အပိုင်း (၈)
အန်းနန်ယွမ်၏ အော်ရယ်ဂျင်နယ် အခွဲဖန်သားပြင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်း အတွင်းတွင်ရှိနေသော ကြည့်ရှုသူတိုင်းက မျက်လှည့်ဆန်လွန်းသော trend ကြောင့် မှင်သက်သွားကြရသည်။
{ယန်ရှစ်ရွှမ်းလို့ ခေါ်တဲ့လူက အခုဖြတ်ပြေးသွားတဲ့အရာကို လိုက်ကာလို့ ပြောလိုက်သလိုပဲ။ ဟုတ်တယ်မလား။ ဒါပေမယ့် ဒါက လျှောက်လမ်းလေ။ လိုက်ကာက ဘယ်နေရာက ရောက်လာမှာလဲ}
{မင်းဒီလိုပြောမှ _ _ _ ဒါဆိုတကယ်ပဲ သရဲလား။ သေစမ်း ငါ့ကို မခြောက်နဲ့နော်]
{အခန်းအပြင်ကို ထွက်လာတဲ့လူက ယန်ရှစ်ရွှမ်းကို ဘာလို့ ဒီလိုဆက်ဆံလိုက်ရတာလဲ။ ဒါက ရှိုးရဲ့ဇာတ်ညွှန်းဆိုရင် သရဲကို လှည့်ကွက်အနေနဲ့ သုံးပြီး ကြည့်ရှုသူများအောင် ဆွဲဆောင်ချင်လို့လား။ ဒါဆိုရင် သဘာဝလွန် နေရာတွေကို လေ့လာ ရှာဖွေမယ်လို့ပြောပြီး သရဲတွေကို ဟန်ဆောင်ခိုင်းထားတဲ့ ချန်နယ်တွေလို ဖြစ်မနေဘူးလား}
{ဟုတ်တယ်။ သရဲက ဘယ်နေရာက ထွက်လာတာလဲ။ ဘာပဲဖြစ်ဖြစ် ငါကတော့ မယုံဘူး။ အရမ်းကြောက်တယ်လို့ ပြောတဲ့သူတွေကတော့ ရယ်ရတယ်လို့ထင်တာပဲ။ သူတို့က အရူးတွေနဲ့တူတယ် ဟား ဟား}
{ငါဒီရှိုးရဲအစပိုင်းမှာတော့ သတိမထားမိခဲ့ဘူး။ ဒါပေမယ့် ယန်ရှစ်ရွှမ်းလို့ခေါ်တဲ့ လူငယ်လေးက တော်တော်ချောတာပဲ။ သူက ငါ့ကို တကယ်သဘောကျစေတယ်}
{ငါ့ရဲ့ကော အဆင်ပြေမှာပါနော်။ ဒီစံအိမ်က တော်တော်လေးကို ကြောက်စရာ ကောင်းတယ်}
.....
ပို၍များပြားသောသူများက ဝင်လာကြသည်။ တိုက်ရိုက်ထုတ်လွှင့်မှု၏ ကောမန့်ကဏ္ဍတွင် အမြင်မတူသော လူများက ခြားနားသော ထင်မြင်ချက်များကို ဖော်ပြနေကြ၏။
ဆိုရှယ် ပလက်ဖောင်းပေါ်တွင် ကိုးဆယ့်ကိုးရက်တာ နှလုံးခုန်သံဆိုသော ခရီးသွားခြင်း ရသစုံရှိုးက ထိုသို့ ငြင်းခုန်မှုများကြောင့် နာမည်ကြီး လာလေသည်။ #ရသစုံရှိုး #ဇာတ်ညွှန်းသုံးပြီး hybe လုပ်ခြင်းဆိုသော search များက ဆိုရှယ်ပလက်ဖောင်း၏ ကျော်ကြားမှု စာရင်းအောက်ခြေမှ အပေါ်သို့ ထိုးတက်လာလေသည်။
ယန်ရှစ်ရွှမ်းနှင့် အန်းနန်ယွမ်တို့ကဲ့သို့ ငြင်းခုန်မှု၏ အလယ်တွင်ရှိနေသော လူများကမူ သတိထားမိပုံမရချေ။
ယန်ရှစ်ရွှမ်းက ရသစုံရှိုးက ငှားခိုင်းထားပြီး သရဲဟာ ဇာတ်ညွှန်းပါဟု ပြောချင်နေသော သူများကမူ ယန်ရှစ်ရွှမ်းက မည်သည့် သတင်းအချက်အလက်မှ ထုတ်မပေးနိုင်သော သာမန်လူတစ်ယောက်နီးပါး ဖြစ်နေသဖြင့် မှင်သက်သွားခဲ့ရသည်။
“ဒီကောင်က ဘာဖြစ်တာလဲ။ သူတစ်ခါမှ အွန်လိုင်းမသုံးဖူးဘူးလား။ ဘာလို့ သူနဲ့ပတ်သက်တဲ့ ဘာသဲလွန်စမှမရှိတာလဲ”
ကြောက်လန့်လွန်းပြီး ထိတ်လန့်လွန်းနေသဖြင့် တစ်ညလုံးနီးပါးအချိန်ပြည့် ထိုင်နေသော ကျန်းဝူပင်းက ဆိုရှယ်ပလက်ဖောင်းများပေါ်မှ ဒိုင်းနမိတ်များကို အထူးတလည် အာရုံစိုက်နေခြင်း ဖြစ်သည်။ ထိုလူများက ယန်ရှစ်ရွှမ်းကို သံသရဝင်ပြီး ပြောဆိုနေကြကြောင်း မြင်သောအခါ ဒေါသထွက်သွားသည်။ သို့သော် ရှိုးက လျင်မြင်စွာဖြင့် ကျော်ကြားလာကြောင်း မြင်ရချိန်တွင်လည်း ပျော်ရွှင်မိပြန်သည်။ ဒေါသထွက်လိုက်၊ ရယ်လိုက်နှင့် အရူးကဲ့သို့ ဖြစ်နေသည်။
ကျန်းဝူပင်းက ယန်ရှစ်ရွှမ်းကို စုံစမ်းချင်သည့် သူများကို လက်သင့်မခံလိုစိတ် ဒေါသစိတ်များဖြင့် ကြည့်ပြီး သူ၏ရင်ဘက်ကို ဂုဏ်ယူစွာနှင့် ကော့လိုက်သည်။
“ဒါက ငါ့ရဲ့ ယန်ကောလေ ဟွန့်”
သူက ပျော်ရွှင်စွာဖြင့် ဆဲလ်ဖုန်းကို ထုတ်လိုက်ပြီး ယန်ရှစ်ရွှမ်းဆီသို့ စာပို့သည်။
{ယန်ကော ယန်ကော ပိုင်ရွမ်းနဲ့အတူ ပြန်လာမဲ့အချိန်ကို ငါ စောင့်နေတယ်။ ငါ ရှိုးရဲ့ ကောမန့်ကဏ္ဍကို စောင့်ကြည့်နေတယ်။ ဟုတ် ဟုတ်သားပဲ ဒီဖန်သားပြင်မှာ တရားမဝင်တဲ့ အကြောင်းအရာတွေကို မပါလာအောင် သတိထားပေးပါနော်။ ကျေးဇူးပြုပြီး တက်တက်ကြွကြွနဲ့ ကျန်းကျန်းမာမာ ရှိနေပေးပါ။ မဟုတ်ရင်အားလုံး အဘန်းခံရလိုက်မယ်}
ယန်ရှစ်ရွှမ်းက ဖုန်းကို ထုတ်လိုက်သည်။ ထိုအခါ ကျန်းဝူပင်းမှ ပို့ထားသော စာအပုံလိုက်ကို မြင်လိုက်ရလေသည်။
“...”
သူက မကြာခဏဆိုသလို ထိုအရူးလေးကို ကျန်းယို့ပင်းဟု ခေါ်သင့်ကြောင်း ခံစား နေရလေသည်။
“ယန် ယန် ယန်ကော”
အန်းနန်ယွမ်၏လက်က စံအိမ်တံခါး လက်ကိုင်ကို ခက်တင်းတင်း ကိုင်ထားသည်။ အပြင်ဘက်မှ တိုက်ခတ်လာသော အေးစက်သည့် တောင်လေကို ခံစားမိပြီး ထိတ်လန့်စွာ တံတွေး မြိုချလိုက်သည်။
သူကလည်း သူ၏ပေါင်ကပင် တုန်ယင်နေသည်ကို ခံစားရသည်။ လေက တိုက်ခတ်လာသောအခါ ပို၍ပင် ကြက်သီး ထလာသေး၏။ စံအိမ်အနီးနားရှိ မှောင်မဲနေသော တောင်တောအုပ်လေးထဲမှ တစ်စုံတရာက ရက်စက်သော အကြည့်များနှင့် သူ့ကို စိုက်ကြည့်နေသည်ဟု ခံစားရသည်။ ထိုအရာကသူ့ကို တောထဲကို ဆွဲခေါ်သွာပြီး အရေခွံစုတ်ကာ အရိုးကို ဖယ်ပေလိမ့်မည်။
“မင်း အပြင်ကို တကယ် ထွက်ချင်ရဲ့လား”
အန်းနန်ယွမ်က တုန်ယင်သော အသံဖြင့် ပြောသည်။ သူက မျက်ရည်များကို ဖိနှိပ်ထားရသည်။
“အပြင်က တအားအေး တယ်။ ဘာလို့ ငါတို့အထဲ ပြန်မဝင်ရမှာလဲ။ ပိုင်ရွမ်းက ဓာတ်ပုံ ရိုက်ပြီးရင် ပြန်လာမှာပါ”
ယန်ရှစ်ရွှမ်းက သရဲများကြောင့် ကြောက်လန့်လွန်းသဖြင့် လမ်းပင်မလျှောက်နိုင်သော ဧည့်သည်များကို ကြုံဖူးသည်။ ထိုတခဏတွင် တစ်ချက်ကြည့်လိုက်ရုံနှင့် အန်းနန်ယွမ်က သရဲများကို ကြောက်တက်သောသူ ဖြစ်ကြောင်း သိလိုက်ရသည်။ သူက မျက်လုံး လှန်လိုက်သည်။ ခြေထောက်ရှေ့ကို မြှောက်လိုက်ပြီး အန်းနန်ယွမ်ကို အနောက်မှ ဆောင့်ကန်လိုက်သည်။
အန်းနန်ယွမ်က ကြောက်လန့်လွန်းသဖြင့် ထိုသို့ အကန်ခံလိုက်ရသောအခါ အော်ဟစ်လုနီးပါး ဖြစ်သွားသည်။ ယန်ရှစ်ရွှမ်းက လျင်မြန်စွာဖြင့် တံခါးအပြင်သို့ ခုန်ထွက်လာသည်။ အန်းနန်ယွမ်က မြေပြင်သို့ ပြုတ်မကျခင် သူက ကော်လံမှ လှမ်းကိုင်လိုက်သည်။
“ပါးစပ်ပိတ်ထား မဟုတ်ရင် ငါမင်းကို ဒီနေရာမှာ တစ်ယောက်ထဲ ပစ်ထားလိုက်မယ်”
ယန်ရှစ်ရွှမ်းက ဘေးဘက်သို့ ကြည့်သည်။ ထို့နောက် ခေါင်းကို ငုံ့လိုက်ပြီး ထိတ်လန့်ဖွယ် ကောင်းသော အပြုံးမျိုးနှင့် အန်းနန်ယွမ်ကို ငုံ့ကြည့်ကာ ရယ်ပြသည်။
အေးစက်သော အဖြူရောင် လအရောင်က ယန်ရှစ်ရွှမ်း၏ ချောမောသောမျက်နှာပေါ် ဖြာကျလာချိန်တွင် သူ့အား စည်းဘောင်မဲ့စွာ လုပ်နိုင်သောသူ တစ်ယောက်ကဲ့သို့ လှပသော်လည်း အန္တရာယ်များကာ ထူခြားသည့် အရိတ်အမြွတ်မျိုးကို ထုတ်ပြလာလေသည်။
အန်းနန်ယွမ်က ကြောက်လန့်လွန်းသဖြင့် ချက်ချင်းဆိုသလို အော်ဟစ်ချင်စိတ်ကို မြိုချလိုက်ရသည်။
အန်းနန်ယွမ်... ဒီတစ်ကြိမ် ငါ အမြဲတမ်း ဆုံးဖြတ်ချက်မှားသွားတယ်လို့ ခံစားနေရတယ်။ ယန်ရှစ်ရွှမ်းက သရဲထက်တောင် ကြောက်စရာ ကောင်းသေးတယ်။
ကွေ့ရှန်း၌ ညအချိန်တွင် သေလုနီပါး ခြောက်ကပ်နေသည်။ ပိုးကောင်များ၏ တဂျီဂျီ အော်သံပင် မရှိချေ။ တောကို ကျော်ဖြတ်ကာ တိုက်ခတ်လာသည့် လေက ဖြစ်စေသည့် ခပ်တိုးတိုး အသံကသာ ရှိသည်။ ထိုအသံကလည်း အမျိုးသားတစ်ယောက်က မသေခင် လည်ချောင်းထဲမှ ညှစ်ထုတ်သော ဟိန်းသံမျိုးနှင့် တူနေသည်။
ကာလက နွေရာသီ ဖြစ်သည်။ ပင်းဟိုင်မြို့က ပြုတ်အိုးတစ်မျိုးလို ပူခြစ်နေပြီ ဖြစ်သည်။ မမျှော်လင့်ထားစွာပင် ကွေ့ရှန်း အတွင်းပိုင်းက အလွန်အေးနေသည်။
သူက စံအိမ်ထဲမှ ထွက်လိုက်ပြီးပြီးချင်း အန်းနန်ယွမ်က တုန်ယင်သွားသည်။ သူ၏ ခန္တာကိုယ်မှ အနွေးဓာတ်က ညလေပျင်းကြောင့် လျင်မြန်စွာ အဖယ်ရှားခံရသည်။ သူဟာ သရဲပေါင်းများစွာ အဝိုင်း ခံထားရသည်။ အရသာရှိကာ ဝဖြိုးလွန်းသော ခုခံအားနည်းသည့် အသားတုံးကဲ့သို့ ခံစားလိုက်ရသည်။
သူ့လည်ဂုတ် အနောက်ဘက်ကို ယန်ရှစ်ရွှမ်းက ကိုင်ထားသဖြင့် ထိုနေရာက ပူနွေး လွန်းနေလေသည်။ ထိုအခါမှသာ အန်းနန်ယွမ်က အသိပြန်ဝင်သွားသည်။
ယန်ရှစ်ရွှမ်းက အန်းနန်ယွမ်ကို ခပ်မြန်မြန် ပြန်လွှတ်ပေးသည်။ သူက ဥယျာဉ်ကို ဂရုတစိုက် လေ့လာသည်။
ဒီနေ့က ကွေ့ရှန်းသို့ ပထမဦးဆုံး ရောက်သောနေ့ ဖြစ်သည်။ ပရိုဂရမ် အဖွဲ့ကလည်း စံအိမ်အတွင်းမှ ဧည့်သည်များကိုသာ အာရုံစိုက်ထားခဲ့လေရာ စံအိမ်အပြင်ဘက်မှ ဥယျာဉ်ကို အာရုံ မစိုက်နိုင်လိုက်ချေ။
ဧည့်သည်များ အတွင်းတွင် ပိုင်ရွမ်းကသာ ညနေပိုင်းက ကျော်ကြားမှုကို ရယူရန်အတွက် ဖန်သားပြင်အခွဲနှင့် ဥယျာဉ်အထဲတွင် သီချင်းဆိုခဲ့ခြင်း ဖြစ်သည်။ ယန်ရှစ်ရွှမ်း အတွက်ကမူ ဥယျာဉ်ထဲသို့ ပထမဦးဆုံးအကြိမ် ခြေချချင်းဟုပင် ဆို၍ရပေသည်။
သူက ဥယျာဉ်ထဲသို့ ဝင်လိုက်သည်နှင့် မြေပြင်ထဲမှ အပေါ်သို့ ဆန်တက်လျက် သူ၏ကိုယ်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားလာသော အေးစိမ့်သည့် ဓာတ်ကို ခံစားလိုက်ရသည်။ ဒါက ညပိုင်းအချိန်ဖြစ်၍ တောတောင်များထံမှ လာသည့် အအေးဓာတ်နှင့် ခြားနားသည်။ ထိုကဲ့သို့သော အေးစက်မှုမျိုးက လူတစ်ယောက်၏ စိတ်ဓာတ်ခွန်အားကို လျော့ကျစေသည်။ ဝိဉာဥ်များကိုပင် နှင်းကိုက်ဒဏ် ခံစားရရန် လိုလောက်နေခြင်း ဖြစ်သည်။
အဝေးမှသာ ကြည့်လိုက်မည်ဆိုလျှင် ဥယျာဉ်တစ်ခုလုံးအနှံ့ ပွင့်လန်းနေသော အဖြူရောင်ပန်းများက နတ်ဘုံနတ်နန်းသဖွယ် ခမ်းနား လွန်းနေသည်။ ထိုနေရာက အစစ်အမှန် မဟုတ်သလို မြူများ ဆိုင်းနေသည်ဟု ထင်ရသည်။ သို့သော် ယန်ရှစ်ရွှမ်းက နီးကပ် သွားသောအခါမှသာ လရောင်၏ အလင်းရောင်အောက်တွင် မြင်နေရသည့် ထိုပန်းများက လူမျက်နှာပုံသဏ္ဌန်မျိုးကို ခပ်ရေးရေး ဖော်ပြနေကြောင်း တွေ့လိုက်ရသည်။
ထိုမျက်နှာများက တစ်ပုံစံတည်း မဟုတ်ချေ။ အနီးကပ်ကြည့်ရန်ပင် မလိုလောက်အောင် သူတို့ မတူသော လူများဖြစ်ကြောင်း ပြောနိုင်လေသည်။ အားလုံး၏ မျက်နှာထားက ခြားနားသည်။ အချို့ကမူ အလွန်အမင်း နာကျင်နေပုံ ပေါ်သည်။ တစ်ချို့က မျက်မှောင်ကျုံ့ပြီး ပါးစပ်ကြီးကို ဟထားကာ တစ်စုံတရာကို အော်ဟစ်နေပုံ ပေါ်သည်။ သူတို့က ပန်းများအတွင်းမှ လွတ်မြှောက်ရန် ရုန်းကန် ချင်ကြပုံပေါ်သည်။
“အာ ဒါက နှင်းဆီဖြူလား”
အန်းနန်ယွမ်ကလည်း ယန်ရှစ်ရွှမ်းဟာ ပန်းကို အချိန်ကြာကြာ စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် သူက မနေနိုင်ပဲ သိချင်စိတ် ပြင်းပြစွာ ကြည့်လိုက်သည်။ ညခင်းလေပြေ တိုက်ခတ်မှုအောက်တွင် ညင်သာစွာ ယိမ်းနွဲ့နေသော ပွင့်ချက်အလွှာများက လူအများ၏ မျက်နှာအမူအရာ အမျိုးမျိုးအဖြစ် ဆက်တိုက် ပြောင်းလဲနေသည်။ တစ်ယောက်ပြီးတစ်ယောက်က ပန်းများအဖြစ် ခေါင်းကို လှည့်လျက် အန်းနန်ယွမ်ကို ကြည့်လာသည်။
သူကညို့ငင်ခံလိုက်ရသလိုမျိုး အန်းနန်ယွမ်ဟာ ပန်းများအနီးသို့ ချင်းကပ်သွားမိသည်။ သူက ပန်းကို မှင်သက်စွာ စိုက်ကြည့်နေရင်း နီးသထက် နီးသွားလေရာ သူ၏မျက်နှာနှင့် ပန်း၏မျက်နှာက ကပ်လုနီးပါးဖြစ်သွားသည်။
...
အန်းနန်ယွမ်၏ ဖန်သားပြင်အခွဲကင်မရာက သူ၏ပုခုံးကိုကျော်ကာ ပြနေသဖြင့် အရှေ့မှပန်းများကို ထင်ထင်ရှားရှားမြင်နိုင်လေသည်။ ကြောင်တောင်တောင် ကြည့်နေသော အန်းနန်ယွမ်ကိုလည်း မြင်ရ၏။ ပန်းပွင့်တွင် ပေါ်နေသောပုံက ထူးဆန်းပြီး ဝေဝါးသော မျက်နှာပုံသဏ္ဌန် ဖြစ်သည်။ ထိုမျက်နှာကြီးက တိုက်ရိုက် ထုတ်လွှင့်မှု ဖန်သားပြင်တွင် ထင်ရှားစွာ ပေါ်ထွက်လာသည်။
ဖန်သားပြင်အခွဲကို ကြည့်နေကြသော ကြည့်ရှုသူများကလည်း ထိုမြင်ကွင်းကြောင့် အံ့အားသင့် လွန်းသဖြင့် သူတို့၏ ဆံပင်မွှေးများကပင် အဆုံးထိ ထောင်တက်သွားသည်။ ကွန့်မန့်ကဏ္ဍကလည်း လျင်မြန်စွာ ပြည့်နှက်လာပြီး အန်းနန်ယွမ်အား စိုးရိမ်တကြီး ကြည့်ပေးနေကြသည်။
{သာ့ကော သာ့ကော ဘာဖြစ်တာလဲ။အဲဒါ အဲဒါ အဲဒီအရာကြီးနဲ့ ဝေးဝေးနေပါ။ ဒါက ပုံမှန်မဟုတ်သလိုပဲ}
{ငါလူး ဒီရှိုးက ဇာတ်ညွှန်းနဲ့လို့ ဘယ်သူပြောတာလဲ။ ဒါကသာ အတုအယောင်ဆိုရင် ဒီအကူပစ္စည်းက အစစ်အမှန်ဆန်လွန်းနေတာ မဟုတ်လား။ ငါတောင်မှ ဒါက အစစ်အမှန်လို့ ခံစားနေရပြီ}
{အမေရေ ဘာလို့ဒီဘက် ဒီလိုမျက်နှာကြီး ဖြစ်နေတာလဲ။ ဒါက ဘာမျိုးစိတ်လဲလို့ တစ်ယောက်ယောက် ပြောပေးကြပါ}
{အား ရွံစရာကောင်းလိုက်တာ။ ငါရူးတော့မယ်}
{ကင်မရာကို မြန်မြန်ရွှေ့ပါ။ ငါအန်တော့မယ်}
သို့သော် အန်းနန်ယွမ်ကမူ ကောမန့်များ၏ သတိပေးမှုကို မသိချေ။ သူက မျက်တောင်ပင်မခတ်ပဲ မှင်သက်နေသောမျက်ဝန်းမျိုးနှင့် အရှေ့မှပန်းမျက်နှာကြီးကို ကြည့်နေသည်။
“မင်း မင်းရဲ့မျက်ကို မလိုချင်တော့ဘူလား။ အဲ့လောက်ထိကပ်သွားရအောင်”
ယန်ရှစ်ရွှမ်းက လှည့်ကြည့်လိုက်သည့် အချိန်တွင် အန်းနန်ယွမ်၏ အပြုမူကို မြင်လိုက်ပြီး ချက်ချင်းဆိုသလိုပင် အန်းနန်ယွမ်ကို ထိုအပင်နားမှ လွတ်အောင် ဆွဲခေါ်လိုက်၏။ သူက ဆွံ့အနေ၏။
ထိုအခါမှသာ ဆောင့်ဆွဲမှုကြောင့် အသိ ပြန်ဝင်သွားသည့် အန်းနန်ယွမ်ကလည်း သူ လုပ်မိသော အရာကို သိလိုက်သည်။ သူက စိတ်ပြန် ငြိမ်သွားပြီး ပန်းပွင့်ကို ပြန်ကြည့်လိုက်သည့် အချိန်တွင် ချွေးစေးများ ပျံသွားလေသည်။
“ဒါက ဘာလဲ”
အန်းနန်ယွမ်က ယန်ရှစ်ရွှမ်း အနားသို့ ခပ်မြန်မြန် ဆုတ်လိုက်သည်။ သူက အံ့အားတကြီး မေး၏။
“ဘာလို့ ငါ အဲဒီပန်းရဲ့ မျက်နှာတွေနဲ့ မျက်နှာချင်း လဲချင်သလို ခံစားလိုက်ရတာလဲ။ ဒါက ငါရဲ့ အစစ်မှန်ဆန္ဒလို့တောင် တွေးလိုက်မိတယ်။ ငါ ရူးသွားတာလား”
“အခု မင်းသိပြီလား။ ဒါကြောင့် သိချင်စိတ် မပြင်းပြသင့်ဘူး”
ယန်ရှစ်ရွှမ်းက ဒီတစ်ကြိမ်တွင်မူ လွှတ်မပေးတော့ပဲ အန်းနန်ယွမ်၏ ကော်လံကို တောက်လျှောက် ဆွဲခေါ်သွားလိုက်သည်။
“သိချင်စိတ် ပြင်းပြတာက အသတ်ခံရနိုင်တယ် ဆိုတာကို မကြားဖူးဘူးလား”
သူတို့နှစ်ယောက်က ပန်းများနှင့် ဝေးသထက်ဝေးလာသည်။ ပန်းများက တဖြည်းဖြည်းချင်း ခေါင်းတွေကို လှည့်လာသည်။ သူတို့၏ မျက်နှာများက ရှုံ့မဲ့သွားကြပြီး ယန်ရှစ်ရွှမ်းကို ရက်စက်သော အကြည့်မျိုးဖြင့် ကြည့်ကြသည်။ သူတို့၏ အကြံကို အောင်မြင်လုနီးပါး အနေထားမျိုးတွင် ဖျက်ဆီးလိုက်သည့်အတွက် သူ့ကို မုန်းတီးသွားပုံ ပေါ်သည်။
အန်းနန်ယွမ်က ပန်းပွင့်များကြောင့် အညို့ခံရသောအချိန် ယန်ရှစ်ရွှမ်းက ဥယျာဉ်တစ်ခုလုံးကို အကဲဖြတ်ပြီးသား ဖြစ်သည်။ ထို့ကြောင့် ပိုင်ရွမ်း ရှိနေလောက်မည့်နေရာများကို သိလိုက်သည်။ ဥယျာဉ်တစ်ခုလုံးကို အဖြူရောင်အလင်းများ လွှတ်ထုတ်လုနီးပါး ဖြစ်နေသည့် ပန်းပွင့်များက ဖုံးလွှမ်းထားသည်။ သို့သော် ပန်းများမရှိသော တစ်နေရာ ရှိနေသည်။ ထိုနေရာသို့ နီးကပ်သွားလေလေ ထိုနေရာတွင်ရှိသော ပန်းများက မှိန်လာလေလေ ဖြစ်ပြီး အလွန်နီးသောနေရာမှ ပန်းများကပင် တစ်စုံတရာကို ကြောက်လန့်နေသလို မျက်နှာထားမျိုး ပြနေကြကြောင်း မြင်ရသည်။ သူတို့က ထိုနေရာကို ကျောပေးထားကြ၏။
ဥယျာဉ်၏ ထောင့်နေရာနားတွင် ထင်းတဲလေး ရှိသည်။ ထိုနေရာကို ပြင်ဆင်မွန်းမံခြင်း မပြုခဲ့ပုံပေါ်သည်။ ကြမ်းတမ်းကာ ယိုယွင်းနေသောနံရံများက ရာသီဥတုဒဏ်၏ တိုက်စားမှုကို ခံထားရပုံပေါ်သည်။ ယိုယွင်းနေသည့်အပြင် အိုဟောင်းနေပြီ ဖြစ်သည်။ ပြင်းထန်သော လေပြင်းက တိုက်ခတ်လိုက်ရုံဖြင့် ပြိုကျမည့် လက္ခဏာပြနေသည်။
သို့သော် ထိုမီးခိုးရောင်ထင်းတဲက ထိုသို့ဖြစ်နေသည့်အပြင် မည်သည့်ပန်းများမှ မရှိသည့် မြေဆီလွှာသီးသန့် နယ်မြေပေါ်တွင် ကျန်ရစ်နေသည်။ ထို့ကြောင့် သူက ထင်းထွက်နေ၏။ သိသာ ထင်ရှားလွန်းသဖြင့် ယန်ရှစ်ရွှမ်းက ခပ်မြန်မြန် သတိထားမိသွားပြီး အန်းနန်ယွမ်ကို ဆွဲခေါ်လာခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်က စိမ်းလန်း စိုပြေလှပသော ပန်းများကို ကျော်ဖြတ် လိုက်ပြီးသည့်အချိန်မှသာ ထင်းတဲဘေးနား မြေပြင်တွင် လဲနေသည့် သေသလား ရှင်သလား မသိရသည့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီး၏ ခန္တာကိုယ်က အေးခဲနေလေသည်။
******