အပိုင်း ၁၁၈(Side story. 13)
Viewers 13k

Chapter 118
Side story. 13

"ရာဟန်"

ရိုစီနာ လန့်သွားပြီး သူ့မျက်နှာကို ပြတင်းပေါက်နားသို့ ကပ်လိုက်သည်။ အပြင်းအထန် စိုက်ကြည့်ရင်း၊ တစ်ကယ်ပဲ ရာဟန် မှန်း သဘောပေါက်သွားရ၏။

"ရထားကို ရပ်လိုက်"

ရိုစီနာ ရထားကို အမြန်ရပ်ခိုင်းသည်။ ရထားက လမ်းဘေးမှာ ရပ်လိုက်တော့ သူမ ချက်ချင်း တံခါးဖွင့်ပြီး ပြေးထွက်သွားလိုက်၏။

"ရာဟန်!"

အော်သံက အကျယ်ကြီးမဟုတ်သော်ငြား အဝေးက ရာဟန် ချက်ချင်းရပ်သွားပြီး ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ ရာဟန် ၏ မျက်နှာသည် မှိတ်တုတ်မှိတ်တုတ် အလင်းရောင်ထဲတွင် ဖြူဖျော့နေတော့သည်။

“ရိုစီနာ…"

ရာဟန် သည် ရိုစီနာ ဆီသို့ အမြန်ပြေးသွားခဲ့သည်။သူက မြင်းပေါ်ကနေ လှိမ့်ချလိုက်ပြီး ဒူးထောက်ဖို့ ကြိုးစားလိုက်တာကြောင့် သူမ ကြောင်စီစီ ဖြစ်သွားရသည်။

"ဘာဖြစ်လို့လဲ"

"ရိုစီနာ....ကိုယ် မှားသွားပြီ"

တောင်းပန်စကားကြောင့် သူမ မျက်လုံးများ ပြူးကျယ်သွားသည်။ ရာဟန် သည် စိတ်ပျက်လက်ပျက် မျက်နှာထားဖြင့် သူမ၏ ပုခုံးကို ကိုင်ထားတာဖြစ်သည်။

"လက်ဆောင်တွေ အားလုံးကို ပြန်ပေးမှာမို့ ကျေးဇူးပြုပြီး မထားခဲ့ပါနဲ့"

"ဘယ်လို…အခု ဘာဖြစ်နေတာလဲ"

"... မင်း အာစတေးနီးယား ကို သွားဖို့ စီစဉ်နေတာ မဟုတ်ဘူးလား"

"ဟမ်"

သူ့စကားကြောင့် ရိုစီနာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။

"မဟုတ်ဘူး…ရှင်က ဘယ်လိုထင်ခဲ့တာလဲ..."

"... မင်းရဲ့ စားပွဲပေါ်က စာကို ကိုယ်တွေ့တာလေ"

ထို့နောက် ရာဟန် ခေါင်းငုံ့ကာ ခိုးကြည့်မိသည့်အတွက် ဝမ်းနည်းမိကြောင်း ထပ်ပြောလာသည်။သူမ ဆွံ့အသွားရပြန်သည်။ သူမသည် အာစတေးနီးယား သို့ ပေးပို့ရန် စာရေးနေတာပင်။ သူမသည် မြို့ဝန်မင်းကတော် အယ်လီဆာ ဆီကို ယခုနှစ်တွင် အာစတေးနီးယားသို့ လာရောက်လည်ပတ်နိုင်မလား ဆိုသည့် မေးခွန်းကို ပြန်ဖြေနေတာပင်။ သို့သော်၊ရာဟန် သည် စာတစ်စိတ်တစ်ပိုင်းကိုသာ မြင်ပြီး နားလည်မှုလွဲသွားပုံရသည်။

"ကျွန်မ စိတ်ဆိုးပြီး အာစတေးနီးယား ကိုသွားမယ်လို့ ထင်နေတာလား"

ရာဟန် က မဖြေ။တိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းဖြစ်၍ ရိုစီနာ သက်ပြင်းချလိုက်သည်။ အရင်တုန်းက သူမသည် ရာဟန် ကိုကွာရှင်းပြီး အာစတေးနီးယား ကို ပြန်လာဖို့စီစဉ်ထားခဲ့သည်။ အာစတေးနီးယား နှင့် ဆက်သွယ်ခဲ့ကြောင်း ရာဟန်ကို သူမ ဖုံးကွယ်ထားသောကြောင့် ယခုသိလိုက်ရ၍ စိုးရမ်သွားပေမည်။ ရုတ်​တရက်​ မှတ်​ဥာဏ်​​ဟောင်း​လေး​တစ်ခု ပေါ်လာရသည်​။ သူမ ခဏထွက်သွားသောအခါ ရာဟန် သူမကိုရှာရန် အပြေးအလွှားထွက်လာသောနေ့တစ်နေ့ဖြစ်သည်။ မိုးရေထဲမှာ လျှောက်သွားနေသည့် သူမကို မိုးပေးဖို့ ထီးတစ်လက်ကို ကိုင်ထားကာ သူ့မျက်လုံးတွေထဲမှာလည်း စိုးရိမ်မှုတွေက အထင်းသားနှင့်ပင်။ပြန်တွေးကြည့်တော့ သူက သူမကို အမြဲလိုက်ရှာခဲ့သူသာ ဖြစ်သည်။

"ကျွန်မ ဘယ်မှမသွားပါဘူး…ရှင် မပါဘဲ ကျွန်မက ဘယ်သွားရမှာလဲ"

ထို့နောက် ရာဟန် ကို ချက်ချင်းဖက်ထားလိုက်သည်။သူမ စကားကြောင့် စိတ်သက်သာရာရသွားဟန်တူကာ ရာဟန်၏ တောင့်တင်းနေသော ပုခုံးများမှာ ဖြေလျော့သွားကြသည်။ သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း သူမ တိုးတိုးလေးပြောလိုက်၏။

"တောင်းပန်ပါတယ်...ဒီနေ့က ကျွန်မ အမှားပါ"

ရိုစီနာ တောင်းပန်လိုက်တာကြောင့် ရာဟန် ခေါင်းကို ငုံ့ကြည့်လိုက်လျှင် သူမ တွေ့လိုက်ရသည့် အပြာရောင်မျက်လုံးတွေက အနည်းငယ် တုန်လှုပ်နေကြလျက်။

"ကျွန်မ ရှင့်ကို ဂရုစိုက်ခဲ့သင့်တယ်...ဒါပေမယ့် ရှင် ဘယ်လိုခံစားရနေရလဲ ဆိုတာ ကျွန်မ မသိခဲ့ဘူး"

သူမ၏ တောင်းပန်စကားကို တုံ့ပြန်သည့်အနေဖြင့် ရာဟန် သည် စကားတစ်ခွန်းမှ မပြောဘဲ ငြိမ်ပြီး ဖက်ထားးလေသည်။

"မင်း စိတ်ဓာတ်ကျနေသလိုဖြစ်နေတော့ ကိုယ်က မင်းကို ပျော်ရွှင်စေချင်တာပါ"

ရှင်းနေသည်မှာ အီလီယန် ကို အကယ်ဒမီသို့ ပို့ပြီးကတည်းက သူမ စိတ်ဓာတ်ကျနေ၍ ရာဟန် သည် စိုးရိမ်နေခဲ့တာ ဖြစ်ရမည်။ ရိုစီနာ စိတ်ထဲတွင် လေးလေးနက်နက် တွေးတောပြီး....

"ကျွန်မတို့ သူရဲကောင်းတွေကို အိမ်ပြန်လွှတ်ပြီး အတူတူ ညစာစားကြမလား"

ရာဟန် ကချက်ချင်း ခေါင်းညိတ်လိုက်သည်။ထို့နောက် ရိုစီနာသည် ကာလန် ကို သူရဲကောင်းတွေအား ပြန်ပို့ခိုင်းလိုက်၏။ သူမကြောင့် အားလုံး စိုးရိမ်သွားသောကြောင့် မနက်ဖြန်ကျလျှင် တောင်းပန်ရတော့မည်ဖြစ်သည်။ လမ်းပေါ်မှာ လင်းထိန်နေသည့် မီးရောင်တွေက တစ်ခုပြီးတစ်ခု ပျောက်သွားလျှင် သူတို့နှစ်ယောက် လေးလေးနက်နက် စကားစမြည်ပြောဖို့ အချိန်တန်သွားရသည်။

သို့နှင့်၊နှစ်ယောက်သား ညဉ့်နက်မှ နန်းတော်သို့ ပြန်ကြပြီး အိပ်ခန်းထဲသို့ ဝင်ကြသည်။ ရာဟန် ၀တ်စုံဝတ်နေစဉ် ရိုစီနာ က သူ့ကို ယနေ့ ဝယ်လာသည့်လက်ဆောင်ကို ပေးလိုက်၏။

"ဒါဘာလဲ"

"လက်ဆောင်လေ....အခု ဖွင့်ကြည့်လိုက်"

ရာဟန်က အံ့သြနေပုံဖြင့် သေတ္တာကို ပွတ်သပ်ကြည့်နေပြီး ဖဲကြိုးကို သေသေချာချာ ဖြုတ်၍ အဖုံးကို ဖွင့်လိုက်သည်။ နက်ပြာရောင်ဘောပင်ကို သေတ္တာငယ်တစ်ခုထဲတွင် ထည့်ထားတာဖြစ်သည်။ ထို့နောက် ရာဟန် က ဘောပင်ကို ထုတ်ပြီး ထပ်ခါထပ်ခါ ကြည့်လိုက်သည်။ သေးသွယ်ပြီး ရှည်လျားသော ဘောပင်သည် သူ့လက်ကြီးကြီးနှင့် အံဝင်ခွင်ကျ ဖြစ်နေသည်က အံ့ဩစရာပင်။

“သေသေချာချာတော့ ရွေးခဲ့တာပဲ… ဒါပေမယ့် မကြိုက်ရင် ပြောလေ”

“မဟုတ်ဘူး ကိုယ် တစ်ကယ်ကြိုက်တယ်"

သူက ခေါင်းယမ်းရင်း ဘောပင်ကို ဘူးထဲ အလွန်အဖိုးတန်သော အရာတစ်ခုကို ကိုင်တွယ်နေသလို တယုတယ ပြန်ထည့်လိုက်သည်။ထို့နောက် ဘူးကို ပြန်ပိတ်ရင်း...

"တစ်သက်လုံးသုံးလို့ မရဘူးထင်တယ်"

"ဒါဆို ဗီရိုထဲမှာ ထည့်ထားတာ မကောင်းဘူးလား"

သူက သည် ရိုစီနာ ၏ ရယ်စရာကောင်းသောမေးခွန်းကို မဖြေခဲ့ပေ။ သို့သော်၊ဗီရိုထဲမှာ သိမ်းထားဖို့ အလေးအနက်တွေးနေကြောင်း သူမ သဘောပေါက်လိုက်ပါ၏။

"ရှင် တစ်ကယ် ဗီရိုထဲမှာ ထည့်ထားမှာလား"

“ဒါက မင်းဆီက ပထမဆုံး ဘောပင် ဆိုတော့…”

ရိုစီနာ ရုတ်တရက် အလွန်ဝမ်းနည်းသွားသည်။ ဤကိစ္စတွေအားလုံးက သူမ မကြာခဏ လက်ဆောင်တွေ မပေးတာကြောင့်ပင်။သူလည်း မသုံးတော့ဘဲ သိမ်းထားရတာဖြစ်သည်။

"ကျွန်မ ရှင့်ကို နောက်ထပ်လက်ဆောင်တစ်ခုပေးမယ်"

ချက်ချင်း ရာဟန်က ဗီရိုကို တစ်ချက်ကြည့်လိုက်ပြန်သည်။ ဗီရိုအဟောင်းထဲတွင် လွန်ခဲ့သော ရှစ်နှစ်က ရိုစီနာ သူ့ကိုပေးခဲ့သော အဝတ်အစားများနှင့် သူမပေးပို့သော စာများကို အထဲမှာ သိမ်းဆည်းထားဆဲဖြစ်သည်။ နောက်ထပ် အသစ်တစ်ခုကိုလည်း ယနေ့ ထပ်ထည့်ဖို့ စီစဉ်ထားသေး၏။

"အိုး ကျွန်မမှာ နောက်ထပ်တစ်ခုရှိသေးတယ်"

ထို့နောက် သူမ သေတ္တာတစ်ခုကို စားပွဲပေါ်တင်လိုက်သည်။

"ဘာမှမထူးခြားပါဘူး...ဝိုင်ပဲ"

သူမသည် သေတ္တာကို လှလှပပ ထုပ်ပိုးထားတာ ဖြစ်သည်။ ထို့နောက် ဈေးကြီးဘရန်းတံဆိပ်ပါသော ဝိုင်ပုလင်းကို ခွက်တစ်ခုထဲကို လောင်းထည့်လိုက်လျှင် စွဲမက်စရာရနံ့သည် အိပ်ခန်းထဲသို့ ပျံ့လွင့်လာရသည်။ သူမ ဝိုင်ခွက်တစ်ခွက်ကို ယူရင်း ပြောလိုက်၏။

"ရှင်က ကျွန်မ အကြိုက်အတိုင်း အမြဲသောက်တယ်လေ.... ဒီနေ့ ရှင့်အကြိုက်ကို ကျွန်မ လိုက်သောက်ကြည့်မယ်"

ရာဟန် သဘောကျသွားသည်။ သူက ဝိုင်ခွက်ကို ငုံ့ကြည့်ပြီး သူမကို မော့ကြည့်လိုက်သည်။

"‌ နောက်ဆို ကိုယ် မင်းကို ပိုကောင်းပေးပါ့မယ်"

“အခုထက် ပိုကောင်းအောင် လုပ်ရင်ကျွန်မ ဘယ်လို နေရမှန်းတောင် သိမှာမဟုတ်ဘူး"

ထို့နောက် နှစ်ယောက်သား စားပွဲတစ်ခုတွင် ထိုင်ကာ ဝိုင်သောက်ကြသည်။ ခါးသီးသော အရသာကို နှစ်ယောက်သား အတူတူခံစားလိုက်ကြသည်။ ဝိုင်က အတော်လေး အရသာထူးကဲသည်မို့ အမြန်ပင် တစ်ခွက်ကုန်သွားကြသည်။

ရိုစီနာ နှင့် ရာဟန် တို့ဟာ ညနက်သည်အထိ စကားစမြည်ပြောနေကြပြီးနောက် မီးတွေပိတ်ပြီး ကုတင်ပေါ်မှာ လှဲချလိုက်သည်။ တစ်နေ့လုံး ပင်ပန်းထား၍ ခဏအကြာမှာ နှစ်ယောက်လုံး အိပ်ပျော်သွားကြသည်။

မိုးလင်းသည်နှင့်....

“အိုး…”

ထူးဆန်းသောအသံများကြားပြီးနောက် ရိုစီနာ နိုးလာသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း တိတ်ဆိတ်မှုက အိပ်ခန်းထဲတွင်သာ ပြည့်နေသည်။ သူမ နားကြားမှားနေသလားဟု တွေးကာ ပြန်အိပ်လိုက်ပြန်သည်။

“ရိုစီနာ…”

သူမ ဘေးနားမှ ထွက်ပေါ်လာသော အသံကြောင့် ရိုစီနာ ချက်ချင်း ပြန်နိုးလာရ၏။ အလင်းရောင်မှိန်ဖျော့ဖျော့ဖျော့သည် ရာဟန် မျက်နှာကို လင်းလင်း တောက်ပနေသည်။ရွှေရောင်ဆံပင်အောက်တွင် သူ၏ အေးစက်သော ချွေးများကြောင့် မျက်နှာငယ်ကလေး ဖြစ်နေရသည်။

'သူ အိပ်မက်ဆိုး မက်နေတာလား'

ရိုစီနာ သည် ရာဟန် ဆံပင်များကို ပွတ်သပ်လိုက်သည်။

"...ရာဟန် ကျွန်မ ဒီမှာလေ"

တိုးတိုးလေးပြောလိုက်တာဖြစ်သော်လည်း ချက်ချင်းပင် ရှုံ့တွနေသည့် သူ့နဖူးက ပြေလျော့သွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးအနည်းငယ် ပေါ်လာကာ သူ့မျက်နှာကလည်း ပျော့ပြောင်းသွားသည်။ ထို့နောက် သူမ စောင်ကို ဖြည်းညှင်းစွာ ရုတ်လိုက်ပြီး သူ့ကိုယ်ပေါ်မှာ မှောက်ချကာ ‌ဖက်ထားပေးလိုက်၏။ခဏအကြာတွင် သူ၏ သက်တောင့်သက်သာ ဖြစ်သွားသော သူ့ အသက်ရှုသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေတော့သည်။ ထို့နောက် သူမက မပျောက်သေးသော ဝိုင်ရနံ့ကို ရှူရှိုက်ရင်း သူ့ပါးပြင်ကို နမ်းလိုက်သည်။

"ကောင်းကောင်း အိပ်ပျော်ပါစေ"

ထို့နောက် နှစ်ယောက်သား ပွေ့ဖက်ကာ အိပ်ပျော်သွားကြသည်။

***

ပူပြင်းလှသော နွေရာသီသည် ကုန်လွန်ခဲ့ပြီး ချမ်းစိမ့်စိမ့် ဆောင်းဦးရာသီသည် လျင်မြန်စွာ နီးကပ်လာသည်။ ထိုအချိန်တွင် တော်ဝင်နန်းတော်သည် စတင်တည်ထောင်ခြင်း အခမ်းအနားအတွက် ပြင်ဆင်မှုများ အလွန်အလုပ်များနေပါသည်။ ရာဟန် နန်းတက်ပြီးကတည်းက ပထမဆုံး တည်ထောင်ခြင်းနေ့ဖြစ်သောကြောင့် လုပ်စရာများစွာရှိနေသည်။ ရိုစီနာ သည် စီစဉ်စရာ ကိစ္စများကို တရစပ်စီမံပေးရ၏။ ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းခဲ့ပြီး မလိုအပ်သော သို့မဟုတ် ဆန့်ကျင်ဘက်ဖြစ်သော အကျင့်ဆိုးများအားလုံးကို မလုပ်စေဘဲ ဖယ်ရှားပစ်ခဲ့သည်။

အထူးသဖြင့် စတင်တည်ထောင်သည့် ပွဲတော်၏ သင်္ကေတဟု ခေါ်ကြသော ထုံးတမ်းဓလေ့တစ်ခုကို လုံးဝ ဖယ်ထုတ်ထားသည်။ မှူးမတ်များအား နတ်ဘုရားများ၏ တန်ခိုးဟု ဆိုကာ ရေခွက်နှင့် စမ်းသပ်ခြင်းသည် ဘုရင်များက သူတို့ အာဏာတည်တံ့စေရန် ပြုလုပ်ထားခြင်းဖြစ်၍ ထိုထုံးစံကို လုံးဝ ချန်လှပ်ခဲ့သည်။ ထို့အပြင် သူမသည် ပွဲတော်အတွက် ဘတ်ဂျက်ငွေကို ဂရုတစိုက် စီစဉ်ပေးရသည်။ ယခင်က ပွဲတော်အတွက် ပြင်ဆင်နေချိန်တွင် ဝန်ထမ်းအများအပြားက ကုန်ပစ္စည်းများကို အိမ်ပြန်ယူကာ အလွဲသုံးစားလုပ်ခဲ့ကြသော်လည်း။ယခုနှစ်ကမူ သေသေချာချာ စာရင်းလုပ်ထား၍ ထိုသို့ လုပ်၍ မရတော့ပြီ။ ငွေအများကြီး ချွေတာနိုင်သည့်အတွက်လည်း သူမကိုယ်သူမ ဂုဏ်ယူမိလေသည်။ဤသို့ဖြင့် စတင်တည်ထောင်ခြင်း အခန်းအနားကို ရောက်လာကြသည်။

ပထမနေ့တွင် တော်ဝင်မိသားစုသည် ရထားလုံးစီးပြီး မြို့တော်ကို လှည့်ပတ်ရသည်။ ပြည်သူများသည် ပန်းများ ကျဲချကာ ဘုရင်မင်းမြတ်နှင့် ဘုရင်မ အသစ်ကို ကြိုဆိုကြသည်။ နတ်ဘုရားထုံးတမ်းစဉ်လာကို ဖျက်သိမ်းလိုက်သည်နှင့် ပြည်သူများနှင့် စကားစမြည်ပြော၍နှုတ်ဆက်ဖို့ အချိန်ပိုရလာသည်။ ပွဲတော်၏ ဒုတိယမြောက်နေ့တွင် တော်ဝင်နန်းတော်၏ ဧည့်ခံပွဲကို ကျင်းပခဲ့သည်။ ယနေ့ကို စောင့်မျှော်နေသကဲ့သို့၊ အင်ပါယာမှ မှူးမတ်များအားလုံး တော်ဝင်နန်းတော်တွင် စုရုံးရောက်ရှိလာကြသည်။ ထိုပွဲ၌ အမျိုး သမီးများသည် လူမှုရေးဘုရင်မက မည်သူ ဖြစ်သည်ကို ဆုံးဖြတ်ရန် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ကြသည်။

ပွဲအတွက် လူတိုင်းက မျှော်လင့်ချက်ကြီးကြီးထားသော်လည်း ရာဟန် ကမူ ပွဲတစ်လျှောက်လုံး ရိုစီနာ ကို တခြားသူတွေက စိတ်ဝင်စားမှုရှိမရှိ စောင့်ကြည့်ရန်သာ အလုပ်များနေရသည်။ နောက်ဆုံးတော့ ရိုစီနာ ပေါ်လာသည်။ သူမသည် ပုခုံးကို ဖော်ထားသည့် အပြာရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ပုလဲများဖြင့်လည်း ဆံပင်ကို အလှဆင်ထားသည်။ သူမ လျှောက်လှမ်းလိုက်တိုင်း သူမ ဂါဝန်သည် နွေဦးလေပြည်တိုက်သလို တဖျပ်ဖျပ်လွင့်ခါသွား၏။ သူမ ဂါဝန်၏ ပန်းပွင့်ပုံသဏ္ဌာန်ကိုမြင်ပြီး ဧည့်သည်များအားလုံး အံ့အားသင့်‌နေကြတော့သည်။ဘုရင်မသည် ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်တတ်သည်ဟာ ထင်မြင်နေသူများပင် အချိန်အတော်ကြာအောင် အံ့သြသွားကြသည်။

ရိုစီနာ ပေါ်လာပြီးကတည်းက အားလုံး၏ အကြည့်များက သူမဆီသို့ ဦးတည်သွားခဲ့သည်။ထို့နောက် နောက်ကျမှ ပေါ်လာသည့် အီဘယ်လာ က ရိုစီနာ နှင့် ပေါင်းလိုက်သည့်အခါ ဧည့်သည်များမှာ သူမတို့နှစ်ယောက်ကို ရင်သပ်ရှုမောဖွယ် ကြည့်နေကြပြီး သူမတို့အနားကို တိုးသွားကြလေသည်။ လူမှုအသိုင်းအဝိုင်း၏ အဓိကကျသူဖြစ်လာသော ရိုစီနာ သည် အများက အလွန်အာရုံစိုက်ခံရခြင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သော်လည်း သူမကိုယ်သူမ ယုံကြည်မှု ရှိနေသည်။

ထို့နောက် နိုင်ငံခြားသံတမန်များက သူမအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။ အဖိုးတန်ပြီး စွဲမက်ဖွယ်ကောင်းသော လက်ဆောင်များ ပေါ်လာသော်လည်း အဝေးမှ ကြည့်လျှင်တောင် ထင်ရှားသော လက်ဆောင်မှာ အာစတေးနီးယား မှ လက်ဆောင်ပင် ဖြစ်သည်။ သံတမန်များသည် မြို့ဝန်မင်း နှင့် မြို့ဝန်မင်းကတော်တို့ဖြစ်သည်။ ရွှေဖြင့်ပြုလုပ်ထားသော လှည်းတစ်စီးနှင့် မြင်းတစ်ကောင်တို့ ပေးလိုက်ခြင်းဖြစ်၏။ရထားကြီးသည် ရွှေအပြည့်ပါပြီး တန်ဖိုးမှာ မရေမတွက်နိုင်အောင် များပြားလှသည်။သို့သော်လည်း အားလုံးကို ပိုပြီး အံ့အားသင့်စေတာက....

"အာစတေးနီးယား တိုင်းပြည်ဟာ ဟာဘက် အင်ပါယာနဲ့ မိတ်ဖွဲ့ ဆက်ဆံလိုပါတယ်"

အာစတေးနီးယား ၏ သံတမန်အဖြစ် ရောက်ရှိလာသော မြို့ဝန်မင်း ဟီလစ်က ဦးစွာ လျှောက်တင်လိုက်၏။ အာစတေးနီးယား သည် ယခုအချိန်အထိ တံခါးပိတ်မူဝါဒကို လိုက်နာခဲ့သော်လည်း ယခုမူ ရိုစီနာ ဘုရင်မရာထူးမှ ဆင်းသက်သည်အထိ ဖလှယ်မှုများ ဆက်လက်လုပ်ဆောင်ရန် ကတိပြုခဲ့သည်။ မှူးမတ်တွေခမျာ အံ့သြလွန်း၍ မျက်လုံးတွေတောင် ပြူးနေကြသည်။လူတိုင်းက အာစတေးနီးယား ရွှေကျွန်းကို မက်မောကြသော်လည်း အခုအချိန်အထိ ဘယ်သူမှ ကျူးကျော်မရသော၊ငေးကြည့်ခွင့်တောင် မရှိသော အရာတစ်ခုဖြစ်သည်။

သို့ရာတွင်၊ ယနေ့ မူ ရွှေကျွန်းကြီး ပွင့်သွားပြီဖြစ်သည်။ အာစတေးနီးယား နှင့် အင်ပါယာကြား အပြန်အလှန်ဖလှယ်မှုကို မြှင့်တင်ပေးသည့် ရိုစီနာကိုအားလုံးကျေးဇူးတင်ပါသည်။အင်ပါယာအတွက် တစ်ကယ့်ကို ကြီးမားသည် အောင်မြင်မှုတစ်ခုပင်။ မှူးမတ်တို့သည် စည်းလုံးညီညွတ်စွာပင် ဘုရင်မင်းမြတ်ကို ချီးမွမ်းလိုက်ကြသည်။

ပွဲတော်စတင်ပြီးနောက် ရိုစီနာ သည် အကယ်ဒမီမှ ခေတ္တပြန်လာသော အီလီယန် နှင့် အချိန်အများစုကို ကုန်ဆုံးခဲ့သည်။အရင်က ကောင်းကောင်းမလည်ပတ်ခဲ့ရသည့် ပွဲတော်ကို အီလီယန်လည်း တက်ရောက်ခဲ့ပြီး တော်ဝင်နန်းတော်ရှိ ရေကန်ဘေးမှာ ပျော်ပွဲစားထွက်ခဲ့ကြသေးသည်။ အီလီယန် အကယ်ဒမီက ပြန်ရောက်သောအခါ တော်ဝင်နန်းတော်တစ်ခုလုံးသည် အေးအေးချမ်းချမ်းဖြစ်လာသည်။ အရင်တုန်းက အလွန်အလုပ် မများတော့ဘဲ အားလုံးက အေးချမ်းသောနေ့ရက်များကို ပိုင်ဆိုင်လာကြသည်။ ဆောင်းဦးရာသီသို့ ကူးပြောင်းဝင်ရောက်လာသည်နှင့်အမျှ တော်ဝင်နန်းတော်သည်လည်း ဆောင်းရာသီအတွက် ပြင်ဆင်လိုက်ကြသည်။ဤအချိန်မှာ အလုပ်ကလည်း သိပ်မရှိ၍ အေးအေးဆေးဆေးပင်။

ခါတိုင်းထက်ပို၍ အေးအေးဆေးဆေး အလုပ်လုပ်နေသော ရိုစီနာ သည် ဆောင်းရာသီမရောက်မီ အငတ်ဘေးဖြစ်ပွားသည့်နေရာများသို့ အဓိက ခရီးသွားသင့်သည်ဟု သူမ ထင်မိသည်။ အင်ပါယာတစ်ခုလုံးကို ပတ်မလည်နိုင်လျှင်တောင် မြို့တော်နားက နယ်မြေတစ်ခုလုံးကို လှည့်ပတ်ချင်မိသည်။ သူမကိုယ်တိုင် စားပွဲခုံနောက်မှ ထွက်ပြီး ပြည်သူများ ဘာလုပ်နေသည်ကို ကြည့်ရမည်။ ရာဟန် ကလည်း သူမ ဆန္ဒကို လေးစားခဲ့ပြီး အစည်းအဝေးတွင် ခရီးစဉ်ကို အတည်ပြုပေးခဲ့သည်။ ပြင်ဆင်မှုများ ချောချောမွေ့မွေ့ဖြစ်ခဲ့ပြီး ခရီးစဉ်အတွက် ထွက်ခွာမည့်ရက်မှာ နီးကပ်လာခဲ့သည်။

ရထားပေါ်မတက်မီ ရာဟန် သည် ရိုစီနာ ၏ အဝတ်အစားကို တစ်ချက်ကြည့်ရင်း

"မင်း အဝတ်အစားတွေက အရမ်းပါးလွန်းနေတယ်"

မြို့တော်၏ အပူချိန်သည် သိသိသာသာ ပြောင်းလဲခြင်းမရှိသော်လည်း ရာသီလေးခု အပြောင်းအလဲကြားတွင် ကွဲပြားမှုရှိသည်။

"နည်းနည်းပူနေသေးတယ်လေ"

"မြောက်ဘက်ကို တက်ရင် ဒီ့ထက် ပိုအေးလာမှာ"

အဆုံးတွင် ရိုစီနာ သည် ထူထဲသောအပေါ်ထပ် ၀တ်လိုက်ရသည်။

ရာဟန် နှင့် ရိုစီနာ တို့သည် နန်းတော်မှ ထွက်ခွာပြီး နယ်မြေဒေသများကို တစ်ခုပြီးတစ်ခု လည်ပတ်ခဲ့ကြသည်။ ဘယ်သူ့ကိုမှ ပြောထားခြင်းမရှိဘဲ တိတ်တိတ်ဆိတ်ဆိတ် လာရောက်လည်ပတ်ခဲ့သော်လည်း နယ်မြေအုပ်ချုပ်သူတွေက သူတို့ကို တော်ဝင်မိသာစုမှန်း သိကြ၍ ဂရုတစိုက်ဆက်ဆံ‌ေပသည်။ ကြိုဆိုပွဲအခမ်းအနားကျင်းပပြီး၊ လျှို့ဝှက်လာဘ်ထိုး ကြသည် နယ်မြေ အုပ်ချုပ်သူများလည်း ရှိခဲ့သည်။ သူတို့သည် ငတ်မွတ်ခေါင်းပါးမှု ဖြစ်ပွားသည့်နေရာများသို့ တမင်တကာသွားရောက်လည်ပတ်ခဲ့ကြသော်လည်း၊ အခြေအနေက သိပ်မကောင်းပေ။ ရာဟန် သည် ခါတိုင်းဆိုလျှင် သူ့ကိုယ်စား တစ်ယောက်ယောက် စေလွှတ်ခြင်းဖြင့် အခြေအနေကို ကြည့်ကျက် စီစဉ်ခဲ့တာဖြစ်သည်။

သူတို့ခရီးစဉ်အပြီး တစ်လအကြာမှာ ဘုရင်မင်းမြတ်နှင့် ဘုရင်မတို့ ခရီးထွက်လာသည့် သတင်းဟာ အင်ပါယာတစ်ခုလုံး ပျံ့နှံ့သွားခဲ့၏။ လူတွေက သူတို့ ကိုယ်ပိုင်အိမ်အထိ လာမည်အထင်နှင့် ရာဟန် တို့ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းခဲ့ကြသည်။ ဘုရင်မင်းမြတ်နှင့် ဘုရင်မတို့သည် အလွန်ကျော်ကြားလာသဖြင့် သူတို့ကို တွေ့ချင်သူတွေကလည်း ဒုနှင့်ဒေးပင်။

ပြဿနာများကို တစ်ခုပြီးတစ်ခု ကိုင်တွယ်နေရသော ရိုစီနာ သည် မြို့တော်၏ မြောက်ဘက်အစွန်းရှိ ဒေသကြီးတစ်ခုဖြစ်သည့် လက်စ် သို့ ရောက်ရှိခဲ့သည်။ ရွာငယ်သုံးရွာကို အုပ်စိုးသော လက်စ် ၏ အုပ်ချုပ်သူသည် သူမတို့ လာရောက်လည်ပတ်သောအခါ ခြေဗလာဖြင့် ပြေးထွက်လာပြီး ကြိုဆိုခဲ့သည်။ထို့နောက် သူမတို့ နယ်မြေအုပ်ချုပ်သူက ညစာစားဖို့ ဖိတ်ကြားသည်ကို လက်ခံခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူကျွေးသော အစားအစာကိုကြည့်ပြီး ဤနယ်မြေ၏ အခြေအနေကို နားလည်နိုင်တာကြောင့်ပင်။

ညစာစားရန် ပြင်နေကြသော ရိုစီနာ နှင့် ရာဟန် တို့သည် ညစာအတွက် အစားအသောက်များကို တွေ့ရတော့ အံ့အားသင့်သွားသည်။ စားပွဲပေါ်တွင် တင်ထားသည့် အစားအသောက်များသည် သာမန်လူများ စားသောက်ကြသည့် ရိုးရိုးဟင်းပွဲများပင်။

"တောင်းပန်ပါတယ်....ဒါတွေက အရှင်မင်းကြီးတို့အတွက် အဆင်မပြေလောက်ပါဘူး…”

နယ်မြေအုပ်ချုပ်သူသည် ရှက်ရွံ့ဟန်ဖြင့် ခေါင်းငုံ့ကာ ဆက်ပြောသည်။

"ကျွန်တော် ကောင်းကောင်း ကျွေးမွေးချင်ပေမယ့် စီးပွားရေးအခြေအနေက မကောင်းတဲ့အတွက် ပါဝင်ပစ္စည်းတွေ အများကြီး မတတ်နိုင်လို့ပါခင်ဗျာ"

ရိုစီနာ က ဘာမှမပြောဘဲ အာလူးသီးပြုတ်ကို ကိုက်စားလိုက်သည်။အာလူးသီးပြုတ်မှာ အရသာရှိသော်လည်း ဘာအစာပလာမှ သိပ်မပါနိုင်အောင် ရိုးရှင်းလှ၏။

"အရသာရှိတယ်.... စားဖိုမှူးက အရမ်းတော်တာပဲ"

ရိုစီနာ ၏ ချီးမွမ်းစကားကြောင့် အုပ်ချုပ်သူခမျာ မျက်နှာရွှင်လန်းလာရတော့သည်။ သူ စိုးရိမ်နေမိတာကြောင့် တိတ်တိတ်လေး သက်ပြင်းတစ်ချက်ချလိုက်၏။

ရိုစီနာ သည် ဂျုံမုန့်ယူပြီး ဇွန်းကို ခဏချထားလိုက်သည်။

"ဒီနှစ် မိုးခေါင်သလား"

“မဟုတ်ပါဘူး...မိုးက ကောင်းပါတယ်"

"ဒါဆို ဘာလို့လဲ..."

“အဲဒါ…”

ထို့နောက် နယ်မြေအုပ်ချုပ်သူက ထိုဒေသတွင် ဖြစ်ပျက်ခဲ့သမျှကို ပြောဆိုခဲ့သည်။ ဒေသခံများအတွက် သီးနှံအလုံအလောက် ရရှိခဲ့သော်လည်း ယမန်နှစ် ဆောင်းရာသီတွင် တောဝက်များသည် မြောက်ဘက်မှ ဆင်းသက်လာပြီး အနီးနားရှိ တောအုပ်များတွင် အခြေချနေထိုင်ခဲ့ကြသည်။ တောဝက်များကို မောင်းထုတ်ရန် ကြိုးစားသော်လည်း တောဝက်များသည် နွားများကို ဆွဲကာ လူတွေကိုပါ ခြိမ်းခြောက်လာခဲ့သည်။ ဒေသခံများသည် တောဝက်ကို အနိုင်မယူနိုင်သောကြောင့် လက်မှိုင်ချ၍ စောင့်ကြည့်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။

သို့ရာတွင် လယ်ယာလုပ်ငန်းကို စွန့်လွှတ်ရန် မဖြစ်နိုင်သောကြောင့် ခါတိုင်းကဲ့သို့ စိုက်ပျိုးကြသော်လည်း တောဝက်များ ပြန်လာ၍ စားသောက်ကြသဖြင့် အငတ်ဘေးနှင့် ရင်ဆိုင်ခဲ့ရသည်။ နယ်မြေအုပ်ချုပ်သူသည် မခံမရပ်နိုင်ဖြစ်ပြီး ယမန်နှစ်က တော်ဝင်နန်းတော်ထံ အကူအညီတောင်းခဲ့သည်။ သို့ရာတွင် လျစ်လျူရှုခံခဲ့ရပြီး အဆုံးမှာ၊ သူတို့ ရွေးချယ်စရာမရှိတော့ဘဲ ဒီနှစ်မှာလည်း ထပ်ပြီး အငတ် ဘေးနှင့် ရင်ဆိုင်ခဲ့ရတော့သည်။ နယ်မြေအုပ်ချုပ်သူ၏ ရှင်းပြချက်ပြီးသောအခါ စားပွဲဝိုင်းသည် တိတ်ဆိတ်သွားသည်။

"တောဝက်တွေက တောင်ပေါ်ကနေ အမြဲဆင်းလာတယ်ဆိုတော့ ဒီနေ့ရော ပေါ်လာနိုင်မလား"

“ဖြစ်နိုင်ပါတယ်.... စစ်သည်တွေနဲ့ မြို့ခံတွေက အလှည့်ကျ ကင်းလှည့်နေကြပေမယ့် ဒီနေ့ ပေါ်လာပြီး အသားကုန် ပြန်စားကြမယ် ထင်ပါတယ်"

စိုးရိမ်စိတ်ထားသလို အဖြထွက်လာတော့သည်။ ရိုစီနာ အတွေးကမူ ဤပြဿနာသည် ယခုချက်ချင်း ဖြေရှင်းနိုင်သည်ဟု တွေးမိလေသည်။

"ရိုစီနာ… တောဝက်တွေက ရက်စက်တယ်လို့ ကြားတယ်...အဆင်ပြေပါ့မလား"

ရာဟန် သည် ရိုစီနာ အတွက် ပထမဆုံး စိတ်ပူသွားမိသည်။

" ရပါတယ်....ရှင် သိတယ်မဟုတ်လား...ကျွန်မ အစွမ်းအစကို"

ရိုစီနာ က ပြုံးပြီး မကောင်းဆိုးဝါးများနှင့် ပြဿနာကိုပင် သူမကိုယ်တိုင် ဖြေရှင်းခဲ့ကြောင်း ပြောလိုက်သေးသည်။ သို့တိုင် ရာဟန် မှာ စိတ်မသက်မသာဖြစ်နေပုံရပြီး သူ့ဘေးနားတွင်သာ အသာနေရန် သူမကို တိုက်တွန်းခဲ့သေးသည်။



Xxxxx