ထွက်လာသည်။ သူမကို သဘာဝကျကျ အမူအယာဖြင့် နှင်းဆီပန်းတစ်စည်းကို လှမ်းပေးလိုက်သည်။


" ဒီနေ့ မင်းအလုပ်တက်တာ ပထမဆုံးနေ့မို့လို့ ..."


သူမကို ပန်းစည်းပေးခြင်းကို ရှင်းပြသည့် ထိုစကားတစ်ခွန်းက အစမရှိ အဆုံးမရှိဖြစ်နေသည်။


ဒီလူကတော့ သူမရဲ့ စိတ်ဝင်စားမှုကို ရအောင်လုပ်တဲ့နေရာမှာ တဖြည်းဖြည်းတော်လာတာပဲ ...


ယွမ်ရှက ပန်းစည်းကို ယူလိုက်ပြီး ခေါင်းငုံ့၍ အနံ့မွှေးကြည့်လိုက်သည်။

" ကျေးဇူးတင်ပါတယ် ..."


ဝမ်လေးကလည်း‌ နောက်ကျမကျန်ခဲ့လိုသည့်အတွက် ကားထဲမှထွက်လာပြီး သူ၏ရောင်စုံရုပ်ပုံကားချပ်လေးကို သူမကို ပေးလိုက်သည်။ ဝဝကစ်ကစ်ကလေးလေး၏ မျက်နှာလေးက နီရဲနေသည်။ သူ့အမေကို ပထမဆုံး လက်ဆောင်ပေးရခြင်းဖြစ်သဖြင့် ရှက်နေပုံရသည်။ 


" မာမားဖို့ သားရဲ့လက်ဆောင် ... ဒီနေ့ အလုပ်ကြိုးစားခဲ့ပါတယ် ..."


ယွမ်ရှက ပန်းစည်းကို လက်တစ်ဖက်တွင် ကိုင်ထားပြီး ဝမ်လေး၏ ပန်းချီကားချပ်လေးကို လက်တစ်ဖက်တွင်ကိုင်ထားသည်။ ကလေးငယ်များ၏ ပန်းချီက အမြဲတမ်းရိုးရှင်းပြီး ‌အရောင်အသွေးစုံလင်လှသည်။ 

တုတ်ချောင်းခန္ဓာကိုယ်အကြီးနှစ်ခုက ခန္ဓာကိုယ်အသေးလေး၏လက်ကို ကိုင်ထားသည့်ပုံကို ဝမ်လေး ဆွဲထားခြင်းဖြစ်သည်။ ၎င်းက မိသားစုဓာတ်ပုံဖြစ်ကြောင်း သိသာလှသည်။ ဝမ်လေးက အနောက်ဘက်တွင် အိမ်တစ်လုံးနှင့် နေလုံးပုံကိုပါ ရေးဆွဲထားသည်။


သူမက ဝမ်လေးအနားကပ်ပြီး သူ၏ပါးဖောင်းဖောင်းလေးကို နမ်းလိုက်သည်။

" ကျေးဇူးပါပဲ ပေါင်ပေ့လေး ..."


သူ့အမေ၏ နှုတ်ခမ်းနီရာအနည်းငယ်က သူ့ပါးဖောင်းဖောင်းပေါ် ကျန်ခဲ့သော်လည်း ဝမ်လေး၏ ပျော်ရွှင်နေသော စိတ်အခြေအနေကို မထိခိုက်စေပေ။ သူ့အ‌မေ၏ခါးကိ ဖက်ထားလျက် ဂုဏ်ယူစွာဖြင့် သူ့အဖေကို ကြွားလုံးထုတ်လိုက်သည်။


" ပါပါး မာမားက သားကိုနမ်းတယ် ... ပါပါးကိုမနမ်းဘူး ... သားရဲ့ လက်ဆောင်ကို ပိုသဘောကျတယ်လို့ ပြောချင်တာပဲ ..."


စုန့်ထင်ရှန်း :  "...."


ယွမ်ရှ ရယ်လိုက်မိသည်။ ထိုမှတ်ချက်ပေးမှုကို ယွမ်ရှ မတုံ့ပြန်ရဲပေ။ အကယ်၍ ထိုကလေးဝတုတ်လေးက သူမကို စုန့်ထင်ရှန်းအား နမ်းခိုင်းပါက စိတ်လှုပ်ရှားစရာများ ဖြစ်လာနိုင်သည်။


ကံကောင်းသည်မှာ ဝမ်လေးက ထိုသို့သော တောင်းဆိုချက်ကို မပြုလုပ်ခဲ့ပေ။ မိသားစုသုံးယောက်လုံး ပျော်ရွှင်စွာဖြင့် ကားထဲဝင်သွားကြသည်။


စုန့်ထင်ရှန်း မမေးသော်လည်း ယွမ်ရှက သူမ၏ ပထမဆုံးရုံးတက်ရက်အကြောင်း အသေးစိတ်ကို ပြောပြနေသည်။ အားလုံး ပြောပြပြီးသွားသည့်အခါ သူမက စိတ်မသက်မသာ ဖြစ်သွားဟန်ဖြင့် ထပ်ပြောလိုက်သည်။


" ကြည့်ရတာ ကျွန်မပဲ တစ်ခုခုမှားနေတယ် ထင်ပါတယ် ...ကုမ္ပဏီက မကောင်းဘူးဆိုရင် ကျွန်မနေ့တိုင်း ကုမ္ပဏီနဲ့ မန်နေဂျာကို ကျိန်ဆဲနေလို့ရသေးတယ် ... အခုတော့ စံပြကုမ္ပဏီမှာ လုပ်နေ‌ရတော့ နေသားမကျ ဖြစ်နေမိတယ် ..."


စုန့်ထင်ရှန်းက ပြန်မဖြေမီ လေးလေးနက်နက်စဉ်းစားလိုက်သည်။


" အဲ့လို ခံစားရတာ ပုံမှန်ပါပဲ ...ကုမ္ပဏီက လူမှုဖူလုံရေး လုပ်နေတာမှမဟုတ်တာ ... သူဌေးက ဝန်ထမ်းတွေကို အကျိုးကျေးဇူအများကြီးပေးတယ်ဆိုတာလည်း ကျိုးကြောင်းဆီလျော်တဲ့ အတိုင်းအတာတစ်ခုရှိတယ် ... မင်း အဲ့ဒီမှာ လုပ်ချင်သေးလား ..."


ယွမ်ရှ တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

" ကျွန်မ နည်းနည်းတော့ ထပ်လုပ်ကြည့်ဦးမယ် ... ပထမတစ်ရက်ပဲလုပ်ပြီး အလုပ်ထွက်တာ မဖြစ်သင့်ဘူးထင်တယ် ..."



နောက်တစ်နေ့တွင် စုန့်ထင်ရှန်းက ယွမ်ရှကို အလုပ်သို့ လိုက်မပို့တော့ပေ။ သူရုံးကို ရောက်သည့်အခါ လက်ထောက်ချန်က ယနေ့အချိန်ဇယားများကို လာရောက်တင်ပြသည်။


လက်ထောက်ချန်က စီအီးအိုစုန့်နှင့် လီကျင်း၏ အစ်ကိုတို့က နှစ်ပေါင်းများစွာ ခင်မင်လာခဲ့သူများဖြစ်သည်ကို သတိရသွားသည်။ ထို့အပြင် လီကျင်း၏အစ်ကိုကလည်း မနေ့က ရုံးခန်းသို့ လာသွားခဲ့သဖြင့် သူပြောပြလိုက်သည်။ 


" စီအီးအိုစုန့် ဘဏ္ဍာရေးဌာနက လီကျင်းက ခွင့်တစ်ပတ်ယူထားပါတယ် ..."


စုန့်ထင်ရှန်းက ပုံမှန်ဆိုလျှင် သူ၏လက်အောက်ဝန်ထမ်းများ ခွင့်ယူသည်ကို စိတ်မဝင်စားပေ။ မည်သူကမှလည်း သူ့ကို ထိုအကြောင်းများ လာမပြောကြပေ။ လက်ထောက်ချန်က ပြောသင့်မပြောသင့် ခဏတာတုံ့ဆိုင်းနေသော်လည်း စုန့်ထင်ရှန်းနှင့် လီယွမ်ဟန့်၏ သူငယ်ချင်းဆက်ဆံရေးကို စဉ်းစားမိပြီး ပြောလိုက်သည်က ပိုကောင်းမည်ဟု တွေးလိုက်သည်။


စုန့်ထင်ရှန်း အံ့အားသင့်မှုကြောင့် ခဏတာ တောင့်တင်းသွားသည်။

" သူမ ခွင့်ယူထားတာလား ..."


" ဟုတ်ပါတယ် အမျိုးတစ်ယောက်က သူမအစားအကြောင်းကြားတာပါ ဖျားနေလို့ပဲဖြစ်ရမယ် ..."


စုန့်ထင်ရှန်း : " အင်း ငါသိပြီ ..."


xxxxxx