Chapter 21
မက်ခါမောင်းနှင်သူနေရာပွင့်လာသည်နှင့် ကင်မရာစက်ရုပ်မှာမောင်နှင်သူပါတ်ပါတ်လည်အားရိုက်ကူးလျက် ထုတ်လွှင့်လာခဲ့သည်။ လူငယ်လေးသည် နာနိုဓါတ်ရောင်ခြည်ကာကွယ်ရေး၀တ်စုံကိုချွတ်လျက် ခေါင်းထက်မှ စိတ်စွမ်းအင်ဆက်သွယ်သောဦးထုတ်ကိုပါဖယ်ရှားလိုက်သည်။
သူ၏နဖူးတွင်ချွေးစလေးများသီးလျက်။သူသည်ခေါင်းကိုညင်သာစွာခါလိုက်သောအခါ ချွေးစလေးများသူ၏ဆံစအဖျားလေးများထိတွဲခိုနေခဲ့သည်။ အသားအရည်မှာ နူးညံ့ကာချောမွေ့လျက် သူ၏ပါးမို့တို့မှာ ယခုမှလေ့ကျင့်ခန်းလုပ်ပြီးစသကဲ့သို့နီရဲနေကာ သူ၏ကိုယ်မှာလည်းလွန်စွာဆွဲဆောင်မှုရှိလှသည်။
ရိုးရှင်းသော လေ့ကျင့်ရေး၀တ်စုံကို၀တ်ဆင်ထားကာ သူ၏ကိုယ်မှာအရပ်မြင့်မြင့်အယ်လ်ဖာတစ်ဦးနှင့်ပိန်ပါးသောအိုမီဂါတစ်ဦးကြားတွင်ရှိသည်၊
မောင်းနှင်သူနေရာမှထွက်လာလျှင် သူကအလွန်သေသပ်စွာချောမောနေခဲ့သည်။ လူငယ်လေး၏ကြည်လင်ပြီးရှင်းသန့်သောမျက်လုံးလေးများက ကင်မရာကိုကြည့်လာသောအခါ ဒုတိယနှစ်များအနားယူနေသောနေရာကတိတ်ဆိတ်သွားခဲ့သည်၊ ယွမ်ရှင်းကျဲမက်ခါကိုသိမ်းလိုက်သည်အထိ မည်သူမှသတိ၀င်ပုံမပေါ်သေးချေ။
"ငါ.ငါစိတ်ထင်နေတာမဟုတ်ပါဘူးနော်"
"ဒီရုပ်ရည်၊ ဒီအသားအရည် ၊ ဒီအချိုးအစားကအယ်လ်ဖာမဖြစ်နိုင်ဘူးမလား"
"ဘုရားရေ.. သူက ...သူကအိုမီဂါလား"
ထိတ်လန့်မှု အံ့အားသင့်မှုနှင့်မယုံကြည်နိုင်မှုတို့ဖြင့်
ဒုတိယနှစ်များမှာ ဤကျောင်းသားလေး၏လိင်အမျိုးအစားကိုခန့်မှန်းရန်ကြိုးစားနေကြသည်။
သို့သော်အဖြေမှာသိသာနေခဲ့ပြီးသားပင်။
မည်သည့်အယ်လ်ဖာသော်မျှအခြားအယ်လ်ဖာတစ်ယောက်ထံ ဤမျှဆွဲဆောင်မှုမျိုးခံစားရစရာအကြောင်းမရှိချေ။ ဘီတာပင်လျှင်မဖြစ်နိုင်ချေ။လူအုပ်ကြီးမှာ ကျောင်းသမိုင်းကိုပြောင်းလဲစေမည့်ကိစ္စကြီးကိုကြုံတွေ့ရသည့်နှယ်ပွဲဆူလျက်။
တစ်စုံတစ်ယောက်က ဆက်သွယ်ရေးကိရိယာမှတဆင့်သူငယ်ချင်းများကိုသတင်းပို့နေခဲ့သည်။
"သေစမ်း ပထမနှစ်ရဲ့ ပထမနေရာကိုရသွားတာဘယ်သူလဲသိလား အိုမီဂါကွ ၊ အိုမီဂါတစ်ယောက်၊ အခုပြန်လာပြီး လာကြည့်"
တစ်ယောက်ကမူဗီဒီရိုရိုက်ကူးနေရင်းပါးစပ်ကလည်းအဆက်မပြတ်
"ဟယ်လို အားလုံးပဲ ကျွန်တော်က ပထမနှစ်တွေရဲ့ပြိုင်ပွဲရလဒ်ကိုအားလုံးအတွက် ထုတ်လွှင့်ပေးနေတာပါ၊ ဒီနှစ်ပထမနေရာက အိုမီဂါတစ်ယောက်ပါ၊ ကျွန်တော့်အမေတောင်လန့်သွားတယ်ဗျ"
တချို့ကမူမယုံနိုင်စွာ
"ငါကပထမနှစ်ကျောင်းသား အိုမီဂါလေးလောက်တောင်အသုံးမကျဘူးလား"
သေချာပေါက်ပင် အံ့အားအသင့်ဆုံးသူများမှာ ချီယုနှင့်စုကျီနန်တို့ဖြစ်သည်။ ချီယုသည် ကြီးမားသောမျက်နှာပြင်ကြီးကိုကြောင်အစွာကြည့်လျက် သူ၏ခံစားချက်မှာလွန်စွာထူးဆန်းနေခဲ့သည်။
ဘေးပါတ်၀န်းကျင်မှအသံများမှာဝေးကွာသွားပြီး မည်သည့်ဆွေးနွေးသံကမျှသူ့နားထဲကိုမ၀င်တော့၊ သူ၏ဦးနှောက်မှာဗလာဖြစ်လျက်။
ချီယုက သူ့ စေ့စပ်ထားသူအား မည်သည့်နေရာကမျှကျေနပ်မှုမရှိခဲ့ချေ။ ထို့နောက်ကျောင်း၏အသန်မာဆုံးအိုမီဂါစုကျီနန်ကိုတွေ့သောအခါတွင် ယွမ်ရှင်းကျဲမှာ အဘယ်ကြောင့် စုကျီနန်ကဲ့သို့သူနှင့် ပုခုံးချင်းယှဥ်မရပ်နိုင်ရသနည်းဟုတွေးမိလေသည်။
အဘယ်ကြောင့်တံမြက်စည်းလှည်းရခြင်း၏ ချက်ပြုတ်ရခြင်းကိုသာနှစ်သက်နေပါသနည်း။
သူ၏ဘ၀ကိုဤကဲ့သို့အိုမီဂါမျိုးနှင့်အမှန်တကယ်ကုန်ဆုံးနိုင်ပါမည်လား။
လူငယ်လေးမှာ အလင်းဓါးမက်ခါမှထွက်လာသောအခါ သူ၏နူးညံ့သောမျက်နှာလေးမှာ အလင်းမျက်နှာပြင်ကြီးပေါ်တွင်ပေါ်လာခဲ့လျှင် ချီယုနှလုံးခုန်တို့မြန်လာခဲ့လေသည်။
ယွမ်ရှင်းကျဲတွင်ဤမျှခန့်ညားသောအခြမ်းရှိမည်ဟု သူမမျှော်လင့်ထားမိချေ။ ၀င်ခွင့်ပင်အောင်လိမ့်မည်ဟုသူမထင်ထားသောယွမ်ရှင်းကျဲမှာ ပထမနေရာကိုပင်ယူသွားခဲ့သည်။
သူ၏ဘေးတွငွ စုကျီနန်၏ပါးစပ်မှာ ကြက်ဥတစ်လုံးလုံးထိုးထည့်နိုင်သည့်အထိ ဟနေခဲ့သည်။ သူသည် ထုတ်လွှင့်မှုအားအတော်ကြာစိုက်ကြည့်နေပြီးသည့်နောက် သူ၏မျက်နှာမှာအစိမ်းရောင်သန်းလာခဲ့ပြီး
ရုတ်ချည်းဆဲရေးလိုက်မိလေငည်။
"သေစမ်း"
စုကျီနန်သည် ချီယုရှေ့တွင်တစ်ခါမျှမဆဲဖူးချေ။ ထို့ကြောင့်သူကအမြန်စကားလုံးကိုပြောင်းလိုက်ပြီး
"သေလောက်အောင် စွမ်းလှချည်လား၊ တကယ်ပဲယွမ်ရှင်းကျဲရောဟုတ်ရဲ့လား"
ချီယုသူ့ကိုလျစ်လျူရှုထားလိုက်သည်။ သူ၏အာရုံအားလုံးမှာ ယွမ်ရှင်းကျဲထံသာရှိသည်။ ဘေးပါတ်၀န်းကျင်ရှိအယ်လ်ဖာများက ယွမ်ရှင်းကျဲ၏စွမ်းရည်နှင့် မျက်နှာလေးအကြောင်းကိုဆွေးနွေးနေသည်က်ုကြားလျှင် ချီယုသည်အတိုင်းထိုငိမနေနိုင်တော့ချေ။သူကထရပ်လိုက်ပြီး အနားယူသည့်ဧရိယာမှထွက်သွားလိုက်သည်။
"ဘယ်သွားမလို့လဲ" စုကျီနန်အံအားသင့်စွာမေးလိုက်သည်။ ချီယုပြန်မဖြေချေ။ စုကျီနန်လက်ချောင်းတို့တင်းကြပ်သွားကာ အံကြိတ်လိုက်ပြီးနောက်မှလိုက်သွားရန်ပြင်လိုက်သည်။
"အဲဒါကသူပဲ" ခယ့်လိုင်မျက်လုံးတို့ပြူးကျယ်သွားခဲ့သည်။ သူ့ဘေးမှလော့၀မ်ချွမ်းမှာလည်းစက္ကန့်အနည်းငယ်ခန့်အေးခဲသွားခဲ့သည်။ လော့၀မ်ချွမ်းသည်မက်ခါ၀ယ်သွားသောကောင်လေးကို မနေ့ကမှောင်ခိုစျေးအပြင်ဘက်တွင်တွေ့ခဲ့သည်ပင်။သူထင်ခဲ့သည်မှာ ၄င်းက ဘီတာသို့မဟုတ် မတိုက်ခိုက်နိုင်သော အယ်လ်ဖာတစ်ဦးဖြစ်လိမ့်မည်ဟုထင်ကာ မက်ခါ၀ယ်သွားသူကိုအနည်းငယ်စိတ်တိုင်းမကျဖြစ်သွားသေးသည်။
သူသာမတိုက်ခိုက်နိုင်လျှင် မက်ခါကိုပြန်ရောင်းရုံအပြင်ဘာလုပ်နိုင်ဦးမည်နည်း။ ပြိုင်ပွဲအတွင်းတွင် လော့၀မ်ချွမ်းမှာထိုမက်ခါကိုသာတချိန်လုံးစိုက်ကြည့်နေမိသည်။ ထို့နောက် ရလဒ်ကရုတ်ချည်းဗြောင်းပြန်လန်သွားသည်ကိုမြင်လျှင် သူအနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
အဆုံးတွင်တော့ ပုန်းလျိုးကွယ်လျိုးနေသော စွမ်းအားကြီးသူအများအပြားကိုသူမြင်ဖူးသည်သာ။
သို့သော် မက််ခါထဲမှထွက်လာသောလူငယ်လေးကိုမြင်လျှင် လော့၀မ်ချွမ်းအနည်းငယ်နှမြောတသဖြစ်သွားသည်ကိုတော့၀န်ခံရလိမ့်မည်။ ဤသည်မှာသူသည်မက်ခါ၏ပိုင်ရှင်ဟောင်းဖြစ်၍လား သို့တည်းမဟုတ် ကောင်လေးကအလွန်လှလွန်း၍သူမနေနိုင်ပဲနောက်တစ်ကြိမ်ထပ်ကြည့်မိ၍လား ကောင်လေး၏အိုမီဂါလိင်မျိုးအစားကြောင့်လားတော့မပြောတတ်ချေ။
21.2
သို့သော်ထိုခံစားချက်မှာလည်းခဏမျှသာဖြစ်သည်။
ခယ့်လိုင်ခေါင်းကိုလှည့်၍သူ၏အမူအယာကိုထိန်းချုပ်ကာအကြည့်ကိုရုတ်လိုက်ပြီးဖြစ်သောလော့၀မ်ချွမ်းအားကြည့်လိုက်သည်။သူကလော့၀မ်ချွမ်းအားစိတ်လှုပ်ရှားစွာကြည့်လိုက်သည်။
"အဲဒါသူပဲ " လော့၀မ်ချွမ်းမျက်ခုံး ပင့်လိုက်သည်။
"သူ့ကိုသိလို့လား"
"အင်းလေ" ခယ့်လိုင်ခေါင်းကိုတဆတ်ဆတ်ငြိမ့်လိုက်ကာ "မင်းလည်းသိတယ်လေ"
လော့၀မ်ချွမ်းကသူ့အား မျက်မှောင်ကျုံ့လျက်ကြည့်လာခဲ့သည်၊ ထိုနေ့ကအဖြစ်အပျက်ကိုသူပြန်မပြောမိသလိုပင်။
"မင်းမက်ခါကိုပြင်ပေးခဲ့တဲတစ်ယောက်လေ"
ခယ့်လိုင်သူ၏မှတ်ဥာဏ်တုကိုဖွင့်လျက် ၀က်ဘ်ဆိုက်ကိုဖွင့်လိုက်သည်။
"ဟုတ်တယ် သူက [ပြုပြင်ရေးအတွက် ဆက်သွယ်ပါ]ဆိုတဲ့တစ်ယောက်ပဲ ၊ သူမျိုးရိုးနာမည်က ယွမ်၊ ယွမ်ရှင်းကျဲ "
လော့၀မ်ချွမ်းခေါင်းကိုမော့လျက် ထုတ်လွှင့်မှုအားကြည့်လိုက်သော်လည်း ကင်မရာမှာ နောက်တစ်ယောက်ကိုပြသနေပြီဖြစ်လေသည်။ သူ၏အကြည့်ကိုအသာလွှဲလိုက်ကာ အေးစွာတုန့်ပြန်လိုက်သည်။
"တကယ်လား"
"အင်း ငါလုံး၀မမှားနိုင်ဘူး၊ ကျောင်းထဲမှာကြည့်ကောင်းတဲ့အိုမီဂါအများကြီးမှမရှိတာ"
ခယ့်လိုင်ပြောလိုက်လျှင် လော့၀မ်ချွမ်းကသူ့ကိုလှည့်ကြည့်လာခဲ့သည်။
"ငါသူ့ကိုတခြားအတွေးတွေသေချာပေါက်မရှိပါဘူးနာ်"ခယ့်လိုင်ကနီရဲနေသောမျက်နှာဖြင့်အမြန်ပြောလိုက်သည်။
"ငါကဒီတိုင်းချီးမွှမ်းတာပါ" ပြောပြီးနောက် သူကလော့၀မ်ချွမ်းအားကပ်လျက် တီးတိုးပြောလိုက်သည်။
"တာ့ချွမ်း ငါ့မှာအကြံရှိတယ်၊ "
လော့၀မ်ချွမ်းသာမန်ကာလျှံကာ ဆိုလိုက်သည်။
"ပြောစရာရှိတာကိုပြော"
"ယွမ်ရှင်းကျဲကအိုမီဂါဆိုပေမယ့် သူက မက်ခါဘယ်လိုပြင်ရမလဲကောင်းကောင်းသိတဲ့အပြင်၊ မက်ခါလည်းမောင်းနိုင်သေးတယ်"
ခယ့်လိုင်အတည်အတံ့ဆိုလိုက်သည်။
"ပိုအရေးကြီးတာက သူကငွေလိုနေတာ၊ မင်းပဲသီးသန့် မက်ခါပြင်ပေးမယ့်သူတစ်ယောက်လိုနေတာမဟုတ်ဘူးလား၊ ငါထင်တာတော့သူကအတော်လေးကောင်းတာပဲ"
သီးသန့်မက်ခါမာစတာများမှာ မက်ခါများကိုအဆင့်မြှင့်ပေးသူ ၊ စစ်ဆေးပေးကာ ဒီဇိုင်းဆွဲပေးသူများဖြစ်သည်။ စာချုပ်ကာလအတွင်းတွင် သူတို့သည် မက်ခါတိုက်ခိုကိရေးသမားတစ်ဦးအတွက်သာအလုပ်လုပ်ပေးသည်။ ၄င်းမှာတိုက်ပွဲအတွင်းတွင်လည်းအလွန်အသုံးများသောနည်းပင်။
စစ်သားများစုတွင် ကိုယ်ပိုင်မက်ခါမာစတာတစ်ယောက်ရှိသည်။ အန္တရာယ်နှင့်ကြုံလာလျှင် အတူသေဖို့ပင်၀န်မလေးကြချေ။ မက်ခါတိုက်ခိုက်ရေးသမားသေဆုံးလျှင် မက်ခါမာစတာတချို့ကလည်း ရန်သူ့ထံအချက်အလက်ပေါက်ကြားခြင်းကိုကာကွယ်ရန်မိမိကိုယ်ကိုယ်သတ်သေရန်ရွေးချယ်တတ်ကြသည်။
သို့သော် ၄င်းမှာအလွန်ပြင်းထန်သောအခြေအနေမျိုးမှသာဖြစ်ပြီး တွေ့ရသည်မှာရှားသည်။ လော့၀မ်ချွမ်းသည်မျက်လုံးများကိုအေးစက်စွာ မှေးကျဥ်းလျက် ခယ့်လိုင်အားကြည့်လိုက်သည်။
"မင်းအိုမီဂါတစ်ယောက်ကို မက်ခါမာစတာအဖြစ်မလိုချင်မှန်းသိပါတယ်၊"ခယ့်လိုင်ဆက်ပြောလိုက်သညွ။
"ဒါပေမယ့်သူကထိန်းချုပ်ဆေးကိုအချိန်မှီသုံးနိုင်သ၍ ဘီတာနဲ့မှမခြားတာ၊ ပြီးတော့သူ့အစွမ်းနဲ့ဆို ကျောင်းအသင်းကို၀င်နိုင်ချေလည်းများတယ်၊ မင်းနဲ့နေ့ရောညရောအတူရှိနိုင်မှာ"
ခယ့်လိုင်လည်းသူ့စကားကအနည်းငယ်ထူးဆန်းနေသည်ဟုခံစားမိကာ အနည်းငယ်ပြောင်းလိုက်သည်။
"မင်းတို့မကြာခဏတွေ့ပြီး ပူးပေါင်းလို့ရတယ်ကွာ အရမ်းအဆင်မသင့်ဘူးလား" လော့၀မ်ချွမ်းကခဏမျှတိတ်ဆိတ်သွားသော်လည်း ထရပ်ကာထွက်သွားတော့သည်။
"မလိုဘူး"
"ဟေး မင်းမလိုချင်လည်း၊ ငါသူ့ကိုခေါ်မယ်"
ခယ့်လိုင်ကပြောလိုက်သည်။
"ဒီနှစ်ငါလည်းမက်ခါမာစတာတစ်ယောက်ရှာနေတာ "လော့၀မ်ချွမ်းကလှည့်လျက် အေးဆေးသာမေးလိုက်သည်။
"မင်းတတ်နိုင်တယ်ပေါ့" ၄င်းမှာရန်စခြင်းဖြစ်သော်လည်းမှန်ကန်နေပြန်သည်။ ကိုယ်ပိုင်မက်ခါမာစတာတစ်ယောက်ကိုဖိတ်ခေါ်ရန်မှာ လတိုင်းကြီးမားသောလစာပေးရန်လိုအပ်သည်။ မက်ခါတစ်စီးကိုပြုပြင်ရန်နှင့် အဆင့်မြှင်ရန်လည်း ပစ္စည်းများစွာလိုအပ်သည်ပင်။
ခယ့်လိုင်၏အမူအယာပြောင်းလဲသွားကာ လော့၀မ်ချွမ်းနောက်သို့ရှက်ရွံ့စွာလိုက်သွားခဲ့သည်။
"ငါစဥ်းစားနေတုန်းပါ၊ အဖေကငါ့ကိုသနားပြီး မုန့်ဖိုးများများပေးမယ်ဆို ငါသူ့ကိုခေါ်ဖို့လုံး၀စဥ်းစားထားတာကွာ၊ တစ်လဆိုတောင်ခေါ်မှာ"
လော့၀မ်ချွမ်းသူ၏ဆုံးဖြတ်ချက်ကိုမပြောင်းချေ။
သူသည်အိုမီဂါတစ်ဦးအား သူ၏မက်ခါမာစတာအဖြစ်ရွေးရသည်အထိမရူးသေးချေ။ တဖက်လူမှာအမှန်တကယ်အံ့အားသင့်စရာကောင်းလှပါသော်လည်း။ ထို့အပြင်နောက်ဆုံးတစ်ခေါက်ကပြုပြင်ခြင်းမှာ တံတောင်ကွေးပြုပြင်မှုလေးသာဖြစ်သည်။ တိုက်ဆိုင်ရုံသာဖြစ်ကောင်းဖြစ်လိမ့်မည်။ သူမည်သိူ့မျှဆုံးဖြတ်ချက်ကိုမပြောင်းနိုင်ချေ။ သို့သော်ခယ့်လိုင်၏စကားကိုတော့သဘောတူလိုက်သည်။
"သူကျောင်းအသင်းထဲကိုတော့၀င်နိုင်ပါတယ်"
ထိုနှစ်ဦးအနားယူသည့် ဧရိယာမှထွက်သွားချိန်တွင် ယွမ်ရှင်းကျဲက ထိုဧရိယာ၏၀င်ပေါက်ထံရောက်လာခဲ့သည်။
အိုမီဂါအနေနှင့်စံချိန်သစ်တင်သွားသောလူငယ်လေးအားလက်ခုပ်တီးသံများဂုဏ်ပြုသံများညံလျက်။
ထိုတော့မှသာ ဒုတိယနှစ်မှစီနီယာဘယ်လောက်များများ ပြိုင်ပွဲကိုကြည့်နေခဲ့မှန်းသတိထားမိတော့သည်။
မမျှော်လင့်ထားစွာ ၀င်ပေါက်တွင် ယွမ်ရှင်းကျဲ၏ရှေ့၌ အရပ်ရှည်ရှည်ကိုယ်တစ်ခုကပိတ်ရပ်လာသည်။ ချီယုကယွမ်ရှင်းကျဲအား ရှုပ်ထွေးနေသောမျက်၀န်းများဖြင့်ကြည့်လျက်
"မင်းတကယ်ကြီးမက်ခါအကြောင်းကိုလေ့လာရုံမက ပထမနေရာပါရသွားမယ်မထင်ထားဘူး"
သူ၏လေသံများ အံ့အားသင့်မှုများနှင့်ပြည့်နှက်လျက်ပင်။ ပထမဆုံးအကြိမ်အဖြစ် ချီယုမှာ ယွမ်ရှင်းကျဲအား မနှစ်မြို့သောအမူအယာမရှိပေ။ ယွမ်ရှင်းကျဲကမူခေါင်းမော့လျက် ချီယုအားကြည့်ကာ အေးစက်စွာဖြင့်
"လမ်းဖယ်"
သူကချီယုအားတိုက်ရိုက်ဖြတ်ကျော်သွားလိုသော်လည်းချီယုကသူ့အားနောက်တစ်ကြိမ်ပိတ်ရပ်လိုက်သည်။ ယွမ်ရှင်းကျဲ၏အေးစက်သော အမူအယာကိုမြင်လျှင် ချီယုအလွန်မသက်မသာခံစားလိုက်ရသည်။ အရင်ကသူ့ကိုပြုံးရယ်ပြလေ့ရှိသော ယွမ်ရှင်းကျဲကိုလွမ်းလှသည်။
စုကျီနန်မှာချီယု၏လုပ်ပုံကိုမြင်လျှင်မကျေမနပ်မှုများကမျက်လုံးထဲဖြတ်ပြေးသွားခဲ့သည်။ သို့သော်သူကအလျင်အမြန်ဖုံးကွယ်လျက် အပြုံးဖြင့်ဆိုလိုက်သည်၊
"ဂုဏ်ယူပါတယ် ယွမ်ရွှယ်တိ၊ ငါ မင်းမက်ခါဘယ်လိုမောင်းရမလဲ သိနေမယ်မထင်ထားဘူး။ပထမနေရာတောင်ရသွားသေးတယ်၊ ကံကောင်းလိုက်တာ"
"ကျေးဇူးပါ၊ ပြီးတော့ ဒသမနေရာရသွားတဲ့အတွက်လည်းကျွန်တော်က ဂုဏ်ပြုပါတယ်နော်၊ အစ်ကိုလည်းအတော်ကံကောင်းတာပဲ"
ယွမ်ရှင်းကျဲလည်း စုကျီနန်၏ဂုဏ်ပြုစကားကိုပြန်ပစ်ပေးလိုက်သည်။ စုကျီနန်၏အမူအယာကပျက်ယွင်းသွားပြီး သူ၏မျက်နှာကိုအတော်လေးထိန်းချုပ်ကာ ပြုံးနေရန်ကြိုးစားလိုက်သည်။
ချီယုကမူ စုကျီနန်၏စကားကို သ၀န်တိုလို့ဖြစ်သည်ဟု အဓိပ္ပါယ်ကောက်ကာ အမြန်ရှင်းပြလာခဲ့သည်။
"စုကျီနန်နဲ့ငါနဲ့ကတကယ်သူငယ်ချင်းတွေပါပဲ၊ မင်းဒီအကြောင်းကိုတချိန်လုံးစိတ်ပူနေစရာမလိုပါဘူး"
စုကျီနန်၏အပြုံးကပို၍ပျက်ယွင်းသွားသော်လည်း
"ဟုတ်တယ်။ အကိုယုက ငါ့ကိုအိုမီဂါလိုမဆက်ဆံပါဘူး၊ ငါတို့ကသံမဏိညီအစ်ကိုတွေပါ၊ မင်းတို့နှစ်ယောက်အတူရှိရင်လည်းငါကဂုဏ်ပြုပေးဦးမှာပါ"
သို့သော်သူ၏နှလုံးသားကမူ ခါးသီးလျက်ပင်၊
"မလိုဘူး" ယွမ်ရှင်းကျဲစိတ်မရှည်စွာပြောလိုက်သည်။
"ငါကမင်းတို့နှစ်ယောက်ကိုမခွဲပါဘူး၊ မင်းတို့ကဒီလောက်လိုက်ဖက်နေတာကို" ချီယုကမူ၄င်းကိုကြားလျှင် ယွမ်ရှင်းကျဲသ၀န်တိုနေသည်ဟုပို၍ပင်သေချာသွားခဲ့သည်၊
"ရှင်းကျဲ ပြသနာတွေရှာမနေနဲ့တော့၊ မင်းပြသနာတွေမလုပ်တော့ပဲ ကောင်းကောင်းကြိုးစားသ၍ ငါမင်းကိုကျောင်းကထွက်ရအောင်မလုပ်ဘူး"
ချီယုဤသို့ပြောရခြင်းမှာ ယနေ့ယွမ်ရှင်းကျဲမှာ အလွန်ကြည့်ကောင်းနေ၍ဖြစ်သည်။ သူ၏စိတ်ကူးထဲမှ စုကျီနန်၏သန်မာသော အိုမီဂါ ပုံရိပ်ထက်ပို၍ သာနေ၍ပင်။
xxxx