အပိုင်း ၃၇
Viewers 17k

Chapter 37


လော့ဝမ်ချွမ်း မျက်မှောင်ကြုတ်လိုက်သည်။

" မင်းကိုလား ... မင်းက ဆရာဝန်လား ..."


ချီယု၏မျက်နှာက တောင့်တင်းသွားပြီး နှုတ်ခမ်းများ တင်းတင်းစေ့ထားသည်။


လော့ဝမ်ချွမ်းနှင့်ချီယု နှစ်ယောက်လုံးက ကျောင်းလက်ရွေးစင်အဖွဲ့မှ အင်အားကြီးအယ်လ်ဖာများဖြစ်သည်။ သို့သော်လည်း လော့ဝမ်ချွမ်းက အဆင့်တစ်နေရာတွင် ရှိနေပြီး ချောမောခံ့ညားသည်။ သူနှင့်အတူယှဉ်လိုက်ပါက မည်သူမျှ ချီယုကို စိတ်မဝင်စားကြတော့ပေ။ ချီယုက ဤကိစ္စနှင့် ပတ်သက်၍လည်းယခင်က စိတ်ဓာတ်ကျခဲ့ဖူးသည်။


ယွမ်ရှင်းကျဲက မျက်လုံးမှိတ်လျက် လော့ဝမ်ချွမ်း၏ ရင်ခွင်ထဲ လှဲလျောင်းနေသည်ကို မြင်သောအခါ သူ့ကလေးလေးကို တစ်ယောက်ယောက်က လုယူသွားသကဲ့သို့ အားပြင်းသည့် ဘေးအန္တရာယ်ဆိုးကြီးတစ်ခုကို ခံစားလိုက်ရသည်။


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို ဖက်ထားလျက်နှင့်ပင် ချိယု၏ပခုံးကို ဝင်တိုက်သွားကာ သူ့ဘေးမှ အတင်းအကြပ်ဖြတ်လျှောက်သွားသည်။


ချီယုက ခဏတာ အံ့အားသင့်သွားသော်လည်း သူ့နောက်မှ အမြန်လိုက်သွားသည်။ လော့ဝမ်ချွမ်းက ခြေတံရှည်၍ ခြေလှမ်းများကာပိုမိုမြန်ဆန်နေသည်။ ယွမ်ရှင်းကျဲကိုချီထားလျက် ဆရာဝန်ဆီသို့လျှောက်သွားပြီး သူ၏လက္ခဏာများကို ပြောပြလိုက်ပြီး သူ့ကို လူနာဆောင်ထဲ ခေါ်သွားသည်။


ချီယုက လုံးဝ လျစ်လျူရှု့ခံလိုက်ရသည်။


တစ်ဖက်တွင်မူ စုကျီနန်က ချီယုအနားကပ်ပြီး တီးတိုးပြောလိုက်သည်။

" ညီလေးရှင်းကျဲက အံ့ဩစရာကောင်းလိုက်တာ... လော့ဝမ်ချွမ်းလို လူမျိုးကိုတောင် ကိုင်တွယ်နိုင်တယ်ပေါ့လေ ... တကယ်ကို တွေးကြည့်လို့မရဘူး ... တစ်ယောက်တည်းဘဝကလွတ်အောင် သူ့ဆီကများသင်ယူရမလားပဲ ..."


စုကျီနန်ပြောသည်များကို ကြားသောအခါ ချီယု လက်သီးကို တင်းတင်းဆုပ်ထားပြီး သူ့ရင်ထဲတွင် မဖော်ပြနိုင်လောက်အောင် ဒေါသထွက်လာသည်။


ယွမ်ရှင်းကျဲ၏ heatဝင်နေချိန်ပုံစံကို သူတစ်ကြိမ်မှ မမြင်ဖူးခဲ့ပေ။

ဒါပေမဲ့ လော့ဝမ်ချွမ်းကျတော့ဘာလို့ မြင်သွားရတာလဲ ...


ချီယုက လူနာဆောင်အနားသို့ မှုန်ကုပ်ကုပ်ဖြင့်လျှောက်လာပြီး  လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို ကုတင်ပေါ်‌ တင်ပေးနေသည်ကို ကြည့်နေမိသည်။ သူ အံကြိတ်ထားကာ ပြောလိုက်သည်။

" လော့ဝမ်ချွမ်း ဒါက ကျောင်းလက်ရွေးစင်အသင်းထဲမှာ မဟုတ်ဘူးနော် မင်း ဘာတွေ ကြံနေတာလဲ ..."


လော့ဝမ်ချွမ်း လူနာဆောင်ထဲမှ ထွက်လာပြီး ချီယု၏ ဆူ‌ဆူညံညံအသံကြောင့် အခန်းထဲမှလူများ အနှောင့်အယှက်မဖြစ်စေရန် တံခါးပိတ်လိုက်သည်။


ထို့နောက်တွင် မျက်မှောင်ကြုတ်ပြီး ချီယုကို ကြည့်လိုက်သည်။

" မင်း ဘာတွေလုပ်နေတာလဲ ..."


" သူက ငါနဲ့ စေ့စပ်ထားတဲ့လူ ...မင်း မသိဘူးလား..."

ချီယုက လော့ဝမ်ချွမ်းကိုကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။


လော့ဝမ်ချွမ်းက ချီယုကို အေးစက်စက်မျက်လုံးများဖြင့် ကြည့်လိုက်သည်။


ချီယု မျှော်လင့်ထားသည်နှင့်ဆန့်ကျင်စွာ သူကမေးခွန်းကို ချက်ချင်းပြန်မဖြေပေ။


သူတို့နှစ်ယောက်ကြားထဲမှ လေထုအခြေအနေက တင်းမာလာသည်။


လော့ဝမ်ချွမ်းက ချီယုကို ခဏတာစိုက်ကြည့်နေပြီးနောက် ရုတ်တရက် မေးလိုက်သည်။

" မင်းက တကယ်ပဲ သူနဲ့ စေ့စပ်ထားတဲ့သူလား ..."


သူ၏ အေးစက်စက်မျက်လုံးများကြောင့် ချီယု ရုတ်ချည်း လိပ်ပြာမလုံသကဲ့သို့ခံစားလိုက်ရသော်လည်း ခွန်းတုံ့ပြန်ကာ ပြောလိုက်သည်။

" သေချာတာပေါ့ ... ဘယ်လို အဓိပ္ပါယ်မရှိတာတွေ  လာပြာနေတာလဲ ..."


" ဒါဆိုရင် သူhetaဝင်နေတဲ့အချိန်မှာ မင်းက ဘာလို့ တခြားအိုမီဂါနဲ့ ရှိနေရတာလဲ ..."


လော့ဝမ်ချွမ်းက စုကျီနန်ကိုလှမ်းကြည့်ပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။


ထေ့ငေါ့ပြောလိုက်သည့်လေသံက ချီယုနှင့် စုကျီနန်တို့နားထဲတွင် စိတ်ကိုဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။


လော့ဝမ်ချွမ်းအတွက် ထိုကဲ့သို့ စကားရှည်ရှည်ပြောရခြင်းက အလွန်ရှားပါးသည်။ ချီယု ခဏခန့် အံ့ဩသွားပြီးနောက် ဒေါသထွက်လာသည်။


" ငါ မသိလို့လေ ... စုကျီနန်ရဲ့ခန္ဓာကိုယ်က ရုတ်တရက်ကြီး နေလို့ထိုင်လို့မကောင်းဖြစ်လာလို့ ငါသူနဲ့အဖော်လုပ်ပေးနေရတာ ..."


စုကျီနန်လည်း မျက်မှောင်ကြုတ်လိုက်သည်။


" ဟုတ်သားပဲ ... သူheatဝင်ချိန်စောမယ်ဆိုတာ ငါတို့ ဘယ်လိုလုပ်သိမှာလဲ ... လော့ဝမ်ချွမ်း ပြဿနာမရှာပါနဲ့ ငါနဲ့ချီယုက မိတ်ဆွေတွေလေ ... ပြီးတော့ ညီလေးရှင်းကျဲနဲ့ ငါနဲ့ နှစ်ယောက်လုံးက အိုမီဂါတွေလေ သူheatဝင်နေမှန်းသိရင် ငါကရော မကူညီပဲ နေမယ်တဲ့လား ..."


" တကယ်လား ..."


လော့ဝမ်ချွမ်းက သူတို့ကိုစိုက်ကြည့်နေပြီး မျက်လုံးထဲတွင် ခံစားချက်ကင်းမဲ့နေသည်။


လော့ဝမ်ချွမ်းက သူ့ကိုလှောင်ပြောင်နေသည်ဟု ခံစားလိုက်ရ၍ ချီယု မျက်မှောင်ကြုတ်လိုက်သည်။

" ‌ဒါပေါ့ သေချာပေါက် အဲ့လိုပဲလုပ်မှာ ..."


လော့ဝမ်ချွမ်းက ချီယုကို သံသယမကင်းသည့်ပုံဖြင့် ကြည့်နေသည်။


သူ့အကြည့်က ချီယုကို ဒေါသထွက်စေသဖြင့် သူဆက်ပြောလိုက်သည်။


" ယွမ်ရှင်းကျဲနဲ့ငါက ကလေးဘဝတည်းက စေ့စပ်ထားတာ ... သူ ငါ့ကိုသဘောကျလို့ ဒီကျောင်းကိုတက်ခဲ့ပြီး မက်ခါမောင်းနည်းသင်ခဲ့တာလည်း ငါ့ကြောင့်ပဲ ... အခုနောက်ပိုင်း ငါသူ့ကို ဂရုမစိုက်မိခဲ့လို့ပါ အဲ့အတွက်လည်း ငါအဆင်ပြေအောင် ပြန်လုပ်တော့မှာ ..."


လော့ဝမ်ချွမ်းကိုကြည့်ရသည်မှာ သူပြောနေသည်များကို စိတ်ဝင်စားပုံမရပေ။  သူ ဘာမှ ဆက်မပြောတော့ပဲ တစ်ဖက်သို့ လှည့်ထွက်သွားလိုက်သည်။


သူ ထွက်သွားသည်ကိုမြင်သောအခါ ချီယုမျက်လုံးထဲတွင် ခံပြင်းမှုများဖြင့် ပြည့်နှက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။


" အစ်ကိုကြီးယု လော့ဝမ်ချွမ်းက ညီလေးရှင်းကျဲနဲ့ လမ်းမှာတွေ့လို့ ကူညီလာရုံ နေမှာပါ အဲ့လောက်ထိ ဒေါသထွက်မနေပါနဲ့ ..."

စုကျီနန်က တီးတိုးပြောလိုက်သည်။


" ကိုယ်နဲ့ စေ့စပ်ထားတဲ့သူက တခြားအယ်လ်ဖာတစ်ယောက် ရင်ခွင်ထဲရောက်နေတာကို ဘယ်သူက ဒေါသမထွက်ပဲ နေမှာလဲ ..."


ချီယုက သဝန်တိုနေသံကို အတင်းထိန်းချုပ်ကာ ပြောလိုက်သည်။

37.2


စုကျီနန် အံ့အားသင့်သွားသည်။

" ဒါပေမဲ့ အစ်ကိုကြီးတို့နှစ်ယောက်က ..."


" အဲ့ဒါ ယွမ်ရှင်းကျဲ ဒေါသထွက်နေလို့လေ ..."

ချီယု သူ့ကို ဖြတ်ပြောလိုက်သည်။


" မင်း အရင်ပြန်တော့ ... ငါ ယွမ်ရှင်းကျဲနဲ့ စကားသွားပြောလိုက်ဦးမယ် ..."


ပြောပြီးသည်နှင့် ချီယုက လူနာဆောင်တံခါးကိုဖွင့်ကာ ဝင်သွားပြီးသည့်နောက် လော့ချလိုက်သည်။


စုကျီနန် လက်သီးတင်းတင်းဆုပ်ထားပြီး တံခါးကိုစိုက်ကြည့်နေလျက် သူ့မျက်နှာက မှုန်ကုပ်ကုပ်ဖြစ်လာသည်။


တစ်နေ့တွင် ချီယုက သူ့ကိုလျစ်လျူရှု့ပြီး  တွန့်ဆုတ်ခြင်းမရှိပဲ ယွမ်ရှင်းကျဲကို ရွေးချယ်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိပေ။ 


သူက ယွမ်ရှင်းကျဲ မရောက်နိုင်တဲ့ အမြင့်တစ်နေရာမှာ ရှိနေတာလေ ...


ချီယုသည်လည်း "မင်းက ယွမ်ရှင်းကျဲထက် အဆတစ်ရာလောက် ပိုတော်တယ် "ဟု သူ့ကိုပြောခဲ့ဖူးသည်။


သူက အတော်ဆုံးအိုမီဂါဆိုတာ အားလုံးက အသိအမှတ်ပြုကြတယ်လေ ...


ဘာလို့ ဒီလိုမျိုး ဖြစ်ရတာလဲ ...


ယွမ်ရှင်းကျဲက သူပိုင်ဆိုင်နေရမယ့် အရာအားလုံးကို ဘာလို့ခိုးယူသွားရတာလဲ ...


စုကျီနန် မျက်လုံးများ ခဏမှိတ်ထားပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် ပြန်ဖွင့်လိုက်သည်။ မနာလိုမှုများကို သူ့ရင်ထဲတွင် သိမ်းဆည်းထားလိုက်ကာ အပြင်ပြန်ထွက်သွားလိုက်သည် 


ယွမ်ရှင်းကျဲ နိုးလာချိန်၌ သူက ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။


ထထိုင်၍ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သောအခါ ကျောင်းဆေးခန်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။


" မင်း နိုးလာပြီလား ..."

‌ရင်းနှီးနေသောအသံတစ်သံက ဘေးမှ ထွက်ပေါ်လာသည်။


ယွမ်ရှင်းကျဲ တစ်ဖက်သို့ အမြန်လှည့်ကြည့်လိုက်သည်။ သို့သော်လည်း ထိုလူကို မြင်လိုက်ချိန်တွင် မျက်မှောင်မကြုတ်ပဲ မနေနိုင်တော့ပေ။

" မင်းကို ဘယ်သူက ဝင်ခိုင်းလိုက်တာလဲ ..."


" ရှင်းကျဲ ငါ့ကို အဲ့လိုမျိုး ဆက်ဆံစရာလိုလို့လား ..."


ချီယု နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး ယခုချိန်၌ သူ၏ ချောမောခံ့ညားသောမျက်နှာက အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားပုံရသည်။


" ပြီးတော့ အခုချိန်မှာ မင်းကို မေးခွန်းမေးသင့်တာ ငါမဟုတ်ဘူးလား ..."


ယွမ်ရှင်းကျဲက ဆေးရုံမှ အချက်ပေးခလုတ်ကိုနှိပ်ပြီး ဆရာဝန်ကိုခေါ်ကာ ချီယုကို မောင်းထုတ်ရန်ပြင်လိုက်သော်လည်း လက်ဆန့်ထုတ်လိုက်ချိန်မှာပင် သူ့လက်ကို ချီယုက ဆွဲထားလိုက်သည်။


ချီယုက အနည်းငယ်အားပြင်းသွား၍ ယွမ်ရှင်းကျဲ၏လက်ကောက်ဝတ် နာကျင်သွားသည်။


ချီယု ခေါင်းငုံ့လိုက်ပြီး သူ၏ချောမော၍ ဖြူသန့်နေသော မျက်နှာက ယွမ်ရှင်းကျဲနှင့် အလွန်နီးနေသည်။ သူ့ပုံစံက အနည်းငယ်ရန်လိုနေပုံပေါ်သော်လည်း မှေးစင်းနေသော မျက်လုံးများက ယွမ်ရှင်းကျဲအပေါ် မေးခွန်းများ မေးလိုစိတ်ဖြင့် ပြည့်နေသည်။


ယွမ်ရှင်းကျဲကို ‌‌လော့ဝမ်ချွမ်းက ရင်ခွင်ထဲထည့်ထားပြီး ဆေးခန်းသို့ရောက်လာချိန်ကမြင်ကွင်းကို ပြန်မြင်ယောင်မိ၍ သဝန်တိုသွားပြီး မေးလိုက်သည်။


" မင်းနဲ့ လော့ဝမ်ချွမ်း ဘာဖြစ်လာတာလဲ ..."


" အဲ့ဒါ မင်နဲ့ဆိုင်လား ... ငါနဲ့ ဝေးဝေးနေစမ်းပါ ..."

ယွမ်ရှင်းကျဲက သူ့လက်ကို ပုတ်လိုက်သည်။


" မင်းheatဝင်ချိန် စောနေတာပဲ ဘာလို့ ငါ့ကိုမပြောပြတာလဲ ..."


ယွမ်ရှင်းကျဲ၏ အေးစက်စက်အပြုအမူကြောင့် ချီယုက သူ့ဒေါသကို ပို၍မထိန်းချုပ်နိုင်ဖြစ်လာသည်။


" မင်း ငါ့ကိုပြောပြထားရင် ငါကူညီပေးလို့ရတယ်လေ ... ယာယီအမှတ်အသားပေးတာဖြစ်ဖြစ်  ဖယ်ရိုမုန်းထိန်းချုပ်ဆေး ထိုးပေးတာဖြစ်ဖြစ် လုပ်ပေးလို့ရတယ်လေ ..."


ယွမ်ရှင်းကျဲ အံ့အားသင့်သွားသည်။


မူလပိုင်ရှင်၏ မှတ်ဉာဏ်များအရ သူheatဝင်ချိန်ရောက်လာတိုင်း ချီယုကို အကူအညီတောင်းခဲ့သည်။ သို့သော်လည်း ချီယုက သူ့ကို အကူအညီမပေးခဲ့သည့်အပြင် မတော်တဆဖြစ်ရပ်များမှ ကာကွယ်ရန် ဖယ်ရိုမုန်းထိန်းချုပ်ဆေးများကို သုံးဆခန့် ကြိုထိုးခိုင်းထားခဲ့သည်။


ချီယုအတွက် အားနည်းသောအိုမီဂါတစ်ယောက်ကို အမှတ်အသားပေးရခြင်းက ရှက်စရာဖြစ်သည်။


" အသုံးမကျတဲ့ အိုမီဂါတစ်ယောက်အစား အယ်လ်ဖာတစ်ယောက်ကိုပဲ အမှတ်အသားပေးတော့မယ်..." ဟူပင် ပြောခဲ့ဖူးသည်။


အသုံးမကျသော အိုမီဂါကို မည်သူမည်ဝါဟု မရည်ညွှန်းခဲ့သော်လည်း သူက ယွမ်ရှင်းကျဲအား ဆိုလိုသည်ဖြစ်ကြောင်း အားလုံးသိကြသည်။


သို့ရာတွင် ချီယုက ထိုအရာများကို မပြောခဲ့ဟန်ဆောင်နေသည့်အပြင် ယွမ်ရှင်းကျဲကိုလည်း သူ့အား အဘယ့်ကြောင့်  အကူအညီမတောင်းသနည်းဟု မေးနေသည်။


ယွမ်ရှင်းကျဲ မျက်မှောင်ကြုတ်ပြီး အေးစက်စွာပြောလိုက်သည်။

" အသုံးမကျတဲ့ အယ်လ်ဖာတစ်ယောက် အမှတ်အသားပေးတာ ခံမယ့်အစား ငါ့တစ်ဘဝလုံး ဖယ်ရိုမုန်းထိန်းချုပ်ဆေးပဲသုံးပြီး နေသွားတော့မယ် ..."


ချီယု အံ့ဩသွားသည်။


ကမ္ဘာပေါ်တွင် အခြေအမြစ်မရှိဆုံး စကားများကို ကြားလိုက်ရသကဲ့သို့ သူ့မျက်လုံးများ ပြူးကျယ်သွားသည်။


အသုံးမကျတဲ့ အယ်လ်ဖာ ဆိုပါလား ...


" ယွမ်ရှင်းကျဲ မင်း ကိုယ့်ကိုကိုယ် ဘာပြောနေမှန်းသိရဲ့လား ..."

ချီယု ဒေါသတကြီးအော်လိုက်သည်။


" ငါသာ မရှိရင် မင်းဒီကျောင်းကို မတက်နိုင်ဘူး ... မင်းက အချက်အပြုတ်နဲ့ အဝတ်လျှော်ဖွတ်ဖို့လောက်ပဲ သင်ပေးတဲ့ကျောင်းမှာ တက်နေရမှာ ... မင်း တော်တော်လေး အသိတရားမရှိတာပဲ ..."


ယွမ်ရှင်းကျဲက အေးစက်စက်ဖြင့် သူ့ကို ဖြတ်ပြောလိုက်သည်။

" ပြိုင်ပွဲအတွက် လူရွေးပွဲမဖြေခင်က ကျောင်းက ငါ့ကိုခြိမ်းခြောက်ပြီး ထွက်ခိုင်းတယ်လေ ... ငါက ငါ့စွမ်းရည်ကိုသုံးပြီး ဒီမှာကိုယ့်ဘာသာ ဆက်နေနိုင်ခဲ့တာ ... အဲ့ဒါက မင်းနဲ့ ဘာဆိုင်နေလို့လဲ ..."


ထိုစကားများကြားသည့်အခါ ချီယုက ယွမ်ရှင်းကျဲကိုကျောင်းထွက်အောင် ကြံစည်ခဲ့မိသည့် သူ၏လုပ်ရပ်ကို ပြန်တွေးမိသွားသည်။ အပြစ်မကင်းသည့်စိတ်ကြောင့် သူ့ဒေါသအများစုက‌ အငွေ့ပျံသွားသည်။


သူ အသံတိုးတိုးဖြင့် တောင်းပန်သည့်ပုံဖြင့်ပြောလိုက်သည်။

" ရှင်းကျဲ ငါတောင်းပန်ပါတယ်... အရင်တစ်ခေါက်ကိစ္စက ငါစိတ်လိုက်မာန်ပါ လုပ်လိုက်မိတာပါ ... မင်း စိတ်ဆိုးနေသေးတာငါသိပါတယ် ဒါပေမဲ့ အရင်တုန်းက ချစ်ခင်မှုတွေကို ထောက်ထားပြီး ငါတို့တွေ ..."


" ချီယု ငါမင်းနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်တာ ကြာပြီလေ ... ဘာလို့ ငါ့ကိုနှောင့်ယှက်နေတာလဲ ..."


ယွမ်ရှင်းကျဲ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


ချီယု အသက်ပြင်းပြင်းရှုပြီး သူ့ရင်ထဲမှ ဒေါသများကို ချိုးနှိမ်ထားလိုက်ပြီး ယွမ်ရှင်းကျဲကို တစ်လုံးချင်းပြောလိုက်သည်။


" ရှင်းကျဲ ငါတို့ရဲ့ဖယ်ရိုမုန်းကိုက်ညီမှု ဒီဂရီက ၈၉%အထိတောင်ရှိတယ် ... အဲ့လောက်ကိုက်ညီတာ ဘယ်လောက်ရှားလဲဆိုတာသိလား ... မင်း ငါနဲ့စေ့စပ်ထားတာ ဖျက်သိမ်းချင်သေးတာလား ..."

စုံတွဲအနည်းငယ်ကသာ ဤမျှမြင့်မားသော ကိုက်ညီမှုဒီဂရီရှိကြပြီး ၎င်းတို့လည်း သူတို့နှစ်ယောက်စေ့စပ်ခြင်းအတွက် အရေးကြီးသောအကြောင်းရင်းတစ်ခုလည်းဖြစ်သည်။


ချီယုက အလွန်ယုံကြည်ချက်ရှိနေသည်။ ယွမ်ရှင်းကျဲက သူ မရှိပဲ ဘာမှမလုပ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ကိုက်ညီမှုရာခိုင်နှုန်းမြင့်လေ အိမ်ထောင်သည်ဘဝက ပိုပိုစည်းချက်ညီပြီး ပျော်ရွင်ရလေ ဖြစ်သောကြောင့်ပင်။


ယွမ်ရှင်းကျဲအတွက် သူနှင့် ဖယ်ရိုမုန်းကိုက်ညီမှု ၈၉%ကျော်မြင့်သော အယ်လ်ဖာတစ်ယောက်ကို ရှာဖွေရန် မဖြစ်နိုင်ပေ။


ချီယုက ရှေ့တစ်လှမ်းတိုးလာပြီး ဆက်ပြောလိုက်သည်။

" ရှင်းကျဲ စိတ်မဆိုးပါနဲ့တော့ ... ငါ မင်းကို နောက်ဆိုရင် ပိုဂရုစိုက်ပါ့မယ် ... တခြားအယ်လ်ဖာတွေနဲ့ အရောတဝင်မနေပါနဲ့တော့ ..."


ယွမ်ရှင်းကျဲ သည်းမခံနိုင်တော့၍ ပြန်ဖြေလိုက်သည်။ 


" ငတုံးကောင် ... မင်းငါနဲ့ ဝေးဝေးနေတာက ငါ့ကိုဂရုစိုက်ဖို့ အကောင်းဆုံးနည်းလမ်းပဲ ..."


xxxxx