Ch 11
Viewers 7k

အပိုင်း(၁၁)

 

ယန်ရှစ်ရွှမ်း၏ အခွဲဖန်သားပြင် ရိုက်ချက်မှတဆင့် သူဟာ တစ်ဖက်သူနှစ်ယောက်ကို စံအိမ်အတွင်းတွင် တည်ငြိမ်စွာ ဦးဆောင်ခေါ်လာကြောင်း မြင်လိုက်ရမှသာ လူတိုင်းဟာ လုံခြုံကြောင်း နားလည်လိုက်ပြီး ကျန်းဝူပင်းက စိတ်အေးသွားသလို နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားသည်။ တစ်ညလုံး တောင့်တင်းနေခဲ့သည့် ခန္ဓာကိုယ်က မောပန်းနွမ်းနယ်စွာဖြင့် ပြိုလဲ ကျသွားသည်။ သူ၏ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် သူဟာ ငယ်ရွယ်စဉ် ကလေးဘဝကတည်းက မသန့်ရှင်းသော အရာပေါင်းများစွာနှင့် မကြာခဏ ကြုံတွေ့လေ့ရှိသည်။ ထိုအတွက်ကြောင့်လည်း သူ၏မိဘများက သူ့ကို ဝူပင်းဟူ၍ အမည်ပေးထားခဲ့ပြီး သူ၏ဘဝတစ်ခုလုံး ဖျားနာခြင်း ကင်းဝေးလျက် ကပ်ဘေးကင်းဝေးသော ဘဝမျိုးတွင် နေထိုင်နိုင်ရန် မျှော်လင့်နေကြခဲ့သည်။

 

သို့တိုင်အောင် ကျန်းဝူပင်းအနေဖြင့် ဒီနေ့လောက်အထိ စိတ်ပိုင်းဆိုင်ရာ အရပင် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ အရပင် ဖြစ်စေ မောပန်းခဲ့ရသည့် နေ့ရက်မျိုးကို မကြုံတွေ့ဖူးသေးချေ။ သူက ကြောက်လန့်လွန်းသဖြင့် အပြည့်အဝပင် မသက်သာ နိုင်ခဲ့ချေ။

 

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရန်သူက မည်သူဖြစ်ကြောင်း မသိနိုင်သလို ယခုလို ခြောက်လန့်ရသည့် ရည်ရွယ်ချက်ကိုလည်း မသိနိုင်လေရာ ကျန်းဝူပင်း တစ်ဘဝလုံး ရင်ဆိုင် တွေ့ကြုံနေခဲ့ဖူးသော သရဲများထက်ပင် ကြောက်စရာ ကောင်းလွန်း နေသည်။

 

ကျန်းဝူပင်းက ကွေ့ရှန်းမှ ပရိုဂရမ်အဖွဲ့၏ ခရီးကို အဆုံးသတ်ပြီး ဒီသရဲများ ပြည့်နှက်နေသော နေရာက ချက်ချင်း ထွက်ခွာသွားရန် အတွေးရမိသေးသည်။

 

သို့ရာတွင် ယခုအခြေအနေမှာ ရှိုးကို ရပ်တန့်ရန် နောက်ကျသွားပြီ ဖြစ်သည်။

 

တစ်ညလုံးနီးပါး ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရသည့်အပြင် စိတ်လှုပ်ရှားဖွယ် ကောင်းသော အခိုက်အတံ့များကို ကြုံတွေ့ခဲ့ရပြီးနောက် တိုက်ရိုက်ထုတ်လွှတ်မှုက ဆိုရှယ်ပလက်ဖောင်း အသီးသီးတွင် အလွန်လွန့် ကျော်ကြားသွားသည်။ ကြည့်ရှုသူများ အားလုံးကလည်း သရဲများ ပေါ်ပေါက်လာမှုကို ကိုယ်တိုင်မျက်မြင် ကြုံတွေ့လိုက်ကြရလေသည်။ ထိုသို့ဖြင့် ဝင်ရောက်ကာ စခရက်ရှ်လုပ်ရန် ကြည့်ရှုသူ သိန်းကျော်ကိုပင် ဆွဲဆောင်နိုင်ခဲ့သေးသည်။ လူသောင်းပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာကြသည်။ ထိုသို့ဖြင့် ရသစုံရှိုးစတား၏ အာရုံကိုပင် ဆွဲဆောင်သွားသည်။ ဆိုရှယ်ပလက်ဖောင်းများ၏ အချိန်နှင့် တပြေးညီဖော်ပြနေသည့် ကျော်ကြားမှု စာရင်းတွင် ရောက်ရှိလာသေးလေသည်။

 

ရှိုး၏လှုပ်ရှားမှုတိုင်းကို မျက်လုံးပေါင်းများစွာက စောင့်ကြည့်နေသည်ဟု ဆို၍ရသည်။ မနေ့ညက မတော်တဆမှုက ရုတ်တရက် ဖြစ်လာခဲ့သည်။ လူတိုင်း၏အာရုံကလည်း ထိုထူးဆန်းသော မတော်တဆမှုထံ ရောက်သွားသည်။ ကြောက်လန့်မှုနှင့် တောင့်တင်းမှုများအောက်တွင် သူတို့က အချိန်တစ်ခု ကြာသည်အထိ ထိုသရဲများနှင့် ပတ်သက်မှုနှင့် မတော်တဆမှု အကြောင်းအရာကို အမှန်တကယ် အာရုံ မစိုက်နိုင်ခဲ့ကြချေ။

 

ကြည့်ရှုသူများက တုန့်ပြန်နိုင်ချိန်တွင် နောက်ဆုံး ရက်အနည်းငယ်အတွင်း ပရိုဂရမ်အဖွဲ့ကက သေချာပေါက် သင့်တော်သည့် ရှင်းပြမှုမျိုး ပြု‌ပေးရတော့မည် ဖြစ်သည်။ သို့မဟုတ်လျှင် တိုက်ရိုက်ထုတ်လွှင့်မှု၏ ခွင့်ပြုမိန့်ဆိုသော အကြောင်းအရာကို မဆိုထားဘိ ကျန်းဝူပင်း အပါအဝင် ပရိုဂရမ်အဖွဲ့တစ်ခုလုံးကို ဗီဒီယိုပလက်ဖောင်းနှင့် ဆင်ဆာရှစ်ရုံးတော်က ဘလက်လစ် တင်လိုက်နိုင်သည်။

 

ဒီလိုအချိန်မှ ကွေ့ရှန်းက ထွက်သွားရင် ဒီနေရာမှာ ငွေထည်သုံးရာ မပါပဲ ထွက်သွားရသလို ဖြစ်မနေဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီသရဲတွေက အစစ်အမှန်ဆိုတာ ရှင်းလင်းသွားမှာပေါ့။

 

အခန်းထဲတွင် ကျန်းဝူပင်းက မနေ့ညက ထူးဆန်းသော မြင်ကွင်းများကို မည်သို့ ရှင်းပြသင့်ကြောင်း ဆွေးနွေးရင်း ဗျာများနေသည်။ သူက ဝန်ထမ်းများနှင့် ဧည်သည့်များကိုလည်း တစ်ယောက်ပြီးတစ်ယောက် ဖုန်းခေါ်ကာ သူတို့က လုံခြုံမှ ရှိမရှိ အတည်ပြု‌သေးသည်။

 

ထိုအချိန်တွင် ယန်ရှစ်ရွှမ်းက ပိုင်ရွှမ်းနှင့် အန်းနန်ယွမ်တို့ကို ခေါ်လျက် စံအိမ်တံခါး အဝသို့ လျှောက်လာပြီဖြစ်သည်။

 

ယန်ရှစ်ရွှမ်းက တံခါးကို မတွန်းဖွင့်ရသေးခင် လေးလံသော သတ္တုတံခါးကြီးက အလိုအလျောက် ပွင့်သွားသည်။

 

တံခါး၏အနောက်တွင် ခံစားချက်မဲ့သော မျက်နှာမျိုးနှင့် အဆင့်အတန်းမြှင့် ဆုကို ဝတ်ဆင်ထားသော အိမ်တော်ထိန်းအိုကြီးက ရပ်နေသည်။ သူ၏တစ်ကိုယ်လုံးက မဲမှောင်နေသော ဧည့်ခန်းအတွင်း ပုန်းကွယ်နေသလို ဖြစ်နေပြီး ယန်ရှစ်ရွှမ်းအား နွေးထွေးမှု ကင်းမဲ့သော မျက်ဝန်းမျိုးဖြင့် ကြည့်လေသည်။

 

“စံအိမ်ရဲ့ တာဝန်ခံတစ်ယောက် အနေနဲ့ ဧည့်သည်တွေကို အပြင်ဘက်မှာ ညလုံးပေါက် နေခိုင်းခဲ့မိတာ ငါ့ရဲ့အမှားပါ”

 

အိမ်‌တော်ထိန်းအိုကြီး၏ မျက်နှာတွင် အတုအယောင်ဆန်သော တောင့်တင်းနေသည့် အပြုံးက ပေါ်ပေါက်လာသည်။ သူက ယန်ရှစ်ရွှမ်းကို ပြောသည်။

 

“တောင်တန်းတွေက အေးတယ်။ စံအိမ်ထဲမှာနေတာ အကောင်းဆုံးပဲ”

 

ယန်ရှစ်ရွှမ်းက အိမ်တော်ထိန်းအိုကြီး၏ ခြေလက်များကို တစ်ချက်ကြည့်လိုက်သည်။ မနေ့ညကထက် ပိုပြီး ထိုခြေလက်များက ပို၍ သွက်လက်လာသေးသည်။ သူက အပြုံးတစ်ပွင့်မျက်နှာနှင့် ပြောလိုက်သည်။

 

“ကြည့်ရတာ ဒီခရီးအတွက် မှန်ကန်တဲ့နေရာကို လာခဲ့မိတာပဲ။ ဒီနေရာက လူသားတွေ ထောက်ပံ့ပေးရုံတင် မဟုတ်ဘဲ လှပတဲ့ ဥယျာဉ်လဲ ရှိနေတယ်”

 

အနားရှိ ပိုင်ရွှမ်းကလည်း တစ်ညလုံး ထူးဆန်းသော အဖြစ်အပျက်ပေါင်းစုံကို ကြုံတွေ့ခဲ့ရပြီးနောက်တွင် စံအိမ်ဟာ ထူးဆန်းနေကြောင်း သိလိုက်သည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်းပြောသည့် လူသားဆိုသော အကြောင်းအရာကို ကြားလိုက်ရချိန်တွင် ယန်ရှစ်ရွှမ်းက နောက်နေသည်ဟု မထင်တော့ပေ။ သူမကလည်း မနေ့ညက အဖြစ်အပျက်ကို ပြန်တွေးမိသွားသည်။ အိမ်တော်ထိန်းအိုကြီးက ဟင်းပွဲများက ပျက်ဆီးသွားသောကြောင့် ညစာစားချိန်က နောက်ကျသွားခဲ့ကြောင်း ပြောခဲ့သည်။

 

ယန်ရှစ်ရွှမ်းကလည်း မနေ့က ကတည်းက အဲဒီပါဝင်ပစ္စည်းတွေက တစ်ခုခု မှားနေတာကို သိခဲ့လို့ တမင်လုပ်ခဲ့တာ များလား။

 

ပိုင်ရွှမ်းအနေနှင့် မည်သို့တွေးနေစေကာမူ ယန်ရှစ်ရွှမ်းကြောင့်သာ မဟုတ်လျှင် သူတို့က လူသားစားရနိုင်ချေ ရှိသော အကြောင်းအရာကို တွေးမိချိန်တိုင်း သူမ၏ ပြောင်ရှင်းနေသော အစာအိမ်ထဲမှ အက်ဆစ်များ မြှင့်တက်လာသလိုပင် ခံစားရသေးသည်။

 

သူမက အန်ချင်စိတ်ကို အသားကုန် ဖိနှိပ်ပြီး ပြဿနာ ရှိကောင်းရှိနေလောက်မည့် အိမ်တော်ထိန်းအိုကြီး၏ အရှေ့တွင် အမှားအယွင်းကို မဖော်ပြမိအောင် နေသည့်အချိန်တွင် ယန်ရှစ်ရွှမ်းကိုလည်း ကျေးဇူးတင်စိတ် အပြည့်နှင့် ကြည့်နေမိသေးသည်။ မနေ့ညက စံအိမ်ဧည့်ခန်းအတွင်းတွင် သွေးများစိုရွှဲပြီး အလောင်းကောင်ကဲ့သို့ ပုံစံမျိုးဖြစ်နေသည့် အိမ်တော်ထိန်းအိုကြီး၏ ကြောက်မက်ဖွယ်ကောင်းသော ပုံကို မြင်ခဲ့ဖူးသော ယန်ရှစ်ရွှမ်းကလည်း ထိုအကြောင်းအရာကို ဖော်ပြရန် ဆန္ဒမရှိပါချေ။ ဘာကိုမှ သတိမထားမိသည့် ခရီးသွား ဧည့်သည်တစ်ယောက်ကဲ့သို့ တစ်ဖက်သူကို ချီးကျူးလိုက်သည်။

 

အိမ်တော်ထိန်းအိုကြီး၏ မျက်နှာက တစ်ခဏခန့် ရှုံ့တွသွားသည်။ ထို့နောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

 

“ဘယ်လောက်‌တောင် စိတ်အားထက်သန်လိုက်တဲ့ ဧည့်သည်လဲ။မင်း စံအိမ်က ထွက်တဲ့အခါ ဒီလိုပဲ စိတ်အားထက်သန်ဖို့ မျှော်လင့်နေပါတယ်”

 

မြူဆိုင်းနေသော မျက်လုံးကြီးများက ယန်ရှစ်ရွှမ်း၏ ခေါင်းအစ ခြေအဆုံးကို ဖြတ်ပြေး ကြည့်သွားသည်မှာ ပုတ်ပွနေသော အသားတုံးကို ကြည့်ရသလို ဖြစ်နေသည်။ ထို့နောက် သူက ဧည့်သည်များ ဝင်နိုင်ရန်အလို့ငှာ ဘေးသို့ကပ်လျက် လမ်းဖယ်ပေးသည်။

 

ထိုအချိန်တွင် ပရိုဂရမ်ဝန်ထမ်းများအားလုံးက နားနေခန်း အသီးသီးမှ ထွက်လာကြပြီး တိုက်ရိုက်ထုတ်လွှင့်ရန်အတွက် အသင့်ပြင်နေကြသည်။

 

ယန်ရှစ်ရွှမ်းက ဧည့်ခန်းအတွင်းတွင် ရပ်လျက် မော့ကြည့်သည်။

 

“ယန်ကော”

 

တစ်ချိန်လုံး အေးစက်ပြီး ကြောက်လန့်ခဲ့ရသည့် ပိုင်ရွှမ်းက အိပ်ယာသို့ ချက်ချင်းဝင်ကာ စိတ်အေးအေး အနားယူချင်သေးသည်။ သို့သော် ယန်ရှစ်ရွှမ်း၏ အပြုအမူကို မြင်သောအခါ မနေ့ညက ယန်ရှစ်ရွှမ်း၏ အယုံသွင်းမှုကို ခံခဲ့ရသည့် ပိုင်ရွှမ်းကလည်း သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။

 

“ဘာကိုကြည့်နေတာလဲ”

 

“မင်းရဲ့အခန်းကို”

 

ယန်ရှစ်ရွှမ်းက လက်ညိုးထိုးလျက် ပိုင်ရွှမ်းရှိရာအခန်းကို ပြသည်။

 

“မင်း ပျောက်နေကြောင်း ငါ ကြားရတဲ့အချိန်မှာ မင်း လုံခြုံမှုရှိမရှိ သိရအောင် ငါ မင်းရဲ့အခန်းကို သွားစစ်ကြည့်ခဲ့တယ်။ ဒါပေမဲ့ တစ်စုံတစ်ရာက မင်းရဲ့အခန်းထဲမှာ ငါ့ကို ပိတ်လှောင်ထားချင်နေတယ်။ ဒါကြောင့် ငါက မင်းရဲ့အခန်းတံခါးကို ကန်ထုတ်ခဲ့တာ။ ဒါပေမဲ့ အခု_ _ _ “

 

ပိုင်ရွှမ်းကလည်း ယန်ရှစ်ရွှမ်း ညွှန်ပြသော နေရာသို့ မော့ကြည့်လိုက်သည်။ သူမအခန်း၏တံခါးက တင်းတင်းကြပ်ကြပ် ပိတ်ထား၏။

 

ပိုင်ရွှမ်းက လေ‌အေးများကို ရှုရှိုက်လိုက်မိသည်။ ယခုလေးတင် ခံစားခဲ့ရသည့် အိပ်ချင်စိတ်က ပျောက်ကွယ်သွားသည်။

 

ယန်ရှစ်ရွှမ်းကလည်း အတွေးနက်သွားသည်။

 

စံအိမ်ထဲက အဲဒီအရာတွေအတွက် တံခါးကို ပြန်ကောင်းအောင် ပြင်တာက အကျိုးမှ မရှိတာ။ ဆိုလိုတာက တံခါးက အလိုအလျောက် ပြင်ဆင်နိုင် စွမ်းအား ရှိနေတာပဲ။

 

ညဘက် ပျက်စီးသွားတာတွေက နေ့အချိန်အတောအတွင်းမှာ အလိုအလျောက် ပြန်ပြင်ပြီးသား ဖြစ်တယ်။ ညဘက်မှာ ပေါ်လာတဲ့ မကောင်းဆိုးဝါးတွေက နေ့ပိုင်းမှာ နေရောင်ခြည်ကို ရှောင်ရတယ်။

 

ဒါမှမဟုတ် နေ့နဲ့ညက မတူတဲ့ လောကတစ်ခုလို့ ဆိုသင့်လား။

 

ယန်ရှစ်ရွှမ်းက တွေးတောနေချိန်တွင် ကျန်းဝူပင်းက ရုတ်တရက် အခန်းတံခါးကို ဖွင့်ပြီး အလန့်တကြား ပြေးထွက်လာသည်။

 

“ယန်ကော”

 

ကျန်းဝူပင်း ယန်ရှစ်ရွှမ်းရှိရာသို့ ခြေလှမ်းအနည်းငယ်ဖြင့် ပြေးဝင်လာပြီး ဧည့်ခန်းထောင့်စွန်းနား အရိပ်ကျသော နေရာတွင် ရပ်နေသည့် အိမ်‌တော်ထိန်းအိုကြီးကို ကြည့်ကာ အသံကိုတိုးလျက် စိုးရိမ်တကြီး ပြောသည်။

 

“ငါ မနက်က အားလုံးက ဖုန်းခေါ်ပြီးပြီ။ ဒါပေမဲ့ တင်ဆက်သူလျိုရီရီက ဖုန်းမဖြေဘူး။ ငါ ဆယ်ကောလ်မက ခေါ်ပြီးပါပြီ။ ဒါပေမဲ့ ဖုန်းမဖြေလာဘူး။ အခြားသူတွေကလည်း မတွေ့ဘူးလို့ ကြားတယ်”

 

“သူမရဲ့အခန်းက ဘယ်မှာလဲ”

 

“တတိယထပ် ညာဖက်အခြမ်းက ပထမအခန်းပဲ။ ဥယျာဉ်ကနေ မမြင်နိုင်တဲ့နေရာပေါ့”

 

ယန်ရှစ်ရွှမ်းကလည်း ကျန်းဝူပင်းပြောသော စကားကို ရှင်းရှင်းလင်းလင်း မကြားချေ။ သူက ခြေလှမ်းကျဲကြီးဖြင့် အပေါ်သို့ တက်နှင့်ပြီးသား ဖြစ်သည်။ ခြေသုံးလှမ်း တက်ရမည့် လှေကားထစ်ကို သူက နှစ်လှမ်းတည်းနှင့် ကျော်တက်သည်။

 

နဂိုက အပေါ်ထပ်သို့ မတက်ချင်တော့သော ပိုင်ရွှမ်းကလည်း အိမ်တော်ထိန်းအိုကြီးက သိပ်မဝေးသော နေရာတွင် ရပ်ကြည့်နေကြောင်း မြင်လိုက်ရသောအခါ တုန်ယင် သွားသည်။ ယန်ရှစ်ရွှမ်း၏ အ‌နောက်သို့ လိုက်သွားသည်။

 

ကျန်းဝူပင်းကြောင့် နိုးသွားသည့် ဧည်သည့် ပေါင်းများစွာကလည်း အမောတကော လျိုရီရီ၏ အခန်းရှေ့သို့ ရောက်လာသည်။ သူတို့က အိပ်ယာနိုးထလာချိန်တွင် တိုက်ရိုက် ထုတ်လွှင့်မှုကို အလွှတ် မခံချင်ကြချေ။

 

သူတို့က ခပ်မြန်မြန် လှုပ်ရှားပြီးနောက် ယန်ရှစ်ရွှမ်းကလည်း အကင်းပါးစွာဖြင့် စံအိမ်၏တည်ဆောက်ပုံက Uပုံစံဖြစ်ကြောင်း သိလိုက်သည်။ လျိုရီရီ၏ အခန်းက ပိုင်ရွှမ်းအခန်းနှင့် မျက်နှာချင်းဆိုင်တွင် ကွက်တိရှိနေသည်။ ထို့ကြောင့် အလယ်မှ နေရာအလွတ်ကို ကျော်ဖြတ်ကြည့်လျှင် အချင်းချင်း မြင်နိုင်၏။

 

လျိုရီရီ၏ လုံခြုံမှုကို မသိရသေးသော အခြေအနေမျိုးတွင် ယန်ရှစ်ရွှမ်းက ပတ်ဝန်းကျင် အခြေအနေကို ချက်ချင်းအကဲခတ်လိုက်ပြီး တံခါးကို ခေါက်သည်။

 

အခြားသော ဧည့်သည်များကလည်း တံခါးနားသို့ ငမ်းနေကြသည်။ သူတို့က စိုးရိမ်တကြီး အော်မိကြ၏။

 

“ရီရီကျဲကျဲ ရှေ့နေရီ တစ်ခုခုတော့ ပြန်ပြောပါ”

 

“ဒါမှမဟုတ် မနိုးသေးတာလား။ ရီရီကျဲကျဲ ရီရီကျဲကျဲက အိပ်ပျော်နေလို့ ဖြစ်ပါလိမ့်မယ်”

 

ယန်ရှစ်ရွှမ်းက တံခါးနားတွင် ရပ်နေသည်။ သူက တံခါး၏ အဟကြားနေရာမှ ဖြန့်ထွက်လာသော သွေးညှီရနံ့ကို ရသည်။ သူက အကင်းပါးစွာဖြင့် ထိုအနံ့ကို သိလိုက်သည်။ ယန်ရှစ်ရွှမ်း၏ မျက်နှာက မည်းမှောင်သွားသည်။ သူက နောက်သို့ ခြေတစ်လှမ်းဆုတ်သည်။ ထို့ကြောင့် အင်အားကို စုစည်းလိုက်ပြီး တံခါးနားသို့ ပြန်ပြေးလိုက်ကာ ခပ်မြန်မြန် ဆောင့်ကန်လိုက်သည်။ ဧည့်သည်များအားလုံးက တအံ့တဩ အော်ဟစ်ကြသည်။

 

ဝုန်း

 

တံခါးက ကန်ဖွင့်ခံရသည်။

 

ယန်ရှစ်ရွှမ်းကို အမျိုးသားကောင်းတစ်ယောက်၏ အသိဉာဏ်မရှိဘဲ အမျိုးသမီးတစ်ယောက်၏ အနားယူနေတဲ့အခန်းကို အင်အားသုံးကာ ကန်ဖွင့်ပြီး ဝင်ရောက်သည့်အတွက် ဝေဖန်လိုသည့် သရုပ်ဆောင်က ဘာမှမပြောနိုင်သေးခင် ပြင်းထန်သော သွေးညှီနံ့က သူ၏မျက်နှာကို ရိုက်ခတ်လာသည်။

 

နီရဲသော လိုက်ကာများက လေကြောင့်လွင့်လာသည်မှာ တစ်ခန်းလုံးအပြည့် သွေးများစိုရွဲနေသလို ထင်ရသည်။ ထိုသွေးများ၏ အရောင်က အနီရင့်‌ရောင်ဖြစ်နေပြီး အမည်းဘက်သို့ပင် ရောက်နေ၏။

 

လျိုရီရီ၏ ခန္တာကိုယ်တစ်ဝက်က အိပ်ရာပေါ်တွင်ဖြစ်သည်။ တစ်ဝက်ကမူ အောက်သို့ကျနေ၏။ အိပ်ရာပေါ်ရှိစောင်က သူမ၏ ခန္တာကိုယ်အောက်ပိုင်း အနားတွင်သာ ရှိနေသည်။ ကြည့်ရသည်မှာ သူမက တံခါးနားထိရောက်အောင် တွားသွားလျက် ရုန်းကန်လာချင်ခဲ့ပုံပေါ်သည်။ သူမ၏လက်မောင်းကပင် တံခါးထံ လက်ဆန့်တန်းထားဟန် ဖြစ်နေသည်။ သို့သော် သူမက အိပ်နေချိန်အတောအတွင်း ကြောက်လန့်လွန်းသော တစ်စုံတစ်ရာကို ကြုံတွေ့ရခဲ့ပုံပေါ်သည်။ ထို့ကြောင့် အခန်းထဲမှ ထွက်ပြေး ချင်ခဲ့လောက်ပုံပေါ်သည်။ သို့သော် အဆုံးတွင် ကျရှုံးသွားခဲ့သည်။

 

သို့သော် ထိုအချိန်တွင် သူမက မည်သည့် တုံ့ပြန်မှုမှမရှိဘဲ ကြမ်းပြင်ပေါ်သို့ ခေါင်းငိုက်စိုက်ချလျက် လှဲနေခဲ့ခြင်းဖြစ်သည်။ သူမ၏ ညအိပ်အင်္ကျီတွင်လည်း သွေးပမာဏ‌ပေါင်းများစွာက စိုရွဲနေပြီး ဝမ်းဗိုက်‌အောက်ပိုင်းအထိ ပြန့်နှံ့နေသည်။

 

သူမ၏ ရှည်လျားသော အနက်ရောင်ဆံပင်တွေက မျက်နှာပေါ်တွင် ပို၍ရှုပ်ထွေးကာ ကျနေပြီး သွေးအိုင်အတွင်း ရောက်နေသည်။ ထို့ကြောင့် မျက်နှာအမူအရာကို သေချာမမြင်နိုင်ချေ။ သူမက သေသလား ရှင်သလား မသိနိုင်သေးချေ။

 

တံခါးအပြင်ဘက်မှ လူများကလည်း အနံ့ကြောင့် သတိလက်လွတ် ခေါင်းကို လှည့်ကြည့်လိုက်ပြီး ထိုမြင်ကွင်း၏ ထိုးနှက်မှုကို ခံလိုက်ရသည်။

 

တစ်ခန်းလုံးက သွေးနီ‌ရောင်အတိပြီးနေလေရာ သရဲများအပြည့်ရှိနေပြီး ကြမ်းပြင်တွင် ရှည်လျားရှုပ်ထွေးသော ဆံပင်နှင့် တွားသွားလျက်ရှိနေသော လျိုရီရီက တစ်ချက်ကြည့်ရုံဖြင့် သရဲမတစ်ကောင်ကဲ့သို့ ထင်ရသည်။

 

ရုတ်တရက် တစ်စုံတစ်ယောက်က ကြောက်လန့်လွန်းသဖြင့် အသားကုန် အော်ဟစ်လိုက်သည်။

 

“အား”

 

******