အပိုင်း (၉)
တိုက်ရိုက်ထုတ်လွှင့်မှု၏ ဖန်သားပြင်အခွဲတွင် ကွန့်မန့်ကဏ္ဍက အလွန် မြန်ဆန်လွန်းသော အရှိန်နူန်းနှင့် ရပ်တန့်သွားသည်။
ကင်မရာတွင် အမျိုးသမီးတစ်ယောက် ပေါ်လာကြောင်း မြင်လိုက်ရသည်။ ပိုင်ရွှမ်းက ကြမ်းပြင်ပေါ်တွင် လဲနေသေးသည်။ ကြည့်ရှုသူများကလည်း စိတ်လှုပ်ရှားသွားကြသည်။ တစ်ချို့သော သူများက ထိုလှဲနေသောသူက ယခုတလော အကျော်ကြားဆုံး ဖြစ်နေသည့် အမျိုးသမီးအဆိုတော် ပိုင်ရွှမ်းဖြစ်ကြောင်း သိလိုက်ကြရသည့်အခါ စိုးရိမ်စိတ် ကြီးသွားရသည်။
{ဒီရှိုးက ဇာတ်ညွှန်းရှိတယ် ဟုတ်လား ဟုတ်လား ပိုင်ရွှမ်းက ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်ရုံပေါ်လေ။ တစ်ခုခုတော့ မဖြစ်လောက်ပါဘူးနော်}
{ဘာလို့ သူ့ရဲ့ရင်ဘတ်က မလှုပ်တော့ဘူးလို့ ခံစားနေရတာလဲ။ အာ မဟုတ်သေးဘူး။ ဒီရသံစုံရှိုးက ဇာတ်ညွှန်းရှိတယ်လို့ပဲ ငါ ယုံချင်တော့တယ် ကျေးဇူးပြုပြီး}
တိုက်ရိုက်ထုတ်လွှင့်မှု၏ ကွန့်မန့်နယ်မြေမှ စိုးရိမ် ပူပန်မှုများအကြားမှ ပွက်လောရိုက်မှုများအပြင် ဆိုရှယ်ပလက်ဖောင်းများတွင်လည်း ရှာဖွေမှု အများဆုံးစာရင်းများက ပေါ်ထွက်လာသည်။
အခုလေးတင် ဒီရှိုးတွင် ဇာတ်ညွှန်းရှိမရှိ ငြင်းခုန်ခဲ့ကြသော ကြည့်ရှုသူများက သူတို့၏နှလုံးသားကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး တိုက်ရိုက်ထုတ်လွှင့်မှု အရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ဆုတောင်းနေကြရသည်။
စံအိမ်၏ ဥယျာဉ်အတွင်းတွင် ယန်ရှစ်ရွှမ်းက သူ့ကို မော့ကြည့်နေသော ပန်းမျက်နှာများကို ဂရုတစိုက် ရှောင်းရှားပြီးနောက် ပိုင်ရွှမ်းရှိရာသို့ ခပ်မြန်မြန် သွားလိုက်သည်။
သူက ပိုင်ရွှမ်းကို အေးစက်သော ကြမ်းပြင်မှ ကောက်ပွေ့လိုက်သည့်အချိန်တွင် လက်မှ အထိအတွေ့ကြောင့် အံ့အားသင့်သွားရသည်။
လူသားတစ်ယောက်၏ ခန္ဓာကိုယ်၏ အပူချိန်ဟာ အကန့်အသတ် ရှိသည်။ ခန္ဓာကိုယ်က မည်မျှအေးစက်နေကာမူ ထိုမျှ မအေးနေသင့်ပေ။ အသားအရေကလည်း နူးညံ့ပြီး အသားအရေဆိုသော ခံစားချက်ကို ပေးစွမ်းနေသေးသည်။
သို့သော် ထိုအချိန်တွင် ပိုင်ရွှမ်းက ကြွေသား ရုပ်တုတစ်ခုကဲ့သို့ ဖြစ်နေသည်။ သူ၏နူးညံ့သော ခြေ၊လက်များက အေးစက်လွန်းပြီး တောင့်တင်းနေလေရာ အသက်စွမ်းအင် ကင်းမဲ့နေသလို ဖြစ်နေသည်။
ဒါက သက်ရှိလူသားတစ်ယောက်မှာ ရှိသင့်တဲ့ နွေးထွေးမှု မဟုတ်တာ။ တစ်ချိန်တည်းတွင်ပင် ယန်ရှစ်ရွှမ်း၏ အကင်းပါးပါး လေ့လာနိုင်စွမ်းအားကြောင့် ပိုင်ရွှမ်း၏ရုပ်ရည်နှင့် သွင်ပြင်မှ ပုံမှန်မဟုတ်ကြောင်း သိလိုက်သည်။
ညစာစားပြီးနောက် ဧည့်သည်များအားလုံးက ဂိမ်းကစားနေခဲ့ကြသည်။ ထိုအချိန်က ယန်ရှစ်ရွှမ်းက အခန်းထဲသို့ ဝင်ကာ ဧည့်သည်များ၏ သတင်းအချက်အလက်ကို စစ်ဆေးပေးခဲ့သည်။
ပိုင်ရွှမ်းက သူမ၏ဆိုရှယ်အကောင်တွင် တင်ထားခဲ့သော ဓာတ်ပုံများကို အကဲဖြတ်ရုံနှင့် သူမက ချိုမြိန်သော လမ်းကြောင်းသို့ လျှောက်သောသူ ဖြစ်နိုင်သည်။ သီချင်းဆိုပုံဖြစ်စေ၊ ဝတ်စားဆင်ယင်ပုံဖြစ်စေ အားလုံးက လူငယ်ကျောင်းတွင်း အခြေအနေ လေထုကို ထုတ်လွှတ်ပေးနိုင်လေသည်။
ဒီနေ့ ပိုင်ရွှမ်းက ယန်ရှစ်ရွှမ်းကို အလျင်လက်ဦးမှု ယူကာ ရင်းနှီးသော ပုံစံမျိုး ပြသခဲ့သည်။ ထိုအခြေအနေကလည်း သူမ၏ နူးညံ့သည့် ကာရိုက်တာကို ဖော်ပြနိုင်သည်။
သို့သော် ထိုအချိန်တွင် လိမ်ကောက်နေသော ဆံပင်များက သူမ၏ပုခုံးပေါ် ဖြာကျသော ပုံစံမျိုး ရှိသင့်လင့်စကား ယခုအခါတွင်မူ ခေါင်းအနောက်ဖက်တွင် စုချည်ခံထားရသည်။ သေသပ်စွာ ဖီးသင်ထားပြီး ဘေးဘက်တွင် ရှုပ်ထွေးသော ပုံစံပါသည့် နှင်းဆီရောင် ဆံထိုးတစ်ခုဖြင့် ထိုးထားသည်။ နှင်းဆီလိမ်းဆေး အဆီရနံ့ကိုပင် ရရှိနေသေးသည်။
သူမက နူးညံ့သော နှင်းဆီများပါသည့် လှပသည့် ချုံဆန်းတစ်ထည်ကို ဝတ်ဆင်ထားခြင်း ဖြစ်သည်။ သူမ၏ လည်ပင်းတွင်လည်း အဝါရောင်ပုလဲ အနည်းငယ်ပါသည့် ဆွဲကြိုးလေးကို မြင်နိုင်သည်။
သူမက မျက်လုံးကို ခပ်တင်းတင်း မှိတ်ထားသည်။ အနီရောင်နူတ်ခမ်းများက သူမ၏ ကြွေသားကဲ့သို့ ဖြူဆွတ်နေသော အသားအရေပေါ်တွင် သွေးနီရောင်ကဲ့သို့ တောက်ပနေသည်။ သူမက အေးစက်သော အဖြူရောင် လ အလင်းရောင်အောက်တွင် အလျားလိုက် လဲချနေလေရာ ငြိမ်းချမ်းလှပစွာ အိပ်စက်နေသလို ဖြစ်နေသည်။
ဒါက သေဆုံးနေသော အမျိုးသမီးတစ်ယောက်လို၊ သူမ သေဆုံးသည့် အကောင်းဆုံး ပုံစံကို ရွေးချယ်ထားသလို ထင်ရသည်။
သို့သော် ထိုဝတ်စားဆင်ယင်ပုံက ယခုခေတ် ပုံစံမျိုး မဟုတ်ချေ။ နာမည်ကြီးဒီဇိုင်းမျိုးလည်း မဟုတ်ပြန်ချေ။ ပိုင်ရွှမ်း၏ ကာရိုက်တာမျိုးက ရွေးချယ်မည့် ပုံစံမျိုးလည်း မဟုတ်ချေ။
အနှစ်ချုပ်ဆိုရသော် ဒါက လွန်ခဲ့သော နှစ်တစ်ရာခန့်က စံအိမ်ကို ပိုင်ဆိုင်ခဲ့သည့် စံအိမ်ပိုင်ရှင်အပိုင် ပန်းချီကားများထဲမှ ပုံစံမျိုးနှင့် တူနေသည်။ သူမ၏ အဝတ်စား ဝတ်ဆင်ပုံ၊ ကျော့ရှင်းကြည့်ကောင်းခြင်းက ထင်ဟပ်နေသည်။
ယန်ရှစ်ရွှမ်းကလည်း ပိုင်ရွှမ်း၏ အခန်းအတွင်း ဝင်ရောက်ခဲ့စဉ်က အခန်း၏မှန်အတွင်း မြင်ရသည့် အမျိုးသမီးကို မှတ်မိသွားသည်။
“ယန် ယန် ယန် ယန်ကော”
နောက်တွင် တစ်ယောက်တည်း ကျန်ခဲ့သည့် အန်းနန်းယွမ်က အလောတကြီး အပြေးလာသည်။ သူက ကြောက်လွန်းသဖြင့် သေလုနီးပါး ဖြစ်သွားသေးသည်။ သူက ယန်ရှစ်ရွှမ်း ပန်းများကို ရှောင်သွားသော ပုံစံအတိုင်း အပြေးအလွှား လိုက်လာခဲ့ပြီး ပန်းများကို မထိမိအောင် အတတ်နိုင်ဆုံး ထိန်းလိုက်သည်။
သူက သူ့ကို မုန်းတီးမှုအပြည့်နှင့် တောက်ပစွာ ကြည့်နေသော မျက်နှာများကို ခံစားမိသည်။ သူက ထင်းတဲ့ရှိရာဘက်သို့ ခပ်မြန်မြန် လျှောက်သွားလိုက်သည်။ သူ၏လှုပ်ရှားမှုများကို ဂရုစိုက်နေခဲ့ရ၏။
အန်းနန်ယွမ်က နောက်ဆုံးတွင် ပန်းများအတွင်းမှ လွတ်မြောက်လာသည်။ ထိတ်လန့်လွန်းသဖြင့် သူ၏တစ်ကိုယ်လုံး ချွေးစေးများ ချွဲသွားသည်။ သို့သော် အန်းနန်ယွမ်က ယန်ရှစ်ရွှမ်းအနားသို့ ရောက်လာသည့် အချိန်တွင် သူ၏လက်မောင်းအတွင်းမှ ပိုင်ရွှမ်းကို တွေ့လိုက်သည်။ သူ၏နှလုံးသားက ခုန်လှုပ်လာပြန်သည်။
“ဒါ ဒါ ပိုင်ရွှမ်း မဟုတ်ဘူးလား”
“မဟုတ်ဘူး အကူအညီ လိုအပ်နေတယ်။ ပါးစပ်ပိတ်ထားစမ်းပါ”
ယန်ရှစ်ရွှမ်းက အန်းနန်ယွမ်ကို ရှင်းပြရန် အချိန်မရှိချေ။ သူ၏လက်ချောင်းများက ပိုင်ရွှမ်း၏ နဖူးနားတွင် တစ်စုံတရာကို ရေးဆွဲလိုက်သည်။ တစ်ချိန်တည်းတွင် သူက တိုးလျသော လေသံနှင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ပိုင်ရွှမ်းရဲ့ကိုယ်က ဝိဉာည်သုံးခု၊ ကိုးခု_ _ _
“ဘာလို့ သူတို့ကို ခေါ်ထုတ်လိုက်တာလဲ။ ဝိဉာဉ်သုံးခုက တည်ငြိမ်တယ်။ ဝိဉာဉ်ကိုးခုက တည်ငြိမ်တယ်”
“ဝိဉာဉ်ကို ပြန်ခေါ်နေတယ်။ ခန္ဓာကိုယ်နဲ့ စိတ်က ငြိမ်းချမ်းနေရမယ်။ ကျင်းယွမ်တောင် အလယ်ကို ရောက်သွားတဲ့အချိန်မှာ ဘာချရာတွေက သီးသန့်အစဉ်လိုက် ရောက်လာကြရမယ်။ မိုင်သုံးထောင်အကွာက ဝိဉာဉ်သုံးခုက ပြန်လာတယ်။ မြန်မြန်လာ”
ယန်ရှစ်ရွှမ်းက ထိုသို့ ဘာကိုမှန်းမသိ ရေရွတ်ပြီးသည့်အချိန်တွင် ပိုင်ရွှမ်း၏ နဖူးနားတွင် ရေးဆွဲလိုက်သည့် အဆောင်သင်္ကေတလေးက အလွန်အမင်းတောက်ပသော အလင်းကို ထုတ်လွှင့်လျက် လင်းလာ၏။ ထို့နောက် တစ်ဖန် ပြန်မှိန်သွား၏။
ထိုအတိုင်း လှဲကာ သတိလစ်နေသာ ပိုင်ရွှမ်းက ရုတ်တရက် မျက်လုံးဖွင့်သည်။ ထို့နောက် ယန်ရှစ်ရွှမ်းကို မှင်သက်စွာ စိုက်ကြည့်လာသည်။ သူမက နီရဲနေသော နူတ်ခမ်းပါးကို ဖွင့်လျက် အသက်မရှူနိုင်သည်မှာ အချိန်အတန်ကြာနေသလိုမျိုး လေကို အသည်းအသန် ရှူရှိုက်သည်။ ထို့နောက်မှသာ လေများကို ပြန်လည် ရှူထုတ်သည်။
ပိုင်ရွှမ်း၏မျက်ဝန်းက အသက်စွမ်းအားများ ပြန်ပြည့်သွားသည့် အချိန်တွင် သူမ၏ အေးစက်သော ခန္ဓာကိုယ်က နူးညံ့သွားပြီး နွေးထွေးမှုကို ပြန်လည် ရရှိသွားသည်။
“ဘာလို့ ဘာလို့ ငါ ဒီနေရာကို ရောက်နေတာလဲ”
သူမက အိပ်မက်ကြီးတစ်ခုမှ နိုးထလာသလိုမျိုး ပိုင်ရွှမ်းက ပတ်ဝန်းကျင်ကို ကြည့်သည်။ သိသာစွာပင် အခန်း မဟုတ်ချေ။ ထို့ကြောင့် သူမက အလွန် ကြောက်လန့်သွားပြိး စိုးရိတ်စိတ် များသွားသည်။
ထို့နောက် သူမက ခေါင်းငုံံ့လိုက်သည်။ သူမ၏ကိုယ်ပေါ်မှ ချုံဆန်းကို မြင်လိုက်ရချိန်တွင် ပို၍ပင် အံ့အား သင့်သွားသေးသည်။
“ဒါက ဘာလဲ ဒီချုံဆန်းက ဘာလို့ ရောက်လာတာလဲ။ ဘယ်သူက ငါ့ကို လဲပေးထားတာလဲ”
ယန်ရှစ်ရွှမ်းက ပိုင်ရွှမ်း၏ စိုးရိမ်စိတ်ဖြင့် မော့ကြည့်ပြီး သူ၏အကြည့်က မဲမှောင်သွားသည်။
“မင်း ဒီနေရာကို ဘယ်လိုလုပ် ရောက်လာသလဲ ဆိုတာကို မင်းက မသိဘူးလား။ မင်းရဲ့နောက်ဆုံး မှတ်ဉာဏ်က ဘာလဲ”
နေ့ခင်းအချိန်က လှပနေခဲ့သော ဥယျာဉ်က ယခုမူ ခြောက်ခြားဖွယ်ကောင်းအောင် ဖြူဆုတ်နေသည်။ ပိုင်ရွှမ်းက ပတ်ဝန်းကျင်ကို ကြောက်လန့်တကြား ကြည့်သည်။ သူမ၏မျက်နှာက ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားပြီး ယန်ရှစ်ရွှမ်း၏အသံကို ကြားသောအခါ ရုတ်တရက် မထွက်ခွာခင်က သူမ၏ခန္ဓာကိုယ်ကို အသာပုတ်ခဲ့သည့် ယန်ရှစ်ရွှမ်း၏ ပုတ်ချက်က စိတ်ကိုပေါ့ပါးစေကြောင်း သတိရသွားသည်။
“ဒါက တကယ်ပဲ မသန့်ရှင်းတာ တစ်ခုခု ရှိနေလို့လား”
ပိုင်ရွှမ်းက သူမ၏နှလုံးသားထဲမှ ကြောက်မက်ဖွယ်ကောင်းသည့် တွေးတောမှုများကြောင့် အလွန် ထိတ်လန့်သွားပြီး တစ်ကိုယ်လုံးက တုန်ယင်သွား၏။ သူမက နောက်ဆုံးကောက်ရိုးမျှင်ကို ဆွဲထားရသလို လက်ဆန့်ထုတ်လိုက်ပြီး ယန်ရှစ်ရွှမ်း၏ လက်မောင်းကို ခပ်တင်းတင်း ဖက်ကာ မေးမြန်းသည်။
“ငါ အခန်းကို ပြန်သွားတာပဲ မှတ်မိတော့တယ်။ နောက်တော့ ငါ စကပ်ရှည်ကို လဲပြီး ဥယျာဉ်ထဲကို ဆင်းပြီး ဆက်ဖ်ဖီရိုက်ပြီး မအိပ်ခင် ဆိုရှယ်မီဒီယာပေါ် တင်ရမယ်လို့တော့ တွေးခဲ့သေးတယ်။ အဲဒီနောက် ငါ ဘာကိုမှ မမှတ်မိတော့ဘူး”
“မဟုတ်ဘူး။ နေဦး ငါ တစ်ယောက်ယောက် သီချင်းဆိုတာကို ကြားလိုက်သလိုပဲ”
ပိုင်ရွှမ်း၏မျက်နှာက ပြောင်းလဲသွားသည်။
“ငါ အမျိုးသမီးတစ်ယောက်ရဲ့ သီချင်းဆိုသံကို ကြားရတယ်။ အဲဒါက ဧကရာဇ်ရဲ့ ပန်းတစ်ပွင့် သီချင်းပဲ”
“တကယ်ကိုပဲ”
ပိုင်ရွှမ်း၏စကားလုံးများကို ယန်ရှစ်ရွှမ်း ခန့်မှန်းမှုကို အတည်ပြုပေးနိုင်သည်။
လွန်ခဲ့သော နှစ်တစ်ရာခန့်က ဖက်ရှင်အကျဆုံး၊ အခမ်းနားဆုံး ဝတ်စုံကို ဝတ်ဆင်ထားသည့် ထိုအမျိုးသမီးကလည်း ယခင်က ဒီစံအိမ်ပိုင်ရှင် ဖြစ်ခဲ့လောက်သည်။ သူမက ဒီစံအိမ်ထဲသို့ မဝင်နိုင်ခဲ့သည့်အတွက် လူအများကို တစ်စုံတရာ မလုပ်နိုင်ချေ။ ထို့ကြောင့် ခေတ်ဟောင်းတေး အော်ပရာသီချင်းကိုဆိုပြီး ထင်ယောင်ထင်မှား မြင်ကွင်းများကို ဖန်တီးလျက် လူအများကို အလျင်လက်ဦးမှုယူကာ အခန်းထဲမှ ထွက်လျက် ဥယျာဉ်သို့ လာစေခြင်း ဖြစ်လောက်သည်။
သူ မြင်ခဲ့ရသည့် ထင်ယောင်ထင်မှား မြင်ကွင်းတွင် ထိုအမျိုးသမီးက ကိုယ့်ကိုယ်ကို သတ်သေချင်သည်။ ထိုအမျိုးသမီးက သူ့ကို သတ်ချင်နေသည်။ သို့သော် ပိုင်ရွှမ်း မြင်ခဲ့ရသော အရာကမူ ဝတ်စားပြင်ဆင်နေသော အမျိုးသမီးဖြစ်လောက်သည်။ ထို့ကြောင့် သူမက ထိုဝတ်စုံကို လဲလိုက်သဖြင့် အခြေအနေခြင်း ခြားနားသွားခဲ့ခြင်း ဖြစ်လောက်သည်။
ထိုအကြောင်းအရာများကို တွေးမိပြီးနောက် သူ ပိုင်ရွှမ်း၏ အခန်းထဲတွင် ရှိနေခဲ့ချိန်က ကြားခဲ့ရသောအသံက ပိုင်ရွှမ်း၏အသံ ဖြစ်လောက်သည်။ ထိုအမျိုးသမီးက ပိုင်ရွှမ်း ဥယျာဉ်ထဲသို့ ပြန်ရောက်ပြီးနောက် ပိုင်ရွှမ်း၏ခန္ဓာကိုယ်ကို ထိန်းချုပ်မှု အရယူလိုက်ကာ သူမ၏အသံကို သုံးပြီး သူမ၏ချစ်ရသူအား အငြိုးတရားများကို ပြန်လည်ထုတ်ဖော်ခြင်း ဖြစ်လောက်သည်။
သို့သော် ပန်းများ မရှိသော နေရာမှ ဥယျာဉ်ထောင့်စွန်းအနားတွင် အေးခဲနေသော အဖြူရောင်စွမ်းအင်များက ပြည့်နှက်ပွင့်လန်းနေသလိုမျိုး သူမက ထင်းတဲ၏ အနောက်ဘက်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်လောက်သည်။
ဒီနေရာရှိ ပန်းတိုင်းက ထိုထင်းတဲကို ကြောက်ပုံပေါ်သည်။ လူသားမျက်နှာနှင့် ထိုပန်းများက ယန်ရှစ်ရွှမ်း၏ သူတို့၏ကိစ္စကောင်းကို ဖျက်ဆီးသည့်အတွက် မုန်းတီးနေသည်။ သို့သော် ယန်ရှစ်ရွှမ်းက ပန်းများအကြား ဖြတ်လျှောက်ခဲ့ချိန်တွင် သူ့ကို ကြည့်သာကြည့်ရဲသည်။
ယန်ရှစ်ရွှမ်းက အချိန်အတန်ကြာ ရောက်လာသည့်အချိန်တွင် ပန်းများက ခေါင်းလှည့်သွားပြီး ကျောပေးသွားကြသည်။ သူတို့က ထင်းတဲကို မကြည့်နေတော့ချေ။
ထင်းတဲအနားရှိ နေရာက နေရာကောင်းတစ်ခု ဖြစ်သည်။သို့သော် မည်သည့်ပန်းမှ မပွင့်ချေ။ ထိုပုံမှန်မဟုတ်သော ဖြစ်ရပ်က ယန်ရှစ်ရွှမ်းကို ဆွဲဆောင်လိုက်သည်။
ဒီမိန်းမက ထင်းတဲအနားမှာ ရှိနေတာ ဖြစ်နိုင်မလား။
ထိုအမျိုးသမီးက စံအိမ်ကို ကြောက်သည်။ မဝင်နိုင်ချေ။ စံအိမ်ထဲရှိ အရာများနှင့် အိမ်တော်ထိန်းအိုကြီးက အခန်းထဲသို့ မဝင်နိုင်ချေ။ အခန်းက မှောင်ပြီးနောက် လုံခြုံသော နေရာဖြစ်သွားသည်။ အတွင်းမှသာ တံခါးဖွင့်၍သာ ရသည်။ သို့သော် ဥယျာဉ်ထဲရှိ ပန်းများကမူ ထင်းတဲကို ကြောက်နေသည်။
ဟာကွက် တစ်ခုကတော့ ဖြစ်လာတာပဲ။ ဒါပေမယ့် တစ်ခုခု လိုနေသေးတယ်။
ပိုင်ရွှမ်းကလည်း ယန်ရှစ်ရွှမ်းက မျက်လုံးမှိတ်ထားပြီး အတွေးနက်နေကြောင်း မြင်လိုက်သဖြင့် သတိလက်လွတ် သူ၏ရှပ်အင်္ကျီကို စိုးရိမ်တကြီး ဆွဲပြီး ပြောလိုက်သည်။
“အရမ်းမှောင်ပြီး အေးစက်နေတာပဲ။ ယန်ကော ငါတို့အထဲကို ပြန်ဝင်ရအောင်”
“ငါတို့ ပြန်ဝင်လို့ မရတော့ဘူး”
ယန်ရှစ်ရွှမ်းက ပြောသည်။
“ငါတို့ အာရုံတက်ချိန်အထိ ဥယျာဉ်ထဲမှာပဲ နေရတော့မှာ”
အခန်းတံခါးကို အတွင်းမှသာ ဖွင့်နိုင်ကတည်းက စံအိမ်တံခါးကလည်း ထိုသို့ ဖြစ်နေလောက်သည်။
သူတို့က ထွက်လာသည်။ သို့သော် ပြန်မဝင်နိုင်တော့ချေ။
ထို့အပြင်_ _ _
ယန်ရှစ်ရွှမ်းကလည်း မြေပြင်တွင် လေးလံသော ချွန်ထက်စူးရှသည့် သတ္တုပစ္စည်းတစ်ခုခုကို တရွတ်တိုက် ဆွဲလာသောအသံမျိုးကို အကင်းပါးပါး ကြားလိုက်ရသည်။ သူက ခပ်မြန်မြန် ဆုံးဖြတ်ချက် ချလိုက်ပြီး ပိုင်ရွှမ်းကို လက်တစ်ဖက်မှ ကိုင်ပြီး ဘေးဘက်ရှိ ထင်းတဲထဲသို့ ခပ်မြန်မြန် ဝင်လိုက်သည်။ ထို့နောက် တခြားသော လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ထင်းတဲ့၏ အိုးဟောင်းနေသည့် သစ်သားတံခါးကြီးကို တွန်းဖွင့်လိုက်သည်။ တစ်ချိန်လိုလို အန်းနန်ယွမ်ကို အနောက်မှ ကပ်လိုက်လာစေသည်။
“ကျွီ ကျွီ”
ထင်းတဲ့၏တံခါးက ခေါင်းကြိမ်း စေလောက်သည့် အသံကို ထုတ်လွှတ်သည်။
နှစ်ပေါင်းများစွာ ကြအောင် ဖုန်အလိမ်းလိမ်း ထင်ကျန်ရစ်နေပြီးနောက် နှစ် ရာကျော်တိုင်အောင် မည်သည့်အလင်းမှ မမြင်ခဲ့ရသလိုမျိုး နောက်ဆုံးတွင် အတွန်းဖွင့်ခံရသဖြင့် အလန့်တကြား ဖြစ်သွားသော အသံမျိုးကို ထုတ်လွှတ်သည်။
ယန်ရှစ်ရွှမ်းက ပိုင်ရွှမ်းနှင့်အတူ ချောင်းကာကြည့်လိုက်သည့်အချိန်တွင် စိတ် ရှုပ်ထွေးနေသော အန်းနန်ယွမ်က အနောက်မှ ကပ်လိုက်လာသည်။ သူက အထဲသို့ ဝင်သွားသော ယန်ရှစ်ရွှမ်းနှင့် ပိုင်ရွှမ်း အနောက်မှလိုက်လာပြီး တံခါးကို ခပ်မြန်မြန် ပြန်ပိတ်သည်။
သူက သူ၏သွယ်လျသော လက်ညိုးကို အနီရောင်နူတ်ခမ်းပါးရှေ့သို့ ကပ်လျက် ထိုနှစ်ယောက်လုံးကို ပါးစပ်ပိတ်ပြီး မည်သည့်အသံမှ မထုတ်ရန် ပြောလိုက်သည်။
သို့သော် မဲမှောင်နေသည့် ထိုမျက်ဝန်းများက စိတ်လှုပ်ရှားသော အလင်းများကို ထုတ်လွှတ်နေသည့်အခါ တောက်ပလွန်းနေသည်။ ယန်ရှစ်ရွှမ်းက တိတ်တဆိတ်ရယ်ပြီး တစ်စုံတရာကို တိတ်တဆိတ် စောင့်သည်။
အန်းနန်ယွမ်တွင် မေးခွန်းပေါင်းများစွာ ရှိနေသော်လည်း လျှောက်လမ်းတွင် တွေ့ခဲ့ရသော အနီရောင်အရာကြီးနှင့် ယခုလေးတင် ဥယျာဉ်သို့ ဝင်ခဲ့ချိန်က တွေ့ခဲ့ရသည့် လူသားမျက်နှာနှင့် ပန်းများ အားလုံးကို အတွေ့အကြုံ ရပြီးနောက်တွင် ဒီစံအိမ်တွင် တစ်စုံတရာ မှားယွင်းနေကြောင်း နားလည်လိုက်သည်။
သူက ထိတ်လန့်သော ရုပ်ရှင်များကို ကြည့်ဖူးသည်။ တစ်ချက်ကြည့်ရုံနှင့် ထင်ရှားလွန်းသော အသင်းထဲမှ ခေါင်းဆောင်က တစ်စုံတရာကို ပြောသောအခါ အသင်းဖော်များကလည်း သူ ပြောသည့်အတိုင်း လုပ်သင့်ကြောင်း နားလည်သည်။ ထိုသို့သာ မဟုတ်လျှင် သူတို့က ကံဆိုးပေလိမ့်မည်။
ထို့ကြောင့် သူက နာနာခံခံဖြင့် ပါးစပ်ကို ပိတ်ထားလိုက်ပြီး ယန်ရှစ်ရွှမ်း၏ အနောက်တွင် ကျုံ့နေလိုက်သည်။ သူက သူ၏ ဒေါသကို မဖောက်ထုတ်ရဲချေ။
တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။ ထိုအခါ ဖျော့တော့သော်လည်း ကြမ်းရှသည့် အသံမျိုးကို ကြားလိုက်ရသည်။ ထိုအသံက မနီးမဝေးမှ လာသည်။
“ဝူး ဝူး”
တစ်စုံတရာက လေးလံသော ခြေသံမျိုးနှင့် လျှောက်လာပြီး လေးလံသော သတ္တုပစ္စည်းတစ်ခုကို တရွတ်တိုက် ဆွဲလာပုံပေါ်သည်။ သူက ခြေတစ်လှမ်း လှမ်းပြီးချိန်၌ ရပ်သွားသည်။ ထို့နောက် ထင်းတဲထံ ဆက်လျှောက်၏။ ထိုသို့ဖြင့် နီးသထက်နီးလာသည်။
ခြေသံက နီးသထက်နီးကာ ကျယ်သထက်ကျယ်လာပြီး ရှင်းလင်းသထက် ရှင်းလင်းလာသည်။ ပြင်းထန်လွန်းသည့် အသက်ရှူသံကိုပင် ကြားနေရသေးသည်။
“ဟူး ဟူး”
“ဟူး ဟူး”
ထိုအရာက ထင်းတဲ့တံခါးအပြင်ဘက်သို့ ရောက်သွားချိန် ပြန်လှည့်သွားပြီး ရပ်တန့်ခြင်းမရှိပဲ ကွေ့ပတ်သွားမည့်ပုံပေါ်သည်။
ပိုင်ရွှမ်းက ယန်ရှစ်ရွှမ်းကို မှီထားသည်။ သူမကိုယ်က တုန်ယင်နေပြီး ပါးစပ်ကိုလည်း သူမ၏လက်ဖြင့် ပိတ်ထားကာ မည်သည့်အသံမှ မထုတ်လွှတ်အောင် တားထားသည်။ သို့သော် ကြောက်လန့်မှုနှင့် အေးစိမ့်မှုက သူမကို အလိုအလျောက် တုန့်ပြန်မိစေသည်။
ထိုသို့ဖြင့် သူမ၏မျက်ဝန်းထောင့်စွန်းမှ မျက်ရည်များက ထိန်းချုပ်ရန် ခက်ခဲလောက်အောင် ကျဆင်းလာသည်။ သူမ၏မျက်ခွံ့အောက်ပိုင်းကလည်း စိုစွတ်လာသည်။
ရုတ်တရက် ထင်းတဲမှ ဖြတ်သန်းပြီးကာစ ထိုအရာက ရပ်တန့်သွားပြီး နောက်သို့ပြန်လှည့်ကာ လေးလံသော ခြေလှမ်းမျိုးနှင့် တံခါးသို့ ပြန်လျှောက်လာသည်။
“ဘုန်း”
တစ်စုံတရာက ထင်းတဲ၏တံခါးကို ရိုက်ခတ်လာသည်။
ယိုယွင်းနေသော သစ်သားတံခါးက ထိုသို့အရိုက်ခံရချိန်တွင် လေးလံလွန်းသော အသံမျိုးကို ထုတ်လွှတ်လာသည်။ တုန်ခါသွား၏။
ပိုင်ရွှမ်းနှင့် အန်းနန်ယွမ်တို့ကလည်း ထိတ်လန့်မှုကြောင့် တုန်ယင်သွားသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရူနေကြသော ကြည့်ရှုသူများအားလုံးက ထိတ်လန့်လွန်းသဖြင့် အော်ပင်မအော်ရဲကြပေ။
ထင်းတဲလမ်းမှ မြှောက်တက်လာသော ဖုန်များအကြားတွင် ယန်ရှစ်ရွှမ်း၏ ပုံရိပ်က အမှောင်ထုအတွင်း ပုန်းကွယ်နေသည်။ သို့သော် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် တောက်ပနေသည့် မျက်ဝန်းတစ်စုံကမူ ထင်ရှားနေသေးသည်။
******