အပိုင်း ၁၁၆(Side story 11)
Viewers 15k

Chapter 116
Side story 11

ရိုစီနာ နှင့် ရာဟန် တို့သည် ညနေပိုင်းမှသာ တည်းခိုခန်းသို့ ပြန်လာခဲ့ကြသည်။ ရိုစီနာ သည် အီလီယန် ဗိုက်ဆာ၍ နိုးလာမှာကို စိုးရိမ်နေမိသည်။သို့သော်လည်း၊ အီလီယန် ကတော့ ဗိုက်ဆာဖို့ အသာထား၊နောက်ကျမှ ပြန်လာ၍ စိတ်ဆိုးနေပုံရသည်။

ရိုစီနာ အခန်းထဲကို လှည့်ကြည့်လိုက်တော့ ထူးဆန်းတာ တစ်ခုကို သတိထားမိလိုက်၏။ သူမ အပြင်ထွက်စဉ်က ခန်းဆီးစများကို သေချာဆွဲစေ့ထားသော်လည်း ယခုမူ ပြတင်းပေါက်ကပါ ဟောလောပွင့်နေလေသည်။ ထို့အပြင် စားပွဲပေါ်တွင်လည်း လက်ဖက်ရည် ခွက်နှစ်ခွက်ရှိနေသည်။

"တစ်ယောက်ယောက် လာသွားတာလား...သား"

“မဟုတ်ပါဘူး”

အီလီယန် ခေါင်းယမ်းလိုက်သည်။

"ဒါပေမယ့် ခွက်က ၂ ခွက် ဖြစ်နေတယ်... သား သူရဲကောင်း တစ်ယောက်ယောက်နဲ့ အတူ သောက်ထားတာလား"

"သား နှစ်ခွက်လုံး သောက်လိုက်တ "

သူက လက်ဖက်ရည်ခွက်နှစ်ခွက်လုံး ထုတ်ပြီး သောက်တယ်တဲ့လား....

တစ်ခုခု ထူးဆန်းနေသော်လည်း ရိုစီနာ ဆက်မမေးတော့ပေ။အီလီယန် ပုံစံက ဖုံးကွယ်ထားချင်ပုံရတာကြောင့် ဆက်မေးမနေတော့။ ညစာကို နည်းနည်းနောက်ကျ၍ စားပြီးမှ သူတို့သုံးယောက်သား ကြယ်တွေကြည့်ဖို့ ထွက်လာကြသည်။ ပတ်ဝန်းကျင်က မှောင်နေ၍ ကြယ်တွေက ပိုတောက်ပနေသည်။သုံးယောက်သား ဖျာပေါ်တွင် လှဲအိပ်နေကြပြီး ကြယ်များကိုကြည့်နေပြီး ရာဟန် က နက္ခတ်တာရာများအကြောင်း ပြောပြနေသည်။

ထို့နောက် ရိုစီနာ နှင့် ရာဟန် တို့၏ မွေးလများအတွက် ကိုယ်စားပြုသော ကြယ်စုတန်းက အတူတူပင် ဖြစ်ကြောင်း သတိပြုမိသွားသည်။သို့သော် အီလီယန်ကမူ တစ်ယောက်တည်းကွဲပီး ကြယ်စုတန်း အမည်ကွဲနေ၍ မိသားစုအတူတူ ကြယ်စုတန်းတစ်ခုတည်း ဖြစ်ချင်ကြောင်း ညည်းနေရှာသည်။ ထို့နောက် ရာဟန် က လေးနက်စွာ ပြောလိုက်သည်။

"ဒါဆို ဖေဖေက အဲ့ဒီကြယ်စုအမည်ကို ပြောင်းပေးရမလား…ဖေဖေတို့ အတူတူဖြစ်သွားအောင် ပြောင်းပေးရမလား"

"ဘယ်လိုလဲ"

“…ဘုရင်တစ်ပါးအနေနဲ့ မလုပ်နိုင်တာ ဘာမှမရှိပါဘူးကွာ"

ရာဟန်သည် သူတို့နှစ်ယောက်၏ ကြယ်စုတန်းအမည်ကို ချက်ချင်းပြောင်းနိုင်သည်ဟု ပြောင်ချော်ချော် ပြောလိုက်သောအခါ ရိုစီနာ ကလေးကို ကောင်းကောင်း ရှင်းပြသင့်ကြောင်း ပွစိပွစိ ရွတ်နေသေးသည်။

ထို့ကြောင့် သူတို့ သုံးဦးသည် တော်ဝင်နန်းတော်အကြောင်း အားလုံးကို မေ့လျော့ပြီး အေးချမ်းစွာဖြင့် အားလပ်ရက်ကို ဖြတ်သန်းခဲ့ကြသည်။ ခရီးစဉ်က သိပ်မတိုသည့်အတွက် ကိစ္စတွေအများကြီးဖြစ်ခဲ့သော်လည်း အများစုကို ချောချောမွေ့မွေ့ပင် ဖြတ်သန်းနိုင်ခဲ့သည်။အကယ်၍ ကြီးကြီးမားမား အဖြစ်အပျက်တစ်ခုဟု မှတ်ယူနိုင်သည့်အရာ တစ်ခုရှိခဲ့သည်ဆိုပါက၊ ၎င်းသည် ရွာတစ်ရွာတွင် ရပ်နားနေစဉ် ရာဟန် ကို ဘုရင်မင်းမြတ်မှန်း သိသွားသည့် ကိစ္စကိုပင် ပြောရပေတော့မည်။

ရယ်ဗင် က သူ့ကို 'အရှင်မင်းကြီး' ဟု မထင်မှတ်ဘဲ ခေါ်မိသည်မှစ၍ သံသယများတိုးလာကာ နောက်ဆုံးတွင် ရွှေရောင်တောက်တောက် ဆံပင်ရှိသူ အမျိုးသားနှင့် အနီရောင်ဆံပင်ရှိသူ အမျိုးသမီးတို့အား သူတို့ အရှင်သခင်မှန်း သိသွားကြသည်။ ထုံးစံအတိုင်း ရွာက ဇောက်ထိုးပြောင်းသွားပြီး ကြိုဆိုပွဲကြီး ကျင်းပဖို့ လုပ်နေကြ၍ ကောင်းကောင်း အနားမယူနိုင်တော့ဘဲ ဤရွာမှ ထွက်သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ထို့ကြောင့် ရွှေရောင်အားလပ်ရက်ကြီးလည်း ပြီးဆုံးသွားကာ အင်ပါယာရဲတိုက်သို့ ပြန်လာခဲ့ကြသည်။ ပြန်လာသည်နှင့် မပြီးသေးသော ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရသောကြောင့် လူတိုင်း အလုပ်ရှုပ်နေကြသည်။

***

အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး အီလီယန် အကယ်ဒမီသို့ ထွက်ခွာမည့်နေ့ နီးကပ်လာလေပြီ။ ရိုစီနာ သည် နွေရာသီနန်းတော်ရှေ့တွင် အီလီယန် ကို တတွတ်တွတ် မှာကြားနေသည်။

"အခုက ရာသီပြောင်းစပြုပြီဆိုတော့ နည်းနည်းပူနေရင်တောင် အနွေးထည်ဝတ်ထားနော်.."

အားပေးစကားတွေ၊ အကြံဉာဏ်တွေက မကုန်နိုင် မခမ်းနိုင်ပင်။သူမ စိုးရိမ်နေချိန်မှာ အီလီယန် က တည်ငြိမ်စွာနှင့် ပြောလိုက်သည်။

"... တစ်လလောက်နေမှ သား ပြန်လာခဲ့မယ်"

"အင်းပါ...သားရယ်"

"ရိုစီနာ... သူ သွားဖို့အချိန်ရောက်ပြီ"

မတ်တပ်ရပ်နေသော ရာဟန် သည် ရိုစီနာ ပုခုံးပေါ်တွင် လက်ကိုတင်ထားလိုက်သည်။ ရိုစီနာ ကမူ အီလီယန် ပါးပြင်ကို အထက်ထက် အခါခါ ပွတ်သပ်နေတော့သည်။

"အီလီယန်... သား ကျန်းကျန်းမာမာနေရမယ်နော်"

အီလီယန် ခေါင်းကို အထပ်ထပ်အခါခါ ငြိမ့်ပြလိုက်သည်။သားအမိနှစ်ယောက် ရှည်လျားစွာ နှုတ်ဆက်ပြီးနောက် ရာဟန် က ယနေ့ ပထမဆုံးအကြိမ် သားဖြစ်သူကို စကားစ,ပြောလိုက်သည်။

"သားကို တခြားကလေးတွေက လာ နှောင့်ယှက်ရင် ဖေဖေတို့ကို ပြောရမယ်နော်"

“ရှင်ကလည်းလေ….သွားတောင်မသွားရသေးဘူး"”

ရိုစီနာ ရာဟန့်ကို လျှောက်မပြောဖို့ ပိတ်လိုက်သော်လည်း ရာဟန်က ပြောပြီးသွားချေပြီ။

ရိုစီနာ နှင့် အီလီယန် တို့သည် တော်ဝင်မိသားစု ဝင်ဖြစ်ကြောင်း ဘယ်သူ့ကိုမှ မပြောရန် ကတိပြုထားပြီးဖြစ်သည်။ကလေးများသည် ငယ်ရွယ်နုနယ်သေးသော်လည်း ယခုအရွယ်က ဖြည်းဖြည်းချင်း နားလည်သိရှိလာမည့် အချိန်ဖြစ်သည်။ သူသည် မင်းသားတစ်ပါးဟု ဆိုလိုက်ပါက သူငယ်ချင်းအစစ်အမှန်များ ရလာမည်မဟုတ်ပေ။ အီလီယန် အား မည်သူမည်ဝါဖြစ်ကြောင်း အကဲဖြတ်သူများနှင့် သူမ မပေါင်းသင်းစေလိုပေ။ထို့ကြောင့် သူမသည် အီလီယန် က မင်းသားတစ်ပါးဖြစ်ကြောင်း အကယ်ဒမီကျောင်းအုပ်ကိုသာ ပြောပြခဲ့ပြီး ပါမောက္ခများကိုလည်း လျှို့ဝှက်ထားခဲ့တာ ဖြစ်သည်။ သူမ တွေးနေချိန်မှာ ရာဟန်က သူ့လက်နှစ်ဖက်ကို ဆန့်တန်းထားရင်း....

"နောက်ဆုံးအကြိမ် ‌ဖက်လိုက်ကြရအောင်"

အီလီယန် အနည်းငယ်ရှက်သွားသလို နှုတ်ခမ်းကို ကိုက်လိုက်သည်။ ထို့နောက် ရာဟန် အနားကို ညင်သာစွာ ချဉ်းကပ်ကာ ပွေ့ဖက်လိုက်သည်။ ရိုစီနာသည် သူတို့နှစ်ယောက် အချင်းချင်း တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားတာကိုကြည့်ပြီး သူမ မျက်လုံးထောင့်ဆီက မျက်ရည်စများကို ထပ်မံသုတ်ရပြန်သည်။ သူမ မငိုချင်သော်လည်း မျက်ရည်တွေက အတားအဆီးမရှိတော့ချေ။အီလီယန် ကျောင်းပိတ်ရက်မှာ ခဏ ပြန်လာလျှင်တောင် နောက်တစ်ကြိမ် ဤမိသားစုနှင့် ခွဲခွာဖို့ အသင့်ထပ် ဖြစ်ဖို့ ကြိုးစားရပေတော့မည်။ အကြာကြီး နှုတ်ခွန်းဆက်စကား ပြောပြီးနောက် အီလီယန် က နောက်ကို လှည့်ကြည့်လိုက်သည်။

"သား ပြန်လာခဲ့မယ်"

ထိုသို့ အော်ပြောပြီးနောက် အီလီယန် ရထားပေါ်တက်သွားခဲ့သည်။ ရထားက တဖြည်းဖြည်း ရွေ့လျားလာလျှင် သူ ပြတင်းပေါက်ကိုဖွင့်ကာ လက်ဝှေ့ယမ်းနှုတ်ဆက်နေလေသည်။ရိုစီနာ ထိုမြင်ကွင်းကို ကြည့်ပြီး မျက်ရည်များကို သုတ်ရင်း ပြုံးလိုက်သည်။

“ကောင်းသော ခရီးဖြစ်ပါစေ....သတိထားနော်"

ရိုစီနာ အော်သံကို ကြားတော့ အီလီယန် ပြုံးလိုက်မိသည်။ အီလီယန်ကို ခေါ်ဆောင်သွားသော ရထားလုံးသည် တရွေ့ရွေ့ သွားကာ နောက်ပိုင်းတွင် ရထားလုံးကို မမြင်ရတော့ပေ။

နေရာတွင် ခဏရပ်နေခဲ့သော ရိုစီနာ သည် ထပ်ငိုချင်လာသလိုခံစားရသောကြောင့် မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်လျှင် မျက်ရည်စက်များက သူမ ပါးပြင်ပေါ်သို့ စီးကျလာသည်။ တိတ်ဆိတ်နေသော ရာဟန် က သူမပုခုံးကို ဖက်ထားပေးရင်း တိုးတိုးလေးပြောလိုက်၏။

"သူက သန်မာတဲ့ကလေးပဲ...ဘယ်နေရာမဆို ကောင်းကောင်းလုပ်နိုင်တယ်လေ...စိတ်မပူပါနဲ့"

"ကျွန်မလည်း အဲဒီလို ထင်တာပါပဲ"

ရိုစီနာ ကတော့ အီလီယန် စာကြိုးစားမည် ဖြစ်ကြောင်း သံသယ တစ်စက်မှ မဖြစ်မိပေ။ နှစ်ယောက်သား နန်းတော်ထဲသို့မဝင်မီ အချိန်အတော်ကြာသည်အထိ အီလီယန် ထွက်သွားသည့်ဘက်ကို ငေးကြည့်မိနေကြလေ၏။ ညနေစောင်းတွင် ရိုစီနာ သည် အီလီယန် အခန်းထဲသို့ ဝင်ကာ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ရောင်စုံနောက်ခံပုံများ၊ အရုပ်များ၊ ကလေးစာအုပ်များနှင့် ရာဟန် လက်ဆောင်ပေးထားသော ဓား တစ်လက်…ထိုအရာတို့မှာ အီလိီယန် မရှိနေ၍ အဓိပ္ပါယ်ကင်းမဲ့သွားသလိုပင်။

ရိုစီနာ သည် အခန်းအလယ်တွင် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေပြီး စားပွဲကို ကြည့်လိုက်လျှင် စာရွက်အဖြူတစ်ရွက်ကို တွေ့လိုက်ရသည်။

“…?”

ထို့နောက် သူမ စာကို ကောက်ကိုင်လိုက်ရာ ဝိုင်းစက်စက် လက်ရေးများနှင့် 'မေမေနှင့် ဖေဖေသို့' ဟူ၍ ရေးထားတာကို တွေ့လိုက်ရသည်။ သူမ စာခေါက်ကလေးကို အမြန်ဖြည်လိုက်သည်။ လက်ဖဝါးအရွယ် စာရွက်တစ်ရွက်ပေါ်တွင် စာလုံးများကို ရေးထားသည်။သူမ စာကို ဖြည်းညှင်းစွာ ဖတ်ကြည့်လိုက်သည်။ အီလီယန် ၏ စာက သူ၏ ကိုယ်ပိုင်အတွေးအပိုင်းအစာများကို ပြန်ဆက်ရေးထားသည့်အလား။ ဤတစ်ခေါက် မိသားစုနှင့် ခရီးထွက်ရသည်က သူ့ဘဝမှာ အပျော်ဆုံး အခိုက်အခန့်များပင် ဖြစ်သည်။ ခဏတာ ဝေးနေရမည်ဖြစ်သော်လည်း မေမေတို့အကြောင်းကို အမြဲတွေးနေမိသည်ဟု ရေးထားသည်။ စာကို ဖြည်းညှင်းစွာဖတ်ရင်း သူမ မျက်လုံးထောင့်များ စိုစွတ်လာပြန်သည်။ အီလီယန် ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် သူမ အတွက် စိတ်ပူနေသေးသည်။ အားလုံးကို ချန်ထားခဲ့မှာမို့လို့ သူ့ကိုတွေ့ချင်တိုင်း ဤအခန်းထဲကိုလာဖို့ကိုလည်း ရေးထားသေး၏။

ရိုစီနာ မျက်ရည်တွေကို ထိန်းထားရင်း အသက်ရှုကြပ်သွားရသည်။ သူမသည် နောက်ဆုံးစာပိုဒ်ကို ဖတ်ကြည့်လိုက်ရာ...

[အမေ၊ မငိုနဲ့နော်]

ရိုစီနာ မျက်ရည်တွေ ထပ်ကျလာပြန်သည်။

***

အီလီယန် အကယ်ဒမီသို့ထွက်သွားသည်မှာ ဆယ်ရက်ကြာသွားပြီဖြစ်၏။

မည်သည့်အခါမျှ ဆူညံခြင်းမရှိသော်လည်း ယခင်က တက်ကြွသော အင်ပါယာနန်းတော်သည် အီလီယန် မရှိတော့သဖြင့် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။ ရိုစီနာ သည် နေ့တိုင်း ငြိမ်သက်ပြီး ဟာလာဟင်းလင်းဖြစ်နေသောကြောင့် စိတ်ကျရောဂါကိုပါ ခံစားစ,ပြုလာရသည်။ ရံဖန်ရံခါတွင်၊ အီလီယန် ၏ အခန်းတွင် သူမ ရပ်နေသည်ကိုမြင်ရတိုင်း ရာဟန် လည်း စိတ်မကောင်းဖြစ်ခဲ့ရသည်။ သူမ စိတ်ထဲတွင်တော့ အီလီယန် ကို ချက်ချင်း အိမ်ကို ပြန်လာဖို့ ပြောချင်မိသည်။

မနေ့က သူမသည် အဝတ်ဗီရိုကို ပြန်စီစဉ်နေရင်း၊မထင်မှတ်ဘဲ အီလီယန် အဝတ်အစားများကိုမြင်လိုက်ရသောအခါ သူမ အခန်းထဲမှထွက်လာခြင်းမရှိတော့ပေ။ညနေစောင်းမှသာ ထွက်လာရတော့သည်။သူမကို စောင့်ကြည့်နေသော ရာဟန် မှာလည်း သူမလိုပင် ဒုက္ခရောက်နေပြီး သူ တတ်နိုင်သမျှ လုပ်ပေးရှာသည်။ အီလီယန် ၏ ကျူရှင်ဆရာ ဂရီအော ကိုပင် အကယ်ဒမီ ပါမောက္ခအဖြစ် အကြံပြုခဲ့သည်။ သူသည် အစကတည်းက အရည်အချင်းရှိသူဖြစ်သောကြောင့် အခက်အခဲမရှိ ပါမောက္ခအဖြစ် လက်ခံပေး၍ တော်ဝင်နန်းတော်မှ ထွက်ခွာသွားခဲ့သည်။

သူသည် အီလီယန် ကို သင်ကြားပေးနေသည့် လက်ဦးဆရာဖြစ်သောကြောင့် အခြားနေရာများတွင် များစွာ အထောက်အကူဖြစ်ပေမည်။ ရိုစီနာ သည် ထိုသတင်းကြောင့် အနည်းငယ် စိတ်သက်သာရာရသွားသော်လည်း စိတ်ဓာတ်ကျနေဆဲဖြစ်သည်။လမ်းလျှောက်ထွက်ဖို့ ပြောသော်လည်းမရ၊ အရသာရှိသည့ အချိုပွဲတွေနှင့်လည်း ပျော်အောင် လုပ်ပေး၍မရတော့ပေ။ အချိန်သည် ဆေးဖြစ်သည်ကို ရာဟန် သိသော်လည်း မစောင့်နိုင်တော့ပေ။

ရိုစီနာ ၏ အခြေအနေ ဆိုးရွားလာသောအခါ ရာဟန်၏ စိတ်အခြေအနေ ကလည်း ပို၍ ကျဆင်းသွားသည်။ သူသည် အများအားဖြင့် အေးစက်စက်သာ နေတတ်သူဖြစ်သော်လည်း မတုန်မလှုပ်နှင့် လေစိမ်းများတိုက်နေသောအခါ မှူးမတ်များကလည်း စိတ်မကောင်းကြရှာပေ။ယနေ့ ရာဟန် သည် မှူးမတ်များကို စုရုံးပြီး အစည်းအဝေးများစွာ လုပ်ပစ်လိုက်သည်။ အရေးကြီးကိစ္စရပ်တွေကို အမြင်ချင်းဖလှယ်ကြရင်း တဖြည်းဖြည်း သူ့မျက်နှာက စိတ်တိုသွားပုံပေါက်ကာ သုန်မှုန်လာတော့သည်။ထိုအခါ အစီအစဉ်ကို အစီရင်ခံနေသော မှူးမတ်၏ အသံမှာ ရာဟန် ၏ သက်က်ပြင်းချသံအောက်မှာ ပျောက်ရှသွားရတော့သည်။ ထိုအခါ မှူးမတ်တို့လည်း သူ့ကို ကြည့်လိုက်ပြီး အချင်းချင်း မျက်နှာရ်ိပ်မျက်နှာကဲပြကာ စကားပြောရန် လွှဲချနေကြလေသည်။နောက်ဆုံး အသက်ငယ်ဆုံး မြို့စားမင်းဆီကိုသာ ရောက်သွား၏။

“အရှင်မင်းကြီး… စိတ်ပူစရာရှိလို့လား”

ဘုရင်မင်းမြတ်သည် မြို့စားမင်း၏ မေးခွန်းကို ခေါင်းညိတ်လိုက်သည်။မျက်နှာအမူအရာ ကင်းမဲ့သော ဘုရင်မင်းမြတ်၏ မျက်နှာကို မြင်လိုက်ရသဖြင့် မြို့စားမင်း အနည်းငယ် တုန်လှုပ်သွားသည်။ သူ မေးတာ မှားသွားပြီလားဟု တွေးပြီး နောင်တရနေချိန်မှာ ရာဟန် က ပြောလာသည်။

“ခင်ဗျားတို့ထဲက မိန်းမရှိတဲ့သူ လက်ထောင်"

မှူးမတ်များ အံ့ဩသွားပြီးနောက် လက်ကို အသေအချာ မြှောက်လိုက်ကြသည်။ အားလုံးက အံ့သြသွားသော်လည်း ရာဟန် က လေးလေးနက်နက် မေးလာပြန်သည်။

"သူတို့ကို ပျော်ရွှင်အောင် ခင်ဗျားတို့ ဘာလုပ်ကြသလဲ"

တစ်ခဏအတွင်း ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။အကြည့်ချင်းဖလှယ်နေကြသော မှူးမတ်များက 'ထင်ထားတဲ့အတိုင်းပါလား..' ဆိုသည့် သဘောနှင့် မျက်စပစ်နေကြသည်။ဤရက်ပိုင်း သူ စိတ်မကောင်းဖြစ်ရသည့် အကြောင်းအရင်းက ဘုရင်မနှင့် တစ်ခုခုတော့ ပတ်သက်နေပုံရသည်။

ရာဟန် သည် မှူးမတ်များကို တစ်ယောက်ပြီးတစ်ယောက် ကြည့်နေသော် လည်း အားလုံးက သူ့အကြည့်ကို ရှောင်ဖယ်သွားကြသည်။

ရာဟန် မေးသည့် မေးခွန်းက အတော်ကို ခက်ပေသည်။ မှူးမတ်အများစုမှာ ထိမ်းမြားလက်ထပ်ထားကြသူများဖြစ်ပြီး အများစုမှာ သူတို့ဇနီးမယားနှင့် ဆက်ဆံရေး ကောင်းမွန်ခြင်းမရှိပေ။ မမှန်မကန်ဖြေလိုက်လျှင် ဘယ်လိုအခက်အခဲတွေ ရှိလာနိုင်မှန်း သူတို့မသိပေ။ဘယ်သူမှ ပြန်မဖြေသောအခါ ရာဟန် ၏ မျက်နှာအမူအရာ သိသိသာသာ ယိုယွင်းလာသည်။ထိုအချိန်မှာပင်၊သူ၏ ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးဘဝအတွက် လူသိများသော လက်ထပ်ထားခါစ မင်းသားငယ်က ပြန်ဖြေလေသည်။

"လက်ဆောင် ပေးရင်ကော ဘယ်လိုပါလဲ...အရှင်"

သူ့အဖြေကြောင့် မှူးမတ်များ၏ မျက်နှာတွေ နီရဲလာသည်။ အားလုံးက ကျယ်ကျယ်လောင်လောင် အော်ပြီး လက်ဆောင်တွေ ပေးကြဖို့ ပြောလိုက်ကြ‌ေသာ်။ သူတို့ သီအိုရီက လက်ဆောင်တွေကို မကြိုက်သူ ဘယ်သူမှမရှိဟူ၍ပင်။

“ပြီးပြီ…”

ရာဟန် ၏အဖြေကို မှူးမတ်များ ခေါင်းယမ်းလိုက်ကြသည်။

"အရှင်မင်းကြီး...လက်ဆောင်‌ဆိုတဲ့နေရာမှာ အရည်အသွေးသာမကဘူး... ပမာဏကလည်း သိပ်ကို အရေးကြီးပါတယ်"

"သူမကို ပါးစပ်အဟောင်းသား ဖြစ်စေနိုင်တဲ့ လက်ဆောင်ဆိုရင်ရော ဘယ်လိုလဲ"

"ကျွန်တော်က ကျွန်တော့်မိန်းမကို ဝတ်စုံအသစ်အဆန်းတွေ ပေးခဲ့တယ်...သူမဆို အရမ်း သဘောကျနေတာပါပဲ"

မှူးမတ်တွေ စကားကို နားထောင်နေသည့် ရာဟန် ဟာ တဖြည်းဖြည်းနှင့် ယုံကြည်လာခဲ့၏။ ရိုစီနာ သည် သူ့အတွက် ခွဲဝေပေးထားသော ဘတ်ဂျက်ကို သိပ်မသုံးသူဖြစ်သည်။ သူမသည် များသောအားဖြင့် ချွေတာတတ်သူဖြစ်သော်လည်း ရာဟန် ပေးသောအဝတ်များကိုသာ အမြဲဝတ်တတ်သည်။ ရာသီတွေ တဖြည်းဖြည်းပြောင်းလာသည်နှင့်အမျှ၊ အဝတ်အစားနှင့်အသုံးအဆောင် အဟောင်းတွေကိုသာ ဝတ်ဆင်ရတာကို နှစ်သက်သွားပုံရ၏။

"အဲ့ဒီအကြံကောင်းတယ်"

ရာဟန် က အပြုသဘောဆောင်သည့် အဖြေကို ပေးလာသောအခါ မှူးမတ်တွေက အရာအားလုံးပြေလည်သွားပြီဟု တွေးကာ ပြုံးလိုက်ကြလေတော့သည်။ သို့သော်၊ သူတို့ မသိခဲ့ကြသည်က ရာဟန် ၏စံနှုန်းများသည် သူတို့နှင့် ဝေးကွာတာကိုပင်။



Xxxxx