အပိုင်း ၄၂
Viewers 21k

Chapter 42


ယွမ်ရှင်းကျဲနောက်သို့လိုက်နေသည့် လူအုပ်ကြီးအားတွေ့သည့်အခါ ခယ့်လိုင်ကစိတ်လှုပ်ရှားစွာပြောလာသည်။ 


“ယွမ်ရှင်းကျဲက အရင်ကထက်ပိုပြီးလူသိများလာပြီ...သူ့ကိုမက်ခါမွမ်းမံပေးစေချင်တဲ့လူတွေဆိုတာ အွန်လိုင်းပေါ်မှာတန်းကိုစီနေတာပဲ...မကြာခင်သူက တစ်ကျောင်းလုံးအလိုချင်ဆုံး မက်ခါပြင်ဆရာဖြစ်လာလိမ့်မယ်..."


သူကစကားပြောနေရင်း လော့ဝမ်ချွမ်းကိုကြည့်လိုက်သည်။ 


"ဒါပေမယ့် မင်းမှာ သူနဲ့ကံကြမ္မာပါမလာဘူးပဲ" ခယ့်လိုင်ကခေါင်းယမ်းရင်း လော့ဝမ်ချွမ်း၏ကျောကို အသာပုတ်ပေးလိုက်သည်။


 “အိုး....သနားစရာကောင်းလိုက်တာ”


လော့ဝမ်ချွမ်းက သူ့နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည်။ သူက လူအုပ်ကြားထဲမှ ဆယ်ကျော်သက်လေးကို ကြည့်လိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုကိုသတိပြုမိလိုက်သည်


ယွမ်ရှင်းကျဲအား မက်ခါပြင်ဆရာအဖြစ် အခြားလူများဖိတ်ခေါ်နေကြခြင်းမှာ ကြယ်ဒင်္ဂါး၁သိန်းကမ်းလှမ်းချက်ကို သူသဘောမတူရသေးဟုဆိုလိုခြင်းပင်။


ခယ့်လိုင်က လော့ဝမ်ချွမ်းကိုအဆိုပါလူအုပ်ထံသို့ ဆွဲခေါ်သွားတော့မည့်အချိန်တွင် လော့ဝမ်ချွမ်းက သူ့ထက်အရင် လူအုပ်ဆီသို့လှမ်းသွားခဲ့သည်။ 


ယွမ်ရှင်းကျဲက စိတ်အားထက်သန်လွန်းသော ကျောင်းသားအုပ်စုထံမှ ရှောင်ထွက်ရန်အကြောင်းရှာနေခဲ့သည်။ ထိုအချိန်တွင် လူအုပ်ထဲသို့လူရိပ်တစ်ခုဝင်လာပြီး သူ့လက်မောင်းကိုဆုပ်ကိုင်လိုက်သည်။ ထိုသူမှာ လုရန်ရှုဖြစ်သည်။


"ရှင်းကျဲ...တစ်ခုခုမှားနေပြီ.." 


လုရန်ရှုကအမူအယာသိပ်မကောင်းပေ။ သူက ယွမ်ရှင်းကျဲကို ဘေးသို့ဆွဲထုတ်လိုက်ပြီး..


 "မင်းကျောင်းကနေ အနားယူတော့မယ်ဆိုပြီး တစ်ယောက်ယောက်ကသတင်းပို့လိုက်တယ်တဲ့...အခု ပညာရေးရုံးက မင်းကိုရှာနေတယ်" 


ယွမ်ရှင်းကျဲက မျက်မှောင်ကြုတ်လိုက်သည်။ "ဘာ...." 


လုရန်ရှုက စိုးရိမ်တကြီးဖြင့် "ကျောင်းသားရေးရာကို မင်းအရင်သွားသင့်တယ်" 


မလှမ်းမကမ်းတွင် လော့ဝမ်ချွမ်းက လုရန်ရှူ ယွမ်ရှင်းကျဲအားဆွဲခေါ်သွားသည်ကို တွေ့လိုက်ရသည်။ ရုတ်​တရက်​ ကျိုးဖေးရွှယ်ထံမှ စာတစ်စောင်ရောက်လာခဲ့သည်။ ၎င်းကိုဖတ်ပြီးနောက် လော့ဝမ်ချွမ်း၏အမူအယာပြောင်းသွားခဲ့၏။ စာအရ ယွမ်ရှင်းကျဲ ဒုက္ခရောက်နေပုံရသည်။


....


ယွမ်ရှင်းကျဲနှင့်လုရန်ရှုတို့က ကျောင်းသားရေးရာသို့ အတူတကွသွားကြသည်။ ရုံးခန်းထဲသို့ရောက်သည့်အခါ ဒါရိုက်တာက..."မင်းရောက်လာပြီပဲ...ကျောင်းသားယွမ်....မင်းကပြိုင်ပွဲထဲမှာပြိုင်နေတော့ ငါမင်းကိုဆက်သွယ်လို့မရခဲ့ဘူး..အဲ့တာကြောင့် လုရန်ရှုကိုအကူအညီတောင်းပြီးခေါ်ခိုင်းလိုက်တာ..." 


ထို့နောက် သူကလုရန်ရှုကိုကြည့်လိုက်သည်။ "မင်း အရင်ထွက်သွားလို့ရပြီ"


လုရန်ရှုက ဘာတွေဖြစ်နေမှန်းနားမလည်သော်လည်း ခေါင်းငုံ့ကာ ရုံးခန်းမှထွက်လာခဲ့သည်။ အပြင်သို့မထွက်ခင်တွင် ယွမ်ရှင်းကျဲကို အရမ်းစိတ်မပူရန်မှာကြားခဲ့သည်။ 


ယွမ်ရှင်းကျဲက အသက်ပြင်းပြင်းရှူပြီး ဖြည်းညှင်းစွာမေးလိုက်သည်။


"ဒါရိုက်တာ...ကျွန်တော့်ကို ဘာ့ကြောင့်အနားယူစေချင်တာလဲ"


"မင်းက ပြိုင်ကွင်းထဲမှာheatဝင်ခဲ့ပေမယ့် ဖယ်ရိုမုန်းထိန်းချုပ်ဆေး အသုံးမပြုခဲ့ဘူးလို့ တစ်စုံတစ်ယောက်က သတင်းပေးခဲ့တယ်.."


 ဒါရိုက်တာက သူ့အားလေးနက်သောအမူအရာဖြင့်ကြည့်လိုက်သည်။


 "မင်းရဲ့ဖယ်ရိုမုန်းတွေကို စင်ရဲ့နောက်မှာတွေ့ခဲ့တယ်တဲ့...မင်းက ဖယ်ရိုမုန်းတွေသုံးခဲ့ပြီးတော့ ပြိုင်ပွဲရဲ့တရားမျှတစွာယှဥ်ပြိုင်မှုကို ထိခိုက်စေခဲ့တယ်လို့ ငါတို့သံသယရှိတယ်..." 


ယွမ်ရှင်းကျဲ အံ့အားသင့်သွားသည်။ ထိုစကားများကိုနားလည်ရန် အတော်လေးအချိန်ယူခဲ့ရသည်။ 


သူ ဖယ်ရိုမုန်းတွေကို အမှတ်တမဲ့ထုတ်မိတာလား...


သို့ရာတွင် ချယ်ရီပန်းတောသို့ရောက်သည့်အခါမှ သူ့ခန္ဓာကိုယ်ထဲကဖယ်ရိုမုန်းများထွက်လာခဲ့ခြင်းဖြစ်သည်။


ဒါရိုက်တာက ဆက်လက်ပြောခဲ့သည်။


 “ဆေးရုံရဲ့မှတ်တမ်းတွေကိုစစ်ဆေးလိုက်တော့ အဲ့ဒီ့နေ့က မင်းရုတ်တရက်heatဝင်တဲ့အတွက် ဆေးရုံကိုရောက်လာခဲ့မှန်းသိလိုက်ရတယ်...ဆရာဝန်ပြောပုံအရတော့ မင်းheatဝင်ပြီးမိနစ်နှစ်ဆယ်အကြာမှာ ဖယ်ရိုမုန်းထိန်းချုပ်ဆေးကိုသောက်ခဲ့တယ်တဲ့..."


ယွမ်ရှင်းကျဲက"အဲဒီနေ့က ကျွန်တော်ရုတ်တရက်heatဝင်ခဲ့တယ်...ဒါပေမယ့်စင်နောက်မှာ ဖယ်ရိုမုန်းတွေချန်မထားခဲ့ဘူး..ကျွန်တော့်ပြိုင်ပွဲကပြီးသွားပြီလေ..ဘာလို့အဲ့ဒီ့လိုလုပ်ရမှာလဲ..." 


"မင်းက ဒီလိုလူမဟုတ်မှန်း ငါယုံပါတယ်" ဒါရိုက်တာက ဖြည်းညှင်းစွာပြောသည်။ “ဒါပေမယ့် နားနေခန်းကမော်နီတာကို စစ်ဆေးကြည့်လိုက်တဲ့အခါကျတော့ မင်းကလည်ပင်းအနောက်ဘက်ကို အုပ်ထားတာတွေ့လိုက်ရတယ်...ဒီတော့ အဲ့ဒီ့အခန်းထဲမှာကတည်းက မင်းheatဝင်နေတယ်ဆိုတာ သိသာနေတာပဲမဟုတ်လား..." 


ယွမ်ရှင်းကျဲက မျက်မှောင်ကြုတ်ပြီး “အဲ့တာဘာဖြစ်လို့လဲ...ကျွန်တော်ပြောခဲ့သလိုပဲ..ကျွန်တော်နားနေခန်းထဲမှာ ဖယ်ရိုမုန်းလုံးဝချန်မထားခဲ့ဘူး.."


“ဒါပေမယ့် တစ်ချို့လူတွေက မင်းရဲ့ဖယ်ရိုမုန်းအနံ့ကိုရလိုက်တယ်လို့ ပြောနေကြတယ်..."

 ဒါရိုက်တာက သူ့ကိုဖြတ်ပြောလိုက်သည်။


“အိုမီဂါရဲ့ ဖယ်ရိုမုန်းအနည်းငယ်ပဲဆိုရင်တောင် အယ်လ်ဖာကို ထိန်းချုပ်နိုင်စွမ်းလွတ်သွားစေနိုင်တယ်...ပြောရရင် ဒါကအလွန်ဆိုးရွားတဲ့ကိစ္စပဲ..ဒီကိစ္စသာအမှန်ပဲဆိုရင် မင်းပြိုင်ပွဲကနေအနားယူရလိမ့်မယ်..."


"အနံ့ရတာလား" ယွမ်ရှင်းကျဲက အံ့သြသွားခဲ့သည်။


ဒါရိုက်တာက လက်ခုပ်တီးပြီး ဘီတာတစ်ယောက်ကိုခေါ်လိုက်သည်။ 


ယွမ်ရှင်းကျဲက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ 


ဘီတာကောင်လေးက ယွမ်ရှင်းကျဲကို တစ်ချက်ကြည့်လိုက်ပြီး ခပ်တိုးတိုးပြောလာသည်။ "အဲဒီနေ့က ကျွန်တော်စင်ပေါ်မတက်ခင် အတန်းဖော်ယွမ်ရဲ့ဖယ်ရိုမုန်းအနံ့ကိုရခဲ့တယ်... ကံကောင်းလို့ ကျွန်တော်ကဘီတာဖြစ်နေလို့ပေါ့...မဟုတ်ရင် ကျွန်တော် ပြိုင်ပွဲတောင်ဆက်ပြိုင်နိုင်မှာမဟုတ်ဘူး.." 


ယွမ်ရှင်းကျဲက ထိုသူအားအလွန်ရင်းနှီးသည်ဟု ခံစားမိသည်။ အဲဒီနေ့က သူနဲ့တွေ့ခဲ့ခြင်းဖြစ်နိုင်သည်။ 


"ယွမ်ရှင်းကျဲ...မင်းကိုယ်တိုင်တောင်မသိလိုက်ပဲ ဖယ်ရိုမုန်းတွေချန်ခဲ့မိတာများလား..."


 ဒါရိုက်တာက ယွမ်ရှင်းကျဲအား ညှင်သာစွာပြောလာသည်။


"ဒါပေမယ့် ဒီလိုဖြစ်သွားတဲ့အတွက် မင်းတာဝန်ယူရမယ်...ပြသနာအကြီးအကျယ်မဖြစ်ခင် ပြိုင်ပွဲကနှုတ်ထွက်ပေးပါ...”


ယွမ်ရှင်းကျဲက ဘီတာအားအေးစက်သောမျက်လုံးများဖြင့် ကြည့်နေလိုက်သည်။ ယွမ်ရှင်းကျဲ၏အကြည့်ကိုရင်ဆိုင်ရချိန်၌ ဘီတာကောင်လေးက လိပ်ပြာမလုံသလိုခံစားလိုက်ရသော်လည်း အလျှင်အမြန်ဖုံးကွယ်လိုက်သည်။ 


"မင်းက ငါ့ရဲ့ ဖယ်ရိုမုန်းအနံ့ကို စင်အနောက်မှာရခဲ့တယ်လို့ပြောတယ်နော်..." 


ယွမ်ရှင်းကျဲက အေးစက်စွာပြောလာသည်။"ဒါဆို ငါ့ရဲ့ ဖယ်ရိုမုန်းက ဘာအနံ့လဲ..." 


ဘီတာကောင်လေးက အံ့ဩသွားသည်။ဒါရိုက်တာကလည်း သူ့ကိုကြည့်ရင်း “ကားလ်...ဖြေပါ...” 


ကောင်လေးက ခဏတုံ့ဆိုင်းသွားခဲ့သည်။ ယွမ်ရှင်းကျဲက သူလိမ်နေသည်ဟုယူဆနေချိန်တွင် တစ်ဖက်လူက တွေးရင်းပြောလာသည်။


"အဲဒါက နှင်းဆီအနံ့ပါ..."


ယွမ်ရှင်းကျဲ အံ့အားသင့်သွားခဲ့သည်။ ဒါရိုက်တာက ယွမ်ရှင်းကျဲကိုကြည့်လာသည်။


 "သူမှန်တယ်မဟုတ်လား" 


ယွမ်ရှင်းကျဲက ကားလ်ကိုသာမယုံကြည်နိုင်စွာကြည့်နေ၏။ ခဏအကြာတွင် သူ၏မျက်ခုံးများက တစ်စုံတစ်ခုကိုသဘောပေါက်သွားသကဲ့သို့ တွန့်ကွေးသွားခဲ့သည်။

42.2


"ဒါဆို မင်းဖယ်ရိုမုန်းတွေကို စင်နောက်မှာ ထားခဲ့မိတယ်ဆိုတာ သက်သေခိုင်လုံသွားပြီမဟုတ်လား..." 


ဒါရိုက်တာက သူ့ကိုကြည့်ရင်း...


 “ဒါဆို ပြိုင်ပွဲကနှုတ်ထွက်ဖို့သဘောတူညီကြောင်း လက်မှတ်ထိုးပေးပါ... ဒီနှုတ်ထွက်မှုကအရင်ရမှတ်တွေအပေါ်မှာ ဘာထိခိုက်မှုမှမရှိပါဘူး...."


ယွမ်ရှင်းကျဲက သူ့စိတ်ထဲတွင် ဖြေရှင်းရန်နည်းလမ်းများကို အလျှင်အမြန်စဉ်းစားလိုက်သည်။ ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။


စုကျီနန်ကစိုးရိမ်တကြီးဖြင့် ယွမ်ရှင်းကျဲထံပြေးလာခဲ့သည်။


"ဘာဖြစ်နေတာလဲ...ညီလေးရှင်းကျဲ...ဘာပြသနာရှိလို့လဲ..." 


စုကျီနန်က ရှေ့သို့တိုးလာပြီးနောက် ကားလ်ကိုအလေးအနက်စိုက်ကြည့်လိုက်သည်။ 


“ဒီကအတန်းဖော်...မင်းပြောတာကိုတာဝန်ယူနိုင်လို့လား...." 


ထိုအချိန်တွင် ချီယုလည်း တံခါးကိုဖွင့်၍ဝင်လာခဲ့သည်။ စုကျီနန်က ယွမ်ရှင်းကျဲအားကြည့်လိုက်ပြီးနောက် ကားလ်ကိုဆက်ပြောလာသည်။


“ညီလေးရှင်းကျဲရဲ့ပြိုင်ပွဲက အဲဒီအချိန်တုန်းက ပြီးသွားပြီ...ဖယ်ရိုမုန်းတွေကို သူကဘာလို့ထုတ်ရမှာလဲ...အယ်ဖာကို သွေးဆောင်ဖို့လား..မင်း သူ့ကို သပ်သပ်ချောက်ချနေတာပဲဖြစ်ရမယ်..”


ထိုသို့ပြောပြီးနောက် သူကယွမ်ရှင်းကျဲဘက်သို့ လျှောက်သွားပြီး...


 "ရှင်းကျဲ...စိတ်မပူပါနဲ့..ချီယုနဲ့ ငါ မင်းကိုသေချာပေါက်ကူညီပေးမယ်"


ယွမ်ရှင်းကျဲက စုကျီနန်၏ဖျော်ဖြေမှုကိုကြည့်ရှုပြီးနောက် ရယ်မောလိုက်သည်။


 "မင်းက တကယ်ကို ကြင်နာတတ်တာပဲ.."


ဒါရိုက်တာက “မင်း သူ့ကိုမကူညီနိုင်ဘူး...တကယ်လို့ဒါသာအမှန်တရားဆိုရင် သူပြိုင်ပွဲကနေ နှုတ်ထွက်ကိုထွက်ရလိမ့်မယ်...” 


"ဒါက ဘယ်လိုဖြစ်ရတာလဲ..." စုကျီနန်က မျက်မှောင်ကြုတ်လိုက်ရင်း "ညီလေးရှင်းကျဲ....အဲဒီနေ့က နားနေခန်းမှာကတည်းက heatဝင်ခဲ့တာလား..." 


ဒါရိုက်တာက “သူ ဝန်ခံပြီးသွားပြီ...ဗီဒီယို သက်သေခံချက်လည်း ရှိတယ်...”


စုကျီနန်က အံ့အားသင့်စွာဖြင့် ပါးစပ်ကို အုပ်လိုက်သည်။ “ဒါ…”


ထို့နောက် သူကထပ်ပြောပြန်သည်။ "ညီလေးရှင်းကျဲကဖယ်ရိုမုန်းတွေကို တမင်တကာထုတ်လွှတ်တာမဟုတ်ဘူးလို့ ကျွန်တော်ယုံတယ်...နားနေခန်းထဲမှာ ဘယ်သူမှမရှိဘူးလေ...ဒါကိုဒီတိုင်းထားလိုက်လို့မရဘူးလား..." 


"ဘယ်ဟုတ်မလဲ...“ဒါရိုက်တာက မျက်မှောင်ကြုတ်သွားခဲ့သည်။ “ဒီလိုအပြုအမူမျိုးကို အတိအလင်းတားမြစ်ထားတာလေ...တခြားလူတွေကို မထိခိုက်စေဘူးဆိုပြီး ဒီတိုင်းထားလိုက်လို့ဘယ်ရမလဲ...” 


“သူက ဖယ်ရိုမုန်းနည်းနည်းထုတ်မိရုံတင်ပါ...အခုလိုအပြစ်ပေးမှဖြစ်မှာလား.."


စုကျီနန်က ယွမ်ရှင်းကျဲကို ဖြောင့်မတ်ဟန်အပြည့်ဖြင့် ကာကွယ်နေခဲ့သည်။ 


ယွမ်ရှင်းကျဲ ရယ်ချင်လာသည်။ သူကရုတ်တရက် “ငါပြိုင်ပွဲကနေနှုတ်ထွက်ရဖို့အတွက် မင်းအတော်လေးအားထုတ်ခဲ့တဲ့ပုံပဲ..” 


စုကျီနန်က အံ့အားသင့်သွားပြီး “ညီလေးရှင်းကျဲ...ငါမင်းကို နှုတ်မထွက်စေချင်ပါဘူး...မင်းနှုတ်မထွက်ရဖို့အတွက် ငါကူညီပေးနေတယ်လေ…” 


ယွမ်ရှင်းကျဲက လက်ကိုမြှောက်လိုက်ပြီး စုကျီနန်ကို ပါးရိုက်လိုက်သည်။ အဆိုပါရိုက်ချက်က မြန်ဆန်၍တိကျပြီး အတော်လေးပြင်းထန်သည်။


စုကျီနန်က အသန်မာဆုံးအိုမီဂါဟုကျော်ကြားသော်လည်း ထိုရိုက်ချက်မှမလွတ်မြောက်ခဲ့ပေ။ ယွမ်ရှင်းကျဲ၏လုပ်ရပ်ကြောင့် အခြားလူသုံးဦးလုံးအံ့သြသွားခဲ့ကြသည်။ 


အဆိုပါရိုက်ချက်ကြောင့် စုကျီနန်၏မျက်လုံးများနီရဲလာပြီး မျက်ရည်များကျလုမတတ် ဖြစ်လာခဲ့သည်။ "မင်း...ငါ့ကိုဘာလို့ရိုက်တာလဲ..." 


"အဲဒီအချိန်တုန်းက နားနေခန်းထဲမှာဘယ်သူမှ မရှိမှန်း မင်းဘယ်လိုလုပ်သိလဲ..." ယွမ်ရှင်းကျဲက သူ့ကိုကြည့်လိုက်သည်။ “အဲဒီမှာ မင်းရှိနေခဲ့တယ်မဟုတ်လား”


ထိုကဲ့သို့အမေးခံရသောအခါ စုကျီနန်ကဘာမှမပြောနိုင်ပဲ ခဏတိတ်ဆိတ်သွားသည်။ သူကမျက်ရည်များဝဲတက်လာပြီးနောက်...


 "ညီလေးရှင်းကျဲ...ငါ မင်းအတွက်ပြောပေးနေတာ.."


ယွမ်ရှင်းကျဲ၏ဒေါသအားမြင်လိုက်ရသောအခါ ချီယုက အနည်းငယ်စိုးရိမ်စပြုလာသည်။ သူက ယွမ်ရှင်းကျဲအား ပြောလိုက်သည်။ "မင်းကိုပြောစရာရှိတယ်...ငါနဲ့လိုက်ခဲ့" 


ယွမ်ရှင်းကျဲက ဒေါသပေါက်ကွဲလုနီးနီးဖြစ်နေပြီဖြစ်သည်။ သူက မျက်လုံးမှိတ်ကာအသက်ပြင်းပြင်းရှူရင်း "ရတယ်...ငါမင်းကို ဆယ်စက္ကန့်အချိန်ပေးမယ်...” 


ချီယုက အနည်းငယ်စိတ်ရှုပ်လာခဲ့သည်။ သို့ရာတွင် ဤအခြေအနေရောက်နေမှတော့ နောက်ပြန်လှည့်လို့မရတော့ချေ။


သူက လည်ချောင်းရှင်းလိုက်ပြီးနောက် "ရှင်းကျဲ...စည်းမျဉ်းတွေအရ မင်းကပြိုင်ပွဲကိုအနှောင့်အယှက်ပေးမိတဲ့အတွက် ပြိုင်ပွဲကနေနှုတ်ထွက်ကိုထွက်ရလိမ့်မယ်.." 


ယွမ်ရှင်းကျဲက သူ့ကိုမော့ကြည့်လိုက်သည်။


"မင်းလိုချင်တာဘာလဲ..." သူ့အသံက အေးစက်နေခဲ့သည်။ 


"ဒါပေမယ့် မင်းငါ့ဆီပြန်လာမယ်ဆိုရင် ကျောင်းကဒီကိစ္စကို ဒီအတိုင်းထားပေးလိမ့်မယ်..." 


ယွမ်ရှင်းကျဲ၏ အေးစက်စက်မျက်ဝန်းများကိုစိုက်ကြည့်ရင်း ချီယု၏အသံသည် ပိုမိုကျယ်လောင်လာခဲ့သည်။


"ချီယု...အဲ့ဒီ့တော့ ငါကမင်းကိုကျေးဇူးတင်ရမှာလား..."


ယွမ်ရှင်းကျဲက ချီယုကိုကြည့်လိုက်သည်။ 


"မင်းနဲ့စုကျီနန်ရဲ့အကြံအစည်မှန်း ငါမခန့်မှန်းမိဘူးလို့ မင်းကတကယ်ထင်နေတာလား..ကိုယ့်ကိုယ်ကိုယ်သိပ်ဟုတ်လှပြီ ထင်နေတယ်ပေါ့...."


ချီယု၏မျက်နှာကဖျော့တော့သွားကာ သူ့အသံက ကွဲအက်နေခဲ့သည်။


 "ရှင်းကျဲ...မင်းဘာလို့ငါ့ကိုသံသယဝင်ရက်တာလဲ...ငါကမင်းကိုကူညီချင်ရုံပါ..."


"ငါ့ဖယ်ရိုမုန်းရနံ့ကိုသိတဲ့လူက မင်းအပြင်အဲဒီနေ့က ငါ့ကိုကယ်ခဲ့တဲ့လော့ဝမ်ချွမ်းပဲရှိတယ်..." 


ယွမ်ရှင်းကျဲက ဖြည်းညှင်းစွာပြောလာသည်။


 "ငါ့ရဲ့ ဖယ်ရိုမုန်းရနံ့ကို တတိယလူကသိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး...မင်းသာမပြောရင်ပေါ့.."


ယွမ်ရှင်းကျဲက မူလပိုင်ရှင်၏မှတ်ဉာဏ်ကိုလေ့လာခဲ့ရာတွင် ထိုနေ့ကသူ့အားကယ်တင်ခဲ့သောလော့ဝမ်ချွမ်းမှလွဲ၍ သူ၏ဖယ်ရိုမုန်းရနံ့ကိုသိသောတစ်ဦးတည်းသောလူမှာ ချီယုသာဖြစ်ကြောင်းတွေ့ရှိခဲ့သည်။ မူလပိုင်ရှင်က ချီယုအားပြောပြခဲ့ခြင်းပင်။


ကားလ်က သူ၏ဖယ်ရိုမုန်းရနံ့ကို ရခြင်းမှာမဖြစ်နိုင်ပေ။ လော့ဝမ်ချွမ်းထံမှ ကယ်တင်ခံရပြီးနောက် သူကအနံ့ပျောက်ဆေးကိုသေချာပေါက်သုံးခဲ့သည်။ 


ထို့အပြင် ချယ်ရီပန်းပင်အောက်သို့ရောက်ကာမှ ဖယ်ရိုမုန်းများစတင်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း သူအတပ်ပြောနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် နားနေခန်းမှချယ်ရီပန်းပင်သို့သွားရာလမ်းတွင် အယ်လ်ဖာများနှင့် သူတွေ့ခဲ့သေးသည်ဖြစ်ရာ အကယ်၍ အိုမီဂါဖယ်ရိုမုန်းများထုတ်လွှတ်မိပါက သူလွတ်မြောက်နိုင်မှာမဟုတ်ချေ။


အချက်အလက်များကိုမူတည်၍ ကောက်ချက်ချရလျှင် ချီယုက သူ၏ဖယ်ရိုမုန်းမှာ နှင်းဆီရနံ့ဖြစ်ကြောင်း ကားလ်ကိုပြောပြခဲ့ခြင်းပင်။


ချီယုက အံ့သြသွားသည်။ စကားပြောချင်နေပုံရသော်လည်း တစ်ခွန်းမှပြန်လည်မချေပနိုင်ပေ။ အဆုံးမရှိသောနောင်တသည် ချီယု၏နှလုံးသားကို တမြေ့မြေ့လောင်ကျွမ်းနေခဲ့သည်။


စုကျီနန်က အခန်းထောင့်တွင်ရပ်နေပြီး သူ၏မှတ်ဉာဏ်တုကိုလျှို့ဝှက်စွာဖွင့်ကာ ကျောင်းတွင်းဖိုရမ်ကို ဝင်ကြည့်ရန်ပြင်ဆင်နေသည်။ လွန်ခဲ့သည့် မိနစ်အနည်းငယ်က သူအရံအကောင့်တစ်ခုဖွင့်ပြီး ဖိုရမ်တွင် ပို့စ်တစ်ခုတင်ခဲ့သည်။


"ပထမနှစ်က ဖျက်မြင်း အိုမီဂါက ဖယ်ရိုမုန်းကိုစင်နောက်မှာထုတ်လွှတ်ခဲ့တယ်တဲ့..."


[ယွမ်ရှင်းကျဲက အယ်လ်ဖာတွေကိုဖြားယောင်းပြီး ပြိုင်ပွဲကိုနှောင့်ယှက်ခဲ့တာလား...]


xxxxx