အပိုင်း(၁၀)
တံခါးကိုသာ လှမ်း၍ကြည့်မည်ဆိုလျှင် တံခါးကို ကျော်ဖြတ်လျက် ဝင်လာသော တဟူးဟူးအသံကို အတွင်းရှိ လူတိုင်းက ထင်ထင်ရှားရှား ကြားနိုင်လေသည်။ ထိုအသံက စိတ်လှုပ်ရှားလွန်းနေသော သားရဲတစ်ကောင်၏ လည်ချောင်းအတွင်းမှ လိမ့်တက်လာသော လေးလံသည့် အသက်ရှူသံလိုမျိုး ဖြစ်သည်။
ပိုင်ရွှမ်းက တစ်စုံတရာ အမှားလုပ်မိကြောင်း သိလိုက်သည် သူမက ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံးက တဆတ်ဆတ် တုန်ယင်နေသည်။ သို့သော် သူမ၏မျက်ရည်များက ပို၍သာ ဆိုးရွားစေသော ပုံစံမျိုးဖြင့် ဆက်တိုက်စီးကျလာသည်။
သူမ၏ ခပ်ပါးပါးလိမ်းထားသော မိတ်ကပ်များကိုပင် ပျက်ယွင်းသွားစေသည်။
သူမ၏ မျက်ဝန်းက ပြင်းထန်လွန်းသည့် ကြောက်လန့်မှုနှင့်အတူ ရွေ့သွားပြီး ယန်ရှစ်ရွှမ်းကို ကြည့်သည်။ သူမက ပြင်းထန်လွန်းသည့် ကြောက်လန့်မှုနှင့်အတူ အကူအညီတောင်းသည်။
မလှုပ်_ _ _ တံခါးအပြင်က အမည်မသိရတဲ့ အဲဒီမကောင်းဆိုးဝါးတွေက ဝင်လာတော့မယ် ငါ့ကို ကယ်ပါ ငါ့ကို ကယ်ပါ။
သို့ရာတွင် တံခါးအပြင်ဘက်ရှိ တစ်စုံတရာကမူ ပိုင်ရွှမ်းအား တုန့်ပြန်ချိန် အများကြီး မပေးခဲ့ချေ။
ဖျော့တော့သော လရောင်အောက်တွင် ထိုအရာ၏မျက်နှာက ကြောက်မက်ဖွယ် ကောင်းသော စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်လာသည်။ သူက လေးလံပြီး သံချေးများ တက်နေသည့် ပုဆိန်ကြီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ လက်ကို မြှောက်လိုက်လျက် တံခါးကို ခပ်ကြမ်းကြမ်း ခုတ်သည်။
“ခရက်”
သွေးများ စွန်းပေနေသည့် ထက်ရှသည့် ပုဆိန်က ဖျော့တော့သော ထင်းသားတံခါးကို ချက်ချင်းလိုလို ကွဲထက်သွားစေသည်။ ထိုသို့ဖြင့် သစ်သားတံခါးမှ အဟကြောင်းတစ်ခု ပေါ်လာသလို ဖုန်များကလည်း လွှင့်ပျံလာသည်။
တံခါးအပြင်ဘက်ရှိ ထိုအရာ၏အရိပ်က ဟသွားသော အဟကြားနေရာမှတဆင့် ထင်းတဲသို့ အရိပ်ကျလာသည်။
ပိုင်ရွှမ်းက ပါးစပ်ကို ခပ်တင်းတင်း အုပ်ထားပြီး မည်သည့်အသံမှ မထုတ်အောင် တားထားသည်။ အန်းနန်းယွမ်၏ ရင်ဘတ်ကလည်း ခပ်ကြမ်းကြမ်း တုန်ယင်နေသည်။ သူက သူ၏ပြင်းထန်လွန်းသော ကြမ်းတမ်းသည့် အသက်ရှူသံကို ကြားနေရသည်။
ယန်ရှစ်ရွှမ်း၏နူတ်ခမ်းမှ အပြုံးက ပို၍သာ ကြီးလာသည်။
သူက သူ၏ဖျော့တော့စွာ နီရဲနေသည့် နူတ်ခမ်းပါးများကို သုံးကာ ရယ်လိုက်သည်။ တည်ငြိမ်မှုအောက်တွင် အဖုံးကွယ်ခံထားရသည့် ရူးသွပ်မှုက ချုပ်ထိန်းမှုတိုင်းကို ဖောက်ဖျက်လျက် အပြင်သို့ ထွက်လာပြီး ထိုအရာနှင့် ခပ်ကြမ်းကြမ်း သဘောတကျ တိုက်ခိုက်ချင်နေသည်။
ယခုလိုစိတ်လှုပ်ရှားဖွယ်ကောင်းသော အခိုက်အတန့်အောက်တွင် ယန်ရှစ်ရွှမ်း၏ အာရုံခံနိုင်စွမ်းအားက အမြင့်အဆုံးအထိ ကွက်တိ ထိုးတက်သွားသည်။
ထင်းသားတံခါး အဟကြားကို ကျော်ဖြတ်လျက် အပြင်ဘက်တွင် ရှိနေသည့် ကြီးမားကာ ဖောင်းကားပြီး နီရဲတောက်ပေနေသည့် ပုံရိပ်ကြီးကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။ ထိုအရာ၏ ထိပ်ပိုင်းတွင် တဒုန်းဒုန်းခုန်ကာ လှုပ်ခါနေပုံပေါ်သည့် အနီရောင် အရိပ်များက အလောင်းတစ်ခု၏ အရေခွံများကို အသက်ရှင်ချိန် ကတည်းက ဆွဲဆုတ်ပြီးမှ ပြန်ထိုးသိပ်ထားခဲ့ပုံ ပေါ်လေသည်။
ခုန်လှုပ်နေသော သွေးပြန်ကြောများ၊ ကြွက်သာများကို ထင်ရှားစွာ မြင်နိုင်သည်။ သို့သော် သွေးများက ဆက်စီးနေ၏။
ယန်ရှစ်ရွှမ်း၏ သွယ်လျပိန်ပါးသော ကိုယ်က ဘေးဘက်သို့ ချက်ချင်းခုန်လိုက်ကာ ထောင့်တစ်နေရာနားတွင် ရှိနေသည့် အိုဟောင်းနေသော ထင်းထုတ်တစ်ချောင်းကို ခပ်မြန်မြန် ကောက်ကိုင်လျက် မည်သည့်အသံမှ မထွက်စေရအောင် သတိ ကြီးကြီးထားပြီး လှုပ်ရှားလိုက်သည်။
ထိုအရာကမူ အတွင်းဘက်သို့ ဖောက်မမြင်နိုင်သေးချေ။ သို့သော် ပိုင်ရွှမ်းနှင့် အန်းနန်ယွမ်ထံမှ လာသည့် ကြောက်လန့်မှုကို ခံစားနိုင်သည်။ ထို့ကြောင့် သူက စိတ်လှုပ်ရှားစွာ ဩရှသော အသံကြီးနှင့် အော်ရယ်သည်။ ထို့နောက် ပုဆိန်ကို ထပ်မြောက်ကာ ခုတ်ပြန်သည်။
“ဝုန်း”
တံခါးကြီးက ခပ်ကြမ်းကြမ်း တုန်ခါသွားပြီး နေရာတွင်ပင် လဲပြို ကျသွားမည့်ပုံ ပေါ်သည်။ မူလက ကျဉ်းမြောင်း ရှည်လျားသည့် အဟကြောင်းက ပို၍သာ ကြီးမားသွားလျက် သစ်သားအစစိုင်များက အရပ်မျက်နှာအနှံ့ လွှင့်စင်ကုန်သည်။ ထပ်ခါတလဲလဲ ကျယ်အောင် ခုတ်ချရင်း အချဲ့ခံနေရပြီးနောက်တွင် ထိုအပေါက်က အရွယ်ရောက်ပြီး လူတစ်ယောက်၏ လက်သီးတစ်လုံးစာ ဝင်နိုင်လောက်အောင် ကျယ်သွားသည်။
ဝင်ပေါက်၏အပြင်ဘက်တွင် ရှိနေသော ထိုအရာ၏ အရိပ်ကြီးက အတွင်းသို့ ဆက်တိုက်ကျလာသလို သူ၏နီရဲတောက်ပေနေသော ကြီးမားသည့် ခေါင်းကြီးက ထိုအဝနားကပ်လာပြီး စိတ်လှုပ်ရှားလွန်းနေသော အပြုံးနှင့်အတူ မြူဆိုင်းနေပုံပေါ်ပြီး မျက်အိမ် မရှိသည့်အတွက် တသီးတသန့်တည်ရှိနေသည့် မျက်လုံးကြီးကို သုံးလျက် အတွင်းသို့ ငုံ့ကြည့်လာသည်။
ပိုင်ရွှမ်းက မတော်တဆ ထိုမျက်လုံးကြီးကို မြင်လိုက်မိသည်။ ဒီညအတောအတွင်း မယုံနိုင်စရာကောင်းလောက်အောင် ကြောက်လန့်မှု အပြည့်ကို ကြုံဆုံခဲ့ပြီးနောက် သူ၏စိတ်ပိုင်းဆိုင်ရာ ခုခံနိုင်စွမ်းအားက ယခုလို မြင်လိုက်ရသော လူသားများ၏ လက်ခံ နိုင်စွမ်းအားကို ကျော်လွန်သည့် ခြောက်ခြားဖွယ် ကောင်းသော မြင်ကွင်းမျိုး၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီး ထိန်းချုပ်ရန် ခက်ခဲသော ပုံစံမျိုးဖြင့် အသားကုန် အော်လိုက်မိသည်။
အန်းနန်ယွမ်၏ နူတ်ခမ်းသားက တဆတ်ဆတ် တုန်ယင်လျက် သူ၏အဝတ်များက ချွေးစေးများက စိုရွှဲနေသည်။ သူ၏ပါးစပ်က ခပ်ကျယ်ကျယ် ဟလာသည်။ သို့သော် သူ၏ ယခင် ကျွမ်းကျွင်လွန်းသော ဗော်ကယ် စွမ်းအင်များက ထိန်းချုပ် ခံထားရပုံ ပေါ်သည်။ သူက ကြောက်လန့်လွန်းသဖြင့် မည်သည့်အသံမှ မထုတ်နိုင်ချေ။
ထိုအရာက သစ်သားတံတားထောင့်နားတွင် ပုန်းကွယ်နေသော ယန်ရှစ်ရွှမ်းကို မမြင်ချေ။ သို့သော် အတွင်းမှ လူငယ်နှင့် အမျိုးသမီး၏ တုန့်ပြန်မှုကြောင့် အလွန့်အလွန် ကျေနပ်သွားသည်။
ထို့ကြောင့် သူက စိတ်လှုပ်ရှားသွားသည်။ တဟူးဟူး ရယ်သံကို ထုတ်သည်။ ကိုယ်ကို တစ်ဖန် ပြန်မတ်လိုက်ပြီး ပုဆိန်ကြီးကို လွှဲယမ်းလိုက်ကာ တံခါးကို အပြည့်အဝ ကွဲထွက်သွားအောင် လုပ်လိုသည်။
ပိုင်ရွှမ်းနှင့် အန်းနန်ယွမ်တို့ကလည်း နောက်ဆုံးသော အကာအကွယ်လွှာက ဖျက်ဆီးခံရတော့မည့် အခြေအနေကို ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေကြပြီး ကြုံတွေ့ရမည့် အန္တရယ်နှင့် သေဆုံးခြင်းကို လက်ခံရတော့မည့် စိတ်ပျက်၊ အားငယ်သော မျက်နှာထားမျိုးကို ပြနေကြသည်။ ယန်ရှစ်ရွှမ်း၏ မျက်ဝန်းကမူ တောက်ပလာသည်။ သူ၏အမြင်တွင် ထိုအရာ၏လှုပ်ရှားမှုတိုင်းကို သူက အပေါက်မှတဆင့် မြင်နိုင်ရသည်။ သူ၏ အမြင်တွင် ထိုအရာ၏လှုပ်ရှားမှုက အလွန့်အလွန့် နှေးကွေးနေသည်။ နောက်ဆုံးတွင် ပုဆိန်က အောက်သို့ ကျလာသည်။
အခုပဲ…
နောက်ဆုံးတွင် လျှပ်စီးဖြတ်ကနဲ လက်သွားသလို အရှိန်မျိုးဖြင့် ယန်ရှစ်ရွှမ်း၏ကြွက်သားများက ချက်ချင်းဆိုသလို တင်းကြပ်သွားပြီး တံခါးသို့ ခပ်မြန်မြန် ခုန်ထွက်သွားသည်။ သူ၏လက်ထဲမှ ထင်းတုတ်ချောင်းကို လှပသော ပန်းရိုးတိုင်လေးတစ်ခု ကိုင်ထားသလို ပုံစံမျိုးဖြင့် ဝှေ့ယမ်းလျက် ထင်းတဲအဝသို့ တိုက်ရိုက်ညွှန်လိုက်ကာ ပုဆိန်ကျလာမည့် နေရာနားသို့ ဆက်တိုက် ထိုးဝင်သွားစေသည်။
သတ္တုက သစ်သားကို လွှမ်းမိုးနိုင်သည်။ သစ်သားက မီးကို ဖန်တီးနိုင်၏။ မီးက သတ္တုကို တစ်ဖန်ပြန်လည် လွှမ်းမိုးနိုင်ပြန်သည်။ ကောင်းကင်နှင့် မြေကြီးအတွင်းရှိ အခြေပြုစွမ်းအင် ငါးမျိုးလုံးက အချင်းချင်း ဆက်နွယ်နေကြခြင်း ဖြစ်သည်၊
ယန်ရှစ်ရွှမ်းက ခပ်တင်းတင်းအော်သည်။
“အာ့ ချီကိုတွန်း တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး အစစ်အမှန်အဖြစ် ပြောင်းလိုက်။ လေနဲ့မိုးကြိုးက ဟွမ်နင်နဲ့ အလျင်စလို တွေ့ဆုံကြတဲ့အခါ မြူထုတွေက ပြောင်းလဲသွားရတယ်။ လျှပ်စီးနဲ့ မိုးကြိုးတွေက ဟိန်းဟောက်လာတဲ့အခါ ခေါ်သံကြားတာနဲ့ ရောက်လာရမယ်။ ယန်ရဲ့နိုးထမှုနဲ့ ခပ်မြန်မြန်လှုပ် ယူ”
မိုးကြိုးအဆောင်ဂါထာ ငါးလုံးက လေထဲတွင် တခွဲတပြားစီ ဖြစ်လျက် ရွှေရောင်စာသားများဖြင့် ပေါင်းကာ ထွက်ပေါ်လာသည့်အချိန်တွင် လေထဲတွင် ရှည်လျားပြီး အဆုံးအစမဲ့သကဲ့သို့ ထင်ရသည့် ရွှေရောင်အလင်းတန်းပေါင်းများစွာက မျောလွင့်၍လာသည်။ ထို့နောက် မကြာခဏဆိုသလို မိုးခြိမ်းသံ၊ လျှပ်စီးလက်ပုံမျိုးကို မြင်ရပြန်သည်။
နောက်ဆုံးအသံကို ရေရွတ်ပြီးနောက် ထိုရွှေရောင်အလင်းက ယန်ရှစ်ရွှမ်း၏လက်ထဲမှ သစ်သားတုတ်ကို ရစ်ပတ်လိုက်သည်။ ထို့နောက် တသားတည်းပေါင်းသွား၏။
မိုးကြိုးက သစ်သားအတွင်းသို့ စီးဝင်သွားပြီးနောက် မီးတောက်ကို လည်ပတ်စေလျက် မိစ္ဆာဝိဉာဉ်တိုင်းကို မောင်းထုတ်နိုင်သည်။
ထက်ရှသော ပုဆိန်အောက်မှ ယိုယွင်းနေပြီဖြစ်သည့် သစ်သားတုတ်က ရုတ်တရက် သံမဏိဓားကဲ့သို့ မာကျောသွားပြီး မိုးကြိုးနှင့်လျှပ်စီးစွမ်းအင်များက ထခုန်သည်။
ထိုတုတ်က ပုဆိန်နှင့် ထိပ်တိုက်တွေ့ဆုံသောအခါ ကြွပ်ရွသော အသံမျိုးကို ထုတ်သည်။ သို့သော် တိုက်ကွက်ကို မရပ်တန့်ခဲ့ချေ။
ပုဆိန်ခေါင်းက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားသည်။ သစ်သားတုတ်ကမူ အပေါက်ကို ကျော်ဖြတ်လျက် အပြင်ဘက်ရှိ တစ်စုံတရာထံ တိုးဝင်သွားသည်။
“ကျစ်”
နီရဲပူပြင်းသော သံမဏိက အသားကို ထိုးဖောက်လိုက်သလို အသံမျိုးဖြစ်သည်။ သစ်သားတုတ်က ထိုအရာနှင့် ထိတွေ့လိုက်သည့် တခဏတွင် အသားလောင်ကျွမ်းသံ တဆစ်ဆစ်မြည်သံက ထွက်ပေါ်လာသည်။ ထို့နောက် အနက်ရောင်မီးခိုးများက လိမ့်တက်လာ၏။
သူ၏နှုတ်ခမ်းတွင် ရူးသွပ်ကာ ကြောက်မက်ဖွယ်ကောင်းသော အပြုံးမျိုးကို ချိတ်ဆွဲထားသည့် ယန်ရှစ်ရွှမ်းက သူ၏လက်ချောင်းများကို သုံးလျက် တုတ်ကို တဖန်ထိုးထည့်လိုက်ကာ ထိုအရာပေါ်သို့ ဂါထာသင်္ကေတများကို ဆက်တိုက်ရေးဆွဲလိုက်သည်။ သူက အရှည်လိုက် ဆက်တိုက်ဆွဲချလိုက်ခြင်း ဖြစ်သည်။
“အား”
ထိုအရာက နာကျင်သွားပုံပေါ်ပြီး ငယ်သံပါအောင် အော်ဟစ်သည်။ သူ၏လက်ထဲမှ ပျက်စီးသွားသည့် ပုဆိန်ကိုပင် လွှတ်ချလိုက်၏။ ထို့နောက် လက်နှင့် ခြေထောက်များကို နောက်သို့ ပြန်လှည့်ကာ ခပ်မြန်မြန် ပြေးသည်။ သူက သစ်သားတုတ်၏ အဝေးသို့ ထွက်ပြေးချင်သည်။
ထိုသို့ဖြင့် လောင်ကျွမ်းနေသော ရနံ့နှင့် အနက်ရောင် မီးခိုးများကသာ ကျန်ရစ်ပြီး ထင်းတဲအတွင်း ဝန်းရံနေသည်။
မူလကမူ သူက ကိုယ်ပိုင်သားကောင်ကို ဖမ်းရန် ပြုလုပ်ထားသော အပေါက်ဖြစ်သည်။ ထိုအပေါက်က သူ့ကို အမဲလိုက်ရန်အတွက် ဖြစ်သွားသည်။ ကြောက်လန့်သင့်သော တစ်စိမ်းက မကောင်းဆိုးဝါး၏ အသည်းနှင့် သည်းခြေများကိုပင် ကွဲထွက်အောင် လုပ်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတရာ ဖြစ်သွားသည်။
ထင်းတဲတံခါးတွင် ထိုအပေါက် ရှိနေသဖြင့် ထိုအပေါက်မှတဆင့် ဥယျာဉ်၏ တိတ်ဆိတ်မှုကို မြင်နိုင်သည်။ အဲဒီက မကောင်းဆိုးဝါး၏ ပုံရိပ်က ပျောက်ကွယ် သွားပြီးနောက် စိမ်းလန်းစိုပြေသည့် နှင်းဆီချုံက လရောင်အောက်တွင် လှပလွန်းသော ပုံသဏ္ဍာန်မျိုးနှင့် ကျန်ရစ်သည်။
လေထဲတွင် ကျန်နေရစ်သေးသော လောင်ကျွမ်းသည့် ရနံ့နှင့် သူတို့ တစ်ယောက်ချင်းစီတိုင်း၏ ခုန်လှုပ်နေသော ကြမ်းတမ်းသည့် နှလုံးခုန်သံများကြောင့်သာ မဟုတ်လျှင် ယခုလေးတင် ဖြစ်သွားခဲ့သော ဖြစ်ရပ်က ထင်ယောင်ထင်မှားဟု ထင်မိလောက်သည်။
ပိုင်ရွှမ်းက တုန်ယင်စွာဖြင့် သူမ၏ပါးစပ်ကို အုပ်ထားသည့် လက်ကို ဖယ်လိုက်သည်။ သူမက ဂရုတစိုက် အသက်ရှူသည်။ ထို့နောက် ဆေးခြယ်ထားသော မျက်ခုံးနှင့် မျက်ဝန်းများက သူမ၏ အသားကုန် ငိုရှိုက်ခဲ့မှုကြောင့် ရှုပ်ထွေးသွားသည်။ ယခုလေးတင် ခံစားခဲ့ရသော ကြောက်လန့်မှုက မပျက်ပြယ်သေးချေ။ သူမ၏ တစ်ကိုယ်လုံးက ခပ်ခပ်ကြမ်းကြမ်း တုန်ခါနေသည်။
သို့သော် ခေါင်းကိုလှည့်ပြီး ယန်ရှစ်ရွှမ်းကို ကြည့်ရန် မမေ့ခဲ့ချေ။
လက်ထဲတွင် သစ်သားတုတ်ကို ကိုင်ထားသော ထိုလူငယ်က ပိန်ပါးကာ အရပ်ရှည်သည်။ သူက ထင်းတဲတံခါး အနောက်တွင် ရပ်လျက် ရှိနေသည်မှာ ထိုမကောင်းဆိုးဝါးနှင့် အနီးကပ်ဆုံးရှိခဲ့ကြောင်း ဖော်ပြနေသည်။ သို့သော် သူက ကြောက်လန့်ဟန်ပင် မရချေ။
ဘေးတိုက်ပုံသဏ္ဍာန်မျိုးနှင့် မြင်နေရသော ရှည်လျားသော စူးရှသည့် မျက်ခုံး၊ သူ၏ရှည်လျားပြီး ကျဉ်းမြောင်းသော မျက်ဝန်းအတွင်းတွင် ရူးသွပ်မှုများက ပြည့်နှက်နေသည်။
အပြင်ဘက်ရှိ အေးစက်ကာ ဖြူဖျော့နေသည့် လရောင်က အပေါက်ကို ကျော်ဖြတ်လျက် ယန်ရှစ်ရွှမ်း၏ မျက်ဝန်းပေါ် ကျရောက်သွားသည်။ သူကလည်း ပိုင်ရွှမ်း၏ အကြည့်ကို သတိထားမိသည်။ သူက ခေါင်းလှည့်ကာ ပြန်ကြည့်လာသောအခါ သူ၏အကြည့်က တောက်ပပြီး စူးရှလွန်းနေသည်။ ထိုအတွင်းတွင် ရူးသွပ်မှုက မပျောက်ကွယ်သေးပေ။
ပိုင်ရွှမ်းသာ မကသေးလေပဲ တိုက်ရိုက် ထုတ်လွှတ်မှုအတွင်းမှ ကြည့်ရူသူတိုင်းကလည်း ယန်ရှစ်ရွှမ်း၏ ထက်ရှမှုကို မြင်လိုက်ရပြီး လေအေးများကို ရူရှိုက်ကာ ချောမောလွန်းသည့် အမျိုးသားကို ကြောင်အစွာ ကြည့်နေမိကြသည်။
ထိုမြင်ကွင်းက ဆယ်စက္ကန့်ကျော်သာ ကြာသည်။ သို့သော် ကြည့်ရှုသူတိုင်း၏ နှလုံးသားကို ဖမ်းစားနိုင်ပြီး သူတို့၏တွေးတော်နိုင် စွမ်းရည်တိုင်းကို ဆုပ်ယူသွားသည်။
လူသားများက အင်အားကြီးသူကို လေးစားသည်။ ယခုလို အင်အားကြီးသော သူများကို လေးစားအားကိုးလိုပြီး နောက်မှ လိုက်ပါလိုစိတ် ရှိသည်။
ယန်ရှစ်ရွှမ်းဟာလည်း သူ၏စွမ်းအားမျိုးဖြင့် လူအများစု၏ ယုံကြည်မှုကို အပြည့်အဝ ဖမ်းဆုပ်လိုက်နိုင်သည်မှာ ရှင်းလင်းသည်။ ထိုမျှ သောက်ကျိုးနည်း ကြည့်ကောင်းလွန်းသော မျက်နှာက ဖျော်ဖြေရင်း အသိုင်းအဝိုင်းအတွင်းမှ များပြားလှသော ချောမောသော ကောင်ငယ်လေးများ၊ အမျိုးသမီးပေါင်းများစွာကို တွေ့ခဲ့ဖူးသော ကြည့်ရူသူပေါင်းများစွာကိုပင် အလွန်အမင်း စိတ်လှုပ်ရှားသွားစေသည်။
_ _ _
အမေရေ ငါတော့ ချစ်မိသွားပြီထင်တယ်။
ဒီလူက တအားရူးသွပ်ပြီး အင်အားကြီးလွန်းတယ်။ စိတ်လှုပ်ရှားစရာပဲ။
“မင်းတို့ တအားကြောက်သွားတာလား”
ယန်ရှစ်ရွှမ်းက မျက်ခုံးပင့်ပြီး ပိုင်ရွှမ်းကို ကြည့်သည်။
“ဒီညတော့ ထင်းတဲထဲမှာပဲ နေလိုက်ရအောင်။ အာရုံတက်မှ ပြန်ကြတာပေါ့”
အနည်းငယ် မှင်သက်စရာများကို ကြုံဆုံပြီးနောက် ပိုင်ရွှမ်း၏ဦးနှောက်က အလိုအလျောက် ပိတ်ကျသွားပြီ ဖြစ်သည်။ သူ့ ဦးနှောက်က ပုံမှန်အလုပ်လုပ် မလုပ်နိုင်တော့ချေ။ ယန်ရှစ်ရွှမ်း၏အသံကို ကြားသောအခါ ထိုအတိုင်းသာ ခေါင်းညိတ်လိုက်သည်။
မည်သို့ပင်ဆိုစေ သူမကလည်း ကြောင်တောင်တောင်နိုင်သော စံအိမ်အကြောင်းကို နားလည်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်း၏ စကားကို နားထောင်ပြီး သူ့နောက်လိုက်သမျှ အသက်ရှင်နိုင်ပေလိမ့်မည်။
အန်းနန်ယွမ်၏ အော်ရဂျင်နယ် တိုက်ရိုက်ထုတ်လွှင့်မှု အခွဲဖန်သားပြင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ကြည့်နေကြသော ကြည့်ရှုသူတိုင်းက ထိုအခါမှသာ စိတ်အေး သွားကြတော့သည်။
တခြား အကြောင်းပြချက်လည်း မရှိဘူး။
ပရိုဂရမ်၏ တိုက်ရိုက်ထုတ်လွှင့်မှု အဓိကဖန်သားပြင်က နဂိုက မဲမှောင်နေရာမှ ရုတ်တရက် ပုံရိပ်တစ်ခုကို ဖမ်းယူမိသွားသည်။ မဲမှောင်နေသော စံအိမ်အတွင်းတွင် _ _ _ ပြတင်းပေါက်မှ ဖြာကျနေသော အေးစက်သော လရောင်အောက်တွင် အရေးအကြောင်းများ ပြည့်ကာ အမဲစက်များ ပြည့်နှက်နေသော အိုမင်းနေသော မျက်နှာတစ်ခုက ပေါ်လာသည်။ ထိုမျက်နှာတွင် ရက်စက်မှု၊ ဆိုးယုတ်သော သွင်ပြင်မျိုးက ပေါ်လာလေသည်။
လက်တိုဂျာကင်နှင့် ခေတ်ဟောင်းစတိုင် ပုံစံမျိုးကို ဝတ်ဆင်ထားသည့် ထိုလူအိုကြီး၏ တစ်ကိုယ်လုံးက သွေးများ စိုရွှဲနေသည်။ သူ၏တစ်ကိုယ်လုံးက သွေးများစိမ့်ဝင်လျက် ရှိသည်။ သူ၏လက်ချောင်းတွင်လည်း တစ်စုံတရာက စိုက်ဝင်နေသလိုမျိုး သူက ကွဲအက် ဩရှသည့် အသံမျိုးကို ထုတ်လွှတ်နေသည်။
သူက ဧည့်ခန်းထဲတွင် တပ်ဆင်ထားသည့် တိုက်ရိုက်ထုတ်လွှတ်မှု ပစ္စည်းများကိုလည်း ဂရုမစိုက်ချေ။ သူက ကင်မရာရှေ့ကို တိုက်ရိုက်ကျော်ြဖတ်သွားပြီး ဧည့်ခန်းကို ဝင်ရောက်လျက် ကြမ်းခင်းမှ မျက်နှာကျက်အထိ မြင့်မားသော ပြတင်းပေါက်ကြီးအနား ရပ်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု အဓိကဖန်သားပြင်သို့ ကြည့်နေကြသော ကြည့်ရှုသူများက ရုတ်တရက် ပေါ်လာသော ထိုမျက်နှာကြီးကို မြင်လိုက်ရပြီး ကြောက်လန့်လွန်းသဖြင့် ဖုန်းများကိုပင် လွှတ်လိုက်မိသည်။
{သောက်ကျိုးနည်း ဒါက လူလားသရဲလား။ ဘာလို့ အင်္ကျီမှာ သွေးတွေအရမ်း ပေနေတာလဲ။ သောက်ကျိုးနည်း ဒါက ဇာတ်ညွှန်းပါ ဇာတ်ညွှန်းလို့ ပြောစမ်းပါ။ ငါ ဒီရှိုးကို အရမ်းလေးစားပါတယ်။ အရမ်းကို အစစ်အမှန်ဆန်ပြီး ပြည်တွင်းက ရုပ်ရှင်တွေထက်တောင် ကြောက်စရာကောင်းသေးတယ်}
{ဒီအဖိုးကြီးရဲ့မျက်နှာပေါ်က အသက်အရွယ် ကြီးရင့်တာကြောင့် ဖြစ်လာတဲ့ အမဲစက်တွေမှ မဟုတ်တာ။ ဒါက အလောင်းအစက်တွေပဲ။ သူက အသက်ရှင်နေတာလား။ သေနေပြီးသားလား}
{ဒီအဖိုးကြီးက ဒီညနေက ပေါ်လာတဲ့ အိမ်တော်ထိန်း မဟုတ်လား။ ငါ အစောပိုင်း တိုက်ရိုက် ထုတ်လွှင့်နေတုန်းကလည်း ကြည့်လိုက်သေးတယ်လေ။ ဒီတော့ ငါသိတယ်}
{ငါတော့ သွားပြီ။ ငါ အခုလေးတင် ထင်းတဲတံခါးမှာ ပေါ်လာတဲ့ မကောင်းဆိုးဝါးကြီးက ကြောက်လွန်းလို့ သေမလို ဖြစ်ရုံရှိသေးတယ်။ အဲဒီနေရာကနေ ငါ ထွက်လာပြီး ဒီနေရာကို ရောက်လာတာ။ မမျှော်လင့်ထားပဲ ဒီအကောင်ကြီးကို တွေ့ရပြန်ပြီ}
{? ငါက ဒီအတိုင်း ဆိုရှယ်ပလက်ဖောင်းက ဝင်ရောက်လာတာပါ။ ဒါက အစစ်အမှန်ဘဝကို သုံးတဲ့ ထိတ်လန့်သဲဖိုဂိမ်းပုံစံမျိုး တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းလား]
…
စောင်အောက်တွင် တုန်ယင်နေသော ကျန်းဝူပင်းက ကြောက်လန့်မှုကြောင့် ငိုလုနီးပါး ဖြစ်နေသည်။
သူက ယန်ရှစ်ရွှမ်းထံ ထိုတိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ စခရင်ရှုကိုပို့လိုက်သည်။
{ယန်ကော ဒီအဖိုးကြီးက မင်းကို ရှာနေတဲ့ပုံပဲ။ ငါ ဘယ်လိုလုပ်ရမလဲ}
ယန်ရှစ်ရွှမ်းက မျက်လုံးကိုငုံ့ပြီး ဖန်သားပြင်ပေါ်မှ ပုံရိပ်ကို ကြည့်သည်။ သူက ခေါင်းကိုပြန်မော့ကာ သစ်သားတံခါး အဝကြားမှတဆင့် အတွင်းသို့ ပြန်ကြည့်ရင်း စိတ်လှုပ်ရှားသော အပြုံးမျိုးကို ပြုံးသည်။
သူက ထိုအပေါက်မှတဆင့် စံအိမ်ဧည့်ခန်း ပြတင်းပေါက်အနားတွင် ရပ်နေသော ရန်ငြိုးအပြည့်နှင့် မျက်နှာကို မြင်နိုင်ပုံပေါ်သည်။
ယခုတလော ဖြစ်ပျက်သွားသော ကိစ္စများကြောင့် ထိတ်လန့်တုန်ယင်နေသော ပိုင်ရွှမ်းနှင့် အန်းနန်ယွမ်တို့၏ မျက်နှာတို့က ဖြူဖျော့လျက်သား ရှိနေသေးသည်။ ဒီနေရာတွင် သူတို့၏အသက်ကို ခြိမ်းခြောက်နိုင်သော မကောင်းဆိုးဝါးများ မရှိတော့သလို အန္တရာယ်ကင်းသွားကြောင်း သိရမှသာ သူတို့က ယန်ရှစ်ရွှမ်းနားတွင် ထိုင်နိုင်သွားသည်။
ကြောက်လန့်မှုက သူတို့၏ခန္ဓာကိုယ် အင်အားနှင့် စိတ်ဓာတ်အင်အားများကို သယ်ဆောင်သွားသည်။ ထို့ကြောင့် စိတ်အေးသွားသော အချိန်တွင် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးက မောပန်း နွမ်းနယ်နေကြောင်း ခံစားလိုက်ကြရသည်။
ပိုင်ရွှမ်းနှင့် အန်းနန်ယွမ်တို့ကလည်း သူတို့၏ အိုင်ဒေါလ်၊ စတားဆိုသော အဆင့်အတန်းမျိုးကို ဂရုမစိုက်နိုင်တော့ချေ။ ပုံမှန်အားဖြင့် စကန်ဒယ်များ မထွက်အောင် ဆိုရှယ်ဒစ်စတန့် ထားရမည့် အကွာအဝေးကိုလည်း ဂရုမစိုက်နိုင်တော့ချေ။
သူတို့နှစ်ယောက်က သေဘေးမှအတူ လွှတ်မြောက်လာကာစ ဖြစ်သည်။ သူတို့က တစ်ယောက်ကျော တစ်ယောက်မှီလျက် ယန်ရှစ်ရွှမ်း အနားကပ်လျက် ခေါင်းချင်း ငိုက်စိုက်ကျပြီး အိပ်မော ကျသွားလေသည်။
လက်ပိုက်လျက် ထင်းတဲ၏အုတ်နံရံကို မှီကာထားသော လက်ပိုက်လျက်သား ရှိနေသည့် ယန်ရှစ်ရွှမ်းက တစ်ဝက်ဖွင့် တစ်ဖက်မှိတ်ထားသော ပုံစံမျိုးဖြင် တစ်စုံတရာကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။ ထိုအခိုက် မိုးကုပ် စက်ဝိုင်းတည့်တည့်မှ ဖျော့တော့သော ပထမအလင်းတန်းက ကျရောက်လာသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ရှေ့တွင် တစ်ချိန်လုံးထိတ်လန့်စွာ စောင့်ဆိုင်းနေခဲ့ရသော ကြည့်ရှုသူများကလည်း ထိုအခါမှသာ စိတ်အေးသွားနိုင်သည်။ သူတို့က ပင်ပန်းနွယ်နယ်စွာဖြင့် အိပ်ယာပေါ်သို့ လဲကျသွားကြသည်။
{နောက်ဆုံးတော့ မိုးသောက်သွားပြီ။ တော်တော်ကို ရှည်ကြာလွန်းတဲ့ညပဲ]
{ယန်ရှစ်ရွှမ်းက မိုးသောက်တဲ့ထိ စောင့်မယ်လို့ ပြောထားခဲ့တာ မဟုတ်လား။ အခုတော့ လှုံခြုံသွားပြီပေါ့}
{လှုံခြုံသွားပြီ လှုံခြုံသွားပြီ ဟူး။ ငါ ဘဝမှာ ဒီလောက်ထိ ထိတ်လန့်ပြီး ကြောက်လန့်ရတဲ့ ရုပ်ရှင်မျိုးတောင် မကြည့်ဖူးပါဘူး}
ပိုင်ရွမ်းနှင့် အန်းနန်ယွမ်တို့ကလည်း တစ်ယောက်ပြီး တစ်ယောက်နှိုးလာသည်။
“မိုး မိုးလင်းသွားပြီလား”
အန်းနန်ယွမ်က တံခါးအပြင်ဘက်မှ ဖောက်ဝင်လာသည့် အလင်းများကိုကြည့်ပြီး အလောတကြီး ပြောသည်။
“ငါတို့ ပြန်လို့ရပြီပေါ့”
ပိုင်ရွမ်းကလည်း မနေ့ညက အဖြစ်အပျက်ကို ပြန်တွေးမိပြီး ငိုချင်သွားသည်။
“ကောင်းလိုက်တာ နောက်ဆုံးတော့ ဒီအရာတွေကို ထပ်တွေ့စရာ မလိုတော့ဘူး”
သူတို့နှစ်ယောက်က တံခါးဘက်သို့ လျှောက်သွားရန်ပြင်ဆင်လိုက်သည်။ သို့ရာတွင် ယန်ရှစ်ရွှမ်းကမူ လက်ဆန့်ထုတ်ပြီး တားသည်။
“နေဦး”
ယန်ရှစ်ရွှမ်းက ခပ်မတ်မတ် ထရပ်လိုက်သည်။ သူ၏ တစ်ဝက်သာဖွင့်ထားသော မျက်ဝန်းက အပြည့်အဝပွင့်သွားသည်။
“မိုးလင်းတာတော့ ဟုတ်တယ်။ ဒါပေမယ့် အပြင်မှာ အရိပ်တွေ ရှိနေတုန်းပဲ”
သူတို့နှစ်ယောက်က ကြောင်သွားသည်။ ယန်ရှစ်ရွှမ်းက ဘေးဘက်ရှိ သစ်သားတုတ်ကို ကောက်ကိုင်လိုက်ပြီး ခပ်မြင့်မြင့်မြှောက်ကာ ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။
“ဝူး”
သစ်သားတံခါးက တုံ့ပြန်သလို တုန်ယင်သွားသည်။
တစ်ချိန်တည်းတွင်ပင် အပြင်ဘက်ရှိ ထင်းတဲ၏ အရိပ်ကျသော နေရာမှ အရိပ်တစ်ရိပ်ထံမှ ထွက်လာသည့် အော်သံကို ကြားလိုက်ရသည်။
“အား”
လူပေါင်းများစွာ၏ အရှေ့တွင် လူသားပုံသဏ္ဌန်ရှိသော အနီရောင်အရာက အလင်းကို ခံနိုင်သောစွမ်းရည် မရှိတော့ပဲ နေရောင်အောက်တွင် ကွက်တိပေါ်လာသည်။ ခန္တာကိုယ်က တွန့်လိမ်ကာ ရုန်းကန်နေသည်။ သို့သော် နေရောင်အောက်တွင် အနက်ရောင် မီးခိုးများအဖြစ် ပြောင်းလဲကာ လောင်ကျွမ်းသွားသည်။
တောင်တန်းလေပြေက တိုက်ခတ် လာသောအခါ အရာအားလုံးက ပျောက်ကွယ် သွားသည်။
မူလကက စိတ်အေးသွားသော ပိုင်ရွှမ်းနှင့် အန်းနန်ယွမ်တို့က တုန်ယင်သွားပြန်သည်။ သူတို့က ချွေးစေးများ ပျံသွားကြသည်။
ယန်ရှစ်ရွှမ်းက သစ်သားတုတ်ကို ထင်းတဲသို့ ပြန်ပစ်ထည့်လိုက်သည်။ ထို့နောက် အပြင်ဘက်သို့ အရင်ထွက်၏။
“သွားမယ်”
သူက ပြုံးလိုက်ပြီး အနောက်မှ နှစ်ယောက်ကို ကြည့်သည်။
“အခု မင်းတို့ ပြန်ပြီး အိပ်လို့ရပြီ”
******