အပိုင်း ၁၀၆(side story).2
Viewers 13k

Chapter 106
(side story).2


သူရဲကောင်းတွေထိုင်နေသည့် စားပွဲကို ကြည့်နေရင်း ရိုစီနာ ရာဟန် ကို လှည့်ကြည့်လိုက်သည်။ ရာဟန် လည်း အားလုံးကို ကြားလိုက်ရသောကြောင့် ခေတ္တတိတ်ဆိတ်သွားသည်။ သို့သော် သူရဲကောင်းများထိုင်သည့် စားပွဲသည် ဆူညံနေသေးသည်။ ရာဟန် ကို ကတိသစ္စာပြုထားခဲ့သော သူရဲကောင်းများသည် သူ့အား နာမည်ဖျက်ရန် အလုပ်များနေပြီး၊ သူက မကောင်းဆိုးဝါးများနှင့်သာ တိုက်ခိုက်ကာ အချိန်ကုန်ခဲ့ရသောကြောင့် ကမ္ဘာကြီးကို မသိနားမလည်သေးကြောင်း ပြောဆိုနေခဲ့သည်။ တစ်ချိန်တည်းမှာပင် နောက်ထပ် သူရဲကောင်းတစ်ယောက်က ရာဟန် အကြောင်း အတင်းအဖျင်းပြောနေသူကို သတိပေးသည်။

"မင်း ဘယ်လောက်ပဲ နန်းတော်နဲ့ ဝေးဝေး တိုးတိုးပြောလေကွာ"

“တခြားလူတွေ နားထောင်နေရင်တောင် ငါ့ကို ဘယ်သူက လာထိရဲမှာလဲ....ဘယ်လိုကောင်ကလဲ"

ရိုစီနာ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူပြောသည့် စကားလုံးတိုင်းကို မတုံ့ပြန်ဘဲ ရာဟန် ဘာကြောင့် အေးစက်စက် ဖြစ်နေသည်ကို သူမ နားမလည်နိုင်တော့။

သူက သူရဲကောင်းများကို တစ်ကယ်ပဲ စည်းကမ်း တင်းကြပ်ထားပြီး သူမ ရှေ့ကျ အမြဲကြင်နာပြနေတာလား....

သူတို့အချင်းချင်း နားလည်မှုလွဲနေကြပုံရသည်။ ဘယ်လိုပင်ဖြစ်ဖြစ် ရာဟန် အကြောင်း အတင်းအဖျင်းကြားရတာ သူမ အတွက်လည်း အဆင်မပြေပေ။

“နဲ့ပတ်သက်တဲ့ အကြောင်းများ ပြောကြည့်ပါလား....မျက်လုံး‌လေးပြူးပြီး‌ စိတ်ဝင်စားပြနေလိုက်တာ"

ယခု ရိုစီနာ အကြောင်း လှည့်သွားပြန်သည်။

"မင်းတို့အားလုံး မှတ်မိကြသေးရဲ့လား...ဘုရင်မရဲ့နောက်ကွယ်မှာ အတင်းအဖျင်းပြောတဲ့သူကိုလေ"

“အာ”

“နောက်နေ့လည်းကျတော့ သူ့ကို သူရဲကောင်းတွေ လာဖမ်းသွားကြတာမလား"

ထိုစကားကိုကြားပြီးနောက် ရိုစီနာ သည် ရာဟန် ဘက်အမြန်လှည့်ကြည့်လိုက်သည်။

တစ်ကယ်လား...

ရာဟန် သည် သူမ၏ စူးစူးဝါးဝါး အကြည့်ကို ခံစားမိ၍ ငုံ့ကြည့်လိုက်သည်။သူသည် ထီးနန်းမတက်မီ သူမအား ကိုယ်ရေးကိုယ်တာ ကိစ္စများမှာ အာဏာကို မသုံးဖို့ ကတိ‌ထားခဲ့ဖူးသည်။

“ငါပြောချင်တာက.... ဘုရင်မင်းမြတ်က သိပ်ကို ဒေါသကြီးတာကို ပြောတာ....ဘုရင်မကို တစ်စက်မှ အထိမခံနိုင်ဘူး...သူမ အကြောင်းကို အတင်းသိချင်နေရတဲ့အထိဆိုတော့ သံသယဖြစ်စေရလောက်အောင် ဘုရင်မကလည်း ဘာတွေများ လုပ်ထားတာပါလိမ့်…”

"ပါးစပ်ပိတ်ထား"

ထိုလူ၏ စကားများကို အရပ်ရှည်ရှည်နှင့် သူရဲကောင်းတစ်ဦးမှ ဖြတ်တောက်ပြီး အော်ပြောလာသည်။

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ...သူတို့ အကြောင်း မင်းဘယ်လောက်သိသလဲ"

“မဟုတ်ဘူးလေကွာ”

“ဘုရင်မင်းမြတ်က တစ်ခုခု အမှားလုပ်မိရင်တောင် ဘုရင်မက ဘယ်တော့မှ ဘာအမှားမှ မလုပ်ဘူး”

"ဘာ"

"ဘုရင်မကို မစော်ကားနဲ့"

ဆိုင်ကျဉ်းကျဥ်းလေးထဲမှာ နှစ်ယောက်သား စကားတပြောပြောနှင့် အော်ဟစ်ဆူပူကြလေတော့သည်။အခြားသော သူရဲကောင်းများသည် သူတို့နှစ်ဦးကို ဖြန်ဖြေရန် ကြိုးစားခဲ့သော်လည်း မရပေ။ သူရဲကောင်းနှစ်ယောက်မှာ တဖြည်းဖြည်းဆိုးလာပြီး တုတ်ဆွဲ၊ဓားဆွဲ အထိပါ ဖြစ်လာခဲ့၏။ တခဏချင်းမှာ၊ဆိုင်ထဲမှာ ဆူညံလာ၍ ရာဟန် သည် သူ့ခါးကြားထဲမှာ ထိုးထားသည့် ဓားရှည်ကို လက်တစ်ဖက်နှင့် အသာထိလိုက်သည်။သူ့ဓားကို စားပွဲပေါ်ပစ်ချလိုက်ရင် အချိန်တိုအတွင်း တိတ်ဆိတ်သွားလိမ့်မည်။

သို့သော်လည်း ရိုစီနာ ဤနေရာမှာ ရှိနေသရွေ့ ထိုစိတ်ကူးကို လက်တွေ့အကောင်အထည် ဖော်နိုင်မှာ မဟုတ်ပေ။ မီးပွားများသည် သူမဆီကို အကြောင်းပြချက်မရှိဘဲ လွင့်ထွက်လာသောကြောင့် ဆိုင်အပြင်ထွက်ခြင်းက ပိုကောင်းမည်ဟု သူ တွေးမိသည်။

“… ရိုစီနာ...ဆိုင်က ဆူညံနေတော့ ကိုယ်တို့ ထွက်သွားရင် ပိုကောင်းမယ်‌”

ရိုစီနာ ကလည်း သဘောတူလိုက်သည်။ ဤနေရာမှာ စားနေလျှင် အစာတောင်ကြေပါ့မလား မသိတော့။

ထို့နောက် ရိုစီနာ နှင့် ရာဟန် တို့သည် ထိုင်ခုံမှ အမြန်ထလိုက်သည်။ ရာဟန် သည် မစားရသေးသော အစားအသောက်များကို ငွေချေရန် အရင်ရှေ့က လျှောက်သွားလိုက်သည်။သူလည်း သူရဲကောင်းတွေ ထိုင်နေသည့် စားပွဲဆီကို ဦးတည်သွားနေသောအခါ စကားကျယ်ကျယ်ပြောနေကြသည့် သူရဲကောင်းတွေ ခဏ ရပ်သွားသည်။ သူတို့တွေ အလွန် ဆူညံနေ၍ တခြားဧည့်သည်တွေရှိမှန်းတောင် မသိလိုက်ပေ။

ရာဟန် ဘယ်လို အမူအရာမျိုးမှ မပြဘဲ သူတို့ကို စိုက်ကြည့်နေလိုက်သည်။ ရာဟန် ၏မျက်နှာကို မှတ်မိသွားကြသော သူရဲကောင်းများသည် မျက်နှာက အရောင်ဖျော့သွားကြသည်။ ရာဟန် စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ထို့နောက် ဆိုင်ရှင်ကို ငွေချေပြီးနောက် ထွက်သွားလေသည်။ သူ ကျသင့်ငွေရှင်းနေစဉ် ရိုစီနာက အပြင်သို့ အရင်ထွက်ခွာသွားသည်။

နှစ်ယောက်သား အပြင်ထွက်ပြီး သူတို့ မျက်လုံးချင်းဆုံလိုက်ကြ၏။

" ရိုစီနာ ....ဒီစကားတွေက နားလည်မှုလွဲနေတာပါ "

သွေး ၊မျက်ရည်မရှိသော နတ်ဆိုး၊ စာနာရကောင်းမှန်းမ သိသော နတ်ဆိုး၊သူတို့ကို လုံလောက်စွာ အနားယူခွင့်မပေးသော ဘုရင်ဆိုးနှင့် အခြားသူများ၏ ဒုက္ခကို နှစ်သက်သော လူဆိုး...စသည့် အတင်းအဖျင်းစကားများစွာသည် သူမ နားထဲတွင် ပဲ့တင်ထပ်နေပြန်သည်။ ထိုစကားတို့က တစ်ဝက်ခန့် မှန်သော်လည်း ချဲ့ကား၍ ပြောထားတာရှိသေးသည်။သူမ ဘာမှပြန်မပြောသောအခါ ရာဟန် စိတ်မငြိမ်မသက်ဖြစ်လာပြီး သူမကို စိုက်ကြည့်နေသည်။ လက်ရှိအချိန်ထိတော့ သူက ရိုစီနာ ရှေ့မှာ လူကောင်းတစ်ယောက်လို ဟန်ဆောင်ဖို့ ကြိုးစားခဲ့သည်။

ဘေးသူစိမ်းများထံမှ စကားတစ်ခွန်းလောက်နှင့် ယခုအချိန်အထိ သူလုပ်ခဲ့သော ကြိုးစားအားထုတ်မှုများသည် အလဟဿ မဖြစ်သွားနိုင်ပေ။ ခဏတာတိတ်ဆိတ်သွားပြီး သူမ စကားစလိုက်၏။

“ဟုတ်ပါတယ်....ကျွန်မလည်း အဓိပ္ပာယ်မရှိဘူးလို့ထင်တယ်....ကိယ့်ကို မကြိုက်တဲ့ သူတွေက မကျေနပ်ကြလို့ ဝေဖန်ခံရတာ သဘာဝပါပဲ”

ရာဟန် သက်ပြင်းချရတော့သည်။

“ဒါပေမယ့်"

ရိုစီနာ အကြည့်ကို သူတွေ့လိုက်သောအခါ ရာဟန် စိတ်ပျက်ရလေသည်။

“ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ အာဏာကို မသုံးဘူးလို့ ကျွန်မကို ကတိပေးထားတယ်လေ"

"ကိုယ် တောင်းပန်ပါတယ်"

အလင်းထက် ပိုမြန်သည့် တောင်းပန်စကားက သူ့နှုတ်မှ အရင် ခုန်ထွက်လာသည်။ တောင်းပန်ခြင်းသည် အကြောင်းပြချက်ထက် များစွာသာလွန်ကြောင်း ရာဟန် ကောင်းကောင်းသိထားလေသည်။

"ဘာလို့အဲ့ဒီလို လုပ်ရတာလဲ"

ရာဟန် ခဏ တိတ်ဆိတ်သွားရသည်။သူ နှင်ထုတ်လိုက်သော သူရဲကောင်းသည် ရိုစီနာ အကြောင်းကို လျှောက်ပြောရုံမကပေ။အရက်မူးပြီး ရိုစီနာ နှင့် ပတ်သက်သည့် သူ့အမြင်များကို မဟုတ်တန်းတရားများ လျှောက်ပြောခဲ့သည်။ထိုအခါ ရာဟန် ဘက်သားများက တစ်ဆင့်ပြန်ပြော၍ သူ သိခဲ့ရတာဖြစ်သည်။ထို့ကြောင့် နောက်တစ်နေ့တွင် သူရဲကောင်းသည် အိပ်ရာနိုးသည်နှင့် နန်းတော်မှ ထွက်ခွာသွားခဲ့ရသည်။သို့သော် သူမကိုတော့အသေးစိတ် ပြော၍မဖြစ်ပေ။

"တောင်းပန်ပါတယ်...ကိုယ် အခုကစပြီး မလုပ်တော့ဘူးနော်”

ရာဟန် သည် ခေါင်းငုံ့ထားရင်း ရိုစီနာ ကို ခိုးကြည့်လိုက်သည်။သူ့မျက်လုံးထဲက ရိုးသားမှုကို မြင်လိုက်မှ ရိုစီနာ သက်ပြင်းချလိုက်သည်။

"ဖြစ်သွားပြီဆိုတော့ ဘယ်တတ်နိုင်မလဲ… ဒါပေမယ့် နောက်တစ်ခါ ထပ်မလုပ်နဲ့....ကျွန်မကြောင့် ရှင့်အကြောင်း မကောင်းပြောတဲ့ စကားသံတွေကို မကြားချင်ဘူး"

ရာဟန် သည် ခေါင်းကို အကြိမ်ကြိမ်ညိတ်လိုက်သည်။ သို့သော်လည်း၊ စားသောက်ဆိုင်မှာ တွေ့ရသည့် သူရဲကောင်းကို ဘယ်လိုအပြစ်ပေးရမလဲဆိုသည်ကို သူ စဉ်းစားထားပြီးသားပင်။မကောင်းသော ကောလဟာလများ ပျံ့နှံ့နေပါက သူ မကြားမိစေရန် ကောလာဟလများကို တတ်နိုင်သမျှ နှိမ်နင်းရပေမည်။

"ကိုယ် ဗိုက်ဆာလာလို့ မြန်မြန်သွားကြရအောင်"

ရာဟန် သည် သူမ အာရုံပြောင်းစေရန် သူမ ပုခုံးများကို လက်နှစ်ဖက်ဖြင့် ‌လည်ပင်းအနားမှ သိုင်းဖက်ထားပြီး ဆိုင်တစ်ဆိုင်ကို သူမ မြင်အောင် ပြလိုက်သည်။

ထို့နောက် ရိုစီနာ သည် ရာဟန် ကျေးဇူးကြောင့် နောက်တစ်ဆိုင်မှာနေ့လည်စာ ကောင်းကောင်းစားခဲ့ရသည်။ရာဟန် သူမကို ပြသခဲ့သည့် စားသောက်ဆိုင်မှ ကျွေးသော ဟင်းလျာတိုင်းဟာ အရသာရှိလှသည်။ အသားများ၊ ပင်လယ်စာများနှင့် အချိုပွဲများသည် သူမ ခံတွင်းကို စွဲမက်စေသည်။ နောက်ပိုင်းမှာ၊ သူမ ဗိုက်တင်းသွားရတာကြောင့် ဆိုင်ထဲကနေ ထွက်လာခဲ့သည်။

ထို့နောက် နှစ်ယောက်သား ဈေးပြန်ပတ်ကြသည်။ အရောင်းဆိုင်များသာမက အနီးနားတွင် သပ်ရပ်သောစတိုးဆိုင်များလည်း ရှိ၏။ စျေးပတ်ပတ်လည်ကိုကြည့်ရင်း ရိုစီနာ အနည်းငယ်ရှက်လာသည်။ အကြောင်းမှာ သူမနှင့် ဆက်စပ်ပစ္စည်းများကို တော်တော်များများ ရောင်းချနေကြတာကြောင့်ပင်။သူမ ဘုရင်မဖြစ်လာသည်မှာ သုံးလရှိပြီ ဖြစ်သည်။ သူမကိုယ်တိုင်က မသိသော်လည်း သူမသည် အင်ပါယာမှာ အတော်လေး နာမည်ကြီးနေသည်။

အစောပိုင်းက သူမအား စော်ကားပုတ်ခတ်သူကို ဒေါသထွက်ခဲ့သည့် တခြား သူရဲကောင်းတစ်ယောက်လိုပင် သူမမှာ အင်ပါယာတစ်ခွင်မှာ အားပေးသူများ ရှိပေသည်။အေးစက်ပြီး ရက်စက်တတ်သော ယခင်ဘုရင်မနှင့် မတူဘဲ ရိုစီနာ သည် ကြင်နာပြီး နူးညံ့သူဖြစ်သည်။သူမကိုယ်တိုင်က အခက်အခဲမျိုးစုံခံစားခဲ့ရသည့် မိန်းမတစ်ယောက်ဖြစ်၍ လူငယ်ကောင်မလေးများက သူမကို စံနမူနာယူကြသည်။ ထို့အပြင် သူမသည် လက်အောက်ငယ်သားများအား လေးလေးစားစား ကြင်ကြင်နာနာဖြင့် ဆက်ဆံသောကြောင့် အင်ပါယာပြည်သူများက သူမအား နှစ်သက်ကြ၏။

"ဘုရင်မကြိုက်တဲ့ ပန်းပွင့်လေးတွေ ရမယ်နော်"

ဈေးသည်တစ်ယောက် အသံကြောင့် ရိုစီနာ အကြည့်သည် ဆိုင်ခန်းတစ်ခုဘက်သို့ လှည့်သွားရသည်။ ပန်းစည်းတစ်ခုဘေးမှာ ဘုရင်မအနှစ်သက်ဆုံးပန်းဟု ရေးထားသည်ကို တွေ့ရလေသည်။

“ နန်းတက်ပွဲမှာ ၀တ်ထားတဲ့ ဘုရင်မရဲ့ ဆွဲကြိုးကို ကြည့်ကြပါဦး”

သူမ ဝတ်ဆင်ခဲ့သော လည်ဆွဲနှင့် ဆင်တူသော်လည်း ဈေး‌ပေါပေါကျောက်မျက်ရတနာများဖြင့် ပြုလုပ်ထားခြင်းပင်။ ရိုစီနာ သည် ယနေ့ခေတ် ဖက်ရှင် လောက၏ ဗဟိုချက်ဖြစ်သဖြင့် သူမသုံးသမျှ ပစ္စည်းအားလုံးကို ဘုရင်မသုံးထားသည်ဟု ဈေးခေါ်ကာ ရောင်းချကြသည်။ယခု ဈေးထဲက သူမနှင့်ဆိုင်သော ပစ္စည်းများကို စုလိုက်လျှင် ပြတိုက်တစ်ခုဆောက်၍တောင် ရပေလိမ့်မည်။

ထိုစဉ် လမ်းပေါ်ရှိ ပန်းချီဆရာတစ်ဦး၏ လက်ရာသည် သူမ မျက်လုံးကို ဖမ်းစားခဲ့သည်။ပန်းချီကားက သူမနှင့် လာဂိုနီးယားငှက်များ၏ မြင်ကွင်းဖြစ်သည်။ ပန်းချီကားသည် လမ်းပေါ်၌ ရောင်းချသော တစ်ခြားပန်းချီကားများနှင့် ယှဉ်လျှင် အရောင်အသွေး ကောင်းမွန်နေသည်။ ထိုမြင်ကွင်းက သူမကို ခဏတာ အာရုံဖမ်းစားလိုက်စဉ် ရာဟန် က ရှေ့ကို တိုးသွားသည်။

“ကိုယ် ဒါကို ပထမဆုံးမြင်ဖူးတာပဲ…”

ရာဟန် က သူ့ကိုယ်သူ ရေရွတ်ရင်း သူမကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူ့ပိုက်ဆံအိတ် ဖွင့်လိုက်တာကို မြင်တော့ သူမ ရှက်သွားရသည်။ သူမနှင့် ပတ်သက်သည့် ပစ္စည်းများကို သူမ ကိုယ်တိုင် မဝယ်ချင်ပေ။ ရာဟန် သည် ပန်းချီကားကို နောက်မှ တိတ်တဆိတ်လိုက်ပါလာသော ကာလန် အား ပေးလိုက်ပြီး သူမနှင့် ဈေးထပ်ပတ်ပြန်သည်။သူတို့ ဈေးပတ်ပတ်လည်ကိုကြည့်ပြီးနောက် အိမ်ပြန်ခါနီးတွင် ကြောင်ကလေးနှစ်ကောင်သည် လမ်းကြားမှထွက်လာကြသည်။ အမြီးများ ထောင်‌ကာ ထွက်လာသော ကြောင်ကလေးများသည် သူမကို တွေ့သည်နှင့် အော်ကာ နံရံနှင့် ကျောကို ပွတ်သပ်ကာ ‌တညောင်‌ညောင်အော်လိုက်ကြသည်။ သူမ လျှောက်လာရင်း ဒူးထောက်ထိုင်ပြီး ကြောင်လေးတွေကို လက်နှင့်ပွတ်သပ်ပေးလိုက်သည်။ ကြောင်လေးတွေက နူးညံ့သည့် အထိအတွေ့ကြောင့် လန့်သွားဟန်တူသည်။ ခဏကြာတော့ ဗာဒံစေ့ပုံ မျက်လုံးများနှင့် သနားစဖွယ်မော့ကြည့်ကာ တစ်ခုခုကို ပြောပြနေသည်။

"ဘာလဲ"

ကြောင်အော်သံကို ကြားလိုက်ရသောအခါ ရိုစီနာ မျက်နှာသည် လေးနက်သွားသည်။ မနေ့ညက ကလေးများကို လက်တွေ၊ ခြေတွေမှာ ကြိုးနှင့်ချည်ပြီး ဆွဲခေါ်သွားကြောင်း ကြောင်လေးတွေက ပြောနေကြခြင်းသာ။ အချို့ကို ရေထဲသို့ အတင်းအဓမ္မ တွန်းချကာ နှိပ်စက်ကြပြီး အချို့ကို သံတုံးများဖြင့် ခတ်ထားကာ လှည်းတစ်စီးထဲကို ထည့်လိုက်ကြသည်။ ရိုစီနာ ခဏ စဉ်းစားလိုက်သည်။ တရားမဝင် ကျွန်လေလံပွဲများသည် ဤဒေသတွင် ရေပန်းစားနေပုံရသည်။ကျွန်စနစ်ကို လွန်ခဲ့သည့် နှစ်၁၀၀က ဖျက်သိမ်းခဲ့ပြီ ဖြစ်သော်လည်း ကျွန်များကို တိတ်တဆိတ် သုံးနေသူများ ရှိသေးသည်။ထို့အပြင်၊ ကြောင်များစကားကို နားထောင်ရင်း လေလံပွဲများ စတင်ပြုလုပ်ချိန်မှာ အချိန်အတော်ကြာနေပုံရသည်။ သူမ တုံ့ဆိုင်းနေလျှင် ထိုမြင်ကွင်းကို လွတ်သွားနိုင်သည်။ထို့နောက် သူမ ကြောင်လေးတွေကို မေးကြည့်လိုက်သည်။

"အစ်မကို လမ်းပြပေးနိုင်မလားဟင်"

ကြောင်တွေက အမြီးတွန့်ပြပြီး သူတို့နောက်ကို လိုက်ခိုင်းသလိုမျိုး ဦးဆောင်သွားကာ လှည့်ကြည့်လိုက်သည်။ထိုအခါ သူမ မတ်တပ်ရပ်လိုက်သည်။ ရာဟန် သည် တိရိစ္ဆာန်များစကားကို နားမလည်နိုင်သူဖြစ်၍ သူမ ပုံစံကိုကြည့်ပြီး ကြောင်များနောက်သို့ လိုက်ရမည်ဟု သဘောပေါက်သွား၏။ နောက်ဆုံးတွင် ရိုစီနာ သည် ရာဟန် ကို ကြည့်လိုက်သည်။

"ရာဟန်.... ဒီနားမှာ တရားမဝင်ကျွန်လေလံပွဲတစ်ခုရှိပုံရတယ်... လေလံပွဲတွေ စလုပ်ခဲ့တာက အခုဆို တော်တော်ကြာနေလောက်ပြီ....ဒါပေမယ့် အခုချိန် စစ်သည်တွေ ခေါ်လိုက်လျှင် သူတို့ရောက်လာတဲ့အချိန်ကျ လေလံပွဲက ပြီးသွားလောက်ပြီ"

ခဏကြာ ဆွေးနွေးပြီးနောက်၊ ခြေမြန်သော ကာလန် သည် နန်းတော်သို့ပြန်သွားကာ စစ်သည်များကို ခေါ်လာရန် ဆုံးဖြတ်ခဲ့သည်။

"ခဏတော့ကြာပါလိမ့်မယ်..အရှင်မင်းကြီး"

ကာလန် ၏အဖြေကြောင့် ရိုစီနာ မျက်နှာပျက်သွားသည်။ အချိန်မကျမီ ကလေးများအားလုံး ရောင်းစားခံရပါက လိုက်ရှာရန် ပို၍ခက်ခဲမည်ဖြစ်သည်။

"ရာဟန်.... ကျွန်မတို့ သွားပြီး တစ်ခုခု လုပ်သင့်တယ် မဟုတ်လား"

ရာဟန် မျက်နှာက ပကတိလေးနက်လျက်။ တစ်ကယ်တော့၊ ယခု ထွက်လာရသည်က ရိုစီနာ နှင့် အပြင်ထွက်ဖို့ အကြောင်းပြချက်တစ်ခုသာ။ သို့သော်လည်း သူမ စိတ်ပူနေတာကို မြင်လိုက်ရ၍ သူ မငြင်းချင်တော့ပေ။ အဆုံးမှာတော့ ရာဟန် က သူမ လိုချင်သည့်အတိုင်း လုပ်ခဲ့သည်။

"ကဲ....ကိုယ်တို့ သွားကြရအောင်"

ကာလန် သည် တော်ဝင်နန်းတော် သို့ အကူအညီတောင်းရန် အမြန်ပြန်သွားစဉ် ရိုစီနာ နှင့် ရာဟန် တို့သည် ကြောင်များနှင့်အတူ လမ်းကြားထဲသို့ သွားခဲ့ကြသည်။ အလင်းရောင်မရှိသော လမ်းကျဥ်းက‌လေးသည် ညဦးပိုင်းကဲ့သို့ မှောင်နေပြီး လူအနည်းငယ်သာ ရှိသည်။

"တစ်ကယ်တော့ ကျွန်မ တစ်ကယ်ကို စိတ်ပူနေတာ"

ရိုစီနာ လည်း ရာဟန် စိတ်ပူနေတာကို သိနေပါ၏။ တော်ဝင်နန်းတော်တွင် သူမဘ၀အတွက် ‌အရေးပါသော အဖြစ်အပျက်များစွာ ရှိခဲ့သည်။သူမတို့၏ အခန်းကဏ္ဍသည် စစ်သည်များ ရောက်ရှိလာသည်အထိ အချိန်ဆွဲထားရန် ဖြစ်သည်။ပြီးမှ တရားမ၀င် ကျွန်လေလံပွဲသို့ တက်ရောက်ခဲ့သူများနှင့် အားပေးအားမြှောက်ပြုနေကြသော ရာထူးကြီးသူများကို လိုက်လံဖမ်းဆီးမည်ဖြစ်သည်။

"ကိုယ်နဲ့ လူစုမကွဲစေနဲ့နော်"

ရာဟန် သည် ရိုစီနာ ဝတ်ထားသည့် ဦးထုပ်ကို ဖိချပေးလိုက်သည်။ထိုအခါမှ သူမ မျက်နှာကို မမြင်ရတော့၍ သူ စိတ်သက်သာရာရသွားမိသည်။

ကြောင်လေးတွေနောက်မှ နေ၍ လမ်းကြားထဲမှ အထဲကို ဝင်သွားရာ ဈေးဆိုင်သေးသေးလေးတွေ အဆုံးမရှိ ပေါ်လာသည်။ သာမန်ဆိုင်တွေဟု ထင်ရသော်လည်း ဆိုင်ခန်းတံခါးတွေက စီးပွားရေးမလုပ်ရတာ ကြာနေသလို အသေပိတ်ထားခြင်းပင်။ အထဲကို လှမ်းကြည့်လိုက်တော့ လူထွားကြီးနှစ်ယောက်ကို တွေ့ရသည်။

ထို့နောက် ကြောင်လေးများက ရိုစီနာ ကို ဝိုင်းထားပြီး တံခါးစောင့်တွေ ရပ်နေသည့် စတိုးဆိုင်ကို ပြကာ တစ်ခုခုပြော နေကြသည်။ ထို့နောက် ရိုစီနာ က ရာဟန် ကို ထားခဲ့ပြီး လူထွားကြီးများ ရပ်နေရာကို စိတ်ချလက်ချ ချဉ်းကပ်သွားလိုက်၏။ထို့နောက် သူမသည် ကြောင်လေးတွေဆီက သင်ထားသည့်အတိုင်း ထိုလူများကို ပြော‌ပြလိုက်သည်။

"ပန်းဈေး လေလံပွဲတက်ဖို့ ကျွန်မ လာခဲ့တာပါ"

ရိုစီနာ သည် လေလံအိမ်၏ ဘန်းစကားကို ပြောလိုက်သောအခါ တံခါးစောင့်များမှာ မျက်နှာကြောလျှော့သွားသည်။

"ဖိတ်စာလေးပြပေးပါ"

"ဖိတ်စာမေ့သွားလို့ မယူလာမိပါဘူး..."

ထို့နောက် သူမ က နောက်မှာကျန်ခဲ့သော ရာဟန် ကို မျက်စိတ်မှိတ်ပြလိုက်သည်။ ထို့နောက် ရာဟန် သည် အပြေးကလေး လာကာ ရွှေဒင်္ဂါးပြားတစ်ထုပ်ကို ထုတ်လိုက်သည်။

"ဒီလိုလုပ်လို့ မရဘူးလား"

"ဟမ်....ကျွန်‌တော်တို့က စည်းဖောက်လို့ ရတာမဟုတ်ဘူး... ဒါပေမယ့် ခင်ဗျားတို့က ပန်းတွေလာဝယ်တာဆိုတော့ ဝင်ပါဗျာ...ဝင်ပါ"

တံခါးစောင့်တွေက ပြုံးရွှင်စွာဖြင့် ဝင်ပေါက်ကို ညွှန်ပြလာသည်။ ထို့နောက် ရိုစီနာ သည် ရာဟန် နှင့်အတူ ချက်ချင်း ဝင်လာခဲ့သည်။ အလင်းရောင်မှိန်မှိန်သာ ရှိသော အတွင်းပိုင်းတွင် ကျဉ်းမြောင်းသော လူသွားလမ်းတစ်ခုနှင့် အဆင်းလှေကားတစ်ခုသာ ရှိသည်။

"ကိုယ် အရင်ဆင်းမယ်"

ရာဟန် က သူမကို နောက်မှာထားပြီး သူ အရင်ဦးဆောင်လိုက်သည်။သို့နှင့်၊ နှစ်ယောက်သား တိတ်တဆိတ် လှေကားထစ်ကို ဆင်းသွားကြသည်။ နံရံပေါ်က မီးရောင်တွေ တဖျပ်ဖျပ်ခတ်လိုက်တိုင်း သူတို့နှစ်ယောက်၏ အရိပ်တွေက တလှုပ်လှုပ်ဖြစ်နေသည်။ အထဲကို ဆင်းလာရင်း အလင်းရောင်တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ လမ်းကြားရှိ မြေအောက်လေလံအိမ်သည် မျှော်လင့်ထားသည်ထက် ပို၍ ပြင်ဆင်ထားသည်။

ထိုင်ခုံများကို စက်ဝိုင်းပုံစံ အဝိုင်းလိုက်ပြုလုပ်ထားသည်။ ထိုင်ခုံများကို ပထမထပ်နှင့် ဒုတိယထပ်မှာ နေရာခင်းထားခြင်းဖြစ်ပြီး ခန်းဆီးကန့်လန့်ကာဖြင့် ခြားထားသည့် သီးသန့်အခန်းပါရှိသောကြောင့် ထိုအခန်းကို အပြင်ဘက်မှ ထိုင်နေသူများက မမြင်နိုင်ပေ။ ထိုထိုင်ခုံများကို မှူးမတ်များ ၊ရာထူးရာခံကြီးသူများ သို့မဟုတ် လျှို့ဝှက်ဧည့်သည်များအတွက် ပြုလုပ်ထားပုံရသည်။လေလံပွဲက လူအပြည့်ဖြစ်၍ တော်တော်ဆူညံသွားသည်။

ရိုစီနာ နှင့် ရာဟန် တို့သည် အဝေးဆုံးရှိ ထိုင်ခုံအလွတ်များကို ရှာပြီး ထိုင်လိုက်ကြသည်။ သူမ စင်မြင့်ကို လှမ်းကြည့်လိုက်တော့ အိမ်ရှင်ဖြစ်ဟန်တူသူ ဘေးက ကြမ်းပြင်ပေါ်မှာ ကူကယ်ရာမဲ့ လဲနေရှာသည့် ကလေးငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည် အီလီယန် နှင့် ရွယ်တူဖြစ်နိုင်သော်လည်း အသက်ပိုကြီးသလိုဖြစ်ကာ လူရုပ်မပေါ်တော့ချေ။ရိုစီနာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ယခုချက်ချင်း သူမ စင်မြင့်ပေါ်သို့ ချက်ချင်းခုန်တက်ကာ လေလံပွဲကို ရပ်ပစ်လိုက်ချင်သော်လည်း ထိုအကြံက မကောင်းပေ။ ကြိုတင်ပြင်ဆင်မှုမရှိဘဲ တစ်ခုခုလုပ်ခဲ့မည်ဆိုလျှင် အားလုံး ထွက်ပြေးသွားကြမည်ဖြစ်သည်။ထိုအချက်ကြောင့် စစ်သည်များ လာ၍ အားလုံးကို ဖမ်းရန် စောင့်ဆိုင်းခြင်းက ပိုမှန်လိမ့်မည်။

“ငါးထောင် flues ပါခင်ဗျာ.... နောက်ထပ် ဈေးပေးချင်တဲ့သူရှိသေးလား"

ရုံပိုင်ရှင်က အသံကို မြှင့်လိုက်သော်လည်း ပရိသတ်က ငြိမ်သက်သွားကြသည်။ရုံပိုင်ရှင်မှာ ဈေးနည်းနေသည့်အတွက် မျက်နှာလည်းမကောင်းပေ။

"ဖောက်သည် နံပါတ် 107 ကို ရောင်းလိုက်ပါပြီ"

ထို့နောက် စင်မြင့်နောက်ကွယ်မှ ယောက်ျားသားများ ပေါ်လာပြီး ကြမ်းပြင်ပေါ်တွင် လဲနေသော ကောင်လေးကို ဆွဲခေါ်သွားခဲ့သည်။ ကူကယ်ရာမဲ့ အဖမ်းခံလိုက်ရသော ကောင်လေးသည် စင်မြင့်နောက်ကွယ်မှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့လေသည်။

"ဒီနေ့ထွက်လာတဲ့ ကျွန်တွေ တစ်ယောက်မှကို မကြိုက်ဘူးကွာ"

ရှေ့ဆုံးခုံတွင် ထိုင်နေသောလူက ညည်းညူလိုက်ပြီး သူ့ဘေးမှာ ထိုင်နေသူကလည်း...

"မြို့တော်မှာ အကြီးဆုံးလေလံပွဲဖြစ်ပြီး ဒီလို ပစ္စည်းတွေပဲ ရနိုင်တာ စိတ်ပျက်စရာပဲ"

"အခုတော့ သုံးယောက်ပဲ ကျန်တော့တယ်....မျှော်လင့်ချက်ကို ကြီးကြီးမားမားမရှိတော့ဘူး... ဒါပေမယ့် နောက်ဆုံး ပစ္စည်းက အမြဲတမ်း ထိပ်တန်းဆိုတော့ စောင့်ကြည့်ရအောင်ကွာ"

ရိုစီနာ နှင့် ရာဟန် တို့သည် သူတို့စကားပြောသံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ယောက်ကို တစ်ယောက် ကြည့်မိကြသည်။ လေလံပွဲသည် အဆုံးအထိ လည်ပတ်နေပြီဖြစ်သည်။ ကာလန် သည် တော်ဝင်နန်းတော်သို့ တပ်ကူတောင်းခံရန်ထွက်သွား၍ ပြန်လည်ရောက်ရှိရန် အချိန်အနည်းငယ်ကြာမည်ဖြစ်သည်။ သို့သော် လူများစွာကို ထိန်းထားရန် အခြားနည်းလမ်းတစ်ခု လိုအပ်သည်။ ရိုစီနာ ခဏလောက်စဉ်းစားနေစဉ် ရာဟန်က ပြောလာသည်။

"အချိန်ကို ဝယ်ကြမယ်"

"ဘာ.... ဘယ်လိုလဲ"

"ကိုယ့်ကိုယုံပါ"

ရာဟန် သည် ထိုင်ခုံမှ ဖြည်းညှင်းစွာထလိုက်သည်။ သူမ အံ့သြသွားစဉ် ရာဟန် က သူမ လက်ကို အသာအယာကိုင်ထားကာ လွှတ်ပေးလိုက်သည်။

"ကဲ....ကိုယ် သွားမယ်"

ရိုစီနာ ခေါင်းညိတ်လိုက်သည်။ထို့နောက် ရာဟန် သည် အပေါ်ထပ် လှေကားမှ ဆင်းသွားပြီး စင်နောက်ကို ရောက်သွားတော့သည်။




Xxxxx