အပိုင်း (၁၉၆)
Viewers 31k

Chapter 196


စုန့်ထင်ရှန်းက ယွမ်ရှဆိုလိုသည်ကို အထင်လွဲသွားသည်။ သူမ မျက်ဝန်းများကို စိုက်ကြည့်ကာ လေးနက်သည့်အမူအယာဖြင့် ပြောလိုက်သည်။

" မင်း ကိုယ့်ကို အထင်လွဲနေပြီ ... သူမနဲ့ကိုယ်က သာမန် အလုပ်ရှင်နဲ့ အလုပ်သမားပါ... ကိုယ်တို့နှစ်ယောက်ကြားမှာ ဘာကိစ္စမှ မရှိဘူး ... သူက လီယွမ်ဟန့်ရဲ့ ညီမလေးဆိုတော့ သူမကို ကြိုက်စရာအကြောင်း မရှိပါဘူး ... လီယွမ်ဟန့်ရဲ့ ညီမ မဟုတ်ရင်လည်း က်ိုယ်သူ့ကို မကြိုက်ပါဘူး ..."


အကယ်၍ ယခင်အချိန်ကသာ ယွမ်ရှက သူနှင့်လီကျင်းကို အထင်လွဲပါက ထိုသို့ အပူတပြင်းရှင်းပြနေမိမည်မဟုတ်ပေ။ သို့သော် ယခုအခါတွင် ယွမ်ရှသူ့ကို အထင်လွဲနေသည်ကို မြင်ရသည့်အခါ သူမ သဘောပေါက်သည်အထိ ရှင်းပြချင်စိတ်များ ဖြစ်လာမိသည်။


" ကျွန်မသိပါတယ် ..."

ယွမ်ရှ ခေါင်းငြိမ့်ပြလိုက်သည်။


" ရှင်ကသာ ကျွန်မဆိုလိုတာကို အထင်လွဲနေတာပါ ... ရှင် သူ့ကိုမကြိုက်တာ ကျွန်မသိပါတယ် ... ထားလိုက်ပါတော့ သူမက ရှင့်ကို ပြဿနာတက်အောင် လုပ်လို့လား ..."


စုန့်ထင်ရှန်း သက်ပြင်းချလိုက်သည်။

" သူမက သတ်သေဖို့ကြိုးစားတယ်တဲ့ ... ကိုယ့်ကြောင့် ဟုတ်မဟုတ်တော့ မသိသေးပေမယ့် ဖြစ်နိုင်ချေကတော့များတယ် .. ကိုယ်က လောင်လီကို လီကျင်းအကြောင်း ပြောပြလိုက်တယ် ... အဲ့ဒါကလည်း သူကိုယ်တိုင် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်လိုက်မိလို့ပါ ... မနေ့က လောင်လီက ကိုယ့်ရုံးခန်းကိုလာသွားသည်။ သူ့ရဲ့ စိတ်သဘောထားနဲ့ သူပြောတာတွေကို ခြုံငုံကြည့်ရင် သူက လီကျင်းကို အတင်းအလုပ်ထွက်ခိုင်းတဲ့ပုံပဲ ..."


ယွမ်ရှထိတ်လန့်သွားပြီး လန့်သွားသည့်အမူအယာကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။ 

" အဲ့ဒါကြောင့် သူမက သတ်သေဖို့ ကြိုးစားတာလား ..."


ဘုရားရေ ဘယ်လိုကြီးလဲ ...


သူမ လီကျင်းကို နောက်ဆုံးအကြိမ်တွေ့ခဲ့စဉ်က ထိုမိန်းကလေးက ထိုသို့သော က်ိစ္စမျိုးလုပ်မည့်ပုံနှင့် လုံးဝမတူပေ။ ထို့အပြင် လီကျင်းနှင့် စုန့်ထင်ရှန်းကြားထဲတွင်လည်း မည်သည့်ကိစ္စမှ မရှိခဲ့ပေ။ သူတို့နှစ်ယောက်ကြားတွင် လေးနက်သောကိစ္စ တစ်စုံတစ်ရာ မရှိခဲ့သည့်အတွက် သတ်သေရန်အကြောင်းပြချက်လည်း မရှိနိုင်ပေ။ 


" ကိုယ်လည်း သေချာမသိပေမယ့် ဖြစ်‌နိုင်ချေများတယ် ..."


" ဒါပေမဲ့ သူမက အလွန်အကျွံဖြစ်သွားပြီလေ ... သူမကို ကယ်လို့ရလိုက်ရဲ့လား ..."

ယွမ်ရှ သက်ပြင်းချလိုက်သည်။


" ကယ်လို့ရသွားတယ် ..."


စုန့်ထင်ရှန်း အဘယ့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသည်ကို ယွမ်ရှသဘောပေါက်သွားသည်။

" သူမရဲ့ကိစ္စကြောင့် ရှင်နဲ့ လီယွမ်ဟန့်ရဲ့ ဆက်ဆံရေး ပျက်စီးသွားမှာ စိတ်ပူနေတာလား ..."


" ဟုတ်တယ် ..."


" ဒါဆို ရှင်ဘာလုပ်ဖို့ စိတ်ကူးထားလဲ ... တကယ်လို့ သူမက အလုပ်မထွက်ချင်တာနဲ့ပဲ သတ်သေတယ်ဆိုရင် အရမ်းကို အလွန်အကြူးဖြစ်သွားပြီ ..."

ယွမ်ရှက မျှတသည့် ဝေဖန်ချက်တစ်ခုကို ပြုလုပ်လိုက်သည်။


" ကြည့်ရတာ သူမက သတ်သေဖို့ကြိုးစားပြီး လီယွမ်ဟန့်ကိုခြိမ်းခြောက်ဖို့ထင်တယ် ... ဒါပေမဲ့ တကယ်ကို အသက်ရှင်ရမှာ ‌မျှော်လင့်ချက်မဲ့လွန်းလို့ ဒီလိုလုပ်တာလည်းဖြစ်နိုင်တယ် ... သူမ အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် ဒီလိုအစွန်းရောက်တဲ့အထိ လုပ်တတ်တဲ့လူတစ်ယောက်က ကြောက်စရာကောင်းတယ်လို့ထင်တယ် ..."


စုန့်ထင်ရှန်းက ယွမ်ရှ၏ စကားများကို သဘောတူသည်။

" ကိုယ်လည်း အဲ့လိုထင်တယ် ... ကြည့်ရတာ ကိုယ်နဲ့ လောင်လီရဲ့ကြားက ဆက်ဆံရေးက အရင်လို မဟုတ်တော့လောက်ဘူး ..."


ဒါက စိတ်မကောင်းဖြစ်စရာပဲ ...


စုန့်ထင်ရှန်း၏ စကားသံထဲတွင် နောင်တနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုများကို ယွမ်ရှကြားနေရသည်။ သူနှင့် လီယွမ်ဟန့်က နှစ်ပေါင်းများစွာခင်မင်ခဲ့ကြသည့် သူငယ်ချင်းများဖြစ်သည်။အထူးသဖြင့် စုန့်ထင်ရှန်းအနေဖြင့်ဆိုလျှင် ဘဝ၌ ရင်းနှီးသောသူငယချင်းများစွာမရှိခဲ့သည့်အတွက် သူ့သူငယ်ချင်းများကို တန်ဖိုးထားလှသည်။


ဤကိစ္စမျိုး ဖြစ်လာပါက မည်သူ့အတွက်မဆို ကိုင်တွယ်ရန် ခက်ခဲလှပေသည်။ 

စုန့်ထင်ရှန်း ဘာများလုပ်မှာပါလိမ့် ...


သူနှင့် လီယွမ်ဟန့်က သူငယ်ချင်းများဖြစ်ပြီး လီကျင်းကလည်း လီယွမ်ဟန့်၏ ညီမလေးဖြစ်နေသည်။ ယခုအခါ၌ လီကျင်းက သူ့ကြောင့် သက်သေရန်ကြိုးစားသည်ဟု သံသယဝင်စရာဖြစ်နေသည်။


ယွမ်ရှက သူမကိုယ်သူမ စုန့်ထင်ရှန်းနေရာမှဝင်၍ စဉ်းစားကြည့်ရန်ကြိုးစားကြည့်ပါကလည်း ဤကိစ္စက ‌ရင်ဆိုင်ဖြေရှင်းရန် ခက်ခဲလှသည်။ သူနှင့် လီယွမ်ဟန့်က နှစ်ပေါင်းများစွာ ခင်မင်လာသူများဖြစ်သဖြင့် မည်သည့်နည်းလမ်းဖြင့် ဖြေရှင်းပါစေ မသင့်လျော်ပေ။ 


စုန့်ထင်ရှန်းက ယွမ်ရှကိုကြည့်လိုက်သည်။


" ကိုယ့်အတွက် စိတ်မပူပါနဲ့ ... ကိုယ်က ဘာလုပ်ရမှန်းမသိလို့ ပြဿနာတက်နေတယ် ဆိုတာထက် နောက်ဆိုရင် လောင်လီနဲ့ အရင်လိုမဆက်ဆံနိုင်တော့မှာမို့ နောင်တရနေမှာပါ ... ကိုယ်က လောင်လီနဲ့ သူငယ်ချင်းဆက်ဆံရေးကို တန်ဖိုးထားတယ်ဆိုပေမယ့် မိုက်မဲတဲ့ကိစ္စတေ မလုပ်ပါဘူး ... ဒါကို လောင်လီလည်း သဘောပေါက်မှာပါ ... တကယ်လို့ ကိုယ်တို့ဒီကိစ္စကြောင့် ကိုယ့်လမ်းကိုယ်သွားကြတော့မယ်ဆိုလည်း အဲ့ဒီရလဒ်ကို ကိုယ်လက်ခံနိုင်ပါတယ် ... မနက်ဖြန် HRဌာနကိုပြောပြီး လီကျင်းကို အလုပ်ထုတ်ခိုင်းလိုက်မယ် ..."


xxxxxx