အပိုင်း(၁၂)
ယခုလေးတင် အကျယ်ဆုံး အော်ခဲ့သော သရုပ်ဆောင်က မနေ့က တောင်ပေါ်တက်သည့်လမ်းတွင် တင်းချန်ကို လှောင်ရယ်ခဲ့သော သရုပ်ဆောင် ဖြစ်သည်။ ယန်ရှစ်ရွှမ်းကိုလည်း မင်းသမီး၏အခန်းကို ခွင့်ပြုချက် မရှိဘဲ ဖောက်ဝင်ခဲ့သဖြင့် ဝေဖန်ခဲ့ချင်သောသူ ဖြစ်သည်။
လျိုရီရီကလည်း ရုပ်ရှင်နှင့် ရုပ်မြင်သံကြား အသိုင်းအဝိုင်းအတွင်း ရှင်းမျိုးဆက်များကြား အဆက်အသွယ် တစ်ချို့ ရှိနေသေးသည်။ ပမာဏက မများလှသည့်တိုင်အောင် ထိုသရုပ်ဆောင်အနေဖြင့် အခွင့်အရေးများ ရှာဖွေနိုင်လောက်မည့် အနေအထားမျိုးတွင် ဖြစ်နေသေးသည်။
ထို့ကြောင့် သူက ဧည့်သည်အဖွဲ့နောက်သို့ လိုက်သည့်အချိန်တိုင်းလိုလို ထိုအမျိုးသား သရုပ်ဆောင်က ရီရီ ရီရီဆိုသဖြင့် ဖားနေခဲ့သည်။ သူက လျိုရီရီကို သဘောမကျသော လူများကိုလည်း အတင်းလိုက်ပြောကာ တိုက်ခိုက်လေ့ရှိပြီး လျိုရီရီ၏ အာရုံစိုက်မှုကို အရယူချင်လေ့ရှိသည်။ ဒီနည်းအားဖြင့် ရိုးလ်တစ်ခု၊ နှစ်ခုခန့် ရရန် မျှော်လင့်နေတတ်သည်။
သို့သော် ယခုလေးတင် ယန်ရှစ်ရွှမ်းက လျိုရီရီ၏ အခန်းကို ဆောင့်ကန်ဖွင့်လိုက်သောအခါ ထိုသရုပ်ဆောင်က ချက်ချင်းအပြေးလာပြီး ရှေ့မှ မတ်တပ်ရပ်ကာ ဒေါသတကြီး မျက်နှာထားမျိုးနှင့် ပြုမူပြသည်။ ဒီနည်းအားဖြင့် အတွင်းမှ လျိုရီရီက တစ်ချက်ကြည့်လိုက်ရုံဖြင့် သူဟာ သူမအတွက် ခုခံပေးနေကြောင်း မြင်နိုင်မည်ဖြစ်သည်။
ထိုအတွက်ကြောင့်လည်း ထိုတံခါးပွင့်သွားသော အချိန်တွင် ထိုသရုပ်ဆောင်သည် အခန်းအတွင်းမှ ခြောက်ခြားဖွယ်အကောင်းဆုံး မြင်ကွင်းကို တိုက်ရိုက် တွေ့ကြုံလိုက်ရသူ ဖြစ်သွားသည်။ ကြောက်လန့်လွန်းသဖြင့် သူ၏အသည်းနှင့် သည်းခြေများကပင် ကွဲထွက်သွားသည်ဟု ခံစားလိုက်ရသည်။ အော်ဟစ် လိုက်ခြင်းအပြင် သူ၏ဦးနှောက်ကပင် ကြောက်လန့်လွန်းသဖြင့် မတုန့်ပြန်နိုင်တော့ချေ။
ယန်ရှစ်ရွှမ်းက ခေါင်းကို ဘေးဘက်သို့ လှည့်လိုက်ပြီး လက်ကို အသာမြှောက်လျက် မပျော်မရွှင် ဖြစ်နေသော မျက်နှာထားမျိုးနှင့် နားကို အုပ်လိုက်သည်။
မနေ့ကလေးတင် အခြားသူတွေကို ကြောက်လွန်းတယ်ဆိုပြီး သူက ခေါင်းမာမာနဲ့ လှောင်သေးတာ မဟုတ်လား။ ဘာလို့ အားလုံးထက် ပိုကျယ်တဲ့ အသံမျိုးနဲ့ အော်နေရတာလဲ။ သူတောင် နားကန်းတော့မလို့။
အခြားသော သူများက နေရာတွင်ပင် မှင်သက်ကြောင်အနေသေးချိန်တွင် ယန်ရှစ်ရွှမ်းက သူ၏ဖြောင့်တန်းရှည်လျားနေသော ခြေထောက်များဖြင့် အခန်းအတွင်းသို့ တောက်လျောက် လျှောက်ဝင်လိုက်သည်။ ထို့နောက် လျိုရီရီ၏အနားသို့ သွားပြီး ချက်ချင်းလိုလို ဆောင့်ကြောင့်ထိုင်ကာ စစ်ဆေးကြည့်လိုက်သည်။
သူ၏ လျိုရီရီ၏ခန္ဓာကိုယ်ကို အလောတကြီး မရွှေ့ခဲ့ချေ။ ပထမဦးဆုံး သူ၏လက်ကို မြှောက်လိုက်ပြီး သူမ၏လက်ကောက်ဝတ်မှ သွေးကြောကို စမ်းသည်။ ထို့လက်ကောက်ဝတ်များကလည်း သွေးများဖြင့် စွန်းထင်နေသည်။ သူမ၏အားနည်းသော အသက်လက္ခဏာများကို အတည်ပြုလိုက်နိုင်၏။ ထို့နောက် သွေးအိုင်ထဲမှ သွေးထဲသို့ သူ၏လက်ညိုးကို တစ်ချက်နှစ်လိုက်ပြီး လျိုရီရီ၏ လက်ကောက်ဝတ်နှင့် ဝမ်းဗိုက်နေရာတွင် ပြန်သုတ်သည်။ ထိုနေရာများက အဓိက သွေးထွက်နေရာ နေရာများ ဖြစ်သည်။ သူက ပြဒါးရိုင်းအစား သွေးကိုသာ သုံးလိုက်ပြီး ထိုသွေးထွက်နေသော နေရာမျိုးတွင် သင်္ကေတအချို့ကို ရေးဆွဲလိုက်သည်။
“ငါက လှဲချထားရင်တောင် အတွင်းပိုင်းက သွေးတွေက စီးထွက်လာမှာ မဟုတ်ဘူး။ အပြင်ပိုင်းက သွေးတွေကလည်း ဆက်ပြီး မစီးထွက်ရဘူး။ လူတွေ ငါ့ကို မြင်တဲ့အခါ ငါ ဝမ်းနည်းရလိမ့်မယ်။ သရဲတွေ ငါ့ကို မြင်တဲ့အခါ ငါ ဝမ်းနည်းရလိမ့်မယ်_ _ _ ငါ့ရဲ့ ဒီခန္ဓာကိုယ်ကို စောင့်ကြပ်ထား။ ဆိုးယုတ်ပြီး မသန့်ရှင်းတဲ့အရာတွေ အားလုံး လွှင့်ပြယ်သွားရမယ်”
ယန်ရှစ်ရွှမ်းက အသံကို တိုးပြီး ခပ်မြန်မြန် ရွတ်ဆို လိုက်သည်။ သူက သူ၏ပိန်းပါးသော်လည်း အားပြင်းသည့် ခန္ဓာကိုယ်ကို သုံးပြီး အပြင်ဘက်မှ လူတိုင်းက လျိုရီရီ၏ ခန္ဓာကိုယ် အစစ်အမှန်ကို မမြင်နိုင်အောင် ကာထားပေးလိုက်သည်။
ဂါထာများကို ရွတ်ဆိုပြီးနောက် လျိုရီရီ၏ ဒဏ်ရာများက ချက်ချင်းဆိုသလိုမျိုး ချိတ်တိတ်သွားသည်။ မည်သည့်သွေးအသစ်မှ ထပ်ထွက်မလာတော့ချေ။ ယခုလေးတင် အလောင်းထားရာ အကန့်ထဲမှ ဆွဲထုတ်ထားသလို အေးစက် ဖြူဖျော့နေသည့် သူမ၏ခန္ဓာကိုယ်ကလည်း နူးညံ့သွားပြီး သာမာန်သက်ရှိ လူတစ်ယောက်၏ အသားအရောင်အတိုင်း ပြန်ပြောင်းသွားသည်။
ရှုပ်ထွေးရှည်လျားသော အနက်ရောင်ဆံပင်များ အကြားတွင် လျိုရီရီ၏ မျက်လုံးက ပြူးကျယ်နေပြီး အလွန်အမင်း ကြောက်စရာကောင်းသော တစ်စုံတစ်ရာကြောင့် ခြောက်ခြားနေခဲ့ပုံပေါ်သည်။ သူမ၏ ထိုကဲ့သို့သော မျက်ဝန်းမှ မျက်ခွံက တဖြည်းဖြည်း လေးကျလာလျက် မှေးမှိတ်သွားသည်မှာ အိပ်ပျော်သွားသလို ထင်ရသည်။
ထို့နောက် ဖျော့တော့ အသက်ရှုသံက ထွက်လာသည်။
အရေးပေါ် ကုသမှုများ ပြုလုပ်ပြီးနောက် ယန်ရှစ်ရွှမ်းက မတ်တပ်ထရပ်လိုက်ကာ လျိုရီရီ၏ အခန်းထဲမှ မျက်မှောင်ကျုံ့လျက် ထွက်လာသည်။ မနေ့ညက သူ ပိုင်ရွှမ်း၏ အခန်းထဲမှ မြင်ခဲ့ရသော အခြေအနေနှင့် ခြားနားသည်မှာ လျိုရီရီ၏ အခန်းအတွင်းရှိ အဝတ်စတိုင်းက နီရဲနေသည်။ ပြင်ဆင်ပုံက အလွန်ခမ်းနားသည်။ နံရံပေါ်တွင်လည်း အလှလေးပေါင်းများစွာ၏ ပန်းချီကို ရေးဆွဲထားသည်။ စားပွဲပေါ်တွင်လည်း ပန်းအိုးလေးပင် ရှိနေသေးသည်။
အရွယ်အစား နေရာကို ခန့်မှန်းကြည့်ရမည်ဆိုလျှင် ဒီအခန်းက လွန်ခဲ့သော နှစ်တစ်ရာခန့်က စံအိမ်၏ မာစတာရွန်း ဖြစ်လောက်သည်။ ထို့ကြောင့် အမျိုးသား သို့မဟုတ် အမျိုးသမီး ပိုင်ရှင်တစ်ယောက်က နေထိုင်ခဲ့ခြင်း ဖြစ်လောက်သည်။
လျိုရီရီကလည်း ဒီအခန်းကို အလွန်သဘောကျသောကြောင့် သူမ ကိုယ်တိုင် အထူးတလည် ရွေးချယ်ထားခြင်း ဖြစ်လောက်သည်။ ကော်ဖီစားပွဲပေါ်တွင်လည်း အနီရောင်ဝိုင်ပုလင်းက ပွင့်နေသည်။ ဘေးဘက်တွင်လည်း သွေးရောင်ကဲ့သို့ နီရဲတောက်ပနေသည့် ဝိုင်တစ်ဝက်ခန့် ရှိသည့် ဝိုင်ခွက်လေးကိုလည်း တွေ့ရသည်။ ခမ်းနားသော စောင်နှင့် အရာရာတိုင်းက သက်တောင့်သက်သာရှိပြီး ငြိမ်းချမ်းသော ပုံရိပ်ကို ဖော်ထုတ်ပြသနေသည်။
ယန်ရှစ်ရွှမ်းက ထိုနားသို့ ငုံ့ကိုင်းသွားပြီး ဝိုင်ပုလင်းကို ကောက်ယူလိုက်သည်။ သူ၏နှာခေါင်းနားသို့ ကပ်ပြီး အနံ့ခံကြည့်လိုက်ပြီးနောက် သူ၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက ဖန်ခွက်တွင် ကျန်နေသော ဝိုင်များကိုလည်း တစ်ချက် စစ်ကြည့်လိုက်သည်။
သာမာန်ဝိုင်နီထည့်သော ခွက်မျိုးနှင့် ခြားနားသည်မှာ ထိုခွက်တွင် ခဲလျက် ကျန်နေခဲ့သည့် အနီရောင် သဲလွန်စများကို မြင်ရခြင်း ဖြစ်သည်။ ပုံမှန် မဟုတ်လောက်အောင် မာကြောလျက် ရှိနေသော အောက်ခြေပိုင်းမှ အစက်များက သွေးစက်များနှင့် တူသည်။
ယန်ရှစ်ရွှမ်း၏ နှလုံးသားက လေးလံသွားသည်။
ဒါဆိုရင် မနေ့ညက လျိုရီရီ သောက်ခဲ့တာက ဝိုင်တွေမဟုတ်ဘဲ လူသွေး ဖြစ်နေတာပဲ။
ပြင်းထန်သော ရနံ့ကို ခန့်မှန်းကြည့်ပုံအရ လတ်ဆတ်သော လူသွေးပင် မဟုတ်ချေ။ ထုတ်ထားခဲ့ပြီးသည်မှာ အချိန်အတန် ကြာလောက်မည့် သွေးဖြစ်လောက်မည်။
ပရိုဂရမ်အဖွဲ့ကလည်း မလိုလားအပ်သော ဝိုင်နီကဲ့သို့သော ပစ္စည်းများကို ကြိုတင် ပြင်ဆင်ထားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ထိုဝိုင်အနီကို ဒီစံအိမ်မှ ရခြင်း ဖြစ်လောက်သည်။ ပို၍ဆိုးသည်မှာ ထမင်းစားခန်းမနှင့် မီးဖိုခန်းအတွင်းတွင်လည်း မည်သည့်ဝိုင်ပုလင်းမှ ရှိမနေခဲ့ချေ။ ဒီစံအိမ်တွင် ဝိုင် seller ရှိနေလောက်သည့်တိုင်အောင် လျိုရီရီက ဧည့်သည်တစ်ယောက် ဖြစ်သည့်အလျောက် သွားယူ၍ မရချေ။ ထို့ကြောင့် ဒီစံအိမ်မှ အိမ်ရှင်ဖြစ်သည့် အိမ်တော်ထိန်းအိုကြီးထံမှသာ တောင်းခံရပေလိမ့်မည်။
ယန်ရှစ်ရွှမ်းကလည်း မနေ့ညက မီးဖိုခန်းအတွင်း သူ ဖျက်ဆီးခဲ့သည့် အသားအိုးကို တွေးမိသွားသည်။
ဒီအိမ်တော်ထိန်းအိုက အကောင်းဆုံးကြိုးစားပြီး ပရိုဂရမ်အဖွဲ့ကို လူအသားစားလို့ လူသွေးသောက်စေချင်တဲ့ အကြောင်းအရာက ဘာလဲ။
“ယန်ကော”
ကျန်းဝူပင်းက အခန်းတံခါးဘောင်ကို တုန်ယင်စွာဖြင့် ကိုင်ထားရင်း စူးရှစွာ မေးလိုက်သည်။
“လျိုရီရီရဲ့ အခြေအနေက ဘာလိုလဲ။ သူမက အသက် အသက် ရှင်နေသေးရဲ့လား”
ယန်ရှစ်ရွှမ်းက ဝိုင်ပုလင်းနှင့်ခွက်ကို ပြန်မချခဲ့ပဲ တစ်ဖက်သို့ လှည့်ကာ ထွက်လာသည်။
“မစိုးရိမ်နဲ့ ငါ ကုသမှုအချို့ လုပ်ထားပြီးသား မသေနိုင်ဘူး။ ပရိုဂရမ်အဖွဲ့က အရေးပေါ် ကုသမှုအတွက် တာဝန်ယူထားတဲ့သူ ရှိတယ်မဟုတ်လား။ ဒီနေရာကို လာပို့ခိုင်းလိုက်”
ကျန်းဝူပင်းက ချက်ချင်းလိုလို တုန့်ပြန်သည်။ သူက အရေးပေါ် ဆေးဝန်ထမ်းကို ခေါ်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိက ကင်မရာကိုလည်း ဒီအခန်းနှင့် ခပ်ဝေးဝေးတွင် ချိန်ခိုင်းလိုက်သည်။ ထို့နောက် ပြတင်းပေါက် အပြင်ဘက်ရှိ ရူခင်းများကိုသာ ညွှန်ပြခိုင်းထားလိုက်၏။ အခွဲဖန်သားပြင်များကို ဖွင့်ထားပြီးသော ဧည့်သည့်များကမူ အခန်းကို ချိန်ထားလျက်သား ဖြစ်နေသည်။ ထို့ကြောင့် သူတို့ကိုလည်း ကင်မရာ ပိတ်ခိုင်းရသည်။
ဧည့်သည်များက လျိုရီရီ၏ ခြောက်ခြားဖွယ်ပုံစံကြောင့် ကြောက်လန့်သွားသည့်တိုင်အောင် သူတို့၏ အခန်းအတွင်းမှ ကြည့်ရှုသူများက အရေအတွက်နှင့် ကွန်မန့်များက များပြားလွန်းလာကြောင်း မြင်သောအခါ ပျော်သွားကြသည်။
ထို့ကြောင့် ကျန်းဝူပင်းက ပိတ်ခိုင်းသောအခါ အနည်းငယ် တွန့်ဆုတ်သွားသည်။ သို့သော် ဒါရိုက်တာ၏ ပရိုဂရမ်အဖွဲ့အတွင်းမှ အာဏာကလည်း ရှိနေသေးလေရာ တွန့်ဆုတ်စွာနှင့် ပိတ်လိုက်ရသည်။
ထို့ကြောင့် မူလက အာရုံတက်ပြီးလျှင် လုံခြုံပြီဟု ယူဆထားသော ပရိတ်သတ်များ အနေဖြင့် ရုတ်တရက် စူးရှသော အော်သံကြောင့် သူတို့၏နှလုံးသားက ကွဲကြေသွားသလို ခံစားလိုက်ကြရပြန်သည်။
သို့သော် အန်းနန်ယွမ်၏ ဖန်သားပြင်အခွဲက ယန်ရှီရွှမ်း၏ကျောကိုသာ ချိန်ထားလေရာ အခြား ဘာကိုမှ မမြင်ခဲ့ရချေ။
စိုးရိမ်တကြီး ဖြစ်နေပြီး သိချင်စိတ် ပြင်းထန်သည့် ကြည့်ရှုသူအားလုံးက ခေါင်းကိုသာ ကုပ်လျက် စောင့်ဆိုင်းနေရသည်။ တိုက်ဆိုင်စွာဖြင့် တခြားဧည့်သည်တစ်ယောက်၏ ဖန်သားပြင်အခွဲ ရှုထောင့်မှတဆင့် လျိုရီရီ၏ အခန်းထဲမှ မြင်ကွင်းကို မြင်လိုက်ကြရပြီး အားလုံးက အပြေးအလွှား ရောက်လာကြသည်။ ချင်ချင်းဆိုသလိုပင် နီရဲနေသော အခန်းနှင့် သရဲမတစ်ကောင် တွားသွားလျက်လာသလို ပုံစံမျိုးဖြင့် ကြမ်းပြင်ပေါ်တွင် လဲနေသော လျိုရီရီ၏ပုံစံကို မြင်ပြီး အားလုံးက ထိတ်လန့်သွားရသည်။
ဒါရိုက်တာက ပိတ်ခိုင်းသောကြောင့် ထိုဖန်သားပြင်အခွဲကလည်း အပိတ်ခံလိုက်ရသည်။ သို့သော် ကြည့်ရှုသူများအားလုံးက ထိုမြင်ကွင်းကို စိတ်ထဲတွင် တံဆိပ်ခပ်ထားသလို မှတ်မိနေလေရာ ဒါကို မဖယ်ထုတ်နိုင်ခဲ့ချေ။
{အာရုံတက်ပြီးရင် လုံခြုံသွားပြီလို့ ပြောထားတယ် မဟုတ်ဘူးလား။ ဒီမိန်းမက ဘာဖြစ်တာလဲ}
{ဒါက မနေ့ညက ဖြစ်ခဲ့တဲ့ပုံပဲ။ ဒါကြောင့် မနက်မှ ရှာတွေ့တာ ဖြစ်လိမ့်မယ်။ သေစမ်း။ သောက်ကျိုးနည်း ဒီစံအိမ်က ဘာတွေဖြစ်နေတာလဲ}
{မပြောနဲ့တော့ ပိုင်ရွှမ်းက ယန်ရှစ်ရွှမ်းနဲ့ တွေ့ခဲ့တာကို တော်တော်လေး ဝမ်းသာရမယ်။ အဲဒီလိုမှ မဟုတ်ရင် ပိုင်ရွှမ်းကျဲလည်း ဒီမနက် ဥယျာဉ်မှာ ရှာတွေ့တဲ့အခါ ဆိုးရွားတဲ့ အခြေအနေမျိုးကို ရောက်နေလောက်ပြီ}
{ရင်နာလိုက်တာ။ ငါတို့က အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ဒီလိုအခန်းမျိုးကို မြင်ရဖို့အတွက် ပိုက်ဆံတွေ အများကြီး သုံးထားရတယ်။ ငါ ဒီတစ်လလုံးလုံး အိပ်နိုင်တော့မယ် မထင်ဘူး}
ယန်ရှစ်ရွှမ်းက လျိုရီရီ၏ အခန်းထဲမှ ဝိုင်ပုလင်းနှင့် ခွက်ကို ကိုင်ကာ ထွက်လာသောအချိန်တွင် အကြည့်တစ်ခုက သူ့ထံ ဆိုက်ရောက်လာကြောင်း ခံစားလိုက်ရသည်။
သူက ခပ်မြန်မြန် ခေါင်းမော့ကာ ကြည့်လိုက်သောအခါ တတိယ တစ်ခြားတစ်ဖက်ခြမ်း ပိုင်ရွှမ်း အခန်းတံခါးနားတွင် ရပ်လျက် ကြည့်နေသည့် အိမ်တော်ထိန်းအိုကြီးကို တွေ့လိုက်ရသည်။
ယန်ရှစ်ရွှမ်းက သူ့ကို တွေ့သွားကြောင်း မြင်သောအခါ အိမ်တော်ထိန်းအိုကြီးက ပြုံးလိုက်ပြီး နူတ်ဆက်သလို ဂါဝရပြုလာသည်။
သူက တစ်စုံတစ်ရာကို ချီးကျုးချင်ပုံ ပေါ်သည်။
ဘယ်လောက်တောင် သဘောကျဖွယ်ရာကောင်းခဲ့တဲ့ ညစာလဲ။
ယန်ရှစ်ရွှမ်းကလည်း နူတ်ခမ်းထောင့်စွန်းများ ကော့တက်သွားသည်အထိ အလားတူ ပြန်ပြုံးပြလိုက်သည်။
စောင့်နေ ခင်ဗျား ဘယ်လောက် အကျိုးအမြတ် ယူထား ယူထား။ ငါက အတိအကျ ပြန်အန်ထုတ်ခိုင်းမှာ။
“လျိုရီရီက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတဲ့ပုံပဲ”
မျက်နှာဖြူဖျော့ပြီး ကြောက်လန့်နေသော တင်းချန်က တုန့်ဆိုင်းစွာ မေးသည်။
“လူနာတင်ယာဉ် ခေါ်ဖို့ မလိုဘူးလား။ အရေးပေါ်ကုသမှုက မလွယ်လောက်ဘူး ထင်တယ်”
ယန်ရှစ်ရွှမ်းက အကြည့်ကို ရုတ်ပြီး တင်းချန်ကို ကြည့်သည်။
သူမက မနေ့က တောင်ပေါ်တက်လာခဲ့ချိန်က အလွန်ကြောက်လန့်ခဲ့သောကြောင့် တစ်ညလုံး အခန်းတွင်းတွင်သာ နေခဲ့သည်။ သူမ၏အခန်းက လျိုရီရီ၏ ဘေးခန်း ဖြစ်သည်။ ယခုအခါ လျိုရီရီကို ယခုလို အနေအထားမျိုးတိုင်း မြင်ရသောအခါ သူမ၏ကျောက စိမ့်တက်သွားရသည်။ သူမ၏ခြေထောက်ကပင် ကြိမ်းတက်လာပြီး ကြောက်လန့်လွန်းသဖြင့် နှလုံးသားကလည်း ခပ်ကြမ်းကြမ်း တုန်ခါနေသည်။
မနေ့ညက လျိုရီရီ ကြုံခဲ့ရသော အခြေအနေက အနည်းငယ်သာ ပိုကြာသွားခဲ့လျှင် တစ်စုံတစ်ရာက သူမ၏အခန်းထဲသို့ ရောက်လာနိုင်သည်။ ထိုအခါ သူမက _ _ _
ယန်ရှစ်ရွှမ်းကလည်း တင်းချန်၏အတွေးကို နားလည်သည်။ ထို့ကြောင့် ပြောလိုက်၏။
“မစိုးရိမ်နဲ့ အဲဒါက မင်းကို ရှာမှာမဟုတ်ဘူး။ လျိုရီရီကိုပဲ ရှာမှာ”
သူက ခေါင်းမော့လိုက်ပြီး လက်ထဲမှ ဝိုင်ပုလင်းကို ပြကာ လှောင်သည်။
“မင်းက အဲဒီအရာကို မရှာသမျှ ဒါမှမဟုတ် တံခါးဖွင့်ပြီး အပြင်ထွက်လို့ ဝိုင်နီလိုချင်တယ်လို့ ညလယ်ခေါင်ကြီး မတောင်းသမျှ အဲဒါက မင်းကို လာရှာလိမ့်မလား”
“လူနာတင်ယာဉ်ကိုတော့ တွေးမနေနဲ့တော့”
ယန်ရှစ်ရွှမ်းက နွေးထွေးမှု မရှိသော ပုံစံမျိုးဖြင့် ပြုံးသည်။
“ကွေ့ရှန်းကနေ အလွယ်တကူ ထွက်သွားနိုင်မယ်လို့ မင်းတို့က အလွယ်တကူ တွေးနိုင်ရတာလဲ”
တင်းချန်က အစပိုင်းတွင် စိတ်အေးသွားပြီ ဖြစ်သည်။ သို့သော် ယန်ရှစ်ရွှမ်း၏ မေးခွန်းကြောင့် ကြောက်လန့်သွား၏။ သူမ၏စိတ်အတွင်း ရယ်ချင်စဖွယ် အတွေးတစ်ခုက ဝင်ရောက်လာသည်။
“ဖြစ်နိုင်တာက _ _ _”
“သောက်ကျိုးနည်း ငါ ထွက်တယ်”
အံ့အားသင့်မှုမှ ထုတ်ပြန်ပြီးနောက်တွင် သူက သူ၏မိုလ်ဘိုင်းဖုန်းပေါ်မှ ဖန်သားပြင်အခွဲကို စစ်ကြည့်လိုက်လေရာ ဆိုရှယ်ပလက်ဖောင်းပေါ်မှ မနေ့ညက အဖြစ်အပျက်များကို မြင်လိုက်ရသည်။ ထို့နောက် သူက ပြင်းထန်စွာ တုန့်ပြန်သည်။
သူက ခေါင်းကို သတိလက်လွတ် လှည့်ပြီး နောက်သို့ဆုတ်သည်။ သူက လျိုရီရီ၏အခန်းနှင့် အဝေးဆုံးတွင် နေလိုသည်။ သူ၏မျက်နှာက စက္ကူစကဲ့သို့ ဖြူဆုတ်နေသည်။ သူ၏မျက်လုံးက ကြောက်လန့်မှုကြောင့် တင်းကြပ်နေသည်။ သူက လှေကားလက်ရမ်းနှင့် တိုက်မိသွားမှသာ အသိပြန်ဝင်သွားသည်။
ထိုသရုပ်ဆောင်က ယန်ရှစ်ရွှမ်းကို ကြမ်းတမ်းစွာ စိုက်ကြည့်သည်။
“ကောင်းပြီ ငါ နောက်ဆုံးတော့ နားလည်သွားပြီ။ ဒီရှိုးမှာ ဇာတ်ညွှန်းရှိနေတာ ဖြစ်ရမယ်။ မင်းလို ငှားထားတဲ့ လူတစ်ယောက်က ငါတို့နဲ့အတူ ဘယ်လိုရှိနေဖို့ ဖြစ်နိုင်မှာလဲ။ မင်းကို ရှိုးက ငှားထားတာပဲ ဖြစ်ရမယ်။ ရှိုးအဖွဲ့နဲ့ အဲဒီဒါရိုက်တာက ငါ့ကို အရူးလို့များ ထင်နေလား။ ငါ့ကို ဒီလိုအခြေအနေအထိ ကြုံတွေ့ခိုင်းသေးတယ်။ ငါ ထွက်တယ်”
“ငါ ဒီမှာ ဝင်မပါလဲ အဆင်ပြေနေမှာပဲ မဟုတ်လား။ သောက်ကျိုးနည်း ကြောင်တောင်တောင် အရာတွေအားလုံးကို ပြင်ဆင်ထားတာ ဖြစ်နေတာပဲ။ မင်းတို့က ငါ မသိဘူးလို့များ ထင်နေလား။ ငါ ဒီနေရာကနေ ထွက်သွားမယ်။ မင်းတို့ ကြိုက်သလောက် ကြိုက်တဲ့သူတွေကို လိုက်ခြောက်နေလိုက်တော့။ ငါကတော့ မင်းတို့ကို အဖော်ပြုမပေးနိုင်တော့ဘူး”
ထိုသရုပ်ဆောင်က အမောတကော အသက်ရှူရင်း နောက်သို့လှည့်ကာ လှေကားအောက်သို့ ဒုန်းဆိုင်း ပြေးဆင်းသွားသည်။ ထို့နောက် စံအိမ်အပြင်ဘက်သို့ ပြေးထွက်၏။
သူက ဖြောင့်မတ်မှန်ကန်လွန်းစွာ ပြောသွားလဲ သူ၏ကျောကို မည်သို့ကြည့်နေစေကာမူ အကြောက်လွန်ပြီး ထွက်ပြေးကြောင်း ဖော်ပြနေလေသည်။
ယန်ရှစ်ရွှမ်းက လျှောက်လမ်းနားရှိတိုင်ကို ခပ်အေးအေးမှီကာ ရပ်လျက် ထိုသရုပ်ဆောင်၏ကျောကို ခပ်အေးအေး ကြည့်ကာ ပြောသည်။
“ငါ မင်းကို တောင်ပေါ်က မဆင်းဖို့ အကြံပေးလိုက်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်း ထွက်နိုင်မှာ မဟုတ်ဘူးလေ။ ဒီတော့ ဒုက္ခတွေပဲ ကြုံရလိမ့်မယ်။ ဒါပေမဲ့ မင်းကတော့ ငါ့ကို နားထောင်မှာ မဟုတ်ဘူး”
သူက ကောင်းမွန်သော စကားများကို ပြောလိုက်သော်လည်း ယန်ရှစ်ရွှမ်းကမူ ထိုသရုပ်ဆောင်ကို တားရန် ဆန္ဒမရှိချေ။ ထို့နောက် ဘန်းကနဲ အသံနှင့်အတူ စံအိမ်၏တံခါးက ထိုသရုပ်ဆောင်ကြောင့် ဝုန်းကနဲ့ အပိတ်ခံလိုက်ရသည်။
ယန်ရှစ်ရွှမ်းက နောက်သို့လှည့်သည်။ ပိုင်ရွှမ်း၏ မေးခွန်းထုတ်လိုဟန်နှင့် ကြောက်လန့်နေသော အကြည့်မျိုးကို ရင်ဆိုင်လိုက်ရသည်။ အခြားသော သူများကလည်း အလားတူအလား ဖြစ်သည်။ သူကလည်း မနက်ပိုင်းက အိမ်တော်ထိန်းအိုကြီး ပြောသော စကားကို နားလည်လိုက်ပြီး အဓိပ္ပာယ်အပြည့် ပြုံးကာ ပြောသည်။
“ညပိုင်းတောင်တန်းတွေက အေးတယ်လို့ ပြောထားတယ် ဆိုမှတော့လည်း ငါတို့ ဒီနေ့ စံအိမ်ထဲမှာ နေသင့်တယ်။ အဲဒီနောက် နေ့ခင်းပိုင်းမှာလည်း စံအိမ်ထဲမှာပဲ ဆက်နေသင့်တယ်”
******