Ch 8
"အရမ်းပူတာပဲ အရှင်လတ်လတ်ကင်ခံနေရတာလားဟ ! ကျောင်းကလူကြီးတွေ ရူးသွားကြပြီလား? အပူချိန် ၃၀ ဒီဂရီရှိနေတာတောင် Air Con ဘာလို့ပေးမဖွင့်ရတာလဲ?!"
ညပိုင်းအတန်းချိန်ပြီးဆုံးသွားသော ည ၈ နာရီတွင် ယခင်က လူမရှိခဲ့သော အဆောင်ခန်းများသည် ဒေါသထွက်နေသော ကျောင်းသားလူငယ်များဖြင့် ပြည့်နှက်နေခဲ့သည်။
အဆောက်အဦတစ်ခုလုံးသည် ပူပြင်းကာလောင်မြှိုက်နေသည်ဟုထင်ရပြီး ပြန်ရောက်လာသူတိုင်း၏ စိတ်ထဲတွင် တူညီသော အတွေးမှာ မြန်မြန်ရေချိုးရန်သာပင်။
အခန်းတိုင်းတွင် ကိုယ်ပိုင်ရေချိုးခန်းရှိသော်လည်း ရေပူစနစ်မပါဝင်သဖြင့် ဆောင်းရာသီတွင်အသုံးပြုရန်ခက်ခဲ သောလည်း ယခုနွေရာသီဖြစ်နေသောကြောင့် မည်သူမျှ ဂရုမစိုက်ကြပေ။
ယန်ရွှမ်၏အခန်းတွင်လည်း လူတိုင်းသည် ရေချိုးရန် တန်းစီနေကြပြီး ယန်ရွှမ်သည် နောက်ဆုံးတွင်ဖြစ်၏။
"အား... လန်းသွားတာပဲ"
စတုတ္ထမြောက်လူသည် ဘောင်းဘီတိုတစ်ထည်ထဲဝတ်ဆင်ထားပြီး စိုစွတ်နေသော ဆံပင်ကို ပုဝါဖြင့် ကြမ်းကြမ်းတမ်းတမ်း သုတ်လျက် ရေချိုးခန်းမှ ထွက်လာပြီး ရေချိုးပုံးကိုင်ထားသော ယန်ရွှမ်အား တချက်မှလှည့်မကြည့်ဘဲ ဖြတ်သွားခဲ့သည်။
ယန်ရွှမ်သည်လည်း ဤသို့ဆက်ဆံခံရခြင်းကို သိပ်ပြီးဂရုမစိုက်ချေ။
မေးစရာမလိုအောင်ကို သူ့မျက်မှန်ရဲ့အစွမ်းကြောင့်လေ။
ဝတ္ထုလောကတွင် မဖြစ်မနေသိထားရမည့် မျက်မှန်တစ်လက်၏ ဂုဏ်သတ္တိမှာ - မျက်မှန်ကို တပ်သူသည် ချက်ချင်းကိုယ်ပျောက်သွားသကဲ့သို့ ဖြစ်နေမည်ပင်။
ရေချိုးခန်းတံခါးကိုတွန်းဖွင့်လိုက်ပြီး ယန်ရွှမ်သည် မျက်မှန်ကိုချွတ်၊ ရေကန်ပေါ်တင်ကာ ရေဖွင့်ရင်းရေချိုးတော့သည်။
ဤနှစ်ရက်အတွင်းတွင် သူ၏ကိုယ်ခန္ဓာပေါ်၌ ထင်ကျန်နေသောအရာများမှာ လုံးဝပျောက်သွားသလောက်ရှိပြီး ထိခိုက်ဒဏ်ရာရခဲ့သော နေရာများမှာလည်း ပို၍ပင် မြန်မြန်ဆန်ဆန် ပျောက်ကင်းလာသည်။
ခွေးသွေးဇာတ်လမ်းထဲက ဇာတ်လိုက်တစ်ယောက်၏ အစွမ်းသတ္တိများပင်။
သူ၏နှုတ်ခမ်းများမှာတော့ ခြွင်းချက်ဖြစ်ပြီး နှုတ်ခမ်းပေါ်ရှိဒဏ်ရာများ ပျောက်ကင်းဖို့ဆိုလျှင် တော်တော်ကြာဦးပေမည်။
'ဒါပေမဲ့ သိပ်ဆိုးလှတယ်တော့မဟုတ်ဘူး ပေါက်ပြဲနေတဲ့ ပန်းနုရောင်နှုတ်ခမ်းတစ်စုံက သူများတွေကို ဆွဲဆောင်ဖို့ အသုံးချနိုင်တယ်လေ'
ဒါပေါ့။ မျက်မှန်မတပ်ထားရင်ပေါ့လေ။
ဒီပုံတုံးတုံး မျက်မှန်ကိုတပ်လိုက်တာနဲ့ စွဲဆောင်နိုင်တဲ့အရာအားလုံးပျောက်ကွယ်သွားမှာပဲ။
ယန်ရွှမ်သည် ရေအေးကိုယူကာ ဖြည်းဖြည်းချင်း ရေချိုးနေလိုက်သည်။
နောက်ဆုံးမှ ရေချိုးသူဖြစ်သောကြောင့် တံခါးကို လာခေါက်မည့်သူမရှိပါ။
ရေချိုးခန်းတံခါးသည် အလွန်ပါးလွှာပြီး ယန်ရွှမ်သည် အခန်းထဲရှိ စကားသံများနှင့် ရယ်သံများကို ရှင်းရှင်းလင်းလင်း ကြားနေရဆဲပင်။
ယောင်္ကျားလေးများဖြစ်ကြသော ကျောင်းသားများအတွက် အဓိကစကား၀ိုင်းအကြောင်းအရာသည် ဘောလုံး၊ ဂိမ်းများ သို့မဟုတ် မိန်းကလေးများအကြောင်းသာ ဖြစ်သည်။
ကောင်လေးများသည် မည်သည့်မိန်းကလေး၏ ခြေထောက်အလှဆုံးဖြစ်သည်ကို အငြင်းပွားနေရင်း တစ်စုံတစ်ယောက် တံခါးဖွင့်လာသည်ကိုပင် မကြားမိလိုက်ကြချေ။
တံခါးပိတ်သံကြားမှသာ ဆွေးနွေးမှုအားလုံး ရပ်တန့်သွားခဲ့ပြီး မူလက ဆူညံပွက်လောရိုက်နေသောအခန်းသည် လည်းတိတ်ဆိတ်သွားတော့သည်။
တံခါးဝရှိ လူငယ်သည် ကိုယ်တိုင်းဖြင့်ချုပ်လုပ်ထားသော ရှပ်အင်္ကျီနှင့် ခေါက်ရိုးအရာပင် မရှိသော ဘောင်းဘီရှည်ကိုဝတ်ဆင်ထားပြီး သူ၏ဝတ်စားဆင်ယင်မှုသည် ဤရှုပ်ပွနေသော ယောင်္ကျားလေးအဆောင်အခန်းနှင့် လားလားမျှ မအပ်စပ်ပေ။
သူ၏မျက်နှာတွင် ခံစားချက် အရိပ်အယောင်တစ်စက်မှ မတွေ့ရသော်လည်း လူအများသည် သူ့အားကြည့်ရုံဖြင့် သူတို့ထက်သာလွန်သည့် ခံစားချက်အား ခံစားမိစေမှာပင်။
သူဝင်လာသည်နှင့် အခန်း၏အခြေအနေသည် ယခင်နှင့်မတူတော့ဘဲ ပြောင်းလဲသွားခဲ့၏။
ကျီယောက်၏မျက်နှာအမူအရာသည် ညိုးငယ်နေပြီး
မည်သူ့ကိုမျှ နှုတ်မဆက်ဘဲ ခရီးဆောင်အိတ်ကိုချလိုက်ရင်း ရေချိုးခန်းဆီသို့ ဦးတည်သွားသည်။
သူ၏လက်သည် တံခါးလက်ကိုင်ကို လှည့်၍ တံခါးဖွင့်လိုက်ရာ တစ်ခဏတာအတွင်း ချင်ချင်းအားမြင်လိုက်ရသည်ဟု ထင်မှတ်မိလိုက်သည်။
ရေစိုအလှနဲ့နတ်သားလေးတစ်ယောက်လို ချင်ချင်းကို....
"မင်းက... ကျန်းရွှယ်လား?..."
အခြားတစ်ဖက်မှလူသည် ရှက်ကြောက်နေပုံဖြင့်
"ကျွန်တော် မျက်မှန်တပ်ဖို့ မေ့နေတာ။ ယူပေးလို့ ရမလား..."
ကျီယောက်မသေချာမရေရာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
အခြားတစ်ဖက်မှလူသည် သူ့ကို မည်သူဖြစ်သည်ကို သိရှိရန်ကြိုးစားနေဟန်ရှိပြီး မြင်ကွင်းမရှင်းသောကြောင့် ကွဲကွဲပြားပြားမြင်ရရန် ခြေကိုဖော့ပြီး ရှေ့သို့တိုးလာသည်။
အခန်းရှိလူအားလုံး၏ ရှေ့မှောက်တွင် သူ့ကိုယ်သူ လုံးဝထုတ်ဖော်မိမလို ဖြစ်သွားတော့မည်ကို ခံစားမိလိုက်ရင်းသူ၏ အတွေးမဆုံးခင်မှာပင် ကျီယောက်သည် ချင်ချင်းနှင့် အလွန်တူသော လူငယ်ကို ရေချိုးခန်းထဲသို့ ပြန်တွန်းလိုက်သည်ပြီး ရေချိုးခန်းတံခါးကို ပိတ်လိုက်သည်။
တံခါးပိတ်သံကိုကြားရသောအခါ လူငယ်သည် အံ့အားသင့်သွားပြီး နောက်သို့လှမ်းဆုတ်လိုက်ရာ ကျဉ်းမြောင်းသော ရေချိုးခန်းအတွင်းရှိ နောက်ဘက်က ထိုးထွက်နေသော ရေပိုက်တန်းကို ကန်မိသွားရင်းပြုတ်ကျမိမလိုပင်။
သူပြုတ်ကျခါနီးအချိန်တွင် ကျီယောက်သည် လက်တစ်ဖက်နှင့် ဆွဲယူကာ သူ့ကိုဖမ်းထားလိုက်သောကြောင့်
ယန်ရွှမ်သည် ရှေ့သို့ငိုက်ကျသွားပြီး ခေါင်းသည် ကျီယောက်၏ ရင်ဘတ်ကို ဝင့်ဆောင့်မိသွားသည်။
ရေစိုနေသောသူ့အား ခြောက်သွေ့နွေးထွေးသော လက်နှစ်ဖက်က ပွေ့ဖက်ထားလေသည်။
ယန်ရွှမ်သည် တိုးတက်မှုအခြေအနေကို ချက်ချင်းကြည့်လိုက်သည်။
ကျီယောက်နှင့် သူ၏ ဆက်ဆံရေးဇာတ်ကြောင်း
တိုးတက်မှုသည် ၁၀% ရှိလာပြီပင်။
ဒီလူကောင်းလေးက ဘယ်လောက်တောင်ကောင်းလိုက်သလဲ၊ ချင်ချင်းကို ဘယ်လောက်ချစ်လိုက်သလဲဆိုတာကြည့်ကြပါဦး။ မျက်နှာလေးဆင်တူယုံနဲ့တင် တိုးတက်မှုက ၁၀% တောင်ရနေပြီ။
ချင်ယွီပိုင်လို မကောင်းဆိုးဝါးမျိုးမဟုတ်ဘူး။ နေ့ရောညရော အတူအိပ်ပြီးတာတောင် ဆက်ဆံရေးဇာတ်ကြောင်း တိုးတက်မှုက ၁% ပဲရှိသေးတယ်။
သူကတော့ တကယ့်ကို ချစ်တီးကပ်စေးနှဲပဲ။
"သတိထားပါ"
ကျီယောက်၏ အသံသည် သူ၏ ဇာတ်ကောင်အခြေအနေနှင့် ကိုက်ညီလှသည်။
ရေခဲကဲ့သို့ အေးစက်ပြီး ပြတ်သားသောအသံ..
"အား... တောင်းပန်ပါတယ်.. ကျေးဇူးတင်ပါတယ်... မင်းက... ကျန်းရွှယ် မဟုတ်ဘူးလား?... တောင်းပန်ပါတယ်... မျက်မှန်မတပ်ထားတော့ သေချာမမြင်လိုက်ရလို့ပါ..."
ယန်ရွှမ်သည် မျက်နှာနီမြန်းသွားပြီး စကားမပီမသဖြင့် ရှင်းပြနေရင်း လူမှားသွားသည်ကို အလွန်ရှက်ကြောက်နေသကဲ့သို့ ခေါင်းငုံ့ထားသည်။
ကျီယောက်သည် ခုံပေါ်ရှိ မျက်မှန်ကို ကြည့်လိုက်သည်။
သူသည် မျက်မှန်ကိုကောက်ယူ၍ဖြန့်လိုက်ပြီး ခေါင်းငုံ့ကာ ရှင်းပြနေဆဲဖြစ်သော ယန်ရွှမ်၏ နားရွက်ပေါ်သို့ ညင်သာစွာတပ်ဆင်ပေးလာသည်။
ထိုလုပ်ရက်ကြောင့် ယန်ရွှမ်၏ရှင်းပြနေမှုသည် ရပ်တန်သွားပြီး ကျီယောက်မြင်နေရသော ပါးလွှာသည့် နားရွက်နှစ်ဖက်သည် သွေးယိုကျလုနီးပါး နီရဲလာခဲ့သည်။
"ကျေးဇူး...ကျေးဇူးတင်ပါတယ်..."
သူသည် ဘေးမှ ရေပုံးကိုကောက်ယူပြီး မျက်မှန်ကို နှာခေါင်းပေါ်သို့ တွန်းတင်လိုက်ရင်း သူ့ကိုယ်သူ မိတ်ဆက်ရမည်ကိုသတိရလာသည်။
"ဟဲ...ဟဲလို... ကျွန်တော့်နာမည် ယန်ရွှမ်ပါ"
"ကျီယောက်"
ယန်ရွှမ်သည် ခေါင်းညိတ်လိုက်ပြီး အောက်နှုတ်ခမ်းကို ကိုက်လျက် ရေချိုးခန်းတံခါးကို သော့ဖွင့်ပြီး ယုန်လေးတစ်ကောင်ကဲ့သို့ ကျီယောက်အား လှည့်ကြည့်လျက် ပြေးထွက်သွားသည်။
ယန်ရွှမ် ဖြတ်သွားသည့်အခါ ကျီယောက်သည် သံပုရာရနံ့ကဲ့သို့ မွှေးကြိုင်သော အနံ့ကို ရှူလိုက်မိသည်။
ထိုအနံ့သည် ရေချိုးခန်းထဲတွင် ထားရှိသော ဈေးပေါပေါ ရေချိုးဆပ်ပြာမှ ဖြစ်ဟန်ပင်။
ကျီယောက်သည် နဖူးကျုံ့ကာ မျက်ခုံးပါရှုံ့လိုက်၏။
ဒီလောက်တူညီနေတဲ့ မျက်နှာတစ်ခုကိုမှ နိမ့်ကျဈေးပေါတဲ့ရေချိုးဆပ်ပြာအနံ့လှိုင်ထနေသာ ခန္ဓာကိုယ်။
မကောင်းမှုဒုစရိုက်ကျူးလွန်နေသလိုပါပင်။
---
ယခင်က လူမနေသည့် အပေါ်ထပ်ခုတင်သည် ညစ်ပတ်နေသည့် ခရီးဆောင်အိတ်တစ်လုံး၊ ရေဇလုံ နှစ်ခု သို့မဟုတ် သုံးခုအပါအ၀င် အခြားအထွေထွေပစ္စည်းများစွာဖြင့် ပြည့်နှက်နေ၍ ၎င်းသည် လုံးဝရှုပ်ပွနေသည်။
“ဒါ ဘယ်သူ့ပစ္စည်းတွေလဲ?”
ကျီယောက်သည် အေးစက်စက်မျက်နှာထားဖြင့် မေးလိုက်သည်။
ဗီဒီယိုဂိမ်းကစားနေသူသည် သူ၏နားကြပ်အား အမြန်ချွတ်လိုက်ပြီး
“အဲ့တာငါ့ခရီးဆောင်အိတ်”
သူသည် ပစ္စည်းအားအလျင်အမြန်ယူ၍ တိုးတိုးလေးပြောလာသည်
“တောင်းပန်ပါတယ် ငါတို့က ဘယ်သူမှမလာတော့ဘူးထင်လို့”
လူတိုင်း အပေါ်ထပ်အိပ်ယာပေါ်၌ပုံထားသည့် ပစ္စည်းများအားယူရန်သွားသည့်အခါ တိတ်ဆိတ်နေသောပတ်၀န်းကျင်သည် ပြန်လည်အသက်ဝင်လာခဲ့သည်။
လူစည်းကားသည့် ဈေးကဲ့သို့ စည်းကားနေသည့် ဤအဆောင်၌ ကျီယောက်သည် အခြားသူများ၏ ပင်ပန်းနွမ်းနယ်နေသည့် ပုံစံများအား တိတ်တဆိတ် စောင့်ကြည့်နေသည်။
ဤနေရာ၌ အပိန်ဆုံးနှင့် အပုဆုံးဖြစ်သည့် ယန်ရွှမ်တစ်ဦးတည်းသာ ထောင့်၌ခေါင်းငုံ့လျက် မည်သည်ကိုမှမလုပ်ဘဲရပ်နေပြီး လွန်စွာသနားဖို့ကောင်းပုံပေါ်နေသည်။
ညလေသည် သူ၏စိုစွတ်နေသော ဆံပင်အား တိုက်ခတ်နေသဖြင့် လိမ္မော်ရနံ့သင်းသင်းလေသည် သူ့နှာခေါင်းသို့ပျံ့နှံ့လာသည်။
ကျီယောက်သည် မျက်မှောင်ကြုတ်၍ အခန်းထဲမှလှည့်ထွက်သွားခဲ့သည်။
အဆောင်အတွင်းရှိ လူများသည် သူထွက်သွားသည်ကိုမြင်မှသာ စိတ်သက်သာရာရသွားကြသည်။
“Fuck, မင်းမြင်လား? ဌာနမှူးကိုယ်တိုင်လာတယ်လို့ ငါထင်လိုက်တာ”
“ဟုတ်တယ် ဟုတ်တယ် ဒီသခင်လေးက ဘယ်ကလာတာလဲ အထဲကိုခြေချလိုက်တာနဲ့ အာဏာတွေပြသွားတယ်”
ကျန်းရွှယ်သည် အပေါ်ထပ်အိပ်ယာနှင့် ရေချိုကန်ကြားရှိ သူ့၏မျက်နှာသုတ်ပုဝါအား ဆွဲထုတ်လိုက်ပြီးခေါင်းအားခါ၍ ဆက်ပြောဘာသည်
“အခုကစပြီ ငြိမ်ချမ်းတဲ့အဆောင်ဘဝလေးကိုနှုတ်ဆက်လိုက်ပေတော့… ဟေ့ မင်းရှိတယ်မလား မင်းရောဘယ်လိုထင်လဲ?”
ယန်ရွှမ်သည် နူညံ့သောလေသံဖြင့်ပြန်ဖြေလာသည် “ဟုတ်တယ် ..ဒီလိုငြိမ်းချမ်းမှာမဟုတ်လောက်တော့ဘူး”
ကျီယောက်သည် အဆောင်မီးပိတ်ခါနီးအချိန်မှသာ ပြန်လာသည်။
သူပြန်လာချိန်တွင် အဆောင်အတွင်း၌ တီးတိုးပြောဆိုသည့်အသံများ ပြည့်နှံ့နေပြီး အိပ်ယာဝင်ခါနီးအချိန်ဖြစ်သဖြင့် အားလုံးသည် ကိုယ်လက်သန့်စင်နေကြသည်။ ယန်ရွှမ်း၏အောက်ထပ်အိပ်ယာသည် သန့်ရှင်းသပ်ရပ်စွာခင်းထားပြီး ခြုံစောင်ဖြင့် သူ၏ဖောင်းပွပွ ဆံပင်များ ပေါ်ရုံသာဖော်ပြီး တစ်ကိုယ်လုံးခြုံထားခြင်းပင်။
အဆောင်အတွင်းရှိ လေဖိအားမြင့်တတ်လာမှုအား ကြည့်ခြင်းဖြင့် ကျီယောက်ပြန်ရောက်နေသည်ကို ယန်ရွမ်သိလိုက်၏။ သူခေါင်းအားမော့ကြည့်လိုက်ချိန်၌ သူ၏အိပ်ယာဘေးတွင် ရပ်နေသော ကျီယောက်နှင့် အကြည့်ချင်းဆုံသွားလေသည်။
ကျီယောက် အနည်းငယ် မှင်သက်သွားမိသည်။ ချင်ချင်းအား ခေတ္တမျှမြင်လိုက်သယောင် သူထင်မိ၍ပင်။
သို့သော် ယခုသူ၌ပုံမှန်အေးစက်၍ အထီးကျန်နေတတ်သည့် ပုံစံနှင့်မတူ၊ ဤချင်ချင်းတွင် မက်မွန်သီးသဖွယ် ပါးပြင်များနှင့် တောက်ပစိုစွတ်နေသည့် မျက်လုံးများရှိလေသည်။
“မင်းဒီတိုင်းအိပ်မှာလား”
အသံတစ်သံသည် သူ၏စိတ်ကူးယဉ်နေမှုအား ချိုးဖျက်လိုက်သဖြင့် ကျီယောက်၏မျက်လုံးများသည် ပြန်လည် ကြည်လင်လာခဲ့သည်။
အပေါ်ထပ်ခုတင်ရှိ အရာအားလုံးသည်ရှင်းလင်းနေ၍ အိပ်ယာခင်းတစ်ခုသာကျန်
ရှိနေပြီး ကျီယောက်၏ ကိုယ်နေဟန်ထားသည် သူဒီညအတွက် ထိုအိပ်ယာခင်းဖြင့်သာ အိပ်တော့မည်ဖြစ်ကြောင်းအား ညွှန်ပြနေ၏။
“မင်းအဆင်ပြေတယ်ဆိုရင် ငါနဲ့အတူအိပ်လို့ရပါတယ်”
အပိုင်း 8 ပြီး။