အပိုင်း (၁၉၈)
Viewers 34k

Chapter 198


" တကယ်လား ..."

ယွမ်ရှ သူမနှုတ်ခမ်းကို လက်ချောင်းများဖြင့် ဖိထားလိုက်မိသည်။ ထိုနောက် သက်ပြင်းချလိုက်မိသည်။


" ကျွန်မက အမေတစ်ယောက်ဖြစ်လာလို့ထင်တယ် ... လီကျင်းကို ကလေးမလေးတစ်ယောက်လိုပဲ ခံစားရတယ် ..."


သူမ ယခင်က ထိုကဲ့သို့ မခံစားခဲ့ရဖူးပေ။ သို့သော် ဝမ်လေးနှင့် အချိန်ဖြုန်းလေ သူမအသက်အရွယ်ကို မေ့သွားလေဖြစ်သည်။ သူမနှင့် သက်တူရွယ်တူများကို ဖြတ်သွားဖြတ်လာတွေ့လျှင်လည်း သူတို့ကို အဒေါ်ကြီးတစ်ယောက်ကဲ့သို့သော အမြင်ဖြင့်သာကြည့်နေမိသည်။


ထိုစကားများကြောင့် စုန့်ထင်ရှန်းက ကိစ္စတစ်ခုကို သေချာသွားသည်။


သူမက မိခင်တစ်ယောက်ဖြစ်နေပြီး သူကလည်း ဖခင်တစ်ယောက်ဖြစ်နေ၍ သူတို့ကြားထဲတွင် အသက်အရွယ်ကွာခြားမှုဟူသော ခံစားချက်မျိုး မရှိခြင်းဖြစ်လိမ့်မည်။


" လီကျင်းရဲ့ကိစ္စကို မင်းစိတ်ပူစရာမလိုပါဘူး ... အဲ့ဒါက ရေးကြီးခွင်ကျယ်ကိစ္စလည်းမဟုတ်ဘူး ... ကိုယ်ဖြေရှင်းနိုင်ပါတယ် ..."


စုန့်ထင်ရှန်း ထပ်ပြောလိုက်သည်။

" ပြီးတော့ ကိုယ်နဲ့သူနဲ့ကြားမှာ ဘာကိစ္စမှ မရှိပါဘူး ... ထူးဆန်းတာတွေ တွေးမနေနဲ့ ..."


ယွမ်ရှ စိတ်ရှုပ်ထွေးသွားသည်။

" ကျွန်မ မတွေးပါဘူး ..."


" ဒါဆိုရင် ကောင်းတာပေါ့ ..."


ဘယ်လိုတောင် စကားကို ဗလုံးဗ‌ထွေး ပြောနေကြတာပါလိမ့် ...


" ရှင် အလုပ်လုပ်နေတာ မနှောင့်ယှက်တော့ဘူးနော် ... ကျွန်မ အခန်းကိုပြန်ပြီး အိပ်တော့မယ် ..."

ယွမ်ရှ ပြန်ရန်ပြင်လိုက်သည်။


" ခ‌ဏလေးနေပါဦး ..."

စုန့်ထင်ရှန်းက သူမကို တားလိုက်သည်။ သူမထံသို့ လျှောက်သွားလိုက်ရာ သူတို့ကြားတွင် မီတာဝက်ခန့်သာ ကွာဝေးတော့သည်။ စုန့်ထင်ရှန်းက အရပ်ရှည်သူဖြစ်သဖြင့် သူမမျက်နှာသို့ ဖြာကျနေသောအလင်းတန်းကိုပင် ကွယ်နေသည်။


" တခြားအပြင်လူတွေနဲ့ ဖောက်ပြန်ဖို့ စိတ်မဝင်စားဘူး လို့ ကိုယ်ပြောတယ်လေ ... ဘယ်လိုလူတွေကို အပြင်လူလို့ မြင်မမြင် ကိုယ့်ကိုဘာလို့ မမေးတာလဲ ...


ယွမ်ရှ ရင်ခုန်သံများ မြန်သွားသည်။

ရုတ်တရက်ကြီး စိတ်အခြေအနေက ဘာလို့ မချင့်မရဲဖြစ်သွားပါလိမ့် ... ပြီးတော့ စုန့်ထင်ရှန်းက ဒီစကားတွေကို ဘာသဘောနဲ့ ပြောတာလဲ ...


" ဝမ်လေးနဲ့ ကျွန်မကတော့ အပြင်လူမဟုတ်ဘူးလေ ..."

ယွမ်ရှ ခေါင်းမော့၍ သူ့ကိုကြည့်လိုက်သည်။ သူ့မျက်လုံးကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။


" ရှင့်ရဲ့ ဇနီးနဲ့ ကလေးကတော့ သေချာပေါက် အပြင်လူမဟုတ်ဘူးလေ ..."


" ဇနီးတဲ့လား ..."

စုန့်ထင်ရှန်း ထိုစကားကို ရေရွတ်လိုက်မိသည်။ 


ထိုစကား သူ့နှုတ်မှထွက်လာသည်ကို ကြားလိုက်ရ၍ သူမနားထဲ ယားကျိကျိဖြစ်သွားသည်။ ထိုကဲ့သို့သော အခြေအနေကို ယွမ်ရှ တောင့်မခံနိုင်ပေ။ စုန့်ထင်ရှန်း သူမကို အာရုံမစိုက်နေသည်ကို အခွင့်ကောင်းယူ၍ ကတိုက်ကရိုက်ထွက်သွားပြီး စာကြည့်ခန်းတံခါးကိုပိတ်လိုက်သည်။


သူမအခန်းထဲ ပြန်ရောက်လာသည့်အခါ ဝမ်လေးက ခေါင်းအုံးကြီးတစ်လုံးကိုမှီကာ ခြေထောက်ချိတ်ထိုင်ပြီး ကာတွန်းကားကြည့်နေသည်။ သူ့ကိုကြည့်ရသည်မှာ အလွန်သက်တောင့်သက်သာ ဖြစ်နေပုံပင်။


" ဝမ်လေး ..."

ယွမ်ရှ၏ အသံမှ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။


ဝမ်လေးက ချက်ချင်းပင် ထိုင်နေပုံကိုပြောင်းလိုက်သည်။ သူ၏လှုပ်ရှားမှုများက အလွန်မြန်ဆန်လှသည်။  ထိုသို့ ဖိုသီဖတ်သီ ထိုင်‌တတ်သောပုံကို မည်သည့်နေရာမှ သင်ယူလာသည်ကို သူမ မသိလိုက်ပေ။


ဝဝကစ်ကစ်ကလေးလေး၏ နာခံတတ်သောအမူအယာကို မြင်သည့်အခါ ယွမ်ရှသူ့ကို သွန်သင်ပေးရမည်ဟု ခံစားလိုက်မိသည်။ သူမ ကုတင်ခြေရင်းတွင် ထိုင်လိုက်သည်။ သူမနှင့် စုန့်ထင်ရှန်းအကြား ဖြစ်ခဲ့သည်များကို ပြန်စဉ်စားနေမိသည်။ ရိုးသားစွာပြောရလျှင် သူမ စိတ်ယိုင်သွားမိသည်။ 


ဒီလိုယောက်ျားမျိုးနဲ့ မျက်နှာချင်းဆိုင်နေရ‌တာတောင်မှ စိတ်မယိုင်ဘူးဆိုရင် သူမက လူမဟုတ်ပဲ နတ်သမီးဖြစ်နေရမှာ ... 


အကယ်၍ သူ့ဘက်မှသာ သူမကိုမကျီစယ်လာခဲ့ပါက

စုန့်ထင်ရှန်းနှင့် သူမကြားမှ ဆက်ဆံရေးကို တစ်ယောက်နှင့်တစ်ယောက် ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် အခန်းဖော်များအဖြစ်သာ တွေးနေဦးမည်ဖြစ်သည်။

ဒါပေမဲ့ သူက အခု ဘာလုပ်ချင်နေတာလဲ ... အား ...


ဝမ်လေးက သူမဆီသို့ တွားသွားလာပြီး သူမမျက်နှာကို ဂရုတစိုက်ကြည့်နေသည်။ သူ၏ လက်ဖောင်ဖောင်းလေးဖြင့် သူမမျက်နှာကို တို့လိုက်ပြီး လေးနက်စွာပြောလိုက်သည်။

" မာမား မျက်နှာနီနေတယ် ..."


ယွမ်ရှ သူမမျက်နှာကို လက်ဖြင့် အုပ်ထားလိုက်မိသည်။

" ဟုတ်လား ..."


" ဟုတ်တယ် ...မာမား ဖျားနေတာလား ..."


စုန့်ထင်ရှန်း၏ ပုံရိပ်ကို သူမစိတ်ထဲတွင် မြင်နေဆဲဖြစ်သည်။

" မဟုတ်ပါဘူး ... အရမ်းပူလို့ဖြစ်မယ် ..."


" မပူပါဘူး ... သား နည်းနည်းတောင်အေးနေသလိုပဲ ..."

ဝမ်လေးက သူမ၏ လိမ်ညာမှုကို ဖော်ထုတ်လိုက်သည်။


" မာမားက သားလေးနဲ့ မတူဘူးလေ ... ကလေးလေးက အေးပေမယ့် မာမားက ပူချင်ပူမှာပေါ့ ..."

ယွမ်ရှ သက်ပြင်းချလိုက်မိသည်။


" မာမားစိတ်ထဲ တစ်ခုခုဖြစ်နေလို့လား ..."


xxxxxx