Chapter 43
စုကျီနန်က ချီယုနှင့်တိုင်ပင်ကာ ယွမ်ရှင်းကျဲအကြောင်းတိုင်ကြားရန် တစ်စုံတစ်ယောက်အားတောင်းဆိုခဲ့သည်။ ဤသို့ဖြင့် ချီယုကယွမ်ရှင်းကျဲ၏နှုတ်ထွက်မှုကို ကယ်တင်ပေးသောသူရဲကောင်းဖြစ်လာနိုင်ပြီး ယွမ်ရှင်းကျဲက သူ့အားကျေးဇူးတင်နေလိမ့်မည်။
အမှန်တွင် စုကျီနန်၏ရည်ရွယ်ချက်မှာ ယွမ်ရှင်းကျဲအား အသရေဖျက်ရန်ပင်။ နှုတ်ထွက်ရခြင်းမထွက်ရခြင်းက သူ့အတွက်အရေးမကြီးပေ။ မည်သို့ပင်ဖြစ်စေ နောက်ပိုင်းတိုက်ပွဲများ၌ ယွမ်ရှင်းကျဲကိုအနိုင်ပိုင်းနိုင်မည်ဟု ယုံကြည်ချက်အပြည့်ရှိသည်။
စုကျီနန်က မျက်ရည်များကိုသုတ်လိုက်ရင်း ပို့စ်ရှိတုံ့ပြန်ချက်များကိုကြည့်ရန်ပြင်လိုက်သည်။ သို့သော် ဖိုရမ်ကိုဖွင့်လိုက်သည်နှင့် စာတစ်ကြောင်းကို တွေ့လိုက်ရသည်။
[သင့်အကောင့်သည် စည်းမျဉ်းများကို ဖောက်ဖျက်သည်ဟုသံသယရှိသည့်အတွက် တားမြစ်ခံထားရသည်။]
တားမြစ်ချိန်သည် သူပို့စ်တင်သည့်အချိန်ဖြစ်ပြီး အဆိုပါပို့စ်က ဖိုရမ်ပေါ်သို့ရောက်မသွားချေ။ စုကျီနန်ကအံ့ဩသွားပြီး ငိုဖို့ပင်မေ့သွားခဲ့သည်။
ဘာဖြစ်တာလဲ....
ယွမ်ရှင်းကျဲ၏ မျက်ဝန်းများအတွင်း၌ ချစ်ခြင်းမေတ္တာများ လုံးလုံးလျားလျားကင်းစင်သွားပြီး ရွံရှာစိတ်နှင့်ဒေါသကိုသာတွေ့နေရသည်။
ချီယု၏နှလုံးသားထဲ၌ အပြစ်ရှိစိတ်အပြင် ဝမ်းနည်း၍လာခဲ့သည်။
ယွမ်ရှင်းကျဲ ဤကဲ့သို့ပြောင်းလဲသွားခြင်းကို ချီယုကလက်သင့်မခံနိုင်ခဲ့ပေ။
"ရှင်းကျဲ...ငါ့ကိုဒီလိုမကြည့်ပါနဲ့..."
သူက တံတွေးမျိုချလိုက်ပြီး..."
" ငါမင်းကိုထိခိုက်စေဖို့မရည်ရွယ်ပါဘူး....ဒီကိစ္စကို တခြားသူတွေသိမှာမဟုတ်ဘူး...နားလည်မှုလွဲတာဟုတ်ဟုတ်မဟုတ်ဟုတ် မင်းဒေါသကိုထိန်းထားနိုင်ရင် ဘာမှပြသနာမရှိဘူး..."
ယွမ်ရှင်းကျဲက ချီယုကိုကြည့်ကာ အေးစက်စက်ပြောလာသည်။
"ငါကမင်းဆီပြန်မလာနိုင်ဘူးဆိုရင်ရော..."
"မင်း ပြိုင်ပွဲကနှုတ်ထွက်ချင်တာလား..."
ချီယုက ယွမ်ရှင်းကျဲထံလျှောက်သွားလိုက်သည်။ စိုးရိမ်ဟန်ဖြင့်
"ရှင်းကျဲ...စိတ်မဆိုးပါနဲ့...ဟုတ်ပြီလား...ကျောင်းမှာ စောင့်ကြည့်မှတ်တမ်းရော... မင်းheatဝင်ခဲ့ပါတယ်ဆိုပြီး ကိုယ်တိုင်ဝန်ခံထားတာရောရှိနေတယ်လေ...တကယ်လို့ဒါသာပေါက်ကြားသွားခဲ့ရင်..."
ယွမ်ရှင်းကျဲက အေးစက်စက်ပြုံးလိုက်သည်။
"ဒါတွေနဲ့ ငါ့ကိုအပြစ်ပေးချင်တာလား...မင်းမေ့နေတာလား...လော့ဝမ်ချွမ်းလည်းအဲ့ဒီ့နေ့ကရှိနေတယ်လေ...ငါ့ရဲ့ဖယ်ရိုမုန်းတွေ သစ်တောအပြင်ဘက်မှာမရှိဘူးဆိုတာ သူသက်သေလုပ်ပေးနိုင်တယ်...”
စုကျီနန်က ပို့စ်မတက်သွားရသည့်အကြောင်းကို တွေးနေဆဲပင်..။ သူကမှတ်ဉာဏ်တုကိုဖယ်လိုက်ရင်း ယွမ်ရှင်းကျဲကိုအလေးအနက်ပြောလာသည်။
"ညီလေးရှင်းကျဲ..လော့ဝမ်ချွမ်းကမင်းကိုကူညီမယ်တဲ့လား...သူ့စရိုက်နဲ့လုံးဝမဖြစ်နိုင်ဘူး..."
စုကျီနန်စိတ်ထဲတွင် လော့ဝမ်ချွမ်းပါဝင်လာပါက ဖြစ်လာမည့်အခြေအနေကို ခန့်မှန်းကြည့်နေသည်။ သူကူညီတော့ရောဘာဖြစ်လဲ...ချီယုကဗိုလ်ချုပ်ကြီးရဲ့သားလေ...လော့ဝမ်ချွမ်းက စွန့်ပစ်ကြယ်ကလာတဲ့လူသပ်သပ်ပဲ...သူကဘာလုပ်နိုင်မှာတဲ့လဲ....
"မင်းကငါ့ကိုအကူအညီတောင်းမယ့်အစား လော့ဝမ်ချွမ်းကိုကူညီခိုင်းမယ်ပေါ့...."
ချီယုလေသံက အနည်းငယ်ချဉ်လာသည်။ ထိုနေ့က လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲကိုသယ်ဆောင်ထားသည့်မြင်ကွင်းကိုပြန်မြင်ယောင်လာခဲ့ပြီး ယွမ်ရှင်းကျဲ၏ပုခုံးများကို ဆုပ်ကိုင်လိုက်သည်။
"ရှင်းကျဲ...အသိဝင်စမ်းပါ...သူမင်းကိုမကူညီနိုင်ဘူး.."
ချီယုက သူ့လက်ချောင်းများကိုပို၍တင်းကျပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"မင်းဘာလို့နားမလည်ရတာလဲ...ငါတို့သာပြန်တွဲမယ်ဆိုရင် မင်းနဲ့ယွမ်မိသားစုအတွက်အကျိုးရှိမှာလေ..."
သူစကားမဆုံးခင်ပင် ယွမ်ရှင်းကျဲက သူ့ပုခုံးပေါ်ရှိ ချီယု၏လက်တစ်ဖက်ကိုဆွဲကိုင်လိုက်ပြီး အပြင်ဘက်သို့လှန်ချိုးပစ်လိုက်သည်။
ယွမ်ရှင်းကျဲ၏လက်အင်အားသည် ဤမျှကြီးမားလာမည်ဟု ချီယုမထင်ထားခဲ့ပေ။
ယွမ်ရှင်းကျဲက သူ့အားလွှတ်မပေးခဲ့ချေ။ ချီယု၏ နာကျင်မှုကြောင့်ရှုံ့မဲ့နေသောအမူအရာကိုကြည့်ကာ "မင်းငါ့ကိုထိရဲရင် ထပ်ထိကြည့်လိုက်..."
ချီယု၏မျက်နှာသည် နာကျင်မှုနှင့်အတူဖြူဖျော့နေခဲ့ပြီး ယွမ်ရှင်းကျဲလက်မှလွတ်မြောက်ရန်ရုန်းကန်နေခဲ့သည်။
စုကျီနန်က အလျင်အမြန်လျှောက်လာရင်း...
"ညီလေးရှင်းကျဲ...ဒါက အရမ်းလွန်လွန်းတယ်မဟုတ်လား..."
"ယွမ်ရှင်းကျဲ...ငါက မင်းရဲ့အကျိုးအတွက်လုပ်ခဲ့တာ..."
ချီယုက ယွမ်ရှင်းကျဲကိုကြည့်ရင်း စိတ်အနှောင့်အယှက်ဖြစ်လာသည်။
"မင်းငါ့ကို အကူအညီတောင်းဖို့ ငါအခွင့်အရေးပေးခဲ့တယ်... ဒါတောင်မင်းက ငါ့ကိုဒီလိုမျိုးဆက်ဆံနေတယ်ပေါ့..."
စုကျီနန်က မျက်မှောင်ကြုတ်သွားသည်။
"ယွမ်ရှင်းကျဲ...မင်းဒီလိုရက်စက်တဲ့လူဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး..."
ဒါရိုက်တာက ဝင်ပြောလာခဲ့သည်။
"ကျောင်းသားယွမ်....မင်းပြိုင်ပွဲကနေ နှုတ်ထွက်မယ်ဆိုရင် ကျေးဇူးပြုပြီးဒီမှာလက်မှတ်ထိုးပါ...”
အခြေအနေမှာပြင်းထန်လာသည့်အလျှောက် ကားလ်က ခေါင်းငုံ့ကာစကားမပြောရဲတော့။
ယွမ်ရှင်းကျဲ မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခုခုပြောရန်ပြင်လိုက်ချိန်တွင် ရုံးခန်းတံခါးကိုတစ်စုံတစ်ယောက်က လာခေါက်ခဲ့သည်။
အတွင်းမှလူများမတုံ့ပြန်နိုင်ခင် ဖြူစင်သန့်ရှင်းသောလက်တစ်စုံက တံခါးကိုတွန်းဖွင့်လိုက်သည်။ တံခါးလက်ကိုင်ကိုဆုပ်ကိုင်ထားသည့်လက်ဆစ်ရိုးပေါ်တွင် နက်ပြာရောင်ကျောင်းယူနီဖောင်းရှိနေပြီး အဆိုပါလက်အနားကွပ်တွင် ရွှေကြယ်သီးများကိုသေသပ်စွာတပ်ဆင်ထားသည်။
အရပ်ရှည်ရှည်နှင့် ဖြောင့်စင်းသော အသွင်အပြင်သည် ရုံးခန်းထဲသို့ဝင်လာပြီး လူတိုင်း၏မျက်လုံးများကို ဆွဲဆောင်သွားခဲ့သည်။
စုကျီနန်က ထိုလူကိုကြည့်ကာ...
"လော့...လော့ဝမ်ချွမ်း...သူကဘာလို့လာတာလဲ..."
ကားလ်နှင့်ဒါရိုက်တာက အံ့သြသွားခဲ့သည်။ ချီယုက နာကျင်နေသောလက်ကောက်ဝတ်ကိုပွတ်နေရင်း သတိအပြည့်နှင့် ကြည့်နေသည်။
ဒါရိုက်တာက လျင်မြန်စွာမတ်တပ်ရပ်လိုက်ပြီး လော့ဝမ်ချွမ်းကိုနှုတ်ဆက်ချိန်တွင် သူ့မျက်နှာကဖြူဖျော့နေခဲ့သည်။
"ကျောင်းသားလော့...မင်းရောက်လာတာပဲ.."
လော့ဝမ်ချွမ်း၏မျက်နှာတွင် မည်သည့်အမူအရာမှမရှိသော်လည်း ရှည်လျားကျဉ်းမြောင်းပြီး သန့်ရှင်းသောမျက်လုံးများကမူ ယွမ်ရှင်းကျဲအားစိုက်ကြည့်နေခဲ့သည်။
ခဏအကြာတွင် "ဒါရိုက်တာဟွမ်...မတွေ့ရတာကြာပြီ.."
လော့ဝမ်ချွမ်းကသူ့ကိုနှုတ်ဆက်လိုက်သည်ကို ကြားချိန်တွင် ဒါရိုက်တာက ဝမ်းသာအားရ ပြန်လည်နှုတ်ဆက်ရန်ပြင်လိုက်သည်။ သို့သော်လော့ဝမ်ချွမ်း၏ နောက်ထပ်စကားကြောင့် သူအေးခဲသွားခဲ့သည်။
43.2
"ခင်ဗျားက ဘုတ်အဖွဲ့ထက်ပိုပြီးအာဏာရှိမယ်လို့ ကျွန်တော်မျှော်လင့်မထားခဲ့ဘူး..ခင်ဗျားမှာ ကျောင်းသားတွေကိုတောင် ပြိုင်ပွဲကနေအတင်းအကြပ်နှုတ်ထွက်ခိုင်းခွင့်ရှိတာပဲ..."
ဒါရိုက်တာဟွမ်က တုန်လှုပ်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံးအေးခဲသွားကာ ဘာပြောရမှန်းမသိတော့ချေ။
ခဏအကြာတွင် သူကအံ့သြတကြီးဖြင့်...
"ကျောင်းသားလော့...ငါကအစီရင်ခံစာအတိုင်းလုပ်တာပါ..."
"ဘယ်သူက အစီရင်ခံစာကိုလာပို့တာလဲ.." လော့ဝမ်ချွမ်းက မေးလိုက်သည်။ အားလုံး၏အကြည့်က ကားလ်ထံရောက်ရှိသွားသည်။
ဒါရိုက်တာဟွမ်က သူ့ချွေးများသုတ်လိုက်ပြီးနောက် "ကားလ်...လာပို့ပေးတာ."
ကားလ်က လော့ဝမ်ချွမ်း၏အေးစက်စက်ပုံစံကြောင့် ထိတ်လန့်သွားခဲ့သည်။ သူက ဘာမှပြန်မပြောနိုင်ဘဲ စုကျီနန်အားအကူအညီရလိုရငြားလှမ်းကြည့်လိုက်သည်။
"ကားလ်..." လော့ဝမ်ချွမ်းက ကားလ်ကို အတက်အကျမရှိသောအသံဖြင့် ပြောလာသည်။
“အထူးစုံစမ်းစစ်ဆေးဖို့အတွက် မင်းရဲ့အစီရင်ခံစာကို ကျောင်းဘုတ်အဖွဲ့ဆီပေးပို့ရလိမ့်မယ်....ဒါကအမှန်ပဲဆိုရင် ယွမ်ရှင်းကျဲကအရေးယူခံရလိမ့်မယ်...မဟုတ်ရင်တော့...”
လော့ဝမ်ချွမ်းက ခဏရပ်လိုက်ပြီး “ရှင်းဟိုင်စစ်တက္ကသိုလ်မှာ ကောလာဟလတွေလျှောက်ဖြန့်တဲ့ ကျောင်းသားတွေကိုလက်မခံဘူး...ဒါပေါ့....ရှင်းဟိုင်တစ်ခုထဲတင်မဟုတ်ဖူး...အင်ပါယာကြယ်မှာရှိတဲ့ ဘယ်တက္ကသိုလ်ကမှ အဲဒီ့လိုကျောင်းသားမျိုးကိုလက်သင့်ခံမှာမဟုတ်ဖူး...”
လော့ဝမ်ချွမ်းအသံတွင် စိတ်လှုပ်ရှားမှုမပါပဲ အေးစက်နေပြီး သာမန်လုပ်ငန်းကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေရသကဲ့သို့ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့သည်။
ယွမ်ရှင်းကျဲ အံ့အားသင့်သွားသည်။
ကားလ်က လော့ဝမ်ချွမ်းထံမှ ဤကဲ့သို့ပြင်းထန်သောသတိပေးချက်ကို မမျှော်လင့်ခဲ့ပေ။ သူ့ခြေထောက်များပျော့ခွေသွားကာ တုန်လှုပ်သွားခဲ့သည်။
"ငါဘာမှမသိဘူး...လော့ဝမ်ချွမ်း..ငါတကယ်..."
"မင်းပါးစပ်ကိုပိတ်ထားပြီး ကျောင်းဘုတ်အဖွဲ့ကိုဘယ်လိုရှင်းပြရမလဲဆိုတာပဲ စဉ်းစားထားစမ်းပါ..."
လော့ဝမ်ချွမ်းက ဒါရိုက်တာဟွမ်ကိုကြည့်လိုက်သည်။
"ဒါရိုက်တာဟွမ်...တကယ်လို့ဘုတ်အဖွဲ့ရဲ့စစ်ဆေးချက်က ခင်ဗျားဒီပြသနာကိုဖြေရှင်းတဲ့နည်းလမ်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့မယ်ဆိုရင် ခင်ဗျားလည်းရင်ဆိုင်ဖို့ပြင်ဆင်ထားပါ..."
စုကျီနန် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။ လော့ဝမ်ချွမ်းကဲ့သို့ စွန့်ပစ်ကြယ်မှလာသူသည် ဒါရိုက်တာရှေ့တွင် ဤကဲ့သို့စကားပြောဝံ့မည်ဟု သူဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ပေ။
“လော့..လော့ဝမ်ချွမ်း..ငါက…”
ဒါရိုက်တာဟွမ်က အထစ်ထစ်အငေါ့ငေါ့ဖြင့်..
.“ငါကတကယ့်ကို သမာသမတ်ကျကျနဲ့ အလုပ်လုပ်နေတာပါ...အဲ့တာက စုကျီနန်နဲ့ချီယုပါ... သူတို့က ဒီကိစ္စကိုလေးလေးနက်နက်ကိုင်တွယ်စေချင်တယ်လို့ ပြောတယ်....”
ဒါရိုက်တာက ကျောင်းသားနှစ်ယောက်ကို ထိတ်လန့်တကြားဖြင့် ကြည့်နေခဲ့သည်။ ချီယုမှာဗိုလ်ချုပ်၏သားဖြစ်သည့်အတွက် သူ့အားကူညီခဲ့ခြင်းပင်။ သို့သော် လော့ဝမ်ချွမ်းကကျောင်းဘုတ်အဖွဲ့အစည်းအဝေးများအား တက်ရောက်လေ့ရှိပြီး ကျောင်းအုပ်ကြီးဘေးတွင်ထိုင်လေ့ရှိသည်။ ထိုသို့သောကိစ္စမျိုးက ချီယုလုပ်နိုင်သည့်အရာမဟုတ်ပေ။
ဒါရိုက်တာဟွမ်က လော့ဝမ်ချွမ်းကို တုန်လှုပ်စွာ ဦးညွှတ်လိုက်သည်။
"လော့ဝမ်ချွမ်း...ကျေးဇူးပြုပြီး ကျောင်းဘုတ်အဖွဲ့ကိုမပြောပါနဲ့...ငါ ဒီလိုမျိုးဖြစ်သွားဖို့ တကယ်မရည်ရွယ်ခဲ့ပါဘူး..."
"လော့ဝမ်ချွမ်း...မင်းကလက်ရွေးစင်အသင်းအားကိုးနဲ့ ဒီလိုလုပ်နေတာလား.."
လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကိုခုခံကာကွယ်နေပြီး ဒါရိုက်တာဟွမ်က သူ့ရှေ့တွင်အလွန်ရိုးကျိုးနေသည်ကို တွေ့ရသည့်အခါ ချီယုစိတ်ထဲမသက်မသာဖြစ်လာခဲ့သည်။
“ဘုတ်အဖွဲ့ကို အကြောင်းကြားတော့ရောဘာဖြစ်လဲ...ငါ့အနေအထားနဲ့ဆိုရင် ကျောင်းဘုတ်အဖွဲ့မှာ လူတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်တော့ရှာတွေ့နိုင်တယ်..”
စုကျီနန်က တစ်ခုခုမှားနေသလိုခံစားလိုက်ရသော်လည်း ချီယု၏တည့်မတ်သော နောက်ကျောကိုမြင်လိုက်ရသည့်အခါ ချက်ချင်းပင်မာနကြီးသွားသည်။
“ဟုတ်တယ်...ကားလ်...မင်းဘာမှကြောက်နေစရာမလိုဘူး..မင်းမှာရှိတဲ့ အထောက်အထားတွေကခိုင်လုံပြီးသား... ကျောင်းဘုတ်အဖွဲ့က မင်းကိုဘာမှလုပ်မှာ မဟုတ်ဘူး..."
လော့ဝမ်ချွမ်းက ချီယုကိုကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။ ထို့နောက် အနောက်မှတံခါးကိုဖွင့်လိုက်ကာ အပြင်မှအယ်လ်ဖာအချို့ကိုဝင်လာစေခဲ့သည်။
"အဲ့ဒီ့နေ့က ယွမ်ရှင်းကျဲလော်ကာခန်းကနေထွက်လာတာကို တွေ့ခဲ့ကြတဲ့သူတွေပါ..."
ယွမ်ရှင်းကျဲ အနည်းငယ်အံ့သြသွားသည်။ လော့ဝမ်ချွမ်းက အခင်းဖြစ်ပွားရာသို့သွားရောက်ကာ အခြားသက်သေများကိုလည်း ခေါ်ဆောင်လာလိမ့်မည်ဟုသူ မမျှော်လင့်ထားခဲ့ပေ။
လော့ဝမ်ချွမ်းက ချီယုနှင့်စုကျီနန်ကိုကြည့်ကာ...
"ဘာလို့သူတို့ရဲ့ထွက်ဆိုချက်ကိုရော နားမထောင်ရမှာလဲ..."
အယ်လ်ဖာကောင်လေးတစ်ယောက်က စတင်၍ပြောလာခဲ့သည်။
"ယွန်းရှင်းကျဲ အဲဒီနေ့ကစင်နောက်ကနေထွက်သွားတာကိုတွေ့ခဲ့တယ်...သူက အရမ်းကြည့်ကောင်းပေမဲ့... ငါကတော့ သူ့ခန္ဓာကိုယ်မှာ ဖယ်ရိုမုန်းအနံ့လုံးဝမရခဲ့ပါဘူး"
ကောင်လေးက စကားပြောပြီးသည့်အခါ တခြားအယ်လ်ဖာနှစ်ယောက်ကလည်း ဟုတ်မှန်ကြောင်းခေါင်းညိတ်ပြလိုက်သည်။
“သူတို့ပြောခဲ့တာတွေက အမှန်ပဲ...မယုံရင်ကင်မရာကိုပြန်ကြည့်လို့ရတယ်...”
လော့ဝမ်ချွမ်းက ဖြည်းညှင်းစွာပြောပြီးနောက်ကားလ်ကိုကြည့်ရင်း
"မင်းရော..ဘယ်လိုလဲ..."
ကားလ်ကတုန်လှုပ်သွားပြီး ဘာမှမပြောနိုင်တော့ချေ။
ချီယုနှင့်စုကျီနန်က ပြိုင်တူအေးခဲသွားကြသည်။ လော့ဝမ်ချွမ်းက အဆိုပါကိစ္စနှင့်ပတ်သက်၍ အလေးအနက်ထားကာ စုံစမ်းစစ်ဆေးမှုပြုလုပ်မည်ဟု သူတို့ကမမျှော်လင့်ထားခဲ့ချေ။ သူက အချိန်တိုအတွင်း ခိုင်မာသောအထောက်အထားများကိုပင် တွေ့ရှိခဲ့သည်။
ယွမ်ရှင်းကျဲအား ချီယုကသူရဲကောင်းဆန်ဆန်ကယ်တင်ချင်ခဲ့သည်။ အဆိုပါအခွင့်အရေးမှာ လော့ဝမ်ချွမ်း၏လုယူခြင်းခံလိုက်ရသည့်အတွက် အလွန်စိတ်မချမ်းသာဖြစ်နေခဲ့သည်။
သူက “လော့ဝမ်ချွမ်း....မင်းနေမကောင်းဘူးလား...မင်းကသိတောင်မသိပဲနဲ့ ယွမ်ရှင်းကျဲကိုကူညီချင်တယ်ပေါ့.."
အခြားသူများကလည်း လော့ဝမ်ချွမ်းကိုမေးခွန်းထုတ်သလိုကြည့်နေကြသည်။
သို့သော် လော့ဝမ်ချွမ်းကပထမနှစ်ကျောင်းသားလေးအား အဘယ်ကြောင့်ကူညီလိုသည်ကို မည်သူမျှနားမလည်ပေ။ လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကိုပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ညီလေးရှင်းကျဲကို ငါ့ရဲ့သီးသန့်မက်ခါပြင်ဆရာအဖြစ် ဖိတ်ခေါ်ချင်တာကြောင့်ပါ..."
သူ့အသံက အရင်အတိုင်းအေးစက်နေဆဲဖြစ်သော်လည်း သူ့နှုတ်ခမ်းထောင့်လေးများကမူမြင့်တက်နေခဲ့သည်။ လော့ဝမ်ချွမ်းစကားဆုံးသွားသည်နှင့်တပြိုင်နက် အားလုံးတိတ်ဆိတ်သွားကြသည်။
ယွမ်ရှင်းကျဲကိုယ်တိုင်ပင် အံ့အားသင့်သွားကာ သူ့နားတွင်ပြဿနာရှိနေသည်ဟူ၍ သံသယဖြစ်မိသည်။ လော့ဝမ်ချွမ်းက သူ့ကိုမက်ခါပြင်ဆရာလုပ်စေချင်တယ်..ဟုတ်လား..ဒါပေမယ့် သူက အိုမီဂါတွေကိုကြောက်တယ်ဆို....
ချီယုကအံ့အားသင့်သွားပြီး သူ့အမူအရာက မှုန်ကုပ်ကုပ်ဖြစ်သွားသည်။
"လော့ဝမ်ချွမ်း...ယွမ်ရှင်းကျဲ..."
"မင်းကိုယ်မင်းအရင်ဆုံး စိတ်ပူသင့်တယ်..."
လော့ဝမ်ချွမ်းကချီယုကို အေးစက်စွာပြောလိုက်သည်။
"ဗိုလ်ချုပ်ချီယင်က မင်းကိုဘာမှမသင်ပေးခဲ့ဘူးလား....စစ်သင်တန်းကျောင်းမှာ အကြီးမားဆုံး တားမြစ်ချက်က လိမ်ညာတာပဲဆိုတာကိုလေ...”
ချီယင်က ချီယု၏ဖခင်ဖြစ်ပြီး မက်ခါတပ်မတော်၏ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည်။ လော့ဝမ်ချွမ်းအနေဖြင့် သူ၏ဖခင်အမည်ကိုသိနေမည်ဟု ချီယုမမျှော်လင့်ခဲ့ပေ။ သူက တုံ့ပြန်ဖို့မေ့သွားကာ တစ်ဖက်လူအား ကြောင်စီစီကြည့်နေမိသည်။
xxxxxx