အပိုင်း ၁၁၇(Side story 12)
Viewers 15k

Chapter 117
Side story. 12

ရိုစီနာ သည် သူမ၏ရုံးခန်းမှ အာစတေးနီးယား သို့ စာရေးနေချိန်တွင် နန်းတော်အပြင်ဘက်တွင် ဆူညံနေမှန်း သိလိုက်ရသည်။

"ဒီ​နေ့ ဧည့်​သည်​​ရောက်​တာ​တော့ မကြားလိုက်​ပါဘူး..."

ရိုစီနာ သည် ပြတင်းပေါက်မှ လှမ်းကြည့်ရန် ထလိုက်စဥ် တံခါးခေါက်သံကြားရပြီး အယ်လာ၏ အသံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။

"အရှင်မင်းကြီး....ခဏလောက် ထွက်လာသင့်ပြီထင်တယ်"

သူမလည်း ဘောပင်ကိုချလိုက်ပြီး ရုံးခန်းထဲမှထွက်လာခဲ့၍ စင်္ကြံပေါ်မှဆင်းကာ နန်းတော်မှထွက်လာလျှင်...

“မဟုတ်ဘူး ဒါက…”

သေတ္တာပေါင်းများစွာကို နန်းတော်ရှေ့တွင် တစ်ခုပြီးတစ်ခု စုပုံထားတာဖြစ်သည်။ ၎င်းတို့သည် အနီရောင် ကတ္တီပါနှင့် ပြုလုပ်ထားသည့် သေတ္တာကြီးများမှ ပိုးဖဲကြိုးများဖြင့် ချည်ထားသော လက်ဖဝါးအရွယ် သေတ္တာများအထိ အမျိုးမျိုးပါရှိသည်။ အင်ပါယာတွင် မတွေ့ရသော ပန်းများနှင့် သစ်ပင်များကလည်း တစ်ခုပြီးတစ်ခု စီရီထားလေသည်။ သူမ အချိန်အတော်ကြာအောင် ကြောင်ကြည့်နေပြီးမှ သေတ္တာထမ်းနေသည့် အလုပ်သမားကို မေးကြည့်လိုက်သည်။

"နေပါဦး... လာပို့တာမှားနေပြီထင်တယ်"

“မဟုတ်ပါဘူးဗျ… အားလုံးကို နွေရာသီ နန်းတော်ရှေ့ အရောက်ပို့ပေးရမယ်လို့ ပြောထားပါတယ်"

အလုပ်သမား၏ စကားကြောင့် ရိုစီနာ မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ယောက်ယောက်က ထိုပစ္စည်းများကို လာဘ်လာဘအဖြစ် ပို့ထားတာဖြစ်နိုင်သည်။ သို့သော် ယခင်က သူမထံ လာဘ်လာထိုးသော မှူးမတ်တစ်ဦးကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းပြီးကတည်းက ဘယ်သူမှ မပို့ရဲကြတော့ပေ။

"ဘယ်သူပို့လိုက်တာလဲ"

“အဲဒါ…”

ထို့နောက် အလုပ်သမားက ပေးပို့သူ၏ လက်မှတ်ပါရှိသည့် စာရွက်သေးသေးလေးကို ပြလိုက်၏။

[ရာဟန်]

ရာဟန် က ဒါတွေအားလုံးကို ပေးတာလား....

ထိုစဉ်၊ လူတစ်ယောက်သည် ဥယျာဉ်ကိုဖြတ်၍ လျှောက်သွားနေသည်။ထိုအချိန်မှာပင်၊ရိုစီနာသည် သေတ္တာများကို အမှတ်မထင် စစ်ဆေးကြည့်လိုက်သည်။ ဥယျာဉ်ထဲမှ တဖျပ်ဖျပ်ခတ်နေသော အပြာရောင်ဝတ်ရုံကို လှမ်းမြင်လိုက်သည်နှင့် သူမ ထိုသူ့ကို စူးစူးရဲရဲစိုက်ကြည့်လိုက်ရာ ရာဟန်က လက်ပြနှုတ်ဆက်လေသည်။ ခဏကြာတော့ သူမ ရှေ့ ရောက်လာပြီး သေတ္တာတွေကို ဂုဏ်ယူစွာ ကြည့်လိုက်၏။

“အချိန်မီရောက်လာတာပဲ”

“…”

ရိုစီနာ သည် အဓိပ္ပာယ်မဲ့သော စကားကြောင့် ဆွံ့အသွားရ၏။ အချီးမွမ်းခံချင်နေပုံရသော ရာဟန် ၏ မျက်နှာအမူအရာကိုမြင်လျှင် သူမ မေးလိုက်မိသည်။

"ဒါတွေအားလုံးကဘာလဲ"

" လက်ဆောင်တွေလေ... ဖွင့်ကြည့်လိုက်ပါဦး"

သူမ ခေါင်းကိုက်သွားရ၏။ဤပစ္စည်းတွေအားလုံး ရာဟန် ဘယ်လို ဝယ်လာသလဲဆိုသည်ကို သူမ မသိပေ။

"ဘယ်က ပိုက်ဆံနဲ့ဝယ်ခဲ့တာလဲ"

ရာဟန် က ခဏလောက် အကြည့်လွှဲပြီးနောက် ဝန်ခံလိုက်သည်။

"ဘုရင်မင်းမြတ်အတွက် ခွဲဝေပေးထားတဲ့ ဘတ်ဂျက်ကို သုံးတာလေ"

ရိုစီနာ သည် ခဏမျှ တိတ်ဆိတ်သွားသည်။ ရာဟန် လက်ဆောင်ကို သူမ မလိုချင်တာမဟုတ်ပေ။ သို့သော် သူသည် ဘုရင်မင်းမြတ်ဖြစ်သည်။ ဘုရင်မင်းမြတ်သည် အမြဲတမ်း ရိုးသားဖြောင့်မတ်ရမည်။ ရှင်ဘုရင်အတွက် သတ်မှတ်ထားသည့် ဘတ်ဂျက်အတွင်း ဝယ်ထားလျှင်တောင်မှ တခြားသူတွေ အမြင်မှာ ထိုသို့ မြင်ကြမှာမဟုတ်ပေ။ သူ့ကို လွန်ကဲစွာဝေဖန်မည့်သူများရှိလာမည်မှာ သေချာသည်။သူမ ရာဟန် ကို အပြစ်မတင်စေချင်ပေ။ အထူးသဖြင့် ဈေးကိုသွားစဉ်ကလည်း သူ့ကို အတင်းအဖျင်းပြောသူတွေကို မျက်ဝါးထင်ထင်မြင်ဖူးထားလေ၏။

"...ရှင့် စေတနာကို ကျေးဇူးတင်ပါတယ်…ဒါပေမယ့် အားလုံးကို ပြန်ပေးစေချင်တယ်"

ထိုစကားကြောင့် ရာဟန် မျက်နှာက အနည်းငယ် တင်းမာသွားရပြီး သေတ္တာတွေကို တစ်လှည့် ရိုစီနာ ကို တစ်လှည့် ကြည့်နေတော့သည်။

"ဘာလို့လဲ...မင်းမကြိုက်ဘူးလား"

"နွေရာသီ နန်းတော်ဆီ လက်ဆောင်ပစ္စည်းတွေ အများကြီး ပို့ထားတာကို အားလုံးက ဘယ်လိုထင်ကြမလဲဟင်"

လေထုက နည်းနည်း တင်းမာလာ၍ အလုပ်သမားတွေရော ၊ အစေခံတွေပါ အနေရခက်သွားသည်။လက်ထောက် အယ်လာ လည်း သတိထားမိသည်။

သို့သော် ရိုစီနာ က ဂရုမစိုက်စွာပင် စကားကို အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

"ကျွန်မတို့ဟာ တခြားသူ‌တွေအတွက် စံနမူနာတွေ ဖြစ်သင့်တယ်"

ရိုစီနာ စကားကြောင့် ရာဟန် ၏မျက်နှာ အမူအရာမှာ မည်းမှောင်သွားသည်။

"ဒါက လက်ဆောင်တစ်ခုပဲလေ"

သို့သော် လက်ဆောင်တစ်ခုမျှမကဘဲ လုပ်ငန်းတစ်ခုလုပ်ဖို့ လုံလောက်သည့်ငွေကြေးပမာဏတစ်ခုပင် ဖြစ်သည်။

"ဘုရင်မင်းမြတ် ဖြစ်နေတာတောင်မှ မင်းကိုလက်ဆောင်ပေးလို့ မရဘူးလား"

“……”

"ကိုယ်ချစ်​တဲ့သူကို လက်ဆောင်​တောင်​မ​ပေးနိုင်​တဲ့ ဘုရင်​တစ်ပါး ကိုယ် မဖြစ်ချင်ဘူး"

ရာဟန် သည် ရိုစီနာ ကို ငေးကြည့်ရင်း စိတ်လှုပ်ရှားစပြုလာသည်ကို သတိပြုမိသောကြောင့် အမြန်ထွက်သွားဖို့ ပြင်လိုက်၏။ ဖြည်းညှင်းစွာ ဆက်သွားခဲ့သည်။

"...နေ့လည်အလုပ်အတွက် သွားလိုက်အုံးမယ်"

ရိုစီနာ သည် သူ နောက်ပြန်ဆုတ်သွားသည်ကိုသာ ကြည့်နေမိလေသည်။ ရာဟန် လုံးဝပျောက်ကွယ်သွားပြီးနောက် သူမကို စောင့်ကြည့်နေသည့် အလုပ်သမားက မေးလာသည်။

"အမ်…ပစ္စည်းတွေကို ဘယ်လိုလုပ်လိုက်ရမလဲဗျ"

“ဒီမှာ ခဏထား”

အလုပ်သမားတွေက သေတ္တာတွေကို သယ်နေစဉ် ရိုစီနာ နန်းတော်ထဲကို ဝင်သွားသည်။ သူမ ရုံးခန်းရှိ စားပွဲမှာ ထိုင်ပြီး ခုနက ရေးထားသည့် စာလေးကို ငုံ့ကြည့်လိုက်သည်။

[ အာစတေးနီးယား ကို ညီမ လာချင်ပါတယ်….]

သူမသည် အာစတေးနီးယား သို့သွားလိုကြောင်းရေးရန် ရည်ရွယ်ထားခဲ့သော်လည်း အလုပ်များနေတာကြောင့် ဆက်မရေးဖြစ်ခဲ့ပေ။ အဖြေကို ဘောပင်ဖြင့် ပြီးအောင်ရေးတော့မည်ဖြစ်သော်လည်း စကားတစ်ခွန်းမှမရေးဘဲ ခေါင်းယမ်းလိုက်သည်။

"သူရူးနေတာလား"

ရာဟန် ကို စော်ကားဖို့ သူမမှာ ရည်ရွယ်ချက် မရှိပေ။သူ့ကို အကြံကောင်းပေးဖို့သာ ကြိုးစားချင်နေမိသည်။

စားပွဲမှာ ခဏထိုင်ပြီးနောက် သူမ အဆောက်အဦးထဲက ထွက်လာတော့ သေတ္တာတွေ အများကြီးကို ကြည့်မိပြန်သည်။သူမ သေတ္တာများကို ဖြတ်၍ ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ ချမ်းအေးသည့် ရာသီဥတုအတွက် သင့်တော်သော ပိုးထည်၊ သိုးမွှေးပုဝါတစ်ထည်၊ အလွန်စွဲမက်စရာကောင်းသည့် ပုလဲ လည်ဆွဲများ....

အားလုံးက သူမ အကြိုက်တွေချည်းပင်။ သူသည် နိုင်ငံ့ရေးရာများကို ကိုင်တွယ်ဖြေရှင်းရန် အမှန်တကယ် အလုပ်များနေပေမည်၊ သို့သော် သူကိုယ်တိုင် တစ်ခုစီကို သေသေချာချာ ရွေးချယ်နိုင်သေးသည်။

သူဂရုတစိုက်ရွေးထားတဲ့ ပစ္စည်းတွေကို ပြန်ပေးလိုက်ရင် ဘယ်လောက်ဝမ်းနည်းစရာ ကောင်းမလဲ...

သူစိတ်မကောင်းဖြစ်သွားသည်မှာလည်း သဘာဝကျသည်။

ထို့ကြောင့် သူမ ရာဟန် ကို ဦးစွာတောင်းပန်သင့်သည်ဟု ဆုံးဖြတ်လိုက်သည်။ လက်ဆောင်ပေးသည့်အတွက် ကျေးဇူးတင်စကားလည်း ပြောရပေဦးမည်။

"အယ်လာရေ…အပြင်ထွက်ဦးမယ်"

ယခု သူမ ရာဟန် အတွက် လက်ဆောင်သွားဝယ်တော့မည်။

***

ပင်မနန်းတော်သို့ပြန်လာသော ရာဟန် သည် အလွန်နောင်တရသွားမိသည်။ ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ၊သူမကို ပြောဆိုပြီး ထွက်မလာသင့်ပေ။

ရိုစီနာ ဘယ်လောက်တောင် ဝမ်းနည်းနေလိမ့်မလဲ…

သူကသာ အားလုံးကို ပြန်ပေးမည်ဟု ပြောလိုက်လျှင် အားလုံးပြေလည်သွားလိမ့်မည် ဖြစ်သည်။ ရိုစီနာက မကြိုက်နိုင်ကြောင်း ပြော၍၊ မဆင်မခြင် ပြန်ပြောခဲ့ခြင်းမှာ သူ့အပြစ်ဖြစ်သည်။ သူ အလုပ်ပြီးသည်နှင့် တောင်းပန်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ရိုစီနာ ၏ အံ့ဩဘနန်း ဖြစ်နေသော မျက်နှာသည် သူ့စိတ်ထဲတွင် လင်းလက်နေရကာ ဘာကိုမှ မလုပ်နိုင်ပေ။

"ဟာ....အလုပ်လည်း လုပ်လို့မရပါလား"

ရာဟန် ‌ဘုန်းကနဲ မတ်တပ်ထရပ်လိုက်တော့ အတွင်းရေးမှူးနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့ကို တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။

"ပြန်တော့မယ်"

ထို့နောက် တိုတိုတုတ်တုတ်ပြောပြီး ရုံးမှ ချက်ချင်းထွက်လာခဲ့သည်။ သူ အခုချက်ချင်း နွေရာသီနန်းတော်ကို ပြန်သွားပြီး ရိုစီနာ ကို တောင်းပန်တော့မည်။

ထို့နောက် ရာဟန် သည် ပင်မနန်းတော်မှ အမြန်ထွက်ခွာပြီး နွေရာသီနန်းတော်သို့ ဦးတည်သွားခဲ့သည်။သေတ္တာများကို နန်းတော်အပြင်ဘက်တွင် စုပုံထားသဖြင့် သူ စိတ်မကောင်းဖြစ်ကာ အဆောက်အဦးထဲသို့ ဝင်သွားခဲ့သည်။

ရာဟန် သည် သူမ၏ ရုံးခန်းရှေ့တွင် ရပ်ကာ ခဏမျှ အသက်ပြင်းပြင်းရှူလိုက်ပြီး တံခါးခေါက်သော်လည်းအတွင်းထဲက ဘာသံမှ ထွက်မလာပေ။

"ရိုစီနာ…ကိုယ် ဝင်လာလို့ရမလား"

အဖြေမထွက်လာပြန်။

"ကိုယ် မှားသွားပါတယ်…"

ရာဟန် သည် တံခါးအပြင်ဘက်တွင် အကြာကြီး ရပ်ကာ တောင်းပန်ခဲ့သော်လည်း အတွင်းထဲက တိတ်ဆိတ်နေခဲ့သည်။မလှမ်းမကမ်းမှာ အလုပ်လုပ်နေသော အယ်လာသည် အံ့အားသင့်သွားပြီး ရာဟန် ကို လှမ်းခေါ်လိုက်သည်။

"အရှင်မင်းကြီး...ခဏနေပါဦး...ဘုရင်မက အပြင်ထွက်သွားတာပါ"

ထိုအခါမှ ရာဟန် စိတ်သက်သာရာရသွားသည်။ ရိုစီနာ တစ်ယောက် အလွန်ဒေါသထွက်နေမည်ဟု သူ ထင်နေသောကြောင့် သူ့နှလုံးခုန်သံများ တုန်ခါနေသော်လည်း ထိုစကားကြားတော့ ဝမ်းသာသွားရသည်။ထို့နောက် ရာဟန် သည် ရိုစီနာ ရုံးခန်းထဲသို့ဝင်သွားခဲ့သည်။ သူမ ပြန်မလာမချင်း စောင့်နေမည်ဟု ဆုံးဖြတ်လိုက်မိသည်။ သူ ရုံးခန်းကို ပတ်ကြည့်နေစဉ် စားပွဲပေါ်က စာရွက်တစ်ရွက်ကို သတိထားမိသွား၏။ သူ စူးစမ်းဖို့ မရည်ရွယ်သော်လည်း သူ့အကြည့်တွေက အလိုလို ရောက်သွားသည်။ စာလုံးလှလှလေးတွေနှင့် ပြည့်နေသည့် စာကြောင်းတစ်ခုက သူ့မျက်လုံးတွေကို ဖမ်းစားလိုက်လေတော့သည်။နှုတ်ဆက်စာက တစ်ဝက်သာ ရေးထားတာဖြစ်သည်။သူ မြန်မြန်ဖတ်လာရင်း နောက်ဆုံးစာကြောင်းကို ရောက်သောအခါ....သူ တွေဝေသွားရတော့သည်။

"အာစတေးနီးယား ကို ညီမ လာချင်ပါတယ်..."

ထို့နောက် စာက ဆုံးသွားလေပြီ။ ရာဟန် သူ့ကိုယ်သူတောင် မသိလိုက်ဘဲ ရေရွတ်လိုက်မိတော့သည်။

"မင်း အာစတေးနီးယား ကိုသွားချင်နေတာလား"

ရာဟန် ၏ မျက်နှာသည် ဖြူဖျော့လာရတော့သည်။

***

ရိုစီနာ သည် အစောင့်အကြပ်ဖြစ်သူ ကာလန် နှင့်အတူ နန်းတော်မှထွက်သွားသည်။ ရာဟန် အတွက် လက်ဆောင်ရွေးချယ်ရန် အချိန်အတော်ကြာ လျှောက်သွားခဲ့သော်လည်း ဘာကိုမှ သဘောမတွေ့သေးပေ။

"ငါ တစ်ကယ်ကို မနာလိုဖြစ်နေပြီထင်တယ်"

ရာဟန် သည် သူမအကြိုက်အားလုံးကို သိထားသော်လည်း သူမကတော့ သူ့တစ်ဝက်ကိုပင် လိုက်မမှီနိုင်ပေ။ သူမသည် ရာဟန် အား သူလိုချင်သည့် အရာတစ်ခုကို ပေးချင်မိသော်လည်း သူမဘယ်လောက်ပဲ ရှာရှာ သူ ကြိုက်သည့်ပစ္စည်းတစ်ခုကလေးတောင် မတွေ့သေးပေ။သူမ အတန်ကြာ လျှောက်သွားနေပြီးမှ ဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်လိုက်၏။အကြောင်းက ဘောပင်ကောင်းကောင်းလေး တစ်ခုကို တွေ့သွားတာကြောင့်ပင်။ အနက်ရောင် စင်တစ်ခုပေါ်တွင် အပြာရောင် အမွေးအမျှင်များ တပ်ထားသည့် ဘောပင်ကလေးအား ကိုင်ထားသည့် ရာဟန် ကို သူမ စိတ်ကူးကြည့်မိသည်။သူနှင့် အတော်ပင် အလွန်လိုက်ဖက်လေသည်။

သူမ ချက်ချင်း စတိုးဆိုင်ထဲသို့ ဝင်သွားပြီး မကြာမီ ပြန်ထွက်လာသောအခါ လက်ထဲတွင် ဖဲကြိုးဖြင့်ချည်ထားသော သေတ္တာတစ်ခု ပါလာခဲ့သည်။ သူမ သတိထားမိချိန်မှာ နေဝင်နေပြီဖြစ်ပြီး နီညိုရောင်ဖျော့ဖျော့အလင်းရောင်က ကောင်းကင်ကို ဖုံးလွှမ်းနေပါတော့သည်။ နွေရာသီကုန်ခါနီးပြီ ဖြစ်၍ ညတာက အမြန်ကို ရောက်လာတော့သည်။ တော်ဝင်နန်းတော်သို့ သူမ ပြန်ရောက်လျှင် မှောင်တောင်မှောင်နေနိုင်သည်။

“အချိန်ကျနေပြီ…”

အပြင်ထွက်မည်ဟု အယ်လာ အား ပြောခဲ့သော်လည်း ညစာမစားမီ အရောက်ပြန်ရမည်။ရာဟန် တစ်ယောက်တည်း ထမင်းစားခိုင်းလိုက်၍ မရပေ။ရိုစီနာသည် ရထားဆီသို့သွားနေရင်း အနည်းငယ် ဝမ်းနည်းသွားသည်။ တစ်နေကုန် လျှောက်သွားနေခဲ့သော်ငြား၊တစ်ခုသာ ရသေးသည်။ သူမ မကျေနပ်သောကြောင့် တဖြည်းဖြည်း ခြေလှမ်းတွေ နှေးလာရ၏။ပတ်ဝန်းကျင်က မှောင်စပြုလာသော်လည်း တချို့ဆိုင်ခန်းတွေက မီးတွေ လင်းလာကြသည်။ထိုစဥ် နက်ပြာရောင် ရေတပ်အပြာရောင်ခြယ်ထားသော ဆိုင်းဘုတ်တစ်ခုသည် လမ်းပေါ်တွင် လမ်းလျှောက်လာစဉ် သူမ မျက်လုံးများကို ဖမ်းစားခဲ့သည်။

ဆိုင်မှာ ဘာရောင်းတာလဲ....

ဝိုင်မျိုးစုံ ခင်းကျင်းပြသထားသည်ကို သူမ ကြည့်လိုက်မိသည်။ တွေးကြည့်လိုက်တော့ ရာဟန် က အတော်ပင် ဝိုင်ကြိုက်ပေသည်။ သို့သော်၊ သူမအကြိုက်လိုက်၍ အချိုဓာတ်ပါဝင်မှုများသောဝိုင်ကို သူ သောက်ခဲ့သည်။ ထို့ကြောင့် ယခုတစ်ကြိမ်သည် သူမ၏ အလှည့်ဖြစ်သည်။

ရိုစီနာ သည် ဆိုင်ထဲသို့ဝင်ကာ ဝိုင်ကိုကြည့်လိုက်လျှင် အပေါစားဝိုင်များမှ ဇိမ်ခံဝိုင်များအထိ အမျိုးမျိုးရှိပေသည်။ သူမ ဝိုင်ကို သေသေချာချာရွေးရသည်။ အချိုမကြိုက်သော ရာဟန် ကြောင့် ရွေးချယ်ရန် အချိန်အနည်းငယ်ယူရသည်။ သို့သော် လက်ဆောင်လှလှလေးဝယ်ပေးမည်ဖြစ်သောကြောင့် ဝမ်းသာနေမိသည်။

"ဘုရင်မ....အခု အိမ်ပြန်တာ ပိုကောင်းပါတယ်"

အစောင့်အကြပ်အဖြစ်လိုက်လာသော ကာလန် ၏စကားကြောင့် သူမ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်မိသည်။သူမတို့ အစောကြီးကတည်းက ထွက်လာခဲ့သော်လည်း ယခု မှောင်နေလေပြီ။

“နောက်ကျသွားပြီ...ကျွန်မတို့ မြန်မြန်သွားရမယ်"

ညစာစားချိန်ရောက်နေပြီ။

ရိုစီနာ သည် ရထားပေါ်သို့ တက်လာပြီး လက်ဆောင်များနှင့်အတူ စက္ကူအိတ်ကို ငုံ့ကြည့်လိုက်သည်။

ရာဟန် ကြိုက်မယ်လို့ မျှော်လင့်ရတာပဲလေ....

ပြတင်းပေါက်မှာခေါင်းမှီထားရင်း အပြင်ဘက်မှ ရှုခင်းသည် ထူးဆန်းသည်ဟု ရုတ်တရက် သူမ တွေးမိသည်။ လမ်းပေါ်မှာ ထောင်နှင့်ချီ နေနိုင်သည့် မီးအိမ်ကလေးတွေ လင်းထိန်နေတာပင်။သူမ ပြတင်းပေါက်မှ လှမ်းကြည့်မိလျှင် မီးလုံးများ များပြားနေရခြင်းမှာ စင်စစ်၊ သူရဲကောင်းများကိုယ်တိုင် မီးအိမ်ကိုင်ထားခြင်းဖြစ်လေတော့သည်။

"ဘာတွေဖြစ်နေတာလဲ"

မြို့တော်မှာ ရာဇ၀တ်ကောင် ပေါ်လာသလား…

ထိုစဉ် မြင်းအနက်စီးလာသော အမျိုးသားတစ်ဦးကို သူမ မြင်လိုက်ရ၏။ မှောင်နေ၍ သူ့မျက်နှာကို မမြင်ရသော်လည်း သူက ဘယ်သူလဲဆိုတာ သူမ ချက်ချင်းသိနိုင်သည်။

"ရာဟန်"



Xxxxx