Ch 13
Viewers 6k

အပိုင်း(၁၃)

 

လျိုရီရီက အရေးပေါ်ဆေးဝန်ထမ်းထံ အအပ်ခံရသည်။ ပရိုဂရမ်တင်းကလည်း ဝိုင်းဝန်းကာ ကူညီပေးရင်း သူမ၏ ဒဏ်ရာများကို ခပ်မြန်မြန် ကိုင်တွယ်ကုသပေးလိုက်ကြသည်။

 

သူမကို သွေးအများကြီး ဆုံးရှုံးစေခဲ့ပြီး ကိုမာဝင်သွားစေခဲ့သော အဓိကအချက်ကမူ ပြတ်တောက်နေသည့် ဒဏ်ရာက သူမ၏ကျော အောက်ဘက်ပိုင်းတွင် ရှိနေသောကြောင့် ဖြစ်သည်။ ထိုဒဏ်ရာ၏အရှည်အရ အနည်းငယ်သာ ပိုနက်သွားခဲ့လျှင် ထိုနေရာတွင်ရှိသည့် ကျောက်ကပ်နှင့် အရွတ်များကို ပြင်းပြင်းထန်ထန် ထိခိုက်သွားလောက်သည်။ ထိုသို့ဆိုလျှင် လျိုရီရီက ယန်ရှစ်ရွှမ်းက တံခါးကို ဆောင့်ကန်ကာ ဝင်လာခဲ့သည့် မနက်ခင်းအပိုင်းအထိ တောင့်ခံ ထားနိုင်တောမ့ည် မဟုတ်ချေ။

 

ပထမဦးဆုံး တုန့်ပြန့်ခဲ့သည့် သူများကပင် ဒဏ်ရာကို မြင်သောအခါ ပင်သက် ရှိုက်မိကြသည်။

 

“ဒါရိုက်တာ ဒီဒဏ်ရာက ချက်ချင်း အရေးပေါ်ခွဲခန်းထဲကို ပို့ဖို့ လိုအပ်မှာကို စိုးရိမ်ရတယ်။ အမျိုးသမီးလျိုက နောက်ရှိုးတွေကို ဆက်လက်ပြီး ဝင်ပါနိုင်တော့မှာ မဟုတ်ဘူး”

 

အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် ကျန်းဝူပင်းက စိတ်ဓာတ်ကျစွာ သက်ပြင်းချလိုက်သည်၊

 

“ငါက သူမကို တောင်အောက်ကို မပို့ချင်ဘူးလို့ မင်းတို့ ထင်နေတာလား။ ယန်ကောက ဘာမှမပြောသွားဘူး။ ဒီအတိုင်း သူမဒဏ်ရာကိုပဲ ကုသခိုင်းထားတာ မဟုတ်လား။ ယန်ကောက သူမကို တောင်အောက် ပို့လို့ရပြီလို့ ပြောတာနဲ့ ငါ ချက်ချင်း ပို့ပေးမယ်။ အဲဒီအခါ ဆေးရုံကို တန်းပို့လိုက်မယ်”

 

ထိုသူများကလည်း ယန်ရှစ်ရွှမ်းကို ကောင်းကောင်း နားမလည်ပါချေ။ သူသည် ဒီအတိုင်း အမည်မသိရသည့် လူသစ်တစ်ယောက်ဟုသာ ထင်ထားသည်။ ထိုအချိန်တွင် ကျန်းဝူပင်းက ယန်ရှစ်ရွှမ်း၏ အကြံပြုချက်နှင့် ပတ်သက်ပြီး အလွန်အမင်း လေးစား ကိုးကွယ်လိုသော မျက်နှာမျိုးကို ဖော်ပြလာသည့်အခါ ထိုလူများကပင် စိတ်ရှုပ် သွားကြရသည်။

 

ကံကောင်းသည်မှာ လျိုရီရီက ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပြီးနောက် အချို့သော အကြောင်းပြချက်များကြောင့် ဒဏ်ရာက သွေးတိတ်သွားသည်။ သူမ၏အသက် လက္ခဏာများကလည်း အလွန် တည်ငြိမ်နေသည်။ ထို့ကြောင့် သူတို့ကသာ ဒဏ်ရာကို ပိုးမဝင်အောင် သင့်တော်သော ပုံစံမျိုးဖြင့် ပတ်တီးစည်းထားပေးသမျှ လေးနက်သည့် ပြဿနာမျိုး ဖြစ်လာလိမ့်မည် မဟုတ်ချေ။

 

ထိုရလဒ်ကို ရသောအခါ ကျန်းဝူပင်းကလည်း ယန်ရှစ်ရွှမ်းက လျိုရီရီအနားသို့ ချက်ချင်း ချဉ်းကပ်သွားပြီး အချိန်က အရေးပေါ် ကုသမှုလုပ်ခဲ့သောကြောင့် ဖြစ်လောက်ကြောင်း နားလည်လိုက်သည်။ ယန်ရှစ်ရွှမ်းနှင့် ကောလိပ်တွင် တွေ့ဆုံခဲ့ချိန်က စတင်ပြီး ယခုအချိန်အထိ သူ၏ယန်ကောက သိပ္ပံနည်းမကျသည့် အသက်ကယ် နည်းလမ်းမျိုးကို နားလည်ကြောင်း သိထားပြီးသား ဖြစ်သည်။

 

ထို့ကြောင့် ကျန်းဝူပင်း၏ နှလုံးသားကလည်း နောက်ဆုံးတွင် တည်ငြိမ်သွားပြီ ဖြစ်သည်။

 

ဒီနေရာမှာ နေရင်း လျိုရီရီ တစ်ခုခုသာ ဖြစ်သွားခဲ့ရင် ဒါက ရှိုးအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ကြီး ဖြစ်သွားလိမ့်မယ်။

 

ကျေးဇူးတင်ပါတယ် ယန်ကော။

 

“မင်းတို့ ဒဏ်ရာကို သန့်ရှင်းတဲ့အချိန်က အဲဒီဒဏ်ရာက ဘယ်လိုပုံစံမျိုးနဲ့ တူလဲ”

 

ယန်ရှစ်ရွှမ်းက အရေးပေါ် အလုပ်သမားတစ်ယောက်ကို တားရင်း မေးမြန်းလိုက်သည်။

 

ထိုအမျိုးသမီးက စိတ်ရှုပ်သွားသည်။ သို့သော် လျိုရီရီ၏ ကျောအောက်ပိုင်းက ဖြတ်တောက်ရာကို တိကျပြီး ပညာရှင် ဆန်သော ပုံစံမျိုးဖြင့် ဖော်ပြသည်။

 

“ဒဏ်ရာ ပုဆိန်နဲ့ ခုတ်ထားသလိုပဲ”

 

ယန်ရှစ်ရွှမ်းက ချက်ချင်းဆိုသလို ဆုံးဖြတ်လိုက်နိုင်သည်။

 

သူကလည်း မနေ့က မနက်အစောပိုင်း ဥယျာဉ်ထင်းတဲအတွင်းတွင် တိုက်ခိုက်ခဲ့သည့် ပုဆိန်ကိုင်ထားသည့် ထိုအရာကို တွေးလိုက်မိသည်။

 

သူက ထင်းတုတ်ဖြင့် ဒဏ်ရာရအောင် လုပ်လိုက်ပြီးနောက် ထိုအကောင် ထွက်ပြေးသွားခဲ့သည်။ တစ်ညလုံး ထင်းတဲတံခါးအပြင်ဘက်တွင် စောင့်နေခဲ့သော အရာအတွက်မူကား_ _ _ ထိုအရာက ပထမတစ်ကောင်နှင့် အလွန်တူသည့် တိုင်အောင် သူ၏တစ်ကိုယ်လုံးက အရေဆုတ်ထားပြီးသား နီရဲသော လူအသားလုံးပုံစံ ပေါက်နေသည်။ သို့သော် သူ၏လက်ထဲတွင် ပုဆိန်မရှိနေခဲ့ချေ။

 

ငါ စိုးရိမ်တာက ပထမဦးဆုံး တိုက်ခိုက်ခဲ့တဲ့ အကောင်က ထင်းတဲတံခါးကို တစ်ညလုံး သောင်းကျန်းနေခဲ့တဲ့အကောင် မဟုတ်မှာကိုပဲ။ ဒါဆိုရင် လျိုရီရီကို ပုဆိန်နဲ့ ဒဏ်ရာရစေခဲ့ပြီး သူမကို သေလုနီးပါးဖြစ်အောင် လုပ်ခဲ့တာက ထင်းတဲကို အစောပိုင်းက တိုက်ခိုက်ခဲ့တဲ့သူ ဖြစ်လောက်တယ်။

 

ယန်ရှစ်ရွှမ်းကလည်း လျိုရီရီ၏ အခန်းတံခါးကို သူဆောင့်ကန်ခဲ့ချိန်က မြင်ခဲ့ရသည့် မြင်ကွင်းကို ပြန်တွေးကြည့်လိုက်သည်။ တံခါးကို အတွင်းဘက်က လော့ချထားသည်။ ထို့အပြင် ပျက်စီးသည့် လက္ခဏာလည်း မရှိချေ။ လျိုရီရီက အိပ်ယာပေါ်မှ တံခါးထံ လာရန် တွားသွားရင်း ရုန်းကန်ခဲ့သည့်ပုံစံကို ကြည့်ရုံနှင့် သူမက ကိုယ်တိုင်တံခါးထဖွင့်ပြီး ထိုအရာကို အတွင်းသို့ ဆွဲခေါ်သည့် ပုံစံလည်း ရှိမနေခဲ့ချေ။

 

အနှစ်ချုပ်ဆိုရသော ထိုအရာက သူမ၏အခန်းအတွင်း တိုက်ရိုက်ပေါ်လာခဲ့ခြင်း ဖြစ်လောက်သည်။ လျိုရီရီက ကြောက်လန့်သွားပြီး ထွက်ပြေး ချင်ခဲ့သည်။ သို့သော် လမ်းတစ်ဝက်တွင် ထိုအကောင်ကြီးက သူမကို ပုဆိန်ဖြင့် လှမ်းခုတ်ရင်း တားခဲ့ခြင်း ဖြစ်လောက်သည်။ သို့ရာတွင် သူမကို အပြည့်အဝ မသတ်သွားခဲ့ချေ။ သေဆုံးနိုင် လောက်သည့် ဖျော့တော့သော အသက်ရှူသံနှင့်အတူ ချန်ထားရစ်ခဲ့သည်။

 

သူကသာ လျိုရီရီ၏ဒဏ်ရာကို အချိန်မှီသွေးတိတ်သွားအောင် မလုပ်ခဲ့သလို သူမ၏ကိုယ်ပေါ်က ပြင်းထန်လွန်းသည့် မကောင်းသော ဓာတ်များကို ဖယ်ရှားခဲ့ခြင်း မပြုခဲ့လျှင် မနက်စာ စားချိန်အတောအတွင်း သူမကို လာရှာခဲ့သောသူများက အေးစက်နေသည့် အလောင်းကိုသာ တွေ့ရလောက်သည်။

 

ပုဆိန်ကို သုံးပြီး လူသတ်လို့ ရတယ်။ ဒါကို ဘာလို့ ဒီလောက်အထိ ဒုက္ခခံပြီး အဲဒီအရာတွေ အတင်းစားခိုင်းတဲ့ နည်းလမ်းတွေ သုံးနေရတာလဲ။ ဘာကြောင့်လဲ။

 

ယန်ရှစ်ရွှမ်းက မျက်လုံးကို မှေးကျင်းလိုက်ပြီး လက်ထဲမှ ဝိုင်ပုလင်းကို ကြည့်သည်။ ထို့နောက် ရုတ်တရက် ဒါဟာ အလဲအလှယ်ဖြစ်နိုင်ကြောင်း တွေးလိုက်မိသည်။

 

လျိုရီရီက အမည် မသိရသော တစ်စုံတစ်ရာရဲ့ သွေးကိုသောက်တယ်။ လျိုရီရီက အဲဒီအရာရဲ့ တန်ကြေးအနေနဲ့ သူမရဲ့ကိုယ်ပိုင်သွေးကို ပြန်ပေးခဲ့ရတယ်။

 

နောက်ပြီး တံခါးဖွင့်စရာမလိုပဲ လျိုရီရီရဲ့အခန်းထဲ ဝင်လာနိုင်တဲ့ အဲဒီအရာက သူမသွေးသောက်ခဲ့ကြောင့် သက်ရောက်မှုတစ်ခု ဖြစ်သွားစေခဲ့လို့ ရလဒ် ကပ်ပါလာတာ ဖြစ်လောက်တယ်။

 

ဒါကြောင့် တံခါးကို မှောင်သွားပြီးတဲ့နောက်မှာ တံခါးကို အတွင်းဖက်က ဖွင့်မှ အပြင်က အရာတွေက ဝင်လို့ရတယ်။ ဒါမှမဟုတ် တံခါးအတွင်းကို ဝင်ရောက်ပြီး ဘာမှ မလုပ်နိုင်ဘူးဆိုတဲ့ အကျိုးအကြောင်းတွေရဲ့ စည်းမျဉ်းကို ဖောက်ဖျက်လိုက်နိုင်တာ ဖြစ်လောက်မယ်။

 

ဘာပဲဖြစ်ဖြစ် အကြွေးတင်ထားပြီးမှတော့ သေချာပေါက် ပြန်ပေးဆပ်ရတော့မှာပေါ့။ ဒါက တန်ကြေးပြန်ပေးဆပ်ရမယ်ဆိုတဲ့ သဘောတူညီမှုပဲ။

 

နောက်ပြီး အဲဒီအရာက လျိုရီရီကို လာရှာခဲ့ပြီး အခြားဘယ်သူ့ကိုမှ သွားမရှာခဲ့ဘူး ဆိုတာကလည်း တောင်ပေါ်တက်လာတဲ့အချိန်မှာ လျိုရီရီက နောက်ပြီး “ငါက သရဲလေ” လို့ ပြောခဲ့သေးတာကြောင့် ဖြစ်လောက်မယ်။

 

အဲဒီသရဲဆိုတာက စံအိမ်အတွင်းက တစ်စုံတစ်ရာကို လှုံ့ဆော်လိုက်သလို ဖြစ်သွားပြီး လျိုရီရီကိုပဲ အာရုံစိုက် မိစေတာ ဖြစ်လောက်တယ်။

 

လျိုရီရီက အပျော်မလွန်ပဲ ယန်ရှစ်ရွှမ်းရဲ့ သတိပေးချက်ကိုသာ နားထောင်လို့ တံခါးဖွင့်ပြီး အိမ်တော်ထိန်းဆီက ဝိုင်ကိုသာ မတောင်းခဲ့ရင် ဒီလိုနဲ့ အဲဒီအရာကိုသာ အခွင့်အရေး မပေးခဲ့ရင် သူမပေါ် တိုက်ခိုက်လာနိုင်တဲ့ အခြေအနေက ဒီလောက်အထိ မြန်ဆန် သွားနိုင်မှာ မဟုတ်ဘူး။ နောက်ပြီး ဒီလောက်ထိလည်း မပြင်းထန်သွားလောက်ဘူး။

 

ဒီလိုရှုထောင့်က ကြည့်ရင် မနေ့က မီးဖိုခန်းထဲက အဲဒီပြဿနာရှိတဲ့ အသားကို သူက ရှာမတွေ့ခဲ့ရင်၊ လူတိုင်းက သတိမထားမိပဲ လူသားတွေကို စားလိုက်မိရင် အားလုံးကလည်း အဲဒီအရာဆီမှာ အကြွေးတင်သွားခဲ့လို့ သူက အကြွေးပြန်ယူတဲ့ အဲဒီရိတ်သိမ်းမှု သစ်သီးအနေနဲ့ လူတိုင်းရဲ့တံခါးကို လာခေါက်နိုင်တယ်။ တံခါးကို အတွင်းက မဖွင့်ပေးရင်တောင်မှ ထူးခြားတဲ့ စည်းမျဉ်းတွေကြောင့် စံအိမ်ရဲ့ အခန်းတွေ အတွင်းကို အလိုအလျောက် ဝင်ရောက်နိုင်သွားလိမ့်မယ်။

 

ဒီလိုဆိုရင် သူတို့က တစ်ညတည်းနဲ့ အားလုံး အကုန်အစင် သုတ်သင်ခံရတာမျိုးတောင် ဖြစ်သွားနိုင်တာပဲ။ ထိုအချိန်တွင် ယန်ရှစ်ရွှမ်းကလည်း စံအိမ်၏ သက်ရှိလူများထံ ပြင်းထန်သည့် ရက်စက်လိုစိတ်များနှင့် အမှောင်အတွင်းမှ ချောင်းကြည့်နေကြမည့် တစ်စုံတစ်ရာများကို တွေးမိသွားသည်။

 

သို့သော် ယန်ရှစ်ရွှမ်းအတွက် အဖြေမရသေးသည့် ကိစ္စတစ်ရပ် ရှိနေသေးသည်။ ဒါက_ _ _

 

နောက်ပြီး စံအိမ်ထဲက အဲဒီအရာတွေက ဘာလို့ထူးခြားတဲ့ အဲဒီအရာတွေ ဆိုတာကို ဒုက္ခအများခံပြီး လုပ်နေရတာလဲ။ အဲဒီရည်ရွယ်ချက်က ဘာလဲ။

 

သူကသာ သူတို့ရဲ့ ရည်ရွယ်ချက်ကို ရှာတွေ့နိုင်ရင် ဒီနေရာကနေထွက်ဖို့ နည်းလမ်းတစ်ခုကို ရှာနိုင်လောက်တယ်။

 

“ရှောင်ယီ မနေ့ညက ဂိမ်းပြီးသွားတဲ့နောက်မှာ လျိုရီရီ ပါဝင်ထားတဲ့ အပိုင်းတွေ အားလုံးကို ငါ့ဆီပို့ပေးပါ”

 

ယန်ရှစ်ရွှမ်းက ထိုရိုက်ချက်များမှ တဆင့် အကြောင်းပြချက် များကို ရှာချင်သေးသည်။

 

လျိုရီရီ၏ ကိစ္စကို ကိုင်တွယ်ပြီးနောက် ကျန်းဝူပင်းကလည်း အခြေအနေအားလုံးကို ဝန်ထမ်းနှင့် ဧည့်သည်များ အားလုံးကို ရှင်းပြနိုင်သွားသည်။

 

သို့ရာတွင် ကျန်းဝူပင်းကလည်း ဧည့်သည်တစ်ယောက် ပျောက်နေကြောင်း တွေ့လိုက်ပြန်သည်။

 

“သူက အခန်းထဲမှာပဲ နေပြီး ထွက်မလာဘူး မဟုတ်လား”

 

ကျန်းဝူပင်းက သတိလက်လွတ် ခေါင်းမော့ကာ သရုပ်ဆောင်၏အခန်းကို ကြည့်သည်။

 

ယခုအခါမှသာ လျိုရီရီ၏အခန်းက တစ်စုံတစ်ရာ ဖြစ်သွားပြီးသဖြင့် ဧည့်သည်များကို အခန်းထဲတွင် တစ်ယောက်တည်း သီးသီးသန့်သန့် နေခြင်းထက် စုစုရုံးရုံးနေခြင်းက ပို၍ကောင်းမွန်သည်ဟု ခံစားလိုက်ရသည်။

 

ဧည်သည်များက တစ်ယောက်ကိုတစ်ယောက် ကြည့်ကြပြီး တုန့်ဆိုင်းစွာ ပြောလာကြသည်။

 

“သူက အခုမြင်လိုက်ရတဲ့ လျိုရီရီရဲ့ပုံစံကြောင့် ကြောက်သွားခဲ့တဲ့ပုံပဲ။ ဒါကြောင့် သူက ရှိုးအဖွဲ့ထဲက ထွက်သွားချင်တယ်လို့ ပြောတယ်။ အဲဒီနောက် ဘာကိုမှမယူတော့ပဲ တောင်အောက်တောက်လျောက် ဆင်းသွားတော့တာပဲ”

 

“ဘာ”

 

ကျန်းဝူပင်းက ချက်ချင်း ကြောင်သွားသည်။ သူက ချက်ချင်းဆိုသလို ဝန်ထမ်းများကို ခေါ်ပြီး ထိုသရုပ်ဆောင်ကို လိုက်ရှာခိုင်းသည်။

 

ကျန်းဝူပင်းကလည်း တစ်စုံတစ်ယောက်လည်း ထိုမျှဦးနှောက်မဲ့လိမ့်မည်ဟု မထင်ထား‌ဖူးချေ။

 

ယန်ရှစ်ရွှမ်းကလည်း မနေ့ညကတည်းက အားလုံးကို သတိ ပေးထားပြီးသား ဖြစ်သည်။ ဒီမနက်ပိုင်းတွင်ပင် လူတိုင်းကို လျှောက်ပြေးမနေပဲ တည်တည်ငြိမ်ငြိမ် နေရန်၊ ရှိုးပွဲမှ မတော်တဆမှု ဖြစ်လာနိုင်ချေကို ကောင်းကောင်း ကိုင်တွယ်နိုင်ရန် ဖုန်းဆက်ပြီး ပြောခဲ့သေးသည်။ သို့သော် ထိုသရုပ်ဆောင်ကမူ ဘာကိုမှ မကြားခဲ့သလို ရူးသွပ်စွာ တုန့်ပြန်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

 

ကျန်းဝူပင်းကမူ မူလကမူ ယန်ရှစ်ရွှမ်းကို ခေါ်ချင်ခဲ့သည်။ ယန်ရှစ်ရွှမ်းက ဆိုဖာပေါ်တွင် ခပ်အေးအေးထိုင်ရင်း တည်ငြိမ်စွာ ပြောလာသည်။

 

“နောက်ကျ သွားပြီ”

 

“သူက စံအိမ်တံခါးကနေ ထွက်လိုက်တာနဲ့ နောက်ကျ သွားပြီ။ သူ့ကို သွားရှာစရာ မလိုဘူး။ သူ့ဘာသာသူ ပြန်လာလိမ့်မယ်”

 

“ဒါပေမယ့် ယန်ကော ယန်ကော ဘာကိုဆိုလို”

 

ကျန်းဝူပင်းက မေးလျက်သား ရှိနေသေးသည်။ ရုတ်တရက် စံအိမ်တံခါးအပြင်ဘက်မှ စူးရှလွန်းသည့် အသံတစ်သံက ထွက်လာသည်။ ထိုအသံက အလွန့်လွန့်စူးရှလွန်းသည်။

 

ဧည့်သည်များနှင့် ဝန်ထမ်းများကလည်း ပြင်းထန်လွန်းသည့် ကြောက်လန့်မှုက ထိုအသံအတွင်း ကပ်ပါ‌နေကြောင်း ခံစားလိုက်ရသည်။ သူတို့ကပင် ခြောက်ခြား သွားရ၏။ ပိုင်ရွှမ်းနှင့် အန်းနန်ယွမ်တို့က အလိုအလျောက်ပင် ယန်ရှစ်ရွှမ်းနားသို့ ကပ်သွားကြသည်။ သူတို့က သူ့ဘေးနား ကပ်နေပြီး သူတို့၏ကာကွယ်မှုကို လိုချင်သည့်အလား ထင်ရသည်။

 

ထို့နောက် တစ်ခဏတွင် စံအိမ်၏တံခါးက ခပ်ကြမ်းကြမ်း တွန်းဖွင့်ခံရသည်။

 

စံအိမ်အပြင်ဘက်မှ ဖြူဖျော့နေသော မျက်နှာနှင့် သရုပ်ဆောင်က အလွန်အမင်း ကြောက်စရာကောင်းလွန်းသော တစ်စုံတစ်ရာကို တွေ့လိုက်ရသဖြင့် အသိစိတ်လွတ်သွားသူ တစ်ယောက်ကဲ့သို့ ဝင်လာသည်။

 

“သရဲ သရဲ”

 

ထိုသရုပ်ဆောင်၏ အရှက်ရဖွယ် ပုံပန်းသွင်ပြင်မျိုုးကို မြင်လိုက်ရသည့်အခါ ဧည့်သည်များကလည်း ပွက်လောရိုက်သွားသည်။

 

သူတို့၏ အသီးသီးသော ကင်မရာအခွဲများကလည်း ထိုသရုပ်ဆောင်၏ အလွန်အမင်း ကြောက်လန့်နေသော ပုံစံကို အမိအရ ရိုက်ကူး လိုက်နိုင်ပြန်သည်။

 

တိုက်ရိုက်ထုတ်လွှင့်မှု အရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသော ကြည့်ရှုသူများကလည်း ထိုတစ်ခဏတွင် သူတို့၏ခေါင်းပေါ်သို့ ရေအေးပုံးလိုက်လောင်းချလိုက်သလို ခံစားလိုက်ကြရသည်။ စံအိမ်အတွင်းမှ ကြောက်စရာကောင်းသည့် ထိုအရာများက သူတို့ဆီကိုပင် ထိုးဖောက်ပြီး လာရောက်လျက် သူတို့ကိုပင် မလွတ်မြောက်အောင် ချုပ်ထိန်းထားတော့မတတ် ခံစားလိုက်ရသည်။

 

ကြောက်စရာကောင်းသော သရဲများနှင့် ဆိုးယုတ်သော အကြည့်များက သူတို့ကို ကြည့်ကာ ပြောလာသည်။

 

“မစိုးရိမ်ပါနဲ့ စံအိမ်က လူတိုင်း သေသွားပြီးတဲ့အခါ ငါ မင်းတို့ကို လာရှာမယ်”

 

“ငါ မင်းတို့ရဲ့ အသွေးနဲ့အသားကို လိုချင်တယ်။ အဲဒီနောက် မင်းတို့ရဲ့ အရေခွံကို ခြုံပြီး မင်းတို့ရဲ့နောက်ခံနဲ့ ဆက်ရှင်သွားမယ်”

 

မင်းတို့မိသားစုနဲ့ မင်းတို့မိတ်ဆွေတွေရဲ့ အသွေးအသားတွေကလည်း ငါ့ရဲ့အရသာရှိတဲ့ စားစရာတွေ ဖြစ်လာလိမ့်မယ်။

 

ကြည့်ရှုသူများကလည်း ကြောက်လန့်တကြား အော်ဟစ်ကြသည်။ သူတို့က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ အလျင်အမြန် ထွက်သွားကြ၏။

 

သူတို့ကလည်း ထိုဖန်သားပြင်ကို ဆက်မကြည့်နေတော့သောအချိန်၊ ဆိုးယုတ်မှုကို သတိမထားမိသော အချိန်မှသာ သူတို့၏အဝတ်များက ချွေးစေးများဖြင့် စိုရွှဲနေပြီး တစ်ကိုယ်လုံး ကြက်သီးများ ထနေကြောင်း သိလိုက်သည်။

 

ယခုလေးတင် လူပေါင်းများစွာက အလွန့်အလွန် ခြောက်ခြားကာ မှင်သက် သွားခဲ့ကြသည်။ ထို့နောက်တစ်ခဏတွင် စံအိမ်အတွင်းမှ အရာများက ဖန်သားပြင်ကို ဖြတ်၍ သူတို့ဆီ တိုက်ရိုက် လာလျက် သူတို့၏အသွေးအသားများကို တိုက်ရိုက် ဝါးမြိုသွားတော့မလို ခံစားရသည်။

 

ယန်ရှစ်ရွှမ်းကလည်း ထိုသရုပ်ဆောင်က အော်လိုက်သည့် သရဲဆိုသော စကားကြောင့် မျက်မှောင်ကျုံ့ လိုက်သည်။

 

အ‌ကြောက်လွန်ပြီး စိတ်လွတ်သွားသော ထိုသရုပ်ဆောင်က စိတ်ကစဉ့်ကလျား ဖြစ်သွားပုံပေါ်သည်။ သူ၏ဦးနှောက်နှင့် အကြောင်းပြချက်ကို စဉ်းစားနိုင်စွမ်း အားလုံးက ဖျက်ဆီးခံလိုက်ရ၏။

 

သူက သူမြင်ခဲ့ရသော အရာတိုင်းကို လူတိုင်းအား တုန်ယင်သော လေသံဖြင့် ပြောသည်။ သူက လုံခြုံမှု ခံစားချက်ကို အရယူချင်ပုံပေါ်သည်။

 

“မင်းတို့ ဘယ်လိုနည်းနဲ့မှ တောင်အောက်ကို ဆင်းလို့ မရဘူး။ မင်းတို့ လမ်းဘယ်လို လျှောက်လျှောက် စံအိမ်အရှေ့ကိုပဲ ပြန်ရောက်လာမှာပဲ။ နောက်ပြီး တောထဲမှာ သရဲတွေ၊ အလောင်းတွေ အပြည့်ပဲ။ အလောင်းတွေက လမ်းလျှောက်နေကြတယ်”

 

ထိုသရဲက အမောတကော အသက်ရှူသည်။ သူက ရေကန်ထဲမှ ခုန်ထွက်လာသော ငါးတစ်ကောင်ကဲ့သို့ အငမ်းမရ အသက်ရှူနေရပုံ ပေါ်သည်။

 

“ငါတို့ အားလုံး သွားပြီ။ ငါတို့အားလုံး အဆုံးသတ်ပြီ။ ငါတို့ ဘယ်သူမှ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး ဟား ဟား”

 

ထိုဧည့်သည်က ငိုသည်။ ထို့နောက် ရယ်၏။ ကြောက်လန့်နေသော သူ၏ မျက်နှာတွင် ရွံ့များ၊ အရွက်ခြောက်များ ကပ်နေသေးသည်။ သူ၏တစ်ကိုယ်လုံးကလည်း ထိုမျှ စုတ်ပြတ်သတ်ပြီး အရှက်ရဖွယ် ပုံစံမျိုးဖြင့် ဖြစ်သည်။ သူက ထွက်ပြေးရင်း လဲကျခဲ့ပုံပေါ်သည်။ သူ၏မျက်နှာတွင် နူပ်ချေးများ၊ မျက်ရည်များဖြင့် ပြည့်နှက်နေပြီး အလွန်အမင်း စုတ်ပြတ် သတ်နေလေသည်။

 

“ငါတို့အားလုံး ဒီနေရာမှာ သေရတော့မှာ။ ဘယ်သူမှ မလွတ်မြောက်နိုင်တော့ဘူး။ ဘယ်သူကမှ အဲဒီသေဆုံးမှု အုတ်ဂူအတွင်းကနေ မလွတ်မြောက်နိုင်တော့ဘူး”

 

ဧည်သည့်များကလည်း ယခုလေးတင် ထွက်ပြေးသွားခဲ့ပြီး ပြန်လာကာ ရူးသွပ်သွားခဲ့သည့် ထိုသရုပ်ဆောင်ကို ကြည့်ကာ သူတို့၏မျက်နှာတွင် ကြောက်လန့်မှု၊ အံ့အားသင့်မှုများက ပြည့်နှက်လာသည်။

 

စံအိမ်အတွင်းရှိ အရာအားလုံးက အချိန်တစ်ခု ကြာသည်အထိ တိတ်ဆိတ်သွားသည်။

 

ရူးသွားသော ထိုသရုပ်ဆောင်၏ အော်ရယ်သံကသာ ခြောက်ခြားဖွယ်ကောင်းသော တိတ်ဆိတ်မှုကို ထိုးဖောက်နေလေသည်။

 

******