အပိုင်း ၃၅
Viewers 17k

Chapter 35


ယွမ်ရှင်းကျဲက အေးစက်သောနံရံတွင်မှီနေကာ လက်ချောင်းများကို တင်းတင်းဆုပ်ထားသည်။ လက်သည်းခွံများက လက်ချောင်းကိုကုတ်ခြစ်နေမိ၍ ထိုနာကျင်မှုက သူ့ကိုအသိစိတ်မပျောက်သွားစေပေ။


နောက်ပြိုင်ပွဲတစ်ခုပြီးသွားပြီဖြစ်၍ မကြာမီ အယ်လ်ဖာများက စင်နောက်သို့ ပြန်ရောက်လာတော့မည်ဖြစ်သည်။ အကယ်၍ ထိုအချိန်တွင် သူ၏ဖယ်ရိုမုန်းများ ထွက်လာပါက အကျိုးဆက်က မတွေးရဲစရာ ဖြစ်သွားနိုင်သည်။


ယွမ်ရှင်းကျဲ မျက်မှောင်ကြုတ်လိုက်သည်။ သူ၏စိတ်ခွန်အား၏ ဖိနှိပ်မှုကြောင့် ခန္ဓာကိုယ်မှအပူက အနည်းငယ်လျှော့သွားသည်။ သူ အသက်ပြင်းပြင်းရှုပြီး တည်ငြိမ်‌အောင်နေပြီးမှ လမ်းလျှောက်လိုက်သည်။


ယွမ်ရှင်းကျဲ၏ဘေးမှ အယ်လ်ဖာအနည်းငယ် ဖြတ်သန်းသွားသည်။


ယွမ်ရှင်းကျဲ၏ ပါးပြင်က အနည်းငယ်နီရဲနေသော်လည်း သူက ယခုလေးတင်မှ ပြိုင်ပွဲပြီးဆုံးထားသူဖြစ်၍ ထူးဆန်းမနေပေ။ သူ့မျက်နှာက အမူအယာမဲ့နေသော်လည်း လူတချို့က သူ့ကို သတိပြုမိစေသည့်အချက်များ ရှိနေသည်။


အယ်လ်ဖာများက စက္ကန့်အနည်းငယ်ခန့် အံ့ဩသွားကြသည်။


သူတို့ ယွမ်ရှင်းကျဲထွက်သွားချိန်အထိ မှင်သက်နေကြသည်။ 


" အဲ့ဒီ အိုမီဂါလေးက တော်တော်လှတာပဲ ..."


" အသားအရည်လေးကလည်း ဖြူဖွေးနေတာပဲ မျက်လုံးလေးတွေကလည်း အရောင်လဲ့လို့ ဒီလိုအရည်အသွေးမြင့် အိုမီဂါလေးက ကာလက်ကို တကယ်နိုင်ခဲ့တာပေါ့လေ ..."


" ခန္ဓာကိုယ်လေးကလည်း မိုက်တယ် ... ငါကြားတာတော့ ချီယုက သူနဲ့စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်တယ်တဲ့ ... သူ့ဦးနှောက်များပျက်နေတာလား ..."


သူ့နောက်တွင်ကျန်ခဲ့သည့် ငတုံးများ၏စကားကြောင့် ယွမ်ရှင်းကျဲ စိတ်တိုလာသည်။ သူအနောက်သို့ ပြန်လှည့်သွားပြီး သူတို့ကို ပိတ်ထိုးပစ်ချင်လာသည်။


ထိုအယ်လ်ဖာများထံမှ စိုက်ကြည့်ခံရသည့် ခံစားချက်ကို သူ မုန်းတီးသည်။


Heatဝင်ချိန် ဖြစ်ပေါ်လာသည့် ဆတ်ဆိတ်ထိမခံနိုင်မှုနှင့်  ဒေါသထွက်မှုတို့က ဤအချိန်တွင် ရောင်ပြန်ဟပ်လာသည်။


ယွမ်ရှင်းကျဲပြိုင်ပွဲကွင်းထဲမှ လမ်းလျှောက်ထွက်လာချိန်တွင် အဆောင်သို့ တိုက်ရိုက်သွားလိုသော်လည်း သူ မတ်တပ်ပင် မရပ်နိုင်တော့ပေ။ 


အပြင်ဘက်မှ ကောင်းကင်ကြီးက မီးခိုရောင်တောက်နေပြီး မြေပြင်ကလည်း မိုးရွာသွန်းထားသည့်အတွက် စိုစွတ်နေသည်။


လမ်းမပေါ်တွင် ခြေကျင်လျှောက်နေကြသူများ၏ဘေးမှ နာနိုထီးအကြည်ရောင်ကိုင်ထားသည့် မိုးကာပေးသည့်စက်ရုပ်များကလည်း  သူတို့သခင်၏ကိုယ်ပေါ် မိုးရေတစ်စက်မကျစေရန် ထီးဆောင်းပေးထားကြသည်။


ယွမ်ရှင်းကျဲက ထိုကဲ့သို့စက်ရုပ်မျိုးကို မခေါ်လာခဲ့ပေ။ မိုးစက်များက သူ၏ဆံပင်နှငိ့ အဝတ်အစားများပေါ် ကျဆင်းနေပြီး လေအေးတစ်ချက်က အင်္ကျီကော်လံကို ဖြတ်သန်းတိုက်ခတ်သွားသည်။ သို့သော် အေးစိမ့်မှုက သူ၏ခန္ဓာကိုယ်မှ တရိပ်ရိပ် မြင့်တက်လာသော အပူချိန်ကို မတားဆီးနိုင်ခဲ့ပေ။


ထိုအချိန်တွင် ယွမ်ရှင်းကျဲ သူ၏ဂလင်းမှ နာကျင်မှုကို ခံစားလိုက်ရပြန်သည်။ အပူက သွေးကြောမှတစ်ဆင့် ပခုံးပေါ်ထိ ရောက်လာကာ စီးကျတော့မည်ဟုပင် ထင်ရသည်။


ထိတ်လန့်သွားသော ယွမ်ရှင်းကျဲမှာ မည်သူမှ မရှိနေသည့် နေရာတစ်ခုကို ရှာဖွေလိုက်ရသည်။ အနီးနားမှအဆောက်အဦးများတွင် အိုမီဂါများအတွက် နားနေခန်းများ ပါရှိသည့် လေ့ကျင့်ရေးခန်းမများ ရှိသည်။


သူ တစ်ဖက်ကိုလှည့်ကာ လေ့ကျင့်ရေးခန်းမများဆီသို့ လျှောက်သွားလိုက်သည်။ မိုးနှင့် လေပြေတို့ကြောင့် လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် မရေမတွက်နိုင်သော ပွင့်ဖတ်များ ကျဆင်းနေသညိ။


ယွမ်ရှင်းကျဲ လေ့ကျင့်ရေးခန်းမသို့ မရောက်မီမှာပင် နှင်းဆီရနံ့တစ်မျိုးက ရုတ်တရက် သူ့နှာခေါင်းထဲဝင်လာသည်။ ၎င်းက လတ်ဆတ်နွေးထွေးနေပြီး ဟော်မုန်းဓာတ်အနည်းငယ် ပါဝင်နေသည်။


ယွမ်ရှင်းကျဲက သူ့ဂလင်းကို လျင်မြန်စွာ အုပ်ထားလိုက်ပြီး အံကြိတ်၍ အရှိန်ကိုမြန်ကာ လမ်းသွက်သွက်လျှောက်တော့သည်။


သူ့အမြင်အာရုံက ဝေဝါးနေပြီဖြစ်သည်။


သူ့မျက်လုံးထောင့်မှ မျက်ရည်များစိမ့်ထွက်လာသည်။ သူ့အမြင်အာရုံကို ဝေဝါးစေအည့်အရာက မိက်ရည်လား မိုးရေများလားပင် မသိတော့ပေ။ 


အဝေးတစ်နေရာကို‌ ပြေးသွားပြီချိန်တွင် အနီးတစ်ဝိုက်၌ မည်သူမှ ရှိမနေကြောင်း ယွမ်ရှင်းကျဲ အတည်ပြုလိုက်သည်။ ချယ်ရီပင်ကို မှီလိုက်ပြီး ပင်စည်ကိုလက်ဖြင့်ထောက်ထားကာ ပင့်သက်ရှိုက်နေမိသည်။


မိုးရေက သူ့တစ်ကိုယ်လုံးကို ရွှဲရွှဲစိုနေသည်။


မှတ်ဉာဏ်တုထဲမှ ဆေးပေးခန်း၏နံပါတ်ကိုခေါ်ရန် ကြိုးစားသော်လည်း သူ့လက်ချောင်းများပင် မလှုပ်နိုင်တော့ပေ။ 


သူ စကားပြောချင်သော်လည်း သူ၏လည်ပင်းကို တစ်စုံတစ်ယောက်က ညှစ်ထားသည့်အတိုင်းဖြစ်နေသည်။


ခန္ဓာကိုယ်မှ ဆဲလ်များက အစီစဉ်မကျဖြစ်နေပြီး မြေကြီးပေါ် ဒူးထောက်ကျမသွားအောင် အတတ်နိုင်ဆုံး ကြိုးစားနေရသည်။


ဒါက အိုမီဂါတွေရဲ့ heatဝင်တဲ့အချိန်ဆိုတာပေါ့လေ ...


အယ်လ်ဖာများ၏ အမှတ်အသားပေးမှု သို့မဟုတ် ဖယ်ရိုမုန်းထိန်းချုပ်ဆေး မရှိပါက အထိန်းအကွပ်မဲ့နေသည့် ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေမည်သာ။


ထိုသို့သောကိစ္စမျိုးက သူ့ထံတွင် စောစီးစွာဖြစ်လာခဲ့မည်ဟု ယွမ်ရှင်းကျဲ မထင်ထားခဲ့ပေ။ ယခုနောက်ပိုင်းတွင် ပုံမှန်မဟုတ်ပဲ အလုပ်များများလုပ်နေ၍ အနားယူချိန်နည်းပါးသောကြောင့်လည်း ဖြစ်နိုင်သည်။ အိုမီဂါများအတွက် အလုပ်ပင်ပန်းခြင်းက အပြင်းအထန်  ဖျားနာခြင်းထက် ပိုဆိုးသည်။

35.2


သစ်ပင် ပင်စည်ကို လက်ချောင်းများဖြင့် ဆုပ်ထားပြီးနောက် သည်းမခံနိုင်တော့ပဲ ဖြည်းညှင်းစွာဆောင့်ကြောင့်ထိုင်ချလိုက်သည်။


နာကျင်ကိုက်ခံမှုက သူ၏ခြေလက်နှင့် အရိုးများမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှ ဆဲလ်များက အုတ်အော်သောင်းနင်းဖြစ်ပြီး ‌တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသကဲ့သို့ ဖြစ်နေသည်။


နှင်းဆီပန်းရနံ့က ချယ်ရီပန်းများ၏ရနံ့နှင့် တဖြည်းဖြည်းရောနှောလာချိန်တွင် ယွမ်ရှင်းကျဲ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။

သူတော့ သွားပြီ ...


တစ်ချိန်တည်းမှာပင် ...


လော့ဝမ်ချွမ်းက သူ၏အိတ်ထဲမှ ထီးအနက်ရောင်ကိုထုတ်ကာ သည်းထန်နေသောမိုးနှင့် လေပြင်းများကြားတွင် လျှောက်လာသည်။


ယခုခေတ်တွင် သာမန်ထီးများကို ဝေးလံခေါင်သီသော နယ်စွန်နယ်ဖျားဒေသများတွင်ပင် မြင်တွေ့ရခဲသွားပြီဖြစ်သည်။ ထီးတစ်ချောင်း၏ဈေးက မိုးကာပေးသည့်စက်ရုပ်များထက်ပင် ဈေးပိုကြီးနေသည်။


သူ လမ်းမပေါ်သို့လျှောက်လာချိန်တွင် သူ့ပုံစံက ဘေးမှ ‌ဖြတ်သွားဖြတ်လာများနှင့် သဟဇာတ ဖြစ်မ​နေ ပေ။ သူက ခန္ဓာကိုယ်နှင့် ကွက်တိကျနေသည့် ကျောင်းယူနီမောင်းကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်ခန္ဓာကိုယ်က ခါးမတ်မတ်ဖြင့် လျှောက်လာနေသည်။ သူ၏လက်ထဲမှ ထီးအနက်ရောင်က အေးစက်ကာ ဈေးကြီးသည့်ပုံပေါ်နေသည်။


ခယ့်လိုင်နှင့် စကားပြောပြီးသည့်နောက်တွင် လော့ဝမ်ချွမ်းက စိတ်အခြေအနေမကောင်းမွန်တော့သဖြင့် စက်အတုလေ့ကျင်ရေးခန်းသို့ သွားရန် စီစဉ်လိုက်သည်။


စက်အတုလေ့ကျင့်ရေးခန်းက မက်ခါလေ့ကျင့်ရေးခန်း၏ ဘေးတွင်ရှိသည်။ ထိုနေရာနှင့် ပြိုင်ပွဲကွင်းအခြားတွင် လော့ဝမ်ချွမ်းယခင်တစ်ကြိမ်က ကြောင်လေးကို ကယ်ခဲ့သည့် ချယ်ရီပင်များရှိနေသည်။


ယခုက ပိတ်ရက်ဖြစ်၍ မက်ခါဌာနမှ ကျောင်းသားများမှာ ပြိုင်ပွဲနှင့် အလုပ်ရှုပ်နေကြသည်။ ရာသီဥတုကလည်းဆိုးနေ၍  ဤလမ်းတစ်လျှောက်တွင်မူ မည်ူမှ ရှိမနေပေ။ 


သို့ရာတွင် လော့ဝမ်ချွမ်းက ဤလမ်းမှ လျှောက်လာချိန်၌ နှင်းဆီပန်းရနံ့ကို ရုတ်တရက်ရလိုက်သည်။


ဤရနံ့က သာမန်နှင်းဆီရနံ့များနှင့် ကွဲပြားနေသည်။  လတ်ဆတ်သော်လည်း အသက်ရှုမကြပ်စေသည့် ရနံ့မျိုးပင်။ ‌မိုးထဲလေထဲတွင်ဖြစ်သော်လည်း ထိုရနံ့တွင် ဟော်မုန်းနံ့အနည်းငယ်ပါဝင်နေ၍ လော့ဝမ်ချွမ်းမှာ ချက်ချင်း အံ့အားသင့်သွားသည်။


စက္ကန့်အနည်းငယ်အတွင်းမှာပင် ထိုရနံ့က သူ၏အဆုတ်ထဲထိ ထိုးဖောက်ဝင်ရောက်လာ၍ စး တွေးတောဆင်ခြင်နိုင်စွမ်းများ ပျောက်ဆုံးသွားသည်။


သူ၏ထီးပေါ်သို့ မိုးရေစက်များအစား နှင်းဆီပွင့်ဖတ် များ ကျဆင်းလာသကဲ့သို့ ခံစားရသည်။


၎င်းက အိုမီဂါတစ်ယောက်၏ ဖယ်ရိုမုန်းများဖြစ်ကြောင်း လော့ဝမ်ချွမ်း ချက်ချင်းသဘောပေါက်သွားသည်။


အိုမီဂါဖယ်ရိုမုန်းများဖြင့် ထိတွေ့မိပါက ဓာတ်မတည့်မှု ဖြစ်ပေါ်လာစေနိုင်သည့်အတွက် သူလှည့်ထွက်သွားသင့်သည်ဖြစ်သည်။


သို့ရာတွင် ယခုအချိန်၌ လော့ဝမ်ချွမ်း၏ နှလုံးခုန်သံများက ပြောမပြနိုင်သည့်အခြေအနေအထိ မြန်ဆန်လိုက်လာသည်။ နှလုံးခုန်သံက ဒရမ်ကဲ့သို့ ရင်ဘတ်ထဲတွင် မြည်ဟည်းနေရာ အသက်ရှုရပ်မတတ် ဖြစ်သွားစေသည်။


သူ၏ အသက်ရှုသံက တိုတောင်း၍ မြန်ဆန်လာပြီး ခန္ဓာကိုယ်အပူချိန်လည်း မြင့်တက်လာသည်။


၎င်းက ဓာတ်မတည့်မှု၏လက္ခဏာများ မဟုတ်သည်ကို လော့ဝမ်ချွမ်းသိသည်။


သူ ဓာတ်မတည့်တာ မဖြစ်ပါလား ...


မျက်လုံးများ ပြူးကျယ်သွားပြီး ထိုရနံ့ထွက်ပေါ်လာသည့်နေရာကို ကြည့်လိုက်သောအခါ လူငယ်လေးတစ်ယောက်က ချယ်ရီပင်အောက်တွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။


လော့ဝမ်ချွမ်းအသံပြင်းပြင်းရှုကာ တည်ငြိမ်အောင်ကြိုးစားလိုက်သော်လည်း သူ၏အဆုတ်ထဲမှ လေအေးများတွင် နှင်းဆီရနံ့များ စွန်းထင်းနေပြီဖြစ်သည်။ အသက်ရှုလိုက်တိုင်း သူ၏ဦးနှောက်ထဲ ဗလာကျင်းသွားပြီး ခြေထောက်များလည်း အားနည်းလာသည်။


မိုးရေစက်များက လေထဲတွင် ပိုးချည်မျှင်အကြည်များကဲ့သို့ ကျဆင်းလာနေသည်။ အမြင်အာရုံက ရီဝေဝေဖြစ်နေသော်လည်း လော့ဝမ်ချွမ်းက ထိုကောင်လေးကို မှတ်မိသွားသည်။


သူ၏ဆံပင်များက စိုစွတ်နေကာ ခေါင်းငုံ့ထားပြီး လည်ပင်းကို လက်ဖြင့်အုပ်ထားက နာကျင်မှုကြောင့် အသက်ပြင်းပြင်းရှုနေရပုံပေါ်သည်။ ချယ်ရီပွင့်ဖတ်များက အနက်ရောင်ဆံနွယ်များပေါ် ကပ်နေပြီး ဖြူဖွေးသောပါးပြင်က မိုးရေနှင့် မျက်ရည်စက်များကြောင့် စိုစွတ်နေသည်။ နားရွက်အဖျားမှ ပါးပြင်ပေါ်အထိလည်း နီရဲနေသည်။


လော့ဝမ်ချွမ်း ထိုနေရာတွင်ပင် အေးခဲသွားသည်။ သူတို့ကြားတွင် ဆယ်မီတာခန့် ကွာဝေးနေသော်လည်း ရှေ့ဆက်မတိုးရဲတော့ပေ။


လေထဲမှ နှင်းဆီရနံ့ဖယ်ရိုမုန်းက လော့ဝမ်ချွမ်းအတွက် အန္တရာယ်အချက်ပြဖြစ်နေသည်။


တခြားအိုမီဂါများထံမှ ဖယ်ရိုမုန်းကြောင့် ဓာတ်မတည့်မှုဖြစ်စေမည့် အန္တရာယ်နှင့် ကွဲပြားသည့် တခြား ' အန္တရာယ် ' မျိုး ဖြစ်သည်။


ရှေ့သို့တစ်လှမ်းတိုးလိုက်ပါက လော့ဝမ်ချွမ်း အထိန်းအကွပ်မဲ့သွားမည်လားကို မသိနိုင်ပေ။


အသက်အောင့်ထားပြီး တံတွေးမျိုချလိုက်သည့်အခါ သူ၏‌လည်ချောင်းထဲတွင် ခြောက်သွေ့နေသည်။


အကူအညီတောင်းပေးပြီးနောက် သူမြန်မြန်ထွက်သွားသင့်သည်ကိုလည်း သူသိသည်။


ယခုအချိန်တွင် မိုးကပိုသည်းလာသည်။ ချယ်ရီပွင့်ဖတ်များ ကြွေကျနေသည့်ကြားတွင် လူငယ်လေး၏ လည်ပင်းက ပိုနာကျင်လာပုံရသည့်အတွက် လော့ဝမ်ချွမ်းက သူကယ်တင်ခဲ့သည့် ကြောင်လေးကို ရုတ်တရက် သတိရသွားသည်။


သူ၏ နှလုံးခုန်သံက ရပ်တန့်လုနီးပါးဖြစ်သွားသည်။


ကောင်းကင်ပေါ်တွင် အားပြင်းသည့်ခံစားချက်တစ်မျိုးရစ်ဝဲနေပြီး သူ့ရင်ထဲမှစကားသံတစ်သံက ထိုနေရာမှ လှည့်ထွက်သွားရန်နှင့် သူ၏ရှေ့မှ အိုမီဂါကောင်လေးနှင့် အနာဂတ်တွင် အဆက်အဆံမလုပ်ရန်လည်း ပြောနေသည်။


–––


ယွမ်ရှင်းကျဲ၏ အသံရှုခြင်းက တဖြည်းဖြည်းပူလောင်လာသည်။ သူ၏ခန္ဓာကိုယ်အပူချိန်က ၄၀ဒီဂရီခန့်အထိ မြင့်တက်လာသည်ဟုပင် ခံစားရသည်။ ရေခဲတမျှအေးစက်သော မိုးရေစက်များက သူ့အပေါ် အဆက်မပြတ်ကျဆင်းနေပြီး အပူနှင့်အအေး ရောနှောသွားသည့်အတွက် လက်ချောင်းများပင် တုန်လာသည်။


ထိုအချိန်မှာပင် ...


ခြေသံအချို့ကို ကြားလိုက်ရသည်။


ခေါင်းမော့ကြည့်လိုက်ချိန်တွင် သူ၏ဝိုးတဝါးမြင်ကွင်းထဲတွင် အရပ်ရှည်ရှည်လူတစ်ယောက်က မိုးရေထဲတွင် သူ့ဆီသို့လျှောက်လာနေသည်။ ထိုလူက အပြာရင့်ရောင် ကျောင်းယူနီဖောင်းကိုဝတ်ဆင်ထားပြီး အပြာရောင်ဘွတ်ဖိနပ်သီးထားကာ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဘေးသို့ ရေများစင်လာသည်။


နောက်ဆုံးတွင် ထိုဖိနပ်တစ်ရံက သူ့ရှေ့တွင် ရပ်တန့်သွားသည်။


ထိုလူက သူ၏ခေါင်းအထက်မှ အနက်ရောင်ထီးကို ယွမ်ရှင်းကျဲအပေါ်သို့ အုပ်မိုးပေးလိုက်ကာ ရေခဲတမျှအေးစက်သည့် မိုးစက်များထံမှ ကာကွယ်ပေးလိုက်သည်။


xxxx