Chapter 195
လက်ထောက်ချန် ရုံးခန်းထဲမှ ထွက်သွားသည်ကို စောင့်နေပြီးနောက် စုန့်ထင်ရှန်း သူ့ဖုန်းကိုယူလိုက်သည်။ သူက လီကျင်းကို စိတ်မပူနေသော်လည်း တစ်စုံတစ်ခု ဖြစ်နေပုံရ၍ ဖုန်းခေါ်ရန်တွေးလိုက်သည်။ အဆုံးတွင် လီယွမ်ဟန့်ကို ဖုန်းမခေါ်နိုင်ခဲ့ပေ။ သူ ဘာမှမသိသလိုသာ ဟန်ဆောင်နေရန် ဆုံးဖြတ်လိုက်သည်။ လီယွမ်ဟန့်က ဤကိစ္စကို ကိုင်တွယ်နိုင်လိမ့်မည်ဟု သူတွေးလိုက်သည်။
စုန့်ထင်ရှန်းက ဤကိစ္စကို အာရုံမစိုက်တော့သော်လည်း နေ့လယ်ဘက်တွင် အခြားသူငယ်ချင်းတစ်ယောက်ထံမှ ဖုန်းဝင်လာသည်။
ဖုန်းကိုင်လိုက်သည်နှင့် သူ့သူငယ်ချင်း ယန်ချောင်၏အသံကို ကြားလိုက်ရသည်။
" လောင်စုန့်ရေ လောင်လီတို့မိသားစုမှာ တစ်ခုခုဖြစ်နေပြီထင်တယ် ... ငါ့မိန်းမနဲ့ လောင်စုန့်မိန်းမက တော်တော်လေး ရင်းနှီးကြတာသိတယ်မလား ... လောင်လီရဲ့ ညီမလေးက သတ်သေဖို့ကြိုးစားတယ်လို့ သူမကြားလာတယ်တဲ့ ..."
စုန့်ထင်ရှန်း အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
" ဘယ်လိုဖြစ်တာလဲ ..."
ယန်ချောင် သက်ပြင်းချလိုက်သည်။
" ငါလည်း လန့်သွားတာပဲ ... ဒါပေမဲ့ လောင်လီက ဒီကိစ္စကို လူသိမခံချင်ဘူးထင်တယ် ... ပြီးတော့ ဒီကိစ္စက အရမ်းပျံ့သွားလို့လည်း မကောင်းဘူးလေ ... သူ့ညီမလေးက အိပ်ဆေးတွေအများကြီး သောက်လိုက်တာထင်ပါတယ် ... ကံကောင်းတာ အများကြီးမသောက်လိုက်တော့ အစာအိမ်ထဲက ပြန်စုပ်ထုတ်လို့ရသွားတယ်တဲ့ ... ငါ သူမကို နောက်ဆုံးတစ်ကြိမ်တွေ့ခဲ့တုန်းက အရမ်းတက်ကြွပြီး ပျော်ပျော်နေတာပါ ... သူမငယ်သေးပေမယ့် ဘာတွေဖြတ်ကျော်ခဲ့ရမှန်းမှမသိတာ ... ကိစ္စတွေက အတော်ရှုပ်ထွေးကုန်တာပဲ ... ငါ သူမအရွယ်တုန်းကဆို အလုပ်ကလွဲရင် အဲ့လိုအကြောင်းတွေ စဉ်းစားဖို့တောင် အချိန်မရှိခဲ့ဘူး ... လောင်စုန့် ငါတို့ သတင်းသွားမေးသင့်တယ်ထင်လား ..."
စုန့်ထင်ရှန်း ခဏတာတိတ်ဆိတ်နေပြီးမှ ပြန်ဖြေလိုက်သည်။
" မလိုလောက်ဘူး ... လောင်လီက ဒီကိစ္စကို လူသိမခံချင်ဘူးဆိုတော့ ငါတို့တွေကိုလည်း သိစေချင်မှာ မဟုတ်ဘူး ... ဒီကိစ္စကို သူ့ဘာသာသူ ကိုင်တွယ်ပါစေ ..."
" မင်းပြောတာလည်း မှန်ပါတယ် ..."
ယန်ချောင် သက်ပြင်းချလိုက်သည်။
" ကံကောင်းတာ သူမအဆင်ပြေလို့ပေါ့ ... မဟုတ်ရင် ..."
အင်း သူမအဆင်ပြောတာ တော်သေးတာပေါ့ ...
သို့ရာတွင် လီကျင်း၏ ဤအဖြစ်အပျက်ဖြစ်ပြီးနောက်ပိုင်းတွင် သူနှင့်လီယွမ်ဟန့်တို့၏ သူငယ်ချင်းဆက်ဆံရေးက ယခင်ကဲ့သို့ ပြန်မဖြစ်နိုင်တော့ဟု ထင်လိုက်မိသည်။
—
ထိုညနေက စုန့်ထင်ရှန်းက ပုံမှန်မဟုတ်ပဲ တိတ်ဆိတ်နေသည်ဟု ယွမ်ရှခံစားမိသည်။
ရုံးမှာ ပြဿနာတစ်ခုခု ရှိလို့များလား ... အဲ့လိုတော့ ဖြစ်ပုံမရဘူး ... သူ့ကိုယ်ပိုင်ဘဝက ပြဿနာများလား ...
သို့ရာတွင် သူမ ဂရုတစိုက်တွေးပြီးနောက် စုန့်ထင်ရှန်းက ဤမိသားစုငယ်လေးမှလွဲ၍ အပြင်တွင်လူမှုဘဝတစ်ခု ရှိမည့်ပုံမပေါ်ပေ။
စုန့်ထင်ရှန်းအတွက် စိတ်ပူနေသဖြင့် ယွမ်ရှက နွားနို့တစ်ခွက်ဖျော်ပြီး သူ့စာကြည့်ခန်းထဲသွားလိုက်သည်။ စုန့်ထင်ရှန်း အတွေးထဲနစ်မျောနေသည်ကို မြင်ရခဲလှသည်။ ယွမ်ရှက သူ့နာမည်ကို ခေါ်လိုက်သည့်အခါမှ မှင်သက်နေခြင်းမှ လွတ်မြောက်သွားသည်။
ယွမ်ရှက နွားနို့ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး မေးချင်စိတ်ကို ထိန်းမရတော့သည့်အတွက် ပြောလိုက်သည်။
" အလုပ်မှာ ပြဿနာတစ်ခုခုရှိလို့လား ... အိမ်ပြန်ရောက်တည်းက စိတ်နဲ့လူနဲ့ မကပ်သလိုပဲ ..."
စုန့်ထင်ရှန်း ခေါင်းခါပြလိုက်သည်။
" မဟုတ်ပါဘူး..."
" ဒါဆို ဘာဖြစ်လို့လဲ ..."
ယွမ်ရှ နွေးထွေးစွာမေးလိုက်သည်။
" ကျွန်မ ရှင့်ကို အကြံဉာဏ်မပေးနိုင်ရင်တောင် ရှင့်စိတ်ထဲ အနှောင့်အယှက်ဖြစ်နေတာတွေ တစ်ယောက်ယောက်ကို ဝေမျှလိုက်ရင် ခံစားလို့ကောင်းသွားမှာပေါ့ ... တစ်ယောက်ထဲ မျိုသိပ်ထားတာ မကောင်းဘူး ..."
ယွမ်ရှထံမှ ထိုစကားများ ကြားလိုက်ရသဖြင့် စုန့်ထင်ရှန်း တိတ်ဆိတ်သွားသည်။ ယွမ်ရှက သူစကားပြောမည်ကို စိတ်ရှည်စွာဖြင့် စောင့်နေသည်။
နောက်ဆုံးတွင် စုန့်ထင်ရှန်းက ဖြည်းညှင်းစွာပြောလိုက်သည်။
" ကိုယ်တို့ ကုမ္ပဏီက လီကျင်းဆိုတဲ့ ဝန်ထမ်းတစ်ယောက်ကို မှတ်မိလား ... ကိုယ် အိမ်ကို အရက်မူးပြီး ပြန်လာတုန်းကတောင် သူမဆီကဖုန်းကို မင်းဖြေလိုက်သေးတယ်လေ ..."
ယွမ်ရှ စဉ်းစားနေပြီးသည့်နောက် ချက်ချင်းပင် မှတ်မိသွားသည်။
" လီယွမ်ဟန့်ရဲ့ ညီမလေးလား ..."
ထိုအမျိုးသမီးကို သူမအနည်းငယ် သတိရနေသေးသည်။ လီကျင်းက စုန့်ထင်ရှန်းကို တစ်ဖက်သတ်ကြိုက်နေသူဖြစ်ကာ သူမတို့လင်မယားနှစ်ယောက်ကြား အထင်လွဲစေရန် ရည်ရွယ်ချက်ဖြင့် စုန့်ထင်ရှန်း၏ဖုန်းကို ခေါ်ခဲ့ဖူးသည်။ ထိုအချိန်က စုန့်ထင်ရှနးနှင့် သူမက တကိုယ့်ဘဝနှင့်ကိုယ် သီးခြားနေကြချိန်ဖြစ်သဖြင့် ထိုကိစ္စကို ခေါင်းထဲ မထည့်ထားမိပေ။
စုန့်ထင်ရှန်း ဤကိစ္စကို ပြန်ပြောရသည်ကိုပင် ခက်ခဲနေသည်။
သူ့ကိုကြည့်ပြီး ယွမ်ရှက ဦးစွာပြောလိုက်သည်။
" ကျွန်မ ခန့်မှန်းတာမမှားဘူးဆိုရင် သူမကရှင့်ကိုကြိုက်တယ် ... သူမ လုပ်လိုက်တဲ့ကိစ္စတစ်ခုခုကြောင့် ရှင်ပြဿနာတက်ပြီလို့ ခံစားနေရတာမလား ..."
စုန့်ထင်ရှန်း၏ ကိုယ်ကျင့်တရားကောင်းသော အကျင့်စရိုက်ကြောင့် သူက လီကျင်းနှင့် ကျိန်းသေပေါက် ဖောက်ပြန်မည်မဟုတ်ဟု ယွမ်ရှ ယုံကြည်ထားသည်။ သို့ဖြစ်၍ လီကျင်းကသာ စုန့်ထင်ရှန်းကို ပြဿနာတက်စေမည့်ကိစ္စတစ်ခုခု ပြုလုပ်ထားခြင်းဖြစ်လိမ့်မည်။
xxxxxx