အပိုင်း (၁၉၇)
Viewers 31k

Chapter 197


ဒီလိုအရေးကြီးတဲ့ အလှည့်အပြောင်း အချိန်ကြီးမှာ လီကျင်းကို အလုပ်ထုတ်မလို့လား ...


ယွမ်ရှ စိတ်ထဲတွင်ပင် ထိုမိန်းကလေးကို ကိုယ်ချင်းစာမိသွားခဲ့သည်။ သို့သော် ဤလောကကြီးက ဝတ္ထုထဲမှ ကမ္ဘာတစ်ခုဖြစ်နေသဖြင့် စုန့်ထင်ရှန်းက တစ်ကြိမ်တစ်ခါမှ ကာရိုက်တာနှင့်ကွဲပြားစွာ မပြုမူခဲ့ဖူးပေ။ သို့သော်လည်း ထိုကိစ္စက ကျိုးကြောင်းဆီလျော်လှသည်။  အောင်မြင်နေသော အသက်သုံးဆယ်ကျော်ယောက်ျားတစ်ယောက်က မိန်းကလေးတစ်ယောက်က သတ်သေရန်ကြိုးစားပြီး ခြိမ်ခြောက်ခြင်းကို ကြောက်ရွံ့မည်မဟုတ်ပေ။ 


လီကျင်းက အသိတရားကင်းမဲ့စွာနဲ့ အိပ်ဆေးတွေသောက်ခဲ့ပေမယ့် သူမ ရယူချင်တဲ့ အောင်မြင်မှုရဲ့ ရလဒ်က ဘယ်လိုဖြစ်သွားမှာပါလိမ့် ... 


လီယွန်ဟန့်ကိုပဲ သူမကို အတင်းအကြပ် အလုပ်မထွက်ခိုင်းအောင် ခြောက်လှန့်ချင်တာမလား ...


အဲ့လိုဖြစ်လောက်တယ်ဆိုတာ စုန့်ထင်ရှန်းလည်း သိလောက်မှာပဲ ... 


ဒါဆိုရင်တော့ လီယွန်ဟန့်က ဒီလိုအသေးအဖွဲ့ကိစ္စလေးတစ်ခုကြောင့်နဲ့  သတ်သေဖို့ကြိုးစားတတ်တဲ့ ညီမတစ်ယောက်ကို ရထားတဲ့ သနားစရာအစ်ကိုပဲ ...


ယွမ်ရှ မေးလိုက်သည်။

" လီယွန်ဟန့်က ‌ရှင့်ကိုသွေးအေးတယ်လို့ထင်သွားမှာ စိတ်မပူဘူးလား ..."


လီကျင်းကို ယခုမှ အသက်ကယ်နိုင်ထားသော်လည်း မကြာနီပင် စုန့်ထင်ရှန်းက သူမကို အလုပ်ထုတ်တော့မည်ဖြစ်သည်။ အကယ်၍ လီကျင်းထိုကိစ္စကို သိသွားပါက ထိုသတင်းဆိုးကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။ သူမမျက်နှာကို လက်သီးဖြင့် ထိုးလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်။


စုန့်ထင်ရှန်းက နွားနို့တစ်ငုံသောက်လိုက်သည်။ သာမန်အားဖြင့် သူက နွားနို့သောက်ရသည်ကို သဘောမကျပေ။ သို့သော် အချိန်ကြာလာသည်နှင့် ယွမ်ရှ၏ အကျင့်များလွှမ်းမိုးသွားပုံရပြီး အောက်ထပ်သို့ဆင်းကာ နွားနို့ဖျော်သောက်တတ်သော အကျင့်ဖြစ်လာခဲ့သည်။


" တကယ်လို့ သူအဲ့လိုထင်မယ်ဆိုရင် ကိုယ်တို့က သူငယ်ချင်းဆက်ဖြစ်ဖို့ မသင့်တော်တော့ဘူးဆိုတဲ့ သဘောပေါ့ ... လီကျင်းက အလုပ်မထွက်ဘူးဆိုတာ ပြချင်လို့ သတ်သေဖို့ ကြိုးစားခဲ့တာလေ ... လောင်လီကတော့ စိတ်ထဲပျော့ညံ့သွားလောက်ပေမယ့် ကိုယ်ကတော့ သူမကို အလုပ်ထုတ်ပြီးပဲ ဒီဇာတ်လမ်းကို ဖြတ်ပစ်မှရမှာ ... အဲ့ဒါမှ လောင်လီလည်း ကြားထဲကနေ ဘာလုပ်ရမှန်းမသိ မဖြစ်တော့မှာ ... ပြီးတော့ ..."


သူက ယွမ်ရှကိုလှမ်းကြည့်လိုက်သည်။

" တခြားအပြင်လူတွေနဲ့ ဖောက်ပြန်ဖို့ စိတ်မဝင်စားဘူး ..."


သူ ဘာကို ဆိုလိုချင်တာလဲ ...


" သတ်သေဖို့ကြိုးစားတဲ့ကိစ္စက လောင်လီ့အပေါ်ကိုတော့ သက်ရောက်ချင်သက်ရောက်လိမ့်မယ် ... ကိုယ့်ကိုတော့မဟုတ်ဘူး ...သူမက အလုပ်မထွက်ချင်တာနဲ့ပဲ ဒီလိုကိစ္စကြီးကို လုပ်တယ်ဆိုရင် အနာဂတ်ကျရင် ဘယ်လိုလုပ်မလဲ ...သူမ ဒီထက်ပိုပြီး ရှေ့ဆက်တိုးလာရင် ဘယ်လိုလုပ်မလဲ ... သူမ ရည်ရွယ်ချက်တွေအောင်မြင်ဖို့ ဘေးက လူတွေကို တွန်းအားပေးပြီး ဒီထက်ဆိုးတာတွေ လုပ်ဦးမှာပဲလား ... "

စုန့်ထင်ရှန်း၏ လေသံက အေးစက်နေသည်။


" ကိုယ်က သူနဲ့ ဘာဆက်နွယ်မှုမှမရှိဘူး ... သူမအစ်ကိုလည်းမဟုတ် သူငယ်ချင်းလည်းမဟုတ်ဘူး... အဲ့တော့ သူမအတွက် ဘာကိစ္စနဲ့မှ တာဝန်ယူပေးစရာမလိုဘူး ..."


စုန့်ထင်ရှန်းက ဤကိစ္စကို ရှင်းလင်းစွာတွေးတောထားသည်။ အကယ်၍ ဤတစ်ကြိမ်တွင် လီကျင်းကို လွှတ်ပေးလိုက်မိပါက သူမ၏လောဘများက ပိုမိုအမြစ်တွယ် ကြီးထွားလာလိမ့်မည်။

ဒီတစ်ခါ အလုပ်မထွက်ချင်ဘူး ... နောက်တစ်ခါရော ဘာတွေလိုချင်လာဦးမှာလဲ ...


အရွယ်ရောက်ပြီးသူများကလည်း တစ်ခါတစ်ရံ ကလေးများနှင့်တူသည်။ ကလေးများက အရုပ်တစ်ခုလိုချင်ပါက အရှက်မဲ့သောနည်းလမ်းမျိုးစုံသုံး၍ ကြိုးစားတတ်ကြသည်။ အကယ်၍ မိဘများက ထိုသို့ဂျီကျခြင်းကြောင့်သာ အရာအားလုံးလိုက်လျောပေးလိုက်ပါက ဤနည်းလမ်းက အသုံးဝင်သည်ကို သူတို့သိသွားကြလိမ့်မည်။ နောက်တစ်ကြိမ် တစ်စုံတစ်ခုကို လိုချင်ပါက တူညီသော နည်းလမ်းကိုသာ အသုံးပြုတော့မည်ဖြစ်သည်။


ယွမ်ရှ ခေါင်းငြိမ့်ပြလိုက်သည်။ အခြေအနေကို တင်းမာမနေစေရန် သူမ ပြောလိုက်သည်။


" ရှင်က အရမ်းဆွဲဆောင်မှုရှိတာပဲ ... လီကျင်းနဲ့ ရှင့်ရဲ့ကြားထဲက အသက်ကွာခြားချက်က တော်တော်များတယ် ... မိန်းကလေးငယ်လေးတွေက " ဦး "လိုပုံစံတွေကို သဘောကျကြတယ်လေ ... ဒီတစ်ခါကိစ္စပြီးရင်တော့ လီကျင်းက အဲ့ကိစ္စကို ပြန်တွေးရတော့မယ် ထင်တယ် ..."


စုန့်ထင်ရှန်းက သူငယ်ချင်းဖြစ်သူ၏ ညီမများနှင့် တရင်းတနှီးနေတတ်သည့်ပုံစံ မဟုတ်ဟု သူထင်မိသည်။

ဘယ်သူ သိနိုင်မှာလဲ ... သူနဲ့ လီကျင်းက စကားအများကြီး မပြောဖူးတာတောင်ဖြစ်နိုင်တယ် ... စုန့်ထင်ရှန်းက အရမ်းဆွဲဆောင်မှုရှိနေလွန်းလို့သာ ဒီလိုတွေ ဖြစ်ကုန်ရတာနေမယ် ... သူက ရင့်ကျက် တည်ငြိမ်တဲ့အပြင် ချောမောခံ့ညားပြီး ချမ်းသာတယ်လေ ... ကိုယ်သဘောကျတဲ့လူတွေကို ရွေးချယ်တဲ့နေရာမှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမောတဲ့ ကောင်လေးတွေထက် ဦး' အရွယ်လူမျိုးကို မိန်းကလေးတွေက ပိုသဘောကျကြတာလေ ...လီကျင်းကလည်း စုန့်ထင်ရှန်းကို တစ်ဖက်သတ်ကြိုက်မိတာ မဆန်းပါဘူး ...


အသက်ကွာခြားချက်တဲ့လား ... ဦးတဲ့ ...


ယွမ်ရှကို ကြည့်လျက် စုန့်ထင်ရှန်း၏ နှုတ်ခမ်းများတွန့်ကွေးသွားသည်။

" မင်းက လီကျင်းထက် နည်းနည်းပဲ အသက်ပိုကြီးတာလေ ..."


ဒါဆိုရင် ယွမ်ရှက သူ့ကို အိုနေပြီလို့ပြောတာများလား ... ဘယ်သူကမှ ဦးလေးကြီးတစ်ယောက်လို့ သတ်မှတ်မခံရချင်ဘူးလေ ...


xxxxxx