အပိုင်း ၁၀၅(side story 1)
Viewers 15k


Chapter 105
(side story).1

နွေဦးရာသီ ကုန်ဆုံးသွားခဲ့ပြီး မကြာမီ နွေရာသီအစောပိုင်းသို့ နီးကပ်လာခဲ့သည်။ နှင်းဆီပန်းများ ဝန်းရံထားသော နွေရာသီနန်းတော်သည် ယနေ့နံနက်တွင် သက်ဝင်လှုပ်ရှားနေသည်။ ဤ‌နန်းတော်ကို ရာဟန်၊ ရိုစီနာ နှင့် အီလီယန် တို့ မိသားစုသုံးယောက်လုံး ပြောင်းရွှေ့လာပြီဖြစ်သည်။နန်းတက်ပွဲညကသာ တော်ဝင်နန်းတော်မှာ တစ်ညတာ အတူကုန်ဆုံးခဲ့ခြင်း ဖြစ်သည်။

နွေရာသီနန်းတော်သည် တတိယမင်းသား နန်းတော်ထက် ပိုကျယ်ပြီး ခမ်းနားသော်လည်း တော်ဝင်နန်းတော်၊ ဘုရင်မင်းမြတ်နန်းတော်နှင့် ဘုရင်မနန်းတော်ထက် ပိုသေးငယ်သည်။ မင်းအဆက်ဆက် နွေရာသီအားလပ်ရက်အတွက် အနားယူရန် ဆောက်ထားသော နန်းတော်တစ်ခုဖြစ်ပြီး အချိန်အတော်ကြာအောင် ဘယ်သူမှမနေခဲ့သည့် နေရာတစ်ခုဖြစ်သည်။ ရာဟန် နန်းတက်ပြီးသည်နှင့်၊ လင်မယားဖြစ်တာကြောင့် ခွဲမအိပ်နိုင်ဟုဆိုတာ တစ်မိသားစုလုံးအတွက် နန်းတော်အသစ်ဆောက်ဖို့ ကြိုးစားခဲ့သည်။

သို့သော်လည်း ထိုစဥ်က ထီးနန်းဆက်ခံမည့်နေ့ကို ဘယ်အချိန်က ဆင်းမယ်ဆိုတာ မသိခဲ့သလို ဆောက်လုပ်ရေးကာလမှာလည်း မကျန့်ကြာချင်တာကြောင့် အသစ်ဆောက်မည့်အစား လက်ရှိနန်းတော်ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့သည်။ နွေရာသီနန်းတော်သည် သိပ်အသုံးမပြုကြသောကြောင့် သပ်ရပ်လှပသည်။ရေကန်တစ်ခုလည်း အသင့်ရှိနေ၍ ရိုစီနာ အကြိုက်ဖြစ်သည်။ ထို့ကြောင့် ရာဟန် က နွေရာသီနန်းတော်ကို ဘုရင်မင်းမြတ်နှင့် ဘုရင်မ နန်းတော်အသစ်အဖြစ် တုံ့ဆိုင်းမနေဘဲ ဖန်တီးခဲ့လေတော့သည်။

ကောင်းကင်ယံအလယ်မှာ နေထွက်လာသည့်အခါ ရာဟန် ရုံးခန်းထဲက ထွက်လာသည်။ လွန်ခဲ့သည့် သုံးလအတွင်း ကောင်းစွာ အနားမယူခဲ့ရဘဲ စစ်သည်အင်အားနှင့် နိုင်ငံရေးကိစ္စများကို ပြန်လည်ဖွဲ့စည်းခဲ့ရသည်။ ပုန်ကန်မှုအတွက် စုဆောင်းထားသော စစ်သည်တို့သည် သူ ဘုရင်မင်းမြတ်ဖြစ်လာသောအခါ သူ့လက်အောက်သို့ ရောက်ရှိလာခဲ့သည်။ သာမာန်စစ်သည် များသာမက တော်ဝင်သူရဲကောင်းများကလည်း ပုံမှန်အတိုင်း လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ တစ်နေ့မှာ၊ သူရဲကောင်းအားလုံးကို စုရုံးပြီး ပြန်လည်ဖွဲ့စည်းမည့်အကြောင်း ရာဟန်က ကြေညာခဲ့သည်။ ပထမအချက်မှာ လက်ရှိခေါင်းဆောင်အားလုံးကို ရာထူးချပြီး လူသစ်များကို စမ်းသပ်ပြီး ရွေးချယ်မည် ဖြစ်သည်။

ဒုတိယအစီအစဥ်မှာ သူရဲကောင်းများ၏ လေ့ကျင့်မှုကို စနစ်တကျပြောင်းလဲရန်ဖြစ်သည်။ တရားဝင်ထုတ်ပြန်ချက်ကို ကြားသိရသော တော်ဝင် သူရဲကောင်းများမှာ မကျေမနပ်ဖြစ်နေကြသည်။ စစ်ရေးမလေ့ကျင့်ဘဲ ထောက်ပံ့ကြေးကို ယခုထိ သက်သာစွာ လက်ခံရရှိနေသော သူတို့အတွက် ရာဟန် အမိန့်ကကျည်ဆန်တစ်ခုလို ထိုးနှက်လိုက်ခြင်း ဖြစ်သည်။ အထူးသဖြင့်၊ ထရိအက် သူရဲကောင်းများအားလုံးကို ဘုရင်မင်းမြတ်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်က တော်ဝင်သူရဲကောင်းများအဖွဲ့ထဲသို့ ခေါင်းဆောင်အဖြစ် လာထည့်ပေးသောအခါ တော်ဝင်‌တပ်မှူးများအားလုံး ကန့်ကွက်ခဲ့ကြသည်။ ထရိအက် အဖွဲ့ကို တပ်မှူးရာထူးအဖြစ် ရာထူးတိုးမြှင့်ပေးခြင်းမှာ တရားမျှတမှု မရှိသဖြင့် သူတို့ ခေါင်းငုံ့မခံလိုကြပေ။ သို့သော်၊ကန့်ကွက်သံများ ကြားသွားသော ရာဟန် က တစ်ချက်သာပြောခဲ့သည်။

"မင်းတို့ မကျေနပ်ရင် မင်းတို့ရဲ့ အရည်အချင်းကို ပြလိုက်...ဒါဆို ငါ လက်ခံပေးမယ်"

ထိုအချိန်မှစ၍ တော်ဝင်နန်းတော်၌ နေ့စဉ်ပြိုင်ဆိုင်မှုများ ရှိလာသည်။ ဆန္ဒပြကြသော သူရဲကောင်းများကို ထရိအက် သူရဲကောင်းများက ပညာပြပြီးနောက်မှာတော့ အနည်းငယ် ငြိမ်သက်သွားခဲ့သည်။

ရာဟန်သည် လေ့ကျင့်ရေးခန်းထဲသို့ ဝင်သွားပြီး သူရဲကောင်းများကို ကြည့်နေသည်။ သူရဲကောင်းများသည် နေ့လယ်ခင်း နေပူပြင်းပြင်းအောက်တွင် လေ့ကျင့်နေကြသည်။ စည်းကမ်းရှိပြီး ယခင်ကထက် သန်မာပုံရသော်လည်း အချို့သော သူရဲကောင်းများသည် ဥာဏ်မမီသလို ပုံဖမ်းကာ ဖြည်းဖြည်းချင်း သာ စစ်တိုက်ပြနေကြ၏။ထို့နောက် ရာဟန် သည် တပ်မှူးအား တိတ်တဆိတ်ခေါ်ကာ ပုံမှန်လေ့ကျင့်မှုတို့ကို နှစ်ဆပြုလုပ်ရန် အမိန့်ပေးခဲ့သည်။

ထို့နောက် သူသည် လေ့ကျင့်ရေးခန်းမမှ အေးအေးဆေးဆေး ထွက်လာပြီး ဥယျာဉ်ထဲကို ဖြတ်သွားခဲ့သည်။ သူသည် နန်းတက်ပွဲ ပြီးသည်နှင့် ယခုအချိန်အထိ တစ်နေကုန် အနားယူခွင့် မရခဲ့ပေ။ တစ်လောကတည်းက မှူးမတ်များကြောင့် သူ့ကိုယ်သူ အချိန်အနည်းငယ်မျှသာ ပေးခဲ့တာကြောင့် ယနေ့တော့ ရိုစီနာ နှင့် အချိန်ကုန်ဆုံးမည်ဟု သူ တွေးထားသည်။ရာဟန်သည် ပေါ့ပါးသော ခြေလှမ်းများဖြင့် နန်းတော်ထဲသို့ဝင်လာပြီး ရိုစီနာ ၏ ရုံးခန်းတံခါးကိုဖွင့်လိုက်သည်။သူ ဝင်လာတော့ စာတစ်စောင် ဖတ်နေသည့် ရိုစီနာ မှာ အံဩပြီး မျက်လုံးပြူးသွား၏။

"ရာဟန်"

"ကိုယ်တို့ အခု အပြင်သွားကြရအောင်လား"

"...ဒီနေ့ ပိတ်ရက်မဟုတ်ဘူးလေ..."

ရိုစီနာ သည် ဘုရင်မဖြစ်လာပြီးနောက်၊ သူမကိုယ်သူမ တင်းကြပ်ထားပြီး တာဝန်သိစိတ်လည်း အားကောင်းလာသည်။ သို့သော်လည်း ရာဟန် သည် သူမ အကြောင်းကို ကောင်းစွာသိထားသောကြောင့် အကြောင်းပြချက်တစ်ခု စဉ်းစားခဲ့ပြီးဖြစ်သည်။

"ကိုယ်ကလည်း အလကားကစားဖို့ ခေါ်နေတာ မဟုတ်ဘူးလေ"

"...ဒါဆို ဘယ်လိုသွားလို့ရမလဲ"

"တိတ်တိတ်လေး ခိုးထွက်မှာပေါ့"

ခိုးထွက်မည်ဆို၍ ရိုစီနာ ကြောင်စီစီ ဖြစ်သွားသဖြင့် ရာဟန်က သူမ ရှေ့မှာထိုင်ကာ ရှင်းပြလိုက်သည်။

“ကိုယ်တို့ နန်းတက်တာ သုံးလရှိပြီ...ဒီအတောအတွင်း ကမ္ဘာကြီးက ဘယ်လိုတွေ ပြောင်းလဲသွားမလဲ..ဘာတွေ ဖြစ်သွားသလဲ အဲ့တာတွေကို သိဖို့ဆိုတာ တော်ဝင်မိသားစုရဲ့ အလုပ်ပဲလေ"

“……”

"မင်း နန်းတော်ထဲမှာပဲ အချိန်ကုန်နေမယ်ဆိုရင် အင်ပါယာကပြည်သူတွေ ဘယ်လိုနေထိုင်နေတယ်ဆိုတာ မင်းဘယ်တော့မှသိမှာ မဟုတ်ဘူးကွ"

ရာဟန် စကားကြောင့် ရိုစီနာ စိတ်ရှုပ်သွားရသည်။ သူပြောတာလည်း သဘာဝကျသည်။ သူမသာ တော်ဝင်နန်းတော်ထဲမှာပဲ ပိတ်လှောင်၍ နေလျှင် ကမ္ဘာကြီးမှာ ဘယ်လိုတွေဖြစ်နေမလဲဆိုတာ သိနိုင်မည်မဟုတ်တော့ပေ။ အရေးကြီးတာတစ်ခုခုဖြစ်ခဲ့လျှင်လည်း တခြားသူပြောစကားနှင့် သူမ ကိုယ်တိုင် တွေ့မြင်ရသည်က တူမှာမဟုတ်ပေ။

"ပြီးတော့ တိုင်းပြည်ရေးရာကို လေ့လာလို့ ကောင်းတယ်လေ"

"ကောင်းပြီ…ကဲ အတူတူသွားရအောင်"

သူမ သဘောတူလိုက်သောအခါ ရာဟန် နှုတ်ခမ်းထောင့်များက တွန့်တက်သွားသော်လည်း ဟက်ဟက်ပက်ပက် မပြုံးလိုက်ပေ။

"ဒါဆို အခုသွားရအောင်"

ရာဟန် က အလျင်စလို တံခါးကို ညွှန်ပြလိုက်လျှင် သူမ ထလာပြီး ဝတ်ထားသည့် အဝတ်အစားတွေကို ငုံ့ကြည့်လိုက်၏။

"ကျွန်မ ဒီဝတ်စုံဝတ်ရင် အရမ်းထင်းနေသလိုများ ဖြစ်နေမလား...."

“အင်း....ဟုတ်တယ်"

သူမ ခေါင်းမှ ခြေဖျားထိ စကင်န်ဖတ်သလို သေချာကြည့်ပြီး ရာဟန် က ခေါင်းညိတ်လိုက်သည်။ သူမကိုယ်သူမ အထူးတလည် အလှပြင်ဆင်ထားခြင်း မရှိသော်လည်း သူမက အလိုလို တောက်ပနေသည်။ ရာဟန် တစ်ချက်တွေဝေသွားသည်။သူကိုယ်တိုင်က သူမနှင့် ဒိတ်လုပ်ချင်တာဖြစ်သော်လည်း ယခု သူမပုံစံကြောင့် အများအာရုံစိုက်စရာ ဖြစ်သွားပေတော့မည်။

"ဒီလိုလုပ်....ကိုယ်တို့ ရုပ်ဖျက်သွားရအောင်"

သို့နှင့်၊ ရိုစီနာနှင့် ရာဟန် တို့သည် ရထားလုံးတစ်စီးဖြင့် တော်ဝင်နန်းတော်ထဲမှ ထွက်လာခဲ့ကြသည်။ ရထားလုံးကလေးသည် လူသူကင်းမဲ့သော လမ်းကြားတွင် ရပ်သွားပြီး နှစ်ယောက်သား ဆင်းသွားရမည် ဖြစ်သည်။ ရိုစီနာက မဆင်းခင် ပြတင်းပေါက်မှန်မှတစ်ဆင့် မှန်ထဲကို တစ်ချက်ကြည့်လိုက်သည်။သူမ ပုံစံက အတော်ကို အဆင်မပြေဖြစ်နေသည်။ပခုံးထိရှည်သည် အနက်ရောင် ဆံပင်တုနှင့် ဦးထုပ်ကြီးကြီး တစ်လုံးဆောင်းထားသည်။ ထို့အပြင် ခါတိုင်းနှင့်မတူဘဲ ရိုးရိုးရှင်းရှင်း သာမာန် ၀တ်စုံကိုသာ ၀တ်ဆင်ထားသည်။ သာမာန်အ၀တ်အစားများကို ၀တ်ဆင်ထားသောကြောင့် သူမကို ဘယ်သူမှ သံသယဖြစ်မသွားနိုင်ပေ။သူမ စိတ်ထင် အတော်လေး ရုပ်ပြောင်းသွားသည်ဟု ထင်မိသော်လည်း ရာဟန် က အနည်းငယ် မကျေမနပ်ဖြစ်နေပုံရသည်။

“ထင်ထားတဲ့အတိုင်းပါပဲလား....အိုးမဲ သုတ်ခဲ့ရမှာကွာ"

သူ့ကိုယ်သူ ရေရွတ်သလို ပြောသံကြောင့် ရိုစီနာ ပြာပြာသလဲ ခေါင်းခါမိသည်။ သူမ ရာဟန် ကို သေချာကြည့်လိုက်သည်။ သူလည်း လူမမှတ်မိအောင် ဦးထုပ်ကြီးကြီး ဆောင်းထားပြီးအနက်ရောင် အင်္ကျီကို ဝတ်ဆင်ထား၏။ သို့သော် သူ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် တည်ရှိမှုသည် သာမန်မဟုတ်သောကြောင့် တခြားသူများ၏ မျက်လုံးများကို စွဲဆောင်နေနိုင်သည်။

"သွားကြမလား"

ထို့နောက် နှစ်ယောက်သား လမ်းကြားထဲမှ ထွက်သွားကြသည်။ မြို့တော်၏ နေ့လယ်ခင်းသည် လုံးဝ တိတ်ဆိတ် ငြိမ်သက်နေသည်။ သူမတို့နှစ်ယောက် ရင်ပြင်ကို ရောက်သော် ခဏ ရပ်ကာ လမ်းများကို ကြည့်လိုက်ကြသည်။ ဘယ်ကိုသွားရမှန်း တွေးနေစဉ် အရင်က မရောက်ဖူးသည့် နေရာတစ်ခုကို သွားဖို့ တွေးမိကြသည်။ ရိုစီနာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ပြည်သူများ၏ နေထိုင်ပုံက အရင်ကနှင့် ဘယ်လိုတွေ ပြောင်းလဲသွားသလဲဆိုသည်ကို သူမ မျက်စိနှင့်တပ်အပ် ကြည့်ချင်မိသည်။

သို့သော် သူမ အတွေးကို ရာဟန် က ကန့်ကွက်လိုက်သည်။သူက သူမကို စဉ်းစားချိန်တောင်မပေးဘဲ တစ်နေရာကို အရင်ဦးစွာ ထွက်သွားလေ၏။ သူမ သွားချင်သည့် နေရာတိုင်းကို၊သူ ရောက်ဖူးပြီးသား ဖြစ်နေတာကြောင့် ဘယ်ကို သွားရမလဲ မသိတော့ပေ။ သူမ သူ့နောက်လိုက်လာပြီး အတော်ကြာမှ သတိပြန်ဝင်လာရသည်။ထိုအခါ သူမ ကြောင်စီစီ တွေးမိသည်မှာ သူတို့ ရုပ်ဖျက်ထားသည်က မပီပြင်သလို ခံစားရပြီး ကလေးများ ကစားနေသလို ခံစားလာရသည်။

"ကျွန်မတို့ ရုပ်ဖျက်ထားတာတော့ ဟုတ်ရဲ့လားဟင်…ရှင်က ဒီတိုင်းပဲ သွားနေလို့"

"သူတို့ သံသယမဝင်အောင် ကိုယ်တို့က တခြားသူတွေလိုပဲ ပုံမှန်နေရမယ်လေ"

သူမ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ယခုမှ စိတ်ထဲ ပေါ့သွားသလိုပင်။ နှစ်ယောက်သား လမ်းဘေးဝဲယာကို ကြည့်လာကြရင်း ခဏကြာတော့ ဈေးသို့ ရောက်လာသည်။ စောစောက တိတ်ဆိတ်နေသော လမ်းများနှင့်မတူဘဲ ဈေးထဲတွင် ဈေးသည်များ၊ဈေးဝယ်လာသူများဖြင့် စည်ကားနေသည်။

“ဒီမှာ အရသာရှိတဲ့ အသီးအနှံတွေရှိတယ်...လာမြည်းပြီး ဝယ်လို့ရတယ်နော်"

ဈေးသည်တစ်ယောက်၏ ဈေးခေါ်စကားကြောင့် ရာဟန်သည် အသီးအနှံများကို တစ်ချက် ကြည့်လိုက်သည်။ ဈေးသည်၏ သေတ္တာထဲမှာ ယနေ့မှ ခူးဆွတ်ထားသလိုမျိုး လတ်ဆတ်သည့် သစ်သီးတွေနှင့် ပြည့်နေသည်။ ကုန်သည်က အတူတူယှဉ်ရပ်နေသည့် သူတို့ နှစ်ယောက်ကိုကြည့်ပြီး ပြုံးလိုက်သည်။

“အို...ညီ‌လေးတို့ အတွဲက သိပ်လိုက်ဖက်တာပဲ....အတူတူဈေးလာဝယ်ကြတာကိုး"

ရာဟန် က ပြန်ပြုံးရင်း ခေါင်းညိတ်လိုက်သည်။

"ဒီဟာ ပေးပါ"

"တစ်အိတ်လုံး ယူမှာလား"

"တစ်ဗူးထဲပါ...အိတ်လေးနဲ့‌ထည့်ပေးနော်"

သူ တစ်အိတ်လုံးဝယ်သွားချင်မိသည်။သို့သော် အများကြီးဝယ်သွားပါက ကိုင်ရပြုရနှင့် ခက်နေမှာစိုးသည်။ ရာဟန် သစ်သီးဝယ်နေသည်ကို ရိုစီနာ ကြည့်ပြီး စိတ်ထဲက ပင့်သက် ရှိုက်ထုတ်လိုက်သည်။ တစ်ဆက်တည်း သူမသည် သူ့ရည်ရွယ်ချက်ကို နားလည်လာသည်။သူတို့ ပထမဆုံး ထွက်လာစဉ်က ပြည်သူများကို သွားကြည့်ရန်ဟုသာ ပြောခဲ့တာဖြစ်သည်။သူမ လမ်းမှာတောင် သူ့အပြုအမူကို သံသယဖြစ်မိသေးသည်။သို့သော်၊ယခု ဈေးကိုရောက်လာတော့ ပြန်တောင်မပြန်ချင်တော့ပေ။ထို့ ကြောင့်သူမ ပုခုံးကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသော တာဝန်များကို တစ်ရက်ကလေး ဖယ်ထားကာ ရာဟန် နှင့် အချိန်ဖြုန်းရန် ဆုံးဖြတ်လိုက်သည်။

“ဝါး....အရမ်းပျော်စရာကောင်းတာပဲလိုက်တာ....ဒါဆို ကျွန်မတို့ အခု ဘာလုပ်ကြမလဲ"

ရိုစီနာ ပုံစံက ရွှင်ပျလာတာကြောင့် ရာဟန် ဝမ်းသာသွားရပြီး ရှေ့မှ ဦးဆောင်သွားလိုက်သည်။ စျေးကို အချိန်အတော်ကြာ လည်ပတ်ပြီးနောက် ရိုစီနာ ဗိုက်ဆာလာသည်။ စောစောက ဝယ်ထားသော ပန်းသီးနည်းနည်းစားလိုက်သော်လည်း နေ့လည်စာ မစားရသေး၍ အူက လိမ်နေလေပြီ။

"ရိုစီနာ ...ဗိုက်ဆာနေတာလား"

ရာဟန် က အမြန်မေးလာသည်။ ရိုစီနာ ရှေ့ကို လျှောက်နေစဉ် အကင်ကောင်းကောင်းတွေ ရောင်းချသည့် စားသောက်ဆိုင်က ဤနေရာမှာရှိနေကြောင်း သတိရသွားသည်။ထို့အပြင် သူမတို့အနီးက မြင်ကွင်းကလည်း သူမနှင့် ရင်းနှီးနေသလိုပင်။

သူမက နန်းတော်မှာပဲ အတော်ကြာ ပိတ်လှောင်ပြီး နေခဲ့ပေမယ့် ဘယ်လိုဖြစ်ပြီး ဒီဆိုင်ကိုပါ သိနေတာလဲ…

ထို့နောက် ရာဟန် က သူမကို ဆိုင်အပြင်ဘက်မှာ လှေကားပါသည့် စားသောက်ဆိုင်တစ်ခုဆီ ခေါ်သွားခဲ့သည်။ ဤအချိန်က ကြားချိန်ဖြစ်သောကြောင့် စားသုံးသူများများစားစား မရှိပေ။ထို့နောက် သူမသည် အစားအသောက်များ မှာယူခဲ့ရာ မကြာမီ ယောက်ျားသားအများစုသည် ဆိုင်ထဲသို့ ဝင်လာကြသည်။ ဆိုင်ထဲမှာ ဆူညံလာသည်နှင့် တစ်ပြိုင်နက် သူမ ထိုလူများကို လှည့်ကြည့်လိုက်မိသည်။အားကောင်းမောင်းသန် ထိုသူများအားလုံးသည် အဝတ်အစားဆင်တူများ ဝတ်ဆင်ထားကြသည်။ ထိုအဝတ်တွေကိုလည်း သူမ သိနေသလိုရှိ၏။ခဏကြာမှ သူမ ခေါင်းတညိတ်ညိတ်နှင့် သဘောပေါက်သွားသည်။ ထိုဝတ်စုံများသည် တော်ဝင် သူရဲကောင်းများ ဝတ်ဆင်ရသည့် လေ့ကျင့်ရေးဝတ်စုံဖြစ်သည်။ သူမနှင့် ရာဟန်တို့ ထောင့်မှာထိုင်နေသည်ကို သူတို့ မတွေ့ကြ၍ ထိုင်ထိုင်ချင်း စကားစလိုက်ကြသည်။

"အမ‌လေး....ငါသေတော့မယ်"

"ဟုတ်ပါ့....ငါ့လက်တွေတောင် မလှုပ်နိုင်တော့ဘူး"

ထိုင်နေသော သူရဲကောင်းများ အားလုံးမှာ မောပန်းနွမ်းနယ်နေကြသည်။ထိုစဉ် အတော်လေး ငြီးတွားနေသည် သူရဲကောင်းတစ်ယောက်က ကုလားထိုင်လက်ရန်းပေါ် လက်တင်ပြီး ပြောလေသည်။

"သူ စိတ်​က မှန်ရောမှန်သေးရဲ့လားမသိ..... သူရူးနေတာ မဟုတ်​ဘူးလား"

တခြားသော သူရဲကောင်းတွေက ဘာမှ မပြောကြသော်လည်း ထိုလူက တစ်စုံတစ်ယောက်ကို ဆဲဆိုနေမြဲပင်။

"နေပူကြီးထဲမှာ ငါတို့ ပြင်းပြင်းထန်ထန် လူးလိမ့်ပြီး အတင်းလေ့ကျင့်နေချိန်မှာ သူက အေးအေးဆေးဆေး အနားယူနေတာ မဟုတ်လား"

ဆဲဆိုစကား အမျိုးမျိုးတို့သည် ထိုလူ၏ ပါးစပ်မှ ထွက်လာသည်။ရိုစီနာ သေချာနားထောင်မိသည်။ယခုလို မပြီးနိုင်၊မစီးနိုင် ပြောနေရအောင် ဘယ်လောက်တောင်များ မကျေနပ်နေရသလဲဟုတောင် တွေးမိသည်။

"သူ့အလုပ်မှာတော့ ကောင်းကောင်းလုပ်နိုင်ပေမယ့် လက်အောက်ငယ်သားတွေအပေါ်ထားတဲ့ သူ့ရဲ့သဘောထားက လုံးဝကို အဆိုးဆုံးပါပဲ"

အတင်းအဖျင်းစကားတွေက နာကြည်းမှုတွေ ရောထွေးပြီး ပြောနေတာကြောင့် အပြောခံရသူသည် ကမ္ဘာပေါ်ရှိ အဆိုးဆုံးလူတစ်ယောက်လို ဖြစ်နေသည်။ အချိန်အတော်ကြာ ပြောဆိုနေခဲ့သော ထိုလူသည် စားပွဲကို လက်သီးဖြင့် ထိုးကာ အသံကို မြှင့်လိုက်သည်။

"ဒီလူယုတ်မာ ဘုရင်မင်းမြတ်ဖြစ်လာပြီးကတည်းက ကောင်းတာ ဘာတစ်ခုမှ မဖြစ်လာခဲ့ဘူး"

ထိုသူ ပြောနေသည့် ကမ္ဘာပေါ်တွင် အဆိုးဆုံးလူမှာ ရာဟန် ဖြစ်နေတော့သည်။




Xcxxxx