အပိုင်း ၁၁၀Side story.5.2
Viewers 13k

Chapter 110


Side story.5(ဒုတိယပိုင်း)

***

ပူပြင်းသည့်နွေရာသီမှာ ရိုစီနာ သည် ရုံးခန်းထဲတွင် ထိုင်ပြီး စာရွက်များကို ဖတ်နေရသည်။ သူမသည် နန်းတော်၏ အတွင်းရေးကို တာဝန်ယူထားပြီး နန်းတော်၏ ဘတ်ဂျက်နှင့် ပွဲများကိစ္စကို ရာဟန် အတွက် ကူညီပေးသည်။ နန်းတော်မှာ အလုပ်လုပ်သူတွေကို စီမံခန့်ခွဲဖို့ ကလည်း သူမ အလုပ်ဖြစ်၍ ယနေ့ သူမ အလုပ်များနေသည်။သူမ စာရွက်တွေကို ကြည့်နေရင်း ဘောပင်ကို ချပြီး အအေးဘူးလေး တစ်ငုံသောက်လိုက်သည်။ လတ်ဆတ်သော အအေး အရသာသည် သူမ လည်ချောင်းထဲတွင် စွဲကျန်နေသည်။ ရိုစီနာ သည် ဖန်ခွက်ကို ချလိုက်ပြီး ဘောပင်ကို ထပ်ကောက်လိုက်ရာ အပြင်ဘက်က တံခါးခေါက်သံ ကြားရလသည်။

“ဘုရင်မရှင့်....ဒါတွေက ဒီနေ့ရောက်တဲ့စာတွေပါ”

အစေခံတစ်ဦးသည် လှပသောသေတ္တာကြီးတစ်လုံးကို ကိုင်၍ ဝင်လာသည်။ ထို့နောက် သေတ္တာကို စားပွဲပေါ်တင်လိုက်ရာ သူမ သက်ပြင်းချလိုက်မိသည်။

“ဟူး…..”

အမျိုးအမည် ခွဲခြားထားသော စာများကို သေတ္တာထဲတွင် တောင်များပုံထားသလို ခွဲပုံထားသည်။ သေချာကြည့်၍ အဆင်ပြေရန် ရောင်စုံများ သို့မဟုတ် ပုံမှန်မဟုတ်သောပစ္စည်းများနှင့် ညှပ်ပြီး အပိုင်းခွဲထား၏။ရိုစီနာ ဘုရင်မဖြစ်လာသည်မှာ လအတော်ကြာခဲ့ပြီဖြစ်သည်။ နန်းတက်ပွဲ ပြီးဆုံးသွားသောအခါသူမ၏ အလုပ်မှာ လေဖြတ်သွားသည်အထိ စာများကို ထိုင်ပြန်ရခြင်း ဖြစ်သည်။ တတိယမင်းသမီး ဖြစ်စဥ်ကနှင့် နှိုင်းယှဉ်၍ မရသောပမာဏဖြစ်သည်။ ဂုဏ်ပြုစာများ ၊ ဖိတ်စာများ ၊ ရိုးရိုး စာများ စသည်ဖြင့်အဆက်မပြတ် ရောက်လာကြသည်။ အစတုန်းက စာပြန်ရေးဖို့ ကြိုးစားခဲ့သော်လည်း အခု မရေးနိုင်တော့သည့်အတွက် လိုအပ်သော စာတွေကိုသာ ပြန်ဖြေခဲ့သည်။သူမ လုပ်စရာရှိတာများ အကြမ်းဖျင်းလုပ်ပြီးသွားပြီးနောက် စာများကို ယူကြည့်လိုက်သည်။

တောက်ပသော စာအိတ်များသည် အများဆုံးက ဖိတ်စာများဖြစ်သည်။ လက်ဖက်ရည်ပွဲများမှအစ လူမှုရေးတွေ့ဆုံပွဲများအထိ ဖိတ်ကြားစာ အမျိုးမျိုးရှိသည်။သူမ စာတစ်စောင်ကို ခဏချပြီး စဉ်းစားလိုက်သည်။ မကြာသေးမီက အီဘယ်လာ သည် နန်းတော်သို့ လာလည်ခဲ့သည်။ အလုပ်ရှုပ်နေတာကြောင့် အရင်ကလို မကြာခဏ မတွေ့ဖြစ်ကြ၍ တော်တော်လေး စကားပြောဖြစ်ကြသည်။

ဘုရင်မဖြစ်ပြီးနောက်တွင်ပင် ရိုစီနာ သည် လူမှုရေး ကိစ္စအဝဝမှာ သိပ်မပါခဲ့ပေ။နန်းရပြီး နောက်ပိုင်းတောင်မှ တော်ဝင်နန်းတော်၌ အခမ်းအနားတစ်ခုမှ မကျင်းပခဲ့ပေ။ အီဘယ်လာ သည် သူမ နန်းတက်ကတည်းက အတော်လေး ပြောင်းလဲသွားကြောင်း ပြောဖူးခဲ့သည်။တော်ဝင်ပွဲများမရှိသလို ဘုရင်မဦးဆောင်သည့် ပါတီပွဲတွေ၊ ဧည့်ခံပွဲတွေလည်း မရှိပေ။ ဘုရင်မသည် လူမှုအသိုင်းအဝိုင်းကို ဦးဆောင်ခြင်းမပြုသောကြောင့် တစ်ချို့ အမျိုးသမီးများသည် အာဆီလီယာ လိုပင် တခြားသူများအား လွှမ်းမိုးနိုင်ရန် ကြိုးစားနေကြသည်။ ပုဂ္ဂလိက လူမှုရေးပွဲများ အလွန်ရေပန်းစားလာသောကြောင့် ဘယ်သူက သာလွန်နေကြောင်း သူတို့အချင်းချင်း ငြင်းခုံနေကြပြီး လူမှုကမ္ဘာ၏ ပန်းပွင့်ဟု ခေါ်သော တော်ဝင်ပွဲကိုလည်း မျှော်လင့်နေကြ၏။

သို့သော်လည်း နန်းတော်တွင် ဧည့်ခံပွဲကျင်းပရန် အစီအစဉ်မရှိသေးပေ။ အများအားဖြင့် ဘုရင်မ သို့မဟုတ် အဆင့်မြင့် မှူးမတ်ကတော်များသည် လူမှုအသိုင်းအဝိုင်းကို ဦးဆောင်ရန် အစပြုလေ့ရှိသော်လည်း ရိုစီနာ သည် နန်းတော်ထဲတွင်သာ တံခါးပိတ်နေထိုင်သော တစ်ဦးတည်းသော ဘုရင်မ ဖြစ်သည်။ ဆိုရှယ်လောကကို ဘုရင်မကိုယ်တိုင် မကြိုက်သောကြောင့် စုဝေးပွဲများ ကွယ်လွန် ဆုံးရှုံးသွားသည်ဟုလည်း ဆိုနိုင်သည်။ ယခုအချိန်အထိ ဂရုမစိုက်သေးသော သူမ စိတ်ထဲမှာ တစ်ခုခုတော့ ရှိနေသည်။ ထိုတာဝန်တွေကို ဘုရင်မတစ်ယောက်အနေနှင့် လျစ်လျူရှု၍ မရသလို ဘုရင်မ တစ်ပါး၏ တာဝန်တွေထဲက တစ်ခုလည်း ဖြစ်သည်။ထို့ကြောင့် သူမ လုပ်ရပ်က မှန်၊မမှန်ကို အမြဲယသံသယ ရှိနေမိသည်။

ထို့အပြင် အီဘယ်လာ သည် ထိုပွဲမျိုးကို မနှစ်သက်သော်လည်း သူမ မျက်နှာသာဖို့အတွက် ခြေလှမ်းပြင်နေခဲ့သည်။

"လောလောဆယ်... လက်ဖက်ရည်သောက်ပွဲ တက်ရမလား...မသိတော့ဘူး"

သူမ ကိုယ်တိုင် အစည်းအဝေးပွဲများ စဖွင့်ပေးမလားဆိုသည်ကို သူမ မဆုံးဖြတ်တတ်သေးပေ။ထို့ကြောင့် သူမသည် စိတ်ရှုပ်စရာ အတွေးထဲသို့ ရောက်သွားပြန်သည်။ ဘယ်လို ပွဲမျိုးကို အရင်သွားရမည်ကို လွယ်လွယ်နှင့် ဆုံးဖြတ်၍ မရပေ။ မကြံတတ်တော့သည့် အဆုံးတွင် သူမသည် လက်ဖက်ရည်သောက်ပွဲ ဖိတ်စာများကိုသာ ကောက်ယူပြီး စားပွဲပေါ်တွင် ဖြန့်ချလိုက်သည်။ထို့နောက် မျက်လုံးကိုမှိတ်ထားရင်း ဖိတ်စာတွေကို လက်ကိုဆုပ်ကိုင်လိုက်ပြီး ဖိတ်စာတစ်ခုကို ကောက်ယူလိုက်သည်။ သူမ မျက်လုံး ပြန်ဖွင့်လိုက်သည်နှင့် ပုံမှန်မဟုတ်သော ပုံစံဖြင့် ရေးထားသော စာအိတ်တစ်ခု သူ့မျက်လုံးထဲသို့ ရောက်လာသည်။

[မြို့ဝန်မင်းကတော် လိုင်ဆာ]

သူမ၏ အမည်ကို မှင်ရောင်စုံဖြင့် လှပစွာရေးထားသည်။ စာအိတ်ကို တစ်ချက်ကြည့်လိုက်သော်လည်း အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားမိသည်။

***

လက်ဖက်ရည်သောက်ပွဲနေ့မှာ ရိုစီနာ သည် အချိန်အတော်ကြာအောင် အလှပြင်ထားသော်လည်း မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်ရသည်က သိပ်အဆင်မပြေပေ။ ရာဟန် ပေးထားသည့် ၀တ်စုံကိုဝတ်ပြီးပြီးချင်း အခန်းတံခါးက ပွင့်လာပြီး ရာဟန် ဝင်လာလေသည်။ သူက သူမကို ခေါင်းကနေ ခြေဖျားအထိ အကြာကြီး ကြည့်နေခဲ့၏။

“မင်း အရမ်းလှတာပဲ…”

သူ့အမူအရာက အလွန်သိမ်မွေ့သည်။ သဘောကျသလိုရှိသော်လည်း တစ်နေရာရာမှာ အဆင်မပြေ‌နေပုံရသည့် ခံစားချက်တစ်ခု အပြည့်အဝ ပေါ်လွင်နေသည်။ သူက သူမဆီသို့ လျှောက်လာပြီး အနီရောင်ဆံနွယ်များကို လှမ်းကိုင်ကြည့်လိုက်သည်။

“……”

"မင်း အခု လက်ဖက်ရည်သောက်ပွဲ သွားမလို့လား"

"ရှင်က မကြိုက်ဘူးလား"

"ကိုယ်မကြိုက်တာက မင်း အဲ့ဒီလိုနေရာမျိုးကို မကြိုက်ဘူးဆိုတာ သိနေလို့လေ"

ရာဟန် သည် ရိုစီနာ အကြောင်းကိုကောင်းစွာသိထားသူဖြစ်သည်။ သူကိုယ်တိုင်က ပါတီပွဲများကို မကြိုက်သောကြောင့် တမင်မကျင်းပခဲ့တာပင်။ မှူးမတ်တို့ ပွဲဆာနေကြသော်လည်း သူ မျက်ကွယ်ပြုထား၏။ဆန့်ကျင်ဘက်အားဖြင့်၊ ပွဲများလျော့သွားကာ ရံပုံငွေများသည် မကောင်းဆိုးဝါးများ ဖျက်စီးသွားသော ပြည်နယ်များကို ပြန်လည်ထူထောင်ရန် ကိစ္စများဆီသာ ရောက်သွားကြသဖြင့် မှူးမတ်များ နောက်ထပ် ဘာမှ မပြောနိုင်တော့ပေ။

ရာဟန် သည် လက်ဖက်ရည်သောက်ပွဲ ထုံးစံကို ဖျက်သိမ်းတော့မည်ဖြစ်ရာ ရိုစီနာ ခြေတစ်လှမ်း ပြန်ဆုတ်ရသည်။

"ကျွန်မ သွားချင်ပါတယ်...မသွားရတာလည်း တော်တော်ကြာနေပြီ ဆိုတော့လေ”

ရာဟန် ဘာမှ မပြောနိုင်တော့ပေ။အကြောင်းမှာ ရိုစီနာ သည် ခြေဖျား ထောက်ကာ သူ့ပါးကို လာနမ်းလိုက်၍ ဖြစ်သည်။

"ကျွန်မ ပြန်လာခဲ့မယ်နော်"

ထို့နောက် ရိုစီနာသည် သူ့ကို ပြုံးပြပြီး နန်းတော်မှ ထွက်လာခဲ့သည်။ ယနေ့ လက်ဖက်ရည်သောက်ပွဲကျင်းပမည့်နေရာကို မြို့ဝန်မင်းကတော် လိုင်ဆာ တို့ စံအိမ်ကြီးမှာ ပြုလုပ်မည်ဖြစ်သည်။ သူမသည် ကာလန် ကိုတောင် မခေါ်ခဲ့တော့ဘဲ ဇိမ်ခံရထားလုံး ကိုစီးကာ မြို့ဝန်မင်း၏ စံအိမ်သို့ သွားလိုက်တော့သည်။

"သူတို့ သိပ်အဆင်ပြေဖို့ မသေချာဘူး....ဒါကြောင့် မင်းလိုက်သွား....တစ်ခြားသူတွေနဲ့ ခပ်ဝေးဝေးနေတာ ပိုကောင်းမယ်ထင်တယ်"

ကာလန်က ရာဟန် စကားကို နာခံသည်။သူမနှင့် သိပ်အဝေးကြီးမှ လိုက်မည် မဟုတ်ဘဲ ခပ်လှမ်းလှမ်းမှ အန္တရာယ်မရှိအောင် စောင့်ရှောက်မည်ဖြစ်၏။

ရိုစီနာ သည် ရထားလုံးပေါ်မှ ဆင်းလာရာ သူမကို စောင့်ကြိုနေသော အစေခံများက အနားတိုးလာကြသည်။သူမ ဖိတ်စာကို ပြလိုက်သောအခါ အိမ်တော်ထိန်းက ချက်ချင်း ပြာပြာသလဲ နှုတ်ဆက်စကား ပြောလေတော့သည်။

"ဘုရင်မကို လမ်းပြပေးပါ့မယ်"

ရိုစီနာ သည် ပန်းခြံတစ်လျှောက် အိမ်တော်ထိန်းနောက်မှ လိုက်သွားခဲ့သည်။ မြို့ဝန်မင်းကတော်လိုင်ဆာ ၏ ဥယျာဉ်သည် ထူးခြားလှသည်။ သစ်ပင်များကို သဘာဝပုံစံများအစား သပ်ရပ်သောပုံသဏ္ဍာန်ဖြင့် ခုတ်ထစ်ပြုပြင်ထားပြီး အဖြူရောင် ကျောက်စရစ်ခဲများလို ကျောက်တုံးများကို ကြမ်းပြင်ပေါ်တွင် သပ်သပ်ရပ်ရပ်ချခင်းထားသည်။ တောင်ဘက်ရှိ သစ်ပင်များနှင့် အဖြူရောင် သံမြေများသည် ဆန်းပြားသော ခံစားချက်ကို ခံစားရစေသည်။

ပန်းခြံထဲမှာ လမ်းလျှောက်လာရင်း မိန်းကလေးများ ရယ်သံကို ကြားလိုက်ရသည်။ ရိုစီနာ သည် အသံကြားရာနေရာကို ရှာတွေ့သွားခဲ့သည်။ ရယ်သံများ ထွက်ပေါ်လာသည့်နေရာတွင် အမျိုးသမီးဆယ်ဦးခန့် ထိုင်နေကြတာ ဖြစ်သည်။ အီဘယ်လာ မလာသေးတာဖြစ်မည်။သူမ၏ ဂါဝန်မှ ထွက်ပေါ်လာသော ကျောက်သံပတ္တမြားများ ထိခတ်သံကြောင့် အော်ဟစ်ပြောဆိုနေသော အမျိုးသမီးများ စကားကို ရပ်လိုက်ပြီး ခေါင်းကို မော့ကြည့်လိုက်ကြသည်။ထိုအခါ သူမကို မြင်သွား၍ မျက်လုံးပြူးသွားကြသည်။

"ဘုရင်မရှင့်"

သူတို့အားလုံး ထိုင်ခုံမှ ထရမလို၊ထိုင်ရမလို ပြာယာခတ်နေကြပြီးမှ တစ်ယောက်တစ်ပေါက် နှုတ်ဆက်သံ ထွက်လာတော့သည်။ ရိုစီနာ က သူတို့ကို စိုက်ကြည့်မိလျှင် သူမနှင့် ရင်းနှီးသော မျက်နှာများစွာကို တွေ့လိုက်ရသည်။ တစ်ကယ်တမ်းတွင်၊ သူမတို့ အများစုသည် အာဆီလီယာ၏ ဘက်တော်သားများဖြစ်သည်။ အာဆီလီယာ တော်ဝင်နန်းတော်မှ နှင်ထုတ်ခံရပြီးနောက် လူစုကွဲသွားသည်ဟု သူမ ထင်ထားသောကြောင့် ဤနေရာမှာ လာတွေ့ဖို့ မမျှော်လင့်ခဲ့ပေ။ထို့ကြောင့်လားမသိ၊ စာအိတ်ကို ကောက်ကိုင်လိုက်ကတည်းက သူမ စိတ်ရှုပ်နေခဲ့ရသည်။

"ဘုရင်မရှင်… အကြာကြီးနေမှ ခုလို တွေ့ရတာ အရမ်းဝမ်းသာပါတယ်"

အမျိုးသမီးတွေက မရဲတရဲနှင့် ရိုစီနာ ကို စကားနည်းနည်းပြောလာကြသည်။ သူတို့သည် အာဆီလီယာ ၏အရုပ်များဖြစ်စဉ်က သူမကို နှိမ်ပြောသူများဟု ထင်ရက်စရာမရှိပေ။သို့သော်လည်း၊ လူတိုင်းက ရိုစီနာကို ကောင်းကောင်းမဆက်ဆံကြ။ အကြောင်းမှာ ရိုစီနာ သည် ဘုရင်မဖြစ်လာသော်လည်း ဆိုရှယ်လောက၏ သခင်မ မဖြစ်သေးတာကြောင့်ဖြစ်သည်။ ရိုစီနာ အထင်ကြီးစေရန် အမျိုးသမီးတစ်ချို့က ကြိုးစားနေသော်လည်း ဟန်ဆောင်ပြုံးနေကြသူများလည်း ရှိသည်။ ရိုစီနာ သူမတို့ကို ဘာမှ မပြောဘဲ အကြည့်များကို ရှောင်ရှားရန် ကြိုးစားကြည့်လိုက်သည်။

နောက်ဆုံးတော့ စားပွဲထိပ်မှာ ထိုင်နေသည့် အမျိုးသမီးက သူမ အာရုံကို ဖမ်းစားသွားလေတော့သည်။ထိုအမျိုးသမီးသည် သူမလိုပင် အနီရောင်ဆံပင်ရှိသည်။ထူးခြားဆန်းပြားသော ၀တ်စားဆင်ယင်မှုနှင့် အလွန်အကျွံ ခြယ်သထား၍ သူမသည် ယနေ့ လက်ဖက်ရည်သောက်ပွဲ၏ အိမ်ရှင် မြို့ဝန်မင်းကတော် လိုင်ဆာ ဖြစ်ကြောင်း သဘောပေါက်သွားရသည်။ရိုစီနာ ရောက်လာကတည်းက အမျိုး သမီးများသည် တစ်ယောက်ကိုတစ်ယောက် မျက်စပစ်ကာ ကြည့်နေကြသည်။ ဘုရင်မကို ပွဲတက်ဖို့ ဖိတ်ကြားထားလျှင် ထိပ်ဆုံးခုံကို နေရာပေးခြင်းက ယဉ်ကျေးသည့် အပြုအမူတစ်ခုပင်။သို့သော်၊ မြို့ဝန်မင်းကတော် လိုင်ဆာ ကတော့ နေရာမဖယ်ပေးဘဲ အသာကြည့်နေ၏။

“အမ်...မဒမ်....ဘုရင်မကို ဘာလို့ ထိပ်ဆုံးခုံကို နေရာဖယ်မပေးတာလဲ”

သတိထား အကဲခတ်နေသော အမျိုးသမီးတစ်ဦးမှ လိုင်ဆာ ကို ပြောလိုက်သည်။

"ဘာလို့ ပေးရမှာလဲ"


Xxxxxx