အပိုင်း၁၁၉(Side story.14)
Viewers 13k

Chapter 119
Side story.14

ထမင်းစားပြီးနောက် ရိုစီနာ နှင့် ရာဟန် သည် နယ်မြေအုပ်ချုပ်သူ နောက်မှ လိုက်သွားခဲ့သည်။ ရွာအနောက်ဘက်သို့ ဦးတည်သွားသောအခါတွင် ဒေသခံများ၏ လယ်ကွင်းများ ပေါ်လာသည်။ တစ်ဝက်မှာ အတူးဆွခံထားရပြီး ကျန်တစ်ဝက်ကို ကောက်ပဲသီးနှံများ စိုက်ပျိုးထားတာဖြစ်သည်။ အမှောင်ထဲတွင် မီးတုတ်များကိုင်ဆောင်ထားသော လူများသည် နယ်မြေအုပ်ချုပ်သူကို မြင်ပြီး အလျင်အမြန်ချဉ်းကပ်လာကြသည်။

“သခင်”

နယ်မြေအုပ်ချုပ်သူသည် ဒေသခံများထံမှ ယုံကြည်မှုများစွာ ရရှိထားပုံရသည်။ သူတို့က နယ်မြေအုပ်ချုပ်သူကို နှုတ်ဆက်ပြီး ရာဟန် နှင့် ရိုစီနာ ကို စိုက်ကြည့်နေကြ၏။

“ဘယ်သူတွေလဲ…”

ရိုစီနာ သည် ရုန်းရင်းဆန်ခတ်ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် အသာငြိမ်နေလိုက်သည်။သို့သော်လည်း၊ရွာခံတွေက သူမတို့ကို သိထားပြီးသားပင်။ ရွှေရောင်နှင့် အနီရောင်ဆံနွယ်များသည် နေမင်းကဲ့သို့ တောက်ပနေကာ ထိုဆံနွယ်များက ဘုရင်မင်းမြတ်နှင့် ဘုရင်မတို့ကို ကိုယ်စားပြုသော ဆံပင်များ ဖြစ်ကြသည်။

“အိုး…အရှင်မင်းကြီး...."

ဘုရင်မင်းမြတ်နှင့် ကြင်ယာတော်တို့သည် အင်ပါယာကို လှည့်ပတ်၍ နယ်မြေများသို့ လည်ပတ်နေကြသည်ဟူသော ကောလဟာလများကို မည်သူမှ မသိကြသေးပေ။ သူတို့ မြေကြီးပေါ်ဝပ်တွားပြီး ဦးညွတ်လိုက်ကြသည့်အခါ ရိုစီနာ သူတို့ကို ဖျောင်းဖျလိုက်သည်။

" ရပါပြီ...ထပါ…တောဝက်တွေ မပေါ်လာသေးဘူးလား”

“…ဟုတ်ကဲ့”

ထိတ်လန့်တုန်လှုပ်နေသော အမျိုးသားတစ်ဦးက ပြန်ဖြေသည်။ ထိုအချိန်တွင် မြေပြင်ပေါ်တွင် လျှောက်လာနေသော ခြေသံများစွာကို ကြားလိုက်ရသည်။ သူတို့နောက်က ချုံပုတ်တွေကလည်း ပြင်းပြင်းထန်ထန် တုန်ခါနေချိန်မှာ တစ်စုံတစ်ယောက်က အော်ပြောလိုက်၏။

"ဒါ တောဝက်တွေပဲ"

အမှောင်ရိပ်တစ်ခုက ခြုံပုတ်နောက်ဘက်ဆီမှ ကျဆင်းလာသည်။ ရာဟန် သည် မီးတုတ်ကို ချက်ချင်းယူကာ ရှေ့သို့ ထွန်းကြည့်လိုက်ရာ အစွယ်ကြီးများ ငေါထွက်နေသည့် တောဝက်ရိုင်းများကို အထင်းသား မြင်လိုက်ရတော့သည်။တောဝက်များက အုပ်လိုက်ဖြစ်သည်။

ဒီအတိုင်းဆို ဘယ်လောက်တောင် စားထားပြီလဲမသိဘူး....

နယ်မြေအုပ်ချုပ်သူနှင့်‌ ဒေသခံတို့သည် ကြောက်ရွံ့နေကာ တောဝက်များကို ကြောင်စီစီ ကြည့်နေကြသည်။ ရာဟန် က သူတို့ကို နောက်တွန်းလိုက်ပြီး ရိုစီနာ ရှေ့မှာ ကာထားပေးလိုက်၏။ ထို့နောက် တောဝက်များက ‌တဂီးဂီး ဒေါသထွက်နေပုံဖြင့် တုန်ယင်နေကြလေ၏။

ထို့နောက် ရိုစီနာ ဝက်တွေကို စကားပြောကြည့်သည်။

"ဟေ့.... ငါတို့ စကားပြောလို့ရမလား"

တောဝက်များသည် စကားပြောသော ရိုစီနာ ကြောင့် အံ့သြသွားကြသည်။ ထိုအခါ ခေါင်းဆောင်ဟုထင်ရသော တောဝက်တစ်ကောင်သည် ရှေ့သို့ရောက်လာပြီး ရိုစီနာ နှင့် မျက်နှာချင်းဆိုင်လိုက်သောအခါ အနောက်တွင် ရပ်နေသူများမှာ ထိတ်လန့်သွားကြလေသည်။

"ဘုရင်မ.... အန္တရာယ်များတယ်"

သို့သော်၊ ရာဟန် က နယ်မြေအုပ်ချုပ်သူကို အသံမထွက်ဘဲ ငြိမ်နေဖို့ အမိန့်ပေးလိုက်လေသည်။ထိုသူသည် စိုးရိမ်နေသော်လည်း ဘုရင်မင်းမြတ်၏ အမိန့်ကြောင့် အနောက်မှနေပြီး စောင့်ကြည့်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။

ရိုစီနာ က တောဝက်ကို ကြည့်ရင်း မေးလိုက်သည်။

“ဒါဆို နင်တို့က ကောက်ပဲသီးနှံတွေကို စားခဲ့တာမလား"

ထိုခေါင်းဆောင်ကောင်က မှန်ကြောင်းဖြေလိုက်သလိုပင် ဂီးကနဲ နှာမှုတ်ကာ ဖြေလိုက်သည်။ ရိုစီနာ မျက်မှောင်ကြုတ်လိုက်မိတော့သည်။

တောဝက်များသည် လွန်ခဲ့သော နှစ်အနည်းငယ်အထိ အင်ပါယာတစ်လျှောက် လှည့်လည်သွားလာကြကာ နောက်ဆုံး ဤရွာမှာ အခြေချနေထိုင်ခဲ့ကြသည်။ ရွာကလေးသည် ရိက္ခာများဖြင့် ပြည့်နှက်နေသဖြင့် တစ်နေရာမှ တစ်နေရာသို့ ပင်ပန်းစွာ လှည့်လည်နေရန် မလိုအပ်တော့ပေ။ ထို့ကြောင့် တောဝက်တွေက လူတွေကို ခြိမ်းခြောက်ပြီး ကောက်ပဲသီးနှံတွေကို လုယက်သည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့ခဲ့ကြ၏။ တောဝက် ခေါင်းဆောင်၏ ကြွားဝါသော စကားများကို ကြားသောအခါ ရိုစီနာ သက်ပြင်းချလိုက်သည်။

"စိတ်မကောင်းပါဘူး…ဒါပေမယ့် လူသားတွေ အရမ်းကြိုးစားလုပ်ကိုင်ခဲ့တဲ့မြေမို့ ဒီနေရာက ထွက်သွားစေချင်တယ်"

သို့သော် ရိုစီနာ ၏ တောင်းဆိုမှုကို တောဝက်များက ကျယ်လောင်စွာ ရယ်မောခဲ့ကြသည်။ အရယ်ရပ်သွားလျှင် တော်ဝင်ခေါင်းဆောင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သဖြင့် တောင်ကြီးတစ်ခုလုံး တုန်လှုပ်သွားရသည်။ ရာဟန် သည် ခြိမ်းခြောက်အော်ဟစ်သံကြောင့် သူ့ဓားကို ချက်ချင်း ဆွဲထုတ်လိုက်လျှင် ရိုစီနာ သူ့ကို တားထားလိုက်ရသည်။

"သူ ဘာပြောတာလဲ"

ရာဟန် က မေးလာသည့်အခါ ရိုစီနာ ပြန်ဖြေရတော့သည်။

“သူတို့အတွက် စားကျက်မြေတွေ ပေါများနေတော့ ဒီနေရာကနေ ထွက်သွားမှာ မဟုတ်ဘူးလို့ သူတို့ ပြောနေကြတာ"

ရိုစီနာ အသံထဲတွင် ဒေါသအနည်းငယ် ပါနေသည်။ ထို့နောက် သူမသည် ဝက်ထီးစကားကို စိတ်ဆိုးသွား‌သော်လည်း ပြေပြေပြစ်ပြစ် ပြန်ပြောလိုက်ကြောင်း ရာဟန်ကလည်း အထာနပ်လိုက်သည်။ ရိုစီနာ ကို စိတ်ဆိုးစေသော တောဝက်များကို သူလည်း စိတ်အနှောင့်အယှက်ဖြစ်လာသောကြောင့် ဓားလက်ကိုင်ကို လက်ချောင်းထိပ်များဖြင့် ထိထားလိုက်သည်။ ဤသည်ကို ရိုစီနာလည်း သိသွားကာ ဝက်များနှင့် ညှိနှိုင်းရန် ကြိုးစားခဲ့သည်။

"မင်းတို့ရဲ့အခြေအနေကို ငါနားလည်တယ်....ဒါပေမယ့် မင်းတို့ကိုဒီဆောင်းရာသီအပြီးမှာ အချိန်နည်းနည်းပေးပြီး ရွှေ့စေချင်တယ်"

ရိုစီနာ ၏အကြံပြုချက်ကိုလည်း တောဝက်များက ပမာမခန့် ဟိန်းဟောက်လိုက်ကြပြန်သည်။ ရာဟန် နားမလည်နိုင်သော်လည်း ငြင်းဆိုလိုက်မှန်း ချက်ချင်းသိလိုက်သည်။

"မင်းတို့မထွက်သွားရင် ငါတို့က သူရဲကောင်းတွေကို လွှတ်ရလိမ့်မယ်"

သူမ ဘေးတွင်ရှိနေသည့် ရာဟန် သည် အေးစက်သောမျက်နှာဖြင့် တောဝက်များကို ကြည့်နေသည်။ ထို့နောက် ရာဟန် ၏ အတွေးများကို ခံစားသိရှိလိုက်ရာ ဝက်ကောင်များမှာ နှာမှုတ်သံများနှင့် ဒေါပွလာကြသည်။ အခြေအနေပိုဆိုးမှာစိုး၍ ရိုစီနာ သည် ရာဟန် လက်မောင်းပေါ်မှာ လက်တင်ထားလိုက်သည်။

“အခုချိန်မှာတော့ ကျွန်မတို့ နောက်ပြန်ဆုတ်တာက ပိုကောင်းပါတယ်.... ကျွန်မတို့ တခြားနည်းလမ်းရှာမယ်"

ရိုစီနာက ပြောပြောဆိုဆို သူ့လက်မောင်းကို ကိုင်ထားရာမှ အားတင်းတင်းနှင့် ဖျစ်ညှစ်လိုက်၏။ သူမ၏ အမူအရာသည် မသိပါက ပုံမှန်အတိုင်းဟု ထင်ရသော်လည်း ရာဟန် သည် ချက်ချင်းပင် သတိပြုမိသွားသည်။ သူမ တစ်ကယ် စိတ်ဆိုးသွားတာဖြစ်သည်။ထို့ကြောင့် ရာဟန် လည်း သဘောတူလိုက်ရတော့သည်။

ပြန်လာသော ရိုစီနာ နှင့် ရာဟန် တို့သည် နယ်မြေအုပ်ချုပ်သူ၏ စံအိမ်တွင် တစ်ညတာနေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။တစ်ကယ်တမ်းတွင် အခြား နယ်မြေတစ်ခုကို ထွက်ခွာသင့်သော်လည်း ယင်းကိစ္စမပြီးမချင်း ထွက်ခွာရန် ရည်ရွယ်ချက်မရှိပေ။အိမ်ကြီးရှိ အသန့်ရှင်းဆုံးအခန်းထဲမှာ အိပ်ရမည်ဖြစ်သော ရိုစီနာသည် ညသန်းခေါင်ချိန်အထိ မအိပ်နိုင်သေးဘဲ ငှက်တွေကို ခေါ်လိုက်သည်။ ထိုအခါ သစ်ကိုင်းပေါ်၌ အိပ်တန်းတက်‌နေကြသော ငှက်တို့သည် အခန်းထဲသို့ ပြေးဝင်လာကြ၏။

ရိုစီနာ က ငှက်တွေ၏ ခေါင်းကို ပွတ်ရင်း စကားပြောလိုက်ရာ ငှက်ကလေးတွေက ခေါင်းညိတ်ပြပြီး တညီတညွတ်တည်း ပြန်ပြေးကြပြန်သည်။သူမတို့ကို ကြည့်နေသူ ရာဟန်ကတော့ ရိုင်းစိုင်းသော တောဝက်များနှင့် ရိုစီနာ ဘာလုပ်မည်ကို တွေးတောနေခဲ့သည်။ တစ်ဖက်တွင်မူ၊ အန္တရာယ်တစ်ခုခုဖြစ်လာနိုင်သည်ဟု သူ ခံစားမိနေရသည်။

"ဘာလို့ စစ်သည်တွေကို ဒီတိုင်း မခေါ်တာလဲ"

“အဲဒီလိုမလုပ်တာ ပိုကောင်းမယ်ထင်တယ်.... နက်ဖြန်ဘက်ခါကိုလည်း ဘယ်သူမှ အိမ်အပြင်ကို မထွက်ကြတာ ပိုကောင်းတယ်"

"ဘာလို့လဲ"

ရိုစီနာက ရယ်ရင်း...

"ကျွန်မ သူငယ်ချင်းတွေ လာမှာမို့လို့"

သူငယ်ချင်း....

ရာဟန် ပိုပိုပြီး အံသြသွားသော်လည်း ဆက်မမေးတော့ပေ။ မနက်​ဖြန်​​ရောက်လျှင်​ အရာအားလုံးကို ​ပေါ်လွင်​လာလာလိမ့်မည် ဖြစ်သည်။

***

ရိုစီနာ နှင့် ရာဟန် တို့သည် နယ်မြေအုပ်ချုပ်သူ နှင့် နေ့လည်စာ အတူစားကြသည်။ မနေ့ကကိစ္စကြောင့် စားပွဲဝိုင်းမှာ တိတ်ဆိတ်သွားကြသည်။ နယ်မြေအုပ်ချုပ်သူက သူတို့နှစ်ယောက်ကို ကြည့်နေလျက်။ မနေ့က တောဝက်တွေ ပေါ်လာခဲ့သည်။သို့သော်လည်း၊ ဘုရင်မင်းမြတ်တို့‌ကတောင် ချက်ချင်း မဖြေရှင်းနိုင်ဘဲ ဒုက္ခရောက်နေပုံရသည်။

ထိုစဉ် ရိုစီနာ က ခက်ရင်းကို ချထားလိုက်သည်။

"ဒီနေ့ တောဝက်ပြဿနာကို ဖြေရှင်းဖို့ စဉ်းစားနေတာ"

ထိုစကားကြောင့် နယ်မြေအုပ်ချုပ်သူသည် ရိုစီနာကို အားကိုးသလို မျက်နှာပေးနှင့် ကြည့်နေတော့သည်။ ယခုအချိန်အထိ ဘုရင်မင်းမြတ်ထံ အကူအညီတောင်းတိုင်း ငြင်းပယ်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းခံခဲ့ရသည်။ သို့သော် လက်ရှိဘုရင်မင်းမြတ်နှင့် ဘုရင်မက သူတို့ကိုယ်တိုင်လာပြီး ဖြေရှင်းပေးမည်ဟု ပြောသည့်အတွက် သူ ကျေးဇူးတင်ရသည်။

"တောဝက်တွေက ဘယ်အချိန်ဆင်းလာတတ်တာလဲ"

"မနေ့ကလို နေဝင်ချိန်လောက်မှာ ပေါ်လာတာ”

“ဒါဆို ရွာသားတွေကို နေမ၀င်ခင် အိမ်ထဲဝင်ဖို့ ပြောထားပေးပါ"

နယ်မြေအုပ်ချုပ်သူသည် အံ့ဩသွားသော်လည်း ခေါင်းညိတ်လိုက်သည်။

"တစ်ယောက်ယောက်ကို ပြောခိုင်းလိုက်ပါ့မယ်"

နေ့လည်စာစားပြီးနောက် ရိုစီနာ နှင့် ရာဟန် တို့သည် အိမ်ကြီးမှ ချက်ချင်းထွက်ခွာသွားခဲ့သည်။ တောဝက်များ မပေါ်လာမီ အခြားပြဿနာများ ရှိ၊ မရှိ စစ်ဆေးရန် စီစဉ်နေရသည်။ နယ်မြေအုပ်ချုပ်သူက လမ်းပြကာ လှည့်ပတ်သွားလာနေချိန်တွင် ရွာသားများက သူတို့အား လှမ်းကြည့်နေကြသည်။ ဘုရင်မင်းမြတ်နှင့် ကြင်ယာတော်တို့သည် နယ်မြေအတွင်းသို့ အလည်အပတ်ရောက်ရှိနေကြသည်ဟု ကောလာဟလများ ပျံ့နှံ့နေပြီဖြစ်သည်။

ထိုစဥ် တစ်ယောက်ယောက်က ရိုစီနာ နှင့် ရာဟန် ကို မှတ်မိပြီး အော်လိုက်သည်။

"အရှင်မင်းကြီး…ဘုရင်မ"

ထိုအချိန်တွင် တောင်ယာထဲမှ အလုပ်လုပ်ကိုင်နေသူများ စုရုံးလာကြသည်။ ခပ်လှမ်းလှမ်းတွင် ရပ်နေသော မြို့ခံများသည် ယုံကြည်မှုအပြည့်နှင့် လေးစားမှုအပြည့်ရှိကြသည်။ ဤရွာငယ်လေးမှာ ဘုရင်မင်းမြတ်တို့ အကြင်လင်မယား ရောက်လာသည်က ဂုဏ်ယူစရာပင်။ မြို့ခံများ၏ နှုတ်ခွန်းဆက်စကားများကို ပြန်နှုတ်ဆက်နေရသော ရိုစီနာ က အဆင်မပြေမှု ရှိ၊ မရှိ သို့မဟုတ် တစ်ခုခု လိုချင်ကြောင်း မေးမြန်းခဲ့သည်။ထိုအခါ တောဝက်များသာ ပျောက်ကွယ်သွားလျှင် အားလုံးပိုကောင်းမည်ဟု အားလုံးက တညီတညွတ်တည်း ပြန်ပြောကြသည်။

"ဒီနေ့တော့ ရမယ်ထင်တယ်"

“အာ…”

အားလုံးက မျက်လုံးများ တောက်ပစွာဖြင့် သူမကို ကြည့်နေကြသည်။ ဤအကြောင်းတွေပြောနေကြတုန်းမှာ သူ့အမေ၏ စကတ်ကို ကိုင်ထားသည့် ကလေးတစ်ယောက်က ရိုစီနာ ဆီကို ပြေးလာပြီး သူမ စကတ်ကို ဆွဲကိုင်လိုက်‌လေသည်။ အားလုံးက အံ့အားသင့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ သူမ ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်သည်။ ပါးပြင် ဖြူဖျော့ဖျော့နှင့် အသက်သုံးနှစ်ခန့် ကလေးတစ်ယောက်ဖြစ်သည်။ ကလေးကိုကြည့်ရင်း၊ သူမ အီလီယန် အကြောင်းကို တွေးလိုက်မိ၍ သူမ ပြုံးပြီး ကောင်လေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။ ဒေသခံများက ဤသည်ကို အံအားသင့်စွာနှင့် အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့လေသည်။ ရွာကို လည်ပတ်ပြီးသည့် အချိန်မှာ နေဝင်စပြုလာသည်။ နီရဲနေသောမြေပြင်ကိုကြည့်နေသော ရိုစီနာ သည် ရာဟန် ကို ပြောလိုက်သည်။

"ရာဟန်....ကျွန်မတို့ အခုထွက်သွားသင့်ပြီ"

ရာဟန် နှင့် ရိုစီနာ တို့ ရွာ၏ အများပိုင် လယ်ကွင်းများသို့ ရောက်သောအခါ နေ၀င်ချိန် ကုန်ဆုံးသွားခဲ့သည်။ ရိုစီနာ သည် လယ်ကွင်း အလယ်ဗဟိုတွင် ရပ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ငှက်တွေက အပေါ်ကနေ လှည့်ပတ်နေပြီးနောက် သူတို့ထဲက တစ်ကောင်က သူမ ပုခုံးထက်မှာ ပျံဝဲပြီးဂီးကနဲ အော်ဟစ်လိုက်သည်။

ထို့နောက် နှစ်ယောက်သား ချက်ချင်းပင် ချုံပုတ်များဆီသို့ ဦးတည်သွားကြသည်။ ပြီးလျှင်၊မြေငလျင်လှုပ်သကဲ့သို့ မြေပြင်သည် တဟုန်ထိုးမြည်ဟည်းလှုပ်ခါလာပြီး အသံကလည်း မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လာသည်။ တောဝက်များသည် မြက်ခင်းပြင်ပေါ်မှ ချက်ချင်း ခုန်ဆင်းလာကြသည်။ ထို့ကြောင့် သူတို့နှစ်ယောက်မှာ တောဝက်အုပ်စုနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ လေထုက ကြောက်စရာကောင်းလွန်းသဖြင့် ဘယ်သူမှ မလှုပ်နိုင်ကြပေ။ ရာဟန် ဓားကို ဆွဲထုတ်တော့မည့်အချိန်မှာ တောနက်ကြီးထဲကတိရိစ္ဆာန်အော်သံများ ထွက်ပေါ်လာကြသည်။ ထိုအသံကြောင့် တောဝက်များသည် လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်သည်။ ငြိမ်းချမ်းစွာ နေထိုင်လာရင်း သူတို့ ခဏတာ မေ့လျော့နေခဲ့ကြသော်လည်း ရန်သူ၏ အသံမှန်း ယခု အလိုလို သိလိုက်ကြသည်။

အော်သံ ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် လေထဲတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ရိုစီနာ က ရာဟန် ကို ကြိုပြောထားသည်။

"အရမ်းမအံ့သြပါနဲ့ ရာဟန်…သူတို့က နည်းနည်းတော့ ကြောက်စရာကောင်းပေမယ့်... အရမ်း သဘောကောင်းပါတယ်"

ရာဟန် မဖြေခင်မှာ ထိုသတ္တဝါများက သစ်တောအနားကို အမြန်ထွက်လာပြီး ဧရာမ ခြေသည်းတွေနှင့် မြေပြင်ပေါ်မှာ ကုတ်ခြစ်လိုက်ကြ၏။ ငွေရောင် အမွှးတွေက တလက်လက်တောက်ပနေကြသည်။သူတို့ကား တောဝက်တွေ၏ သဘာဝရန်သူ ဝံပုလွေအုပ်စုပင် ဖြစ်ပေတော့သည်။ဝံပုလွေတွေပေါ်လာပြီးနောက် အခြေအနေက ပြောင်းပြန်ဖြစ်သွားသည်။ ရိုစီနာ ခေါ်လိုက်၍ ပေါ်လာသောဝံပုလွေများသည် တောဝက်များကို ချက်ချင်းအမဲလိုက်ကြသည်။ တောဝက်များသည် သဘာဝရန်သူများလက်ထဲမှ ဘယ်လို ရုန်းထွက်ရမည်ကို မေ့လျော့သွားကြသည်။ ဟိန်းဟောက်ပြီး ထွက်ပြေးဖို့ ကြိုးစားကြသော်လည်း သူတို့ ဝံပုလွေတွေဆီကနေ အလွယ်တကူ မလွတ်မြောက်နိုင်ကြပေ။ များမကြာမီ ဝံပုလွေကိုက်ခံရသော တောဝက်များသည် နေရာအနှံ့ ပြန့်ကျဲသွားရ၏။ အသက်ရှင်ရန် ခက်ခဲလာသော ကျန်တောဝက်များမှာ အသက်နှင့်ကိုယ် အိုးစားမကွဲဖို့အရေး အသားကုန် သုတ်ချေတင်၍ ပြေးကြရတော့သည်။

တာဝန်များပြီးသောအခါ ဝံပုလွေများသည် ရိုစီနာ အနားကို တိုးလာကာ ထိုင်လိုက်ကြသည်။ ရိုစီနာသည် ဖြည်းညှင်းစွာ ဒူးထောက်လိုက်ရင်း ဝံပုလွေများ၏ ငွေရောင်လည်ချောင်းကို ပွတ်သပ်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ရိုစီနာ တိုးတိုးပြောလိုက်ရာ ဝံပုလွေတွေက သူမ ဂါဝန်ကို မျက်နှာနှင့် ပွတ်သပ်လိုက်ကြသည်။ ဤဝံပုလွေများသည် သူမ အက်စတာရော့ စံအိမ်မှ ထွက်သွားကတည်းက အချိန်အတော်ကြာ သူငယ်ချင်းများ ဖြစ်ခဲ့ကြသူများပင်။တစ်ချိန်က သူမသည် အင်ပါယာတစ်ဝိုက်တွင် သွားလာရင်း ထောင်ချောက်အတွင်း ဖမ်းမိခဲ့သော ဝံပုလွေတစ်ကောင်ကို ကယ်တင်ခဲ့ရာမှစ၍ ခင်နေခဲ့ကြတာပင်။ထိုစဉ် အုပ်စုထဲမှ ဝံပုလွေတစ်ကောင်က သူမအနားကို တိုးလာနေရာ သူမ ထိုအကောင်ကလေးကို ရင်းနှီးနေသလိုရှိ၍ သေချာကြည့်လိုက်ရာ အရင်က သူမကယ်တင်ခဲ့သော ဝံပုလွေကလေးဖြစ်ကြောင်း သဘောပေါက်သွားရသည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည် ဝံပုလွေအဖွဲ့၏ ခေါင်းဆောင်ဖြစ်လာပုံရသည်။

"ကြာနေပြီမလား"

ဝံပုလွေသည် အတိတ်က သူ့အား ကယ်တင်ခဲ့ပုံကို မှတ်မိနေပုံရသည်။ ဧရာမဝံပုလွေကြီးသည် ယခုတော့ ခွေးကလေးတစ်ကောင်လို သူမအား ကပ်ချွဲနေတော့သည်။ ရိုစီနာ နှင့် ဝံပုလွေများသည် အတန်ကြာ စကားပြောဆိုခဲ့ကြသည်။ခွဲခွာချိန်ရောက်လာတော့ ဝံပုလွေများဟာ လမ်းခွဲဖို့ ဝမ်းနည်းနေသော်လည်း တောထဲကိုဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။ ရာဟန် က အခုထိ မယုံကြည်နိုင်သေးပုံဖြင့်…

"မင်း ဝံပုလွေတွေ ခေါ်လာမယ်လို့ ငါမမျှော်လင့်ထားဘူး..."

"ကျွန်မက သူတို့ကို နည်းနည်းကူညီခဲ့တာလည်း ပါပါတယ်"

သူငယ်ချင်းကောင်းများ ရှိခြင်းက သူမအတွက် ကံကောင်းသွားတာဖြစ်သည်။သူမသည် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီးမှ မြေကြီးပေါ်တွင် လဲလျောင်းနေသော တောဝက်များကို စေ့စေ့ကြည့်နေမိသည်။ သူတို့ တစ်ကိုယ်လုံး အသားတွေ ပြည့်ကာ ဝဖီးနေကြ၍ တော်တော်စားထားကြမှန်း သိသာသည်။ ရိုစီနာ သူတို့ကို ခဏလောက်ငုံ့ကြည့်ပြီးနောက် ပြုံးပြီး ရာဟန် အား ပြောလိုက်သည်။

"လောလောဆယ် တောဝက်သားတော့ အမုန်းစားရတော့မှာပဲ"

***

သူတို့ အလုပ်ပြီးသောအခါ ရိုစီနာ နှင့် ရာဟန် သည် လက်စ် မှထွက်ခွာခဲ့သည်။ ရွာသူရွာသားတွေ အားလုံးက အသီးအသီး လက်ထဲမှာ စားစရာ ခြင်းတောင်းများ ကိုင်ထားပြီး လာနှုတ်ဆက်ကြ၏။ သူတို့မှာ အစာရေစာ ရှားပါးနေမှန်း သိသာသော်လည်း သူတို့ ရင်ထဲက စေတနာကို မငြင်းဆန်ချင်ကြပေ။ ထို့ကြောင့် သူတို့ပေးသော အစားအသောက်များကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ကြသည်။ထို့နောက် ရိုစီနာ သည် ရာဟန် နှင့် တိုင်ပင်ပြီးနောက် ဘုရင်မအတွက် ခွဲဝေထားသော ဘတ်ဂျက်ဖြင့် ရွာကို ကူညီရန် ဆုံးဖြတ်ခဲ့သည်။ တောဝက်တွေ ပေါ်မလာတော့သည့်အတွက် ဆောင်းဦးပေါက်ရာသီမှာ သီးနှံတွေကို ပုံမှန်အတိုင်း ရိတ်သိမ်းနိုင်တော့မှာဖြစ်၏။ အားလုံး ပြီးဆုံးချိန်မှာ ကောလဟာလ မျိုးစုံ ထွက်ပေါ်လာခဲ့သည်။ တစ်ချို့က ကောင်းမွန်သည့် စကားများ ဖြစ်သော်လည်း တချို့က အရှက်ရစေသည်။

ကောလဟာလများ သူမ နားထဲသို့ ရောက်လာသည်နှင့်အမျှ ရိုစီနာ ရှက်ရွံ့သွားသည်။ သူမသည် ရှက်ရွံ့ပြီး ဘာလုပ်ရမှန်းမသိ‌တော့။သေချာသည်က ဤခရီးစဉ်တွင် ဖြစ်ပျက်ခဲ့သမျှကို လူအများက ပုံကြီးချဲ့နေပုံရသည်။ ရိုစီနာ က အရမ်းချစ်စရာကောင်းတာကြောင့် ရာဟန် ပြုံးလိုက်ရုံပါပဲ။ နန်းတော်သို့ ပြန်ရောက်ချိန်၌ ဆောင်းဦးသည် ကွယ်ပျောက်ပြီး ဆောင်းဦးတွင် တံခါးခေါက်သည်။ အင်ပါယာနန်းတော်သည် ဆောင်းရာသီအတွက် ကောင်းစွာပြင်ဆင်ထားသည်။ မြို့တော်သည် ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက ရာသီအလိုက် ပြောင်းလဲခြင်းမရှိသော်လည်း ချမ်းအေးနေဆဲဖြစ်သည်။ ဆောင်းရာသီအလယ်တွင် တစ်ခါတစ်ရံ နှင်းကျတတ်သောကြောင့် လမ်းခင်းပြီး သစ်ပင်များ အေးခဲခြင်းမှ ကာကွယ်ရန် ဂရုတစိုက် ထိန်းသိမ်းထားရသည်။

ခဏကြာတော့ တိတ်ဆိတ်သည့် ဆောင်းရာသီကို ရောက်လာတော့သည်။

အိမ်ခေါင်မိုးပေါ်မှ အဖြူရောင် နှင်းစက်များ ရွာချလိုက်ပြီး လူတိုင်းက လက်ဖက်ရည်ပူပူလေးတစ်ခွက်နှင့်သာနွေးနွေးထွေးထွေး နေလေ့ရှိသည်။ ပျံသန်းတတ်သော တိရစ္ဆာန်များသည် ဆောင်းခိုရာ နေရာသို့ သွားကြပြီ ဖြစ်ပြီး တစ်ခါတစ်ရံ အစာမရှိတော့သော တိရစ္ဆာန်များသည် တောင်ပေါ်မှ ဆင်းလာကြသည်။ ထိုအခါ ရိုစီနာ သည် ထိုကဲ့သို့သော တိရစ္ဆာန်များကို မီးဖိုခန်းတစ်ခုသို့ ဖိတ်ခေါ်ပြီး သူတို့ကို အစာကျွေးတတ်သည်။

ဆောင်းရာသီတွင် တိုင်ကြားမှုများ သိသိသာသာနည်းပါးလာပြီး လုပ်စရာအလုပ်များစွာမရှိပေ။ အလုပ်တွေအားလုံး ပြီးသွားသည့်အခါ ရိုစီနာ နှင့် ရာဟန် တို့ဟာ တစ်ရက်နားပြီး ဆောင်းတွင်းငါးဖမ်းဖို့ သွားလေသည်။ ဆောင်းရာသီအားလပ်ရက်တွင် အီလီယန် လည်း နန်းတော်ကို ပြန်လာခဲ့၏။ တစ်ချိန်က အင်ပါယာတစ်လျှောက် လှည့်လည်သွားလာခဲ့ဖူးသော ရာဟန် သည် ငါးဖမ်းရမည့်နေရာများကို ကျွမ်းကျင်စွာ သွားလာတတ်သည်။ ရိုစီနာ က သူ ငါးတစ်ကောင်ဖမ်းမိတိုင်း လက်ခုပ်တီး အားပေးတတ်သည့်အတွက် သူ ခါတိုင်းထက် ပိုဖမ်းမိတတ်သည်။ နောက်ဆုံးမှာ အားလုံးကို ပြန်လွှတ်ပေးခဲ့ပြီး ပြန်လာခဲ့ကြသည်။အချိန်အတော်ကြာပြီးမှ ပျော်ရွှင်စရာကောင်းသော မိသားစုလိုက် အလည်အပတ် ထွက်ရချိန် ဖြစ်ခဲ့သည်။

သိပ်မကြာခင်မှာ၊အထီးကျန်ပြီး ချမ်းအေးသော ဆောင်းရာသီ ကုန်ဆုံးသွားကာ နွေးထွေးသော နွေဦးရာသီတစ်ခု ပွင့်လာခဲ့သည်။ ကမ္ဘာကို ဖုံးလွှမ်းသော ဆီးနှင်းများအားလုံး အရည်ပျော်ပြီး သစ်ကိုင်းခြောက်များက အညှောက်ပေါက်လာသည်။ တိတ်ဆိတ်သော ဆောင်းရာသီသည် ထင်ယောင်ထင်မှား ဖြစ်ခဲ့ရသလို၊ ရိုစီနာ နှင့် ရာဟန် တို့သည် အမြဲတစေ အလုပ်ရှုပ်သွားကြပြန်သည်။ အီလီယန် လည်း အကယ်ဒမီကို ပြန်သွားခဲ့သော်လည်း ရိုစီနာ အရင်ကလောက် အထီးကျန်ပြီး ဝမ်းနည်းမနေမိပေ။ ရာဟန် သည် သူမ အနားတွင်ရှိနေပြီး အီလီယန် ကလည်း အချိန်တန်လျှင် ပြန်လာမည်ဖြစ်သည်။ ထိုသို့ အလုပ်များသည့် နေ့မျိုးမှာ သူမ ဆီကို ဖိတ်စာရောက်လာ၏။

[သင့်အား အယ်လီဗီးနီးယား စာပေပွဲတော် သို့ ဖိတ်ကြားထားပါသည်]

ရိုစီနာ သည် ဖိတ်စာကို အချိန်အတော်ကြာ ကြည့်နေခဲ့သည်။ သူမတွေးတောနေရင်း၊ အီလီယန် က နွေဦးနှောင်းပိုင်းတွင် စာပေပွဲတော်တစ်ခုမှာ ပါဝင်မည့်အကြောင်း ရေးသားထားသည်ကို ‌သိလိုက်ရ၏။နွေဦးရာသီတွင် အလုပ်များလွန်းတတ်သောကြောင့် မတက်ရောက်နိုင်တော့မှာကို စိုးရိမ်မိသည်။ သူမ အီလီယန် ကို နောက်ဆုံးတွေ့ခဲ့သည်က နှစ်လရှိသွားပြီမို့ သူ့မျက်နှာကိုမြင်ရဖို့ အကယ်ဒမီသို့လည်း သွားလည်ချင်မိသည်။

ထို့နောက် သူမ ဖိတ်စာကိုကိုင်ကာ ပင်မနန်းတော်ဆီသို့ တန်းတန်းမတ်မတ်ပြေးသွားခဲ့သည်။

"ရာဟန်!"

နေ့ခင်းဘက်အလုပ်လုပ်နေသည့် ရာဟန် က သူလုပ်နေသမျှကို ရပ်တန့်လိုက်၏။ ရိုစီနာ က ဖိတ်စာကို စားပွဲပေါ်တင်ကာ ပြောလိုက်သည်။

"အီလီယန် ရဲ့ အကယ်ဒမီ စာပေပွဲတော်ကို သွားကြည့်ရအောင်"

ရာဟန် ရုတ်တရက် အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်လိုက်သည်။

“မင်းသွားချင်ရင်လည်း…”

“တရားဝင် သွားမယ်ဆိုရင် ဆူညံနေမှာမို့ အေးအေးဆေးဆေးပဲ သွားမယ်လေ… အီလီယန် ကိုတောင် မပြောတော့ဘူး"

နောက်ဆုံး သူမသည် အီလီယန် ကို အံ့အားသင့်သွားအောင် လုပ်ချင်မိသည်။ ရာဟန် သည် ဒုက္ခရောက်သွားသကဲ့သို့ ခေတ္တမျှ ဘာမှ မပြောနိုင်ပေ။

"ဒါပေမယ့် နောက်ဆုံးခရီးစဉ်တုန်းကလည်း ကိုယ်တို့ကို သူများတွေ အလွယ်တကူမှတ်မိပြီး နာမည်ကြီးခဲ့တာမလား"

"ဒါဆို ကျွန်မတို့ ရုပ်ဖျက်သွားရမှာမလား"

စိတ်လှုပ်ရှားနေသော ရိုစီနာ ကိုမြင်သောအခါ ရာဟန် တစ်ချက် ရယ်လိုက်သည်။ မနှစ်ကအထိတော့ သူမကိုယ်သူမ ရုက်ဖျက်ရတာကို မကြိုက်သော်လည်း အခုချိန်မှာတော့ သူမ အတော်ကို စိတ်အားထက်သန်နေခဲ့ပါပြီ။

"ကောင်းပြီ…သွားကြရအောင်"


Xxxxx