Ch 2
Viewers 6k

အပိုင်း( ၂ )

 

ထိုအမျိုးသား အနုပညာရှင်က အချိန်အတန်ကြာအောင် စစ်ဆေးကြည့်နေပြီးနောက် ဒါရိုက်တာကပါ စကားပါ ပြောမလာကြောင်း မြင်လိုက်ရသည်။ ဒါက ဇာတ်ရံအကူပစ္စည်း အချို့ဟုသာ ထင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ ကြောက်စိတ်ကလည်း ပျောက်သွားသည်။ သူက ပြောလိုက်သည်။

 

“ကွေ့ချန်းဝန်းကျင်က မြေမျက်နှာသွင်ပြင် အနေအထားနဲ့ တိရစ္ဆာန် ကောင်ငယ်လေးတွေကို ကောင်းကောင်း ထိန်းသိမ်း ကာကွယ် စောင့်ရှောက်တယ်လို့ ပြောထားတယ် မဟုတ်ဘူးလား။ ဒီတော့ တောင်ပေါ်မှာ ချစ်စရာကောင်းတဲ့ တိရစ္ဆာန်ပေါက်လေးတွေ အများကြီး ရှိမှာပဲလေ။ စိတ်ဝင်စားတဲ့ ကြည့်ရှုသူတွေကလည်း ကွေ့ချန်းကို လာရောက်ပြီး ပျော်ပါးနိုင်ပါတယ်။ ဒီနေရာက လေထု အခြေအနေက တအားကောင်းတယ်”

 

အခြားသော ဧည့်သည်များက သူ ပြောသော စကားကို ကြားသောအခါ သူတို့၏ အခုန်မြန်ဆန်နေသည့် နှလုံးသားက ငြိမ်သက်သွားသည်။ သူတို့ကလည်း တင်းချန် အမည်ရသော အမျိုးသမီးကို ကြည့်လိုက်ကြသည်။

 

“တင်းချန်ကျဲ ကျဲကဒီလောက်ထိ ကြောက်တတ်မယ်လို့ မထင်ထားဘူး။ ကျဲ အော်လိုက်တဲ့ အသံက ကျယ်လွန်းလို့ ငါတောင် အံ့ဩသွားတယ်”

 

“အခုတလော ဖိအား အများကြီးအောက်ကို ရောက်နေခဲ့တာ မဟုတ်လား။ ကွေ့ချန်းမှာ အပန်းဖြေလိုက်နော်”

 

…..

 

သူမ၏ အနီးအနားဝန်းကျင်ရှိ လူများက ထိုသိုပြောနေသောကြောင့် တင်းချန် ကိုယ်တိုင်ကပင် သူမက အထင်မှားသည်ဟု ထင်မိသွားသည်။

 

သို့သော် …

 

အခြားသော သူများက တောင်ပေါ် ဆက်တက်သောအခါ တင်းချန်က နောက်သို့ လှည့်လိုက်ပြီး ကျိုးနေသော အရိုးများကို စိတ်ရှုပ်ထွေးသော မျက်ဝန်းမျိုးဖြင့် ကြည့်သည်။

 

_ _ _

 

လူသားတွေရဲ့ အရိုးက ဘယ်လိုလဲဆိုတာ သူမလည်း မသိပါဘူး။ အခုလည်း သူမက တောက်လျောက် ကင်မရာကိုပဲ အာရုံစိုက်ထားခဲ့တာ။ ပြောရရင် သူမ အရိုးပေါ် တက်နင်း မိမှန်းတောင် သိတာ မဟုတ်ဘူး။

 

ဒါပေမယ့် ဘာလို့ လူအရိုးပေါ် တက်နင်း မိလိုက်လဲဆိုတာကို သိလိုက်ရလဲဆိုတော့ _ _ _ အခု အရိုးပေါ်ကို မတော်တဆ နင်းလိုက်မိတဲ့အချိန်မှာ သူမရဲ့နား အနားကို အသက်ရှူ ထုတ်လိုက်သလို လေထုတစ်ခုက ဖြတ်သန်းသွားသလို ခံစားလိုက်ရပြီး ခပ်တိုးတိုး ငြီးငြူသလို ပြောသွားတယ်။

 

“တအား နာတာပဲ”

 

 

ဒါက တကယ်ပဲ စိတ်ကယောင်ခြား ဖြစ်နေတာလား။

 

တင်းချန်က နားမလည်နိုင်သေးခင် နောက်ဆုံးနေရာမှ လျှောက်လာသည့် လူငယ်လေး တစ်ယောက်က ငုံ့ကိုင်းပြီး သူ၏သွယ်လျသော လက်ချောင်းများနှင့်အတူ ထိုအရိုးစလေးကို ကောက်ကိုင်လိုက်ကြောင်း မြင်လိုက်ရသည်။

 

“ဟေး မလုပ် …”

 

တင်းချန်က သတိလက်လွတ် တားလိုက်ချင်သည်။

 

ယန်ရှစ်ရွှမ်းက သူမကို ကြည့်ပြီးနောက် အရိုးကို ဆက်လက်လေ့လာသည်။

 

“မင်းရဲ့ အမူအယာကို ကြည့်ရတာ တစ်ခုခုပဲ။ အခု ဘာဖြစ်သွားလို့လဲ”

 

တင်းချန်က အံ့ဩသွားသည်။

 

“နင် ဘယ်လိုသိတာလဲ”

 

ယန်ရှစ်ရွှမ်းက အရိုးကို အနီးအနားရှိ တောအုပ်သို့ ပစ်လွှတ်လိုက်ပြီး အခြားသူများ မနင်းမိအောင် ကာကွယ်လိုက်သည်။ ထို့နောက် လက်ကိုင်ပုဝါ တစ်ထည်ကို ထုတ်လျက် သူ၏လက်ကို သုတ်ကာ လေထဲသို့ လှမ်းပြောလိုက်သည်။

 

“ဒါက သူမနဲ့ မပတ်သက်ဘူး။ မင်းက မင်းကိစ္စနဲ့မင်း အလုပ်များနေတာနဲ့ပဲ မင်းရဲ့ပေါင်အရိုး ပျောက်သွားတာကို မသိဘူး မဟုတ်လား။ ဘယ်သူ့ကို လာပြီး အပြစ် တင်နေတာလဲ။ မဟုတ်ဘူး ငါ မင်းကို ပြန်ပေးလိုက်ပြီ”

 

တင်းချန်က ယန်ရှစ်ရွှမ်း၏ အမူအယာနှင့် စကားများကို ကြည့်ပြီး သူမ၏ ဆံပင်မွှေးများက ထောင်တက်သွားသည်။

 

“နင် နင် နင်ဘယ်သူ့ကို ပြောနေတာလဲ”

 

ယခုလေးတင် ဖြစ်သွားခဲ့သော ကိစ္စကြောင့် တင်းချန်က ကြောက်လန့်နေသည်။

 

ထိုအချိန်တွင် သူမက ယန်ရှစ်ရွှမ်းကို ကြောက်လန့်နေသော မျက်ဝန်းမျိုးဖြင့် ကြည့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်က ထိန်းချုပ်ရန် ခက်ခဲအောင်ပင် တဆတ်ဆတ် တုန်လာသည်။ ယန်ရှစ်ရွှမ်းက တစ်စုံတရာ ပြောလာခဲ့လျှင် သူမက နေရာတွင် မေ့လဲသွားမည်ပုံ‌ ပေါ်သည်။ သို့ရာတွင် ယန်ရှစ်ရွှမ်းက သူမကို ကျော်ပြီး အရှေ့ကို ဆက်တက်သွားပြီ ဖြစ်သည်။

 

“အိုး ငါလား။ ငါက ဒီအတိုင်းပဲ ထူးခြားတဲ့ ဝါသနာမျိုးရှိတယ်။ အထီးကျန်အဆင့် ဝေဒနာလိုမျိုးပေါ့။ ဒါကြောင့် ငါက တစ်ယောက်တည်း စကားပြောတာ ကြိုက်တယ်”

 

“မင်း မတက်ဘူးလား။ သူတို့ အားလုံး တက်ကုန်ပြီ။ မင်းတစ်ယောက်တည်း နေခဲ့မလို့လား”

2 02

တင်းချန်က ထိုအခါမှ ဘေးဘီကို ကြည့်သောအခါ သူမ၏အနီးအနားတွင် ဝန်ထမ်းအဖွဲ့ဝင် နှစ်ယောက်သာလျှင် ကျန်ကြောင်း မြင်လိုက်ရသည်။ အခြားသော သူများက ကင်မရာများ ဖွင့်လျက် အရှေ့သို့ တက်သွားသည်မှာ သူမနှင့် အကွာအဝေးတချို့ ခြားနေပြီ ဖြစ်သည်။ တစ်ယောက်တည်း ကျန်ရမည့်အချိန်ကို ကြောက်လန့်သဖြင့် သူမကလည်း ခြေလှမ်း ခပ်မြန်မြန် လှမ်းပြီး ယန်ရှစ်ရွှမ်းနှင့် အမှီလိုက်သည်။

 

ဒီအမျိုးသားက စိတ်နေသဘောထား ဆိုးတဲ့ ပုံပေါ်ပေမယ့်လည်း လူဆိုးတော့ မဟုတ်လောက်ပါဘူး။ အရေးကြီးဆုံး အချက်က သူငါ့နားက ဖြတ်သွားတဲ့အချိန်မှာ အဲဒီ အေးစက်မှုတွေက ပျက်ပြယ်သွားတယ်လို့ ခံစားလိုက်ရတာပဲ။ ဒါကြောင့် စိတ်အေးသွားစေတယ်။

 

ယန်ရှစ်ရွှမ်းက ခေါင်းကိုလှည့်ပြီး သူ၏အနောက်မှ ကပ်လိုက်လာသည့် တင်းချန်ကို ကြည့်သည်။ သို့သော် သူက ဘာစကားမှ မပြောတော့ချေ။

 

လမ်းတွင် အသေးစား မတော်တဆမှုလေး ဖြစ်သွားသော်လည်း သူတို့အဖွဲ့ကမူ ဒါရိုက်တာက ကြိုတင်ဘိုကင် ယူထားသည်ဆိုသော စံအိမ်သို့ အောင်မြင်ချောမွေ့စွာ ရောက်ရှိသွားသည်။

 

ပြောရလျှင် ဒါရိုက်တာ ပြောသည့်အတိုင်း စံအိမ်က လုံလောက်အောင် ခမ်းနားလွန်းပြီး သမိုင်း၏ အရသာကို ခံစားမိစေသည်။ တရုတ်နှင့် ဥရောပစတိုင် ပေါင်းစပ်ထားသော လွန်ခဲ့သော နှစ်တစ်ရာခန့်မှ လက်ရာက အလွန်အမင်း အဆင့်တန်းမြှင့်သည့် ခံစားချက်မျိုးအပြင် ပြတင်းပေါက်ပေါ်၌ တက်နေသော လှပလွန်းသော နွယ်ပန်းပင်များကလည်း ရှုခင်းကို ပို၍အသက်ဝင်စေသည်။

 

တောင်တန်းထဲတွင် တည်ဆောက်ထားသည့် တိုင်အောင် ကောင်းမွန်စွာ ထိန်းသိမ်းထားသောကြောင့် ယိုယွင်းပျက်စီးမှုများမှာ လစ်ဟာနေမှုများ မရှိပါချေ။ ကြယ်ငါးပွင့် ကိုယ်ပိုင်အနားယူ အပန်းဖြေ ဟော်တယ်နှင့်ပင် တူနေသေးသည်။ အဝေးမှ ကြည့်လျှင် လှပလွန်းသော ဗိသုကာလက်ရာနှင့် အနုပညာက မှင်သက်ဖွယ်ပင် ဖြစ်သည်။

 

ဧည့်သည်များကလည်း ထိုစံအိမ်ကို ကြည့်ပြီး သဘောတကျ ခေါင်းညိတ်ကြသည်။ ယခုလို ရသစုံရှိုးက အမြတ်သာသာ အသင်းမျိုးကို ပိုင်ဆိုင်ထားသည့်တိုင်အောင် အစားအသောက်၊ အဝတ်အထည်၊ နေထိုင်ခင်းကျင်းမှု၊ သယ်ယူပို့ဆောင်ရေးတို့တွင် ပိုက်ဆံကောင်းကောင်း သုံးထားသည်။ သူတို့က အလွန်သဘောထား ကြီးကြသည်။ အစစ်အမှန် အပန်းဖြေလာရသလိုမျိုး ဖြစ်လေရာ ဒီခရီးက အလဟသ မဖြစ်သွားချေ။

 

ကင်မရာကလည်း တစ်ချိန်လုံးလိုလို စံအိမ်ကိုသာ ရိုက်ပြနေသည်။

 

တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ထားသည်မှာ ကြာလှချေပြီ။ ဧည့်သည်များက သယ်လာသော ပရိတ်သတ်များအပြင် ကွေ့ချန်း၏ လှပြသော ရှုခင်းများနှင့် သေးငယ်သော မတော်တဆမှုများ၏ အားဖြည့်မှုကြောင့် စခရိုက်လုပ်လာသော လူများက အတန်အသင့် များပြားလာပြီး အနာဂတ်တွင် တိုးတက်နိုင်သည့် အလားအလာကို သိချင်စိတ် ပြင်းပြနေကြသည်။

 

{ဧည့်သည်တွေရဲ့ လိုင်းအပ်က တော်တော်လေး ကောင်းတယ်။ နောက်ပြီး အခုတလော တော်တော်လေးကို ကျော်ကြားနေတဲ့ သရုပ်ဆောင်တွေ၊ အိုင်ဒေါတွေ အများကြီး ပါတယ်။ ဒါပေမယ့် ဘာလို့ ဒါရိုက်တာက လူသစ်ဖြစ်နေတာလဲ။ ငါ သူ့နာမည်ကို တစ်ခါမှ မကြားဖူးသလို ထုတ်လုပ်ရေး ကုမ္ပဏီအကြောင်းလည်း မသိဘူး။ ငါ မိတ်ဆက်တော့ နားထောင် လိုက်ဖြစ်တယ်။ လူသစ်ဆိုလားပဲ။ ဒီရှိုးက ဘယ်လိုများ ဆက်ဖြစ်မှာလဲ}

 

{လူသစ်ကောက ငါ့ရဲ့ကောနဲ့ ကံကောင်းပြီး ရသစုံ ရှိုးတစ်ခုထဲမှာ အတူပါရတယ်။ ငါ မနာလိုဖြစ်လိုက်တာ။ ငါ သူနဲ့ ရင်းနှီးချင်တယ်}

 

{ငါက ကောလိပ်မှာ ဘူမိဗေဒကို လေ့လာခဲ့တာလေ။ ဒါကြောင့် ငါ ကွေ့ချန်းကို သွားဖူးတယ်။ ဒါပေမယ့် ဒီတောင်ရဲ့ ရှုခင်းတွေက အဲဒီအချိန်က ရူ့ခင်းတွေနဲ့ ကွာခြားနေတယ်လို့ ခံစားမိနေတာလဲ။ တောင်ရဲ့ တည်ဆောက်ပုံကလည်း ခြားနားနေတာပဲ။ လုံးဝကို ဆန့်ကျင်ဘက်လိုပဲ။ ဒါက တောင် ဟုတ်ရဲ့လား}

 

{အဲဒီကြည့်ကောင်းတဲ့ ကောက တော်တော်လေးကို ရုပ်ရည်ဖြောင့်တယ်နော်။ ဒါပေမယ့် ငါ သူ့ကို မသိသလို သူ့ရဲ့ သတင်းအချက်အလက်တွေကိုလည်း အွန်လိုင်းပေါ်မှာ ရှာလို့မရပါလား။ ဒီထရိန်နင်က ဘယ်နေရာက လာတာလဲ}

 

ဧည့်သည်များကို ရှုခင်းအား မိတ်ဆက်ပေးမှုအပြင် အမျိုးမျိုးသော တာဝန်များကိုလည်း ပေးထားသည်။ ထိုအချိန်တွင် တင်ဆက်သူက အခြားသော တာဝန်များကို လုပ်ရဦးမည် ဖြစ်သည်။ ထိုအရာက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကွန့်မန့်များနှင့် သတင်းများကို အချိန်နှင့် တပြေးညီ စစ်ဆေးပေးရခြင်း ဖြစ်ပြီး သင့်တော်သလို တုံ့ပြန်ပေးရမည် ဖြစ်သည်။ ဒီနည်းအားဖြင့် ကွန့်မန့်များ၏ လားရာကို စီမံခန့်ခွဲရသည်။

 

မည်သို့ပင်ဆိုစေ ဒီခရီးက ရသစုံရှိုးကို နှလုံးခုန်နူန်း ၉၉ရက်ဟု ပေးထားပြီး ဒါက တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယို ပလက်ဖောင်းပေါ်တွင် ထုတ်လွှင့်နေခြင်းဖြစ်သည်။

 

ကျန်းဝူပင်းက ဒါရိုက်တာ တစ်ယောက်အနေနှင့် အတွေ့အကြုံမရှိသော်လည်း လူချမ်းသာ တတိယမျိုးဆက်တစ်ယောက် အနေနှင့် ဒုတိယနှင့် တတိယမျိုးဆက် အသိုင်းအဝိုင်း မိတ်ဆွေပေါင်းများစွာကို ပိုင်ဆိုင်ထားသည်။ ထိုအတွက်ကြောင့်လည်း ဒီပလက်ဖောင်းပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်မှု ပရိုဂရမ်တစ်ခုကို တင်နိုင်ရန် ခွင့်ပြုချက် ရထားသည်။

2 03

ပလက်ဖောင်း၏ appကို အသုံးပြုသော မည်သည့် အသုံးပြုသူမဆို တိုက်ရိုက် ထုတ်လွှင့်မှု ချန်နယ်သို့ ဝင်ရောက်ရုံဖြင့် စခရိုက်လုပ်ရင်း ကြည့်နိုင်မည် ဖြစ်သည်။ ပရိုဂရမ်က တရားမဝင်သော ကွန့်တန့်များကို ထည့်သွင်းခွင့် မရှိသလို ကွန့်မန့်များတွင်လည်း ဆဲရေးသော စကားများ ပါဝင်၍ မရချေ။ ထိုကြောင့် ပရိုဂရမ်အသင်းက သေချာစီမံ ခန့်ခွဲရမည် ဖြစ်သည်။ ဖီဆန်မှုများ ရှိလာသည့် တိုက်ရိုက် ထုတ်လွှင့်မှု ခွင့်ပြုမိန့်က ယာယီအားဖြင့် အပိတ်ခံရမည် ဖြစ်သည်။ ထို့အတွက်ကြောင့် တင်ဆက်သူနှင့် ဒါရိုက်တာအသင်းတို့က အချိန်နှင့် တပြေးညီ ကွန့်မန့်များကို စီမံခန့်ခွဲ နေရခြင်း ဖြစ်သည်။

 

လျိုရီရီက ကွန့်မန့်ဧရိယာမှ ယန်ရှစ်ရွှမ်းအကြောင်း မေးခွန်းကို ပြန်ဖြေတော့မည့် အချိန်တွင် ရုတ်တရက် စံအိမ်ထဲမှ အမျိုးသားတစ်ယောက် ထွက်ပြီး သူတို့ဆီ လျှောက်လာကြောင်း မြင်လိုက်ရသည်။

 

ထိုအမျိုးသားက အိုနေသော်လည်း ထိုလူအိုကြီးက ဖြောင့်မတ်သော ခါးနှင့် တောက်ပသော ဝတ်စုံကို ဝတ်ဆင်ထားသေးသည်။ သူက ကြွယ်ဝသော မိသားစုမှ အိမ်တော်ထိန်း တစ်ယောက်ကဲ့သို့ ထင်ရ၏။ သူက အလွန်အမင်း ပညာတတ်သော အရှိန်အဝါမျိုးကို သယ်ဆောင်ထားသည်။

 

“အားလုံးပဲ ခရီးမှာ အရမ်းကြိုးစားခဲ့ကြရတယ် မဟုတ်ဘူးလား။ အားလုံးပဲ ခက်ခဲခဲ့မှာပဲ။ ငါနဲ့အတူ လိုက်ပြီး အရင်ဆုံး အနားယူလိုက်ကြပါ။ ရေပူနဲ့ ညစာက အဆင့်သင့်ပါပဲ”

 

ထိုလူကြီးက သူ့ကိုသူ မိတ်ဆက်ပေးသည်။

 

“ငါက ဒီစံအိမ်ရဲ့ အိမ်တော်ထိန်း ကျိုးချီလို့ ခေါ်တယ်။ မင်းတို့ ဒီနေရာမှာ နေတဲ့ အတောအတွင်း လိုအပ်တာမျိုးရှိရင် ငါ ကူညီပေးနိုင်ပါတယ်”

 

“ကျေးဇူးပြုပြီး ငါ့ကို အသိပေးပါ”

 

တောင်တက် လာရသည့်အပြင် မိုးရေကလည်း စိုလာ ရသေးသည်။ တောင်မှ အအေးဓာတ်က ဧည့်သည်များကို ပင်ပန်းပြီး အေးစက် လာစေသည်။ ထို့ကြောင့် စားစရာနှင့် ရေပူက အဆင်သင့်ဆိုသည့် စကားကို ကြားလိုက်ရချိန်တွင် သူတို့က ချက်ချင်းဆိုသလို အိမ်တော်ထိန်း၏ အနောက်မှ လိုက်ကာ စံအိမ်ထဲသို့ ဝင်လိုက်ကြသည်။

 

ယန်ရှစ်ရွှမ်း၏ အနောက်မှ ကပ်လိုက်လာသော တင်းချန်ကလည်း ယခုအခါမှသာ စိတ်အေးသလို သက်ပြင်းချပြီး ပျော်ရွှင်စွာဖြင့် လိုက်လာလေသည်။

 

ကင်မရာကလည်း လူတိုင်း၏မျက်နှာမှ ပျော်ရွှင်မှုကို အမိအရ ဖမ်းယူသည်။

 

ယန်ရှစ်ရွှမ်းက အင်္ကျီအိပ်ကပ်ထဲသို့ လက်ထည့်လျက် တဖြည်းဖြည်းချင်း အနောက်သို့ ပြန်ဆုတ်သွားပြီး ကင်မရာမှ ဝေးသွားအောင် လျှောက်သည်။ ထို့နောက် ယန်ရှစ်ရွှမ်းကို လှမ်းမေးလိုက်၏။

 

“မင်း ငါ့ကို တိုးပေးချင်စိတ် မရှိဘူးလား။ ငါ့ရဲ့ ပုံမှန်အလုပ်ရဲ့ တန်ကြေးပဲ မြှင့်ပေးရုံပဲ”

 

“?”

 

ကျန်းဝူပင်းက အနည်းငယ် ထူးဆန်းသွားသည်။ သူက ယန်ရှစ်ရွှမ်းကို သိလာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီး သူဟာ သရဲများကို ဖမ်းခြင်းနှင့် မိစ္ဆာများကို နှင်ထုတ်ပေးရာတွင် ကူညီရင်းနှင့် ပိုက်ဆံရှာကြောင်း သိထားပြီးသား ဖြစ်သည်။ သူဟာ အနည်းငယ် ဆင်းရဲသော်လည်း လမ်းတဝက်တွင် ပိုက်ဆံ တိုးတောင်းတတ်သော လူမျိုး မဟုတ်ချေ။

 

“ယန်ကော ယန်ကောဘာလို့ ရုတ်တရက်ကြီး ဒီလိုစကားမျိုး ပြောတာလဲ။ ဒီနေရာကို မလာခင် သဘောတူထားတာ ရှိတယ်မဟုတ်လား”

 

ကျန်းဝူပင်းက ဆက်ပြောသည်။

 

“ယန်ကော ယန်ကော တကယ်လို့ ပိုက်ဆံအလောတကြီး လိုနေတယ်ဆိုရင်လည်း ငါ့ကို တိုက်ရိုက်ပြောပါ။ ငါ ကူညီပေးနိုင်ပါတယ်။ အချိန်အတိုင်းအတာ တစ်ခုလောက် အများကြီး မရှိဘူးဆိုပေမယ့်လည်း သန်းအနည်းငယ်လောက်တော့ ကိစ္စမရှိပါဘူး”

 

ယန်ရှစ်ရွှမ်း”…”

 

သူက ကျန်းဝူပင်းကို ဆွံ့အစွာ ကြည့်သည်။

 

“မင်းရဲ့နာမည်ကို ကျန်းယို့ပင်းလို့ ပြောင်းလိုက်တော့”

 

ဒီလောက်သဲလွန်စ ပေးနေတာတောင် ဖမ်းမမိဘူး။ ဘယ်လို ဦးနှောက်လဲ။

 

ကျန်းဝူပင်း “???”

 

သို့ရာတွင် ယန်ရှစ်ရွှမ်းက နှာခေါင်းရှုံ့သွားသည်။ သူ၏ ဒီမိတ်ဆွေကို ရှင်းပြရန် အလွန်ပျင်းသွားပြီ ဖြစ်သည်။ တစ်ဖက်က ရူးကြောင်ကြောင်နှင့် နားလည်မည့်ပုံလည်း မပေါ်ချေ။ ထို့ကြောင့် ဒီအတိုင်း စံအိမ်ထဲသို့သာ ဝင်သွားလိုက်သည်။

 

စံအိမ်က လေးထပ်ဖြစ်သည်။ ဓာတ်လှေကားလည်း ရှိ၏။ ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုချောင်ခန်း များအပြင် ပထမထပ်မှစပြီး အပေါ်သုံးထပ်လုံးတွင် အိပ်ခန်းနှင့် စာကြည့်ခန်းများ ပါသည်။

 

အိမ်တော်ထိန်းကလည်း ယခုတလော မိုးရွာများသောကြောင့် လေးထပ်မြောက်က မိုးယိုမှု ရှိသဖြင့် ပြင်ဆင်ထားသဖြင့် လူတိုင်းက ဒုတိယထပ်နှင့် တတိယထပ်များတွင်သာ အိပ်ခန်း ရွေးချယ်နိုင်သည်ဟု ဆိုသည်။

2 04

သူတို့ အားလုံးက ပျော်ရွှင်၊ တက်ကြွသွားပြီး အပြုံးနှင့်အတူ သူတို့ ကြိုက်သည့် အခန်းများယူရန် အပြေးအလွှား သွားကြသည်။ ရယ်သံများက ဆက်လက် ဖြစ်ပွားနေခဲ့၏။ ပရိုဂရမ်အဖွဲ့ကလည်း အေးအေးဆေးဆေးနှင့် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှ ကွန့်မန့်ကဏ္ဍကလည်း အတူ ရယ်မောလိုက်ကြသည်။

 

ယန်ရှစ်ရွှမ်းကမူ မည်သည့် နေရာတွင် အိပ်ရအိပ်ရ ဂရုမစိုက်ပါချေ။ သူကလည်း ကြုံသလို အိပ်ခဲ့ရင်းနှင့်သာ ရှင်သန်လာခဲ့ခြင်း ဖြစ်သည်။ နောက်ပြီး ဒီလိုအခြေအနေမျိုးတွင် စံအိမ်က သူကို ထိုအိပ်ခန်းများထက် ပို၍ စိတ်ဝင်စား စေသည်။

 

အိမ်တော်ထိန်းအိုကြီးကသာ စံအိမ်တည်းတွင် တစ်ဦးတည်း နေသောသူ ဖြစ်လောက်သည်။ သူက ဧည့်သည်များကို အပေါ်ထပ်သို့ လိုက်ပြရင်း အိပ်ခန်းများကို ကူရွေးပေးနေကာ စံအိမ်ကို မိတ်ဆက် ပေးနေသည်။ ပထမထပ်တွင် ရှိနေသည့် အိပ်ခန်းများနှင့် ထမင်းစားခန်းများက လူရှင်းနေပြီး သက်ရှိလူတစ်ယောက်မှ ရှိပုံမရချေ။ သို့သော် တိတ်ဆိုင်စွာဖြင့် ထိုအခြေအနေက ယန်ရှစ်ရွှမ်းအတွက် အလျဉ်းသင့်သွား၏။ ထို့ကြောင့် သူက လိုက်လံရှာဖွေကြည့်နိုင်သည်။

 

ဒီစံအိမ်ကို လွန်ခဲ့သော နှစ်တစ်ရာခန့်က ဆောက်ထားပြီး ဒီနေ့အချိန်အထိ နဂိုမူလသွင်ပြင်အတိုင်း ထိန်းသိမ်းထားနိုင်သည်။ ပြန်လည်ပြင်ဆင် မွန်းမံရင်း ခေတ်မီပစ္စည်းအချို့ ထည့်ထားသော နေရာအနည်းငယ်ကိုသာ တွေ့ရ၏။

 

ယန်ရှစ်ရွှမ်းက ထမင်းစား စားပွဲပေါ်မှ ရွှေရောင်ဖြင့် အလှဆင်ထားသည့် ထမင်းစားပွဲခင်းကို မကြည့်လိုက်သောအခါ အောက်ဘက်မှ မာကြောသော သစ်စားစားပွဲမှ အတော်လေး အိုဟောင်းနေကြောင်း မြင်လိုက်ရသည်။

 

ထိုအချိန်က တစ်စုံတရာ ဖြစ်ခဲ့ပုံရပြီး ဒီပုံစံက ဒီစံအိမ်တစ်ခုလုံး၏ ခြုံငုံပုံပန်းသွင်ပြင်နှင့် လိုက်ဖက်နေခြင်း မရှိချေ။ အပေါ်တွင်လည်း ဓား အမှတ်အသားရာ အချို့ကို တွေ့ရသေးသည်။ အမြှောင်းရာများကလည်း မဲနေ၏။ အရောင်က သွေးများကို ဆေးထားသော ပုံစံမျိုး ဖြစ်နေသည်။

 

“ဝုန်း”

 

ယန်ရှစ်ရွှမ်းက ထိုဓားရာများကို လက်ချောင်းဖြင့် ထိတွေ့နေချိန်တွင် နောက်ဘက်ရှိ မီးဖိုခန်းဘက်မှ ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။ ဒါက မြေပြင်ပေါ်သို့ သံမဏိအိုးတစ်အိုး ပြုတ်ကျသွားသော အသံဖြစ်သည်။

 

တစ်ယောက်ယောက် ရှိနေတာလား။

 

ယန်ရှစ်ရွှမ်းက ချက်ချင်းဆိုသလို မီးဖိုခန်းဘက်သို့ အလျင်အမြန် လျှောက်သွားလိုက်ပြီး မီးဖိုခန်းတံခါးကို ဟကာ ဖွင့်ကြည့်လိုက်သည်။

 

ခေတ်သစ်မီးဖိုခန်းများနှင့် မတူသည်မှာ စံအိမ်၏ မီးဖိုခန်းက လွန်ခဲ့သော နှစ်တစ်ရာက ပုံစံအတိုင်း ထိန်းသိမ်းထားသည်။ ထို့ကြောင့် မီးသုံးသော မီးဖိုကို သုံးသည်။

 

သစ်သားမီးဖိုကြီးပေါ်တွင် ကြီးမားသည့် သံမဏိအိုးကြီး ရှိနေပြီး မီးတောက်က တောက်လောင် နေသည်။ အတွင်းရှိ အရာများက ပွက်ပွက် ထနေသည်။ ဘေးဘက်ရှိ ဟင်းချက် စားပွဲနားတွင်လည်း ဟင်းချက် အမွှေးအကြိုင်များ ထည့်ထားသည့် ကရားများက ပွင့်နေသေးသည်။ ဖြတ်တောက်သော ဘုတ်ပြားပေါ်တွင်လည်း အချို့ရှိနေ၏။ ပန်းကန်များ၏ အရေအတွက်အရ တစ်စုံတစ်ယောက်က ဒီနေရာတွင် ချက်ပြုတ်နေခဲ့ပုံ ပေါ်သည်။ သို့ရာတွင် မီးဖိုခန်းထဲတွင်လည်း မည်သူမှ မရှိကြောင်း မျက်စိတဆုံး မြင်နေရသော ရှင်းလင်းနေမှုက တဆင့် သက်သေပြနေသည်။

 

မြေပြင်ကြမ်းပင်ကလည်း သန့်ရှင်းသပ်ရပ်ကာ ပြီးပြည့်စုံနေသည်။ သံမဏိအိုး ပြုတ်ကျသည့် လက္ခဏာပင် မရှိချေ။

 

ယန်ရှစ်ရွှမ်းက တံခါးလက်ကိုင်ကို ဖိနှိပ်ထားပုံမှ လျော့လိုက်ပြီး ခြေထောက်ကို မြှောက်ကာ မီးဖိုအနားသို့ ကပ်သွားပြီး ခေါင်းကိုငုံ့ကာ အတွင်းသို့ ကြည့်လိုက်သည်။ လောင်ကျွမ်းနေသော သကြားရောင်နှင့် သိပ်သည်းလွန်းသော ဆီများက အနီရဲရဲ အချဉ်ရည်ကို ဖော်ပြနေသည်။ အရောင်က အနီရောင်ရင့်လွန်းပြီး မည်သည့် အသားမျိုးနှင့် ရောနေကြောင်း ပြောရန် အလွန်ခက်ခဲသည်။

 

ယန်ရှစ်ရွှမ်းက ဘေးဘက်မှ တူတစ်ချောင်း ယူပြီး အတွင်းဘက်သို့ သေချာကြည့်တော့မည့် အချိန်တွင် ခပ်တင်းတင်း ထွက်လာသော အမျိုးသားတစ်ယောက်၏ အသံက သူ၏ လက်ချောင်းများကို နှောက်ယှက်လိုက်သည်။

 

“ဒီဧည့်သည်က အခန်း သွားမကြည့်ချင်ဘူးလား”

 

ယန်ရှစ်ရွှမ်းက နောက်လှည့်ကာ ကြည့်လိုက်သောအခါ မည်သည့် အချိန်ကမှန်းမသိ အပေါ်ထပ်မှ ပြန်ဆင်းလာသော အိမ်တော်ထိန်းအိုကြီးက သူနှင့် စင်တီမီတာ သုံးဆယ်ခန့်ပင် မဝေးသော နေရာမျိုးတွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။

 

သူက ကြောက်သွားသလိုမျိုး တစ်ဖက်သို့ ရုတ်တရက် လှည့်လိုက်ပြီး အကွာအဝေးကို အနည်းငယ် ခြားသည်။ ထိုသို့ဖြင့် အနောက်ဘက်တွင် ရပ်နေသော အိမ်တော်ထိန်းအိုကြီးနှင့် တိုက်ရိုက် မျက်နှာချင်းဆိုင်လိုက်သည်။

 

“ဧည့်သည်တွေအနေနဲ့ ဒီလိုညစ်ပတ်တဲ့ နေရာမျိုးကို ကိုယ်တိုင်လာတာက တကယ် ရိုင်းပါတယ်”

 

ထိုအချိန်တွင် အိမ်တော်ထိန်းအိုကြီးက စံအိမ်အပြင်ဘက်တွင် ဖော်ပြခဲ့သည့် အထက်တန်းကျပြီး လုပ်နိုင်စွမ်းရည် ရှိသည့် အိမ်တော်ထိန်း ပုံစံမျိုးနှင့် ခြားနားသွားသည်။ သူ စကားပြောသောအခါ သူ၏လေသံက ဖိအားများပုံ မရသော်လည်း မျက်ဝန်းများကမူ ဟောင်းလောင်းပေါက် ဖြစ်နေပြီး တစ်နေရာတည်းသို့ စိုက်ကြည့်ကာ ဘယ်တောမှ မျက်တောင်မခတ်သလိုပင် ထင်ရသည်။

2 05

အိမ်တော်ထိန်းအိုကြီးက အိမ်တော်ထိန်းတစ်ယောက်၏ ကျင့်ဝတ်ပုံစံမျိုးဖြင့် ပြန်ပြုံးသည်။ သို့သော် ထိုအပြုံးက တောင့်တင်းလွန်းပြီး သူ၏ပါးမှ အသားများက လှုပ်ခါမှုပင် မရှိချေ။

 

“မင်း ဗိုက် ဆာနေပြီလား။ ဒါဆိုရင် အခန်းထဲ အရင်ပြန်ပြီး အနည်းငယ် အနားယူဖို့ ပစ္စည်းတွေ ချလိုက်ပါဦး။ ထမင်းစားခန်းထဲမှာ စောင့်နေပါ။ ညစာက သိပ်မကြာခင် အဆင်သင့် ဖြစ်တော့မှာပါ”

 

“ငါက ဒီအတိုင်း ညစာက ဘာလဲ ဆိုတာကို လာကြည့်ရုံပဲ”

 

ယန်ရှစ်ရွှမ်းက ထိုအိမ်တော်ထိန်းအိုကြီး၏ ထူးဆန်းသော အပြုအမူကြောင့် မကြောက်သွားရုံသာ မကသေးပဲ ပို၍ပင် စိတ်လှုပ်ရှား လာသည်။ တည်ငြိမ်မှု အောက်တွင် ဖုံးကွယ်ထားခံရသော ရူးသွပ်မှုက ထွက်လာလုနီးပါး ဖြစ်ပြီး အခွင့်အရေးကို စောင့်နေပုံ ပေါ်၏။

 

သူ၏မဲမှောင်သော မျက်ဝန်းအတွင်း အလင်းတစ်တန်းက ဖြတ်ပြေးသွားသည်။ သူ၏နူတ်ခမ်းတွင် ဖျော့တော့သော အပြုံးက ပေါ်လာ၏။

 

“တကယ်တော့ ငါက လူသားနဲ့ ချက်ထားတဲ့ ဟင်းလျာတွေ တအား ကြိုက်တာ။ ဒီနေရာမှာ ဒီလို အရာမျိုးတွေ ရမယ်လို့ မထင်ထားမိဘူးလေ။ ဒါကြောင့် ငါက ပျော်သွားတာပေါ့”

 

အိမ်တော်ထိန်းအိုကြီး၏ ဗလာဖြစ်နေသော မျက်ဝန်းများက ယန်ရှစ်ရွှမ်းအပေါ် ကျရောက်လာသည်။ သူ၏ လေသံကလည်း ဖိအား မများသေးချေ။

 

“ဧည့်သည်က နောက်နေပြန်ပါပြီ”

 

သူက ထိုသို့ ပြောလိုက်သောလည်း လက်ကို မြှောက်ပြီး ယန်ရှစ်ရွှမ်းကို လှမ်းကိုင်ရန် ကြံသည်။ ယန်ရှစ်ရွှမ်းက ခပ်မြန်မြန် တုံ့ပြန်ပြီး ခြေတစ်လှမ်းခန့် နောက်ဆုတ်သည်။ ဒီနည်းအားဖြင့် ပါးရေတွန့်ကာ အစက်အပြောက်များ ပြည့်နေသော ထိုမျက်နှာကို ရင်မဆိုင်လိုဟန် ရုန်းကန်သည်။ ထိုသို့ နောက်ဆုတ်လိုက်သည့် အတောအတွင်း သူ၏ တံတောင်က မတော်တဆ ဟင်းချက်စားပွဲပေါ်မှ ဖွင့်ထားသော ကရားတစ်ခုကို တိုက်လိုက်မိပြီး အနီနှင့် အဖြူရောနေသော အမှုန့်များကို အိုးထဲသို့ ပြန့်ကျဲ ကျသွားစေသည်။

 

ထိုအခိုက် ယန်ရှစ်ရွှမ်းဟာ အိမ်တော်ထိန်းအိုကြီး၏ မျက်နှာပေါ်မှ ဒေါသ ထွက်သွားသလိုမျိုး ကြောက်မက်ဖွယ် ကောင်းသည့် အမူအယာမျိုးကို မြင်လိုက်ရလေသည်။

 

“အား… ငါ တကယ် တောင်းပန်ပါတယ်။ တကယ်တော့ ငါက ပိုလီယိုသမားဆိုတော့ လက်နဲ့ ခြေထောက်တွေကို ကွဲကွဲပြားပြား မထိန်းနိုင်ဘူးလေ”

 

ယန်ရှစ်ရွှမ်းက မျက်ခုံး ပင့်လိုက်ပြီး အံ့အားသင့်ကာ တောင်းပန်သော မျက်နှာထားမျိုး လုပ်သည်။

 

“ငါ ဟင်းလျာကောင်း တစ်ခွက်ကို ဖျက်ဆီး လိုက်မိပြီ။ ဘယ်လို လုပ်ရမလဲ။ စားလို့ မရတော့ဘူး ထင်တယ်”

 

အိမ်တော်ထိန်းအိုကြီးက သူ၏လည်ချောင်းထဲမှာ သံတွေး မျိုချသံမျိုးကို လုပ်သည်။ တခဏခန့် ကြာပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူက ယန်ရှစ်ရွှမ်းကို သူ၏ မှုန်မှိုင်းနေသော မျက်ဝန်းမျိုးဖြင့် ကြည့်သည်။ ထိုမျက်ဝန်းထဲတွင် မည်သည့်အလင်းမျှ မရှိချေ။

 

ထို့နောက် သူက လေသံကို ဖြစ်ညှစ်လျက် ပြောသည်။

 

“ရပါတယ်”

 

ယန်ရှစ်ရွှမ်းက ပုခုံးတွန့်ပြီး နောက်ပြန်လှည့်ကာ ထွက်သွားသည်။ သူက ခပ်အေးအေး ထွက်သွားပြီး ခြေထောက်ကို တဖြောင့်တည်း ဆန့်သည်။ အပြစ် မကင်းစိတ် ပေါ်နေဟန်လည်း မရချေ။

 

“ကြည်ရတာ ငါတို့ရဲ့ ဧည့်သည်နံပါတ်လေးက စံအိမ်အိုကြီးရဲ့ စွန့်စားသွားလာမှုကို ခံစားဖို့ အလျင်လိုနေလို့ အခန်း ရွေးချယ်ဖို့ကိုတောင် မစောင့်နိုင်တော့ဘူး ထင်တယ်”

 

ယန်ရှစ်ရွှမ်းက ဧည့်ခန်းသို့ ဝင်လိုက်သည့် အချိန်တွင် အပေါ်ထပ်မှ လျိုရီရီကို သတိ ထားလိုက်မိသည်။ သူမက လှေကားလက်ရမ်းကို ကိုင်လျက် ကင်မရာကို ပြုံးပြနေရင်း ယန်ရှစ်ရွှမ်းကို အဝေးသို့ တွန်းပို့နေသည်။

 

“အခန်းတွေ အားလုံးကို ရွေးပြီးသွားပြီ။ လှေကားဘေးနားက အခန်းတစ်ခန်းပဲ ကျန်တော့တယ်။ ဒီအခန်းက အနှေးနဲ့အမြန် ဆူသထက် ဆူလာမှာပါ။ ဘာလို့လဲဆိုတော့ ဒါက အိမ်ဟောင်းဆိုတော့ အသံမလုံဘူးလေ။ ဧည့်သည်နံပါတ်လေးက စိတ်ထဲမထားဘူး မဟုတ်ဘူးလား”

 

ယန်ရှစ်ရွှမ်းက မျက်လုံးတစ်ချက် ဝင့်လိုက်ပြီး မာနကြီးလွန်းသော မင်းသမီးကို ကြည့်ကာ အပြုံးတစ်ဝက် မျက်နှာထားမျိုးနှင့် ပြောသည်။

 

“ငါ့မှာ ဘာပြဿနာမှ မရှိဘူး”

 

သူ၏အနောက်ဘက်မှ သူ့ကို စိုက်ကြည့်နေသည့် အကြည့်ကိုလည်း အမြဲတစေ ခံစားနေရသည်။

 

တံခါးကို မဖွင့်ခင် ယန်ရှစ်ရွှမ်းက‌ နောက်သို့ လှည့်ကာ ကြည့်လိုက်သောအခါ ပထမထပ် ဧည့်ခန်း အစွန်နားတွင် ရပ်နေသည့် အိမ်တော်ထိန်းအိုကြီးနှင့် မျက်လုံးချင်း ဆုံသွားသည်။ အိမ်တော်ထိန်းအိုကြီးက သူ့ကို တဖြည်းဖြည်းချင်း တောင့်တင်းစွာ ပြုံးပြလာသည်။ သို့သော် ထိုအပြုံးက အမှောင်ထုအတွင်း မြှပ်နေ၏။

 

******