အပိုင်း(၅)
ယန်ရှီရွှမ်းက တံခါးအပြင်ဘက်ရှိ ကျန်းဝူပင်းအတွက် တံခါးကို ချက်ချင်း မဖွင့်ပေးခဲ့ချေ။
တံခါးကို တဒုန်းဒုန်း ခေါက်သံနှင့်အတူ ကျန်းဝူပင်း၏ စိုးရိမ်တကြီး အော်ကာ အကူအညီတောင်းသံက ဆက်လက်ပြီး ဖြစ်ပွားနေသည်။
သူက အိပ်ယာမှ တဖြည်းဖြည်းချင်း ထသည်။ သူက ခေါင်း မော့လိုက်သည့် အချိန်တွင် ရေချိုးခန်းအတွင်းမှ မှန်နှင့် မျက်နှာချင်းဆိုင်လျက်သား ဖြစ်သွားသည်။ ပိန်းဖိန့်အောင် မဲမှောင်နေသည့်အခန်းအတွင်းတွင် သူ ယခုလေးတင် အချိန်ကို ကြည့်ရန် နှိပ်ဖွင့်ခဲ့သောကြောင့် လင်းနေသော ဖုန်းမီးအလင်းကသာ ဖျော့တော့သည့် အလင်းကို ထုတ်ပေးနေသည်။ ထိုသို့ဖြင့် သူ၏မျက်နှာတစ်ခြမ်းကို အောက်ဘက်မှ အပေါ်အထိ ဖော်ပြနေသည်။
မှန်ထဲတွင် ရောင်ပြန်ဟပ်နေသော ပုံကို တစ်ချက် ကြည့်လိုက်ရုံနှင့် လေထဲတွင် လွှင့်မျောနေသော တစ္ဆေသရဲတစ်ကောင်၏ မျက်နှာကဲ့သို့ ထင်ရပြီး ကြောက်စရာ ကောင်းလွန်းသည့်ပင် ခြောက်ခြားဖွယ်အတိ ဖြစ်နေသည်။
အိပ်ယာနိုးကာစ ယန်ရှစ်ရွှမ်းက ရုတ်တရက် ထိုကဲ့သို့သော မျက်နှာကို မျက်နှာချင်း ဆိုင်ရသောအခါ စောင်ကို မ လျက်သားပုံစံမျိုးဖြင့် တုန့်ဆိုင်းသွားရသည်။
သို့သော် သူက မကြောက်သွားချေ။ ထို့အစား မျက်ခုံးသာ ပင့်လိုက်မိသည်။ သူ၏မေးစေ့ကို အသာပွတ်ပြီး ချီးကျူးသလို ခေါင်းညိတ်လိုက်၏။
“မဆိုးပါဘူး။ တအားချောတယ်”
ယန်ရှစ်ရွှမ်းက စိုးရိမ်ပူပန်မှု ကင်းမဲ့စွာနှင့် တံခါးအနောက်ဘက်သို့ တဖြည်းဖြည်းချင်း လျှောက်သွားချိန်တွင် တံခါးအပြင်ဘက်မှ ကျန်းဝူပင်းက စိုးရိမ်လွန်းသဖြင့် တံခါးကို ဆက်တိုက် တဒုန်းဒုန်း စထုနေပြီ ဖြစ်သည်။ ဘန်း ဘန်း ဘန်း အသံက သက်ရှိလူတစ်ယောက်၏ နှလုံးခုန်သံကဲ့သို့ ထင်ရသည်။
“မင်း ရူးနေလား”
ယန်ရှစ်ရွှမ်းက ပျင်းရိစွာ မေးသည်။
“ယန်ကော ယန်ကော ဟုတ်ပါတယ်။ ငါပါ ငါ ရူးနေတာပါ”
အပြင်ဘက်ရှိလူက နောက်ဆုံးတွင် ပြန်ဖြေသံကို ကြားရသောအခါ ခပ်မြန်မြန် ပြန်ပြောသည်။
“ယန်ကော ကျေးဇူးပြုပြီး အပြင် တစ်ချက်လောက် ကြည့်ပါ။ ငါ ဘာလုပ်ရမလဲ”
ယန်ရှစ်ရွှမ်းက ခပ်ပေါ့ပေါ့ ပြန်လှောင်သည်။
“အလောတကြီး မလုပ်ပါနဲ့။ အဲဒါ မတိုင်ခင် မင်း မှတ်မိသေးလား”
“မင်း ဒီနေရာကို မလာခင်က ငါ့ကို ပါးလို့ ခေါ်မယ်လို့ ပြောခဲ့တယ်လေ”
သူက ခပ်တင်းတင်း ပြန်ပြောသည်။
“မင်း အခု ငါ့ကို ပါးလို့ ခေါ်နိုင်တယ်။ မင်း ငါ့ကို ပါးပါးလို့ ခေါ်လိုက်တာနဲ့ ငါ အခုချက်ချင်း အပြင်ကို ထွက်လာမယ်”
တံခါးအပြင်ဘက်ရှိ လူကလည်း ယန်ရှစ်ရွှမ်းက ဒီလို အရေးကြီးပြီး သူ၏အသက်ကပင် ခြိမ်းခြောက်ခံရနိုင်သော အနေအထားမျိုးတွင် ယခုလို တောင်းဆိုမှုမျိုးကို ပြုလာမည်ဟု မထင်ထားမိချေ။ သူက တခဏခန့် တုန့်ဆိုင်းသွားသည်။ ဆွံ့အသွားပုံလည်း ပေါ်၏။ သူက မည်သို့ ပြန်ဖြေသင့်ကြောင်း မသိချေ။
သူက စကား ပြန်ပြောလာချိန်တွင် အပြင်ဘက်ရှိလူ၏ အသံက ဒေါသအနည်းငယ် ပါလာသည်။
“ယန်ကော မနောက်နဲ့တော့ ယန်ကော...”
“ငါက နောက်တယ်ဟုတ်လား။ ငါတို့ကောလိပ်မှာ အတူတူရှိနေတဲ့ အချိန်တုန်းက တစ်ယောက်ယောက်ကသာ နောက်ခဲ့ရင် သူ့ရဲ့မျိုးဆက် ဆယ့်ရှစ်ဆက်အထိ ဝင်တိုခံရလိမ့်မယ်လို့ ကျိန်ခဲ့ကြတာ မဟုတ်လား”
ယန်ရှစ်ရွှမ်းက ဖြောင့်မတ်မှန်ကန်သလို ပြန်ငြင်းသည်။ သူက ရင်ကွဲနာကျနေသော လေသံမျိုးနှင့် ဆိုသည်။
“ကြည့်ရတာ မင်း တကယ်ရူးနေပြီပဲ။ ပါးပါးက တကယ် စိတ်မကောင်းဘူး”
တံခါးအပြင်ဘက်ရှိလူ “...”
ကျန်းဝူပင်းနှင့် ယန်ရှစ်ရွှမ်းတို့က ကောလိပ်တွင် အခန်းဖော်များ ဖြစ်သည်။ ကျန်းဝူပင်း၏ ရုပ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် သူဟာ မကြာခဏဆိုသလို မသန့်ရှင်းသော အရာများနှင့် တိုးတတ်သည်။
တစ်ကြိမ်က ကျန်းဝူပင်းက အဆောင်ခန်းအတွင်း ကျယ်လောင်စွာ အော်ခဲ့သဖြင့် ယန်ရှစ်ရွှမ်း၏ အိပ်ရေးကို ပျက်စေခဲ့သည်။ သူက စိတ်မရှည်စွာဖြင့် ကျန်းဝူပင်းကို ကူညီပေးလိုက်မိသည်။
ထိုအချိန်ကစပြီး ကျန်းဝူပင်းက ယန်ရှစ်ရွှမ်း၏ ပေါင်လုံးကိုသာ ဆက်ဖက်တော့သည်။ သူ့ကို ပါးပါးဟု ခေါ်ရန် မဆိုထားဘိ ဘိုးဘေးဟု ခေါ်ရမည်ဆိုလျှင်ပင် တုန့်ဆိုင်းခဲ့ခြင်း မရှိချေ။ သူ၏အသက်ကို ကယ်နိုင်သမျှ သူက သူ၏တစ်ဘဝစာလုံး ချီးကျူး၊ ချီးမွှမ်း၊ ဖားယားသည့် စကားများကိုပင် မထပ်အောင်ပင် ပြောနိုင်သေးသည်။
ဒီခရီးသွား ရသစုံရှိုးကို ကျန်းဝူပင်းက သူ၏အိပ်မက်ကို အကောင်အထည်ဖော်နိုင်သည့် ပထမခြေလှမ်းအဖြစ် မှတ်ယူထားသည်။
ဧည်သည့်တစ်ယောက် ရှင်းပြရန် ခက်ခဲသော ပုံစံမျိုးဖြင့် ပျောက်ကွယ်သွားခြင်းက စတင်ကာစ တိုက်ရိုက်ထုတ်လွှင့်သည့် ပရိုဂရမ်အတွက် ကြီးမားသည့် ထိုးနှက်ချက်ကြီး ဖြစ်သည်။ ကျန်းဝူပင်းကလည်း သူ၏ခက်ခက်ခဲခဲ ကြိုးစားပြီး လုပ်ထားရသည့် အလုပ်ကို ဒီလိုအပျက်အစီး ခံလိမ့်မည် မဟုတ်ချေ။
5 02
တံခါးအပြင်ဘက်ရှိလူက ကျန်းဝူပင်း အစစ်အမှန်သာဆိုလျှင် ယန်ရှစ်ရွှမ်းက သူ့ကို ပါးပါးဟု ခေါ်ခိုင်းကြောင်း ကြားသိသည်နှင့် သူက တုံ့ဆိုင်းမနေပဲ ပါးပါးဟု အကြိမ်တစ်ရာမက ဆက်တိုက် အော်ခေါ်ပေလိမ့်မည်။ ထိုအခါ ယန်ရှစ်ရွှမ်းကလည်း သက်တောင့်သက်သာ ရှိပေလိမ့်မည်။ သို့သော် တံခါးအပြင်ဘက်ရှိ လူကမူ သိသာစွာပင် ထိုကဲ့သို့သော ဟာသမျိုးကို လက်မခံနိုင်ချေ။ မည်သို့ပင်ဆိုစေ ဒီလိုဟာသမျိုးက ခေတ်သစ် လူငယ်များအကြားတွင် ပုံမှန်ဖြစ်သည်။
ယန်ရှစ်ရွှမ်းက သူ့ကိုယ်သူ ပါးပါးဟု မိတ်ဆက်သောအခါ တံခါးအပြင်ဘက်ရှိလူက သူ၏လည်ချောင်းထဲမှ ဖြစ်ညစ်ထုတ်သလို အသံမျိုးကို ထုတ်လိုက်ကြောင်း သိလိုက်ရသည်။ ထိုကဲ့သို့သော အသံမျိုးကို အလွန့်အလွန် ဒေါသထွက်နေမှသာ လုပ်ကြသည်။
အချိန်အနည်းငယ် ရနေသည့် အနေအထားမျိုးကို အခွင့်ကောင်းယူလိုက်သည့် ယန်ရှစ်ရွှမ်းက ကျန်းဝူပင်းကို ဖုန်းခေါ်လိုက်သည်။ တံခါးအပြင်ဘက်တွင် ဖုန်းမြည်သံ ထွက်မလာချေ။
ဖုန်းကို တစ်ဖက်က ကိုင်ထားသော ယန်ရှစ်ရွှမ်းက ချက်ချင်းလိုလို ပြန်ချလိုက်သည်။ ထို့နောက် ကျန်းဝူပင်းထံ စာပို့သည်။
{မင်း ငါ့ကို လာတွေ့သေးလား}
ကျန်းဝူပင်းက ယန်ရှစ်ရွှမ်း၏ ဖုန်းကောကြောင့် အိပ်ယာနိုးလာကာစ ဖြစ်သည်။ သိသာစွာပင် သူက အခြေအနေအမှန်ကို နားမလည်သေးချေ။ အချိန်တစ်ခုကြာအောင် စိတ်ရှုပ်နေပြီးမှသာ စာပြန်လာသည်။
“ညက ဒီလောက်နက်နေတာ။ ဘာကြောင့် ငါက မအိပ်ပဲ ယန်ကောကို သွားရှာရမှာလဲ”
{နောက်ပြီး ယန်ကောကလည်း တစ်ညလုံးအိပ်နေ တံခါးအပြင်ဘက်ကို မထွက်နဲ့လို့ ပြောထားတာ မဟုတ်ဘူးလား}
ကျန်းဝူပင်း၏ တုန့်ပြန်မှုမှတဆင့် ဧည့်သည်တစ်ယောက် ပျောက်နေသောကိစ္စကို ကျန်းဝူပင်းက မသိသေးလောက်ကြောင်း ယန်ရှစ်ရွှမ်းက နားလည်သွားသည်။ တံခါးအပြင်ဘက်ရှိ တစ်စုံတစ်ယောက်က သူ့ကို အပြင်ထွက်အောင် လှည့်ဖျားနေခြင်း ဖြစ်လောက်သည်။
လုံခြုံသော ဘက်တွင် ရှိရန် အလို့ငှာ ယန်ရှစ်ရွှမ်းက ကျန်းဝူပင်းကို မေးလိုက်မိသည်။
“စံအိမ်အတွင်းပိုင်းကို မျက်နှာမူထားတဲ့ ဗွီဒီယိုကင်မရာ မရှိဘူးလား။ ရှိရင် ငါ့ကို စံအိမ်အတွင်းပိုင်း တိုက်ရိုက်ထုတ်လွှင့်ရဲ့ ကင်မရာကိုပေး”
သတင်းကို ရသွားသောအခါ ကျန်းဝူပင်းက အနည်းငယ် စိတ်ရှုပ်သွားသည်။ သူက ရည်ရွယ်ချက်ရှိရှိဖြင့် ဧည့်ခန်းအတွင်းတွင် ကင်မရာချိန်ခဲ့ပြီးမှသာ လူနှစ်ယောက်ကို စောင့်ခိုင်းထားခဲ့ခြင်း ဖြစ်သည်။
ဒါကို ဘာလို့ မရှိရမှာလဲ။
သူက ပရိုဂရမ်၏ back stage တက်ပလက်ဖြင့် ဝင်ကြည့်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှုက ပိန်းဖိန့်အောင် မဲမှောင်နေကြောင်း တွေ့လိုက်ရသည်။ ဧည့်ခန်းအတွင်းတွင် မည်သည့်အလင်းမှ မရှိချေ။
ထိုအမဲရောင်ဖန်သားပြင်က ကျန်းဝူပင်း၏ မျက်နှာကို လာရိုက်ခတ်သွားသောအခါ ကြောက်လန့်လွန်းသဖြင့် ချွေးစေးကို ပျံသွားစေသည်။ သူက အိပ်ချင်မူးတူး အနေအထားမျိူးမှ အပြည့်အဝ နိုးသွားသည်။
{ယန်ကော တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ ဘာမှမရှိဘူး။ ငါ အဲဒီနေရာမှာ အစောင့်ထားခဲ့တဲ့ ဝန်ထမ်းအဖွဲ့ဝင်နှစ်ယောက်ဆီ စာပို့ပေမယ့် စာပြန်မလာဘူး။ ငါ ဘယ်လိုလုပ်ရမလဲ}
ကျန်းဝူပင်းကလည်း ယန်ရှစ်ရွှမ်းက ပြောခဲ့သောစကားများနှင့် ယခုလေးတင် သူ့ကို လန့်နိုးအောင် ဖုန်းခေါ်ခဲ့ခြင်း၊ ထို့နောက် စာသာပို့ပြီး ဆက်သွယ်ခဲ့သည့် ကိစ္စများကို ဆက်စပ် တွေးတော ကြည့်လိုက်သည်။ သူက အနည်းငယ် စိုးရိမ်လာသည့်တိုင်အောင် အခြေအနေကို အတည်ပြုရန်အတွက် ဝန်ထမ်းတစ်ယောက်ကို ဖုန်းမခေါ်ခဲ့ပါချေ။
သူက အခန်းထဲတွင် ဖြစ်သည်။ တံခါးကို လော့ချထားသည်။ သို့သော် ဝန်ထမ်းနှစ်ယောက်ကမူ အခန်းထဲတွင် မဟုတ်ချေ။
အပြင်ဘက်တွင် မည်သည့်အရာရှိကြောင်း မသိရသလို သူ၏ဆဲလ်ဖုန်းမှ ရိန်းတုန်းအသံက အထိတ်တလန့် ဖြစ်သွားစေနိုင်သည်။ သူက အလောတကြီး မလုပ်ဝံ့ချေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာ အတောအတွင်းက အချိန်တွေများကဲ့သို့ ယန်ကော၏စကားကိုသာ နားထောင်ပြီး ယန်ကော၏နောက်သို့သာ လိုက်မည်ဆိုလျှင် သေချာပေါက် ရှင်သန်ပေလိမ့်မည်။
ယန်ရှစ်ရွှမ်းက သူ၏အခန်းတံခါး အနောက်ဘက်တွင် ရပ်လျက် အသက်ရှူအောင့်ထားပြီး အပြင်ဘက်မှအသံကို နားထောင်လေသည်။ အပြင်ဘက်တွင် ခြောက်ခြားမှုကသာ ကြီးစိုးနေ၏။
5 03
ကျန်းဝူပင်း ဟန်ဆောင်ပြီး တံခါးခေါက်ခဲ့သော တစ်စုံတရာကလည်း သူ၏ရုပ်ဖျက်ထားမှုက ကျရှုံးသွားကြောင်း နားလည်လိုက်သဖြင့် တိုက်ရိုက် ထွက်သွားခြင်း ဖြစ်လောက်သည်။
ယန်ရှစ်ရွှမ်းက ပြတင်းနားသို့ ခပ်မြန်မြန် လျှောက်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။
ယခုက ညအလယ် တစ်နာရီကွက်တိ ဖြစ်သည်။ ကွေ့ရှန်းတစ်ခုလုံးကို ပိန်းဖိန့်အောင် မဲမှောင်သော အမှောင်ထုက ကြီးစိုးထားသည်။ စံအိမ်ဝန်းကျင်တွင် မည်သည့်အလင်းကိုမျှ မမြင်ရချေ။ ထို့ကြောင့် အပြင်ဘက်ကို ဖောက်မြင်ရန် လိုအပ်သည်။ ထို့ကြောင့် မည်သည့်နေရာတွင် မည်သူရှိကြောင်း ပြောရန် အလွန့်အလွန်ခက်ခဲသည်။
ထိုသို့ပိန်းဖိန့်အောင် မဲမှောင်နေသော စွန့်ပစ်ခံ အမှောင်ထုအတွင်း ပတ်ပတ်လည်တွင် အေးစက်ပြီး သိပ္ပံနည်းမကျသည့် မျက်ဝန်းများက အပြည့်ရှိနေလျက် ပြတင်းပေါက်ကို စိုက်ကြည့်ရင်း လူများကို စားသောက်ရန် ကြံစည်နေသလိုမျိုး ခံစားချက်မျိုးကို ရရှိစေသည်။
{မင်း စံအိမ်ကို ဘိုကင်ယူခဲ့တဲ့ အချိန်က ပိုက်ဆံပေးတဲ့တာဝန်ကို ယူခဲ့တယ် ဆိုကတည်းက အခုကိစ္စမှာလည်း ပိုက်ဆံပေးတဲ့ တာဝန်ကို မင်း တာဝန်ယူရတော့မယ်။ ငါ့ကို ဒီနေ့တစ်နေ့တာလုပ်ခအတွက် ပိုက်ဆံအပိုပေးဖို့ မှတ်ထား}
ယန်ရှစ်ရွှမ်း၏ သွယ်လျသော လက်ချောင်းများက ဖန်သားပြင်ကို ခပ်မြန်မြန် ထိတွေ့နေသည်။
{အာရုံမတက်ခင်အထိ အခန်းထဲက မထွက်လာနဲ့။ ငါက မင်းရဲ့အခန်းရှေ့မှာ သေသွားတယ်ဆိုပြီး သိရရင်တောင်မှ တံခါးမဖွင့်နဲ့}
နောက်ဆုံးစာကို ဖွင့်ပြီးနောက် ယန်ရှစ်ရွှမ်းက နောက်သို့လှည့်ပြီး တံခါးဆီ ပြန်လျှောက်သွားသည်။ သူက ထိုသို့လျှောက်နေရင်း သူ၏လက်ဝါးဖြင့် အိပ်ယာပေါ်မှ အိတ်ငယ်လေးကို လက်ကိုင်လိုက်ကာ ပုခုံးပေါ်သို့ လွှဲတင်လိုက်သည်။
ထို့နောက် တံခါးကို ဖွင့်သည်။
ကျီ…
တံခါးပွင့်သွားသောအခါ တံခါးအတွင်းမှ ကျယ်သွားသည့် အဟကြောင်းအလိုက် အေးစက်သော အလင်းတန်းက ယန်ရှစ်ရွှမ်း၏ ချောမောပြီး တည်တံ့သော မျက်နှာပေါ် ကျရောက်လာသည်။
လူငယ်လေးက သူ၏ကျောပိုးအိတ်ကို လက်တစ်ဖက်ဖြင့် ကျောပေါ်တင်ကာ လွှဲကိုင်ထားသည်။ အခြားလက်တစ်ဖက်ကမူ မြှောက်လိုက်ရင်း ရှုပ်ထွေးသော အနက်ရောင်ဆံပင်များထဲ ထိုးဆွလျက် တစ်ချောင်းစီ ပြန်ကျလာစေသည်။
ယန်ရှစ်ရွှမ်း၏ မျက်ဝန်းများက စိတ်လှုပ်ရှားလွန်းနေကြောင်း ရှင်းလင်း ပြတ်သားနေသည်။ သူ၏ခပ်နီနီ နူတ်ခမ်းပါးကလည်း ကော့တက်လျက် အပြုံးရေးရေးက ပေါ်နေသည်။ သူက ကီးကြောင်နေသည့် သံစဉ်တစ်ခုကို ခပ်တိုးတိုး ညည်းနေပုံပေါ်သည်။
“ယုန်ငယ်လေး လိမ္မာ”
“တံခါးကို နာနာခံခံနဲ့ ဖွင့်လိုက်”
“မြန်မြန် မင်း ဘယ်သူလဲဆိုတာကို င့ါကို ပြစမ်းပါ”
.....
ကျန်းယန်က တစ်နှစ်လုံး အချိန်ပိုဆင်းရသည့် ဒီဇိုင်နာ တစ်ယောက် ဖြစ်သည်။
သူ၏စိတ်အားထက်သန်မှု အာရုံခံစားနိုင်မှုတို့ကို လှုံ့ဆော်နိုင်ရန် အလို့ငှာ သူမက ညနေပိုင်းမှသာ စတင်ကာ အလုပ်လုပ်သည်။ ထိုအချိန်တွင် သူမက အဖြူအမည်းကိုသာ အဓိကထား ကြည့်ရှုလေ့ရှိသည်။ ထို့အပြင် အလုပ်လုပ်နေချိန် အတောအတွင်း ဘက်ဂယောင်းအနေနှင့် တပ်ပလက်တစ်ခုကို ယူပြီး တစ်စုံတရာ ဖွင့်ထားရခြင်းက သဘောကျတတ်သည်။
ဒီနေ့တွင်လည်း ပုံမှန်တိုင်းလိုလို သူမက အလုပ်မလုပ်ခင် ဗွီဒီယို ပလက်ဖောင်းတစ်ခုကို ကျင့်သားရစွာ ကောက်နှိပ်လိုက်သည်။ ဘက်ဂရောင်းအနေနှင့် သင့်လျော်မည့် ဗွီဒီယိုများကို ရွေးချယ်သည်။ ထိုသို့ဖြင့် ထောင့်တစ်နေရာနားမှ ပရိုဂရမ်တစ်ခုက သူမ၏ အာရုံဖမ်းစားသွားသည်။
ဒါက တိုက်ရိုက် ထုတ်လွှတ်သည့် ခရီးသွားပရိုဂရမ်တစ်ခု ဖြစ်သည်။ တင်ဆက်သူတစ်ယောက်က ဧည့်သည့်ရှစ်ယောက်ကို ပင်းဟိုင်မြို့မှတဆင့် တရုတ်ပြည်မှ ကျော်ကြားလွန်းသော ရှုခင်းကြည့်နေရာသို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ရည်ရွယ်ချက်ကမူ ကြည့်ရှုသူများအား အေးချမ်းသာယာပြီး စိတ်အေးပေါ့ပါးစေသည့် အတွေ့အကြုံကို ရရှိရန်၊ ဘဝ၏ ငြိမ်းချမ်းသော အရှိန်လည်ပတ်မှုကို ခံစားနိုင်ရန်အတွက် ဖြစ်သည်။
ထို့ကြောင့် ကျန်းယန်က ထိုပရိုဂရမ်ကို နေ့လည်တစ်နာရီ ကွက်တိတွင် ဖွင့်လိုက်သည်နှင့် ကွေ့ရှန်းမှ စိမ်းစိုလွန်းသော သစ်ပင်များကို မြင်လိုက်ရသည်။
တောင်၊ တောအုပ်ကို အဖြူရောင်မြူထုများက ဝိုင်းထားသည်။ ထိုနေရာတစ်ခုလုံးက တိတ်ဆိတ်ကာ ငြိမ်းအေးနေပုံ ပေါ်သည်။
အပြင်ဘက် လူသားလောက၏ မေ့လျော့မှုကို ခံထားရသော နေရာတစ်ခုအလား ထင်ရပြီး ကျန်းယန်၏နှလုံးသားကို ဖမ်းစားသွားသည်။
သူမက ထိုဖန်သားပြင်ကြီးအဖြစ် ချဲ့ကာ ဖွင့်လိုက်ပြီး ပလေးဘက် လုပ်ထားသည်။ ထိုသို့ဖြင့် အသံကို ပိတ်လိုက်၏။ သူမက ဘေးဘက်တွင် တက်ပလက်ကို ထောင်ထားလိုက်ပြီး ခေါင်းကို ငုံ့ကာ ကျေနပ်စွာဖြင့် အလုပ်လုပ်သည်။
5 04
ကျန်းယန်က အလုပ်ပြီးသွားသည့်အချိန်တွင် ညလယ်ခေါင် ရောက်နေလေပြီ။ သူမက လေအေးကို မှုတ်ထုတ်လိုက်ရင်း ညောင်းညာနေသော ပုခုံးများကို အသာလှုပ်လျက် မော့ကြည့်လိုက်သည်။
ထို့နောက် တက်ပလက်ပေါ်တွင် သွေးများ စိုရွှဲနေသည့် ခက်ထန်လွန်းသော မျက်နှာကြီးကို မြင်လိုက်ရသည်။
“အား”
ကျန်းယန်က စူးရှစွာ အော်ဟစ်လိုက်သည်။
ပတ်ပတ်လည်မှ လုပ်ဖော်ကိုင်ဖက်များ အားလုံးက ရုတ်တရက် ထွက်လာသည့် အော်သံကြောင့် ကြောက်လန့်သွားကြပြီး ချက်ချင်းဆိုသလို အပြေးလာကာ မေးကြသည်။
ကျန်းယန်က ကြောက်လန့်လွန်းသဖြင့် သူမ၏မျက်နှာတစ်ခုလုံးက ဖြူဖျော့နေသည်။ သူမ၏လက်က တုန်ယင်နေပြီး တိုက်ရိုက်ထုတ်လွှင့်မှု ပြသနေသည့် တက်ပလက်ကိုသာ လက်ညိုးညွှန်လိုက်သည်။
“သရဲ သရဲ”
လုပ်ဖော်ကိုင်ဖက်များကို ကြည့်လိုက်သောအခါ သူတို့ကလည်း အလားတူပင် တုန့်ပြန်ကြသည်။
"သေစမ်း”
“ဒါက သောက်ကျိုးနည်း ဘာလဲ”
ဆိုရှယ်နက်ဝါ့ကင်းဆိုက်များနှင့် ဖိုရမ်များတွင်လည်း အလားတူသော အခြေအနေမျိုးက ပျံ့နှံ့လာသည်။ ထို့နောက် ပရိသတ်များအကြား ဆွေးနွေးမှုက ဖြစ်ပေါ်လာသည်။
အချို့သော အစစ်အမှန် ပရိသတ်များကလည်း ညလယ်အထိ တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်ကြည့်ကြပြီး သူတို့၏ ကော သို့မဟုတ် ကျဲများ အိပ်နေသည့်ပုံကိုပင် ကြည့်ကြမည်ဟု ဆိုသည်။ ထို့နောက် သူတို့က ဖုန်းကိုဖွင့်လျက် ကြည့်နေရင်း လဲကာ အိပ်လိုက်သည်။ ဒီနည်းအားဖြင့် မိမိ၏ အိုင်ဒေါ်လ် သို့မဟုတ် အက်တာ၊ အက်ထရက်စ်များ နှင့်အတူ အိပ်စက်ရသည်ဆိုသော ခံစားချက်မျိုးကို ရလေသည်။
ထို့နောက် သက်ရှိလူတစ်ယောက်နှင့် မတူသည့် ကြောက်မက်ဖွယ်ကောင်းလွန်းသော မျက်နှာတစ်ရပ်ကို ရုတ်တရက် မြင်လိုက်ကြရသည်။
ပရိသတ်များက ကြောက်လန့်လွန်းသဖြင့် ဆိုရှယ်နက်ဝါ့များပေါ်တွင် အပ်ပဒိတ်များ တင်ကြသည်။ သူတို့၏ အသီးသီးသော ဖန်ဂရုများတွင်လည်း စာများ ပို့ကြပြီး ဒီမတော်တဆ ဖြစ်ရပ်များအကြောင်း ပြောပြကြသည်။
ရသစုံရှိုးများကို ခွဲခြားစိတ်ဖြာမှုအထူးပြုသည့် နာမည်ကြီး ဗွီအကြီးကြီးကို ပိုင်ဆိုင်ထားသော တစ်စုံတစ်ယောက်က ထိုအကြောင်းအရာကို နောက်ဆုံးတွင် ထုတ်ပြောလာသည်။
@ရသစုံရှိုးတွေ ကြည့်ရင်း စားသောက်နေတဲ့ ကောကော .. ငါ တအားမှားတယ်။ လွန်ခဲ့တဲ့ နာရီအနည်းငယ်ကတင် ဒီ၉၉ရက်တာ နှလုံးခုန်သံဆိုတဲ့ ရှိုးအကြောင်း ဘာပို့စ်မှမတင်ဘူးလို့ ဆုံးဖြတ်ထားတာ။ ပြောရရင် ဒီရှိုးအကြောင်း ဘာပို့စ်မှ တင်စရာလည်း ရှိမနေခဲ့ဘူးလေ။ ဒါပေမယ့် အခုတော့ ငါ့အတွက် တင်စရာတွေ ပေါ်လာပြီ။ ထပ်ပြီးပေါ်လာဦးမယ်လို့ ထင်တယ်။ ဒီလိုညသန်းခေါင် အခြေအနေမျိုးမှာ ငါက သရဲတစ်ကောင်ကို မြင်လိုက်ရတယ်။ သောက်ကျိုးနည်း ငါ ဘယ်လိုအိပ်ရတော့မှာလဲ။
ထိုဗွီအကြီး၏ ဖောက်ခွင်းရေးပစ္စည်းတစ်ခုကဲ့သို့ ခံစားချက် ပြည့်ဝသော စာနှင့် ဆက်တိုက် ကပ်ပါလာသည့် စက်ခရင်ရှုကိုးခုက ယခုအချိန်အထိ မအိပ်သေးသော ညဇီးကွက်ပေါင်းများစွာကို သိချင်စိတ် ပြင်းပြစွာဖြင့် ပုံကလစ် နှိပ်မိစေသည်။
ထို့နောက် သွေးသံရဲရဲ မျက်နှာနှင့် ဖြူဆုတ်နေသော မျက်နှာအောက်ခံကြီးကြောင့် ကြောက်လန့်လွန်းသဖြင့် ဖုန်းများကို လွှင့်ပစ်မိကြသည်။
“သောက်ကျိုးနည်း ဒါက ဘာလဲ”
“သရဲ သရဲ”
“အမေရေ ငါ အိမ်ပြန်ချင်ပြီ။ ဒီနေရာမှာ ဆက်မနေချင်တော့ဘူး”
“ဘယ်ကသရဲက ပါလာရတာလဲ။ ဒါက prankလုပ်တာလား prankလုပ်တာလား”
“ဒီရှိုးက တစ်ခုခုတော့မှားနေပြီ ထင်တယ်။ ညလယ်ခေါင်လေ ဘာလို့ ဒီလောက်အထိ ကြောက်စရာကောင်းနေတာလဲ။ ငါ ဒါကို ရီပို့လုပ်တော့မယ်”
“ဒါက မသိရင် တကယ်လိုပဲနော်။ တကယ် prankလုပ်တာ ဟုတ်ရဲ့လား”
“မင်း သေချာကြည့်လိုက်ရုံနဲ့ တကယ် ဟုတ်မဟုတ် သိရမှာပဲ။ ဒါဆိုရင် သိုးကောက ရှိုးရဲ့နာမည်ကို ဘာလို့ မကြေငြာတာလဲ”
“မင်းတို့တွေ တအားရယ်စရာကောင်းလွန်းတယ်။ ငါ့ရဲ့ရူထောင့်အရ ဒါက အတုပဲ နေမှာပါ။ ကင်မရာကို ချိန်ပြီး တမင်အတုအယောင် ဖန်တီးလို့ ဒီသိုးကောကို ကြေငြာခိုင်းတာ ဖြစ်လိမ့်မယ်။ ဒီရှိုးက နာမည်မှ မကြီးတာ။ ဒီတော့ ပြောင်းပြန် အခြေအနေ သုံးရတော့တာပေါ့”
သို့သော် ထို့ပို့စ်ကို မြင်သောသူများက မည်သို့ပြောစေကာမူ စက်ခရင်ရှုမှ မျက်နှာကြီးကြောင့် ကြောက်လန့်သွားသော လူများကမူ အခြေအနေကို နားလည်ကြသည်။ မည်သို့ပင်ဆိုစေ ထိုမျက်နှာက သက်ရှိလူတစ်ယောက်၏ မျက်နှာနှင့်ပင် တူမနေခဲ့ချေ။
သိချင်စိတ် ပြင်းပြမှု၊ ဒေါသများ၏ မောင်းနှင်မှုကြောင့် ထိုလူများက အင်အားအပြည့်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ ဝင်ရောက်သွားကြသည်။ သို့ရာတွင် လူပေါင်းများစွာ၏ ကြမ်းတမ်းသည့် ဆဲရေးမှုများစွာသည် လည်ချောင်းတွင် တစ်သွားသည်။ သူတို့၏ prankမိသွားသောကြောင့် လှောင်ပြောင်လိုစိတ်၊ အရူးလုပ်ခံရသောကြောင့် ဒေါသထွက်စေမှုများအားလုံးက တိတ်ကျသွားသည်။
အကြောင်းမူကား သူတို့က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ ဝင်ရင်း ဖန်သားပြင်ကို ဖွင့်ကြည့်လိုက်သည့် အချိန်တွင် ကြောက်လန့်လွန်းသောကြောင့် သူတို့၏ ဦးခေါင်းခွံ့များက ကြိမ်းတက်သွားသောကြောင့် ဖြစ်သည်။ သူတို့က တပြိုင်တည်း အော်လိုက်မိကြ၏။
“ငါလူး”
“သရဲ”
******