အပိုင်း ၁၁၃(Side story.8)
Viewers 13k

Chapter 113(Side story.8)

အကယ်ဒမီဝင်ခွင့်စာကို လက်ခံရရှိပြီးနောက်၊ အီလီယန် သည် စိတ်မငြိမ်မသက်ဖြစ်ပြီး သူ့အခန်းထဲတွင်သာ အချိန်ဖြုန်းနေသည်။ အကယ်ဒမီကို သွားဖို့ မတုံ့ဆိုင်းဘဲ ပြောခဲ့သော်လည်း တစ်ကယ်တမ်းတော့ နည်းနည်း နောင်တရနေမိသည်။သူ အမေဖြစ်သူနှင့် အကြာကြီး ခွဲနေရမည်ဖြစ်သည်။ သို့တိုင်၊သူ အကယ်ဒမီကို သွားဖို့ ဆုံးဖြတ်ရသည့် အကြောင်းရင်း နှစ်ချက် ရှိသည်။ တစ်ခုမှာ အိုင်းဆက် သည် အကယ်ဒမီအကြောင်း သူ့ကို မကြာခဏပြောလေ့ရှိ၍ စိတ်ဝင်စားလာတာကြောင့်ဖြစ်သည်။ နောက်တစ်ခုက သူ့အတွေးအခေါ်များ ပြောင်းလဲလာခြင်းပင်ဖြစ်သည်။

အရင်တုန်းက ရာဟန် ဆီမှာ အမေဖြစ်သူကို မဆုံးရှုံးချင်တာကြောင့် ဘယ်လိုဖြစ်ဖြစ် ထားခဲ့မှာမဟုတ်သော်ငြား အခုက မတူတော့။ ရာဟန် သည် ရိုစီနာ ကို ကာကွယ်ရန် အကောင်းဆုံးကြိုးစားခဲ့သည်။ ထို့ကြောင့် သူချစ်သည့် မိခင်အတွက် သူလုပ်နိုင်ပေးနိုင်သည့် တစ်ခုခုကို ရှာရမည် ဖြစ်သည်။ အီလီယန် စားပွဲမှာထိုင်ပြီး အစီအစဉ်ဆွဲလိုက်သည်။ သူ အကယ်ဒမီကို ရောက်သွားလျှင် တခြားသူတွေက တော်ဝင်မိသားစုဝင် သူ့ကို အာရုံစိုက်လာကြမည်။သို့သော်ငြား၊ သူက အာရုံအစိုက်မခံချင်သလို ဒုက္ခလည်း မဖြစ်ချင်ပေ။ သို့ဆိုလျှင် မျှတအောင် လုပ်ခြင်းသည် အကောင်းဆုံးဖြစ်မည်ဟု သူထင်မိသည်။

"ငါ အလယ်တန်းကျောင်းမတက်ခင်အထိ၊ နောက်ကျနေတဲ့ အတန်းတွေ ပြန်တက်ပြီး ရွယ်တူတွေလို အဆင့်တူအောင် လုပ်ရမယ်"

ဘောပင်နှင့် ရေးမှတ်ထားသည့် အီလီယန် က ထိုင်ခုံပေါ်ကနေ ခုန်ဆင်းလိုက်သည်။ အကယ်ဒမီကို ယူသွားဖို့ သူ့အိတ်တွေကို ထုပ်ပိုးဖို့ စိတ်ကူးနေမိ၏။ တစ်လကျန်သေးသော်လည်း နောက်မှလုပ်တာထက် အခု လုပ်လိုက်တာက ပိုကောင်းသည်။ အီလီယန် သည် သူ့မှာရှိသော အကြီးဆုံးအိတ်ကိုဖွင့်လိုက်သည်။

သူ့အမေဖတ်ပြသည့် ကလေးပုံပြင်စာအုပ်... သူ့အမေက သူတစ်ယောက်တည်း ပထမဆုံးအိပ်တုန်းက လက်ဆောင်အဖြစ် ပေးခဲ့သည့် မီးအိမ်ကလေး.. သေချာသည်မှာ၊ သူသည် အကယ်ဒမီအတွက် အသုံးဝင်သော အရာများကို ယူရမည် ဖြစ်သော်လည်း သူ့အိတ်ထဲတွင် ထည့်ထားသည့်အရာများသည် ရိုစီနာ နှင့် သက်ဆိုင်သော အရာများပင်။

အီလီယန် က ပြည့်ပြီးသားအိတ်ကို ငုံ့ကြည့်ရင်း ရေရွတ်လိုက်တယ်

"မေမေ့ကိုလွမ်းရင် ငါ ဘာလုပ်ရမလဲ"

တွေးကြည့်ရုံဖြင့် စိတ်ဓာတ်ကျသွားသည်။ သူသည် သန်မာဟန်ဆောင်ထားသော်လည်း သူ့အမေ၏ ရင်ခွင်ထဲတွင် နေနေရမည့် ကလေးတစ်ယောက်သာ။

ဒေါက်...‌ေဒါက်....

တံခါးခေါက်သံကြားတော့၊ အီလီယန်လှည့်ကြည့်လိုက်၏။

"အီလီယန် ရေ..ထမင်းစားရအောင်"

ရိုစီနာ အသံပင်။

ထိုအခါအီလီယန် သည် သူလုပ်နေသည့် ပစ္စည်းကို ထားခဲ့ပြီး တံခါးကို အမြန်ဖွင့်လိုက်ရာ တံခါးအပြင်ဘက်တွင် ရပ်နေသော ရိုစီနာ က ကြင်နာစွာ မေးလာသည်။

"ဗိုက်ဆာနေပြီလား"

အီလီယန် ခေါင်းညိတ်ပြပြီးနောက် အမေဖြစ်သူနှင့်အတူ ထမင်းစားခန်းထဲ ဆင်းသွားလိုက်၏။ သူတို့ စားပွဲမှာ ထိုင်နေစဉ် ရာဟန် သည် လှေကားက ဆင်းလာပြီး ရိုစီနာ တစ်ဖက်မှာ ဝင်ထိုင်လိုက်၏။ သိပ်မကြာခင်မှာ အစားအသောက်တွေ ရောက်လာပါတော့သည်။ စားပွဲရှည်ကြီးတွင် အရသာရှိသော အစားအစာများဖြင့် ပြည့်လာသောအခါ၊ အီလီယန် ဟင်းချိုကို ဦးစွာ‌ သောက်လိုက်သည်။

"ရိုစီနာ...ဒါ စားကြည့်ပါဦး"

ရာဟန် က ပန်းကန်ပြားကို ရိုစီနာ ဆီသို့ တွန်းလိုက်ရာ သူမက ရာဟန် ဘက်ကို ပြန်တွန်းလိုက်သည်။

“အဲဒါ ရှင် ကြိုက်တာလေ...ရှင်ပဲ အများကြီးစား"

အီလီယန် သည်ဟင်းချိုထဲက ခေါက်ဆွဲဖတ်ကို စုပ်နေရာမှ ရပ်လိုက်သည်။

ပန်းနုရောင်လေသည် ဤနေရာတွင် စီးဆင်းနေသည်။ မည်သို့ပင်ဆိုစေ၊ ယခုရက်ပိုင်းအတွင်း သူတို့နှစ်ဦးကြားက ဆက်ဆံရေးသည် အထူးကောင်းမွန်သည်ဟု သူမြင်မိသည်။ထို့ကြောင့် အရင်က ခံစားချက်ကလေးများက သူ့ရင်ထဲမှာ တင်းပြည့်လာသည်။ သူ အကယ်ဒမီကို ထွက်သွားလျှင် သူတို့ နှစ်ယောက် သည့်ထက် ပိုပို အနေနီးလာကြပေမည်။သူ ရုတ်တရက် ယုတ်မာချင်လာသည်။ သူအရင်ကလို ရာဟန် ကို မမုန်းတော့သော်လည်း၊ သူ့အမေဖြစ်သူကို သူ မရှိတုန်း ဘယ်လိုလက်ဝါးကြီးအုပ်မလဲဆိုတာကို တွေးကြည့်သည့်အခါ သူမုန်းမိပြန်၏။

အီလီယန် သည် ပန်းကန်ပြားကို ဆောင့်ကြီးအောင့်ကြီး ချကာ ခက်ရင်းနှင့် အသားကို ထိုးစိုက်ထားလိုက်သည်။

"သားလည်း စားချင်​လို့လား..မေမေ ကျွေးမယ်နော်"

ရိုစီနာ က အားနာသွားဟန်ဖြင့် သူ့ကို မေးလာသည်။ ရာဟန် သည် အခုထိ မလျှော့သေးဘဲ အသားကို ဓားဖြင့် လှလှပပလှီးဖြတ်ကာ ရိုစီနာ အား တစ်ပိုင်း ခွံ့ကျွေးလိုက်ပြန်သည်။သူမလည်း ပါးစပ်ဟကာ စားလိုက်၏။ ထိုအချိန်တွင်၊ အီလီယန် သည် မကျေမနပ်ဖြင့် ပန်းကန်ထဲက အသားကို ထိုးစားလိုက်ပြီး အမြန် မျိုချကာ မျက်လုံးဝိုင်းဝိုင်းလေးနှင့် သနားစဖွယ်ကောင်းအောင် ပြောလိုက်သည်။

"သား လည်း စားချင်တယ်"

"တစ်ကယ်လား...‌မေမေ ကျွေးမှာပေါ့"

သူမ ချက်ချင်း အသားများကို လှီးဖြတ်လိုက်ချိန်တွင် ရာဟန် က အီလီယန် ကို စိုက်ကြည့်နေသည်။ထို့ကြောင့် အီလီယန် က လျှာထုတ်ပြလိုက်ရာ ရာဟန် မျက်မှောင်ကြုတ်လိုက်သည်။ နှစ်ယောက်သား မျက်လုံးချင်းဆုံနေကြသော်လည်း အသားများကို အတုံးသေးသေးလေးများလှီးပြီး သပ်သပ် ပန်းကန်တစ်ချပ်ပေါ်တွင် တင်ထားသည့် ရိုစီနာ က မမြင်ရှာပေ။

"အကယ်ဒမီမသွားခင် သား တစ်ခုခုလုပ်ချင်တာရှိလား"

အီလီယန်က အသားကို ဝါးစားနေရင်း

"ဒီနေ့ မေမေနဲ့အတူတူအိပ်ချင်တယ်... သားတို့နှစ်ယောက်တည်း"

ရာဟန် ဓားသည် အသားလှီးနေရာမှ ရပ်သွားသည်။

"မေမေနဲ့ အိပ်ချင်တာလား"

အီလီယန် ခေါင်းညိတ်ပြလိုက်သည်။ သူတို့ အာစတေးနီးယား မှာရှိတုန်းက အမေဖြစ်သူနှင့် အမြဲအိပ်‌ကြသော်လည်း အင်ပါယာသို့ ပြောင်းရွှေ့ပြီးနောက် အခန်းခွဲအပ်ခဲ့ရသည်။

“ကောင်းပြီလေ...မခက်ပါဘူး…”

သူမ သဘောတူလိုက်သောအခါ ရာဟန် မျက်မှောင်ကြုတ်လိုက်ပြန်သည်။

အီလီယန်သည် ရှုံ့မဲ့နေသည့် အဖေဖြစ်သူကို ကြည့်လိုက်ရင်း

"ဒါဆို ဖေဖေက သား ခန်းထဲမှာ အိပ်လို့ရပြီ"

ရာဟန် သည် အပြစ်ကင်း အောင် တမင်လုပ်ပြောထားသော အသံကို ကြားရ‌ေသာအခါ လက်ထဲက ပန်းကန်ကို ဆောင့်ချလိုက်သည်။

"ဇနီးမောင်နှံဆိုတာ အခန်းခွဲအိပ်ရိုးထုံးစံမရှိဘူးလေ"

ထို့နောက် ရိုစီနာ မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး အီလီယန် ဘက်လှည့်ကာ တိုးတိုးလေးပြောလိုက်သည်။

"ငါတို့အတူတူအိပ်မှရမယ်ကွ"

သူ့အကြည့်ထဲမှ အလင်းတန်းတစ်ခု လွင့်ပျံလာသည်။သားအဖနှစ်ယေက်ကို ကြည့်နေသော ရိုစီနာ သည် ပန်းကန်များကို ချထားလိုက်သည်

"ခုတင်က ကျယ်တယ်ဆိုတော့ အတူတူအိပ်လို့ အဆင်ပြေတယ်လေ"

ထိုအခါမှ သားအဖနှစ်ယောက်လုံး ပါးစပ်ပိတ်သွားကြ၏။

အချိန်အတော်ကြာ စားသောက်ပြီးနောက် နန်းတော်တစ်ခုလုံး အမှောင်ကျသွားသည်။ ရိုစီနာ သည် ပါးလွှာသောညအိပ်၀တ်စုံကို ၀တ်ဆင်ထားပြီး စားပွဲရှေ့တွင် ထိုင်ကာ ပြန်စာအချို့ရေးရသည်။ ပြန်စာအားလုံးကို ရေးပြီးနောက် ဘောပင်ကိုချခါနီးတွင် တံခါးခေါက်သံကြားလိုက်ရ၍ သူမ ထပြီး တံခါးဖွင့်လိုက်၏။ အီလီယန် သည် လက်ထဲမှာ ခေါင်းအုံးကြီးတစ်လုံးနှင့် တံခါးရှေ့တွင် ရပ်နေလေသည်။သူမ အီလီယန် ကို ချက်ချင်း အခန်းထဲသို့ ခေါ်လာခဲ့သည်။

"အိပ်ဖို့ အဆင်သင့်ဖြစ်ပြီလား"

"အင်း...သား ရေချိုးပြီးပြီးချင်း ဒီကိုလာခဲ့တာ"

"ဟာ...တော်လိုက်တာ အိပ်ရာမဝင်ခင်ပုံပြင် စာအုပ်ဖတ်ပြရမလား"

အီလီယန် ခေါင်းကို တဆတ်ဆတ် ညိမ့်ပြလိုက်၏။။ တစ်ကယ်တမ်းတွင်၊ ဒဏ္ဍာရီပုံပြင်စာအုပ်များသည် အဓိပ္ပါယ်ကင်းမဲ့သော်လည်း ရိုစီနာ ဖတ်ပြလျှင် သူ့အတွက် အဓိပ္ပါယ်ရှိသွားသည်။သူမ၏ အသံတိုးတိုးလေးကို ရင်ခွင်ထဲမှာငြိမ်နားထောင်နေရသည်က ဇိမ်ရှိလှသည်။

ရိုစီနာသည် ကုတင်ပေါ်ထိုင်ပြီး အီလီယန် ကို ပေါင်ပေါ်တင်လိုက်သည်။ အီလီယန် ဟာ တစ်နှစ်အတွင်းမှာ အများကြီး ထွားလာတာဖြစ်ပြီး သူနှင့် ရွယ်တူတွေထက် ပိုတောင် ထွားနေလေပြီ။ထို့နောက် သူမသည် ဒဏ္ဍာရီပုံပြင်စာအုပ်ကို ဖွင့်ပြီး ဖတ်နေစဉ် ရေချိုးခန်းတံခါးပွင့်လာသည်။ ရေချိုးပြီးထွက်လာသော ရာဟန် သည် သူ့ခေါင်းကို မျက်နှာသုတ်ပုဝါဖြင့်ပွတ်ရင်း ရိုစီနာ ရင်ခွင်ထဲက အီလီယန်ကို တွေ့ပြီး လှုပ်ရှားမှုက ရပ်တန့်သွား၏။

“အဟမ်း”

ရာဟန် ချောင်းတစ်ချက်ဆိုးလိုက်ခါမှ ပုံပြင်စာအုပ်ဖတ်နေသော ရိုစီနာ က သတိထားမိဟန်တူသည်။

"ရေချိုးပြီးပြီလား"

ထိုအခါ ရာဟန် အတင်း ခုတင်ခြေရင်းနားကို ပြေးသွားပြီး ခါတိုင်းလို ခေါင်းထိုးပေးကာ တဘက်ကိုလည်း ကမ်းပေးလိုက်၏။ တစ်ယောက်နှင့်တစ်ယောက် ဆံပင်ကို အမြဲခြောက်အောင် သုတ်ပေးလေ့ရှိတာကြောင့် ရိုစီနာ က စာအုပ်ကို ချထားလိုက်သည်။

“ဆောရီးနော်...သားကို နောက်မှ ဖတ်ပြမယ်"

ထို့နောက် သူမ မျက်နှာသုတ်ပုဝါကိုယူကာ ရာဟန် ဆံပင်ကို သုတ်ပေးလိုက်သည်။ ရေစက်များက ကြမ်းပြင်ပေါ်သို့ ကျဆင်းလာချိန်မှာ ရာဟန် သည် မျက်လုံးများကို တည်ငြိမ်စွာမှိတ်ထားလိုက်သည်။ သာယာကြည်နူးနေသော နှစ်ယောက်သားကို ကြည့်ပြီး အီလီယန်၏ အမူအရာက ထူးဆန်းလာသည်။ တစ်နှစ်အတွင်းမှာပဲ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အများကြီးပြောင်းလဲသွားတာကို သူမြင်လိုက်ရ၏။ ယခုအချိန်အထိ သူ့အတွက် အဖေ မလိုအပ်ဘူးဟု ထင်ခဲ့တာဖြစ်သော်လည်း အမေဖြစ်သူ စိတ်ချမ်းသာနေတာကို မြင်တော့ သဘောကျသွားသလိုရှိသည်။

မကြာမီ၊သုံးယောက်သား အိပ်ဖို့ပြင်ပြီး ကုတင်ပေါ် လှဲလိုက်ကြသည်။ အိပ်စက်ခြင်း အစီအစဉ်နှင့်ပတ်သက်ပြီးအရှုပ်အထွေးတစ်ခု ဖြစ်ပြီးနောက် အီလီယန် သည် အလယ်မှာ အိပ်ရန် သဘောတူခဲ့ကြသည်။ ရိုစီနာ နှင့် ရာဟန် ကို ခွဲထုတ်လိုက်နိုင်၍ အီလီယန် သည် ကျေနပ်သောအပြုံးဖြင့် မျက်လုံးကိုမှိတ်ထားလိုက်တော့သည်။ မီးတွေပိတ်လိုက်သည့်အခါ တိတ်ဆိတ်မှုက မှောင်နေသော အခန်းထဲကို ပြည့်နှက်သွားသည်။ သိပ်မကြာခင်မှာပင်၊ပုံမှန်အသက်ရှုသံကို ကြားလိုက်ရ၏။

ရာဟန် သည် အိပ်ပျော်နေသော အီလီယန် ကို ငုံ့ကြည့်လိုက်ရာ ရိုစီနာ က ကျေနပ်အားရစွာ ပြုံးကြည့်နေသည်။ရာဟန် အီလီယန် ကို ကြည့်နေပုံက သူမအား ဖခင်ဖြစ်သူက ကြည့်နေပုံနှင့် တစ်ထေရာတည်းတူနေတော့သည်။

"ရိုစီနာ"

ရာဟန် က သူမ ကြည့်နေသည်ကို မြင်သွား၍ အံ့သြသွားကာ အော်ခေါ်လိုက်သည်။ ရိုစီနာ ကလည်း အပြုံးမပျက်ဘဲ တိုးတိုးလေး ပြန်ထူးလိုက်၏။

"အီလီယန် ကို ရှင်ကြည့်ပုံက အရမ်း ချစ်စရာကောင်းတာပဲ"

ရာဟန် သူမ စကားကြောင့် ရှက်သလိုလို ဖြစ်သွား၍ မျက်လုံးကို ဖြည်းညှင်းစွာမှိတ်ထားလိုက်သည်။ ထို့နောက် ရိုစီနာက အီလီယန် မနိုးအောင် အသံတိုးတိုးလေးနှင့်....

"စဉ်းစားကြည့်တော့...ရှင်တို့နှစ်ယောက်က စတွေ့ကတည်းက အရမ်းကို ဆက်ဆံရေး ကောင်းခဲ့တာပဲ"

ရာဟန်က မျက်လုံးမဖွင့်သေးဘဲ အပြုံးတစ်ပွင့် တောက်ပစွာ ပြုံးလိုက်သည်။သူ့ပုံစံက အတိတ်ကို ပြန်သတိရသွားပုံရသည်။

"အဲဒီတုန်းက အရမ်း မဆိုးပါဘူး...ဒါပေမယ့် အခုက ပိုကောင်းလာတယ်လေ"

စတွေ့သည့်အချိန်တုန်းက ၊ အီလီယန် နှင့် ရာဟန် အကြားဆက်ဆံရေးသည် အဆိုးဆုံးဖြစ်သည်။ ရိုစီနာ ကြောင့်သာမဟုတ်လျှင် သူတို့ အချင်းချင်း ရန်ဖြစ်၍ ပြီးရသည်ကို ရှိမှာမဟုတ်တော့။ ယခုမူ၊ရက်ပေါင်းများစွာ ရန်ဖြစ်ခဲ့ကြသော်လည်း စူးရှသောခံစားချက်များ ပျောက်ကွယ်သွားကာ ချစ်ခြင်းမေတ္တာများသာ ကျန်ရှိတော့သည်။တစ်ကယ့်မိသားစု အစစ်လိုပင် ခံစားရလေသည်။

"အီလီယန်က ရှင်နဲ့ တော်တော်တူတယ်"

"ဟုတ်လား"

ရာဟန် မငြင်းပေ။ အီလီယန် အပြုအမူတွေက သူနှင့် တစ်ထပ်တည်း တူနေမှန်း သူလည်း သတိထား‌မိလေသည်။ အထူးသဖြင့် ရိုစီနာ ရှေ့မှာဆို မသိနားမလည်သလို၊အပြစ်ကင်းသလို ပုံလေး ဖမ်းတတ်သည်က နှစ်ယောက်လုံး အတူတူပင်။ထို့အပြင် သူတို့နှစ်ယောက် ပထမဆုံးစတွေ့တုန်းကလည်း တစ်ယောက်နှင့်တစ်ယောက် သိပ်ကြည့်မရခဲ့ပေ။

"ဒါပေမယ့် သူက မင်းနဲ့ တော်တော်တူတယ်"

နီနီရဲရဲ သူ့မျက်လုံးများ၊ပြတ်သား ခိုင်မာသော သဘောထားနှင့် ချစ်စရာ ပြောပုံဆိုပုံလေးသည် တစ်ခါတစ်လေဆိုလျှင် ရိုစီနာ မီနီ ဗားရှင်းလေးလိုပင်။

"ဒါဆို သူက ကျွန်မတို့နှစ်ယောက်နဲ့ တူတာပေါ့နော်"

ရာဟန် က သူမစကားကို သဘောကျကာ ရယ်မောလိုက်သည်။

ရိုစီနာ က မျက်နှာကျက်ကို ခဏမော့ကြည့်ကာ ညည်းညူလိုက်သည်။

"ကျွန်မတို့ သုံးယောက် ဒီလိုမျိုး ခဏခဏ အိပ်ရရင် ကောင်းမယ်ထင်တယ်"

"ကိုယ်ကတော့ နည်းနည်း အနှောက်အယှက်ဖြစ်လိမ့်မယ်"

ရိုစီနာက ဘာကြောင့်လဲဟုမေးတော့ ရာဟန် လက်က သူမ လက်ဖမိုးကို အသာအယာပွတ်သပ်ပေးလိုက်သည်။ သူ တစ်ချက် ပွတ်သပ်လိုက်တိုင်း တုန်ရီနေသော ခံစားမှုတစ်ခုက သူမတစ်ကိုယ်လုံးကို ပျံ့နှံ့သွားရသည်။နှစ်ယောက်သား ခဏတာ မျက်လုံးချင်းဆုံပြီးမှ သူက ပြုံးလိုက်သည်။

"ဒီနေ့ဆို ကြည့်လေ....ဒုတိယ ကလေးကို ဘယ်လိုလုပ် ဖန်တီးလို့ရတော့မှာလဲ... အကယ်ဒမီမသွားခင် သူ့အတွက် အကောင်းဆုံးလက်ဆောင်လေး ပေးချင်တာကို"

“တစ်ကယ်ပါပဲ"

ရယ်စရာကောင်းသည့် သူ့အတွေးကြောင့် သူမ ပြုံးလိုက်မိသည်။

“မေမေ….”

ရုတ်တရက်ထွက်လာဿာ အီလီယန် အသံကြောင့် သူမတို့နှစ်ယောက်စလုံး တိတ်ဆိတ်သွားသည်။ သို့သော် အီလီယန်၏ အိပ်ပျော်နေသလို တည်ငြိမ်နေသည့် အသက်ရှုသံကို ကြားရမှ နှစ်ယောက်သား သက်ပြင်းချကာ တစ်ယောက်ကို တစ်ယောက် ကြည့်မိကြသည်။ ထိုအချိန်တွင်၊ အီလီယန် သည် စောင်ကို ကန်ထုတ်ရင်း အနည်းငယ် ရေရွတ်လိုက်သည်။

“အင်း…သူမက သားဟာ....ဖေဖေ ထွက်သွားတော့"

အီလီယန် ယောင်နေသည်ကို နားထောင်ရင်း နှစ်ယောက်သား မျက်လုံးများ ပြူးသွားရသည်။ ထို့နောက် နှစ်ယောက်သား ပြိုင်တူရယ်လိုက်ကြပြီး အီလီယန် ကို တစ်ဖက်တစ်ချက်စီမှ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း သူမတို့ မအိပ်ခင်ထိ အချိန်အတော်ကြာ ရယ်မောခဲ့ကြသည်။

***

သူတို့ သုံးယောက် အတူတူ အိပ်ပြီးတဲ့နေ့....

ရိုစီနာ သည် နေ့လယ်တွင် ခရီးထွက်ရန်အတွက် ပြင်ဆင်နေတော့သည်။ ရာဟန် က မနက်ဖြန် ချက်ချင်း ထွက်သွားမည်ဟု ပြောထားသော်လည်း သူမ အဆင်သင့်မဖြစ်သေး။ ရာဟန် သည် ခရီးမထွက်မီ အလုပ်အတွက် နန်းတော်သို့ ပြန်ထွက်သွားခဲ့ပြီး လက်ထောက်ဖြစ်သူ အိုင်းဆက် ကသာ သူမကို ကူညီရန်အတွက် နွေရာသီ နန်းတော်တွင် ကျန်နေခဲ့သည်။ ထုပ်ပိုးနေစဉ်တွင်၊ အိုင်းဆက် သည် ယနေ့ဖြစ်ပျက်ခဲ့သမျှကို သူမအား ပြောပြသည်။

ယနေ့နံနက်တွင် နွေရာသီအားလပ်ရက်အတွက် အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။ မှူးမတ်များက သဘောမတူကြောင်း ပြောဆိုသောအခါ ရာဟန် သည် အစည်းအဝေးကို အဆုံးမသတ်ဘဲ ဒေါသတကြီးလှည့်ပြန်ခဲ့သည်။ ဒေါသထွက်နေသော ရာဟန် ကို မည်သူမျှ မတားဆီးနိုင်ခဲ့ဘဲ အဆုံးတွင် အားလပ်ရက်ခရီးကို သွား၍ ရသွားသည်။

ထိုစကားကိုကြားပြီးနောက် ရိုစီနာ သူမကိုယ်သူမ ညည်းညူလိုက်သည်။

"ပုံမှန်ဆို သူက အရမ်း အနေအေးတာပါ....သူတို့က သူ့သဘောထားကို မသိကြလို့သာရယ်...စိတ်တိုအောင် ဆွသလို ဖြစ်နေတော့တာ"

ရိုစီနာ စကားကြောင့် အိုင်းဆက်သည် သက်ပြင်းတောင် ချမိသွားသည်။သို့သော်၊သူ့စိတ်ထဲမှာတော့ သူ့ဆရာ၏ အားနည်းချက်က ရိုစီနာ ဖြစ်နေ၍ စိတ်ဆတ်ရမှန်း သူ သိနေပါ၏။

သူမ အိတ်များကို ထုပ်ပိုးပြီးသောအခါ နန်းတော်အပြင်ဘက်တွင် ဆူညံသံများစွာ ကြားလိုက်ရ၍ အပြင်ဘက်ကို ချက်ချင်းပြေးထွက်လာခဲ့သည်။ ခိုင်ခံ့သော ပုံသဏ္ဍာန်ရှိသည့် ရထားလုံးနှစ်စင်းသည် အဝင်ပေါက်တွင် ရပ်နေတာဖြစ်သည်။ ရထားလုံးများရှေ့တွင် ရာဟန် သည် မြင်းဇက်ကြိုးကိုကိုင်ထားကာ အစေခံများကို အမိန့်ပေးနေသည်။ သူမ ရောက်လာသည်ကို သူက ချက်ချင်းသတိပြုမိပြီးနောက် သူ့အကြည့်ကို ပြောင်းလိုက်သည်။

"ကိုယ် လုပ်စရာတွေ အများကြီးရှိလို့ နည်းနည်းနောက်ကျသွားတယ်"

"ကျွန်မ ထင်ထားတာထက်ကို စောနေသေးတယ်"

ရုတ်တရတ် အားလပ်ရက် ထွက်ရတာမို့ညနေမှ စောစောထွက်မည်ဟု သူမ ထင်ထားတာပင်။

"မင်းပစ္စည်းတွေ အကုန်ထုပ်ပြီးပြီလား"

“ပြီးခါနီးပါပြီ... ဒီတခေါက် ဘယ်သွားမလဲ"

ထိုအခါ ရာဟန် က အရာအားလုံးကို ဆုံးဖြတ်ထားပြီးသားလိုလိုနှင့် အခိုင်အမာ ပြောလာသည်။

“နွေရာသီဆိုတော့ တောင်ပိုင်းကို သွားရင် မကောင်းဘူးလား”

"အချိန်ရမှာမလို့လား"

“အနားယူပြီး ပြန်လာမှာပေါ့...သူတို့လည်း ကိုယ်မရှိဘဲ ကိုယ့်ဘာသာကိုယ် စီမံတတ်ဖို့ လိုတယ်လေ"

သူမ ခေါင်းညိတ်လိုက်သည်။ ထီးနန်းဆက်ခံမည့်သူကို မဆုံးဖြတ်ရသေးသော်လည်း နန်းတော် ဖွဲ့စည်းပုံကို ပြောင်းလဲရန် လိုအပ်သည်။

"ဒါပေမယ့် သိပ်စိတ်မပူပါနဲ့...သူတို့ကိုလည်း သိပ်စိတ်မချရတော့ နည်းနည်းပါးပါး ကြည့်လုပ်ထားပါတယ်"

အစစအရာရာ သေချာပြင်ဆင်ထား သူမ စိတ်သက်သာရာရမိသည်။

"နေမ၀င်ခင် ထွက်တာ အကောင်းဆုံးပဲ"

နွေရာသီကုန်ပြီဖြစ်၍ တစ်နေ့တာက အရင်လတွေထက် တိုလာသည်။ စောစောမထွက်လျှင် မြို့တော်က မထွက်ခွာနိုင်ခင် မှောင်သွားပေလိမ့်မည်။

ရိုစီနာ သည် အီလီယန် ကို ခေါ်ရန် နန်းတော်သို့ ချက်ချင်းပြန်လာခဲ့သည်။ ထိုအတောအတွင်း ရာဟန် သည် ခရီးဆောင်အိတ်များကို အစောင့်တပ်သားများအား သယ်ခိုင်းနေသည်။ အားလုံးအဆင်သင့်ဖြစ်သောအခါ ရိုစီနာ နှင့် အီလီယန် တို့လည်း ရထားလုံးပေါ် တက်လိုက်ကြသည်။

သူတို့ လိုက်ပါလာသော ရထားလုံးသည် တော်ဝင်နန်းတော်မှ လှိမ့်ထွက်လာခဲ့သည်။ အစောင့်အကြပ်တပ်သားများသည် ဘေးပတ်ပတ်လည်တွင် တိတ်တဆိတ် လိုက်ကြပြီး မှောင်လာသောအခါ မြို့တော်နှင့် အနည်းငယ်ဝေးသော ရွာတစ်ရွာသို့ ရောက်လာသည်။ ထုံးစံအတိုင်း ရာဟန် သည် တည်းခိုခန်းတစ်ခုလုံးကို ငှားရမ်းခဲ့သည်။ ရိုစီနာ နှင့် ဘယ်သူအိပ်မလဲဆိုသည်နှင့် ပတ်သတ်၍ သဘောထားတွေ ကွဲလွဲခဲ့ကြသော်လည်း နောက်ဆုံးမှာတော့ သူတို့ သုံးယောက် အတူတူ အိပ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။



Xxxxx