အပိုင်း၁၂၁(Side story. 16)
Viewers 13k

Chapter 121
Side story. 16

တော်ဝင်မိသားစုအတွက် ကျူရှင်ဆရာတစ်ဦးဖြစ်ဖူးသော ဂရီအော ဘာတွိုင် သည် အကယ်ဒမီတွင် ပါမောက္ခဖြစ်လာသည်။ သူ အကယ်ဒမီမှ ထွက်လာတုန်းက အီလီယန် ကို စာသင်ဖို့ နန်းတော်ကို သွားခဲ့သော်လည်း တစ်လမပြည့်ခင်မှာ အကယ်ဒမီကို ပြန်လာရမည်ဟု အိပ်မက်တောင် မမက်ဖူးပေ။ အကယ်ဒမီတွင် ပါမောက္ခဖြစ်လာပြီးနောက်၊ ဂရီအော သည် အီလီယန် ၏လျှို့ဝှက်ချက်ကို သိထားသည့် အကယ်ဒမီရှိ တစ်ဦးတည်းသောသူ ဖြစ်လာသည်။

လူတိုင်းက အီလီယန် ကို သာမန်လူတစ်ယောက်ဟု အထင်မှားနေလျှင်တောင် သူ နှုတ်ဆိတ်နေဖို့ကလွဲပြီး ရွေးချယ်စရာမရှိပေ။အကြောင်းမှာ သူကိုယ်တိုင်ကလည်း တစ်ချိန်က ပါးစပ်မဆင်ခြင်ခဲ့တာကြောင့်ပင်။ ဂရီအော သည် သမိုင်းနှင့် တော်ဝင်ဘာသာစကားများတွင် ပါမောက္ခဖြစ်လာခဲ့သည်။ သူသည် အီလီယန် နှင့် လျှို့ဝှက်ချက်တစ်ခုကို မျှဝေထားသောကြောင့် သူတို့နှစ်ဦး အတူတကွ အချိန်ဖြုန်းဖြစ်သည်။

ယခု တစ်နှစ်ခွဲအကြာတွင်၊ ဂရီအော သည် အကယ်ဒမီတွင် ကျင့်သားရလာခဲ့သည်။ သို့သော်လည်း၊ ဤရက်ပိုင်းတွေမှာတော့ ဂရီအော ကို ပင်ပန်းအောင်လုပ်နေသူရှိသည်။သူမက ပရော်ဖက်ဆာ မီလီရော့ ဖြစ်သည်။ သူမသည် အီလီယန် ကို အလွန်မုန်းတီးသူဖြစ်သည်။ ရလဒ်အနေနှင့်၊ အီလီယန် ၏ သီးသန့်ပါမောက္ခဖြစ်သူ သူ့ဆီလာပြီး အတင်းပြောလာခဲ့သည်။

-သူသည် သာမန်လူဖြစ်ပေမယ့် အရမ်း မာနကြီးတယ်..ငါ မရှိချိန်မှာဆို အတန်းထဲမှာ စမတ်ကျဟန်ဆောင်တယ်...

သူမ၏ အတင်းအဖျင်းစကားကိုကြားတော့ ဂရီအော က အီလီယန်တစ်ယောက် တစ်ခြားသူ‌များကို မည်မျှ ခြယ်လှယ်ထားကြောင်း လက်ဖက်ရည်သောက်ရင်း တွေးလိုက်မိသည်။ သူမသည် အီလီယန် မည်မျှလိမ္မာသည်ကိုမသိပေ။

ဂရီအော မျက်လုံးမှိတ်လိုက်သောအခါ အီလီယန် ကို သူပထမဆုံးတွေ့သည့်နေ့ကို သတိရမိသည်။ အီလီယန် ကို သူ့လက်ဖဝါးထဲထည့်ကာ ကြိုက်သလို စိုးမိုးမည်ဟု တွေးခဲ့ဖူးတာကိုလည်း သတိရမိသည်။ သို့သော်လည်း ပရော်ဖက်ဆာ မီလီရော့ သည် သူ့ဆီလာတိုင်း အီလီယန် အကြောင်း အတင်းအဖျင်းပြောခဲ့သည်။နောက်ပိုင်း သူလည်း ကိုယ်နှင့်သဘောထားချင်းမတိုက်ဆိုက်သူနှင့် အချိန်မဖြုန်းချင်တာကြောင့် နောက်ဆို သူ့ဆီ မလာရန်ပြောခဲ့သည်။ ပရော်ဖက်ဆာ မီလီရော့ သည် သူ့ကို ထိုအချိန်ကတည်းက အမြင်မကြည်တော့၍ အခေါ်အပြောမလုပ်တော့ပေ။ ယခုလည်း သူမသည် အခြားပါမောက္ခများကို သူ့အကြောင်း အတင်းအဖျင်းပြောနေပြန်သည်။ ထို့ကြောင့် ဂရီအော သည် သူမကိုမြင်တိုင်း သနားစိတ်ဝင်မိသည်။ရွှေတုံးကြီးတစ်ခုကို မျက်စိရှေ့မှာထားပြီး ကြေးတုံးထင်နေသူက ရှိသေးသည်။

နောက်ပိုင်းတွင် အီလီယန် ၏ သရုပ်မှန်ကို ထုတ်ဖော်သောအခါတွင် သူမ ဘဝ ဆုံးခန်းတိုင်သွားမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ ဂရီအော သည် အီလီယန် နှင့်အတူ စာပေပွဲတော်အတွက် မရည်ရွယ်ဘဲ တစ်ဖွဲ့တည်းကျသွားသည်။တစ်နည်းတစ်ဖုံအားဖြင့်၊၎င်းသည် သူနှင့် ပရော်ဖက်ဆာ မီလီရော့ အကြား ပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာခဲ့သော်လည်း ဂရီအောသည် အလွန်စိုးရိမ်ခြင်းမရှိပေ။အကြောင်းဟာ အီလီယန် ကောင်းကောင်းလုပ်နိုင်မည်ဟု ယုံကြည်ထားခြင်းကြောင့်ပင်။

“အဲဒီအချိန်က ဒီလိုဖြစ်လာမယ်ဆိုတာ ငါ မသိခဲ့ပါလား"

ယခင်က သူ အီလီယန်ကို မုန်းတီးခဲ့ဖူးသည်။ယခုမူ အတူရယ်မောအချိန်ဖြုန်းနေကြပြီး ယခုလိုမျိုး စာပေပွဲတော်မှာ အတူတူ ပါဝင်ဆင်နွှဲရမည်ဆိုတာကို သူ တွေးတောင်မတွေးမိပေ။

***

အချိန်တွေ မြန်မြန်ကုန်သွားပြီး စာပေပွဲတော်လည်း နီးလာပြီဖြစ်သည်။

စာပေပွဲတော်နေ့တွင်​ ​ကျောင်း​ဆောင်​သည်​ နံနက်​ပိုင်းမှစပြီး တောက်​ပ​နေခဲ့သည်​။ အလယ်တန်းပညာရေးပွဲတော်ကို နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး မူလတန်းကျောင်းပညာရေးပွဲတော်ကို မွန်းလွဲပိုင်းတွင် ကျင်းပမည်ဖြစ်သည်။ ဘာသာရပ် အရေအတွက်နှင့် ပြိုင်ပွဲအချိန်က မကိုက်ညီတာကြောင့် နောက်တစ်နေ့ကျလျှင် စာသင်ရန် သီးခြားအချိန်ဇယားတစ်ခု ရှိသေးသည်။ မနက်ရောက်သည်နှင့် အီလီယန် သည် အိပ်ဆောင်အနီးရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ နံနက်စာစားခဲ့သည်။စာပေပွဲတော်ကို မေ့နေသူတစ်ယောက်လို လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေခဲ့၏။

“ဘယ်သူလဲဆိုတာ ကြည့်စမ်းပါဦး”

တစ်စုံတစ်ယောက်၏ အသံကြောင့် အီလီယန် သည် ခေါင်းကို လှည့်လိုက်သည်။ ကျောင်းသားအုပ်စုကို ဦးဆောင်သူမှာ မင်းသား ဟယ်မလွန် ဖြစ်သည်။ အီလီယန် သည် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် အီလီယန် ထက် လေးနှစ်ပိုကြီးပြီး မူလတန်းကျောင်းတွင် အသက်အကြီးဆုံး ကျောင်းသားဖြစ်၍ ပရော်ဖက်ဆာ မီလီရော့ ၏ သီးသန့်ကျောင်းသားဖြစ်သည်။ သူ့နောက်မှာ မြို့စားမင်း ဖြစ်သည့် သူ့ဖခင်ကလည်း မားမားမတ်မတ်ရပ်တည်ပေးသလို သာမာန်ကျောင်းသားတွေကို နှောင့်ယှက်တာကြောင့်လည်း သူက နာမည်ကြီးသည်။ခွဲခြားဆက်ဆံတတ်သည့် သူ့ကို အီလီယန် အလွန်မုန်းသည်။

"မင်းက ဒီမှာ အေးအေးဆေးဆေး မနက်စာ စားနေတယ်ပေါ့"

အီလီယန် အကယ်ဒမီသို့ ဝင်ရောက်ပြီးနောက် သူ၏ ကျော်ကြားမှုအားလုံးကို ဆုံးရှုံးခဲ့သည့် မင်းသား ဟယ်မလွန် သည် သူနှင့်တွေ့သည့်အခါတိုင်း စကားများရန်ဖြစ်တတ်သည်။ အီလီယန် သူ့ကို ကြည့်လိုက်သည်။ သူ့ကိုမြင်တိုင်း ဒုတိယမင်းသမီး၏ သား လပ်စ် ကို တွေးမိသွား၏။သို့သော်၊ သူက မင်းသား ဟယ်မလွန် ထက် အသက် ငယ်သည်။

"မင်းသားက ဒီလိုမျိုး လျှောက်လှည့်ပတ်သွားလို့ရရဲ့လား… ပရော်ဖက်ဆာ မီလီရော့ တော့ တော်တော်ဒေါသထွက်နေမှာပဲ"

"ဘာလဲ....အရင်တစ်ခေါက်ကလည်း မင်း သူမကို ပြောလိုက်တာလား"

ဟယ်မလွန် မျက်နှာပျက်သွာားသည်။ လွန်ခဲ့သောရက်အနည်းငယ်က ဟယ်မလွန် အား ပရော်ဖက်ဆာ မီလီရော့ က ခေါ်ပြီး ဟာဘက် သမိုင်းစာအုပ်နှစ်အုပ်ကို အစအဆုံး နှစ်ကြိမ်ကူးရန် တာဝန်ပေးခဲ့သည်။ အားလုံးကို ကူးယူရတာကြောင့် သူ့လက်မောင်းတွေ ဘယ်လောက်တောင် နာကျင်ခဲ့ရမှန်း သူ ကောင်းကောင်း မှတ်မိနေပါသေးသည်။

"လူယုတ်မာ"

ဟယ်မလွန် မျက်နှာကြီး နီမြန်းကာ အော်လိုက်သည်။

"မင်းဟာ သာမန်လူ တစ်ယောက်လေ…ဘယ်လိုဖြစ်ပြီး ငါ့အဖေလို မြို့စားမင်းရဲ့ သားသမီးကို စော်ကားရဲတာလဲ"

အီလီယန် စိတ်ထဲက ရယ်မောလိုက်သည်။ ဘွဲ့တံဆိပ်မရသေးဘဲနှင့်၊ မြို့စားကြီး တစ်ဦးလို ပြုမူနေသည့် သူ့ပုံစံက ရယ်စရာကောင်းသည်။ အီလီယန် က ဘာမှ မတုံ့ပြန်သောအခါ၊ ဟယ်မလွန် ပို၍ဒေါပွသွားတော့သည်။

"မင်းက အရည်အချင်းမရှိတဲ့ ပါမောက္ခနဲ့ တွဲထားတာဆိုတော့ မင်း ဘာလုပ်နိုင်မှာမလို့လဲ"

ဂရီအော ကိုပင် စော်ကားလာတာကြောင့် အီလီယန် သည် ထိုင်နေရာမှ ဝုန်းကနဲ ထရပ်လိုက်ရာ ဟယ်မလွန် တုန်လှုပ်သွား၍၊ အီလီယန် သူ့နှုတ်ခမ်းထောင့်များကို တစ်ချက်တွန့်ပြီး ပြုံးလိုက်သည်။ ရိုစီနာ မရှိလျှင် သူ လိမ်မာနေစရာမလိုပေ။

"ဒါဆို မင်းလက်နဲ့ ဘာကိုတောင် ဟုတ်တိပတ်တိ လုပ်ဖူးလို့လဲ...အလကား ဘေးနားကကောင်တွေကို ခိုင်းစားနေပြီးတော့....သေချာတယ်...မင် အသက်ကြီးလာရင် လူဆိုး သူခိုး တေလေဂျပိုးဖြစ်မှာပဲ"

“ဘာ... ဘာကွ…”

“သမိုင်းစာအုပ်နှစ်အုပ်တောင် ကောင်းကောင်းမကျက်နိုင်ဘူး... မင်းခေါင်းကိုသာ အလှဆင်လို့ရမယ်...တစ်ကယ်တော့ မင်းခေါင်းထဲက ဦးနှောက်က သုံးလို့မရတာ့ဘူး...ငတုံး‌ခေါင်းရဲ့"

မင်းသား ဟယ်မလွန် နှင့် ကလေးများ၏ မျက်နှာများသည် သေနတ်ပစ်သလို တရစပ်ပြောနေသည့် အီလီယန်ကြောင့် မျက်နှာ ကွက်ခနဲ ပျက်သွားသည်။

“တစ်ကယ်တော့ ရန်ဖြစ်တဲ့သူတွေက ငတုံးပဲတဲ့..."

အီလီယန် သူ့ကိုယ်သူ ရေရွတ်ပြီး ပြန်ထိုင်ဖို့ ကြိုးစားချိန်မှာ…

"...အီလီယန်"

အလွန်ရင်းနှီးသော အသံတစ်ခု သူ့ကို ခေါ်နေသည်။ ထိုအသံကိုကြားပြီးနောက် အီလီယန် တစ်ဖက် လှည့်ကြည့်လိုက်သည်။ သူမသည် ဦးထုပ်တစ်လုံး ဆောင်းထားပြီး သူ မြင်နေကျမဟုတ်သော အဝတ်အစားများကို ၀တ်ဆင်ထားသော်လည်း သူမကို ချက်ချင်းမှတ်မိသည်။သူတို့က ရိုစီနာ နှင့် ရာဟန် တို့ဖြစ်သည်။ အီလီယန် အံ့သြသွားပြီး မျက်လုံးကို ပွတ်သပ်ပြီး ပြန်ကြည့်သော်လည်း အသေအချာပင်။

“ မေမေ…”

အီလီယန် က ရိုစီနာ ကို အတတ်နိုင်ဆုံး သနားစရာ မျက်နှာထားနှင့် ခေါ်လိုက်ရာ ဟယ်မလွန် တို့အဖွဲ့သည် ချက်ချင်း သဘောထား လုံးဝပြောင်းလဲသွားသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

ထို့နောက် ရိုစီနာ စိုးရိမ်တကြီးနှင့် အီလီယန် အနားကို ချက်ချင်းတိုးလာပြီး မေးလိုက်သည်။

"အီလီယန်...ဒီမှာ ဘာဖြစ်နေတာလဲ"

အီလီယန် သည် ရိုစီနာ တစ်ယောက် သူပြောလိုက်သည့်စကားကို မကြားနိုင်ဟု အနည်းငယ် မျှော်လင့်ထားသည်။

"ပြီး​တော့ 'ငတုံး​ခေါင်း' ဆိုတာကရော ဘာဖြစ်​​တာလဲ"

ကံမကောင်းစွာ၊ ရိုစီနာက အရာအားလုံးကို ကြားလိုက်ပုံရသည်။ အီလီယန် ဘာမှ ပြန်မဖြေသောအခါ ရိုစီနာ မျက်မှောင်ကြုတ်လိုက်လေ၏။

"အဲ့ဒိီလိုမျိုး သူငယ်ချင်းကို ပြောလို့ရမလား.... ဟင်"

သူမ အီလီယန် ကို အတတ်နိုင်ဆုံး ညင်သာစွာ သတိပေးလိုက်သည်။

ဟယ်မလွန် နှင့် သူ့အဖွဲ့ကို ကဲ့ရဲ့ရှုံ့ချနေသည်ကို လူမိသွားသော အီလီယန်က ဘာမှ ပြန်မပြောဘဲ ခေါင်းညိတ်လိုက်သည်။ အီလီယန် သည် တစ်စက်မှ မလှုပ်ဘဲ ငြိမ်နေတာကြောင့် မင်းသား ဟယ်မလွန် တို့အုပ်စုသည် ထူးဆန်းသောမြင်ကွင်းကို စေ့စေ့ကြည့်နေကြသည်။

ရိုစီနာသည် သက်ပြင်းတစ်ချက်ချပြီးနောက် ဟယ်မလွန် ကို ကြည့်လိုက်သည်။

"ဒါဆို သားလေးက အီလီယန် ရဲ့ သူငယ်ချင်းလား"

“မဟုတ်ဘူး…အဲဒါ"

ရိုစီနာ နှင့် မျက်လုံးချင်းဆုံမိသော ဟယ်မလွန် သည် ရှက်သွားပြီး စကားထစ်နေသည်။အီလီယန် မျက်နှာပျက်သွားရ၏။ တစ်ကယ်တမ်းတွင်၊ဟယ်မလွန် ကသာ ရန်လာစခြင်းဖြစ်သည်။ သို့သော် ဆန့်ကျင်ဘက်တွင်၊သူကသာ ကျူးလွန်သူဖြစ်လာခဲ့သည်။ သို့သော် ဤတွင်၊ အမေဖြစ်သူ၏ အားနည်းသည့် စိတ်ခံစားမှုကို ဆွဲဆောင်ခြင်းသည် အမှန်အတိုင်းပြောခြင်းထက် ပိုကောင်းမည်ထင်သည်။

“မေမေ…သား မှားသွားပြီ…”

အီလီယန် စိတ်ပျက်လက်ပျက် အသံဖြင့် ပြောလိုက်သည်။ ရိုစီနာ က သားဖြစ်သူကို ကြည့်လိုက်ရာ သူ့မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေတာကို တွေ့ရလျှင် သနားစိတ်များဖြစ်လာပြီး လေသံက ပျော့သွားရပြန်သည်။

“သားကသာ သား ဒေါသကို နည်းနည်းကြာအောင် ထိန်းထားနိုင်ရင်…”

စကားပြောနေစဉ် အီလီယန် ပုခုံးများတုန်ခါနေ၍ ရိုစီနာ ဘာလုပ်ရမှန်းမသိဖြစ်ကာ မင်းသား ဟယ်မလွန် တို့အဖွဲ့ကို လှည့်ကြည့်လိုက်သည်။ ဟယ်မလွန် တို့အုပ်စုသည် စီနီယာဟုထင်ရသော ကျောင်းသားများစွာ အုပ်စုဖွဲ့ထားခြင်းပင်။ ထိုအချိန်မှာပင် သူမ ဘာတွေဖြစ်နေသလဲဆိုတာကို သိလိုက်ရ၏။

" နေဦး…အဲဒီကျောင်းသားတွေက သားကို အနိုင်ကျင့်ခဲ့တာလား"

“အဲဒါ…”

ဟယ်မလွန် က ဆင်ခြေပေးဖို့ ကြိုးစားသော်လည်း သူ့ပါးစပ်ဟလိုက်သည်နှင့် တပြိုင်နက် အနောက်တွင်ရပ်နေသော ရာဟန် သည် ရှေ့သို့ တိုးလာသည်။အရပ် အင်မတန် မြင့်မားသော ရာဟန် ကိုမြင်လျှင် ပြင်းထန်သော ဖိအား‌ကြောင့် ကလေးများ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။

ရာဟန် သည် ကလေးများ တစ်ယောက်ချင်းစီကို ကြည့်နေသည်။သူနှင့် မျက်လုံးချင်းဆုံလိုက်သောအခါတွင် အချို့မှာ တုန်လှုပ်သွားပြီး သူတို့ရပ်နေသည့်နေရာတွင် ဒူးထောက် လဲကျသွားကြသည်။ ရာဟန် သည် ဟယ်မလွန် ကို တည့်တည့်ကြည့်ကာ မေးလိုက်သည်။

"မင်းက ငါ့သားကို နှောင့်ယှက်တာလား"

ဟယ်မလွန် က နောက်ကို ခြေတစ်လှမ်း ပြန်ဆုတ်သွားပြီး ရာဟန် ၏ ပြင်းထန်သောအကြည့်ကြောင့် နောက်ဆုံး သူ ကြူကြူပါအောင် ငိုချလိုက်တော့သည်။ ဤအတိုင်းဆို ပိုဆိုးလာမည်ဖြစ်၍ အီလီယန် သည် ရာဟန် ၏ ဘောင်းဘီအနားစကို ဆွဲ၍ ရပ်တန့်ရန် အချက်ပြလိုက်သောအခါ၊ ရာဟန် သည် သူ့မျက်လုံးများမှ ဖိအားကို ဖြေလျှော့လိုက်သည်။

ရာဟန် နောက်ပြန်ဆုတ်သွားသည့်အခါ ဟယ်မလွန် နှင့် ကလေးတွေလည်း လဲ‌နေရာမှ ထသူထနှင့် ဝရုန်းသုန်းကား ထွက်ပြေးသွားကြသည်။ ပတ်ဝန်းကျင်သည် လျင်မြန်စွာ တိတ်ဆိတ်သွားပြီးနောက် ရိုစီနာ သားဖြစ်သူကို ငုံ့ကြည့်လိုက်သည်။

“ မေမေ တောင်းပန်ပါတယ်.... အသေးစိတ်မမေးဘဲ သားကို ဆူမိပြီ"

ထို့နောက် အီလီယန် သည် ငိုသံပါကြီးနှင့် ပြန်ဖြေလိုက်သည်။

“ရပါတယ် မေမေရယ်"

ထို့နောက် သူမ အီလီယန် ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ ယခုလိုမျိုး ကြုံလာရလိမ့်မည်ဟု သူမ တစ်ခါမှ မမျှော်လင့်ထားတာကြောင့် ရင်ဘတ်ထဲက နာကျင်နေရပြီဖြစ်သည်။

"တခြားကလေးတွေက သားကို အနိုင်ကျင့်နေတာလား"

သူမ မေးခွန်းကို ပြန်မဖြေဘဲ အီလီယန် သူ့နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် ဖိပိတ်ထားလိုက်သည်။ သူ့မှာ ပြောစရာ တွေ အများကြီး ရှိသော်လည်း လောလောယ ဘာမှ မပြောချင်ပေ။

အီလီယန် ကို ဘယ်သူက နှောင့်ယှက်နိုင်မှာလဲ....

လူတွေက သူမ၏ သားကို ထိ၍တောင် မရစေချင်ပေ။

ရိုစီနာ ၏မျက်နှာသည် မည်းမှောင်လာသည်နှင့်အမျှ အီလီယန် ခေါင်းကို မော့လိုက်သည်။

"သား အဆင်ပြေပါတယ်...သားမှာ တခြားသူငယ်ချင်းတွေလည်း အများကြီးရှိတယ်...ပြီးတော့ ဆရာကလည်း သားကို အများကြီး ကူညီပေးခဲ့တယ်...စောစောကလည်း ဒီတိုင်း ငြင်းခုံနေကြတာ"

"... အင်း နောက်ဆို တစ်ခုခုဖြစ်ရင် မေမေ့ကို ပြောရမယ်"

"ဖေဖေ့ကို စာပို့...မေမေ့ကို မပြောနဲ့"

သူမတို့ဘေးမှာ ရပ်နေသည့် ရာဟန် က ချက်ချင်း ဝင်ပြောခဲ့သည်။

သူ ဒေါသထွက် နေတာကြောင့် မျက်မှောင်ကိုလည်း ကြုတ်ထားသည်။ အီလီယန် စိတ်ထဲဝယ် သူတို့နှစ်ယောက်ကို စိတ်ပူအောင်လုပ်မိ၍ ဝမ်းနည်းမိသော်လည်း ယခုဆို သူက နှစ်ယောက်စလုံးအတွက် အဖိုးတန်ကြောင်း သဘောပေါက်သွားလေပြီ။

ယခုမှ ရိုစီနာ စိတ်သက်သာရာရသွားတာကိုမြင်ပြီး အီလီယန် က ရာဟန် ကိုကြည့်လိုက်ပြီး မေးလိုက်သည်။

" ဖေဖေတို့ လာမယ်ဆိုတာ သား ကြားတောင်မကြားမိဘူး...ဘာဖြစ်လို့ ရုတ်တရက်ကြီး လာတာလဲ"

"ဟုတ်တယ်...မေမေတို့ စာပေပွဲတော်ကို တက်ဖို့ ဖိတ်စာရထားတယ်လေ"

"ဒါဆို သားကို တွေ့ဖို့လာကြတာလား"

အီလီယန် မျက်လုံး ပြူးသွားရသည်။ ရိုစီနာ နှင့် ရာဟန် တို့က သူ့ကို လာတွေ့ကြောင့် တစ်ချိန်တည်း ခေါင်းညိတ်ပြလိုက်သောအခါ၊ သူ အလိုလို ရယ်မိသွားရသည်။ ထို့နောက် ရာဟန်က အီလီယန် ခေါင်းကို ပုတ်ကာ အကြံပြုလိုက်သည်။

"နေ့လည်စာစားချိန်အထိ ဖေဖေတို့အတူတူ နေကြမလား"

အီလီယန် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

***

မိသားစုသုံးယောက် အချိန်အတော်ကြာအောင် အတူကုန်ဆုံးပြီးနောက် မကြာမီ မွန်းလွဲပိုင်းအချိန်သို့ ရောက်လာသည်။ နေ့လည်စာစားပြီးသောအခါ၊ အီလီယန် သည် ဝမ်းနည်းနေပုံဖြင့် မတ်တပ်ထလိုက်သည်။ ယခုမှစပြီး စာပေပွဲတော်တွင် ပါဝင်ရန် ပြင်ဆင်ရပေမည်။ အဆောင်သို့ ခဏပြန်လာပြီးနောက်၊ အီလီယန် သည် သပ်ရပ်သော ကျောင်းဝတ်စုံကို ပြောင်းလဲကာ ဂရီအော နှင့်အတူ ခန်းမအနောက်ဘက်သို့ ဦးတည်သွားခဲ့သည်။ အီလီယန် သည် ခန်းမထဲသို့ ဝင်ပြီး စင်မြင့်ကို မော့ကြည့်လိုက်သည်။ စင်မြင့်ပေါ်တွင် စားပွဲခုံများစွာရှိသည်။ ထိုခုံတွေက ဒီနေ့ ပညာရေးပွဲတော်ကို တက်ရောက်မည့် ကျောင်းသားတွေအတွက် ထိုင်ခုံတွေပင်။

မိဘများ၊သို့မဟုတ် ဖိတ်ကြားထားသော အပြင်လူများအတွက် စင်မြင့်အောက်တွင် ချထားသော ထိုင်ခုံများစွာရှိသည်။ ထိုင်ခုံတွေက တစ်ဝက်ကျော် နေရာယူထားပြီဖြစ်သည်။မြို့စားမင်း ဟယ်မလွန် နှင့် သူ့အသိမိတ်ဆွေများအပြင် ပရော်ဖက်ဆာ မီလီရော့ မှ ဖိတ်ကြားထားသော အခြား လူနည်းစုလည်း ရှိသေးသည်။ သူတို့နောက်မှာ ဦးထုပ်ကြီးကြီးဆောင်းထားသည့် ရိုစီနာ နှင့် ရာဟန် တို့ နှစ်ယောက်လုံးရှိနေကြလေသည်။ သူတို့ ပုံစံကြောင့် သိပ်မပေါ်လွင်သော်လည်း ယခင်က မျက်နှာကို မြင်ဖူးထားသူတွေကတော့ မှတ်မိနိုင်ပေသည်။ အီလီယန် မိဘများနှင့် ခဏလောက် မျက်လုံးချင်းဆုံလိုက်သောအခါ ရိုစီနာ က လက်ကလေးကို ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်သည်။

သူသည် စာပေပွဲတော်ကို မတက်ဖို့ ကြိုးစားခဲ့သေးသော်လည်း အမေဖြစ်သူနှင့် အဖေဖြစ်သူက လူကိုယ်တိုင်လာကြည့်နေသောကြောင့် သူ စိတ်အားထက်သန်လာရသည်။ သိပ်မကြာခင်မှာပင်၊ သမိုင်းဘာသာရပ် ဝင်ပြိုင်သည့် ကျောင်းသားတွေ အားလုံး စုရုံးလာကြသည်။

နောက်ဆုံးတွင်၊ ပြိုင်ပွဲမစတင်မီအချိန်မှာ ပရော်ဖက်ဆာ မီလီရော့ နှင့် မင်းသား ဟယ်မလွန် တို့ အတူတကွ ထွက်လာခဲ့သည်။ သူတို့နှစ်ယောက်လုံး စာပေပွဲတော်ကို တက်ဖို့ထက် ဧည့်ခံပွဲကြီးကြီးမားမားတစ်ပွဲသို့ တက်ရောက်နိုင်လောက်အောင် အလွန်အမင်းပြင်ဆင်ထားလေသည်။

ပရော်ဖက်ဆာ မီလီရော့ သည် အီလီယန် ကို စိုက်ကြည့်ကာ ပြောလိုက်သည် ။

"မင်းကို ငါနောက်ဆုံးတွေ့တုန်းက ကစားနေတာမလား... ဒါပေမယ့် အခုလည်း မင်း ကောင်းကောင်း လေ့လာထားမယ် မထင်ဘူး"

အီလီယန်က ပြန်မဖြေဘဲ ပခုံးတွန့်ပြလိုက်သည်။ထိုစဉ် စင်မြင့်အောက်မှာ အဆုံးအဖြတ်ပေးမည့် အကဲဖြတ်ဒိုင်နှစ်ယောက် ထိုင်လိုက်ကြသည်။

"မူလတန်းကျောင်းသမိုင်းပြိုင်ပွဲတွင် ပါဝင်မည့် ကျောင်းသားများ၊ ကျေးဇူးပြုပြီး စင်မြင့်ပေါ်ကို တက်ပါ"

အကဲဖြတ်ဒိုင်၏ စကားကြောင့် ကျောင်းသားများသည် လှေကားထစ်ကို တက်လိုက်ကြရာ ရှေ့ဆုံးခုံမှာ ထိုင်နေကြသော မြို့စားမင်း အုပ်စုက လက်ခုပ်တီးကြသည်။ အထူးသဖြင့်၊ မြို့စားမင်း ဟယ်မလွန်သည် သူ့သားအနိုင်ရမည်ကို အကြွင်းမဲ့ယုံကြည်နေတော့သည်။ ကျောင်းသားများ ထိုင်ပြီးသည်နှင့်၊ အကဲဖြတ်ဒိုင်များက ပြိုင်ပွဲကျင်းပပုံကို ရှင်းပြ၏။

အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်း စာပေပွဲတော်များတွင် စာတမ်းများ၊ အချေအတင် ဆွေးနွေးပွဲများ သို့မဟုတ် ဟောပြောပွဲများကို တင်ပြကြသည်။ သို့သော် မူလတန်းကျောင်းပညာရေးစနစ်တွင် ထိုကဲ့သို့အဆင့်မြင့်စရာ မလိုအပ်သောကြောင့် အများစုမှာ ပဟေဠိ မေးခွန်းပုံစံဖြစ်ကြသည်။

အီလီယန် သည် သူ့ဘေးတွင်ထိုင်နေသော ဟယ်မလွန် ကို တစ်ချက်ကြည့်လိုက်သည်။ဟယ်မလွန် သည် အလွန်စိတ်လှုပ်ရှားတာထင်သည်၊ လက်သီးကို ဆုပ်လိုက်ဖြန့်လိုက်နှင့် အကြိမ်ငါးဆယ်ခန့် ပြုလုပ်နေတော့သည်။

"ဒါက ပထမမေးခွန်းပါ"

ပြိုင်ပွဲက ချက်ချင်းပင် စတင်လိုက်လေတော့သည်။ ကျောင်းသားများသည် မေးခွန်းများကို နားထောင်ကာ အဖြေများကို ရေးသားကြသည်။ အီလီယန် သည်လည်း ချက်ချင်း အဖြေများကို ချရေးခဲ့သည်။ သူ့ဘေးမှာထိုင်နေသည့် ဟယ်မလွန် လည်း သူ့အဖြေကို ရေးလိုက်၏။

ထို့နောက် ဆယ်ကြိမ်မြောက်မေးခွန်းကို မေးလာသောအခါတွင် အခုထိ အဖြေမှန်နေသော ကျောင်းသားများမှာ အီလီယန် နှင့် ဟယ်မလွန် တို့သာ ကျန်တော့သည်။ ပြိုင်ပွဲ နောက်ဆုံး ပွဲစဉ်အတွက် အကဲဖြတ်ဒိုင်များက ပြိုင်ပွဲစည်းမျဉ်းများကို ပြောင်းလဲသတ်မှတ်ပေးသည်။ မေးခွန်းတစ်ခုမေးပြီးနောက်၊ ရမှတ်သည် ပထမဆုံး ဖြေဆိုသူသည် ရောက်သွားမည်ဖြစ်ပြီး ရမှတ်ကွာခြားချက်က 3 မှတ် ကွာသွားလျှင် ပြိုင်ပွဲပြီးဆုံးမည်ဖြစ်သည်။

ထိုအချိန်မှစ၍ ပြိုင်ဆိုင်မှုပြင်းထန်လာသည်။ ဟယ်မလွန် က အမှတ်သာသွားလျှင်တောင် အီလီယန် ချက်ချင်းလိုက်မှီတာမို့ 2 မှတ်ထက်ပိုပြီး မကွာကြသေး

ဟယ်မလွန် စိတ်မရှည်စွာ နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ ထို့နောက် ရှေ့ခုံတွင်ထိုင်နေသော မြို့စားကြီးက သူ့ကိုစိုက်ကြည့်လိုက်သောအခါတွင် သူ့ပခုံးများ တဆတ်ဆတ်တုန်လာရသည်။ ပြိုင်ပွဲက လွယ်လွယ်နှင့်မပြီးသေးသည့်အတွက် အကဲဖြတ်ဒိုင်များက သူတို့အချင်းချင်း စကားပြောပြီး စည်းမျဉ်းအသစ်တွေ ထပ်ထည့်လိုက်သည်။

“ပြိုင်ပွဲက မပြီးသေးတဲ့အတွက် နောက်ဆုံးမေးခွန်းကို မှန်တဲ့သူက အနိုင်ရပါတယ်...ပြီးရင် နောက်ဆုံးမေးခွန်းမေးမယ်"

ဟယ်မလွန် နှင့် ပရော်ဖက်ဆာ မီလီရော့ တို့သည် အဓိပ္ပါယ်ရှိသော အကြည့်ချင်းဖလှယ်ကြသည်။သူတို့ကြည့်ပြီး အီလီယန် အံ့ဩသွားမိသော်လည်း မေးခွန်းကို အာရုံပြန်စိုက်လိုက်တော့သည်။

“ဟာဘက် အင်ပါယာ၏ ဒသမမြောက်ဘုရင်သည် အဆိုးရွားဆုံးမိုးခေါင်ရေရှားမှုအတွင်း ဆင်းရဲနွမ်းပါးသူများကို ကူညီရန် ဤဥပဒေကို ပြဋ္ဌာန်းခဲ့သည်....ကျေးဇူးပြု၍ ထိုဥပဒေ၏အမည်မှာ မည်ကဲ့သို့သော ဥပဒေအဖွဲ့အစည်းအမျိုးအစားထဲတွင် ပါဝင်နေသည်ကို ဖော်ပြပါ”





Xxxxx