Ch 6
Viewers 6k

အပိုင်း (၆)

 

စံအိမ်၏ တံခါးအပြင်ဘက်အပိုင်းက မဲမှောင်နေပြီး ခန်းမအတွင်းရှိ ကြမ်းခင်းမှ မျက်နှာကျက်အထိ မြင့်မားသော ပြတင်းပေါက်ကြီးများထံသို့ ဖောက်ဝင်လာသည့် ဖော့တော့သော အဖြူရောင် လ အလင်းရောင်ကိုသာ မြင်ရသည်။ ယန်ရှစ်ရွှမ်းက ပိုင်ရွှမ်း၏ အခန်းထံ ဦးတည်နေသည်။

 

ဒီစံအိမ်က နှစ်တစ်ရာကျော်သမိုင်း ရှိသည်။ ခေတ်သစ် လူနေမှု ဓလေ့ထုံးစံအတိုင်း ပြန်လည်မွန်းမံထားသည့်တိုင်အောင် အဆောက်အဦး တစ်ခုလုံး၏ တည်ဆောက်ပုံ အလှဆင်ပုံများက ရှေးကျသော အရှိန်အဝါကို သယ်ဆောင်ထားသေးသည်။

 

ဒုတိယနှင့် တတိယထပ်မှ အိပ်ခန်းများကို U ပုံသဏ္ဍာန်မျိုးဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး နှစ်ဖက်လုံးက အခန်းများက အလယ်တွင် ရှင်းလင်းနေသော မြင်မားသည့် ဗဟိုဟောင်းလောင်းပေါက် အခန်းကြီး ခြားလျက် မျက်နှာချင်းဆိုင် ရှိကြခြင်း ဖြစ်သည်။ လှေကားနှင့် လက်ရမ်းတိုင်များ အားလုံးကို သစ်သားနှင့် လုပ်ထားပြီး ဖယောင်းဆေးနှင့် ရေနံဆီ သုတ်ထားသည်။ ထို့ကြောင့် တောက်ပနေကာ အတိတ်အချိန်က ထိုစံအိမ်ကြီးဟာ မည်မျှ ခမ်းနားကြောင်းကိုလည်း ခံစားသိရှိနိုင်မည် ဖြစ်သည်။

 

သို့သော် ယခုမူ တကယ်အိုဟောင်းနေသော သစ်သားလှေကားထစ်ပေါ် လူအများက တက်နင်းလျှောက်လိုက်ချိန်တိုင်း တဂျီဂျီအသံက ထွက်နေသည်။ ရှင်းလင်းကာ တိတ်ဆိတ်နေသော ညအချိန် အတောအတွင်း ထိုအသံက ဟိန်းထွက်နေလေရာ ပို၍ ခြောက်ခြားပြီး ကျောချမ်းလေသည်။

 

ပိုင်ရွှမ်းက ညနေကလေးတင် ဧည့်ခန်းထဲတွင် သီချင်းဆိုခဲ့သည့်အပြင် ညစာ စားချိန်အတွင်းတွင်လည်း အလွန်တက်ကြွခဲ့သည်။ ယန်ရှစ်ရွှမ်းက ညနေပိုင်းတွင် ဧည့်သည်များ၏ အခန်း ရွေးချယ်မှုတွင် ဝင်မပါခဲ့သည့်တိုင်အောင် ပိုင်ရွှမ်းနေသည့် အခန်းကို သိသည်။

 

သူက တတိယထပ်တွင် နေသည်။ ယန်ရှစ်ရွှမ်းနှင့်တူသော ဘက်ခြမ်းတွင် နေပြီး တိုက်ဆိုင်စွာဖြင့် ယန်ရှစ်ရွှမ်းကသာ သူ၏အခန်း ရှင်းလင်းသော ဗဟိုနေရာမှ မော့ကြည့်လိုက်လျှင် မမြင်ရပဲကွယ်နေသည့် နေရာမျိုးတွင် ဖြစ်နေသည်။ လူကိုယ်တိုင်သာ မတက်သွားလျှင် ပိုင်ရွှမ်းက အမှန်တကယ် ပျောက်နေခြင်း ရှိမရှိ၊ တံခါးက အမှန်တကယ် ပွင့်နေခြင်း ရှိမရှိ သိရရန် ခက်ခဲသည်။

 

ယန်ရှစ်ရွှမ်းက တတိယထပ်သို့ တက်သွားသောအခါ ပိုင်ရွှမ်း၏အခန်းတံခါးက ခပ်ကျယ်ကျယ် ဖွင့်ထားကြောင်းကို မြင်လိုက်ရသည်။ အခန်းက ရှင်းလင်းနေသည်။

 

ယန်ရှစ်ရွှမ်းက အခန်း၏တံခါးဝတွင် ရပ်လျက် လှမ်းကြည့်လိုက်သည်။ သူက ပိုင်ရွှမ်း၏နာမည်ကို အလောတကြီး မခေါ်ပေ။ သူက တည်ငြိမ်စွာဖြင့် အခန်း၏အခြေအနေကို စစ်ဆေးလိုက်သည်။

 

အခန်းထဲတွင် မည်သည့်အလင်းမှ မရှိချေ။ သို့သော် ဖျော့တော့စွာ လင်းနေသော အလင်းမှတဆင့် အိပ်ယာများကို အသုံးပြုထားသလို၊ စောင်ကလည်း အိပ်ထားသော ပုံသဏ္ဍာန်မျိုးတွင် ရှိကြောင်း တွေ့လိုက်ရသည်။ ပိုင်ရှင်က ယာယီထွက်ခွာသွားပြီး သိပ်မကြာခင် ပြန်လာမည့်ပုံစံမျိုးနှင့်ဖြစ်သည်။

 

အိပ်ယာပေါ်တွင်လည်း ပြန့်ကျဲနေသော လှပလွန်းသော ဝတ်စုံအချို့ကို မြင်ရသည်။ မှန်တင်ခုံပေါ်တွင်လည်း ဖွင့်ထားသည့် အလှကုန် ပစ္စည်းတစ်ချို့ကို တွေ့ရသည်။ မိန်းကလေးတစ်ယောက်က အလောတကြီး ဝတ်စားပြင်ဆင်ကာ ထွက်သွားပုံပေါ်သည်။

 

ပြတင်းပေါက်က ပွင့်နေသည်။ ညခင်းလေပြေက အခန်းအတွင်းသို့ ဝင်ရောက် တိုက်ခိုက်လာသောအခါ အဖြူရောင်လိုက်ကာများကို လွှင့်သွားစေသည်။ ဒီနေရာတွင် ရုန်းကန်ထားသော လက္ခဏာများ မတွေ့ရ‌ချေ။ ပိုင်ရွှမ်းက ကိုယ်နည်းကိုယ့်ဟန်ဖြင့် ထသွားခဲ့ပုံပေါ်သည်။

 

ယန်ရှစ်ရွှမ်းက မျက်မှောင်ကျုံ့လိုက်ပြီး အခန်းအတွင်းသို့ ဝင်လိုက်သည်။

 

ကျွီ

 

သစ်သားတံခါးကို လေတိုက်သောအခါ ဩရှသည့် ပွတ်တိုက်သံကို ထုတ်သည်။

 

ယန်ရှစ်ရွှမ်းက အခန်းထဲ အပြည့်အဝ ဝင်လိုက်ပြီးသည့် ခဏတွင် _ _ _

 

ဘုန်း

 

တံခါးက ဝုန်းကနဲ ပိတ်သွားသည်။ ယန်ရှစ်ရွှမ်းကို အခန်းအတွင်း ပိတ်လှောင် လိုက်သည်။

 

ထိုတခဏတွင် ယန်ရှစ်ရွှမ်းက သူ၏မျက်စိရှေ့တွင် ပုံရိပ်ယောင်တစ်ခုကို မြင်လိုက်ရပုံပေါ်သည်။

 

သူမက မှန်တင်ခုံ အရှေ့တွင် ထိုင်နေသည်။ သူမက မှန်အရှေ့တွင် ပြင်ဆင်နေ၏။ သူမက ပျော်ရွှင်စွာဖြင့် ကိုယ့်ကိုယ်ကို ပြင်ဆင်နေသည်။

 

အလှဆုံးသော ပုံစံမျိုးနှင့် အချစ်ဆုံးသူကို နူတ်ဆက်မည် ဖြစ်သည်။

 

ဘေးဘက်တွင်လည်း သပ်ရပ်စွာ ချိတ်ထားသော ဝတ်စုံကို မြင်ရသည်။ သို့သော် မည်သည့်ဝတ်စုံကမှ သူမကို မကျေနပ်စေပေ။ တောက်ပသော အနီရောင်လက်သည်းနီကို ဆိုးထားသည့် သူမ၏လက်များက ထိုဝတ်စုံများအကြား စိုးရိမ်တကြီး ဖြတ်သန်းနေသည်။ သို့သော် အဆုံးသတ်တွင်မူ သူမက မတော်တဆ နောက်ဆုံးတွင် ထုတ်ထားသော ဝတ်စုံကို ဆွဲကြည့်မိသွားသည်။ သူမက မျက်နှာအမူအယာက ဝမ်းနည်းသွားပုံပေါ်သည်။

6 02

မှန်ပေါ်တွင် မြင်နေရသောမျက်နှာက လှပသေးသည်။ သို့သော် နမြောစရာ ကောင်းသည်မှာ သူမ၏လှပပြီး တောက်ပသည့် မျက်ဝန်း ပတ်ဝန်းကျင်တွင် အရေးကြောင်းရာများက ရှိနေသည်။

 

သူမက မငယ်တော့ချေ။ သူမ ချစ်ရသောသူက ဒီနေရာသို့ ရောက်မလာသည်မှာ အချိန်အတန် ကြာခဲ့ပြီ ဖြစ်သည်။

 

မှန်ထဲတွင် ပေါ်နေသော ယန်ရှီရွှင်၏မျက်နှာက ထိုအမျိုးသမီးမျက်နှာ ထပ်သွားပြီး သူမ၏ စိတ်အခြေအနေကလည်း သူ၏ စိတ်အခြေအနေအဖြစ် ပြောင်းသွားသည်။

 

သူမက ဘေးဘက်တွင်ရှိသည့် ရွှေရောင်ကပ်ကြေးကို ကောက်ကိုင်လိုက်ပြီး သူမ၏ လည်ပင်းကို တဖြည်းဖြည်းချင်း ချိန်သည်။

 

ယန်ရှစ်ရွှမ်းကလည်း ဘေးနားရှိ တစ်စုံတရာကို ကောက်လိုက်သည်။

 

“ထွက်သွား ငါက အသက်ရှစ်ဆယ် ရောက်သွားရင်တောင်မှ ငါက အထွတ်အထိတ် အခြေအနေမှာ ရှိနေတုန်းပဲ။ ချစ်သူ ဟုတ်လား။ ငါက နင့်ရဲ့ချစ်သူကိုပဲ ဖာ့ခ်လိုက်မယ်။ အဲဒီ အရူးကောင်က ကန်းနေတာ။ သူက ငါ့ကို ဘာလို့ မကြိုက်ရမှာလဲ”

 

ယန်ရှစ်ရွှမ်းက အဖြူရောင်မြူထုများကြောင့် ဘေးဘက်အကျဆုံးအပိုင်းတွင် ရှိနေသည့် စားပွဲ ဘယ်ဘက်ထောင့်နားမှ မိတ်ကပ် ဘရက်ရှ်တစ်ခုကို ကောက်ယူလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ သူ၏လက်ချောင်းများနှင့် ဆွဲယူရင်း မှန်ကို ထိုးချလိုက်သည်။

 

ခရက်

 

နူးညံ့သော စုတ်တံက ထက်ရှသော ဓားတစ်လက်ကဲ့သို့ ဖြစ်သည်။ မှန်ကို ထိုးဖောက်လိုက်ပြီး ထိုမှန်မျက်နှာပြင် တစ်ခုလုံးကို ကွဲထွက်သွားစေသည်။ အမျိုးသမီးတစ်ယောက်၏ မုန်းတီးမှုအပြည့်နှင့် စူးရှစွာ အော်ဟစ်သံက ဟိန်းထွက်လာသည်။ မှန်တစ်ခုလုံးအနှံ့ ပြန့်သွားသော ကွဲအက်ရာများကလည်း ယန်ရှစ်ရွှမ်း၏ မျက်နှာကို အပိုင်းထောင်ပေါင်း များစွာဖြင့် ခွဲလိုက်သည်။ ထိုအစိတ်အပိုင်းများ အကြားမှ သွေးများ စီးကျလာ၏။ ယန်ရှစ်ရွှမ်း၏ နူးညံ့သော မျက်နှာက အစိတ်စိတ်အပိုင်းပိုင်း ကွဲထွက်သွားပြီး သေဆုံးသွားပုံပေါ်သည်။

 

ယန်ရှစ်ရွှမ်းက လှောင်ပြုံးပြုံးလိုက်ပြီး မိတ်ကပ်ဘရက်ရှ်ကို အသာအယာ ပစ်ထုတ်လိုက်သည်။ ထို့နောက် ကြီးမား‌သော မှန်အပိုင်းအစကြီးတစ်ခုက ပြုတ်ကျလာသည်။

 

“ဟန်ဆောင်နေတယ်”

 

သူက အေးစက်စွာ နှာခေါင်းရှုံ့သည်။

 

“မင်းက ဘယ်သူ့ကို ခြောက်ချင်နေတာလဲ။ မင်း တတ်နိုင်ရင် မှန်ထဲက ထွက်လာခဲ့။ ငါတို့ တစ်ယောက်ချင်း တိုက်ခိုက်မယ်”

 

မြင်နေရသည့် ထင်ယောင်ထင်မှား ဖြစ်ရပ်နှင့် ပုံရိပ်ယောင် မြင်ကွင်းများက ပျောက်သွားသည်။

 

အခန်းက တိတ်ဆိတ် သွားသည်။ မည်သည့်အရာမှ မဖြစ်ပျက်ခဲ့ဖူးသလို ထင်ရသည်။ စားပွဲအနှံ့ ပျံ့ကျဲနေသော ဖန်သား အစိတ်အပိုင်းများနှင့် အေးစက်သော လအလင်းများ၏ ရောင်ပြန်ဟက်မှုကသာ ကျန်ရစ်သည်။

 

ယန်ရှစ်ရွှမ်းက မျက်လွှာချလိုက်သောအခါ စားပွဲအပြည့် ကွဲကြေနေသော သလင်းသားများကို တွေ့လိုက်ရသည်။ ထိုအရာများကို သူက ကြည့်နေရင်းမှ မလွှင့်ထွက်သွားခဲ့သည့် သွေးနီရောင် နူတ်ခမ်းနီထောင့်ကို မြင်လိုက်ချိန်တွင် တခဏခန့် ရပ်တန့်သွားသည်။

 

သူနှင့် ချုံဆန်ဝတ်စုံဝင်ထားသော အမျိုးသမီး၏ပုံရိပ်တို့ ထပ်သွားသောအခါ ထိုအမျိုးသမီး၏လက်ထဲတွင်လည်း ထိုသို့ခမ်းနားသော နူတ်ခမ်းနီဘူးကို ကိုင်ထားကြောင်း သတိထားမိခဲ့သည်။ နာမည်ကိုပင် ခပ်ရေးရေး မြင်ခဲ့ရသေးသည်။

 

အေးခဲသော တိုက်ခိုက်သူ_ _ _

 

ဒါက ဒီမိန်းမရဲ့ နာမည်လား။

 

သူမက ဝတ်ပုံစားပုံ၊ အသုံးပြုတဲ့ ပစ္စည်းတွေကို အကဲခတ်ကြည့်ရင် ဒါတွေအားလုံးက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက် နာမည်ကြီးခဲ့တဲ့ ပစ္စည်းတွေပဲ။ နောက်ပြီး ဘေးပတ်ဝန်းကျင်ကလည်း ဒီစံအိမ် မပြင်ဆင်ရသေးခင် အချိန်က ပုံစံလိုမျိုး ဖြစ်လောက်တယ်။

 

ထိုရှုထောင့်မှ ကြည့်လျှင် ရှီရွှမ်း အမည်ရသော အမျိုးသမီးက လွန်ခဲ့သော နှစ်တစ်ရာခန့်က ဒီစံအိမ်၏ ပိုင်ရှင်ဖြစ်ခဲ့လောက်သည်။

 

ယန်ရှစ်ရွှမ်းက မျက်မှောင်ကျုံ့လိုက်သည်။ သူက ကွဲကြေသော မှန်များအကြားမှ နူတ်ခမ်းနီထောင့်ကို လှမ်းကောက်ယူလိုက်၏။

 

ရှီရွှမ်းနဲ့ ပိုင်ရွှမ်းက နာမည်တစ်ခုပဲ ထားတာ။ ပိုင်ရွှမ်က ပျောက်သွားတဲ့အချိန်မှာ သူက ပိုင်ရွှမ်းရဲ့အခန်းမှာ ဒီအမျိုးသမီးရဲ့ ပုံရိပ်ယောင် မြင်ကွင်းကို မြင်လိုက်ရတယ်။

 

ဒါက တိုက်ဆိုင်တာဆိုရင် တိုက်ဆိုင်လွန်းအားကြီး မနေဘူးလား။

 

ယန်ရှစ်ရွှမ်းက ဘေးဘီကို လှည့်ကြည့်သည်။ သူက သူ၏ထင်မြင်သုံးသပ်ချက်ကို အတည်ပြုရန် သဲလွန်စ ဆက်လိုချင်သေးသည်။

 

ထိုအချိန်တွင် မူလက တိတ်ဆိတ်နေခဲ့သော အခန်းအတွင်း ဖျော့တော့သော်လည်း ထာဝရ တည်တံ့နေပုံ ပေါ်သည့် ဒရမ်မာတစ်ပုဒ်၏ အသံကို ကြားလိုက်ရသည်။

 

 ထိုအမျိုးသမီး၏အသံက အလွန်အမင်း ကြေကွဲနေပုံပေါ်ပြီး ညကို ထိုးဖောက်လျက် ရောက်ရှိလာသည်။ သူမရဲ့ အသံက ကြည်လင်ပြတ်သားသည်။

6 03

အော်ပရာဟောင်းတစ်ခု၏ စာသားများက ခံစားချက် ပြည့်နှက်လွန်းသည်။ ထိုအမျိုးသမီး၏ပါးစပ်မှ သီဆိုလျက် ထွက်လာသောအခါ သူမ၏မျက်ဝန်းမှ မျက်ရည်ကိုပင် မြင်ရပုံပေါ်သည်။

 

“ခိုးကြည့်လိုက် ချောင်းကြည့်လိုက်…

 

“သူက ငိုနေတာ…”

 

“မျက်ရည်တွေအပြည့် လျို့ဝှက်မှုတွေ အပြည့်နဲ့”

 

“သူက စိုးရိမ်နေသော အနေအထားမျိုးကို ရောက်နေတယ်။ အချစ်အတွက်နဲ့ သေဖို့ မဝံ့ရဲသေးဘူး။ မြေဦး မြေဆီလွှာတွေအထိ ငါ့ကိုလာပြီး အဖော်ပြလိုက်ပါလား”

 

ယန်ရှစ်ရွှမ်း “…”

 

အချို့သော စာသားများ အခိုက်အတန့်သို့ ရောက်သွားသောအချိန်တွင် အမျိုးသမီး၏ ခပ်တိမ်တိမ် ဖြစ်လုနီးပါး နူးညံ့စွာ ထွက်လာပြီး သူမ၏ချစ်ရသူ၏ နားနားကပ်လျက် ခပ်တိုးတိုး ပြောဆိုနေပုံ ပေါ်သည်။ ထို့ကြောင့် ရှင်းရှင်းလင်းလင်း ကြားရန် ခက်ခဲလာသည်။

 

ညသန်းခေါင်အချိန်တွင် လူသူရှင်းလင်းသော တောတောင်အုပ်အတွင်း ရုတ်တရက် ထွက်ပေါ်လာသည့် ပြဇာတ်အသံက ခြောက်ခြားဖွယ်အတိ ပြီးသည်။

 

စံအိမ်တစ်ခုလုံးတွင် နိုးနေသော တစ်ဦးတည်းလူဖြစ်သည့် ကျန်းဝူပင်းက ခြောက်ခြားလွန်းသဖြင့် ချွေးစေးများ ပျံသွားသည်။ သူက စောင်ဖြင့်ပတ်ထားရင်း တုန်ယင် နေလေသည်။

 

အမျိုးသမီး၏ အငြိုးတရားနှင့် အမှောင်အတွင်းမှ စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံ၏ ဒဏ်ကို ခံနေရပုံ ပေါ်သည့် ယန်ရှစ်ရွှမ်းကမူ ခံစားချက်မဲ့သော မျက်နှာမျိုးနှင့် နားထောင်နေသည်။ သူက စိတ်မရှည်သလို ကျွစ် သပ်လိုက်သေးသည်။ သို့သော် အခြေအနေ၏ ဇစ်မြစ်ကို သိရန်အလို့ငှာ စိတ်ရှည် သည်းခံစွာနှင့် ဆက်‌စောင့်ပေးနေရ၏။

 

ကြောက်လန့်တယ် ဟုတ်လား။

 

ဒီအမျိုးသမီးကို စိတ်ပျက်စေရတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဘာမှမကြောက်ဘူး။

 

ယန်ရှစ်ရွှမ်းကလည်း ထိုအရာကို ဆွဲထုတ်ပြီး ရိုက်နှက်ချင်လေသည်။

 

_ _ _

 

သောက်ကျိုးနည်း ဘာတွေ လာဆိုနေတာလဲ။ ဝိဉာဉ် လာခေါ်နေတာလား။ ညလယ်ခေါင် လူများကို နားဒုက္ခပေးနေတာပဲ။

 

ယန်ရှစ်ရွှမ်းကလည်း ယခုလို အော်ပရာမျိုးအတွက် အမြဲတစေ စိတ်မရှည် ဖြစ်တတ်သည်။ စကားတစ်လုံးကို ရေရွတ်ရန် စကားတစ်လုံးထက် ပိုကြာအောင် ရေရွတ်နေသေးသည်။ ထို့အပြင် အရှိန်က အလွန်နှေးသည်။ သို့သော် သီဆိုနေသော သူက နာမည်ကြီး တစ်ယောက် ဖြစ်လောက်သည်။

 

လမ်းများပေါ်တွင် လှည့်လည်သွားလာချိန် အတောအတွင်း လူအုပ်ကြီးများ၏ ဗွီဒီယိုမှတဆင့် ထိုကဲ့သို့သော အော်ပရာမျိုးကို အကြိမ်ဖန်များစွာ ကြားဖူးသည်။ ထို့ကြောင့် စကားလုံးအနည်းငယ်နှင့်တင် ရင်းနှီးလွန်းကြောင်း ပြောနိုင်သည်။ ဒါက ဧကရာဇ်ရဲ့ပန်းတစ်ပွင့်ပဲ။

 

တိုင်းပြည်က ကပ်ဘေး ဆိုက်သောအခါ မင်းသမီးနှင့် သူမ၏ကြင်ယာတော်က သူတို့၏အချစ်အတွက် အတူတကွ သေပွဲဝင်ရန် ပြင်ဆင်နေပုံအကြောင်း ပြောထားသည်။ သို့သော် မင်းသမီးကမူ ကြင်ယာတော်က နောင်တရနေမည့် အရေးကို ကြောက်နေသည်။

 

အမျိုးသမီး ဆိုသွားသော စာသား အနည်းငယ်ကလည်း ကြင်ယာတော်က ငိုယိုလျက် နောင်တရကြောင်း ပြောသော မြင်ကွင်းကို မြင်ရသည့် အချိန်တွင် ခံစားရသည့် စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ဖော်ပြနေခြင်း ဖြစ်သည်။

 

ယန်ရှစ်ရွှမ်းက မျက်မှောင် ကျုံ့နေသည်။

 

သူက မျက်လုံး လှန်လိုက်သည်။

 “မင်း ကန်းနေလား။ မင်းက ဘယ်လို ချစ်သူကို လိုက်ရှာနေတာလဲ။ သူက ဒီအတိုင်း အမှိုက်ပဲ”

 

သူက ဒီစကားများ ထွက်လာပြီးပြီးချင်း ပြတင်းပေါက် အပြင်ဘက်ရှိ ဒရမ်မာက ရပ်သွားသည်။

6 04

အမျိုးသမီးတစ်ယောက်က အသက်ရှူရင်း သီးသွားသလိုမျိုး၊ သူမ၏လည်ချောင်းမှ တစ်စုံတရာက တစ်သွားသလိုမျိုး၊ သူမက အသက် မရှူသွင်းနိုင်တော့သလို ဖြစ်သွားသည်။ သူမက ဒေါသထွက်လွန်းသဖြင့် ပြတင်းပေါက်ကို ကျော်ကာ ချက်ချင်း ကုန်းတက်လာပြီး သူမ၏ချစ်သူကို ပြောဆိုနေသည့် ထိုမောက်မာလွန်းသည့် အကောင်ကို ဆွဲချ ချင်သွားသည်။ သို့သော် ထိုအရာက တစ်စုံတရာကို ကြောက်ရွံ့နေသလိုမျိုး စံအိမ်အနားသို့ မချဉ်းကပ်ရဲချေ။

 

ထို့ကြောင့် အခန်းအတွင်းသို့ မဝင်နိုင်ချေ။

 

အဆုံးသတ်တွင် ထိုအမျိုးသမီးကသာ ပြန် ဆုတ်ခွာသွားရသည်။ သူက မည်သည့် စာသားကိုမှ မဆိုတော့ချေ။ တိတ်ဆိတ်မှုကသာ ကြီးစိုးလာသည်။

 

ယန်ရှစ်ရွှမ်း၏ မျက်ဝန်းအတွင်းရှိ အလင်းက လက်လာသည်။ သူက မျက်ခုံးအသာပင့်လိုက်၏။

 

သူ့ကို အမှန်တကယ် ထိခိုက်အောင် မလုပ်နိုင်တော့သောအခါ မှန်များကိုသာ ပုံရိပ်ယောင် ပြခြင်း ဒီနည်းအားဖြင့် သူ့ကိုယ်သူ နာကျင်အောင် လုပ်ခိုင်းသည်။ သူ၏ရန်ငြိုးများက ပြင်းထန်လွန်းလောက်အောင် ဒေါသထွက်နေသည့်တိုင်အောင် သူ့ကို ကိုယ်တိုင်လာရောက် မရိုက်နိုင်သေးချေ။

 

 

စံအိမ်ထဲကို ဝင်ရမှာကြောက်နေတာလား ဒါမှမဟုတ် မဝင်နိုင်တာလား။

 

လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ဒီအမျိုးသမီး မသေခင်အထိ ဒီစံအိမ်ထဲမှာ ဘာတွေ ဖြစ်သွားခဲ့တာလဲ။ နောက်ပြီး စံအိမ်ထဲမှာ သေသွားခဲ့တဲ့ မိန်းမတစ်ယောက်က ဘာကြောင့် ဒီစံအိမ်ကို ကြောက်နေရတာလဲ။ ဒါမှမဟုတ် ဒီစံအိမ်ထဲမှာ ဒီအမျိုးသမီးထက် ပိုပြီးအင်အားကြီးတဲ့ တစ်စုံတရာ ရှိနေလို့လား။

 

ယန်ရှစ်ရွှမ်း၏စိတ်က လျင်မြန်စွာ ဖြတ်ပြေးနေရင်း သူက တံခါးနားသို့ လျှောက်သွားပြီး ထွက်ရန် ပြင်သည်။

 

ပိုင်ရွှမ်းက ဒီမှာမှ မရှိတာ။ ဧည့်ခန်းမှာလည်း မရှိဘူး။ ဒီတော့ ဘယ်နေရာကို ရောက်သွားတာလဲ။

 

အခန်း၏တံခါးက တင်းကြပ်စွာ ပိတ်နေခဲ့သေးသည်။ ယန်ရှစ်ရွှမ်းက တံခါးလက်ကိုင်ကို လှည့်ဖွင့်ရန် ကြိုးစားသည့်တိုင်အောင် မလှုပ်သွားခဲ့ချေ။

 

သူကို ဒီမှာ ပိတ်ထားချင်တာလား။

 

ယန်ရှစ်ရွှမ်းက လှောင်လိုက်ပြီး အနည်းငယ် ပြန်ဆုတ်သည်။ ထို့နောက် စူးရှစွာ တစ်ချက်ကြည့်လိုက်လျှက် အသက်ပြင်းပြင်း တစ်ချက်ရှုသည်။ အင်အားများကို စုစည်းကာ ခြေထောက်များကို မြှောက်လျက်ကန်သည်။

 

ဘုန်း

 

တံခါး လက်ကိုင်တစ်ခုလုံးက ပြုတ်ထွက်သွားသည်။

 

ထို့နောက် တံခါးကြီးတစ်ခုလုံးက ပြိုလဲကျသွားပြီး အမှောင်ထုအတွင်းသို့ နီရဲသော တစ်စုံတရာက ဖြတ်ပြေးသွားသည်။

 

လျှပ်စီးလက်သလို ဖြတ်ကနဲဖြစ်သွားသည့် အကြားမှ ယန်ရှစ်ရွှမ်းက လက်ကို ဖြတ်ကနဲ ဆန့်ထုတ်လိုက်ပြီး ထိုနီရဲသောအရာကို အမိအရ ဆုပ်ကိုင်လိုက်သည်။

 

ထို့နောက် စူးရှသောအသံက ထွက်လာသည်။

 

ယန်ရှစ်ရွှမ်း၏လက်ဝါးမှ တဆစ်ဆစ်အသံနှင့်အတူ အစိမ်းရောင်နှင့် မီးခိုးရောင် မီးခိုးများက မြှောက်တက်လာသည်။

 

တစ်ချိန်တည်းတွင်ပင် သူက အသားကင်ရနံ့ကို ရလိုက်သည်။

 

ထိုအရာက ယန်ရှစ်ရွှမ်း၏ မှင်သက်သွားသော တခဏကို အခွင့်ကောင်းယူလိုက်ကာ ယန်ရှစ်ရွှမ်းက လှမ်းကိုင်ထားသည့် တစ်စိတ်တစ်ပိုင်းကို ပစ်ချလျက် ခပ်မြန်မြန် ပြေးသွားသည်။

 

သူကလည်း ကိုယ့်အမြှီးကိုယ် ဖြတ်ချကာ ထွက်ပြေးသွားသည့် နီရဲလွန်းသည့် တစ်စုံတရာကို ကြည့်နေရင်း မှင်သက်သွားသည်။

 

“?”

 

သောက်ကျိုးနည်း။

 

ဒီအကောင်ရဲ့ ဆန္ဒက သိသာလွန်းနေတာပဲ မဟုတ်လား။ သူက ညစာအများကြီး မစားထားတာကို သိလို့ ဒီလိုနည်းလမ်းကိုသုံးပြီး သူ့ကိုလာဆွဲဆောင်နေတာလား။

 

ယန်ရှစ်ရွှမ်းက မျက်နှာသေဖြင့် အစာအိမ်ကို တစ်ချက်ပွတ်လိုက်သည်။ အတွင်းက စားချင်စိတ်က တဒုန်းဒုန်း မြည်လာသည်။ သူက မပျော်မရွှင် နောက်မှ လိုက်ဖမ်း၏။ ထိုနီရဲသောအရာက လေထဲသို့ ဝင်ရောက်မပျောက်ကွယ်နိုင်သလို မျက်ခြေဖြတ်နိုင်ပုံ မပေါ်ချေ။ ထိုအစား ကော်ရစ်တာတောက်လျောက် ဖြတ်ပြေးသွား၏။

 

ယန်ရှစ်ရွှမ်းက လှမ်းအော်လိုက်၏။

 

“မင်းက ဘာလို့ ပြေးနေတာလဲ။ ငါ ဗိုက်ဆာတဲ့အထိ ငါ့ကို ဆွဲဆောင်ပြီးမှ ထွက်ပြေးသွားတယ်။ မင်းက လူသားဆန်စိတ် ရှိရဲ့လား”

6 05

ထိုနီရဲသောအရာက တုန်ယင်သွားပြီး ယခင်ထက် ပိုမြန်သော ပုံစံမျိုးနှင့် လှည့်ပင် မကြည့်ပဲ ဆက်ပြေးသည်။

 

ယန်ရှစ်ရွှမ်း .. “ငါလူး”

 

လူတစ်ယောက်နှင့် အမည်မသိသော တစ်စုံတရာက ပြောင်းပြန် အနေအထားမျိုးဖြင့် ပြေးတန်းလိုက်တန်း ဆော့နေသည်။

 

သားကောင်က ကြောက်လန့်သင့်ပြီး အသနားခံသင့်သော အနေအထားမျိုးမှ အမဲလိုက်သူအဖြစ် ပြောင်းလဲသွားချိန်တွင် အမဲလိုက်သူကမူ အသက်ဘေးမှ လွတ်အောင် ထွက်ပြေးနေရလေသည်။

 

သူတို့နှစ်ယောက်ကြားမှ အကွာအဝေးက နီးသထက်နီးလာသော မြင်ရသည့်အချိန်တွင် ရုတ်တရက် ဘေးဘက်ရှိတံခါးက ရုတ်ချည်းဆိုသလို ပွင့်လိုက်ပြီး သူတို့နှစ်ယောက်ကို ခြားလိုက်သည်။

 

ယန်ရှစ်ရွှမ်းက အခန်းထဲမှ ထွက်လာသည့် အန်းနန်ယွမ်နှင့် ပက်ပင်းတိုးသည်။

 

မူလကမူ အောက်ထပ်သို့ဆင်းပြီး ရေတစ်ခွက်သွားယူချင်သည့် အန်းနန်ယွမ်က အမှောင်ထုအတွင်း သူ့ထံ လျင်မြန်စွာ ချဉ်းကပ်လာသည့် ထူးဆန်းပြီး ခြောက်ခြားဖွယ်ကောင်းလွန်းသည့် အန္တရာယ်များသော အပြုံးတစ်ခုကို မြင်လိုက်ရသည်။

 

သူက ကြောက်လန့်လွန်းသဖြင့် ဆံပင်မွှေးများကလည်း ထောင်တက်သွားသည်။ မျက်လုံးကလည်း ပြူးကျယ်သွားသည်။

 

“အား”

 

သူက မျက်လုံးမြန်သည်။ လက်လည်းမြန်၏။ ယန်ရှစ်ရွှမ်းက ချက်ချင်းဆိုသလို အန်းနန်ယွမ်၏ပါးစပ်ကို လှမ်းပိတ်လိုက်ပြီး ကြောက်လန့်သော အသံများကို ဝူးဝူးဝါးဝါးသာ ထွက်လာစေသည်။

 

“ပိတ်စမ်း”

 

ယန်ရှစ်ရွှမ်းက လေသံတိုးတိုးနှင့်‌ အော်သည်။

 

“မင်း ထပ်အော်ရင် ငါ မင်းကို စားလိုက်မယ်”

 

အန်းနန်ယွမ် “!!!”

 

ယန်ရှစ်ရွှမ်း၏ အင်အားက ကြီးသည်။ သို့သော် အန်းနန်ယွမ်က မလွတ်မြောက်နိုင်သော်လည်း တဖြည်းဖြည်းချင်း စိတ်ငြိမ်သွားပြီး နေ့ချိန်အတောအတွင်း ရုပ်ပိုင်းဆိုင်ရာအားဖြင့် သူ့အပေါ် အများကြီး သက်ရောက်စေရင်း ဆွဲဆောင်နိုင်ခဲ့သည့် တစ်စုံတစ်ယောက် ဖြစ်ကြောင်း သိလိုက်သည်။

 

အန်းနန်ယွမ်က တဲလန့်ရှိုးတစ်ခုမှ ဘွိုင်းဘန့်တစ်ခုနှင့်အတူ ပွဲဦးထွက်ခဲ့ပြီး အလွန်အမင်း ကြည့်ကောင်းချောမောသော ငယ်ရွယ်သည့် အဖွဲ့မှ အိုင်ဒေါလ်ပေါင်းများစွာနှင့် ဆုံခဲ့ဖူးသည်။ သို့သော် ယန်ရှစ်ရွှမ်းကို ပထမဦးဆုံး စမြင်ခဲ့သည့် အချိန်က တစ်ဖက်သူ၏ နူးညံ့ချောမောပြေပြစ်သည့် ရုပ်ရည်နှင့် အရိုင်းဆန်ပြီး ချုပ်ထိန်းရန် ခက်ခဲသော ရို့မန့်ခံစားချက်မျိုးက သူ့အား ဖော်ပြရန် ခက်ခဲသည့် ထင်မြင်ချက်မျိုး ကျန်ရစ်စေခဲ့သည်။

 

ဒါက ပါရမီမရှိရင်တောင် ချက်ချင်း ပွဲဦးထွက်စေနိုင်လောက်တဲ့ ထိပ်တန်းအဆင့် အလှတရားပဲ။ ယန်ရှစ်ရွှမ်းကို မြင်လိုက်သည့် အန်းနန်ယွမ်က စိတ်အေးသွားသလို သက်ပြင်းချသည်။ သူ၏ကြမ်းတမ်းစွာ ခုန်လှုပ်နေခဲ့သည့် နှလုံးသားကလည်း တဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။ ထို့နောက် သူက တစ်စုံတရာကို သတိထားမိလိုက်ပြီး ယန်ရှစ်ရွှမ်းကို ကြောက်လန့်သော မျက်ဝန်းမျိုးဖြင့် ကြည့်သည်။ ယန်ရှစ်ရွှမ်းက သူ့ကို စိတ်ရှုပ်ထွေးစွာ ပြန်ကြည့်သည်။

 

“ငါက ယန်ရှစ်ရွှမ်း ဧည့်သည်ထဲက တစ်ယောက်။ မစိုးရိမ်နဲ့ ငါ မင်းကို တကယ်မစားဘူး”

 

အန်းနန်ယွမ်က ပါးစပ် အပိတ်ခံထားရသောကြောင့် စကားမပြောနိုင်ချေ။ သို့သော် သူ၏ပုခုံးကို ကျော်ပြီး ဆက်တိုက် လက်ညိုးညွှန်ပြနေသည်။

 

အနောက်မှာ ကင်မရာရှိတယ်။

 

ယန်ရှစ်ရွှမ်း .. ငါ ဖန်သားပြင်အခွဲ ဖွင့်ထားတာ။ အခု တိုက်ရိုက်ထုတ်လွှင့်နေတာ။

 

အခြေအနေအရ မတုန့်ပြန်လိုက်နိုင်သော ယန်ရှစ်ရွှမ်း “…”

 

သောက်ကျိုးနည်း။

 

******