Chapter 112(Side story.7)
အားလုံး ပင့်သက်ရှိုက်လိုက်ကြ၏။မဒမ်လိုင်ဆာ လည်း အံ့အားသင့်သွားပြီး နှုတ်ခမ်းတွေ ပွင့်ဟ,သွားကာ ရိုစီနာ ကို ကြည့်လိုက်သည်။ အမျိုးသမီးများသည် အေးစက်စက် လေထုကြောင့် အံ့ဩသွားကြသည်။
"အင်ပါယာကိုရောက်ရင် အင်ပါယာရဲ့ဥပဒေတွေကို လိုက်နာရမှာမဟုတ်လား"
မဒမ်လိုင်ဆာ ၏မျက်နှာသည် နီရဲလာပြီး လက်သီးကိုသာ ဆုပ်ထားကာ လူတိုင်းရှေ့မှာ ပြစ်တင်ဆုံးမခံရသည်ကို ရှက်ရွံ့နေမိသည်။ ထို့နောက် သူမ နှုတ်ခမ်းကို တင်းတင်းကိုက်ရင်း ခေါင်းကို မော့လိုက်သည်။
“ဒါပေမယ့် ကျွန်မက…”
သူမက နိုင်ငံခြားသားဖြစ်၍ နမလည်တာဖြစ်ကြောင်း အလေးပေး ပြောဆိုရန် ကြိုးစားခဲ့သော်လည်း ရိုစီနာ က သူမအား စကားပြောခွင့်တောင် မပေးခဲ့ပေ။
ထို့နောက် ရိုစီနာ မေးစေ့ကို ချီထားပြီး တိုးတိုးလေး ပြောလိုက်၏။
"နင် မကြိုက်ရင် ဒီနိုင်ငံကနေ ထွက်သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး"
ရိုစီနာ ထိုသို့ ပြောပြီးသောအခါ ပန်းခြံထဲတွင် အသက်ရှူသံတောင် မကြားရတော့ပေ။ မဒမ်လိုင်ဆာ မှာ မျက်ရည်များရစ်ဝဲနေကာ ငိုချတော့မည့်ပုံဖြစ်နေသည်။သို့သော်၊ သူမကို နှစ်သိမ့်ပေးဖို့ ဘယ်သူမှ စမလာကြပေ ရိုစီနာ ကို ကပ်ဖားဖို့ ကြိုးစားနေသူတွေတင်မကဘဲ သတိထားနေသူတွေလည်း အံ့သြပြီး ငြိမ်သက်နေကြလျက်။
"ဘာလို့ ဘာမှ မပြောတာလဲ"
ရိုစီနာ ၏မေးခွန်းကြောင့် မဒမ်လိုင်ဆာ သည် ကိုက်ထားသောနှုတ်ခမ်းများကို လွှတ်လိုက်သည်။ ပြောစရာတွေ အများကြီးရှိသော်လည်း သူမ အသံက မမှန်ပေ။ ထို့နောက် တုန်ရီနေသော လက်များကို အချင်းချင်း ဆုပ်ကိုင်လိုက်ပြီး...
“ဘုရင်မ… ဘာလို့ ကျွန်မကို စော်ကားရတာပါလဲ"
အသံက တုန်ယင်နေသော်လည်း နောက်ဆုံးမှာတော့ သူမ ပြောချင်တာကို ပြောပစ်လိုက်သည်။
"နင် ငါ့ကိုလုပ်ခဲ့တာနဲ့ ဘာကွာလို့လဲ"
ရိုစီနာ အသံကြောင့် မဒမ်လိုင်ဆာ အသက်ရှုရပ်သွားပြန်သည်။ သူမ နောက်ကျမှ သဘောပေါက်သွားသည်။ သူမ ထက်ပြီးပြောလေ၊ ရိုစီနာ စိတ်ကို ဆွပေးသလို ဖြစ်နေမှာပင်။
“ကျွန်မ မရည်ရွယ်ပါဘူး…”
မဒမ်လိုင်ဆာသည် သူမ အမှားကို ပြုပြင်ရန် ကြိုးစားစဉ် ရိုစီနာ က ထိုင်ခုံကို တွန်းထုတ်လိုက်သည်။
"ပင်ပန်းနေပြီမို့ ငါ သွားမယ်"
ရိုစီနာ သည် သူမနှင့် ဝေးရာသို့ ထွက်ခွာသွားတော့မလို လုပ်နေစဉ် စကားတစ်ခွန်းကို ချန်ထားခဲ့သည်။
"အဟင်း...အကျွေးအမွေးတွေက ဒုတိယမင်းသမီးရဲ့ လက်ဖက်ရည်သောက်ပွဲထက် အများကြီး ပိုကောင်းပါတယ်"
ရိုစီနာ သည် ထိုအချိန်ကို သတိရနေသေးကြောင်း ပြောလာ သောအခါ အခြားအမျိုးသမီးများ၏ မျက်နှာများက ဖြူဖျော့သွားခဲ့သည်။ အာဆီလီယာ ၏ လက်ဖက်ရည်သောက်ပွဲသို့ တက်ရောက်စဉ်က သူမကို လျစ်လျူရှုသူတွေ အားလုံး ဤနေရာမှာ ရှိနေကြတာဖြစ်သည်။
ထို့နောက် ရိုစီနာသည် နောင်တမရဘဲ ထွက်သွားခဲ့သည်။ ပန်းခြံထဲမှာ လမ်းလျှောက်လာရင်း သူမ နောက်က ခြေသံတွေ ကြားလိုက်ရ၍ ခဏလောက်ရပ်ပြီး လှမ်းကြည့်လိုက်လျှင် အီဘယ်လာကို တွေ့ရလေသည်။
"ဘုရင်မကြီး...အဆင်ပြေရဲ့လား"
အီဘယ်လာ က သတိကြီးကြီးထားပြီး မေးလိုက်သည်။ မဒမ်လိုင်ဆာ ၏ မလေးစားလုပ်ရက်ကြောင့် ရိုစီနာ ထိခိုက်သွားမှာကို သူမ စိုးရိမ်နေခဲ့သည်။
ရိုစီနာ တစ်ချက်ရယ်ရင်း...
"ထင်ထားတာထက် မြန်မြန်ထွက်လာနိုင်လို့ ဝမ်းသာလိုက်တာ…မဟုတ်ရင် နားရာဇဝတ်သင့်နေဦးမယ်"
သူမ စိတ်ထဲမှာ အလေးအနက်ထားဟန်မတူသဖြင့် အီဘယ်လာ သက်ပြင်းတစ်ချက် ချလိုက်သည်။ နှစ်ယောက်သား စကားစမြည်ပြောရင်း ပန်းခြံတစ်လျှောက် ဖြည်းညှင်းစွာ လျှောက်လာကြသည်။
ရထားလုံးပေါ်သို့ ပြန်ရောက်သောအခါ ရိုစီနာ တွေးမိသည်။ သူမသည် ရာဟန် အား အာဏာကို ကိုယ်ရေးကိုယ်တာ အတွက် အသုံးမချရန် ပြောခဲ့သော်လည်း သူမကမူ ဧကရာဇ်မင်းဆိုသည့် သူမ ရာထူးကို အသုံးပြုခဲ့ပြီဖြစ်သည်။ သူမ ထိုသို့ ဆင်ခြင်သုံးသပ်ပြီးနောက် ရထားပေါ်သို့ သွားရန် မကြိုးစားဘဲ အီဘယ်လာ ကို ပြောလိုက်သည်။
"အစ်မမှာ အချိန်နည်းနည်းကျန်သေးတယ်...ညီမ လက်ဖက်ရည်သောက်ချင်လား"
"ဟုတ်ကဲ့.…သောက်ကြတာပေါ့"
အီဘယ်လာ က စိတ်လိုလက်ရ ပြန်ဖြေသည်။
ထို့နောက် သူမတို့နှစ်ယောက်သည် ရထားဖြင့် မြို့ဝန်မင်း၏ စံအိမ်ကြီးမှ ထွက်လာကြသည်။
***
လက်ဖက်ရည်သောက်ပွဲကို ရိုစီနာ သွားခဲ့သည်မှာ တစ်လကျော်ရှိပြီဖြစ်သည်။
သူမသည် အီဘယ်လာ ထံမှ ကိစ္စအဝဝကို နောက်တော့ ပြန်ကြားရသည်။ ထူးခြားဆန်းပြားသော ပစ္စည်းများ၊ အတွေ့အကြုံများဖြင့် ရာထူးကြီးအမျိုးသမီးများ၏ နှလုံးသားကို အနိုင်ယူထားခဲ့သော မဒမ်လိုင်ဆာ သည် လက်ဖက်ရည်သောက်ပွဲပြီးနောက် လူသိပ်အတွေ့မခံခဲ့ပေ။ သို့သော်၊ သူမဘက်မှာ တချို့သူများ ကျန်နေသေးသည်။ ထိုအချိန်မှစ၍ မဒမ်လိုင်ဆာ သည် ပစ္စည်းများအကြောင်းကြွားလုံးထုတ်ရန် လက်ဖက်ရည်သောက်ပွဲများ ဆက်တိုက်ကျင်းပခဲ့သည်။ တစ်နေ့တွင် အမျိုးသမီးတစ်ဦးသည် သံသယစိတ်ဖြင့် သူမကို မေးခွန်းတစ်ခုမေးခဲ့သည်။သူမကလည်း ထိုမေးခွန်းကို လမ်ညာဖြေခဲ့သည်ဟု ဆိုသည်။ သူမ၏ လိမ်ညာစကားများသည် တစ်စတစ်စ ထပ်ထပ်ပြီး လိမ်နေရသောအခါ သူမ ထိန်းချုပ်မှုထက် ကျော်လွန်သွားခဲ့သည်။
နောက်ဆုံးတွင်၊ သူမ ပြုလုပ်ခဲ့သော ကြွားလုံးထုတ်မှုအများစုသည် အဓိပ္ပာယ်မရှိကြောင့် ထင်ရှားလာရသည်။ ပန်းချီကားတစ်ချပ်လို လှပသောနိုင်ငံ၊ သူမ၏ မိသားစုသည် စည်းစိမ်ဥစ္စာနှင့် ရာထူးအာဏာကို ဆုပ်ကိုင်ထားခြင်း..စသည်တို့မှာ အကုန် မုသားစကားများ ဖြစ်ကြောင်း ပေါ်သွားသည်။အမှန်က၊ မဒမ်လိုင်ဆာ သည် အသက်ကြီးသော မြို့ဝန်မင်း များထံ တစ်ယောက်ပြီးတစ်ယောက် ရောင်းစားခံခဲ့ရပြီး ထူးခြားဆန်းပြားသော ဥယျာဉ်ကိုလည်း သူမကို ပေးထားသည်ဟု လိမ်လည်ကာ အဆင်ပြေနေသယောင် ကြွားထားခဲ့တာပင်။ အရာအားလုံး ပေါ်သွားသောအခါ သူမ ဘေးနားမှာ ရှိနေသည့် မိန်းမများသည် စိတ်ပျက်လက်ပျက်နှင့် ထွက်ခွာသွားကြသည်။ ပြီးခဲ့သောရက်အနည်းငယ်က မဒမ်လိုင်ဆာ ပွဲတစ်ခုကျင်းပခဲ့သော်လည်း ဘယ်သူမှသွားပုံမပေါ်ချေ။ ဤသို့ဖြင့်၊ လူ့အဖွဲ့အစည်း၏ တက်သစ်စကြယ်ပွင့် မြို့ဝန်မင်းကတော် လိုင်ဆာ သည် လုံးဝပျက်စီးသွားခဲ့သည်။
ရာဟန် သည် လက်ဖက်ရည်သောက်ပွဲ၌ ဖြစ်ပျက်ခဲ့သမျှကို နောက်ကျမှ သိရှိခဲ့ပြီးဒေါသထွက်သွားသည်။သူ တစ်ခုခု လုပ်မှာစိုး၍ သူမက ဘာမှ မဖြစ်ကြောင်း ဖြောင်းဖျထားရသည်။
"ပြီးတော့ သူမ အမှားတွေအတွက်လည်း ပေးဆပ်ရပြီးပြီထင်ပါတယ်"
သို့သ်ော ရာဟန် က သိပ်မကျေနပ်သေးပေ။ဤတိုင်းဆိုလျှင်၊ မဒမ်လိုင်ဆာ တစ်ယောက် အင်ပါယာမှ နှင်ထုတ်ခံရမည်ဖြစ်သောကြောင့် ရိုစီနာ စကားလမ်းကြောင်း လွှဲလိုက်ရသည်။
"ဪ...ကျွန်မ နန်းတော်မှာ အစည်းအဝေးကျင်းပဖို့ စဉ်းစားနေတာ"
ရာဟန် က သူမကို အံ့သြတကြီး ကြည့်လာသည်။သူသည် ထိုကဲ့သို့ လူမှုရေးပွဲများကို မုန်းတီးကြောင်း သူက ပိုသိသည်။သို့သော်၊သူမ ဆန္ဒဆိုပါက လစ်လျူရှုမှာမဟုတ်ပေ။
"မင်းလုပ်ချင်တာလုပ်လေ"
ရာဟန် ဆီမှ ခွင့်ပြုချက်ရရှိပြီးနောက် ရိုစီနာ သည် သူမ၏ ပထမဆုံး မိတ်ဆုံစားပွဲကို ဘုရင်မအဖြစ် ကျင်းပခဲ့သည်။ တော်ဝင်နန်းတော်မှာ မိတ်ဆုံစားပွဲ ရှိသည့် သတင်းကိုကြားသည်နှင့် မှူးမတ်များ၏ ဇနီးသည်တွေက အိမ်ပြင်မှာထွက်စောင့်မတတ် မျှော်လင့်နေကြသည်။ ဘုရင်မ၏ ပထမဆုံးပွဲသို့ ဖိတ်ကြားခံရမည်ဟု သူမတို့ ယုံကြည်ခဲ့ကြသည်။
မနေ့က နွေရာသီ နန်းတော် ၏ နောက်ဖေးခြံဝန်းထဲမှာ ပွဲတစ်ခု ကျင်းပခဲ့ပြီး လူနှစ်ယောက်သာ ဖိတ်ကြားခဲ့သည်။ထိုနှစ်ယောက်က အီဘယ်လာ နှင့် မြို့စားမင်းကတော် လီဗီတာ တို့ပင်။ရိုစီနာသည် အာဆီလီယာ ၏ လက်ဖက်ရည်ပွဲမှာ မြို့စားမင်းကတော် လီဗီတာ ကိုသိခဲ့တာဖြစ်ပြီး အင်ပါယာ စတင်တည်ထောင်ခြင်း ပွဲတော်တွင်လည်း စကားပြောဆိုခဲ့ဖူးသည်။ အီဘယ်လာ ကလည်း သူမကို သဘောကျပုံရပြီး အစည်းအဝေးတက်ဖို့လည်း ဖိတ်ကြားခဲ့တာဖြစ်သည်။ ထို့ကြောင့် သူမတို့သုံးယောက်ဟာ အချိန်ကောင်းတစ်ခုရခဲ့ပြီး အတူတူဆက်ခင်မင်သွားကြဖို့ ဆုံးဖြတ်ထားကြ၏။မနေ့က ဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိရပြီး ရိုစီနာ ပြုံးမိသွားသည်။စိတ်တူကိုယ်တူ မိတ်ဆွေများနှင့် အချိန်ဖြုန်းခြင်းက ပိုကောင်းပေသည်။
***
မုန်လာဥနီကိတ်မုန့် တစ်ဖဲ့စားပြီးနောက် အီလီယန်သည် ရိုစီနာ ဘေးတွင်ထိုင်ကာ စာအုပ်ဖတ်နေသည်။ စာအုပ်ဖတ်နေရင်း သူ မသိသည့် စကားလုံးတစ်လုံးကို တွေ့တိုင်း ရိုစီနာ က သူ့ကို ရှင်းပြပြီး အဆင့်ဆင့် သင်ပေးရသည်။ သူတို့နှစ်ဦး အေးချမ်းစွာ အနားယူနေကြစဉ်၊ ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များ ချဉ်းကပ်လာကြသည်။ အထူးသဖြင့်၊ နိုက်တင်ဂေး ငှက်ကလေးသည် တော်ဝင်နန်းတော်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို လာဖောက်သည်ချနေသည်။ အများစုမှာ အသေးအမွှားစကားများဖြစ်သော်လည်း ရိုစီနာ နှင့် အီလီယန် တို့ တိတ်ဆိတ်စွာ နားထောင်နေကြသည်။ ဇာတ်လမ်းက ကျေနပ်စရာကောင်းသည့် အဆုံးသတ်ကို ရောက်ဖို့ အချိန်တန်လေပြီ။ထိုစဉ် ဟိုးအဝေးက မြက်ခင်းပြင်ပေါ်မှ ခြေသံတွေကို သူမ ကြားနေရသည်။ လူ့ခြေသံကို ကြားတော့ သူမတို့ ပတ်ဝန်းကျင်က တိရိစ္ဆာန်တွေ ထွက်ပြေးသွားကြ၏။ ရိုစီနာ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အသံကြားရာကို ကြည့်လိုက်သည် ။
“ဘုရင်မရှင့်”
အယ်လာ ပင်။
ရိုစီနာ အံ့ဩတကြီး သူမကို ကြည့်နေမိသည်။သူမ အနားယူချိန်၌ အယ်လာသည် ဝင်ရောက်စွက်ဖက်သည်ဟူ၍ မရှိခဲ့ပေ။
"စာတစ်စောင်ရောက်လာပါတယ်"
စာတစ်စောင်ဆိုသည်က သိပ်လည်း အဆန်းမဟုတ်ပေ။သို့သော် သီးခြား လာပေးသည်ကတော့ ရှားပါသည်။ သူမ ကြိုတင်စောင်မျှော်နေသည့် စာတွေဆိုလျှင်တော့ အယ်လာက လာပေးတတ်သည်။
"ဒါက မင်းသားလေးအတွက် စာပါ"
"အီလီယန် ဆီကို"
ရိုစီနာ အံ့သြသွားကာ အီလီယန် ကိုကြည့်မိသည်။အီလီယန်ကလည်း စာအုပ်ကို ချပြီး သူမကို ကြောင်စီစီလေး ပြန်ကြည့်နေသည်။ ထို့နောက် သူမ သည် အယ်လာ ပေးသော နက်ပြာရောင် စာအိတ်ကို ယူလိုက်သည်။ စာအိတ်အပြင်ဘက်မှာ အီလီယန် နာမည်ကို ရှင်းရှင်းလင်းလင်း ရေးထားတာဖြစ်သည်။
"ကျွန်မ စိတ်မကောင်းပါဘူး...အရမ်းအရေးကြီးတဲ့စာ ဖြစ်မယ်ထင်လို့ ဘုရင်မ အနားယူနေတာကို နှောင့်ယှက်မိတာပါ"
ထို့နောက် အယ်လာ သည် အရိုအသေပေးပြီး အိမ်နောက်ဖေးသို့ ဝင်သွားလေသည်။ သူမ စာကို စားပွဲပေါ်တင်ပြီး အီလီယန် ကို မေးလိုက်သည်။
"အီလီယန်...သား ဖွင့်ဖတ်ချင်လား"
"အတူတူ ဖတ်ရအောင်"
အီလီယန် က ကုလားထိုင်တစ်လုံးကို အမြန်ဆွဲထုတ်ပြီး ရိုစီနာ ဘေးမှာ ဝင်ထိုင်လိုက်သည်။သူမ စာအိတ်ကို သေချာဖွင့်ကြည့်လိုက်ရာ စာရွက်ချောလေးတစ်ရွက် ထွက်လာ၏။
[ချစ်ခင်ရပါသော အီလီယန် ဟာဘက်]
ရင်းနှီးပုံမပေါ်သော ပြေပြစ်သည့် လက်ရေးတစ်ခုဖြင့် အီလီယန် အမည်ကို ရေးထားသည်။ရိုစီနာ နှင့် အီလီယန် တို့သည် ခေါင်းချင်းပူးကာ စာကို စတင်ဖတ်သည်။ အစပိုင်းမှာတော့ အာရုံစိုက်စရာ သိပ်မရှိ။ တစ်ဝက်တစ်ပျက်ဖတ်ပြီးသောအခါတွင် စာ၏ရည်ရွယ်ချက်ကို တွေ့ရသည်။
[စာသင်နှစ်သစ်ကို ဆောင်းဦးရာသီမှာစတင်မှာ ဖြစ်ပါတယ်]
ဖတ်ပြီးသည့်နောက်ရိုစီနာ အံ့သြသွားပြီး အောက်ခြေကို ကြည့်လိုက်ရာ တော်ဝင် အကယ်ဒမီဆိုသည့် တံဆိပ်တုံးကိုမြင်ရသည်။
"ဝင်ခွင့်စာက အစောကြီးရောက်လာပါလား…”
ရိုစီနာ သက်ပြင်းချရင်း ရေရွတ်လိုက်သည်။ အီလီယန်ကို ကလေးဟု ထင်ထားသော်လည်း အီလီယန် ဟာ အကယ်ဒမီကို တက်ဖို့ အသက်ပြည့်နေပါပြီ။ သို့သော်လည်း အကယ်ဒမီကို သွားဖို့ မဖြစ်မနေ အသက်ပြည့်ရမည်ဟုလည်း မဟုတ်ပေ။ရာထူးကြီး မှူးမတ်များ၏ ကလေးငယ်များမှာ အချို့က စောပြီး၊တချို့က နောက်ကျ၍လည်း အကယ်ဒမီကို သွားကြသည် ဖြစ်ရပ်များစွာရှိခဲ့ပြီး အချို့မှာ လုံးဝမသွားကြပေ။ သူမသည်လည်း အကယ်ဒမီသို့ မသွားဘဲ အိမ်တွင် ကျူရှင်ဆရာနှင့် စာသင်ခဲ့တာဖြစ်သည်။ အကယ်၍ အီလီယန် သည် အကယ်ဒမီသို့သွားလျှင် မူလတန်းကျောင်းသို့ တက်ရမည်။ အလယ်တန်းကျောင်းရောက်လျှင် ကိုယ်ကြိုက်သည့် အဓိကဘာသာရပ်ကို ဆုံးဖြတ်နိုင်သော်လည်း မူလတန်းကျောင်းတွင်မူ ကျင့်ဝတ်၊ လူမှုဆက်ဆံရေး၊ မြင်းစီးခြင်းနှင့် စကားပြောဆိုခြင်း စသည့် အခြေခံစွမ်းရည်များကိုသာ သင်ယူရမည်ဖြစ်သည်။ထိုဘာသာရပ်များကို ဧကရာဇ်နန်းတော်၌ပင် အပြည့်အဝ သင်ယူနိုင်ပေသည်။
သို့သော်လည်း ရိုစီနာ ကို စိတ်အနှောင့်အယှက်ဖြစ်စေသော အရာတစ်ခု ရှိသေးသည်။ အီလီယန် အတွက် သူငယ်ချင်းတစ်ယောက်လိုနေတာပင်။ အင်ပါယာရှိ အကောင်းဆုံး ဆရာများကို ခေါ်ယူနိုင်သော်လည်း၊ သူ့အရွယ် ကလေးများကို ဤနေရာသို့ ခေါ်၍ရနိုင်မည် မဟုတ်ပေ။ အကယ်၍ သူသည် အကယ်ဒမီကျောင်းသို့ သွားပါက အခြားကလေးများကဲ့သို့ တန်းတူ ပညာရေးကို ရနိုင်မည်ဖြစ်ပြီး၊ သူငယ်ချင်း အချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် စိတ်ဓာတ်ကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ရိုစီနာ ခေါင်းယမ်းလိုက်သည်။ ဘာလုပ်ရမှန်းမသိသော်လည်း ကလေးကို သူမ လက်ထဲက မလွှတ်ချင်သေးပေ။ သို့သော် သူမသည် အီလီယန် ၏ ထင်မြင်ချက်ကို သူမ လောဘထက် ပို၍လေးစားသည်။
"အီလီယန်…သား အကယ်ဒမီကို သွားချင်လားဟင်"
ခေါင်းငုံ့ထားသည့် အီလီယန် သည် ရိုစီနာ အကြည့်ကို လှမ်းတွေ့လိုက်သည်။ ရိုစီနာ သည် အီလီယန် ၏ မျက်လုံးများကို ကြည့်ကာ ခဏရပ်လိုက်သည်။ ထိုမျက်လုံးများသည် ရာဟန် နှင့်တူနေသည်။ သူ့မျက်လုံးတွေက ခိုင်မာသည့် စိတ်ဓာတ်ရှိပြီး မယိမ်းယိုင်နေပေ။
"မေမေနဲ့ မခွဲချင်ပေမယ့် သား စိန်ခေါ်မှုအသစ်တွေကို စမ်းကြည့်ချင်တယ်"
ထိုစကားများက သူမနှလုံးသားကို ကြေကွဲစေခဲ့သည်။ သူက ဆယ်နှစ်တောင် မပြည့်သေးပေ။ သူမ သူ့အတွက် ဂုဏ်ယူနေမိသော်လည်း သူသည် လျင်မြန်စွာကြီးပြင်းလာသည့်အတွက် စိတ်မကောင်းဖြစ်မိသည်။
“ပြီးတော့ မူလတန်းကျောင်းမှာ အားလပ်ရက်တွေ အကြာကြီး ရတတ်တယ်လို့ ဆရာ အိုင်းဆက် ဆီက ကြားဖူးတယ်"
ရိုစီနာ သူ့စကားကို တိုးတိုးလေး ပြုံးလိုက်မိသည်။ သူမကိုယ်သူမ ရင့်ကျက်နေပြီဟု အမြဲတွေးထားသော်လည်း သူမ အလွန်အမင်း စိတ်ပူတတ်မည်ဟု မထင်ခဲ့ပေ။
“ကောင်းပြီ...နောက်မှ သား ဖေဖေနဲ့ ဆွေးနွေးကြရအောင်နော်"
ခဏနားပြီးနောက် ရိုစီနာ သည် ကျန်ရှိသော အလုပ်များကို လုပ်ရန် နန်းတော်သို့ ပြန်သွားခဲ့သည်။ သူမ အလုပ်ပြီးချိန်မှာ ကမ္ဘာကြီးက မှေးမှိန်မှိန်လေး ဖြစ်ပြီး ညရောက်လာရ၏။ မမှောင်ခင်မှာ ရာဟန် သည် သူ့အလုပ်ပြီးသည်နှင့် နွေရာသီနန်းတော်ဆီ ပြန်လာခဲ့သည်။ထိုအခါ သူမ သူ့ကို နှုတ်ဆက်ကြိုလိုက်ပြီး အကယ်ဒမီက စာကို ပေးလိုက်သည်။
" အကယ်ဒမီ ဝင်ခွင့်စာ ရောက်လာပြီ "
ရာဟန် သည် စာအိတ်ကို အပြန်ပြန်အလှန်လှန်ကြည့်ကာ အနည်းငယ် အံ့သြသွားသည်။
“ဟုတ်လား"
"ဟုတ်တယ်…နောက်ထပ် နှစ်တွေ လိုဦးမယ်လို့ ထင်ထားခဲ့တာ"
"အီလီယန်က ဘာပြောလဲ"
"သူကတော့ သွားချင်ရှာပါတယ်"
ထို့နောက် ရိုစီနာ က ခဏခဏကိုင်ထား၍ အနည်းငယ် စုတ်ပြဲနေသည့် စာအိတ်ကို ချထားလိုက်ရင်း မေးလိုက်၏။
"ရာဟန် ရှင် ဘယ်လိုထင်လဲ"
"သူ သွားဖို့ ဆုံးဖြတ်ရင် ကိုယ်လည်း သဘောတူပါတယ်"
"ဟုတ်လား"
ဝမ်းနည်းစရာကောင်းသော်လည်း သူ့ကို အပြင်ထွက်ကြည့်ခိုင်းဖို့ အချိန်တန်လေပြီ။ မိဘများသည် သားသမီးများ၏ အနာဂတ်ကို အနှောင့်အယှက်ပေး၍ မရပေ။
“တစ်လအတွင်း ဝင်ခွင့်ရမှာပါ...ကျွန်မတို့ နွေရာသီ ခရီး မသွားခင်ပေါ့...."
ဝမ်းနည်းသောမျက်နှာဖြင့် ရိုစီနာ ပြောလိုက်သောအခါ ရာဟန် တွေဝေသွားပြီး ချက်ချင်း ပြောလိုက်သည်။
"ဒါဆို မနက်ဖြန် ခရီးထွက်ရအောင်"
Xxxxx