အပိုင်း(၁၄)
ယန်ရှစ်ရွှမ်းက သူ၏ဒေါသကို ဖိနှိပ်ထားပြီး ထိုသရုပ်ဆောင်၏ စိတ်ရှုပ်ထွေးစရာ ကောင်းလွန်းသော စကားများကို စိတ်ရှည်စွာ နားထောင်ပေးနေသေးသည်။ ဒီနည်းအားဖြင့် ထိုစကားများမှ တဆင့် အသုံးဝင်စေမည့် အချက်အလက်တစ်ချို့ကို လိုချင်သည်။
သို့သော် ထိုသရုပ်ဆောင်က စိတ်လွတ်သည်အထိ ကြောက်လန့်ခဲ့ပုံ ပေါ်သည်။ သူက အလောင်း၊ အတူသေရအောင် ဆိုသော စကားများကိုသာ ထပ်ခါတလဲလဲ ပြောနေ၏။ ထိုသရုပ်ဆောင်၏ ကြမ်းတမ်းပြီး မနှစ်မြို့ဖွယ်ကောင်းသော အသံက ယန်ရှစ်ရွှမ်း၏နားကို နာကျင်လာစေသည်။
ယန်ရှစ်ရွှမ်းက နောက်ဆုံးတွင် စိတ်မရှည်စွာဖြင့် လက်ကို တစ်ချက်ယမ်းလိုက်ပြီး သူ၏သွယ်လျသော လက်ချောင်းများကို သုံးလျက် ထိုသရုပ်ဆောင်ရှိရာဘက်သို့ ချိတ်စည်းသင်္ကေတအချို့ကို ရေးဆွဲလိုက်ကာ တည်ငြိမ်သော ချိတ်စည်းကို ချလိုက်သည်။
ထို့နောက် တစ်ခဏတွင် သရုပ်ဆောင်၏ ရူးသွပ်သော အော်ဟစ်မှုများက ရုတ်ချည်း ငြိမ်ကျသွားသည်။ သူက မျက်လုံးလှန် တက်သွားပြီး ကို့ရိုးကားယား လဲကျသွားသည်။ ထိုသို့ဖြင့် မြေပြင်ပေါ် ဗိုင်းကနဲ အသံနှင့်အတူ လဲကျသွားသည်။
အနားရှိဝန်ထမ်းက ထိုသရုပ်ဆောင်ကြောင့် ကြောက်လန့်နေခဲ့ရာမှ နောက်ဆုံးတွင် အသိဝင်သွားကြပြီး ခပ်မြန်မြန်ဝိုင်းကာ သရုပ်ဆောင်ကို မြေပြင်မှ အလျင်စလို မကြည့်လိုက်သည်။
“ယန်ကော ငါတို့အခု ဘယ်လိုလုပ်ကြမလဲ”
တိတ်ဆိတ်မှု၏ ဆန့်ကျင်ဘက်အနေနှင့် ကျန်းဝူပင်းက တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိက ကင်မရာကိုပင် ဂရုမစိုက်တော့ပဲ ချက်ချင်းဆိုသလို အပြေးသွားကာ ယန်ရှစ်ရွှမ်းထံ အကူအညီတောင်းသည်။
သို့ရာတွင် ယန်ရှစ်ရွှမ်းက မျက်လွှာချလိုက်ပြီး သရုပ်ဆောင်၏ ပုခုံးနားတွင် တွဲကပ်ထားသည့် ကင်မရာကိုသာ အာရုံစိုက်လိုက်သည်။
“သူ့ကို အရင်ဆုံး အရေးပေါ် ကုသမှုပေးဖို့ ဆေးဝန်ထမ်းဆီ ခေါ်သွားခိုင်းလိုက်။ နောက်ပြီး လျိုရီရီနဲ့ သူနဲ့ကို ကြည့်ဖို့ လူလွှတ်ထားလိုက်ပါ။ သူ နိုးလာပြီး ထပ်ပြီး ပြဿနာရှာနေသေးရင် ငါတို့ သူ့ကို စိတ်ငြိမ်ငြိမ် ထားဖို့နဲ့ ပေါက်ကရတွေ လျှောက်မပြောဖို့ ကြိုးစားရမယ်။ ဒီလိုဆိုရင် သူက မှားယွင်းတဲ့အကြောင်းအရာတွေကို ပြောမိတော့မှာ မဟုတ်ဘူး”
“နောက်ပြီး သူ အပြင်ထွက်သွားတဲ့အချိန်မှာ အဲဒီကင်မရာက ဖွင့်ထားသေးတာလား”
ယန်ရှစ်ရွှမ်းက ရယ်သည်။
“နောက်ဆုံးတော့ ဒါက ကောင်းမွန်တဲ့ကိစ္စပဲ”
ကိစ္စများက ထိုအခြေအနေထိ ဖြစ်လာသောအခါ တုန့်ပြန်မှု အနှေးကွေးဆုံးလူကပင် တစ်စုံတစ်ရာဟာ မှားယွင်းနေကြောင်း နားလည်ကြမည် ဖြစ်သည်။
“လူကြီးမင်းယန်”
သရုပ်ဆောင်၏ အခြေအနေကို ကြည့်နေသည့် ဧည့်သည်တစ်ယောက်က တံတွေးမြိုချလိုက်ရင်း တုန်ယင်စွာ မေးလိုက်သည်။
“အခုက ဘာတွေဖြစ်နေတာလဲ”
အချို့သောသူများက သရုပ်ဆောင် ပြောသွားသော စကားများကို ပို၍ပင် စိုးရိမ်မိနေသေးသည်။
“သူ ပြောသွားတာ အမှန်တွေလား။ အဲဒီအရာတွေက တကယ်ပဲ အဲဒီမှာ ရှိနေတာလား။ ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ဒါရိုက်တာ ငါ ထပ်ပြီး မရိုက်ကူးချင်တော့ဘူး။ ငါ အခုပဲ ပြန်တော့မယ်”
“စမ်းကြည့်လို့ ရတယ်”
ယန်ရှစ်ရွှမ်းက မေးစေ့ကို လက်ထောက်လျက် ခေါင်းအသာမော့လာပြီး အပြုံးတစ်ဝက် မျက်နှာမျိုးနှင့် ထိုအမျိုးသားကို ကြည့်လိုက်သည်။
“ဖြစ်နိုင်တာက မင်း သိပ်မကြာခင် ပြန်လာတဲ့အခါ အရေးပေါ်အခန်းထဲမှာ လူတစ်ယောက် တိုးရုံပေါ့”
ယန်ရှစ်ရွှမ်း၏ အဓိပ္ပာယ် ကွယ်ဝှက်ထားသော စကားများကို ကြားသောအခါ ထိုအမျိုးသားက တုန်ယင်သွားသည်။ သူက စကား ဆက်မပြောတော့ချေ။
ယန်ရှစ်ရွှမ်းက သူ၏မိုဘိုင်းလ်ကို ထုတ်လိုက်ပြီး ဆိုရှယ်ပလက်ဖောင်းပေါ် တက်၍ ရှိုးနှင့် ဆက်စပ်သည့် တက်စ်များကို ရှာလိုက်သည်။
သေချာစွာပင် သရုပ်ဆောင်က သယ်သွားခဲ့သော ကင်မရာအခွဲမှတဆင့် ဖြစ်သွားခဲ့သော အကြောင်းအရာများကို မှတ်တမ်းတင်ထားသည်။ ထိုသို့ဖြင့် ရှိုးပွဲနှင့် ပတ်သက်သည့် ဆွေးနွေးမှု အများဆုံး အကြောင်းအရာများကို အများဆုံး ပေါ်ထွက်လာကာ ဆိုရှယ်ပလက်ဖောင်းများတွင် ပလူပျံ နေပြန်သည်။ အချို့သောသူများကလည်း ထိုသရုပ်ဆောင်၏ ကင်မရာအခွဲမှ ဖြစ်ရပ်များကို ရီကော့တင်း ရိုက်ယူထားကြသည်။ ထိုရိုက်ကူးထားမှုများကို ဆိုရှယ်ပလက်ဖောင်းပေါ် တင်လာသည်။
အဲဒီသရုပ်ဆောင်က စံအိမ်ထဲက လျှောက်ထွက်သွားတဲ့အချိန်မှာ အရာအားလုံးက ပုံမှန်ဖြစ်နေတယ်လို့ ပြောလို့ရတယ်။
သရုပ်ဆောင်က လျိုရီရီရဲ့ ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေကြောင့် အလွန် ကြောက်လန့်သွားခဲ့တယ် ဆိုပေမယ့်လည်း ဒီလိုကြောင်တောင်တောင်စံအိမ်ထဲမှာ ဆက်နေရင် လျိုရီရီလိုမျိုး ကြောက်စရာကောင်းတဲ့ တစ်စုံတစ်ရာက သူ့ဆီမှာ ဖြစ်လာမှာကို ပိုပြီး ထိတ်လန့်နေခဲ့တာ။
ဒါပေမဲ့ သူ့မှာ အခြေခံအကျဆုံး အသိစိတ် ရှိနေတုန်းပဲ။ သူက ဒီနေရာကနေ တိုက်ရိုက်ဆိုသလို ထွက်သွားခဲ့ရင် ဒါရိုက်တာနဲ့ အဖွဲ့ဆီက စာချုပ်ဖောက်ဖျက်မှုနဲ့ လျော်ကြေး ပေးရနိုင်တယ်။ ဒါမှမဟုတ် တရား ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ အကြောင်းအရာကို နားလည်နေသေးတယ်။ ဒီလိုဖြစ်သွားတဲ့အခါ တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာရဲ့အရှေ့မှာ သူ့အပေါ် မကောင်းတဲ့ထင်မြင်ချက်တွေ ကျန်ရစ်မှာကို သူက စိုးရိမ်သွားလိမ့်မယ်။ ဒီလိုဆိုရင် သူရဲ့ကျော်ကြားမှု ထိုးဆင်း ကျသွားမှာပဲ။
ဒါကြောင့် သရုပ်ဆောင်က သူရဲ့ကင်မရာအခွဲကို ဖွင့်ပြီး ကင်မရာကို သူရဲ့ အတောက်ပဆုံး၊ အချောမောဆုံးလို့ ထင်တဲ့ အပြုံးကို ပေးလို့ ပရိုဂရမ်အဖွဲ့က ဧည်သည့်တွေ ဘယ်လို ဆက်ဆံတယ်ဆိုတဲ့ အကြောင်းအရာတွေ မကောင်းကြောင်း ပြောခဲ့တယ်။ နောက်ပြီး အဲဒီလို ဇာတ်ညွှန်းရှိတဲ့အကြောင်းကို သူတို့ကို ကြိုတင် အကြောင်းကြားထားတာ မရှိဘူး။ သူက အခုလို မမျှော်လင့်ထားတဲ့ ခြောက်ခြားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို ထပ်ဖြည့်ထည့်လိုက်ပြီး ပရိုဂရမ်က နာမည်ကြီးစေဖို့အတွက်နဲ့ သရဲရှိချင်ဟန်ဆောင်တာက လျိုရီရီကို ဒဏ်ရာရစေတဲ့အထိ ဖြစ်သွားစေတယ်ဆိုပြီး မကောင်းကြောင်း ပြောဆိုခဲ့တယ်။
ကြောက်လန့်မှုနဲ့ အကျိုးအမြတ်ကြားမှာ ရောက်နေတယ်ဆိုတဲ့ သူ့ရဲ့ ထူးခြား ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကို သုံးပြီး ကြည့်ရှုသူ ပေါင်းများစွာနဲ့ မနေ့ညက အဖြစ်အပျက်ကို မကြည့်ခဲ့ကြတဲ့ သူ့ရဲ့ပရိတ်သတ်တွေကို သူ့အပေါ် သနားစိတ် ဝင်လာစေခဲ့တယ်။ အဲဒီနောက် သူနဲ့အတူ ပရိုဂရမ်အသင်းနောက်ကို လိုက်ပြီး မုန်းတီးမှုတွေနဲ့ ကျိန်ဆဲကြတယ်။
သရုပ်ဆောင်က သူ့ရဲ့ကင်မရာအခွဲနှင့် ချိတ်ဆက်ထားသော ဖုန်းတွင် ပေါ်လာသည့် ကွန့်မန့်များကို ဖတ်နေရင်း ကျေနပ်တဲ့ပုံစံမျိုးနဲ့ ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သေးတယ်။
သူ၏ဖန်သားပြင်အခွဲမှ ကွန့်မန့်များအားလုံးက သူ့ကို အပြည့်အဝ ထောက်ခံလုနီးပါး ဖြစ်သွားသည်။ မကြာခဏဆိုသလို လူတစ်ချို့ ကလည်း မနေ့ညက အန်းနန်ယွမ်၏ အော်ရဂျင်နယ် ဖန်သားအခွဲ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေခဲ့သောကြောင့် ဒါဟာ ဇာတ်ညွှန်းသီအိုရီ ဟုတ်မဟုတ် မေးခွန်း ထုတ်ခဲ့ကြသည်။ ထိုသို့ဖြင့် ပရိုဂရမ်အဖွဲ့က trollလုပ်လွန်းသည်ဟု တံဆိပ်ကပ်ပြီး ကျိန်ဆဲကြပြန်သည်။
သူ့ကို မပျော်မရွှင် ဖြစ်စေသည့် တစ်ခုတည်းသော အကြောင်းအရာကမူ သူက သူ၏အေးဂျင့်ကို ဖုန်းဆက်သောအခါ ဖုန်းမဝင်ခြင်း ဖြစ်သည်။ ဝန်ဆောင်မှု မရှိသောနေရာတွင် ရှိနေသည်ဟုပင် ပြောနေသေးသည်။
သောက်ကျိုးနည်း ခေါင်လွန်းတဲ့နေရာ ဒီနေရာမှာ လိုင်းတောင် မရှိဘူး။
သရုပ်ဆောင်က စိတ်ထဲတွင် ကျိန်ဆဲ နေသည်။ သူက ကွေ့ရှန်းမှ ထွက်ပြီးသည်နှင့် သူ၏အေးဂျင့်ကို ဆက်သွယ်ပြီး ကျန်သောကိစ္စများကို ဆက်လက် ဆောင်ရွက်ရပေလိမ့်မည်။ ဒီအရူးလို ပရိုဂရမ် အသင်းပင် ဖြစ်စေ၊ သူ့ကို အထင်သေးသော ယန်ရှစ်ရွှမ်းပင် ဖြစ်စေ သူ၏ကလဲ့စားချေမှုကို စောင့်နေရန်သာ ဖြစ်သည်။
နောက်ပြီး အဲဒီယန်ရှစ်ရွှမ်းလို့ ခေါ်တဲ့အကောင် သူ့က ကုမ္ပဏီနဲ့ စာချုပ် ချုပ်ဆိုထားတောင်မှ မဟုတ်ဘူး။ ဒါတောင်မှ သူ့ကို ဒီလိုမျိုး လာပြီး ဆက်ဆံရဲသေးတယ် ဟုတ်လား။
စီနီယာတွေကို လေးစားပြီး အများအမြင်ကို ဂရုထားရမယ်ဆိုတဲ့ အချက်ကို ယန်ရှစ်ရွှမ်း နားလည်သွားအောင် သူ လုပ်ပေးဦးမယ်။
ဆိုတော့ သူ့မှာ ချောမောလွန်းတဲ့မျက်နှာ ရှိနေတော့ရော ဘာဖြစ်လဲ။ ဘယ်ကုမ္ပဏီကမှ သူ့ကိုမှ မလိုချင်ပဲ။
သူ ပြန်လာပြီး ယန်ရှစ်ရွှမ်းက သူ့ရဲ့ပရိတ်သတ်တွေနဲ့ ပြည်သူလူထုက အားလုံး ဝိုင်းဝန်းဆူပူ ထိုးချလို့ ပြိုလဲကျသွားမယ့် အချိန်အထိ စောင့်နေဦးမယ် ဟားဟား
သူ၏ထင်ယောင်ထင်မှား စိတ်ကူးယဉ်အိပ်မက်ထဲတွင်မူ ယန်ရှစ်ရွှမ်း၏ ချောမောသော မျက်နှာက ငိုယိုပြီး သနားစဖွယ် ကောင်းနေသည်။ ထိုအခြေအနေက ထိုသရုပ်ဆောင်ကို အလွန်အမင်း သဘောကျစေသည်။ လျိုရီရီ၏ ဝမ်းနည်းဖွယ် အဖြစ်အပျက်က သူ့အပေါ် ဖြစ်လာနိုင်သည်ဆိုသော အခြေအနေကိုပင် မေ့သွားခဲ့၏။ သူက ပျော်လွန်းသဖြင့် အချိန်တစ်ခု ကြာပြီးနောက် သူ၏ပတ်ဝန်းကျင်မှ ပြောင်းလဲလာသော အခြေအနေများကို လစ်လျူရှုမိသွားသည်။
ထိုသရုပ်ဆောင်က နောက်ဆုံးတွင် လမ်းလျှောက်နေပြီး ချွေးသံတရဲရဲ ဖြစ်လာသောအခါ သူက တောင်ခြေနှင့် မည်မျှဝေးပြီဖြစ်ကြောင်း သိလိုသဖြင့် မော့ကြည့်လိုက်သည်။ ထိုအခါ သူဟာ တူညီသော ဝန်းကျင်တွင်သာ ရှိနေသေးကြောင်း သိလိုက်သည်။
ရင်းနှီးကျွမ်းဝင်လွန်းသော ခံစားချက်က သူ့ကို စိတ်ရှုပ်ထွေးစွာဖြင့်ပင် လိုက်ကြည့်မိစေသည်။ ထို့နောက် သူဟာ နာရီဝက်ကြာအောင် လျှောက်ပြီးသည့်တိုင်အောင် စံအိမ်ဘေးဘက်ရှိ တောင်အောက်သို့ဆင်းသော လမ်းတွင်သာ ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ သူက နောက်သို့လှည့်ကြည့်လိုက်ချိန်တွင် တောအုပ်အနောက်မှ စံအိမ်ကို မြင်နေရသေးသည်။
ဘာဖြစ်နေတာလဲ။
သရုပ်ဆောင်က ထိုအချိန်မှသာ ချွေးပျံလာပြီ ဖြစ်သည်။
သူက ဖန်သားပြင်အရှေ့ရှိ ပရိတ်သတ်များနှင့် အဆက်အသွယ်လုပ်ရန် အာရုံမစိုက်နိုင်တော့ချေ။ ထိုအစား အရှိန်နူန်းကို မြန်လိုက်ပြီး တောင်အောက်သို့ ဆင်းရန်သာ အာရုံစိုက်ထားလိုက်သည်။ ဒီနည်းအားဖြင့် သူဟာ ဒီလိုထူးဆန်းလွန်းသော နေရာမှ အမြန်ဆုံး ထွက်သွား ချင်နေခဲ့သည်။ သို့ရာတွင် သူက ပတ်ဝန်းကျင်ကို အာရုံစိုက်မိသည့်အချိန်တွင်ပင် ဆိုးရွားသော အခြေအနေကို တွေ့လိုက်ရသည်။ သူက မည်မျှမြန်အောင် လျှောက်နေစေကာမူ တောင်နားတွင်သာ ပတ်လျှောက်မိသလို ဖြစ်နေသည်။ သူက နောက်လှည့်ကြည့်လိုက်မိသည့် အချိန်တိုင်းလိုလို သူ၏အနောက်တွင် စံအိမ်ကို မြင်နိုင်နေပြီ ဖြစ်သည်။
သရုပ်ဆောင်၏ အဝတ်များက ချွေးဖြင့် စိုကပ်နေသည်။ သူ၏ကိုယ်ပိုင် နှလုံးခုန်သံနှင့် လေးလံသော အသက်ရှူသံကိုပင် ကြားနေရသည်။ အခြား မည်သည့်အသံကမဆို တိတ်ကျနေသည်။
ထို့အပြင် ကျောက်တုံးလမ်း ဘေးတစ်ဖက်တစ်ချက်စီတွင်ရှိသော ဘေးမှလာသည့် ထူးဆန်းသော အသံများအပြင် သူ၏ခြေထောက်အောက်ဘက် မြေဆီလွှာအတွင်းမှ ထူးဆန်းသည့် အသံများကို ကြားလာရသည်။
ထိုသရုပ်ဆောင်၏ ဖန်သားပြင်အခွဲ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက အခန်း၏အရှေ့တွင် ထိုင်စောင့်နေကြသော ကြည့်ရှုသူများကလည်း သရုပ်ဆောင်က စကားပြော ရပ်တန့်သွားသဖြင့် စိတ်ရှုပ်ထွေးနေကြရာမှ ရုတ်တရက် ကင်မရာတွင် ခပ်မြန်မြန်ရွေ့သွားသော ရှုခင်းများကြောင့် အားလုံးက မှင်သက်သွားကြသည်။ သူတို့ကလည်း ဒီသရုပ်ဆောင်က အလွန်မြန်အောင် လျှောက်နေသည့်အတွက် အထွန့် တက်ချင်ကြသည်။
ထိုအခိုက် အမြင်စူးရှလွန်းသော ကြည့်ရှုသူများကလည်း ဖန်သားပြင်အခွဲ ထောင့်စွန်းနားတွင်ရှိသည် တောအုပ်အတွင်းမှ နီရဲသော တစ်စုံတစ်ရာ၏ပေါ်ထွက်လာမှုကို ခပ်မြန်မြန် သတိထားမိလိုက်သည်။
{ကြည့်ဦး ကြည့်ဦး အဲဒါက ဘာကြီးလဲ}
{ဒါက အနီးအနားက ရွာသားတွေ တောင်ပေါ်တက်လာတာ ဖြစ်မှာပါ}
{ဘယ်သူက အလုပ်လုပ်ဖို့ အနီရောင် ဝတ်လို့လဲ။ နောက်ပြီး ဒါက ရှော့ပင်းမောလ်တွေမှာ ရှိတဲ့ အဝတ်တွေချိတ်တဲ့ ပလက်စတစ်ရုပ်ထုကြီးလိုပဲ မဟုတ်လား။ ဘယ်လောက်တောင် လက်ရာဆန်တဲ့ ပုံစံကြီးလဲ ကြည့်စမ်းပါဦး။ ဒီလောက်တောင်အနက်ပိုင်း တောအုပ်အဟောင်း ရှိတဲ့နေရာမျိုးမှာ ဘာလို့ ဒီလို ပလက်စတစ် မော်ဒယ်တွေကို လာပစ်ထားတာလဲ}
{မဟုတ်ဘူး အဲဒါက ရှင်နေတာ လှုပ်နေတာ ကြည့်ဦး}
{ဒါက သက်ရှိလူနဲ့လည်း မတူပါဘူး။ သူက အရေခွံဆုတ်ထားတဲ့ ပုံစံမျိုးနဲ့။ ငါ သူရဲ့ကိုယ်ပေါ်က သွေးပြန်ကြောတွေကိုတောင် မြင်ရတယ်။ နောက်ပြီး သူ့ရဲ့ အူသိမ်ကြီးက မြေပြင်ပေါ် ပြုတ်ကျ ဒါကို ဘယ်လို လှုပ်ရှားနေနိုင်တာလဲ}
{သောက်ကျိုးနည်း သောက်ကျိုးနည်း}
သရုပ်ဆောင်ကလည်း ကွန့်မန့်ကို မကြည့်နိုင်တော့ချေ။ သူက အလျင်လိုနေသည်။ ထို့ကြောင့် တောအုပ်အောက်ပိုင်းမှ အနီရဲရဲများ တက်လာသော မြင်ကွင်းကို မမြင်နိုင်ခဲ့ချေ။ ကြည့်ရှုသူများကလည်း မည်မျှပင် စိတ်အားထက်သန်စေကာမူ သူတို့ကလည်း တိုက်ရိုက် သတိမပေးနိုင်ချေ။
“ဝူး”
“ဝူး”
အစပိုင်းကတည်းကမူ ဒီအတိုင်း သစ်ရွက်လေသံတိုးသံဟုသာ ထင်ရသေးသည်။
ထို့နောက် ရွက်ခြောက်များနှင့် ဆွေးမြေ့နေသော မြေဆီလွှာများက ဘေးသို့ ဖြာကျသွားပြီး အောက်ဘက်တွင်ရှိသည့် မြေဆီလွှာအတွင်းမှ တစ်စုံတစ်ရာက လှုပ်ရှားလာသလို လှုပ်ခတ်လာသည်။
ရုတ်တရက် မြေပြင်အတွင်းမှ နီရဲနေသော သွေးလက်မောင်းကြီးက ထိုးထွက်လာပြီး ကောင်းကင်သို့ တိုက်ရိုက်ညွှန်သည်။
ဒါဟာ အချက်ပြမှုတစ်ခု ဖြစ်သွားသလိုမျိုးပင်။ မူလက တိတ်ဆိတ်နေခဲ့သော တောအုပ်တစ်ခုလုံးအနှံ့တွင် ရှိသမျှ မြေဆီလွှာတိုင်းက တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားသည်။ ထို့နောက် နီရဲကာ တောက်ပလွန်းသော အလောင်းကောင်များက ကုန်းတက် လာကြသည်။
ထိုအလောင်းကောင်များ အားလုံးတွင် အရေပြား မရှိချေ။ သူတို့၏ အောက်ဘက်ရှိ သွေးပြန်ကြောများ၊ ကိုယ်တွင်းအင်္ဂါများက လေထဲတွင် ထင်ရှားစွာ ပေါ်နေသည်။ အချို့သော သူများကဆိုလျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပုံ ပေါ်ပြီး သူတို့၏ဒဏ်ရာများ တစ်ဝက်ခန့်က အထုအထောင်း ခံခဲ့ရပုံ ပေါ်သည်။ အတွင်းရှိ အရိုးများကိုပင် မြင်နေရ၏။ တစ်ချို့ကမူ သူတို့၏အစာအိမ်ကမူ ပွင့်ထွက်နေသည်။ အချို့ က သူတို့၏ အူသိမ်အူမများက အောက်ဘက်သို့ ပြုတ်ကျနေသည်။ သူတို့က လမ်းလျှောက် ချိန်တိုင်းလိုလို အောက်ဘက်သို့ တရွတ်တိုက် ဖြစ်နေ၏။
သူတို့က မြေဆီလွှာအပေါ်တွင် အုပ်နေသော ရွက်ကြွေများအပေါ်သို့ ရောက်အောင် ကုန်းတက် လာကြသည်။ သူတို့၏အရှိန်က နှေးသည်။ ထိုအခါ မြေဆီလွှာများကို ခါချပြီး တဖြည်းဖြည်းချင်း မတ်တ ပ်ထရပ်လာသည်။ တောအုပ်၏အရိပ်အောက်တွင် အမည်မသိရသော အရာမျက်နှာအနှံ့က ထိုသရုပ်ဆောင်ထံ ဝင်ရောက်လာနေသည်။
တောင်အောက်သို့ ဆင်းသော ကျောက်တုံးလမ်းက အဆုံးအစမဲ့နေသည်ဟု ထင်ရသည်။ ဘယ်သောအခါမှ အဆုံးမသတ်တော့ပုံ ပေါ်သည်။ ထိုသရုပ်ဆောင်ကလည်း ရင်းနှီးကျွမ်းဝင်နေသော မြင်ကွင်းတွင်သာ ရှိနေသေးကြောင်း မြင်လိုက်ရသည့်အချိန်တွင် သူဟာ တစ္ဆေနံရံကို ဝင်တိုးသလို ခံစားမိလိုက်ပြီး စိတ်ဓာတ် ကျသွားသည်။
သူက အမောတကော အသက်ရှူရင်း ဘေးဘီကို ကြည့်လိုက်သည်။ ဒီနည်းအားဖြင့် တောင်အောက်သို့ ဆင်းနိုင်မည့် လမ်းကို ရှာနေသည်။
ထိုအခါမှသာ တောအုပ်၏အရွက်များ ဖုံးနေသော အရိပ်ကျသော နေရာများအောက်မှ နီနီရဲရဲ လူတစ်အုပ်က သူ့ထံ ချဉ်းကပ်လာနေကြောင်း ရုတ်ချည်းရှာတွေ့လိုက်သည်။
ထိုအရေခွံအဆုတ်ခံထားရသော လူသားနှင့်တူသော အရာများက သူတို့၏ ဆွေးမြေ့ခြောက်ကပ် ပုတ်သိုးနေသည်မှာ နှစ်ရာကျော် ကြာလောက်ပြီဟု ထင်ရသည့် အသွေးအသားများကို တရွတ်တိုက် ဆွဲလျက် နေရောင်အောက်မှ သက်ရှိလူထံ သူတို့၏လက်များကို တဖြည်းဖြည်းချင်း ဆန့်တန်းလာသည်။ ဒီနည်းအားဖြင့် သူတို့ဟာလည်း အသက်စွမ်းအားများကို ထိတွေ့ရင်း သက်ရှိ လူတစ်ယောက်ကဲ့သို့ နေရောင်ခြည်ကို ခံယူလိုသည်။
သူတို့က သူတို့၏ ဟောင်းလောင်းပေါက် ဖြစ်နေသည့် ပိန်းဖိန့်အောင် မဲမှောင်သော ပါးစပ်ကြီးများကို ဟလျက် ငြီးငြူရင်း စကားပြောသည်။ သူတို့က ထိုသက်ရှိလူသားကို သူတို့၏ လောကအတွင်းသို့ ဆွဲသွင်းလိုသည်။
“မသွား_ _ _ နဲ့_ __ “
“ဒီမှာနေပါ_ __ ငါတို့နဲ့နေလေ_ _ _ ရွံ့တွေထဲမှာ အတူတူ နေကြရအောင်_ _ _ “
“ငါ့ကို မင်း အရေပြားလေး ပေးပါ_ _ _ ငါ့အစား ဒီမှာ နေခဲ့ပါလား_ _ _ ငါ့ကို မင်းရဲ့အသွေး၊ မင်းရဲ့အသား_ _ _ ငါလည်း အောက်ကိုဆင်းချင်တယ် ငါလည်း တောင်အောက်ကို ဆင်းချင်တယ်_ _ _ ငါ့ရဲ့ကလေးက ရွာမှာ ရှိနေတုန်းပဲ_ __ ငါ အိမ်ပြန်ချင်တယ် ငါ အိမ်ပြန်ချင်တယ် ငါ့ရဲ့ဇနီး ငါ့ရဲ့ကလေးတွေ_ _ _”
“မင်းသွားလို့မရဘူး_ _ _ဒါက ဂူ ဒီမှာ တွင်းတွေပဲ ရှိတာ_ _ _ မင်း ငါတို့နဲ့ အတူတူနေရမယ်_ _ _”
“နာတယ် နာတယ် နာတယ်_ _ _ ငါ့ရဲ့ခြေထောက်က ဘယ်မှာလဲ ငါ့ရဲ့ခေါင်းကော ဘယ်မှာလဲ_ _ _ “
“အဲ့ဒါ ဓားပြပဲ။ ငါ့ကို သတ်ခဲ့တဲ့ အဲဒီဓားပြပဲ_ _ _ “
တစ္ဆေသရဲများ၏ ခပ်တိုးတိုး ရေရွတ်သံက တထပ်ပြီးတထပ် ပေါင်းစုံလာပြီး သေလုခြောက်ခြားဖွယ် တိတ်ဆိတ်နေသော ထိုဝန်းကျင်အတွင်းတွင် ဟိန်းသံကဲ့သို့ ဖြစ်လာသည်။ ထိုသို့ဖြင့် တောင်တောအုပ်အနှံ့ ပဲ့တင် ထပ်လာသေးသည်။
တစ်ယောက်ချင်းစီတိုင်းက သူတို့၏ အငြိုးတရားများ၊ သူတို့၏ လက်သင့်မခံလို စိတ်များကို ပြောပြလျက် ပုတ်ပွနေသော လက်ချောင်းများကို ဆန့်တန်းပြီး ထိုသရုပ်ဆောင်ထံ လှမ်းနေကြသည်။ သူတို့ဟာ မီးအရှို့ခံထားရခြင်း သို့မဟုတ် နေရောင်ကို ထိတွေ့သည်နှင့် အော်ဟစ်ရခြင်းမျိုး ပြုနေရသည့်တိုင်အောင် ဆက်လက်ပြီး ရှေ့တိုးလာကြသည်။ သူတို့က ထိုသရုပ်ဆောင်ကို ဖမ်းလိုသည်။
စူးရှသော အသံများက သက်ရှိလူများ၏ ဝိဉာဉ်ကိုပင် လှုပ်ခါစေလောက်သည်။ သူတို့၏ ဖျော့တော့သော ငိုကြွေးသံက လူတိုင်းကို ခေါင်းထိုး ကိုက်သည်အထိ စူးရှလွန်းသည်။
ထိုသရုပ်ဆောင်ကလည်း ပြူးထွက်သော မျက်ဝန်းများနှင့် သူဆီ တဖြည်းဖြည်းချင်း လျှောက်လာသည့် အနီရောင်တောက်တောက် မကောင်းဆိုးဝါးများကို မြင်လိုက်ရသောအခါ သူ၏ပါးစပ်က အဟောင်းသား ဖြစ်သွားသည်။ သို့သော် သူက စကားတစ်ခွန်းမှ မထုတ်နိုင်ချေ။ အကြောင်းမူကား သူက အလွန် ကြောက်လန့် သွားသောကြောင့် ဖြစ်သည်။
သူက ဟူးဟူးအသံကိုသာ လုပ်နိုင်လေ၏။
နောက်ဆုံးတွင် အနီရောင်တောက်တောက် မကောင်းဆိုးဝါးတစ်ကောင်က သရုပ်ဆောင်၏ ခြေမျက်စိကို သူ၏အရိုးပေါ်နေသော လက်မောင်းဖြင့် လှမ်းဆွဲလိုက်သည်။ သို့သော် ထိုအချိန်တွင်မူ နေရောင်ခြည်ကြောင့် သူ၏အရိုးတိုင်းက မဲတူးလျက်သာ ကျန်ရစ်သည်။ ထိုသို့ နေရောင်က ထိတွေ့သွားသည့် အချိန်တွင် အလွန်လွန် စူးရှလွန်းသည့် အသံကြီးကို ပြုပြန်သည်။ ထိုသို့သော ထူးဆန်းသော မြင်ကွင်းက မည်မျှ စိတ်ဓာတ် အင်အား ခိုင်မာသူကိုမဆို ပြိုလဲကျသွားစေသည်။
“အား သရဲ သရဲ”
သရုပ်ဆောင်က မျက်လုံးပြူးသွားပြီး သူ၏ခြေမျက်စိကို ကိုင်ထားသည့် ထိုအရိုးလက်ကြီးကို ကန်ထုတ်လိုက်သည်။ ထိုသို့ဖြင့် လိမ့်ကျသွားစေ၏။ ထို့နောက် သူက ထိုအရာများအကြားမှ လွတ်မြောက်အောင် အလန့်တကြား ထွက်ပြေးသည်။
သူက နောက်ကို ဆက်တိုက် လှည့်ကြည့်နေပြီး ထွက်ပြေးနေရခြင်း ဖြစ်သည်။ သို့သော် ကြောက်လန့်စရာ ကောင်းသည်မှာ ထိုအရာများက သူ၏အနောက်မှ လိုက်လာကြသည်။
မဟုတ်သေးဘူး အဲဒါလည်း မဟုတ်သေးဘူး။
တောအုပ်အတွင်းမှ မြေဆီလွှာက ဆက်တိုက် ကွဲထွက်နေသည်။ သွေးနီရောင် တောက်ပနေသည့် ပုတ်သိုးနေသော လက်မောင်းပေါင်းများစွာက မြေဆီလွှာက ထိုးထွက်လာသည်။ သူတို့က အပြင်သို့ ကုန်းထွက်လာနိုင်ရန် ကြိုးစားနေ၏။
ထိုသရုပ်ဆောင်က ကြောက်လန့်မှု၊ စိတ်ပျက်အားငယ်မှု အပြည့်နှင့် အသားကုန် ပြေးလွှားနေရသည်။ ပို၍များပြားသော လူသားပုံသဏ္ဍာန်ရှိသည့် မကောင်းဆိုးဝါးများက မြေဆီလွှာအတွင်းမှ ထွက်လာနေပြီး ငြီးငြူသည့် အော်သံပြုသည်။ ထို့နောက် သရုပ်ဆောင်ရှိရာသို့ လိုက်လာကြသည်။
သူတို့ကလည်း ထိုသရုပ်ဆောင်ကို ဆွဲထားချင်သည်။ ဒီနည်းအားဖြင့် ထိုသက်ရှိအား သူတို့၏ အုတ်ဂူအတွင်းသို့ ဆွဲသွားလိုသည်။
သူတို့က ထိုသရုပ်ဆောင်၏ အရေပြားများကို အရှင်လတ်လတ် ဆွဲဆုတ်ချင်သည်။ သူ၏သွေးကို သောက်ပြီး သူ၏ခန္ဓာကိုယ်ကို ယူလျက် သူ၏ကိုယ်အစား ဝင်တိုးချင်ကြသည်။ ဒီနည်းအားဖြင့် သရုပ်ဆောင်၏ နောက်ခံတစ်ခု ယူလျက် သက်ရှိ လူတစ်ယောက်အဖြစ် နေထိုင်လိုသည်။ ဒီနည်းအားဖြင့် ယခုလို ဆိုးရွားလွန်းသော နေရာကြီးမှ လွတ်မြောက် ချင်ကြသည်။
သူတို့က ဟောင်းလောင်းပေါက် ဖြစ်နေသည့် မျက်တွင်းနက်ကြီးများနှင့် ဆက်တိုက် ပြေးလွှားနေသည့် ထိုသရုပ်ဆောင်ကို စိုက်ကြည့်နေကြသည်။ သူတို့၏ ပုတ်သိုးဆွေးမြေ့ကာ နံဟောင်နေသည့် ပါးစပ်ကြီးကို ဟလျက် စူးရှသော အော်သံပြုသည်။ ထိုအသံက ယခင်အကြိမ်များထက် ပိုပြီးစူးရှကာ ကြက်သီးထဖွယ်ကောင်းသေးသည်။ သူတို့၏ ဟောင်းလောင်းပေါက်မျက်ဝန်းမှ သွေးများက မျက်ရည်များအလား စီးကျလာသည်။
နောက်သို့ ဆက်တိုက်ကြည့်နေသော သရုပ်ဆောင်က ခြေချော်သွားပြီး ကျောက်တုံး လမ်းပေါ်သို့ လဲကျသွားသည်။ သူက ပြန်ထလိုက်သည့် အချိန်တွင် သူက လဲကျသွားသည့် အချိန်ကို အခွင့်ကောင်းယူလိုက်သည့် ထိုသွေးနီရောင် လူသားပုံစံ မကောင်းဆိုးဝါးများက လိုက်မှီလာပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ ထိုအလောင်းများက သရုပ်ဆောင်၏ ပတ်ဝန်းကျင်ကို ဝိုင်းထားလေပြီး သူတို့၏လက်များကို ဆန့်တန်းလျက် သက်ရှိလူသား၏ အသွေးအသားများကို ထိတွေ့ချင်သည်။ သရုပ်ဆောင်ကလည်း ပတ်ပတ်လည်တွင် သိပ်သည်းစွာ ဝိုင်းနေသော မကောင်းဆိုးဝါးများကို ကြည့်ရင်း မလွတ်မြောက် နိုင်တော့ကြောင်း သိလိုက်သည်။ သာမာန်လူတစ်ယောက်၏ နှလုံးသားကလည်း နောက်ဆုံးတွင် ပြိုလဲကျသွားသည်။
“သွားစမ်း သွားစမ်း”
သရုပ်ဆောင်က ငယ်သံပါအောင် အော်ဟစ်သည်။ သူက လက်နှစ်ဖက်နှင့် ခြေထောက်များကို သုံးပြီး ကျောက်တုံးလမ်းတောက်လျောက် အလန့်တကြား ပြေးလာခဲ့သည်။
ထိုသရုပ်ဆောင်၏ ခန္ဓာကိုယ်က ဆက်တိုက် ခပ်ကြမ်းကြမ်း လှုပ်ခါနေသည်။ ကင်မရာကလည်း မကြာခဏဆိုသလို ရမ်းခါနေသည်။ ကြည့်ရှုသူများကမူ နောက်သို့ လွှင့်ကျသွားသည့် ကင်မရာမှတဆင့် သွေးနီရောင် လူသားပုံသဏ္ဍာန် မကောင်းဆိုးဝါးများကိုသာ မြင်နေရသည်။ ဟောင်းလောင်းပေါက် ဖြစ်နေသော မျက်တွင်းနက်ကြီးများ၊ အတွင်းထိတိုင် မြင်နေရသည့် အပေါက်ကြီးများအပြင် အရိုးခြောက်အရာကြီးများကို သူတို့က အရှင်းလင်းဆုံး မြင်နေရခြင်း ဖြစ်သည်။ သူတို့က အံ့အားသင့်လွန်းပြီး ကြောက်လန့်လွန်းသဖြင့် အလွန်အလွန် ခြောက်ခြား ကြရသည်။ အချို့ကဆိုလျှင် ရွံရှာလာကြ၏။ သို့သော် ဆက်တိုက် ကြည့်နေမိကြသည်။
ကြည့်ရှုသူများ အားလုံးက တုန်ယင်သွားကြသည်။ သူတို့က သရုပ်ဆောင်၏ ရူထောင့်မှ ဝင်၍ ခံစားကြည့်ကြလေရာ မကောင်းဆိုးဝါးများ၏ နက်ရှိုင်းလွန်းသော ရန်ငြိုး စွမ်းအားများ၏ သက်ရောက်ခံရလေပြီး သူတို့၏မျက်နှာက ကြောက်လန့်မှု့ကြောင့် စက္ကူစများကဲ့သို့ ဖြူဆုတ် ကုန်ကြသည်။
...
ထိုသရုပ်ဆောင်၏ ဖန်သားပြင်အခွဲမှ အဖြစ်အပျက်များကို ယန်ရှစ်ရွှမ်းနှင့်အတူ ထိုင်ကြည့်နေကြသည့် ဧည့်ခန်းအတွင်းရှိ ဧည့်သည်များနှင့် ဝန်ထမ်းများအားလုံးက တိတ်ဆိတ် သွားကြသည်။
ကျန်းဝူပင်း၊ ပိုင်ရွှမ်းနှင့် အန်းနန်ယွမ်မှ လွဲပြီး တခြားသော ဧည့်သည်များကလည်း အိပ်ယာနိုးလာပြီးမှသာ သူတို့မနေ့က အိပ်ချင်နေချိန်အတောအတွင်း ပရိုဂရမ်၏ တိုက်ရိုက်ထုတ်လွှင့်မှုများတွင် ပြဿနာရှိခဲ့ကြောင်း ဆိုရှယ်ပလက်ဖောင်းမှတဆင့် သိခဲ့ရခြင်း ဖြစ်သည်။
သို့သော် လျိုရီရီ၏ မတော်တဆမှုပြီးနောက် အချိန်က အလောတကြီး နိုင်နေခဲ့သည်။ ထို့ကြောင့် သူတို့ကလည်း ဂရုတစိုက် မကြည့်နိုင်ခဲ့သေးချေ။ ယခုအခါမှသာ အချို့သော ရသစုံရှိုးများနှင့် နာမည်ကြီး ကွန့်မန့်များ မှတဆင့် အကြမ်းဖျင်း နားလည် ထားခဲ့ခြင်း ဖြစ်လေသည်။
ဒီတစ်ကြိမ်တွင်မူ စံအိမ်အပြင်ဘက်သို့ ထွက်သွားခဲ့သော ထိုသရုပ်ဆောင်က တောင်အောက်သို့ ဆင်းနေချိန်တွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ကူကယ်ရာမဲ့စွာ ကြည့်နေကြရလေသည်။ သူတို့က ကြောက်လန့်လွန်းသဖြင့် သူတို့၏မျက်နှာက ဆက်တိုက် တုန်ယင်နေသည်။ သူတို့က မတ်တပ်ရပ်နိုင်အောင် မနည်း ကြိုးစားနေကြရ၏။
ကျန်းဝူပင်းကလည်း ကောလိပ်ကတည်းက ယန်ရှစ်ရွှမ်း၏စကားကို နားထောင်ရင်းနှင့် အသက်ရှင် နိုင်ခဲ့သည့် တိုင်အောင် ယန်ရှစ်ရွှမ်းက တောင်အောက်သို့ မဆင်းခိုင်း သော်လည်း သူက ပြင်ဆင်သွားပြီး ထိုသို့ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို မြင်တွေ့ရချိန်တွင် သူ၏မျက်နှာကလည်း ဖြူဖျော့သွားရသည်။
ပိုင်ရွှမ်းနှင့် အန်းနန်ယွမ်တို့အတွက်ကမူ_ _ _
ဒီမနက် လျိုရီရီ၏ ဝမ်နည်းဖွယ်ကောင်းသော အခြေအနေကို မြင်ယောင်ပြီးနောက် မနေ့ညက ယန်ရှစ်ရွှမ်းကြောင့်သာ သူတို့က သေဘေးမှ လွတ်မြောက်ခဲ့ကြောင်း နားလည်လိုက်ကြသည်။ ယခုအခါ ယန်ရှစ်ရွှမ်းကို ပို၍ပင် လက်ခံယုံကြည် လေးစား သွားကြသည်။ ဖန်သားပြင်အခွဲကို ကြည့်လိုက်ပြီးနောက် ဒီကွေ့ရှန်း ဝန်းကျင် တောက်လျောက် အန္တရာယ် အပြည့်ရှိနေကြောင်းကိုလည်း သူတို့က နားလည် လိုက်ကြသည်။ ထို့ကြောင့် သူတို့က ယန်ရှစ်ရွှမ်းနှင့် ပိုနီးသော နေရာသို့သာ တိုးကပ် သွားလိုက်ကြသည်။ သူတို့က ထိုခေါင်းဆောင်အနားတွင် ကပ်နေမှသာ အသက်ရှင် နိုင်မည်ဟု ယူဆကြပုံပေါ်သည်။
ကျန်သောဝန်ထမ်းများက ပို၍ပင် မှင်သက် ကုန်ကြသည်။ သူတို့ကလည်း ဒီအတိုင်း ခရီးသွား ရသစုံရှိုးပွဲတစ်ခုကို လိုက်လာလိုက်ရုံနှင့် ထိုသို့ ချဲ့ကားလွန်းသော အခြေအနေမျိုးကို ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။
“ဒါဆိုရင် ငါတို့ကွေ့ရှန်းက တကယ်ပဲ မထွက်နိုင်တော့ဘူးလား။ ငါတို့ ဘယ်လိုလုပ်ရမလဲ။ ငါ ဒီမှာတော့ တစ်သက်လုံး မနေချင်ဘူးနော်။ ငါ အိမ်ပြန်ချင်တယ်”
တစ်စုံတစ်ယောက်၏ ငိုသံက ထွက်လာ၏။
ယန်ရှစ်ရွှမ်းက ကင်မရာကို တည်ငြိမ်စွာ ပိတ်ပြီး ရယ်သည်။
“နေ့အချိန်အတောအတွင်း ခွင့်ပြုချက်မရှိဘဲ စံအိမ်အပြင်ဘက်ကို ထွက်သွားတဲ့သူကိုတော့ အခုလိုမျိုး အပြင်ဘက်က အခြေအနေကို လေ့လာနိုင်တဲ့ ဗီဒီယိုတစ်ခု ပေးတဲ့အတွက် ကျေးဇူးတင်ရမယ် ထင်တယ်။ အခြားသူတွေကို ကယ်ဖို့အတွက် မင်းတို့ကို မင်းတို့ အသက်ကို စတေးပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ငါ့ရဲ့စိတ်ထဲမှာ အမြဲတမ်းမှတ်ထားမှာပါ”
ယန်ရှစ်ရွှမ်းက ဘာကိုမှ ရှင်းရှင်းလင်းလင်း မဖော်ပြထားသည့် တိုင်အောင် သူ ကျေးဇူးတင်လိုသူက ရူးသွပ်သွားသော သရုပ်ဆောင်ဖြစ်ကြောင်း လူတိုင်းက နားလည်သည်။
အပြင်ဘက်မှ ပြန်လာသော ထိုသရုပ်ဆောင်၏ ဝမ်းနည်းဖွယ် ကောင်းသော ထိုအခြေအနေက လူတိုင်းအတွက် သိသာ ထင်ရှား လွန်းနေခဲ့သည်။ မည်သူကမှလည်း ထိုမကောင်းများကြောင့် ကြောက်လန့်ရသည့် ဒုတိယတစ်ယောက် မဖြစ်လိုကြပေ။
“ယန်ကော”
ကျန်းဝူပင်းက ယန်ရှစ်ရွှမ်းကို ခပ်တိုးတိုး ခေါ်သည်။ သူက ကြောက်လန့်နေသော်လည်း ဒါရိုက်တာအနေနှင့် တည်ငြိမ်ကာ အခြေအနေတစ်ခုလုံးကို လမ်းညွှန် နိုင်ရဦးမည် ဖြစ်သည်။
“လျိုရီရီရဲ့ ဒဏ်ရာက အချိန်တိုအတွင်းတော့ အဆင်ပြေ သေးတယ်။ ဒါပေမဲ့ ကြာသွားရင် ပြဿနာ တက်လာလိမ့်မယ်။ အခြားတစ်ယောက်လည်း အတူတူပဲ။ အရေးပေါ်ဆေးဝန်ထမ်းက သူတို့ကို စောင်ကြည့်နေမှ ဖြစ်လိမ့်မယ်။ အဲဒီကောင်က အသေးစားဒဏ်ရာတွေနဲ့ ကုပ်ရာခြစ်ရာတွေကလွဲပြီး သူ့ရဲ့အဓိက ပြဿနာက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ။ သူ့ကို ဒီလိုဆက်ပြီး ရူးသွပ်မှုအပြည့်နဲ့ လိုက်အော်နေခွင့် ပြုလို့ မရဘူး”
အခုလို ဖြစ်သွားခဲ့သည့်တိုင်အောင် ကျန်းဝူပင်းက လက်မလျော့ လိုသေးပေ။ သူကလည်း လူတိုင်းကို အန္တရာယ်အများဆုံး အခြေအနေမှ ဆွဲခေါ်သွားပြီး ရသစုံရှိုးကို ဆက်ရိုက် လိုသေးသည်။
ယန်ရှစ်ရွှမ်းက ကျန်းဝူပင်း၏ ဆုံးဖြတ်ချက် ပြတ်သားသော အမူအယာကို ကြည့်သည်။
“ပိုက်ဆံ ပိုပေးဖို့ မမေ့နဲ့။ မင်းနဲ့ ငါ့ကြားက အစောပိုင်းစာချုပ်က သာမာန်ရသစုံရှိုးပဲ။ မင်းက ငါ့ကို ပိုပြီး အလုပ်လုပ်စေချင်ရင် ပိုက်ဆံ ပိုပေးရမယ်”
သူက လူတိုင်းနဲ့ မလိုလားအပ်တဲ့ ဆက်ဆံရေးမျိုးတွေ ရှိမှာကို အမုန်းဆုံးပဲ။
ကျန်းဝူပင်းက ချက်ချင်း သဘောတူသည်။
ဘေးနားရှိ အန်းနန်ယွမ်ကလည်း အကင်းပါးသည်။ သူကလည်း ထိုစကားကို ကြားလိုက်သောအခါ ချက်ချင်းဆိုသလို ဖြေသည်။
“ယန်ကော ယန်ကော ငါ ယန်ကောဆီ ပိုက်ဆံ ချက်ချင်း လွှဲလိုက်မယ်လေ။ ယန်ကော တောင်းချင်သလောက်တောင်း ကိစ္စ မရှိဘူး။ ငါ ဘယ်တော့မှ ဈေးမဆစ်ဘူး”
ပိုင်ရွှမ်း “ငါလည်း ပေးမယ်”
အခြားသော ဧည့်သည်များကလည်း သူတို့က ယန်ရှစ်ရွှမ်းကို ဆက်ဆံသော ပုံမှတဆင့် ယန်ရှစ်ရွှမ်းက ဒီအတိုင်း အပျော်တန်း အဖွဲ့ဝင်အသစ် တစ်ယောက်သာ မဟုတ်နိုင်ကြောင်း သိလိုက်သည်။ သူက ဒီနယ်ပယ်တွင် တစ်စုံတစ်ရာ အဆင့်ရှိလောက်မည့် ဆရာသခင် ဖြစ်နိုင်သည်။
သူတို့က ယခင်က ယန်ရှစ်ရွှမ်းကို မည်မျှ အထင်သေးခဲ့၊ မည်မျှ လစ်လျူရှုခဲ့စေကာမူ ယခုအခါ သူတို့က အသည်းအသန် အော်ဟစ်ကာ ငွေလွှဲမည်ဆိုသော အကြောင်းအရာနှင့် ကမ်းလှမ်း နေကြသည်။ ယန်ရှစ်ရွှမ်းကို လစာမြင့်မြင့်ပေးမည်။ ယန်ရှစ်ရွှမ်းက ငြင်းဆန်မည့် အခြေအနေကိုပင် စိုးရိမ်ကြပုံ ပေါ်သည်။ သို့ရာတွင် ယန်ရှစ်ရွှမ်းက လူတိုင်းကို သဘောတူ မနေချေ။ သူက ပါးကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း ဧည့်ခန်းရှိ ဆိုဖာပေါ်တွင်သာ လုံလုံခြုံခြုံ ထိုင်နေလိုက်သည်။
“ဒါဆိုရင် အားလုံးပဲ ဒီတောင်က ထွက်နိုင်ဖို့အတွက် ကြိုးစားကြပါ”
“ပထမဦးဆုံးအချက်အနေနဲ့ နေ့အချိန် အတောအတွင်းမှာ ဘယ်သူ့ကိုမှ စံအိမ်ထဲက ထွက်ခွင့် မပြုဘူး။ ညပိုင်းမှာ အိမ်တံခါး ဖွင့်တာ၊ အခန်းထဲက ထွက်တာမျိုးကိုလည်း ခွင့်မပြုဘူး”
“ဒုတိယအချက် အနေနဲ့ မင်းတို့ သိပ္ပံနည်းမကျတဲ့ စကားတွေ ပြောတာ၊ သိပ္ပံနည်းမကျတဲ့ အကြောင်းအရာတွေ ထည့်သွင်း ပြောဆိုတာမျိုးကိုလည်း ခွင့်မပြုဘူး”
“တတိယအချက် အနေနဲ့ ဗီလာရဲ့ ပရိုဂရမ်အဖွဲ့က လွဲပြီး စံအိမ်ထဲက ဘာကိုမှ မယုံကြည်နဲ့။ နောက်ပြီး ဘာကိုမှ မစားနဲ့။ ဘာကိုမှ မသောက်နဲ့”
“စတုတ္ထအချက်အနေနဲ့...”
ယန်ရှစ်ရွှမ်းက တစ်ခဏခန့် ရပ်တန့်သွားပြီး လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်တွင် သူ၏နူတ်ခမ်းပါးမှ စကားတစ်ခွန်းကို ထုတ်လွှင့်သည်။
“ကိုယ့်ကိုယ်ကိုယုံ။ ဒီလိုဆိုရင် မင်းတို့က ကွေ့ရှန်းက ထွက်ပြီး ကွေ့ရှန်းအပြင်ဘက်ကို ရောက်နိုင်လိမ့်မယ်”
“ဘာလို့လဲဆိုတော့ ငါက ဒီမှာရှိတယ်လေ”
သူ၏ရှည်လျားသော မျက်တောင်များက ကျီးကန်းမွှေးများကဲ့သို့ပင် ထူထဲသေးသည်။ သူ၏ တောက်ပလွန်းသော မျက်ဝန်းအတွင်းရှိ စိတ်လှုပ်ရှားသော အလင်းက ထိန်လင်းနေသည်။
သူဟာ အလွန်အမင်း စိတ်လှုပ်ရှားဖွယ်ကောင်းသော တစ်စုံတစ်ရာကို တွေ့နေရသလိုမျိုး ယန်ရှစ်ရွှမ်းက တိုက်ခိုက်လိုစိတ်အပြည့်နှင့် ရူးသွပ်မှုကို ထုတ်ပြထားသည်။ သူက ထို့နောက်တစ်ခဏတွင် ရန်သူထံသို့ အကြောက်အလန့်မဲ့စွာ ခုန်ဝင်သွားပြီး သဘောတကျ တိုက်ခိုက်လိုပုံ ပေါ်သည်။
ယခုလေးတင် သေရေးရှင်ရေး အခြေအနေကို ကြုံတွေ့ခဲ့ရပြီး အန္တရာယ်၏ အရသာကို ရနေသော လူများအနေနှင့် ယန်ရှစ်ရွှမ်းက ယုံကြည်မှု ရှိလွန်းနေကြောင်း မြင်သောအခါ သူတို့ကလည်း မျှော်လင့်ချက် ပြည့်သွားကြသည်။
“ဒေါက် ဒေါက်”
သို့ရာတွင် လူတိုင်း၏ စိတ်ဓာတ်အင်အားက ဆူပွက်ရုံသာ ရှိသေးသည်။ ရုတ်တရက် ထွက်လာသော တံခါးခေါက်သံက အားလုံးကို လန့်သွားစေသည်။
ဧည့်ခန်းတစ်နေရာတွင် ရပ်နေသော အိမ်တော်ထိန်းအိုကြီးက အတုအယောင်ဆန်ပြီး တောင့်တင်းသော အပြုံးမျိုးနှင့် ပြောလာသည်။
“ဧည့်သည်တို့ မနက်စာ စားလို့ရပြီ”
လူတိုင်း၏ ထိတ်လန့်မှု၊ ငြင်းဆန်လိုစိတ် အမူအယာများကို မြင်နေသည့်တိုင်အောင် အိမ်တော်ထိန်းအိုကြီးက ထူးဆန်းသော အပြုံးမျိုးနှင့် ဆက်ပြောသည်။
“ကျေးဇူးပြုပြီး စိတ်အေးအေး ထားကြပါ။ ဧည့်သည်တို့ မင်းတို့ရဲ့ ကျန်းမာရေးအတွက် ဒီတောင်မှာလည်း ဧည့်သည်တွေနဲ့ သင့်တော်တဲ့ ဘာစားစရာမှ ရှိနေမှာ မဟုတ်ဘူး။ ဒီတော့ အလွန်အကျူး သိချင်စိတ် ပြင်းပြတာမျိုးကို ရှောင်သင့်တယ်။ ဧည့်သည်တွေကလည်း စံအိမ်ရဲ့ မီးဖိုခန်းက ထောက်ပံ့ပေးတဲ့ အစားအစာကို စားမှပဲ ဖြစ်နိုင်လိမ့်မယ်”
“ဒါပေါ့ မင်းတို့ သံသယ ဝင်ရင်လည်း ငြင်းဆန်လို့ရပါတယ်”
“ဒီအတိုင်း _ _ _ ဆာလောင်ပြီး သေရတဲ့အတွေ့အကြုံကတော့ မကောင်းဘူးနော်”
အိမ်တော်ထိန်းအိုကြီး၏ ခြောက်ခြားဖွယ်ကောင်းသော စကားများကို ကြားသောအခါ လူတိုင်းက တုန်ယင်သွားကြပြီး နောက်သို့ ကြောက်ရွံ့စွာ နောက်ဆုတ်ကြသည်။
သို့ရာတွင် လူတိုင်း အဝိုင်းခံထားရသည့် ယန်ရှစ်ရွှမ်းကမူ အင်္ကျီအိပ်ကပ်ထဲသို့ လက်ထည့်လျက် မတ်တပ် ထရပ်လိုက်သည်။ သူ၏ချောမောသော မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် ရူးသွပ်မှုက ရှိနေသည်။ သူက အိမ်တော်ထိန်းအိုကြီးကို နွေးထွေးစွာ ပြုံးပြသည်။
“စံအိမ်ရဲ့ မီးဖိုခန်းက လုပ်ထားတာ ဆိုမှတော့ ငါ အလွဲချော်ခံလို့ ဘယ်ဖြစ်ပါ့မလဲ”
လွန်ခဲ့တဲ့ နှစ်တစ်ရာက လက်ရာက ယစ်မူးချင်စရာပဲ။
ယန်ရှစ်ရွှမ်းနှင့် အိမ်တော်ထိန်းအိုကြီးက လူအုပ်ကို ကျော်ဖြတ်လျက် တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ကြည့်နေကြသည်။ အိမ်တော်ထိန်းအိုကြီးက တိတ်ဆိတ်သွားပြီးနောက် ဘေးသို့ ခြေလှမ်းတစ်ဝက်ခန့် ဖယ်ပေးလိုက်ကာ လူတိုင်းကို ဝင်ရန် လမ်းဖွင့်ပေးသည်။
“ကောင်းပြီလေ။ အားလုံးပဲ ကျေးဇူးပြုလို့”
အလင်းမဲ့ပြီး ပြတင်းပေါက်မဲ့သော နေရာက ပိန်းဖိန့်အောင် မဲမှောင်နေသည်မှာ မကောင်းဆိုးဝါးတစ်ကောင်၏ သွေးသံရဲရဲ ပါးစပ်ကြီးကို ဖွင့်ထားလျက် လူတိုင်းဝင်ရောက်လာမည့်အချိန်ကို စောင့်လျက် ဝါးမြိုရန် ကြံစည်ပုံနှင့် တူညီနေလေသည်။
******