အပိုင်း ၁၀၈(side story.4)
Viewers 13k

Chapter 108
(side story.4)


ဘုရင်မင်းမြတ်ကိုယ်တိုင် ကျွန်လေလံပွဲ၌ ပေါ်လာသည်ဟူသော ကောလဟာလများသည် မကြာမီ အင်ပါယာတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ထို့နောက် လေလံတင်ရောင်းချသည့်နေရာ၌ ရှိနေသူအားလုံးကို စစ်ကြောရေးအခန်းသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးခဲ့ရာ တစ်ရက်မပြည့်မီမှာပင် ဝန်ခံခဲ့ကြသည်။ ရိုစီနာ နှင့်ယှဉ်ပြိုင်ခဲ့သောဖောက်သည်နံပါတ် 78 သည် မြို့စားမင်းလင်တန် ဖြစ်သည်။ စုံစမ်းစစ်ဆေးမှုအတွင်း သူ့ကို စစ်ဆေးလိုက်ရာ တရားမ၀င်ဘဲ ကြွယ်ဝချမ်းသာ နေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

လင်တန်၏ အိမ်ကြီးကိုလည်း ရှာဖွေခဲ့ရာ ဒါဇင်ပေါင်းများစွာသော ကျွန်များကိုတွေ့ရှိခဲ့ပြီး အားလုံးလွတ်မြောက်ခဲ့ကြသည်။ အားလုံးကို လှုပ်ခါသွားသည့် ရာဟန် ကြောင့် လေလံအိမ်လည်း ချိတ်ပိတ်ခဲ့ရသလို ကျွန်ဝယ်ရောင်းသူ အားလုံးကို ထောင်ထဲမှာ ဖမ်းထည့်ထား၏။ မှူးမတ်များက ပြစ်ဒဏ်မှာ အလွန်များသည်ဟု ကန့်ကွက်ကြသည်ကို ရာဟန် ကြားသောအခါ သူ တစ်ခွန်းတည်းသာ ပြောခဲ့သည်။

"ခင်ဗျားကရော လေလံအိမ်မှာ ကျွန်ဝယ်ခဲ့လို့ လာပြောနေတာလား"

သံသယဖြစ်ခံရသည့် မှူးမတ်ခမျာ သူ့တစ်အိမ်လုံးကိုလည်း အရှာခံခဲ့ရလေသည်။တခြား မှူးမတ်များလည်း ဘာအသံမှ ထွက်မလာရဲတော့ပေ။ ရာဟန် သည် ဤအဖြစ်ကြောင့် ကျွန်ကုန်သည်များ ကြောက်လန့်ပြီး ဆက်မလုပ်ရဲတော့အောင် စောင့်ကြည့်နေ၏။ ကျွန်အဖြစ် ရောင်းစားခံရလုနီးနီး ဖြစ်နေသော ကလေးများကို မိသားစုများထံ ပြန်လည်ပေးအပ်ခဲ့သည်။

ထိုအခါ ပြန်ပေးဆွဲ ရာဇ၀တ်မှုများလည်း သိသိသာသာ လျော့ကျသွားခဲ့သည်။ထို့ကြောင့် ပြည်သူတွေက ရိုစီနာ နှင့် ရာဟန် ကို ကျေးဇူးတင်ချီးမွမ်းလာကြသည်။ ထို့အပြင် မြို့စားမင်းလင်တန် ဆီမှလွဲ၍ မှူးမတ်အမြောက်အမြားထံမှ ဒဏ်ကြေးငွေများ ကောက်ခံထားတာကြောင့် နိုင်ငံတော်ဘဏ္ဍာတိုက်သည် အတိုင်းအတာ တစ်ခုအထိ ပြည့်လျှံသွားခဲ့သည်။ တစ်ရက်သာ ကြာမြင့်သည့် လျှို့ဝှက်ထောက်လှမ်းမှုမှ ၀င်ငွေသည် ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသည်။သို့သော် ရာဟန် ကိုယ်တိုင်က လုံးဝမကျေနပ်ပေ။ ရိုစီနာ နှင့် အချိန်ဖြုန်းဖို့ တစ်ရက်လောက်သာ အားလပ်ခဲ့သော်လည်း နောက်ဆုံး အလုပ်ကိစ္စသာ လုပ်ခဲ့ရသည်။ထို့ပြင် နန်းတော်သို့ ပြန်ရောက်ပြီးသည့်တိုင် တရားမ၀င် ကျွန်လေလံပွဲကိစ္စကို ဖြေရှင်းနေရ၍ နေ့စဉ်အလုပ်ပဲ ဖိလုပ်နေရပြန်သည်။

တစ်နေ့တွင်၊ အလုပ်ပုံကြားထဲမှာ သည်းမခံနိုင်တော့သောအခါ ရာဟန် သည် ခါတိုင်းထက် အနည်းငယ်စောပြီး နန်းတော်သို့ပြန်လာခဲ့သည်။ သူ့လက်ထဲမှာလည်း ဈေးကဝယ်ထားသည့် ပန်းချီကားတစ်ချပ်ရှိသည်။

ရိုစီနာ သည် ရာဟန် တစ်ယောက် အိပ်ခန်းထဲမှာ သံမှိုတစ်ချောင်းရိုက်နေသည်ကို အသာရပ်ကာ ကြည့်နေသည်။ သူသည် သံမှိုကို ကုတင်ပေါ်မှကြည့်လျှင် အမြင်သာဆုံး အနေအထားမှာ ရိုက်ပြီး ပန်းချီကားကို ချိတ်ဆွဲထားလိုက်ပြီး ပန်းချီကားကိုကြည့်နေရင်း ဝမ်းသာအားရ ပြုံးလိုက်သည်။

"ရှင် အဲ့ဒီလောက်​​ကို ပျော်​​နေတာလား"

ရာဟန် သူမ အမေးကို ချက်ချင်းခေါင်းညိတ်သည်။

“ဟုတ်တယ်....ကိုယ်တို့တွေ ထင်သလောက် မပျော်ခဲ့ရ‌တာတော့ မဟုတ်ပါဘူး”

လိုချင်သည့် အရုပ်ကိုရသွားသော ကလေးတစ်ယောက်လို သူ ပျော်ရွှင်နေတာကို မြင်တော့ ရိုစီနာ ရင်ထဲဝယ် အပျော်များကူးစက်လာရသည်။သူစိတ်ချမ်းသာလျှင် သူမလည်း စိတ်ချမ်းသာရသည်။သူမ ရာဟန် မျက်နှာကို သူမမျက်နှာနားကို ဆွဲကပ်လိုက်သည်။

"ဒီနေ့ အရမ်း အလုပ်ကြိုးစားနေတာဆိုတော့…ကဲ"

ထို့နောက် နှစ်ယောက်သား နူးညံ့သော အနမ်းများကို မျှဝေလိုက်ကြသည်။

***

ရိုစီနာသည် မနက်လင်းအားကြီးမှ နိုးလာခဲ့၏။ သူမသည် ထိုနေရာတွင် ခဏလောက် လွတ်လွတ်လပ်လပ် လှဲနေပြီးနောက် နဖူးကို လာထိမိသော တစ်စုံတစ်ရာကို ခံစားလိုက်ရသည်။ သူမ ခေါင်းကို မော့လိုက်သည်နှင့် ပြုံးနေသော ရာဟန် မျက်နှာက ပေါ်လာသည်။

"ကျွန်မကြောင့် နိုးသွားတာလား"

ရိုစီနာ ထရန် ကြိုးစားစဉ် ရာဟန် က သူမကို သူ့ရင်ခွင်ထဲသို့ ညင်သာစွာ ဆွဲယူကာ ပွေ့ဖက်ပြီး နဖူးကို ညင်သာစွာ နမ်းလိုက်ကာ တိုးတိုးပြောလိုက်သည်။

"ကိုယ် နိုးနေတာကြာပါပြီ"

ရှတတ သူ့အသံကြောင့် သူမ နဖူးပေါ်မှ နွေးထွေးသော အထိအတွေ့ကို ခံစားလိုက်ရသည်။

"ကျွန်မ အရင်ထမှ ရမယ်"

"မင်းအိပ်နေတာကို ကြည့်ရတာ ကိုယ် သဘောကျတယ်"

ရာဟန် အဖြေကြောင့် သူမ နှုတ်ခမ်းက တွန့်သွားရသည်။ယခုမှ ကျင့်သားရသွားသော်လည်း ယခုလိုမျိုး ကြားလိုက်တိုင်း ရှက်ရွံ့သလို ခံစားရသည်။ ရာဟန် ရင်ခွင်ထဲတွင် အိပ်ပျော်နေသော နွေးထွေးမှုကို အတန်ကြာ ခံစားနေပြီးမှ သူမ ဗိုက်ဆာလာ၍ လူးလဲထလိုက်၏။ ရာဟန် ကလည်း အိပ်ယာမှထကာ ပိုးသားအင်္ကျီကို အရင်ဝတ်လိုက်သည်။ ပါးလွှာသော ပိုးထည်ဖြစ်သောကြောင့် သူ့ခန္ဓာကိုယ်က အထင်းသား ပေါ်နေသည့် သူ့ခန္ဓာကိုယ်သည် ပြီးပြည့်စုံသော နတ်ဘုရားတစ်ပါးလိုပင်။ ဤရက်ပိုင်းမှာ ထိုင်ပြီး အချိန်အများကြီး ကုန်ဆုံးတာကြောင့် လေ့ကျင့်ခန်းတောင် ကောင်းကောင်း မလုပ်နိုင်တော့ဘဲဤခန္ဓာကိုယ်ကို ထိန်းသိမ်းနိုင်ခဲ့သည်က အံ့သြစရာပင်။သူမ သူ့ကိုကြည့်နေရင်း သူ့မျက်နှာက ပိုနီးကပ်လာသည်။

"မင်း ကိုယ့်ကို ဘာလို့ စိုက်ကြည့်နေတာလဲ...ရှက်စရာကောင်းအောင်"

“ဘာလို့လဲ ဆိုတော့ ရှင့် ခန္ဓာကိုယ်က အရမ်းလှလို့ပေါ့ ...တစ်ခါလောက် ထိကြည့်လို့ရမလား"

မထသေးသော ရိုစီနာ က ရိုးရိုးသားသားမေးသောအခါ ရာဟန် တိုးတိုးလေးရယ်ပြီး ခွင့်ပြုချက်ပေးသလိုမျိုး သူမ ဆံပင်ကို ပွတ်သပ်လိုက်သည်။ထိုအခါ ချက်ချင်း သူမ သူ့ပိုးထည်ပေါ်ကနေ ဗိုက်ကြွက်သားများအား စမ်းကြည့်လိုက်သည်။ ပိုးသား၏ အသွင်အပြင်သည် တခြားအထည်များထက် နူးညံ့အိစက် ပျော့ပျောင်းသော်လည်း အောက်က တင်းမာပြီး ချောမွေ့သော ကြွက်သားများကို ခံစားရစေသည်။ သူမ သူ့‌ဗိုက်ကို အရသာခံကိုင်ကြည့်နေစဉ် ဗိုက်ထဲက တဂွီဂွီ အော်သံကို ကြားလိုက်ရ၏။

"..…ဗိုက်ဆာလိုက်တာ"

"ရာသီဥတုသာယာနေတာပဲ.... ပန်းခြံထဲမှာ နေ့လည်စာစားချင်လား"

"အဲဒါကောင်းသားပဲ"

ရာဟန် စကားကို ကြားကြားချင်း သူမ ထခုန်ပြီး ရေချိုးခန်းထဲသို့ဝင်ပြေး၍ မျက်နှာသစ်ကာ သက်တောင့်သက်သာရှိသော ၀တ်စုံကို ၀တ်လိုက်သည်။အစေခံများကို မခေါ်ထား၍ ရာဟန် ကိုယ်တိုင် သူမ ဝတ်စုံ၏ဖဲကြိုးကိုချည်နှောင်ပေးခဲ့သည်။ ဆံပင်ကို ကျစ်ရာမှာလည်း အထူးကျွမ်းကျင်သည့် သူ့ကိုသာ အားကိုးရလေသည်။ ပြင်ဆင်မှုများ ပြီးသောအခါ သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။

"အီလီယန် လည်း အတူလာစားမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ"

ကံမကောင်းစွာနှင့်၊ အီလီယန် ဟာ ယနေ့ နန်းတော်ထဲမှာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အိုင်းဆက် နှင့် အင်ပါယာနန်းတော်၏ လေ့ကျင့်ရေးကွင်းသို့ အလည်သွားတာကြောင့် ဖြစ်သည်။

"မကြာခင် နွေရာသီ ရောက်တော့မှာဆိုတော့ ခရီးအတူတူ သွားရအောင်လေ"

ရဟန်က သူမကို ပွေ့ဖက်ကာ တိုးတိုးလေးပြောလိုက်၍ သူမ ပျော်သွားကာ တခစ်ခစ်ရယ်မောလိုက်သည်။

ထို့နောက် နှစ်ယောက်သား အိပ်ခန်းထဲက ထွက်ပြီး စင်္ကြံအောက်ကို လျှောက်သွားကြသည်။ ဘုရင်မင်းမြတ်၊ ဘုရင်မနှင့် သားတော်တို့ နေထိုင်ရာ နွေရာသီနန်းတော်သည် ပင်မနန်းတော်ထက် သေးငယ်သော်လည်း အလွန်သာယာလှပသည်။ အပြာဖျော့ဖျော့၊အဖြူရောင် သန်းနေသော စကျင်ကျောက်များက ကြည့်ကောင်းပြီး စင်္ကြံလျှောက်လမ်းတွေကလည်း မြက်ခင်းပြင်အထိ ရှိနေကြသည်။

ရိုစီနာ သည် ထမင်းစားခန်းမှ‌ နေ့လည်စာဘူးတစ်ဘူးကိုယူကာ နန်းတော်ထဲမှ ထွက်လာခဲ့သည်။ ဥယျာဉ်ထဲသို့ ထွက်လာသောအခါ အနွေးဓာတ် လေထုကို ခံစားလိုက်ရသည်။ မွန်းတည့်နေက ပူပြီး နေရောင်ကလည်း တောက်ပနေသည်။ လတ်ဆတ်သော အသီးအရွက်များသည် တောအုပ်တစ်ခုလို ကြီးထွားနေပြီ ဖြစ်သည်။ နွေရာသီနန်းတော်သည် မင်းဆက်များ အနားယူရာ အိမ်တော်ဖြစ်ပြီး အပင်များ ပေါများလှ၍ အအေးဆုံးနန်းတော်ဖြစ်သည်။ ပူပြင်းသည့် နေပူဒဏ်ကို ရှောင်ရှားဖို့ ပန်းခြံတစ်ခုလုံးမှာလည်း သစ်ပင်ရိပ်တွေ ရှိနေကြသည်။ ဥယျာဉ်ထဲမှာ လမ်းလျှောက်လာရင်း သူမ နှင့် စကားပြောချင်နေသည့် တိရစ္ဆာန်တွေ အနယ်နယ်အရပ်ရပ်က ပေါ်လာကြသည်။ နွေရာသီနန်းတော်ဥယျာဉ်တွင် ရေကန်ကြီးတစ်ခုရှိသည်။ ရေကန်လယ်က ကျောက်တံတားကိုဖြတ်လာလျှင် သူမ အကြိုက်ဆုံးနေရာဖြစ်သည့် မျှော်စင်သို့ရောက်လာမည် ဖြစ်သည်။

ကျောက်တံတားကို ဖြတ်မကူးခင် ရိုစီနာ ခဏရပ်ပြီး ရေကန်ကို ငုံ့ကြည့်လိုက်သည်။ ရေသည် အလွန်ကြည်လင်နေသဖြင့် ရေအောက်ကြမ်းပြင်ပေါ်ရှိ ကျောက်တုံးများကိုပင် ကြည်လင်ပြတ်သားစွာ မြင်နေရ၏။ အရောင်အသွေးစုံသော ငါးများသည် အမြီးများလှုပ်ယမ်းကာ တဟုန်ထိုး ပြေးလွှား ကူးခတ်နေသည်ကို မြင်တွေ့နိုင်သည်။

“ငါးတွေက အရင်ကထက် အများကြီး ကြီးလာတာပဲ”

သူမ စကားကြောင့် ရာဟန် လည်း ရပ်လိုက်ပြီး ငုံ့ကြည့်လိုက်သည်။ သူမ ပြောခဲ့သလိုပင်၊ ငါး‌ကလေးများသည် အတော်ထွားလာကြသည်။ အလှဆင်ရန် မွေးထားတာဖြစ်ပြီး ယခုဆို လက်ဖဝါးအရွယ်အစားခန့် ရှိလာလေသည်။ ရာဟန် သည် ငါးများကို ကလေးလေးလို စိတ်ဝင်တစား ကြည့်နေသောသူမ မျက်နှာကို ကြည့်ပြီး မထင်မှတ်ဘဲ ပြုံးလိုက်မိသည်။

သို့နှင့်၊ နှစ်ယောက်သား ကျောက်တံတားကို ဖြတ်ကူးပြီး မျှော်စင်သို့ တက်ခဲ့ကြသည်။ မြင့်မားသော မျှော်စင်မှနေ၍ နွေရာသီနန်းတော်၏ ရှုခင်းများကို အထင်းသား မြင်နိုင်ပေသည်။ အေးမြသော လေနုအေးသည် မျှော်စင်ထိပ်က ခန်းမဆောင်ဆီသို့ တိုးဝင်သွားသည် ။

"ဒီမှာဆို နွေရာသီမှတောင် မပူဘူးနော်"

ရာဟန် က သူမ စကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။ ထို့နောက် စားပွဲခင်းကို မြေကြီးပေါ်မှာ ဖြန့်ပြီး စားစရာတွေကို ချထားလိုက်၏။ ဝိုင်၊ ကြက်ဥအသားညှပ်ပေါင်မုန့်များ၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်သုပ်များနှင့် ဒိန်ခဲများသည် အတော်ကို များပြားလှသည်။ထို့နောက် နှစ်ယောက်သား အေးအေးဆေးဆေး စားကြသောက်ကြသည်။တစ်ခါတစ်ခါ စကားပြောဖြစ်သော်လည်း ဘုရင်မင်းမြတ်နှင့် ဘုရင်မတို့၏ အရေးကိစ္စများကို မပြောဖြစ်ပေ။သည်အချိန်က သူတို့နှစ်ယောက်အတွက် သီးသန့်ပင်။

ရိုစီနာ သည် သစ်သီးဖျော်ရည် နောက်ဆုံးတစ်ငုံသောက်ပြီးနောက် ရာဟန် ရင်ဘတ်ကို မှီချလိုက်သည်။ အတန်ကြာတော့ သူမ စိတ်အေးလက်အေး အိပ်ချင်စိတ်များ ပေါ်လာရသည် သို့သော်လည်း အဖိုးတန်အားလပ်ရက်မှာ အိပ်ပျော်သွား၍ မဖြစ်တာကြောင့် အတတ်နိုင်ဆုံး စိတ်ကိုတင်းထားရသည်။သူမ ရာဟန် ရင်ခွင်ထဲမှာ မှေးနေစဉ် ရနံ့တစ်ခုခုကို ခံစားမိသောကြောင့် မျက်လုံးမဖွင့်သေးဘဲ ခေါင်းကိုရှေ့တိုးကာ အနံ့ခံကြည့်လိုက်၏။ခဏအကြာမှ မျက်လုံးဖွင့်ကြည့်ရာ သူမနှင်း နီးနီးလေးမှ ရာဟန် ၏နှုတ်ခမ်းများရှိနေသည်။ ထိ့နောက် သူမကို ထိတော့မလို နီးကပ်လာ၍ သူမ လန့်သွားသည်။

"ကိုယ်ဆီက မွှေးနေတာပဲ မလား..."

ရာဟန် အပြုံးက နည်းနည်း လေးနက်လာပြီး ရိုစီနာ နှုတ်ခမ်းကို နမ်းလိုက်သည်။ ရိုစီနာ သည်လည်း မွေးပျံ့သည့်ရနံ့ကို ခံစားလိုက်ရသည်။တစ်ကယ်တော့ မွှေးရနံ့က ရာဟန် သောက်ခဲ့သည့် မက်မွန်သီးဝိုင်ဆီက ဖြစ်သည်။ အနမ်းများဆက်သွားသည်နှင့် သူမ ကိုယ်က တောင့်တင်းနေရာမှ ပြန်လည်ဖြေလျော့လာသည်။ထို့နောက် သူမ သူ့ အပေါ်ကို လုံးလုံးလျားလျား မှီထားမိလေတော့သည်။

" နောက်ထပ်ကလေးလေး တစ်ယောက် မလိုချင်ဘူးလား"

သူပြောချင်သည့် စကားက ရှင်းသည်။

ရိုစီနာ လန့်ဖျပ်သွားပြီး မေးလိုက်သည်။

"ဒီမှာလား"

"ဘာမှ မဖြစ်ပါဘူး"

မျှော်စင်ပေါ်ကို ဘယ်သူမှ မမြင်နိုင်ပေ။ ရာဟန် က သူ့လက်ချောင်းတွေကို သူမ လည်ပင်းမှာပွတ်သပ်ပြီး သူမ နှုတ်ခမ်းကို ဆွဲဆောင်မှုရှိစွာ ကိုက်ထားလိုက်၏။

နောက်ထပ် ကလေးတစ်ယောက်..

အီလီယန် ကိုမွေးပြီးသည့်တိုင် သူမသည် ရာဟန် နှင့် အကြိမ်များစွာ အိပ်ခဲ့ဖူးသော်လည်း ဒုတိယ ကလေးတစ်ယောက်အကြောင်းကို တစ်ခါမှ ရာဟန် မပြောခဲ့ပေ။သူ့ကို ချစ်မိသွားပြီးနောက် သူမ တိတ်တဆိတ် ဒုတိယမြောက်ရင်သွေးကို မျှော်လင့်ခဲ့သော်လည်း စိတ်ပျက်စရာ ရလဒ်များသာ ထွက်လာခဲ့သည်။ ထို့ကြောင့် သူမ ထိုမျှော်လင့်ချက်ကလေးကို တစ်ဝက်တစ်ပျက်နှင့်သာ စွန့်လွှတ်ခဲ့ရတာ ဖြစ်သည်။

"ခုထိတော့ ဘာမှ မထူးခြားသေးဘူး"

"ဒါဆို ကိုယ်တို့ ဘာလို့ကြိုးစားမကြည့်ရမှာလဲ"

ရာဟန် က ပြုံးတုံ့တုံ့ဟန်ဖြင့် သူမကို စိုက်ကြည့်နေသည်။ သူမကို အရည်ပျော်သွားစေသော သူ့မျက်လုံးများကို ကြည့်ပြီး သူမ တံတွေး မျိုချလိုက်သည်။ ရာဟန် ပြုံးနေချိန်မှာဆို သူမဆီက အရာအားလုံးကို စွန့်လွှတ်ဝံ့သလို ခံစားမိသည်။သူမ သူ့ကိုကြည့်ရင်း မျက်လုံးပြူးသွားရသည်။ ရာဟန်၏ ထိုမျက်ဝန်းတွေက ခွင့်ပြုချက် တောင်းနေမှန်း သူမ သိလိုက်ရ၍ ဖြစ်သည်။



Xxxxx