Chapter 39
ချီယု၏ နှုတ်ခမ်းထောင့်တွင် သွေးထွက်လာသည်အထိ အထိုးခံလိုက်ရသော်လည်း ပြန်လည်တုံ့ပြန်ရမည်ကို မေ့လျော့နေသကဲ့သို့ မိန်းမောနေသည်။
အနားမှလူများက အယ်လ်ဖာကောင်လေးကို တားမြစ်ကြပြီး အခြေအနေ ပိုမဆိုးလာအောင် ဝိုင်းထိန်းပေးကြသည်။
ချီယု ဆံပင်များဖွာလန်ကြဲနေပြီး ခေါင်းငိုက်စိုက်ကျလျက် ထိုနေရာတွင် အချိန်အတော်ကြာ ရပ်နေခဲ့သည်။ သူ့နားမှ လူအနည်းကယ်က ရှေ့သို့ရောက်လာပြီး စကားမပြောရဲကြပဲ အသိစိတ်ပြန်ကပ်သွားအောင်သာ မျှော်လင့်နေကြသည်။
နောက်ဆုံးတွင် ချီယုက အသက်ပြင်းပြင်းရှုလိုက်ပြီး သူနှင့် ထိုးကြိတ်နေခဲ့သော အယ်လ်ဖာကောင်လေးဆီသို့ လျှောက်လာလိုက်သည်။
အယ်လ်ဖာကောင်လေးက သူ့ကို ပြန်လည်တိုက်ခိုက်တော့မည့် ကိုယ်ဟန်အနေအထားဖြင့် သတိထားကြည့်နေသည်။
" မင်းဘာလုပ်ချင်ပြန်တာလဲ ..."
" မက်ခါဆရာလုပ်ပေးဖို့ကမ်းလှမ်းချက်ကို ဘယ်က သွားပို့တာလဲ ... ငါ့ဆီကို လင့်ပို့ပေး ..."
ချီယုက သူ့ကို အသက်မဲ့စွာကြည့်နေပြီး ကြောက်မက်ဖွယ်လေသံကြီးဖြင့် ပြောလိုက်သည်။
အံ့အားသင့်သွားသော ထိုကောင်လေးမှာ ချက်ချင်းမတုံ့ပြန်နိုင်သဖြင့် ချီယု ဒုတိယအကြိမ်တည်ငြိမ်စွာမေးလိုက်သည့်အခါမှ လင့်ပို့ပေးလိုက်သည်။
–––
လော့ဝမ်ချွမ်း အဆောင်သို့ ပြန်ရောက်သည့်အခါ အိပ်ခန်းထဲဝင်ပြီး တံခါးပိတ်လိုက်ကာ လော့ချလိုက်သည်။
ကျောပိုးအိတ်ကိုချွတ်၍ ကုတင်ပေါ်ပစ်တင်လိုက်ကာ တံခါးတွင်မီပြီး စိတ်အေးလက်အေးဖြစ်သွားပုံဖြင့် သက်ပြင်းချလိုက်သည်။
ယနေ့ဖြစ်ပျက်သွားခဲ့သည်များက မမျှော်လင့်ထားသော အိမ်မက်တစ်ခုကဲ့သို့ ရုတ်တရက်ဆန်လွန်းလှသည်။
သူ မည်မျှ စိတ်ထိန်းခဲ့ရပြီး ယွမ်ရှင်းကျဲ၏ရှေ့တွင်ရှိနေသော စက္ကန့်တိုင်းက ခံစားနေခဲ့ရသည်ကို ဘုရားသခင်သာသိသည်။
ကိုက်ညီမှုမြင့်သောဖယ်ရိုမုန်းများက သူ့ခန္ဓာကိုယ်မှ ဆဲလ်များထဲဝင်လာပြီး ဆဲလ်နှင့် နာ့ဗ်ကြောများကို ဖြိုခွဲလိုက်သည်။ တစ်ကြိမ်တစ်ခါမှ ပြင်းထန်စွာ မလှုပ်ရှားခဲ့ဖူးသော သူ့ရင်ဘတ်က စည်းချက်ကျကျ တဒိတ်ဒိတ်ခုန်နေသည်။
လော့ဝမ်ချွမ်းက တစ်ဖက်လူကို အမှတ်အသားပေးချင်စိတ်ကို မည်မျှထိန်းချုပ်ခဲ့ရသည်ကို ထပ်မတွေးရဲတော့ပေ။
ကံကောင်းသည်မှာ သူ့စိတ်သူ ထိန်းချုပ်နိုင်ခဲ့သည်။
သူ အသိစိတ်ပြန်ဝင်လာချိန်တွင် လက်သီးများတင်းတင်းဆုပ်ထားမိသည်ကို သတိပြုမိသွားသည်။ မျက်လုံးမှိတ်၍ ချယ်ရီပင်အောက်မှ ကောင်လေး၏မြင်ကွင်းကို စိတ်ထဲမှထုတ်လိုက်သည်။
အိပ်ရာပေါ်တက်သွားပြီး ကျောပိုးအိတ်ထဲမှ ရေဘူးကိုထုတ်ရန် ပြင်လိုက်သော်လည်း အမှတ်တမဲ့ဖြင့် အနက်ရောင်ထီးလေးကိုသာ ထုတ်လိုက်မိသည်။
ထီးပေါ်တွင် နှင်းဆီရနံ့အနည်းငယ် ကျန်ရှိနေခဲ့သဖြင့် လော့ဝမ်ချွမ်းမှာ ထိုနေရာ၌ပင် အေးခဲသွားရသည်။
အနံပျောက်စပရေးကို ဖြန်းခဲ့သော်လည်း ဖယ်ရိုမုန်းရနံ့အချို့က ကျန်ရှိနေခဲ့သည်။
နှင်းဆီပန်း၏ ရနံ့က နူးညံ့သိမ်မွေ့ကာ နွေးထွေးသောအခန်းထဲတွင် သူ့စိတ်ကို ဒွိဟဖြစ်စေလာသည်။ ၎င်းက အေးမြသောမိုးရေစက်များအောက်တွင် ရခဲ့သောရနံ့နှင့် ကွဲပြားသော်လည်း တူညီသော အကျိုးသက်ရောက်မှုများရှိနေဆဲဖြစ်သည်။
ဤကမ္ဘာမှ အိုမီဂါဖယ်ရိုမုန်းများက သူ့ခန္ဓာကိုယ်ကိုအလိုအလျောက်တုံ့ပြန်မှုများ ဖြစ်ပေါ်လာစေလိမ့်မည်ဟု သူ မတွေးခဲ့မိပေ။ ထို့အပြင် ၎င်းက အလွန်အားပြင်းသော တုံ့ပြန်မှုတစ်ရပ်ကို ဖြစ်လာစေသည် ။
ဒါပေမဲ့ ဒီအိုမီဂါမှာက စေ့စပ်ထားတဲ့သူ ရှိပြီးသားလေ ...
လော့ဝန်ချွမ်း ရှက်ရွံ့စွာဖြင့် ထီးကို ကျောပိုးအိတ်ထဲ ပြန်ထည့်ထားလိုက်သည်။ ထိုကျောပိုးအိတ်ကို ဗီရိုအတွင်းထဲ မမြင်ရသည့်နေရာအထိ ထိုးထည့်ထားလိုက်ပြီး ထိုကိစ္စကိုထပ်မတွေးရဲတော့ပေ။
နာရီဝက်ခန့်ကြာသော် ...
လော့ဝမ်ချွမ်း ရေချိုးခန်းထဲမှထွက်ကာ အခန်းထဲပြန်လာသည်။ ဆံပင်ခြောက်အောင်သုတ်နေစဉ်တွင် မှတ်ဉာဏ်တုထဲရှိ ဆက်သွယ်ရေးလိုင်းမှ ဖုန်းလာသဖြင့် ကိုင်လိုက်သည်။
ကျိုးဖေးရွှယ်၏ပုံရိပ်ပေါ်လာသည်။ သူ့ကိုကြည့်ရသည်မှာ သီးသန့်ခန်းထဲရောက်နေပုံပေါ်ပြီး လော့ဝမ်ချွမ်းကိုကြည့်ပြီး လေးနက်စွာမေးလိုက်သည်။
" ဒုတိယမင်းသား ရေချိုးလို့ပြီးသွားပါပြီလား ..."
လော့ဝမ်ချွမ်းက ခါးပတ်တွင် တာဝါတစ်ထည်ပတ်ထားသည်။ ရေစက်များက သူ့ရင်အုပ်ပေါ်နှင့် ဝမ်းဗိုက်ကြွက်သားများတွင် တွဲလွဲခိုနေသည်။ မခြောက်တခြောက်ဖြစ်နေသော ဆံပင်များက ဖရိုဖရဲဖြစ်ပြီး သူပုံက စိတ်နှင့်လူနှင့် မကပ်သကဲ့သို့ဖြစ်နေကာ လေသံကလည်း အေးစက်နေသည်။
" အင်း ..."
" ကျွန်တော်မျိုး ရိုင်းပြမိလို့တောင်းပန်ပါတယ် ဒါပေမဲ့ မေးခွန်းတစ်ခု မေးစရာရှိပါတယ် ..."
ကျိုးဖေးရွှယ် သူ့ကို မျက်မှောင်ကြတ်၍ ကြည့်နေသည်။
" ဒီနေ့ heatဝင်နေတဲ့ အိုမီဂါတစ်ယောက်ကို ကယ်ခဲ့သေးလားမသိဘူး ..."
လော့ဝမ်ချွမ်းက ကျိုးဖွးရွှယ်ကို မျက်လုံးချင်းစုံအောင်ကြည့်လိုက်သည်။
" ခင်ဗျား သိတယ်ပေါ့ ..."
" သူက ကျွန်တော်မျိုးရဲ့ ကျောင်းသားလေ ... ဒီနေ့ ချီယုဆီက ကြားခဲ့တာ ... အရှင်မင်းသား ဒီလိုလုပ်တာ အရမ်းစွန့်စားလွန်းရာကျပါတယ် ... ဓာတ်မတည့်တာဘာညာ မဖြစ်ဘူးလား ..."
လော့ဝမ်ချွမ်း ခေါင်းခါပြလိုက်သည်။
ကျိုးဖေးရွှယ် ထိတ်လန့်တကြားဖြင့် မျက်လုံးများ ပြူးသွားသည်။
" မဖြစ်ဘူးလား ... သူက အိုမီဂါဖယ်ရိုမုန်းတွေ မထုတ်ရသေးလို့များလား ..."
" ထုတ်တယ် ..."
လော့ဝမ်ချွမ်း၏အကြည့်က ဗီရိုပေါ်ရောက်သွားသော်လည်း အလျင်အမြန်ပင် အကြည့်လွှဲလိုက်သည်။
" အာ အဲ့ဒါဆိုရင် ..."
ကျိုးဖေးရွှယ်က တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ အံ့အားသင့်သွားသည်။ သူ ပါးစပ်အဟောင်းသားဖြစ်သွားသည်မှာ ကြက်ဥတစ်လုံးပင် ဆန့်သည်အထိဖြစ်သည်။
" ဒါဆိုရင် အရှင့်သားနဲ့ယွမ်ရှင်းကျဲရဲ့ ဖယ်ရိုမုန်းကိုကီမှုက ၉၅%လောက် ရှိတယ်ဆိုတဲ့သဘောလား..."
လော့ဝမ်ချွမ်း နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
" ကျွန်တော်လည်းမသိဘူး ... ဆရာဝန်ပြောတာတော့ ဖယ်ရိုမုန်းကိုက်ညီမှု အဲ့အဆင့်ထိရောက်မယ်ဆိုရင် ဓာတ်မတည့်တဲ့ လက္ခဏာမရှိတော့ဘူးဆိုပေမယ့် သေချာအတည်ပြုထားတာမျိုး မဟုတ်သေးပါဘူး ..."
" အဲ့လို မမှန်ဘူးထင်တယ် ..."
ကျိုးဖေးရွှယ် မျက်မှောင်ကြုတ်လိုက်သည်။
" ယွမ်ရှင်းကျဲနဲ့က ဒီလောက်ကိုက်ညီမှုဒီဂရီမြင့်နေမယ်ဆိုရင် တော်ဝင်မိသားစုက မသိတာ မဖြစ်နိုင်ဘူး ... ဘာလို့လဲဆိုတော့ အရှင့်သား မြို့တော်ကို ပြန်ရောက်လာပြီးတည်းက တော်ဝင်မိသားစုက မျိုးဗီဇဘဏ်မှာ ပိုက်စိပ်တိုက်ရှာခဲ့ကြပေမယ့် ၉၀%အထိ တူညီတာတွေတောင် တော်တော်ရှားတယ်..."
လော့ဝမ်ချွမ်း တိတ်ဆိတ်နေပြီး ခဏအကြာတွင်မှ ပြောလိုက်သည်။
39.2
" သူက ချီယုနဲ့ စေ့စပ်ထားပြီးသားလေ ... သူတို့ ဖယ်ရိုမုန်းတွေက ဆက်နွယ်ပြီးသားဖြစ်နေလောက်ပြီး တခြားလူတွေနဲ့ မကိုက်ညီတော့လောက်ဘူး .."
ကျိုးဖေးရွှယ် အံ့ဩသွားသည်။
" သူနဲ့ ချီယုတဲ့လား ... သူတို့နှစ်ယောက်က စေ့စပ်ထားတာတောင် ဖျက်လိုက်ပြီမလား ..."
လော့ဝမ်ချွမ်းက ဆံပင်ခြောက်အောင်သုတ်နေလျက်နှင့် ကျိုးဖေးရွှယ်ကို မော့ကြည့်လိုက်သည်။
" ဖျက်သိမ်းလိုက်တာလား ..."
" ဟုတ်ပါတယ် ကျွန်တော်မျိုး ကြားတာကတော့ ချီယုဘက်က ဖျက်လိုက်တာတဲ့ ... သူက ယွမ်ရှင်းကျဲကို ကျောင်းထုတ်ခံရအောင်တောင်လုပ်လိုက်သေးတယ် ..."
ကျိုးဖေးရွှယ်က အပြုံးဖြင့်ပြောလိုက်သည်။
" ဒီသတင်းကို တော်ဝင်မိသားစုကို ပြောပြလိုက်ပါ့မယ် ... ဘုရင်မကြီးကတော့ ဝမ်းသာသွားမှာပဲ ..."
" မပြောနဲ့ဦး ..."
လော့ဝမ်ချွမ်းက ကျိုးဖေးရွှယ်ကို လေးနက်စွာကြည့်ပြီးပြောလိုက်သည်။
" ကိုက်ညီမှုက ၉၅%ရှိရင်တောင် သူကိုယ်တိုင်က ကျွန်တော့်ကိုမကြိုက်ရင် ဘာအဓိပ္ပါယ်မှ မရှိဘူး ..."
ကျိုးဖေးရွှယ် ထိတ်လန့်သွားသည်။ သူ မျက်မှောင်ကြုတ်လျက် တစ်ခုခုပြောမည်ပြင်လိုက်သော်လည်း နောက်ဆုံးတွင် လော့ဝမ်ချွမ်း၏ဆုံးဖြတ်ချက်ကို လေးစားလိုက်နာပြီး ဘာမှထပ်မပြောတော့ပေ။
ယွမ်ရှင်းကျဲက ချီယုကို အလွန်ချစ်သည်ဖြစ်၍ သူကိုယ်တိုင်က ချီယုနှင့် ပြတ်စဲသွားမည်ဟုလည်း မည်သူမျှ အာမ မခံနိုင်ပေ။
" ဒါဆိုရင် သူတို့နှစ်ယောက်က ဘယ်လောက်ကိုက်ညီမှု ရှိလဲဆိုတာကို ကျွန်တော်မျိုး မျိုးရိုးဗီဇဘဏ်ကို လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ပါ့မယ် ..."
ကျိုးဖေးရွှယ်ပြောလိုက်သည်။
လော့ဝမ်ချွမ်းက တည်ငြိမ်စွာပြောလိုက်သည်။
" ကျွန်တော်နဲ့ ဖယ်ရိုမုန်း ၉၅% တူတဲ့သူရှိလား ကူရှာပေးပါဦး တကယ်လို့ ဒီတစ်ကြိမ်လည်း ရှာမတွေ့ဘူးဆိုရင် ဒီကိစ္စကို ဒီမှာပဲရပ်လိုက်ကြမယ် သူ့ရဲ့ ကိုယ်ရေးကိုယ်တာတွေအထိ စစ်ဆေးစရာမလိုတော့ဘူး ..."
ကျိုးဖေးရွှယ် ခေါင်းငြိမ့်ပြလိုက်သည်။
" သဘောပေါက်ပါပြီ ..."
ကျိုးဖေးရွှယ်နှင့် စကားပြောပြီးသည့်အခါ နောက်ထပ် ဖုန်းခေါ်ဆိုမှုတစ်ခု ရောက်လာပြန်သည်။
တစ်ဖက်လူ၏ အမည်ကို မြင်လိုက်သည့်အထါ လော့ဝမ်ချွမ်း သိသိသာသာပင် ထိတ်လန့်သွားသည်။
မျက်နှာပြင်ပေါ်တွင် "ယွမ်ရှင်းကျဲ" ဟူသော စကားလုံးသုံးလုံးကို ပြသနေသည်။
ကျိုးဖေးရွှယ်၏ ဖုန်းခေါ်ဆိုမှုကို ချလိုက်ပြီးနောက် လော့ဝမ်ချွမ်း၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုများ ပေါ်လာသည်။ စက္ကန့်အနည်းငယ်ကြာပြီးသည့်နောက်မှသာ တုံ့ပြန်နိုင်သွားသည်။ ခယ့်လိုင်က ယွမ်ရှင်းကျဲကို အကူအညီတောင်းခဲ့ဖူးသည့်အတွက် သူဖုန်းနံပါတ်က ယွမ်ရှင်းကျဲထံတွင် ရှိနေခဲ့သည်။ ယွမ်ရှင်းကျဲက အိုမီဂါဖြစ်နေခဲ့သည့်အတွက် နံပါတ်ကိုမှတ်ထားပြီးနောက် ဖုန်းမခေါ်ဖြစ်ခဲ့ပေ။
လော့ဝမ်ချွမ်း စိတ်နှင့်လူနှင့်ကပ်သွားချိန်၌ ဖုန်းသံမြည်နေသည်မှာ အချိန်ကြာပြီဖြစ်သည်။ " Connect " ခလုတ်ကို နှိပ်လိုက်ချင်သော်လည်း ရေချိုးတာဝါလေးတစ်ထည်သာ ပတ်ထားသည်ကို သတိပြုမိသွား၍ ဗီရိုအမြန်ဖွင့်ကာ အင်္ကျီတစ်ထည် အမြန်ရှာလိုက်ရသည်။
ယွမ်ရှင်းကျဲ ဆေးခန်းမှ ထွက်လာပြီးသည့်နောက်တွင် ခယ့်လိုင်ထံမှ လော့ဝမ်ချွမ်း၏ ဖုန်းနံပါတ်ကိုတောင်းလိုက်သည်။ အဆောင်အိပ်ခန်းထဲ ပြန်ရောက်သည့်အခါ လော့ဝမ်ချွမ်းကို ဖုန်းခေါ်လိုက်သည်။ သို့သော် အချိန်အတော်ကြာအထိ ခေါ်ဆိုနေသော်လည်း တစ်ဖက်က ဖုန်းမကိုင်ပေ။
လော့ဝမ်ချွမ်း ဖုန်းမကိုင်နိုင်တော့ဟုထင်၍ ဖုန်းချမည့်အချိန်၌ ဖန်သားပြင်က အရောင်လက်လာသည်။
ယွမ်ရှင်းကျဲ အံ့အားသင့်သွားပြီး သူ့ကိုကြည့်လိုက်သောအခါ ရှပ်အင်္ကျီပွပွတစ်ထည် ဝတ်ထားသည်ကို မြင်လိုက်ရသည်။ ရှပ်အင်္ကျီက အနည်းငယ်တွန့်နေပြီး ထိပ်ဆုံးကြယ်သီးနှစ်လုံးက ပြုတ်နေကာ သူဟ ညှပ်ရိုးနှင့် ကြွက်သားလိုင်းအနည်းငယ်ကို မြင်နေရသည်။ ဆံပင်များလည်း စိုနေ၍ ယခုလေးတင်မှ ရေချိုးပြီး ထွက်လာပုံရသည်။ လော့ဝမ်ချွမ်းက အသားအရည်ကောင်းသူတစ်ယောက်လည်း ဖြစ်သည်။
တစ်ဖက်လုံး၏ အေးစက်စက်မျက်လုံးများကို မြင်လိုက်ရချိန်မှ ယွမ်ရှင်းကျဲ ရှက်မိသွားသည်။
" ဘာကိစ္စရှိလို့လဲ ..."
လော့ဝမ်ချွမ်း၏လေသံက ခပ်ပြတ်ပြတ်ဖြစ်သည်။
ယွမ်ရှင်းကျဲ ရိုးရိုးသားသားပင် ပြောလိုက်သည်။
" လော့ ... စီနီယာလော့ ဒီနေ့ကူညီပေးခဲ့တာ ကျေးဇူးအများကြီးတင်ပါတယ် ..."
သူက တစ်ဖက်လူနှင့် မျက်လုံးချင်းဆုံကြည့်ကာ ရိုးသားစွာ ပြောလိုက်သည်။
လော့ဝမ်ချွမ်းက 'စီနီယာလော့' ဟူသည့် အခေါ်အဝေါ်ကို ကျေနပ်သွားပုံရပြီး နှုတ်ခမ်းပါးများကို ခပ်ဟဟဖွင့်ကာ ပြန်ပြောလိုက်သည်။
" ဘာမှ အပန်းမကြီးပါဘူး ..."
ယွမ်ရှင်းကျဲ ဆက်ပြောလိုက်သည်။
" ပြီးတော့ ဆေးကုသစရိတ် ကြယ်ဒင်္ဂါး ၆၀၀၀ ပေးခဲ့တာလည်း ကျေးဇူးတင်ပါတယ် ... ကျွန်တော် ပိုက်ဆံစုပြီးတဲ့အချိန်ထိပဲ စောင့်ပေးပါလား ... ကျွန်တော် သေချာပေါက်ပြန်ပေးမှာပါ ..."
ထိုငွေကြေးပမာဏက လော့ဝမ်ချွမ်းအတွက် ပမာဏအနည်းငယ်သာဖြစ်သော်လည်း ယွမ်ရှင်းကျဲက အလွန်ကျေးဇူးတင်နေသည်။
လော့ဝမ်ချွမ်းက "အင်း" ဟုသာ ပြန်ပြောလိုက်သည်။ သူ့မျက်လုံးမှေးမှေးများထဲမှ ခံစားချက်များကို သေချာစွာ မသိရပေ။
သူတို့နှစ်ဦးကြားမှ လေထုအခြေအနေက အနည်းငယ် ကိုးရို့ကားယား ဖြစ်နေသည်။
အေးတိအေးစက်နိုင်၍ စည်းကမ်းကြီးသူတစ်ယောက်အား မည်သို့စကားပြောရမည်ကို ယွမ်ရှင်းကျဲမသိပေ။ ပုံမှန်အားဖြင့်ဆိုလျှင် သူက ထိုကဲ့သို့သောလူများနှင့် ဆက်ဆံနေကြမဟုတ်ပေ။ သူ့ ယခင်ဘဝတွင်လည်း ဓာတ်ခွဲခန်းတွင်သာ အချိန်ကုန်ဆုံးခဲ့၍ လူအများနှင့်သာမန်စကားစမြည်ပြောဆိုခြင်းများလည်း မရှိခဲ့ပေ။
အစောပိုင်းက သူheatဝင်၍ ကူညီပေးခြင်းအကြောင်း ပြောခဲ့သည့်အတွက် လေထုအခြေအနေက ပိုမိုရှက်စရာကောင်းလာသည်။
ထို့အပြင် လော့ဝမ်ချွမ်းကလည်း အိုမီဂါများကို ကြောက်ရွံ့သူတစ်ယောက်ဖြစ်နေသည်။
အဲ့လိုအတွေ့အကြုံမျိုးက သူ့အတွက်တော့ ပြန်ပြောဖို့ နည်းနည်းရှက်စရာဖြစ်နေမှာပေါ့ ဟုတ်တယ်မလား ...
" အခုနောက်ပိုင်း လူတော်တော်များများက သူတို့မက်ခါတွေ ပြင်ပေးဖို့ ကျွန်တော့်ကို လာမေးကြတယ် ..."
ယွမ်ရှင်းကျဲ ခေါင်းကုတ်နေသည်။
" ပြိုင်ပွဲပြီးတဲ့အထိပဲစောင့်ပါ အဲ့အချိန်ဆို ကျွန်တော်ပိုက်ဆံစုမိလောက်ပြီ ..."
လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲကိုကြည့်ကာ မျက်ခုံးပင့်လိုက်သည်။
" မင်း ငွေပြတ်နေတာလား ..."
သူ့စကားကြောင့် ယွမ်ရှင်းကျဲ ဆွံ့အသွားသည်။
ယွမ်ရှင်းကျဲ တအံ့တဩဖြစ်သွားမိသည်။ လော့ဝမ်ချွမ်းက ထိုမေးခွန်းမျိုး မေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ခဏအကြာတွင် သူပြန်ဖြေလိုက်သည်။
" ဟုတ်တယ် ငွေရေးကြေးရေးက အနှုတ်ဘက်ရောက်နေတာ ..."
လော့ဝမ်ချွမ်း ခေါင်းငုံ့ကာ တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။
သူ စကားပြောမည့်အချိန်တွင် ယွမ်ရှင်းကျဲက ဆက်ပြောလိုက်သည်ကို ကြားလိုက်ရသည်။
" ကျွန်တော် သီးသန့်မက်ခါဆရာ လုပ်ပေးဖို့ အချိန်ပိုင်းအလုပ်တစ်ခုရှာတွေ့ထားတယ် ... စီနီယာကျောင်းသားတစ်ယောက်က ကျွန်တော့်ကို ကြယ်ဒင်္ဂါးတစ်သိန်းပေးပြီး ကမ်းလှမ်းတယ်လေ ..."
လော့ဝမ်ချွမ်းပင် အနည်းငယ်လန့်သွားသည်။
" အလုပ်ရှာတွေ့ထားတာလား ..."
ထိုမေးခွန်းက ထူးဆန်းနေသော်လည်း လော့ဝမ်ချွမ်းမျက်နှာကိုစေ့စေ့ကြည့်ကာ ထူးဆန်းသည်ဟု ပြောမရသောကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။
" တွေ့ထားတယ် ... ဒီည အင်တာဗျူးသွားဖြေမှာ ..."
လော့ဝမ်ချွမ်း မသိမသာ မျက်မှောင်ကြုတ်လိုက်သော်လည်း တည်ငြိမ်နေသည့်ပုံဖမ်းလိုက်သည်။
" ဂုဏ်ပြုပါတယ် ဒါပေမဲ့ ..."
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းကို ကြည့်လိုက်သည်။
" ဒါပေမဲ့ ဘာဖြစ်လို့လဲ ..."
ခဏအကြာတွင် လော့ဝမ်ချွမ်း အသံတိုးတိုးဖြင့် ပြောလိုက်သည်က သူ့ကို အံ့အားသင့်သွားစေခဲ့သည်။
" ကြယ်ဒင်္ဂါးတစ်သိန်းက နည်းသေးတယ်လေ ..."
xxxxx