Chapter 111(Side story.6)
မဒမ်လိုင်ဆာ က မေးလိုက်သည့်အခါ သူမ ဘေးနားက တခြားအမျိုးသမီးက တိုးတိုးတိတ်တိတ် ပြောပြလေသည်။
"အင်ပါယာမှာ ရာထူးအမြင့်ဆုံးသူကို ထိပ်ဆုံးမှာထိုင်ခိုင်းရတယ်....အဲ့ဒါ ယဉ်ကျေးတဲ့ အပြုအမူလေ"
"အိုး...ကျွန်မ မသိဘူး"
ထို့နောက် မဒမ်လိုင်ဆာ က ဖြည်းညှင်းစွာထပေးလိုက်ည်။
"ခွင့်လွှတ်ပါရှင်...ကျွန်မတို့ ဇာတိမှာတော့ ပါတီကျင်းပတဲ့သူက စားပွဲထိပ်မှာ ထိုင်ရပါတယ်"
ရိုစီနာ သည် မဒမ် လိုင်ဆာ ၏ ပေါ့ပါးသော အပြုံးကို အသိအမှတ်ပြုသည့်အနေဖြင့် ပြန်ခေါင်းညိတ်လိုက်သည်။
“ဘုရင်မရှင့်..… မြို့ဝန်မင်းကတော်က အင်ပါယာကို ရောက်လာတာ သိပ်မကြာသေးတော့ တော်ဝင်ဥပဒေအကြောင်း သိပ်မသိသေးလို့ပါ....အဲ့ဒါကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပေးပါရှင်"
သူမ၏ ဇာတိမြေဟု ပြောပြီးကတည်းက သူမဟာ နိုင်ငံခြားသားတစ်ယောက်မှန်း ရိုစီနာ ထင်ထားပြီးသားပင်။ တစ်ကယ်တော့ ရိုစီနာ ကိုယ်တိုင်က ဘယ်ခုံမှာထိုင်ရသလဲဆိုသည်ကို စိတ်မ၀င်စားပေ။သူမ ရည်ရွယ်ချက်က ဟန်ပြထိုင်ပြီး ပြန်သွားဖို့ သက်သက်ဖြစ်သည်။သူမသည် စကားအလွန်အကျွံ မပြောတတ်သောကြောင့် အာရုံစူးစိုက်မှုရသွားမှာကိုလည်း ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်။
ရိုစီနာသည် စားပွဲထိပ်တွင် ထိုင်ပြီး မဒမ် လိုင်ဆာ ကို လှပစွာထုပ်ပိုးထားသော လက်ဖက်ခြောက်ထုတ်အား ကမ်းပေးလိုက်သည်။
“ပါတီကို ဖိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်...ဒါက လက်ဆောင်"
တန်ဖိုးကြီးလက်ဖက်ရည်သည် အင်ပါယာတွင် မရနိုင်ဘဲ တောင်ပိုင်း ဘုရင့်နိုင်ငံ တစ်နိုင်ငံတည်းမှာသာ ရနိုင်သည်။ သို့သော် သူမ လက်ခံရရှိသည့်အချိန်တွင် မဒမ်လိုင်ဆာ မျက်နှာက အနည်းငယ်သိမ်မွေ့သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ် ...ဒါက လာရှာ ပန်းလက်ဖက်ရည်ပဲနော်"
မဒမ်လိုင်ဆာ က ဘုရင်မပေးသည့် အသိအမှတ်ပြုသည့်အတွက် သူမ အနားက အမျိုးသမီးများကလည်း အပြုံးတွေကိုယ်စီနှင့်။
"အို....ဒီအရွက်ကို သိသလား"
“ကျွန်မတို့ နိုင်ငံမှာ အများကြီးရှိတယ်...ကျွန်မတို့အိမ်မှာလည်း အမြဲသောက်တယ်လေ"
သူမက ပြုံးရင်းပြောခဲ့သော်လည်း ထို စကားတစ်ခွန်းနှင့် ရိုစီနာ ၏ လက်ဆောင်ကို သူမတို့မိသားစုက ရိုးနေပြီဟု ဆိုခြင်းဖြစ်သည်။ထူးဆန်းသော အငွေ့အသက်များ စောစောကမှ ပျောက်ဆုံးသွားခြင်းဖြစ်သော်လည်း အခြေအနေ တင်းမာလာမှာစိုး၍ အမျိုးသမီးများသည် မဒမ် လိုင်ဆာကို နောက်တစ်ကြိမ် ခုခံကာကွယ်လိုက်ပြန်သည်။
"အစ်မက တခြားနိုင်ငံမှာ နေနေတာကြာပြီဆိုတော့ ဒီလို အပြုအမူတွေ ဘယ်သိပါ့မလဲနော်"
"အစ်မ နိုင်ငံက ပန်းလက်ဖက်ရည်ကို အင်ပါယာမှာရလို့ ကျွန်မ အစ်မကိုယ်စား ဝမ်းသာမိတယ် သိလား"
အမျိုးသမီး များသည် မဒမ်လိုင်ဆာကို နိုင်ငံခြားသားတစ်ဦးဖြစ်သောကြောင့် သဘောကျနှစ်ခြိုက်ကြသည်။ ရိုစီနာ သည် ကလေးကလား ဝင်ပါရမှာရန် ပျင်းလွန်းသဖြင့် သူမ နှုတ်ဆိတ်နေခဲ့သည်။
"အခု မဒမ် လီယွန်နယ် တစ်ယောက်ပဲ မလာသေးတာပဲ"
အီဘယ်လာ မှလွဲ၍ လူတိုင်း ထိုင်နေကြပြီဖြစ်သည်။
"ဒါပေမယ့် ကျွန်မတို့ သူမကို စောင့်မနေနိုင်ဘူးလေ"
ထို့နောက် မဒမ်လိုင်ဆာ သည် စားပွဲပေါ်ရှိ ငွေခေါင်းလောင်းကို ဝှေ့ယမ်းလိုက်ရာ အစေခံများသည် လန်းဆန်းစွာ တန်းစီနေကြသည်။ မကြာမီ လက်ဖက်ရည်ခွက်၊ လက်ဖက်ရည်အိုးများနှင့် အဆာပြေ မုန့်ပန်းကန်များကို လက်ဖက်ရည် စားပွဲပေါ်တွင် ချထားလိုက်သည်။ အင်ပါယာတွင် အလွယ်တကူ မတွေ့ရသော ဒီဇိုင်းဖြစ်သောကြောင့် အမျိုးသမီးများက ၎င်းကို သဘောကျကြသည်။
“လှလိုက်တာ...ပန်းကန်လေးတွေက"
"ဒီလိုပုံစံကို ကျွန်မတော့ ပထမဆုံးမြင်ဖူးတာဘဲ"
"ဒီရက်ပိုင်း ဒီဟာလေးတွေက ဖက်ရှင်ကျနေတာလား"
အမျိုးသမီးများသည် လက်ဖက်ရည်ခွက်ကို လှည့်ပတ်ကြည့်ပြီး ချီးကျူးစကားများ ပြောကြသည်။ သူတို့၏ ချီးကျူးစကားကို ကြားတော့ မဒမ်လိုင်ဆာ က ပြုံးလိုက်၏။
"ကျွန်မ အိမ်ထောင်ကျပြီးကတည်းက ကျွန်မ မွေးရပ်မြေကနေ ယူလာခဲ့တာပါ"
သူမ စကားထဲမှာ ဂုဏ်ယူစရာတစ်ခုရှိနေသည်။ မဒမ်လိုင်ဆာ ၏ အမိနိုင်ငံဖြစ်သော စကင်ဒီးနားတိုင်းပြည် သည် အင်ပါယာ၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး အင်ပါယာနှင့် ရင်းနှီးသော ကူးလူးဆက်ဆံမှုများကြောင့် အတာ်လေး ရင်းနှီးနေပြီးသား နိုင်ငံတစ်ခုဖြစ်သည်။ လက်မှုပညာနှင့်စက်မှုပညာတွေကြောင့် ကျော်ကြားသည့် နိုင်ငံတစ်ခုဖြစ်၍ အင်ပါယာကလည်း ကြိုဆိုသည်။
"ညီမ ပြန်သွားတဲ့အခါ အစ်မ တစ်ခုထည့်ပေးလိုက်မယ်"
"တစ်ကယ်လား"
အားလုံးက စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် လက်ဖက်ရည်ခွက်ကို ကြည့်လိုက်ကြသည်။ ထိုပစ္စည်းမျိုးကို လုံးဝ မရရှိနိုင်တာမဟုတ်သော်လည်း တစ်ခြားနိုင်ငံကနေ လေကြောင်းနှင့် ပို့ဆောင်ရမည့် အချိန်အတော်ကြာအောင် စောင့်ရသည်။ အသစ်အဆန်းတွေကို စိတ်ဝင်စားသည့် အမျိုးသမီးတွေအတွက်တော့ မက်မောကြသည်မှာ မဆန်းပေ။
ရိုစီနာ သည် ချောမွေ့သော လက်ဖက်ရည်ခွက်ကို ငုံ့ကြည့်နေစဉ် မဒမ် လိုင်ဆာ က လိမ္မာပါးနပ်စွာ ပြုံးပြသည်။
“ဘုရင်မကလည်း သဘောကျပုံရတယ်...ကျွန်မတို့ ဇာတိနိုင်ငံမှာလည်း ရှားပါတယ်…လူတိုင်း မသုံးနိုင်ကြဘူးလေ”
ရိုစီနာ သည် စကားတစ်ခွန်းမှ မပြောဘဲ ခွက်ကို ကိုင်ပြီး လက်ဖက်ရည် ထပ်သောက်လိုက်သည် ။
“အင်ပါယာမှာ ရှားရှားပါးပါး ရှာတွေ့နိုင်တာ ဆိုတော့ ဘုရင်မလည်း အံ့ဩသွားမှာပဲ”
သူမသည် တော်ဝင်နန်းတော်တွင် ထိုသို့သော အရာမျိုးမရှိဟု အခိုင်အမာဆိုလိုက်သည်။ ရိုစီနာ က ဘာမှ မပြောသေးဘဲ လက်ထဲက လက်ဖက်ရည်ခွက်ကို ကိုင်ရင်း တိုးတိုးတိတ်တိတ် ရွတ်လိုက်၏။
"ဒါဆို ဒီလိုဟာမျိုးတွေက အဖိုးတန်သွားပြီပဲ"
ရိုစီနာ သည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး သူမကို နူးညံ့စွာ ပြုံးပြလိုက်သည်။
"တော်ဝင်နန်းတော် ဂိုဒေါင်ထဲမှာ အများကြီး ပုံထားတာဆိုတော့ သတိတောင်မထားမိဘူး"
ရိုစီနာ စကားကြောင့် ပတ်ဝန်းကျင်သည် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် အမျိုးသမီးတစ်ဦးက မေးလာသည်။
"တော်ဝင်နန်းတော်မှာ ဒီလိုအိုးတွေ အများကြီးရှိတယ်လို့ ဘုရင်မက ပြောနေတာလားရှင့်"
ရိုစီနာ ခေါင်းညိတ်လိုက်သည်။
အားလုံးက တော်ဝင်နန်းတော်ကို သဘောကျ အထင်ကြီးနေချိန်မှာ မဒမ်လိုင်ဆာ မျက်မှောင်ကြုတ်လိုက်၏။ သိပ်မကြာခင်မှာ သူမ ခံစားချက်တွေကို ဖုံးကွယ်ပြီး တောက်ပစွာ ပြုံးပြလိုက်၏။
“…တော်ဝင်နန်းတော်ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့နော်"
ထို့နောက် တခြားစကားများ စပြောကြသည်။ အကြောင်းအရာကို မဆုံးဖြတ်ထားသော်လည်း အချင်းချင်း ချီးကျူးကြ၊ မသိမသာရော၊ သိသိသာသာပါ ကြွားဝါကြသည်။
အနှစ်သာရ မရှိသော စကားဝိုင်းကို နားထောင်ရင်း ရိုစီနာ အနည်းငယ် ငြီးငွေ့လာသည်။ သို့သော်လည်း၊ အရင်ကလိုမဟုတ်ဘဲ၊အမျိုးသမီးများက သူမ တစ်ယောက်တည်း ပစ်မထားခဲ့ကြပေ။ သူတို့သည် သူမနှင့် ပတ်သက်သမျှကို မရရအောင် ဆက်ပြောရန်ကြိုးစားကြပြီး သူမကို အလွန်စိတ်ဝင်စားနေကြသည်။ ရိုစီနာ သည် လက်ဖဝါးကို လှန်လိုက်သကဲ့သို့ ပြောင်းလဲသွားသော လူအများကြောင့် ခပ်တန်းတန်းသာ ဆက်ဆံဖြစ်လေသည်။ စကားစမြည်ပြောနေစဉ်တွင် အမျိုးသမီးတစ်ဦးက ရုတ်တရက် သတိပြုမိသွားသလို မျက်လုံးပြူးသွားသည်။
“အဲ....ကြည့်ပါဦး...ဘုရင်မနဲ့ မြို့ဝန်မင်းကတော်တို့ နှစ်ယောက်လုံးက ဆံပင်နီတွေရှိတာပဲ”
"ဟုတ်တယ်.... အနီရောင်ဆံပင်တွေက ထူးဆန်းတယ်နော်”
အတိအကျဆိုသော်၊ တူညီသောအရောင်ဟု ပြောဖို့ရာ ခက်ခဲလှသည်။ ရိုစီနာ သည် ရဲရဲနီသောဆံပင်ရှိသော်လည်း မဒမ်လိုင်ဆာ ၏ ဆံပင်သည် နီညိုရောင်ဖြစ်သည်။ ထူးခြားသော ဆံပင်အရောင်ရှိခြင်းအတွက် မဒမ်လိုင်ဆာ ကို အမျိုးသမီးများက ချီးကျူးခဲ့ကြပြီးနောက် ရိုစီနာ ဘက်သို့ လှည့်သွားကြသည်။ နှင်းဆီရနံ့ သင်းပျံ့နေသော သူမ၏ အနီရောင်ဆံပင်သည် နေရောင်အောက်တွင် ရဲရဲတောက်နေသည်။ အကယ်၍ ကြည်လင်သော ပတ္တမြားနီနီထဲမှ ချည်မျှင်တစ်စကို ဆွဲထုတ်နိုင်သည့် နည်းပညာတစ်ခု ရှိခဲ့လျှင် ထိုအတိုင်းပင် ဖြစ်လိမ့်မည်။
ရိုစီနာ သည် သူမကို စိုက်ကြည့်နေသော ပြင်းထန်သောအကြည့်ကို ခံစားမိသဖြင့် ခေါင်းကို မော့လိုက်ရာ မဒမ်လိုင်ဆာ ၏ မျက်လုံးများနှင့် တွေ့လိုက်ရသည်။ လိုင်ဆာ သည် ပြုံးနေသော်လည်း အနက်ရှိုင်းဆုံး ရင်ထဲတွင် ဖုံးကွယ်ထားသော စိတ်ခံစားချက်မှာ သူမကို သတိထားနေခြင်းဖြစ်သည်။ လိုင်ဆာ သည် ထိုင်ခုံကို ဆုံးရှုံးသွားမှာကို စိတ်စောနေသူတစ်ဦးနှင့် တူသည်။ ရိုစီနာ ခဏလောက် စဉ်းစားကြည့်သည်။ မဒမ်လိုင်ဆာ သည် ယခုအချိန်အထိ လူအများ၏ ချစ်ခြင်းကို ခံခဲ့ရပုံပေါ်သည်။ သူမသည် အဓိကဇာတ်ကောင်လိုမျိုး နေထိုင်ခဲ့ပုံရပြီး တခြားသူများ အာရုံစိုက်လာသည်ကို နှစ်သက်ကြောင်း ထင်ရှားပေသည်။ မျှော်လင့်ထားသလိုပင်၊ဖိတ်စာကိုတွေ့လိုက်ကတည်းက သူမ စိတ်မပါခဲ့သည်က ယခုထိလည်း စိတ်မပါသေးပေ။ သို့တိုင် သူမ ကြိုက်သောအရာတစ်ခုက အာဆီလီယာ ၏လက်ဖက်ရည်သောက်ပွဲနှင့်မတူဘဲ ယခုပါတီသည် အစားအသောက်နှင့် လက်ဖက်ရည်က အရသာရှိနေသည်။
ရိုစီနာ သည် ကွတ်ကီးများကို စားနေရင်း အမျိုးသမီးများ၏ စကားကို နားတစ်ဖက်မှ ကြားနေရသည်။ ထို့နောက် အဝေးမှ လမ်းလျှောက်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ အီဘယ်လာ ပင် ဖြစ်လေသည်။
"မဒမ် လီယွန်နယ်"
အီဘယ်လာ ကိုတွေ့သူတစ်ဦးက သူမအား နွေးထွေးစွာခေါ်လိုက်သည်။ စားပွဲသို့ရောက်လာသော အီဘယ်လာ သည် ရိုစီနာ ကို ဦးစွာနှုတ်ဆက်လေသည်။
"မတွေ့ရတာကြာပြီနော်...ဘုရင်မ"
"ဟုတ်ပါရဲ့...အတော် ကြာနေပြီပဲ"
ရိုစီနာ သည် အီဘယ်လာ ကို တောက်ပသော အပြုံးဖြင့် ပထမဆုံးအကြိမ် နှုတ်ဆက်လိုက်သည်။ အခြားအမျိုးသမီးများကလည်း ခင်မင်ရင်းနှီးသော သူတို့နှစ်ဦးကို မနာလို မျက်လုံးများဖြင့် ကြည့်နေကြသည်။သူမတို့ နှစ်ယောက်တည်းနှင့်ပင် ရာထူးရော၊ ငွေကြေးအင်အားပါ ကြီးမားသူများဖြစ်ပြီး နှစ်ယောက်ပေါင်း၍တောင် အင်ပါယာကို ရွှေ့၍ ရပေသည်။သူတို့နှစ်ယောက်က ရင်းနှီးပြီးသားမို့ အဖွဲ့ထဲဝင်ချင်ကြတာကလည်း သဘာဝပင်။
သူတို့ကိုကြည့်နေသော မဒမ်လိုင်ဆာ သည် အောက်နှုတ်ခမ်းကို ခဏကိုက်ပြီးနောက် ယပ်တောင်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အစေခံရောက်လာ၏။
"ငါ့ကို လက်ဖက်ရည်အသစ်နဲ့ အစားအသောက်တွေ ယူလာပေး"
မကြာခင်မှာ အရင်ကထက် အရောင်ပိုစုံသည့် ပန်းကန်ခွက်ယောက်တွေ စားပွဲပေါ်မှာ ပြည့်သွားခဲ့၏။ကျောက်စိမ်းရောင်ရှိသည့်၊ ကြွေထည်များ၊ ရှားပါးပန်းထိုးများဖြင့် ခြယ်သထားသော စားပွဲခင်းများ၊ ပုံမှန်မဟုတ်သော ပုံစံဆန်းများဖြင့် ပန်းကန်များပင်။ စားပွဲပေါ်တင်လိုက်သည်နှင့် လင်းလက်တောက်ပသွားကြသည်။ မဒမ်လိုင်ဆာ၏ ပစ္စည်းအသစ်ကြောင့် အမျိုးသမီးများကလည်း သူမကို ချီးကျူးကြပြန်သည်။
" ဒါကို စကင်ဒီးနား ကနေ ယူလာခဲ့တာလား"
"ဟုတ်တယ်…အဖေက ကျွန်မကို လစဉ် ပစ္စည်းတွေ ပို့ပေးတယ်လေ"
အားလုံး မျက်လုံးတွေ ပြူးကျယ်သွားသည် ။ အဘယ်ကြောင့်ဆိုသော် ထိုဝေးလံခေါင်သီသော တိုင်းပြည်ရှိ အိမ်ထောင်ရှင်သမီးတစ်ဦးထံ ပစ္စည်းများ ပေးပို့ရန်မှာ မလွယ်ကူသောကြောင့်ဖြစ်သည်။
“မြို့ဝန်မင်းကတော်....စကင်ဒီးနား တိုင်းပြည်အကြောင်း ပြောပြပါလား”
အမျိုးသမီးတစ်ဦးသည် မဒမ်လိုင်ဆာ အား တိုးတိုးလေးပြောလာသည်။ ထို့နောက် ရိုစီနာ နှင့် အီဘယ်လာ မှလွဲ၍ လူတိုင်းသည် မဒမ်လိုင်ဆာ အား မျှော်လင့်ထားသည့်အကြည့်များဖြင့် ကြည့်နေကြသည်။အင်ပါယာကိုပင် နှံ့အောင် မရောက်ဖူးသေး အမျိုးသမီးတွေအတွက် နိုင်ငံခြားတိုင်းပြည်တစ်ခု အကြောင်းက အတော်လေး စိတ်ဝင်စားဖို့ကောင်းနေသည်။
"ကျွန်မတို့ တိုင်းပြည်က အင်ပါယာထက် သေးငယ်ပေမယ့် အရမ်းလှပါတယ်"
မဒမ်လိုင်ဆာ သည် ထိုအပြောကိုစောင့်မျှော်နေသကဲ့သို့ ဂုဏ်ယူမှုအပြည့်ဖြင့် စတင်ပြောလိုက်သည်။ အမျိုးသမီးတွေက နိုင်ငံခြားအကြောင်းကို မြန်မြန်ဆန်ဆန် သဘောကျသွားသည်။သို့သော်၊ သူမ ပြောလေလေ၊ အီဘယ်လာ ၏ အမူအရာက ပိုထူးဆန်းလာလေလေပင်။
"ဘာဖြစ်လို့လဲ"
ရိုစီနာ သည် အီဘယ်လာ သာကြားနိုင်စေရန် တိုးတိုးလေးမေးလိုက်သည်။
"ညီမက ညီမ အဖေနဲ့ စကင်ဒီးနား တိုင်းပြည်ကို ခဏခဏရောက်ဖူးတယ်...သူမ ပြောနေတာတွေက ကျွန်မ မြင်ဖူးတာတွေနဲ့ အရမ်းကွာခြားတယ်"
ရိုစီနာ မျက်မှောင်ကြုတ်မိသည်။ထို့နောက် အီဘယ်လာ က အသံကို အနည်းငယ်လျှော့လိုက်ပြန်သည်။
"ပြီးတော့ မဒမ် က သူ့အဖေက ကုန်ပစ္စည်းတွေကို ဟိုကနေ ပို့ပေးတယ်လို့ ပြောတယ်လေ....ညီမ အဖေက စကင်ဒီးနား နဲ့ သီးသန့်စာချုပ်တစ်ခုရှိတယ်"
“အာ….”
"ဒါပေမယ့် မြို့ဝန်မင်းကတော် မိသားစုအတွက် လာပေးမယ့် ပစ္စည်းတွေ ရှိမှန်း ညီမ ကြားတောင်မကြားမိဘူး"
ရိုစီနာ သည် မဒမ်လိုင်ဆာ ကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် ချဲ့ကား ပြောခြင်းဖြစ်နိုင်သော်လည်း သူမပုံစံက တစ်ကယ်ပြောနေသယောင်ပင်။တခြားသူတွေကတော့ မှန်သလား၊ မှားသလား မသိကြချေ။
မဒမ်လိုင်ဆာ သည် ရိုစီနာ ကို ငေးကြည့်ရင်း ယပ်တောင်ကို အသာခတ်ကာ ပြုံးလိုက်သည်။ ဂုဏ်ယူဟန်များ ပြည့်နှက်နေသော သူမ၏ မျက်လုံးများကို မြင်လိုက်ရသောအခါ ရိုစီနာ အစာစားချင်စိတ် ပျောက်သွားပြီး စားလက်စ ကွတ်ကီးများကို ချထားလိုက်လေသည်။
"ဘုရင်မကရော...တိုင်းတစ်ပါးကို ရောက်ဖူးသလား"
ရိုစီနာ သူမ မေးခွန်းကို မဖြေတော့ မဒမ်လိုင်ဆာ က ခေါင်းညိတ်ပြီး ပြောလာပြန်သည်။
" တော်ဝင် မိသားစုတွေက မိန်းမပျိုတွေဟာ သူတို့အိမ်ကြီးထဲက ဖန်လုံအိမ်ထဲမှာ အပင်တွေလို နေထိုင်ကြတယ်လို့ ကြားဖူးတယ်... ဒါပေမယ့် ဒီနေ့ခေတ်ကြီးမှာ မိန်းမတစ်ယောက်အတွက် အသိပညာက အရမ်း အရေးကြီးတယ်မလား”
ရိုစီနာ သက်ပြင်းချလိုက်မိသည်။ သူမနှင့် ရန်ဖြစ်ရန် အဘယ်ကြောင့် ဆက်လက်ကြိုးစားနေမှန်း မသိတော့။
"ကျွန်မကလေ နိုင်ငံတော်တော်များများကို ခရီးထွက်ဖူးတယ်..ဘုရင်မ သိချင်ရင် ကျွန်မ ပြောပြလို့ ရပါတယ် လိုချင်ရင် ပုံပြင်တွေ ပြောပြနိုင်ပါတယ်"
မဒမ်လိုင်ဆာ က ပြုံးပြုံးရွှင်ရွှင်နှင့် စကားပြောနေစဉ်မှာ တိတ်ဆိတ်နေသည့် ရိုစီနာ ယခုတစ်ခါတော့ ပြန်ပြောလိုက်၏။
"ငါ သွားဖူးတဲ့ နိုင်ငံတစ်ခုပဲ ရှိတယ်..."
သူမ ခဏရပ်ပြီးနောက် ပြုံးလိုက်သည်။
"နင် အာစတေးနီးယား ကို သိသလား"
ရိုစီနာ စကားကြောင့် လူတိုင်း မျက်လုံး ပြူးသွားကြပြီး စိတ်လှုပ်ရှားနေပုံဖြင့် စတင်မေးကြပါတော့သည်။
"ဘုရင်မက... အာစတေးနီးယား ကို တစ်ကယ်ရောက်ဖူးတာလားရှင့်"
"စတင်တည်ထောင်ခြင်း အခမ်းအနားနေ့တုန်းက အာစတေးနီးယား က မိန်းကလေးတစ်ယောက်နဲ့ စကားပြောခဲ့တယ်မဟုတ်လားရှင်...အဲ့ဒီဟာနဲ့များ ဆက်စပ်နေသလားဟင်"
အာစတေးနီးယား သည် ပိတ်ထားသောနိုင်ငံဖြစ်ပြီး အင်ပါယာပြည်သူများ မသိနိုင်သောကမ္ဘာတစ်ခုဖြစ်သည်။ထိုနေရာမျိုးကို ရောက်ဖူးသည်ဟု ပြောသူတစ်ယောက်မှ မရှိသည့်အတွက် ထိုအကြောင်းကို ကြားရတာကိုပင် ဂုဏ်ယူနေကြသည်။ ရိုစီနာ က မေးခွန်းများကို တိုတိုတုတ်တုတ် ဖြေလိုက်သည်။ အာစတေးနီးယား ဟူသော စကားကြောင့် စကင်ဒီးနား တိုင်းပြည်ကို အားလုံးက လုံးဝမေ့လျော့သွားခဲ့သည်။ စကားဝိုင်းတစ်ခုလုံး ရိုစီနာ ဆီသို့ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် မဒမ်လိုင်ဆာ သည် ယပ်တောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ တုန်ရီနေသော သူမ နှုတ်ခမ်းများကို တွန့်ကွေးထားကာ ပြုံးနေသော မျက်နှာကို ပျက်မသွားအောင် ထိန်းထားလိုက်သည်။ ထို့နောက် အနည်းငယ် တုန်လှုပ်ချောက်ချားသော လေသံဖြင့် မေးလိုက်သည်။
“အာစတေးနီးယား က နိုင်ငံခြားသားတွေကို လက်မခံဘူးလို့ ကြားတယ်...ဘယ်လိုလုပ်ပြီးတော့ ဘုရင်မက ရောက်သွားတာလဲ…"
ရိုစီနာ က လက်ဖက်ရည်ခွက်ကို ဖြည်းညှင်းစွာ ကောက်ကိုင်လိုက်ပြီး ပြန်ပြောသည်။
"သူတို့က ငါ့ကို လက်ခံကြတယ်လေ"
မဒမ်လိုင်ဆာ ဘာမှမပြောနိုင်တော့။ သူမ နောက်ထပ်မေးခွန်းများမေးပါက အာရုံစူးစိုက်မှုအားလုံး ရိုစီနာ ထံ ရောက်သွားမည်ဖြစ်သည်။ မဒမ်လိုင်ဆာ သည် စကားလမ်းကြောင်းပြောင်းရန် ပြင်လိုက်၏။
“ဘုရင်မ ဘယ်အချိန်မှာ တော်ဝင်ပွဲတော် တစ်ခုခု ကျင်းပမှာလဲ...အားလုံးက မျှော်လှပြီ"
အားလုံးကလည်း ထိုမေးခွန်းမျိုး မေးချင်နေတာပင်။
"မသိပါဘူး…အစီအစဉ်မရှိသေးဘူး"
“ဒါဆို ဘုရင်မကိုယ်တိုင် စပြီး အစည်းအဝေးတစ်ခုခု စပြီး လုပ်လိုက်ပါလား"
"မစဉ်းစားရသေးဘူး"
အဖြေက ရှင်းလှသည်။သို့သော်၊ ရိုစီနာ သေချာသွားသည်။ အကယ်၍ သူမသည် အစည်းအဝေးတစ်ခုပြုလုပ်ပါက၊ အီဘယ်လာ မှလွဲ၍ အခြားမည်သူ့ကိုမျှ ဖိတ်ကြားမည်မဟုတ်ပေ။
ထို့နောက် အချင်းချင်း စကားစမြည် ပြောကြပြန်ပြီး နောက်ဆုံးတွင်အကြောင်းအရာသည် သူတို့၏ ခင်ပွန်းများ ဖြစ်လာခဲ့သည်။ သူတို့အားလုံးက ခင်ပွန်းသည်ကို ဘယ်လောက်ချစ်ကြောင်း လျှို့ဝှက်စွာ ကြွားလုံးထုတ်ကြသည်။ တစ်ယောက်ပြီးတစ်ယောက် စကားပြောနေကြစဉ် မဒမ်လိုင်ဆာ ဘေးတွင် ထိုင်နေသော တစ်ယောက်က…
"စကားမစပ် မြို့ဝန်မင်း နဲ့ မြို့ဝန်မင်းကတော် တို့က ကြင်စဦးပဲရှိသေးတာမဟုတ်လား"
မဒမ်လိုင်ဆာ သည် လက်ထပ်ပြီး အင်ပါယာသို့ ရောက်ရှိလာသည်မှာ တစ်နှစ်မပြည့်သေးပေ။ မြို့ဝန်မင်း သည် အသက်ကြီးသူဖြစ်၍ သူ့ဇနီးအား ချစ်ခင်တွယ်တာမည်မှာ ဧကန်ပင်။
"ဒီရက်ပိုင်း ဘယ်လိုနေလဲဟင်"
“အဟင်း…..”
မဒမ်လိုင်ဆာ လက်ဖက်ရည်ခွက်ကို ချလိုက်သည်။ သူမကို တခြားသူများက အာရုံစိုက်လာသောအခါကျေနပ်သော အမူအရာဖြင့်...
“ကျွန်မ ခင်ပွန်းက ကျွန်မကို အရမ်းဂရုစိုက်တာပဲ... အိမ်လွမ်းနေတဲ့ ကျွန်မအတွက်ဆိုပြီးတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဥယျာဉ်ကို ကျွန်မ အိမ်မှာလိုပဲ ပြန်အလှဆင် ပေးထားတာ”
"အိုး...သူက အရမ်းချစ်တတ်တာပဲ"
“ဒီရက်ပိုင်းမှာလည်း ကိုယ်ဝန်အတွက် ကောင်းတဲ့ဆေးတွေကို နေ့တိုင်း ယူလာပေးတာ...ကျွန်မ ပူဆာရင်လည်း ဘာမဆို ချက်ချင်းဝယ်ပေးတယ်"
အခြားအမျိုးသမီးများ လျှို့ဝှက်ကြွားဝါပုံနှင့် ဆန့်ကျင်ဘက်ပင်၊ မဒမ်လိုင်ဆာ သည် ဂုဏ်ယူစွာဖြင့် ပွင့်ပွင့်လင်းလင်း ကြွားဝါခဲ့သည်။ မကြာမီ သူမ၏ ကြွားလုံးထုတ်ခြင်းအဆင့်သည် အဆင်မပြေသည့်အထိ ပိုမို အရှိန်ကောင်းလာခဲ့၏။ အထူးသဖြင့်၊ ခင်ပွန်းသည်များနှင့် ဆက်ဆံရေးအလွန်ကောင်းသည့် အမျိုးသမီးများပါ လက်ဖက်ရည်အိုးများ တစ်လုံးပြီးတစ်လုံး ကုန်အောင် တသောသော ပြောကောင်းနေကြသည်။ မဒမ် လိုင်ဆာသည် ခင်ပွန်းသည်အကြောင်း အချိန်အတော်ကြာ ကြွားလုံးထုတ်ခဲ့ပြီးမှ ရုတ်တရက် တစ်ခုခုကို သတိရသွားသလိုနှင့်...
"ဪ....ဒါနဲ့ ဘုရင်မင်းမြတ်နဲ့ ဘုရင်မတို့ကလည်း ဆက်ဆံရေးကောင်းတယ်လို့ ကျွန်မ ကြားတယ်"
ရိုစီနာ အကြောင်းပါလာ၍ တခြားသူများလည်း မျက်နှာလိုအားရ အားတက်သရော ဖြစ်လာကြပြန်သည်။
“ဟုတ်တယ်... ဘုရင်မင်းမြတ်က ဘုရင်မကို အရမ်းချစ်တာပဲဆို"
"သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက မင်္ဂလာခန်းမတုန်းက ကျွန်မ ကြည့်မိတာတော့ အရမ်းကိုနွေးထွေးနေတာပါပဲရှင်"
ရိုစီနာ သည် အခြားသူများထံမှ သူမတို့ အကြောင်းကို ပြန်ကြရသည့်အခါ စိတ်မသက်မသာဖြစ်သွားခဲ့ရသည်။ သို့သော်၊ မဒမ်လိုင်ဆာ က နောက်တစ်ဆင့်တက်လာပြန်သည်။
“ဘုရင်မရှင်... ကျွန်မတို့ကို ပြောပြပါဦး"
ရိုစီနာ မျက်မှောင်ကြုတ်လိုက်သည်။ ရာဟန် သူမ အပေါ်ထားသည့် ချစ်ခြင်းမေတ္တာအကြောင်း ပြောပြရန် တစ်ညလုံးတောင်ပြီးမှာ မဟုတ်သော်လည်း သူမ ပြောချင်စိတ်မရှိပေ။
"သူက အရမ်းကြင်နာတတ်တဲ့ လူတစ်ယောက်ပါ"
ရိုစီနာ က တိုတိုတုတ်တုတ်သာ ဖြေလိုက်လျှင် မဒမ်လိုင်ဆာ က ယပ်တောင်ကို ချထားပြီး မေးပြန်သည်။
"ဒါပဲလား"
တခြားသူတွေကတော့ လေထုကို သတိထားမိနေကြပြီ။ မဒမ်လိုင်ဆာ သည် ရိုစီနာ ကို ကြိမ်ဖန်များစွာ ရိုင်းစိုင်းခဲ့သူ ဖြစ်သည်။ သူမကို သူတို့ ထပ်ပြီး ဖာထေးပေးလို့ မရတော့ပေ။ သူမဟာ ဘယ်လိုပင် အင်ပါယာအကြောင်း ဘာမှမသိသည့် နိုင်ငံခြားသား တစ်ယောက်ဖြစ်နေပါစေ၊ ဤမျှ ရိုင်းစိုင်ဖို့ မသင့်ပေ။ သို့သော် မဒမ်လိုင်ဆာ သည် တခြားသူများ ဘာဖြစ်နေကြမှန်း ရိပ်မိဟန်မမတူပေ။
"ဒါဆို လူတွေက ဘုရင်မတို့ ဇနီးမောင်နှံက သိပ်ကို ချစ်ပြီး ကြင်နာကြတယ်လို့ ပြောကြတာ ကျွန်မ ကြားဖူးတယ်...ဒါတွေ အားလုံး လက်စသတ်တော့ ကောလဟာလတွေချည်းပါပဲလား"
လေထုသည် လျင်မြန်စွာ အေးခဲသွားသည်။ အီဘယ်လာ ထွက်သွားဖို့ ကြိုးစားလိုက်ရာ ရိုစီနာ က လက်ကောက်ဝတ်ကို ဖမ်းဆွဲထားလိုက်သည်။ထိုအခါ အီဘယ်လာ လည်း ပြန်ငြိမ်သွားခဲ့သည်။မကြာမီ ရိုစီနာ သည် ဘယ်လိုအမူအရာမျိုးမှ ရှိမနေသည့် မျက်နှာထားနှင့် ထိုင်ခုံမှ ထကာ မဒမ်လိုင်ဆာ ကို အေးစက်စွာ ငုံ့ကြည့်ရင်း...
"နင်တို့ ဇာတိမြေက အထက်လူကြီးကို ဒီလိုဆက်ဆံဖို့ သင်ပေးထားသလား"
Xxxxxx