အပိုင်း ၄၀
Viewers 17k

Chapter 40


ထိုစကားကိုကြားသည့်အခါ ယွမ်ရှင်းကျဲ အလွန်အမင်း အံ့အားသင့်သွားသည်။


" ကြယ်ဒင်္ဂါးတစ်သိန်းက မနည်းဘူးလားတဲ့ ... ဟုတ်လား ..."


လော့ဝမ်ချွမ်း မျက်လုံးများမှေးကျဉ်းကာ ယွမ်ရှင်းကျဲကိုကြည့်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။


"  မင်းရဲ့စွမ်းရည်နဲ့ဆို... ဒီထက်မြင့်တဲ့လစာ ရသင့်တယ်လို့ ငါထင်မိလို့ပါ ..."


လော့ဝမ်ချွမ်း၏ နှုတ်မှ သံသယဝင်စရာကောင်းသော ချီးကျူးစကားများ ကြားရလိမ့်မည်ဟု ယွမ်ရှင်းကျဲ မမျှော်လင့်ထားပေ။


သူ၏မက်ခါ တံတောင်ဆစ်နေရာကို ပြင်ပေးခဲ့ခြင်းကို မေ့နေလိမ့်မည်ဟုသာ ယွမ်ရှင်းကျဲထင်နေခဲ့မိသည်။


တကယ်လို့ လော့ဝမ်ချွမ်းက သူ့ရဲ့ မွမ်းမံတဲ့စွမ်းရည်ကို သဘောကျတယ်ဆိုရင် ‌သူက လော့ဝမ်ချွမ်းရဲ့ သီးသန့်မက်ခါဆရာ လုပ်ပေးလို့ ရနေတာပဲလေ ...


ထို့အပြင် လော့ဝမ်ချွမ်းက သာမန်ဆုကြေးအဖြစ်ပင် ကြယ်ဒင်္ဂါးလေးသောင်း ပေးခဲ့သူဖြစ်၍ သေချာပေါက် ကြယ်ဒင်္ဂါးတစ်သိန်းထက်ပို ပေးနိုင်လိမ့်မည်သူဖြစ်သည်။


ထိုအကြံရလာသော်လည်း ယွမ်ရှင်းကျဲက အလျင်အမြန် ငြင်းပယ်လိုက်သည်။


လော့ဝမ်ချွမ်း၏ အိုမီဂါများကိုကြောက်တတ်ကြောင်း သူသိသည်။ သူ့ကို ကူညီခဲ့ခြင်းမှာလည်း အလွန်ကြင်နာလွန်း၍ဖြစ်ကြောင်း သူသဘောပေါက်ထားသည်။ 

ဒီလိုလူက အိုမီဂါတစ်ယောက်ကို သူ့မက်ခါဆရာအဖြစ် ထားချင်မှာမဟုတ်ဘူး ...


ဒါက စိတ်ကူးသက်သက်ပါပဲလေ ...


" ကျေးဇူးတင်ပါတယ် စီနီယာလော့ ... အင်တာဗျူးမှာ တစ်ဖက်လူကို လစာတိုးပေးနိုင်မလားလို့ မေးကြည့်လိုက်ပါမယ် ..."

ယွမ်ရှင်းကျဲက ခဏတာ တွေးတောနေပြီးသည့်နောက်တွင် ပြောလိုက်သည်။


ယွမ်ရှင်းကျဲက ထိုသို့ပြန်ဖြေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ခဏတွေးပြီးနောက် တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

" အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် ..."


ဖုန်းချပြီးသည့်အခါ ယွမ်ရှင်းကျဲ မပြုံးပဲ မနေနိုင်တော့ပေ။ 


လော့ဝမ်ချွမ်းက အေးစက်စက်နှင့် စကားပြောရခက်သော လူတစ်ယောက်နှင့်တူသော်လည်း အကျင့်စရိုက်ကောင်းသည့် လူတစ်ယောက်ဖြစ်သည်။


အကယ်၍ သူသာ အိုမီဂါများကို မကြောက်ပါက ယွမ်ရှင်းကျဲက သူ၏မက်ခါဆရာအဖြစ်  ပျော်ရွှင်စွာ အလုပ်လုပ်ပေးနိုင်သည်။


ဒါပေမဲ့ လော့ဝမ်ချွမ်းက အိုမီဂါတွေကို

ဘာလို့ ကြောက်ပါလိမ့် ..


ယွမ်ရှင်းကျဲ ရုတ်တရက်သိချင်စိတ်ပေါ်လာ၍ လုရန်ရှုကို မေးလိုက်သည်။


လုရန်ရှုက ပြန်ဖြေသည်။ 

" ငါလည်း ဒီကိစ္စကို သိပ်မသိဘူး ... တချို့လူတွေကျတော့ သူက အေးစက်စက်နိုင်လို့တဲ့ တချို့ ပြောတော့လည်း သူက အိုမီဂါတစ်ယောက်ကြောင့် ထိခိုက်ဖူးလို့တဲ့ ... ပြီးတော့ အိုမီဂါ‌ဖယ်ရိုမုန်းတွေကိုရှုပြီး အဆိပ်မိဖူးလို့ဆိုလားပဲ ... ကောလဟာလတွေတော့ တော်တော်များတယ် ..."


" ဒါဆိုရင် သူက အိုမီဂါတွေအားလုံးကို ဒီလိုပဲ ဆက်ဆံတာလား ..."

ယွမ်ရှင်းကျဲ ထပ်မေးလိုက်ပြန်သည်။


" အရင်တုန်းက အိုမီဂါတစ်ယောက်က သတ္တိမွေးပြီး လော့ဝမ်ချွမ်းကို သဘောကျတဲ့အကြောင်း ဖွင့်ပြောဖူးတယ် ..."

လုရန်ရှု အမှတ်ရသွားသည်။


" အဲ့ဒီအိုမီဂါက ဖွင့်ပြောနေတဲ့အချိန် heatဝင်နေတာ ... သူက ဖယ်ရိုမုန်းထိန်းချုပ်ဆေးသောက်ထားပေမယ့် အယ်လ်ဖာတွေကို ဆွဲဆောင်မိသလို ဖြစ်နေရော ဒါပေမဲ့ ..."


ယွမ်ရှင်းကျဲ ရေတစ်ခွက်‌သောက်နေလျက် မေးလိုက်သည်။

" ဒါပေမဲ့ ဘာဖြစ်လဲ ..."


" လော့ဝမ်‌ချွမ်းက ဘာစကားတစ်ခွန်းမှမပြောပဲ သရဲတွေ့သလို ထွက်ပြေးသွားရော ..."


လုရန်ရှု ပြုံးလိုက်မိသည်။


ယွမ်ရှင်းကျဲ ရေသီးမတတ်ဖြစ်သွားသည်။


" မင်းကို သူဒီနေ့ကူညီပေးလိုက်တာ ငါတော်တော်အံ့ဩတယ် ... မင်းပြောတော့  လော့ဝမ်ချွမ်းက မင်းကို မျက်နှာသာမပေးဘူးဆို ... ငါ အကြံပေးမယ်နော် အဲ့လို အေးစက်စက်နဲ့ စည်းကမ်းကြီးတဲ့ အယ်လ်ဖာမျိုးကို မကြိုက်နဲ့ ... သူ့ကြည့်ရတာ ရေခဲတောင်ကြီးလိုပဲ ကြောက်ဖို့ကောင်းလိုက်တာ ..."


လုရန်ရှု မျက်မှောင်ကြုတ်လိုက်သည်။ 


" မင်းပြောတော့ သူ့ရဲ့ အိုမီဂါကြောက်တဲ့ လက္ခဏာတွေက တော်တော်ပြင်းတယ်ဆို အဲ့ဒါဆို သူဘာလို့ ငါ့ကို ကူညီတာလဲ ..."


ယွမ်ရှင်းကျဲ အနည်းငယ် ဆွံ့အသွားမိသည်။


" သူကအဲ့လောက်ကြီး အေးစက်စက်နိုင်တာတော့ မဟုတ်ပါဘူး ..."


" နေပါဦး သူ မင်းကို မျက်နှာသာပေးတယ်ဆိုတာ စနောက်ပြီးပြောလိုက်တာနော် ... သူက အေးစက်စက်မနိုင်ဘူးဆိုတာ မင်းတကယ်ပြောတာလား ..." 


လုရန်ရှုက ယွမ်ရှင်းကျဲကို စိုက်ကြည့်နေသည်။


လော့ဝမ်ချွမ်းက သစ်ပင်ပေါ်မှ ကြောင်လေးကို ကယ်လိုက်သည့် မြင်ကွင်းနှင့် မိုးရေထဲတွင် သူ့ကို ဖယ်ရိုမုန်းထိန်းချုပ်ဆေးထိုးပေးခဲ့ခြင်းကို ပြန်သတိရသွားသည်။


သူက သွေးအေးတဲ့လူလား ..


လော့ဝမ်ချွမ်း ဖုန်းချလိုက်ပြီးသည့်နောက်တွင် မျက်မှောင်မကြုတ်ပဲ မနေနိုင်တော့ပေ။ သူ့မျက်ဝန်းထဲတွင် နှမျောတသဖြစ်နေသည့် အကြည့်တစ်ချို့ပေါ်လာသည်။


သူက လမ်းခင်းပေးပြီး ယွမ်ရှင်းကျဲကို သူ၏မက်ခါဆရာလုပ်ရန် ကမ်းလှမ်းလိုက်မည်ဟု တွေးခဲ့မိခြင်းဖြစ်သည်။


ယွမ်ရှင်းကျဲ၏ ပြန်လည်မွမ်းမံခြင်းစွမ်းရည်က သူမှန်းထားသည်ထက် သာလွန်နေခဲ့သည်။ သူက စစ်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့်အတွက် ရွေးချယ်ရန် အလွန်သင့်တော်သော လူတစ်ယောက်ဖြစ်နေသည်။


အရေးကြီးဆုံးအရာမှာ သူက ယွမ်ရှင်းကျဲ၏ ဖယ်ရိုမုန်းများကြောင့် ဓာတ်မတည့်မှု မဖြစ်ပေ။ သို့ဖြစ်၍ သူနှင့် အလုပ်လုပ်မည်ဆိုပါက ရုပ်ပိုင်းဆိုင်ရာအရ ဝန်ထုပ်ဝန်ပိုးများ မဖြစ်နိုင်ပေ။


ကြည့်ရတာ အခုတော့ မဖြစ်နိုင်လောက်တော့ဘူးထင်တယ် ...


ခယ့်လိုင်က ယွမ်ရှင်းကျဲအား သူ၏မက်ခါဆရာအဖြစ်ခေါ်ရန် နှစ်ကြိမ်ပင် ကမ်းလှမ်းခိုင်းခဲ့သော်လည်း သူသဘောမတူခဲ့ပေ။ သူ့ရင်ထဲတွင် နောင်တနှင့် ဒေါသလှိုင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။


–––


ယွမ်ရှင်းကျဲက စီနီယာကျောင်းသားတစ်ယောက်နှင့် ကော်ဖီဆိုင်တွင် ညနေငါးနာရီအချိန်၌တွေ့ရန် ချိန်းဆိုထားသည်။


ယခုအချိန်၌ ကျောင်း၏ မက်ခါပြိုင်ပွဲ ဒုတိယပွဲစဉ်များအားလုံး ပြီးဆုံးသွားပြီဖြစ်၍ လူပေါင်းစုံက ကော်ဖီဆိုင်သို့ ရောက်နေကြသည်။


တစ်ဖက်လူကက ကြိုတင်ပြီး အခန်းတစ်ခန်းဘိုကင်လုပ်ထားသည်။ ယွမ်ရှင်းကျဲရောက်လာချိန်တွင် စားပွဲထိုးကောင်လေးက သူ့ကို ပြုံးပြကာ အခန်းထဲ ခေါ်သွားသည်။


ယွမ်ရှင်းကျဲ အခန်းထဲ ရောက်လာချိန်၌ သူ မနှုတ်ဆက်မီမှာပင် ရင်းနှီးနေသော မျက်နှာတစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။


ချီယု တံခါးဖွင့်သံကြား၍ ထိုလူကို စိတ်လှုပ်ရှားစွာဖြင့် လှမ်းကြည့်လိုက်သည်။


သူ၏မျက်ဝန်းထဲတွင် ရန်လိုမှုများစွာရှိနေသည်။ သူ့ဘယ်ဘက်နှုတ်ခမ်းထောင့်တွင် ဒဏ်ရာတစ်ခုရှိနေပြီး အနည်းငယ်ဖူးယောင်နေသောကြောင့် ဖြူဖွေးသောအသားအရည်မှာ နီရဲနေသည်။


ယွမ်ရှင်းကျဲ မျက်မှောင်ကြုတ်ပြီး ချက်ချင်းထွက်သွားရန်ပြင်လိုက်သည်။


" နပေါဦး ..."


ချီယုက ခုံမှ အပြေးအလွှားထလာပြီး ‌ယွမ်ရှင်းကျဲ၏ဘေးသို့ ရောက်လာသည်။


" ရှင်းကျဲ ငါ့ကိုတွေ့ရင် ဒီလိုအမူအယာကြီးနဲ့ မနေပါနဲ့လား ..."


ယွမ်ရှင်းကျဲ သူ့ကိုစေ့စေ့ကြည့်ကာ အေးစက်စွာပြောလိုက်သည်။ 


" တစ်လစာ ကြယ်ဒင်္ဂါးတစ်သိန်းပေးမယ်ဆိုပြီး ကမ်းလှမ်းချက်ပို့လိုက်တာ ခင်ဗျားလား ..."


ချီယု ခေါင်းငြိမ့်ပြလိုက်သည်။ ယွမ်ရှင်းကျဲ စိတ်မရှည်တော့သည်ကိုတွေ့၍ သူ အလျင်အမြန်ရှင်းပြလိုက်သည်။

40.2


" နေပါဦး ငါတကယ် ကြယ်ဒင်္ဂါးတစ်သိန်းပေးမှာပါ ..."


" ဒီလိုလုပ်တာ ရယ်ရလား ... ချီယု ဒါမျိုးလုပ်ရတာ မင်းအတွက် စိတ်ဝင်စားစရာကောင်းနေလား ..."


ယွမ်ရှင်းကျဲ၏လေသံထဲတွင် စက်ဆုပ်မှုတို့ဖြင့် ပြည့်နေသည်။


ချီယု ထိတ်လန့်သွားသည်။


" ငါ မင်းကို နောက်နေတာ မဟုတ်ပါဘူး ...  မင်းကို ငါ့ရဲ့ မက်ခါဆရာ တကယ်ဖြစ်စေချင်တာပါ ... ရှင်းကျဲ ငါဘယ်လိုလုပ်မှ မင်းယုံမှာလဲ ..."


" အင်း ငါလည်းပြောစရာရှိတယ် ... ဒီနေရာကို ငါရောက်လာတာ တစ်သိန်းက အရမ်း အရမ်း နည်းတယ်ဆိုတာ ပြောမလို့ပဲ ..."


ချီယု၏ မှေးမှိန်နေသောမျက်လုံးက ရုတ်ချည်းအရောင်တောက်သွားသည်။


" နည်းတယ်လို့ထင်တာလား ဒါဆို ငါးသောင်းထပ်တိုးပေးရင်ရော ..."


" မလောက်ဘူး ..."


ယွမ်ရှင်းကျဲက သူ့စကားကို ဂရုမစိုက်ပေ။


" နှစ်သိန်းရော ..."


" မင်း သူတောင်းစားနဲ့ အပေးအယူလုပ်နေတာလား ..."


ချီယု၏ လည်ဇလုတ်က လှုပ်ရှားသွားပြီး အနည်းငယ်မျက်မှောင်ကြုတ်လာသည်။


" ယွမ်ရှင်းကျဲ နှစ်သိန်းဆိုတာက တော်တော်များနေပြီနော် ... မင်း ငါ့ကိုမယုံရင် တခြားလူတွေသွားမေးကြည့် ..."


" ဒါဆိုလည်း မပြောတော့ဘူးလေ ..."

ယွမ်ရှင်းကျဲ ထွက်သွားရန်ပြင်လိုက်သည်။


ချီယု လေသံကိုမြှင့်လိုက်သည်။

" သုံးသိန်း ..."


ပြောပြီးသည်နှင့် ချီယုက ယွမ်ရှင်းကျဲနှင့် တံခါးအကြားတွင် ပိတ်ရပ်လိုက်သည်။


" ရှင်းကျဲ မင်းကို လတိုင်းပိုက်ဆံသုံးသိန်းပေးမယ့်အပြင် မင်းအကြိုက်ဆုံး အဝတ်အစားတွေလည်း ဝယ်ပေးမယ်လေ ... မင်းကြိုက်သမျှ နာမည်ကြီးအိတ်တွေလည်း ဝယ်ပေးပြီး အကြီးဆုံး ကြယ်အပန်းဖြေပန်းခြံကိုလည်း ခေါ်သွားပေးမယ်လေ ... မင်း အရင်တုန်းက အိမ်မက်မက်နေခဲ့ရတာ ဒါမျိုးတွေပဲမလား ..."


ယခင်ယွမ်ရှင်းကျဲက ချီယုကို ထိုသို့သော တောင်းဆိုချက်များ ရံဖန်ရံခါ တောင်းဆိုခဲ့သော်လည်း ချီယုက မည်သည့်အခါကမှ မဖြည့်ဆည်းပေးခဲ့ပေ။ 


ထိုအချိန်က ယွမ်ရှင်းကျဲကို စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုဟုသာ ‌ထင်ခဲ့မိသည်။


" ချီယု မင်းကငါ့ကို တကယ် နားမလည်ဘူးပဲ ... ငါလိုချင်တာ ပိုက်ဆံပဲ ဒါပေမဲ့ သုံးသိန်းက နည်းလွန်းသေးတယ် ..."


ယွမ်ရှင်းကျဲက သရော်လိုက်သည်။


" ကျောင်းမှာ မင်းကို ဒီထက်ပိုပေးနိုင်တဲ့သူ ရှိသေးလို့လား ..."


ချီယုက သူ့ကို ဒေါသတကြီးဖြင့် ကြည့်နေသည်။


" ယွမ်ရှင်းကျဲ အတိတ်က စိတ်မချမ်းသာစရာကိစ္စတွေကို ငါမေ့ပစ်လိုက်ပြီး မင်းကို ငါ့ရဲ့ စက်ပြင်စရာလုပ်ပေးဖို့ လာတောင်းပန်တယ်နော် အဲ့လောက်ထိ လုပ်စရာလိုလို့လား ..."


ယွမ်ရှင်းကဲ၏ အကြည့်က ရေပြင်ကဲ့သို့ ငြိမ်သက်နေသည်။


" မင်းက ပိုက်ဆံအများကြီးသုံးပြီး မင်းဘေးနားမှာ‌ လိမ်လိမ်မာမာနဲ့ နေပေးမယ့် သစ္စာရှိခွေးတစ်ကောင် ဝယ်ချင်နေတာပဲ..."


ချီယု အေးခဲတောင့်တင်းသွားသည်။

" ယွမ်ရှင်းကျဲ ငါမင်းကို တစ်ခါမှ ခွေးတစ်ကောင်လို့ မတွေးခဲ့ဖူးဘူး ... မင်းကို ငါ့ရဲ့ မက်ခါဆရာ ဖြစ်လာစေချင်ရုံပဲ ... ကျောင်းမှာငါနဲ့ မက်ခါအကြောင်းဆွေးနွေးပြီး ကျောင်းပိတ်ရက်တွေကို အတူကုန်ဆုံးချင်ရုံလောက်ပဲ ငါလိုချင်တာပါ ..."


" စုကျီနန်ကိုသွားရှာလေ ... သူသာဆို အရမ်းပျော်သွားမှာ ..."


ယွမ်ရှင်းကျဲ ချီယုကိုကြည့်ကာ ပြောလိုက်သည်။


ချီယုက အလျင်အမြန် ပြန်ဖြေလိုက်သည်။

" သူ့က ဘာလို့ မင်းနဲ့ယှဉ်နိုင်ရမှာလဲ ..."


ထိုစကားပြောလိုက်ပြီးမှ ချီယုလည်း သူ့ကိုယ်သူ အံ့ဩသွားသည်။


သူ ယခင်က အမြဲတစေပြောခဲ့သည်မှာ –

" မင်းက ဘာမို့လို့ စုကျီနန်နဲ့ ယှဉ်နေရတာလဲ"ဟူသော စကားပင်ဖြစ်သည်။


ယခုအခါတွင် လုံးဝဆန့်ကျင်ဘက်ကို ပြောလိုက်မိသည်။


ချီယုက ခေါင်းငုံ့၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။


" ငါ အရင်တုန်းက မင်းကို မဟုတ်မမှန်တာတွေ ပြောခဲ့မိတယ် ... ငါ့ကို မင်းနဲ့ ပြန်အဆင်ပြေအောင်လုပ်ဖို့ အခွင့်အရေး ပေးပါလား ..."


" မပေးပါဘူး ... မင်းကို ဘာကိစ္စနဲ့ ဒီအခွင့်အရေး ပေးရမှာလဲ ..."


ယွမ်ရှင်းကျဲ တံခါးကိုဆွဲဖွင့်ပြီး ထွက်သွားသည်။


ထွက်ခွာသွားသော ယွမ်ရှင်းကျဲ၏ကျောပြင်ကိုကြည့်ကာ ချီယုစိတ်ထဲ မသက်မသာဖြစ်လာသည်။


ယွမ်ရှင်းကျဲက အတိတ်က ကိစ္စများကို ရန်ငြိုးထားနေကြောင်း သူသိသည်။


ယွမ်ရှင်းကျဲက မည်သည့်အခြေအနေတွင်မဆို အမြဲတမ်း သူ့နောက်မှ တကောက်ကောက်လိုက်ကာ သူလိုအပ်သည့်အရာမှန်သမျှကို ကူညီပေးခဲ့သည်ကို သူ ပြန်အမှတ်ရမိသည်။ သို့သော်လည်း သူက ယွမ်ရှင်းကျဲကို စိတ်တိုင်းမကျခဲ့ရခြင်းမှာ ယွမ်ရှင်းကျဲက မက်ခါအကြောင်း နားမလည်သည့်အပြင် ထိရှလွယ်ပြီး အားနည်းသောကြောင့်ဖြစ်သည်။


သို့ဖြစ်၍ ယွမ်ရှင်းကျဲက သူ့ကိုအိပ်ရာခင်းပေးခြင်း၊ ချက်ပြုတ်ခြင်း၊ အဝတ်အစားများ လျှော်ဖွတ်ပေးခြင်းများကို မသိချင်ယောင်ဆောင်နေခဲ့သည့်အပြင် တစ်ခါတစ်ရံ မကျေမနပ်ပင်ပြော ခဲ့မိသည်။


သူ လုပ်ခဲ့သည့်အရာများကို ပြန်တွေးမိသည့်အခါ ချီယု၏မျက်ဝန်းထဲတွင် နောင်တရသည့်အရိပ်အယောင်များ ပေါ်လာသည်။


ယွမ်ရှင်းကျဲက သူ့ထံသို့ပြန်လာပြီး သူယခင်က လုပ်ပေးခဲ့သည့်အရာများကို ဆက်လုပ်ပေးစေလိုသည်။


အကယ်၍ ထိုကိစ္စများ တစ်ခုမှ မလုပ်ပေးလျှင်ပင် သူ ဘာမှပြောမည်မဟုတ်ပေ။


သို့သော်လည်း ယွမ်ရှင်းကျဲက သူ့ကို အခွင့်အရေးတစ်ကြိမ်ပင် မပေးခဲ့ချေ။


စုကျီနန်က တံခါးနောက်တွင်ရပ်နေပြီး ယွမ်ရှင်းကျဲထွက်သွားသည့်အခါ အခန်းထဲဝင်လာသည်။


" အစ်ကိုကြီးယု နှုတ်ခမ်းထောင့်က အနာအဆင်ပြေရဲ့လား ..."


စုကျီနန်က စိုးရိမ်တကြီးပုံစံဖြင့် အနာကို သွားထိလိုက်သည်။


" နာနေသေးလား ..."


စုကျီနန်က အနာကိုလာထိ၍ ချီယု နာကျင်သွားပြီး ပိုဒေါသထွက်လာသည်။


" အဓိပ္ပါယ်မရှိတာတွေ ... မင်း လာထိမှတော့ မနာပဲနေမလား ..."


" ဘာလို့ စိတ်တိုလွယ်နေရတာလဲ ..."

စုကျီနန် မျက်ဆံလှန်လိုက်သည်။


" ကျွန်တော်ကလွဲပြီး အစ်ကိုကြီးကို ဘယ်သူဂရုစိုက်လို့လဲ ... ညီလေးရှင်းကျဲက အစ်ကိုကြီးအနာကို ဂရုတောင်မစိုက်ဘူးလေ ..."


ချီယု မျက်လုံးမှိတ်ထားပြီး စိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်သည်။


" မင်း ကိစ္စမဟုတ်ဘူး ထွက်သွားစမ်းပါ ..."


" အစ်ကိုကြီးယု ကျွန်တေယ်က အိုမီဂါဆိုပေမယ့် ကျွန်တော့်ရဲ့စရိုက်က အယ်ဖာနဲ့ ပိုတူပါတယ် ..."

စုကျီနန်က ရုတ်တရက် ထပြောသည်။


" ကျွန်တော့်ကို ညီအစ်ကိုကောင်းလိုမျိုး သဘောထားလို့ မရဘူးလား ... ဒီလို ခံစားလွယ်တဲ့ ကိစ္စမျိုးတွေမှာဆိုရင် ကျွန်တော် နှစ်သိမ့်အကြံပေးနိုင်တယ်လေ ..."


ချီယု သူ့ကို စူးစူးရဲရဲကြည့်လိုက်သည်။

" မင်း ဘာပြောချင်တာလဲ..."


စုကျီနန် ခဏတာတွေးပြီးသည့်နောက် ပြောလိုက်သည်။


" ညီလေးရှင်းကျဲက တစ်ချိန်လုံး ဒေါသထွက်နေတော့ အစ်ကိုကြီးချော့နေတာ အသုံးမဝင်ဖြစ်နေတယ် ... အစ်ကိုကြီးရဲ့ နည်းလမ်းက မမှန်လို့ဖြစ်မှာပေါ့ ..."


" ငါ ဘာများလုပ်နိုင်သေးလို့လဲ ..."

ချီယု မျက်မှောင်ကြုတ်လိုက်သည်။


" အစ်ကိုကြီးတို့နှစ်ယောက် ပြန်အဆင်ပြေ‌မယ့်နည်းလမ်းကို သင်ပေးမယ်လေ ..."

စုကျီနန်က နှုတ်ခမ်းများကွေးညွတ်ကာ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြောလိုက်သည်။


ချီယုက သူ့ကို သင်္ကာမကင်းစွာဖြင့်ကြည့်နေသည်။


" မင်းက ငါ့ကို သူနဲ့အဆင်ပြေအောင် ကူညီပေးမှာတဲ့လား ..."


" ဒါပေါ့ ကျွန်တော်က အစ်ကိုကြီးရဲ့ ညီအစ်ကိုကောင်း‌ဆိုတော့ အစ်ကိုကြီးပျော်ဖို့ပဲ တွေးပေးရမှာပေါ့ ..."


စုကျီနန် သဘာဝကျကျပြောလိုက်သည်။


" ဒါဆိုရင်လည်း မင်းရဲ့အစီအစဉ်ကို နားထောင်ရသေးတာပေါ့ ..."


ချီယု၏ရင်ထဲတွင် မျှော်လင့်ချက်အရိပ်အယောင်လေးပေါ်လာသည်။


စုကျီနန်က ချီယု၏နားနားကပ်ကာ သူ့နည်းလမ်းကို တိုးတိုးပြောပြလိုက်သည်။


xxxxxx