အပိုင်း ၁၁၄(Side story.9)
Viewers 13k

Chapter 114
Side story.9

မအိပ်ခင်မှာ သူတို့ သုံးယောက် ရှည်ရှည်ဝေးဝေး စကားတွေ ပြောဖြစ်ကြသည် ။ သိပ်အရေးမကြီးသည့် အကြောင်းအရာများပင်။ ဘာလိုလိုနှင့် မကောင်းဆိုးဝါးများ အကြောင်းရောက်သွားကြသည်။ တော်ဝင်နန်းတော်ကို တိုက်ခိုက်ပြီးနောက်တွင် ဘုရင်မင်းမြတ်မိသားစုနှင့် မကောင်းဆိုးဝါးများအကြား သဘောတူညီချက်ကို ရိုစီနာ အဓိက လက်မှတ်ရေးထိုးခဲ့သည်။ မကောင်းဆိုးဝါးလူသားသည် သူမ၏ တောင်းဆိုမှုကိုလက်ခံပြီး သူတို့နေထိုင်ရန် အင်ပါယာ ဘေးနားရှိ တိုင်းပြည်သို့ ပြောင်းရွှေ့သွားခဲ့သည်။

ရာဟန် က အခြေအနေ စစ်ဆေးရန် တစ်လလျှင် တစ်ကြိမ် လူများ စေလွှတ်ခဲ့သည်။ အကြောင်းမှာ သဘောတူညီချက်ကို လိုက်နာခြင်း ရှိ၊ မရှိ စောင့်ကြည့်ရန် နှင့် ဘီလူးများမှာ အခြားသော အစီအစဉ်များ ရှိ၊မရှိ ကို သိရရန်ဖြစ်၏။ ထို့အပြင်၊ ရာဟန် သည် မကောင်းဆိုးဝါးကို ပိုမိုကောင်းမွန်သော နေထိုင်ရန် နေရာအဖြစ် ပြောင်းလဲရန် ကြိုးစားနေသည်။ လူသားများသည် သူတို့မြေကို သိမ်းပိုက်ထား၍ သူတို့ကို အနည်းဆုံး ဆုလာဘ်တစ်ခု ပေးချင်ခဲ့သည်။ ထို့နောက်တွင်၊ မကောင်းဆိုးဝါးများ သိပ်ထွက်မလာတော့ဘဲ သိသိသာသာ လျော့ကျသွားပြီး အင်ပါယာကလည်း ပြန်လည်တည်ငြိမ်လာခဲ့သည်။

"မကောင်းဆိုးဝါးတွေ ရွှေ့ပြောင်းနေတာ ပြီးလုနီးပါး ဖြစ်နေပြီ မဟုတ်လား"

ရိုစီနာ မေးလာသောအခါ ရာဟန် ကဖြေလိုက်သည်။

"လှည့်ပတ်သွားလာနေတဲ့ သတ္တဝါတွေနဲ့ မွေးကင်းစ သတ္တဝါတွေကလွဲရင် အများစုက ပြောင်းရွှေ့လာကြပါပြီ"

ရိုစီနာ သည် လူသားပုံစံ မကောင်းဆိုးဝါးကို သတိသွားရမိသည်။ ထိုသူသည် ဘုရင်သစ်က အီလီယန် ဟု ပြောပြီးနောက် ထို‌နေ့ကတည်းက မတွေ့ခဲ့ရပေ။တစ်ချိန်ကျလျှင် ပြန်ဆုံမှာကိုတွေးပြီး ကြောက်စိတ်ဝင်နေရစဉ် ရိုစီနာ အိပ်ပျော်သွားသည်။

တည်းခိုခန်းတွင် တစ်ညတာ အိပ်ပြီးနောက် နံနက်စာကို ပေါ့ပေါ့ပါးပါး စားကြပြီး ရထားပေါ်ပြန်တက်ကြသည်။ အချိန်အများကြီးမရှိတာကြောင့် အပြင်မှာ အနားယူဖို့ ခဏခဏ မရပ်ကြပေ။ သို့သော် ရထားပေါ်မှာလည်း သိပ်ပျင်းရသည်ဟူ၍ မရှိပေ။နေ့ခင်းဘက်တွင် ခရီးဆက်လာပြီး အနီးနားရှိ ရွာတစ်ရွာက အိမ်တွင် ရက်အတော်ကြာ အိပ်စက်ခဲ့ကြသည်။ဘုရင်မင်းမြတ် နန်းတော်မှ ထွက်ခွာပြီး ၅ရက်မြောက်နေ့တွင် ရထားလုံး၏ အရှိန်သည် တဖြည်းဖြည်း နှေးကွေးလာပြီး အပြင်မှ မြင်းလှည်းမောင်းသမား၏ အသံ ထွက်ပေါ်လာသည်။

"ရောက်ခါနီးပါပြီ"

နောက်ဆုံးတော့ သူတို့ လိုရာခရီးကို ရောက်တော့မည်ဖြစ်သည်။ ရိုစီနာ သည် ပြတင်းပေါက်မှ ခန်းဆီးများကို ညင်သာစွာ လှိမ့်တင်လိုက်ပြီး ရှုခင်းကို လှမ်းကြည့်လိုက်သည်။သူမတို့ ဦးတည်ရာက ရွာငယ်လေးတစ်ရွာ ဖြစ်သည်။ ရွာနောက်ကွယ်မှာ တောအုပ်ကြီးတစ်ခုရှိသည်။ အဖြူရောင်သစ်ပင်တွေပြည့်နေသည့် တောကိုကြည့်နေပြီး သူမ ချက်ချင်းသဘောပေါက်သွား၏။

“ပဲ့တင်သံသစ်တော…”

ထိုနေရာမှာ သူတို့နှစ်ယောက် ဆက်ဆံရေးက စခဲ့တာဖြစ်သညိ။ သူမ ပြတင်းပေါက်မှ ခေါင်းပြူကာ သေချာကြည့်လိုက်သည်။ သူမသည် နောက်ဆုံးအကြိမ် အလည်လာစဉ်ကတည်းက ပဲ့တင်သံသစ်တောသို့ မရောက်ခဲ့ပေ။ သူမ ရာဟန် ကို ပထမဆုံးတွေ့ခဲ့တာက ထိုနေရာဖြစ်ပြီး သူမဘဝကလည်း ပြောင်းလဲသွားခဲ့သည်။ယခုလိုမျိုး သူမတို့ ပြန်လာခွင့်ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ထို့ကြောင့် ခံစားချက်က အသစ်စက်စက် ဖြစ်တည်လာ၏။ ရိုစီနာ သည် အ‌တွေးထဲတွင် နှစ်မြုပ်နေချိန်တွင် အီလီယန် က သူမကို မေးလိုက်သည်။

"ပဲ့တင်သံ သစ်တောဆိုတာ ဘာလဲဟင် မေမေ"

"အဲဒါ သားကို လုပ်ထားတဲ့နေရာ"

ရိုစီနာ အစား ရာဟန် က ပြန်ပြောလိုက်၍ သူမ မျက်နှာက နီမြန်းလာသည်။

"ခရီးဆောင်အိတ်ကို တည်းခိုခန်းထဲမှာ ချပြီးတာနဲ့ နေ့လည်စာ စားကြရအောင်"

ရိုစီနာ စကားလမ်းကြောင်း လွှဲလိုက်သောအခါ အားလုံးက သဘောတူခဲ့ကြသည်။ ရထားလုံးက ရွာထဲကို ဝင်သွားသည်။ရွာက‌လေးသည် မြို့အစွန်အဖျားတွင်တည်ရှိသောကြောင့် သေးငယ်သော်လည်း အေးချမ်းလှသည်။

ရာဟန် သည် ရွာရှိ အသန့်ရှင်းဆုံးနှင့် အကောင်းမွန်ဆုံးသော တည်းခိုခန်းတွင် တည်းခိုဖို့ စီစဉ်ထားသည်။စစ်သည် ခေါင်းဆောင်နှင့် အစောင့်အကြပ်များနောက်သို့ လိုက်ပါလာသော ကာလန် နှင့် ရယ်ဗင် တို့သည် ခရီးဆောင်အိတ်များကို ရွှေ့ပြောင်းကာ စီစဉ်ပေးကြသည်။အားလုံး သက်တောင့်သက်သာရှိသော အဝတ်အစားများ ၀တ်ဆင်ပြီးနောက် နေ့လယ်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။ တည်းခိုခန်းမှ အစားအသောက်များသည် တော်ဝင်နန်းတော်မှ ဟင်းလျာများထက် ပိုနည်းပြီး ရိုးရှင်းသော်လည်း အားလုံး စားကောင်းနေကြသည်။

ညစာစားပြီးသည်နှင့် ရွာအစပ်ရှိ ရေကန်ဆီသို့ သွားကြသည်။ အပြာရောင်ရေကန်ကြီးက ပန်းချီကားတစ်ချပ်နှယ်။ရေမျက်နှာပြင်သည် နေရောင်ခြည် အပိုင်းအစများကို ဆုပ်ကိုင်ထားသကဲ့သို့ အရောင်အမျိုးမျိုးဖြင့် တောက်ပနေသည်။ လွင့်မျောနေသော ကောင်းကင်ကြီးနှင့် လိုက်ဖက်ပြီး လင်းလက်တောက်ပနေလေသည်။ ရိုစီနာ သည် လှပသော ရှုခင်းများကြောင့် ခဏတာ မိန်းမောသွားခဲ့သည်။ ထိုစဥ်က ဤနေရာမှာ ရေကန်ရှိမှန်းပင် မသိခဲ့။ သူမ ဘေးမှာ ရပ်နေသည့် ရာဟန် က မေးလာသည်။

"လှေစီးဖူးလား"

“ဟင့်အင်း”

သူမသည် အာစတေးနီးယား သို့ သင်္ဘောနှင့် ကူးခဲ့တာဖြစ်သော်လည်း အပျော်သက်သက်တော့ လှေမစီးဖူးပေ။သူမ အဖြေကိုကြားတော့ ရာဟန် က ကြိုးချည်ထားသည့်လှေကို ချက်ချင်းလက်ပြလိုက်၏။

"တစ်ခေါက်လောက် စီးချင်လား"

"ပိုင်ရှင်မရှိဘူးလား"

"ခွင့်ပြုချက်ရထားပြီးသားပါကွ"

ဘယ်တုန်းက ခွင့်ပြုချက်ရခဲ့တာလဲ။

သို့သော် သူမသည် ရာဟန် ၏ စိတ်အားထက်သန်မှုကို မလွန်ဆန်နိုင်သောကြောင့် ခေါင်းညိတ်လိုက်သည်။ထို့နောက် ရာဟန် ၏ အကူအညီဖြင့် လှေပေါ်သို့တက်လာခဲ့သည်။လှေက တော်တော်ကြီးပြီး လူငါးယောက်လောက် စီးလျှင်‌တောင် သက်တောင့်သက်သာ စီး၍ ရပေမည်။သူမက အလယ်မှာ ထိုင်ပြီး ရာဟန် နှင့် အီလီယန် က သူမ ဘေးတစ်ဖက်တစ်ချက်မှာ ထိုင်လိုက်လာသည်။သူမ လှေပေါ်တက်ပြီးကတည်းက‌ ဘေး ပတ်ပတ်လည်ကို အကြာကြီးကြည့်နေမိသည်။ ငြိမ်သက်နေသော ရေကန်၏ ရှုခင်းသည် လှပနေသည်။

"လာ အီလီယန်...လှေလှော်ကြည့်မလား"

ရာဟန် က လှော်တက်သေးသေးလေးကို သူ့အား ပေးနေရာ အီလီယန် အံ့ဩသွားသည်။

"ဘယ်လို လှော်ရမှာလဲဟင်"

သို့နှင့်၊ရာဟန်က အီလီယန်ကို အစမ်းလှော်ပြလိုက်၏။ထို့နောက် သားအဖ နှစ်ယောက် လှေကို အားစိုက်ပြီး တစ်ချက်၊နှစ်ချက် စမ်းလှော်လာရင်း ရေစီးကြောင်းကို ဖြတ်ကျော်လာကြသည်။ ‌သူ တစ်ချက်ခတ်လိုက်တိုင်း လှေက သိသိသာရွေ့သွား၍ အီလီယန် မျက်လုံးများသည် စူးစမ်းလိုစိတ်ဖြင့် တောက်ပလာခဲ့သည်။ နှစ်ယောက်သား ခက်ခက်ခဲခဲ လှော်ခတ်လိုက်သောအခါ လှေကလေးက လျင်မြန်စွာ ရွေ့လျားသွားသည်။ သို့သော် ရေကန်သည် အလွန်ကြီးမားသောကြောင့် ကန်တစ်ဝက်ကိုပင် မဖြတ်နိုင်ခဲ့ကြပေ။

ရိုစီနာ သည် အလှည့်ကျ ခက်ခက်ခဲခဲ လှေလှော်နေသော ရာဟန် နှင့် အီလီယန် ကို အားပေးခဲ့သည်။

"ဝါး...နှစ်ယောက်လုံး အရမ်းတော်တာပဲ"

ရိုစီနာ ၏ ချီးမွမ်းသံကို ကြားသောအခါ နှစ်ယောက်စလုံး ခွန်အားများ တိုးလာခဲ့သည်။ လှေသည် အားပြင်းပြင်းနှင့် ကူးခတ်လာရာ နောက်ဆုံးတွင် ကန်လယ်သို့ ရောက်သည်။စိမ်းလန်းစိုပြေသောသစ်ပင်များသည် အရိပ်အာဝါသမျာ ဖန်တီးပေးလျက်ရှိပြီး ပန်းနုရောင်ပန်းပွင့်များသည် အပြာရောင်ရေမျက်နှာပြင်ပေါ်တွင် လွင့်ပျံနေလေသည်။ မှိတ်တုတ်မှိတ်တုတ်ဖြင့် ရောင်ပြန်ဟပ်နေသည့် နေရောင်ခြည်အပိုင်းအစများက ရေကန်၏ မြင်ကွင်းသည် ခမ်းနားလှသည်။ ရိုစီနာ သည် ပန်းပွင့်များကို ကောက်ကိုင်လိုက်လျှင် အေးစက်သည့် အထိအတွေ့က ကြည်နူးစရာကောင်းလှ၍ မျက်နှာပေါ်မှာ အပြုံးတစ်ခု အလိုလိုပေါ်လာရ၏။

လှေစီးရင်း ခဏလောက်ပျော်ပြီးနောက် ရိုစီနာ သည် လှေပေါ်မှဆင်းကာ ဖျာပေါ်တွင် ပြန်ထိုင်လိုက်သည်။ ရာဟန်တို့ သားအဖကတော့ ရေကူးမည်တကဲကဲ လုပ်နေကြလေသည်။

"အထဲမှာ နက်တယ်.... အရမ်းကြီး အဝေး မသွားနဲ့နော်"

သူမက စိတ်ပူ၍ မှာလိုက်တော့ သူတို့နှစ်ယောက် ချက်ချင်းခေါင်းညိတ်ပြီး ထွက်ပြေးသွားသည့် သားအဖနှစ် ယောက်ကို ကြည့်နေမိ၏။သားအဖနှစ်ယောက်မှာ ဘေးချင်းကပ်လျက် ကူးခတ်နေကြရင်း အနိုင်ယူလိုစိတ်ဖြင့် တဖြည်းဖြည်း အရှိန်မြှင့်လာကြသည်။အတန်ကြာသော်၊ လူနှစ်ယောက် ကူးခတ်ရာ ရေစီးကြောင်းနှစ်ခုမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ရေကန်က ပကတိငြိမ်သက်သွားကာ သူတို့ကိုလည်း မမြင်ရတော့ပေ။

"ဟင်…."

ထိုင်နေသည့် ရိုစီနာ လန့်သွားပြီး ထရပ်လိုက်သော်လည်း ယခုထိ လူရိပ်သူရိပ်တောင် မမြင်ရသေးပေ။

သူတို့ ဘယ်လောက်ဝေးဝေးရောက်သွားပြီလဲ

ထို့အပြင် ရေသံတောင် တစ်စက်မှ မကြားရဘဲ ရေကန်ကြီး တစ်ခုလုံး တိတ်ဆိတ်နေသည်။

"အီလီယန်… ရာဟန်"

သူမ သူတို့ကို အော်ခေါ်ကြည့်သော်လည်း သူမကြားရသည်က သူမအသံ၏ ပဲ့တင်သံကိုပင်။ သူမ ခြေလှမ်းများ မြန်လာပြီး မျက်နှာကလည်း ဖြူဖျော့လာသည်။ သူတို့နှစ်ယောက်ကို ချက်ချင်းရှာရန် ရှေ့တိုးသွားလျှင် ခပ်လှမ်းလှမ်းက လူပုံစံ ကိုယ်လုံး သေးသေးလေး တွေ့လိုက်ရသည်။ကြည့်ရသည်က ရေကန်ကို ဟိုဘက်သည်ဘက် ဖြတ်ကူးကြသည်ထင်သည်။ သူမ သူတို့ကို မြင်လိုက်ရမှ ရင်ဘတ်ထဲက အလုံးကြီးကျသွားပြီး သဲသောင်ပေါ်ကို ဒူးထောက်ကျသွားသည်။

နှစ်ယောက်သား သဲကြီးမဲကြီး ရေကူးနေကြရင်း ရိုစီနာ ၏ မာကျောသော မျက်နှာကို မြင်လိုက်ကာ အမြန်ကမ်းစပ်ကို ကူးခတ်လာကြလေသည်။

"ရိုစီနာ"

"မေမေ"

"နှစ်ယောက်လုံး အခုချက်ချင်း ထွက်သွား”

ခပ်ယဲ့ယဲ့ ထွက်လာသော အသံတိုးတိုးလေးကြောင့် ရာဟန် နှင့် အီလီယန် တို့ ပုခုံးများဆတ်ကနဲတုန်သွားကြသည်။ သူမ ဒေါသကိုမြင်တော့မှ သားအဖနှစ်ယောက်လုံး ဒူးထောက်လိုက်ကြသည်။

"ဝေးဝေးမသွားရဘူးလို့ ပြောထားတယ်မဟုတ်လား"

"တောင်းပန်ပါတယ်"

"သား မှားပါပြီ"

နှစ်ယောက်သား မာကျောသော သူမ လေသံကြောင့် အမြန်တောင်းပန်လိုက်ကြသည်။ သို့သော်လည်း ရိုစီနာ မျက်နှာက တင်းမာနေဆဲပင်။

"ကစားတဲ့အခါ ပထမနဲ့ ဒုတိယအရေးကြီးဆုံးက လုံခြုံဖို့ဆိုတာ ရှင်တို့ မသိဘူးလား"

“……”

“ဒီလိုမျိုး ထပ်ဖြစ်ရင်…”

ရိုစီနာ အသံ တိတ်သွားသည်။သူတို့ သားအဖမှာ ငိုသံရောနေသော သူမ အသံကိုကြားလိုက်ရ၍ ပျာယာခတ်သွားကာ အမြန်အလောသုံးဆယ် ပြောလိုက်ကြသည်။

"နောက်တစ်ခါ ဒီလို ထပ်မဖြစ်စေရပါဘူး"

"သားလည်း ဘာမှမဖြစ်အောင် ကစားပါ့မယ်"

"ကောင်းပြီ ...ကတိပေးထားတယ်နော်"

ယခုအချိန်တွင် ရိုစီနာ သည် ရာဟန် နှင့် အီလီယန် တို့ကို မည်သို့ကိုင်တွယ်ရမည်ကို ကောင်းကောင်းနားလည်နေပြီဖြစ်သည်။ထို့နောက် သုံးယောက်သား ရေအတူဆင်းကူးပြီးနောက် ဖျာခင်းပြီး ပူနွေးသော နေရောင်အောက်တွင် နေပူဆာလှုံကြသည်။ အီလီယန် သည် လက်ကျန် ပန်းသီးတစ်လုံးကို ကိုင်ထားရင်း ငိုက်မျဉ်းလာသည်။

"ကျွန်မတို့ အထဲ ဝင်သင့်ပြီထင်တယ်"

ရိုစီနာ သည် အီလီယန် အား ပုခုံးပေါ်တွင် မှီခိုင်းထားစဉ် ရာဟန်က ရယ်ဗင် ကို ခပ်တိုးတိုး ခေါ်လိုက်သည်။

"ရယ်ဗင်"

“ဟုတ်ကဲ့”

အနီးနားတွင် စောင့်ဆိုင်းနေသော ရယ်ဗင် ချက်ချင်း ထွက်လာသည်။

ထို့နောက် ရာဟန် က သူမ ရင်ခွင်ထဲတွင် ပွေ့ထားသော အီလီယန်ကို ဂရုတစိုက် ကမ်းပေးလိုက်ရင်း...

"အီလီယန် ကို တည်းခိုခန်းဆီ ခေါ်သွားပေး‌"

ထို့နောက် ရယ်ဗင် သည် အီလီယန် ကို ပွေ့ပြီး ထွက်သွားတော့သည်။

"ကျွန်မတို့ အတူတူ မပြန်ကြဘူးလား"

"ကိုယ်တို့ သွားစရာနေရာရှိတယ်"

သွားစရာနေရာ....

ရာဟန်က ပြန်မဖြေဘဲ ရှေ့ဆက်လျှောက်သွား၍ သူမလည်း သူ့နောက်မှ လိုက်သွားပြီး ခဏကြာတော့ ဘေးချင်းကပ်လျက် လျှောက်လို့ရသွားသည်။ နေပူဆာလှုံထားသော်လည်း ဆံပင်မှာရေကျန်နေသေး၍ သူမ လက်ကိုင်ပုဝါနှင့် ဆံပင်ကို ညင်သာစွာ ပွတ်သုတ်လိုက်သည်။

ရိုစီနာ နှင့် ရာဟန် တို့သည် ရေကန်မှ ထွက်ခွာပြီး တစ်နေရာသို့ လျှောက်သွားကြသည်။ သူတို့ တော်တော်ဝေးဝေးကို လျှောက်သွားကြပြီးသောအခါ သစ်သားဆိုင်းဘုတ်ကို သူမ သတိပြုမိသွားရသည်။

[ပဲ့တင်သံသစ်တော]


Xxxxx