Ch 16
Viewers 6k

အပိုင်း(၁၆)

 

ဒီရှိုးတွင် မတော်တဆမှုများက တစ်ခုပြီးတစ်ခု ဖြစ်ခဲ့သောကြောင် ယန်ရှစ်ရွှမ်းကလည်း ဒီစံအိမ်အတွင်းတွင် သိပ္ပံပညာနှင့် တိုင်းတာ၍ မရနိုင်သော အချို့ကိစ္စများရှိကြောင်း အတည်ပြု နိုင်ခဲ့သည်။ ကျန်းဝူပင်းနှင့် ဝန်ထမ်းတို့ကလည်း တစ်ချိန်လုံး သတိ အပြည့်ကပ်လျက် ပြင်ဆင် ထားရသည်။

 

တတိယထပ်မှ အမျိုးသမီးတစ်ယောက်၏ အော်သံထွက်လာသည်နှင့် ပထမထပ်ရှိ ဧည့်ခန်းနှင့် ဒဏ်ရာ ရသောသူများ ရှိရာအခန်းကို စောင့်ကြပ်နေသော ဝန်ထမ်းများက ဆေးသေတ္တာကို အရလွယ်လျက် အပြေးရောက်လာကြသည်။

 

ယန်ရှစ်ရွှမ်းထံမှ တဆင့် မနေ့ညက ပိုင်ရွှမ်းဟာ သရဲမ ဝင်ပူးမှုကို ခံခဲ့ရပြီး အညို့ခံခဲ့ရကြောင်း သိထားသော ကျန်းဝူပင်းကလည်း ခြေတစ်လှမ်းတည်းနှင့် သုံးလှမ်းစာ လှမ်းလျက် ခုန်ပျံ ကျော်လွှားရင်း တတိယထပ်သို့ အပြေးအလွှား သွားလိုက်သည်။ သို့ရာတွင် သူက တတိယထပ်သို့ ခြေချပြီးပြီးချင်း ရှေ့သို့ ခပ်ကြမ်းကြမ်း ပြေးထွက်သွားတော့မည့် အချိန်တွင် နောက်မှ တစ်စုံတစ်ယောက်က သူ၏အင်္ကျီကော်လံ အနောက်ပိုင်းကို လှမ်းဆွဲလိုက်သည်။

 

ကျန်းဝူပင်းက အသက်ပြင်းပြင်းရှူသည်။ ထိုတစ်ခဏတွင် သူသာ လေ‌လျော့သွားသော ပူဖောင်းကဲ့သို့ ကျုံ့သွားလေသည်။

 

သူက ကြောက်လွန်းသဖြင့် စတင်ကာ တုန်ယင် လာသည်။ သူက ပါးစပ်ကို ကျယ်ကျယ် ဖွင့်ထားပြီး အော်သည်။

 

“ယန်ကော ငါ့ကို ကယ်ပါ”

 

ယန်ရှစ်ရွှမ်း “...”

 

“အော်မနေနဲ့။ မင်းက ဘာတွေ အော်နေတာလဲ”

 

ယန်ရှစ်ရွှမ်းက ရွံရှာသလို ပြောသည်။

 

“မင်း ဦးတည်ရာဘက် အမှားကို ပြေးတာကို မပြောနဲ့ဦး။ ငါက မင်းရဲ့နောက်တည့်တည့်မှာ ရောက်နေတာ။ မင်းက ဘာကို ထိတ်လန့်နေတာလဲ”

 

ရင်းနှီး ကျွမ်းဝင်သော အသံကို ကြားမှသာ ကျန်းဝူပင်းက ခေါင်းကို သတိအပြည့်ကပ်ကာ လှည့်သည်။ တစ်စုံတစ်ယောက်က ယန်ရှစ်ရွှမ်း၏ အသံကို သုံးပြီး သူ့ကို လှည့်စားနေခြင်းဆိုသော အခြေအနေကိုပင် ထိတ်လန့် နေသေး၏။

 

ယန်ရှစ်ရွှမ်းက လှေကားထောင့်နားတွင် ရပ်နေသည်။ သူ၏အနောက်ဘက်တွင်လည်း စတုတ္ထထပ်သို့ ဦးတည်သော လှေကားကြီးက ရှိနေသည်။ အမြင့်ပိုင်းမှ ကျလာသော အလင်းက လွှင့်နေသော ဖုန်များကို ထိုး‌ဖောက်လျက် ပြသနေလေပြီး ထိုနေရာကို အနည်းငယ် အမှောင်ကျကာ အဝါရောင် အလင်းတို့ကို ထုတ်ပေးလာသည်။ ထို့ကြောင့် ထိုအလင်းက အချိန်မရွေး ပျက်ပြယ် သွားတော့မလို ထင်ရသည်။ ထို့အပြင် ယခုရောက်နေသော နေရာကလည်း စွန့်ပစ်ခံ အိမ်ဟောင်းတစ်ခုကဲ့သို့ပင် ခံစား မိစေသေး၏။

 

ယန်ရှစ်ရွှမ်းထံတွင် သက်ရှိ လူသားများကဲ့သို့ သိချင်စိတ် ပြင်းပြမှု၊ ဆူညံမှုများနှင့် ကင်းလွတ်သော အရှိန်အဝါမျိုးက ရှိနေသည်။ သူက ယင်နှင့်ယန်အကြား ချထားသော ဓားတစ်လက်ကဲ့သို့ မိစ္ဆာနှင့် နတ်ဆိုးများကို ကျောပေးထားပြီး လူသားလောကကို မျက်နှာမူနေပုံ ပေါ်သည်။

 

ကျန်းဝူပင်းက အလင်းကို မျက်နှာချင်းဆိုင် ကြည့်နေရခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် အလင်း၏လှုံ့‌ဆော်မှုကြောင့် သူ၏မျက်လုံးက ကျင့်သား မရသေးချေ။ သူ၏ အမြင်ကပင် ဝါးနေသည်။ သူ၏အမြင်တွင် ယန်ရှစ်ရွှမ်း၏ ပိန်ပါးကာ ရှည်လျားသည့် ခန္ဓာကိုယ်က မဲမှောင်သော ပုံရိပ်တစ်ခု အဖြစ်သာ မြင်ရစေလေသည်။

 

သူက ယန်ရှစ်ရွှမ်းနှင့် ရင်းနှီးပြီးသား ဖြစ်သည့်တိုင်အောင် ကျန်းဝူပင်းအနေနှင့် အ‌ရှေ့မှ မြင်ကွင်းကြောင့် မှင်သက်သွားရသည်။ ရုတ်တရက် စိတ်အတွင်းတွင် ပေါ်လာသော လှုံ့‌ဆော်မှုတစ်ခုကြောင့်ပင် ကြောင်အ သွားရလေသည်။

 

“မင်းက ကြောက်လို့လား”

 

ယန်ရှစ်ရွှမ်းက တိတ်ဆိတ်နေသော ကျန်းဝူပင်းကို ထူးဆန်းသလို ကြည့်သည်။ ထို့နောက် သူ၏ အင်္ကျီကော်လံကို ဆောင့်ဆွဲလိုက်ပြီး တတိယ အခြားတစ်ဖက်ခြမ်းသို့ တရွတ်တိုက် ခေါ်သွားလိုက်သည်။

 

“မင်းက ဘာလို့ ပိုင်ရွှမ်းရဲ့အခန်းကို ပြေးတာလဲ။ လာတဲ့အသံက ညာဘက်ခြမ်းက ဆိုတာကို မကြားဘူးလား။ လျိုရီရီက ပထမထပ်က အရေးပေါ်အခန်းထဲမှာ ထားထားတာ။ အခု တတိယထပ်ရဲ့ညာဘက်ခြမ်းမှာ တင်းချန်ပဲ ရှိတယ်”

 

ထိုသို့ တရွတ်တိုက် ဆွဲခံနေရပြီးနောက် ကျန်းဝူပင်းက ရုတ်တရက် အသိဝင်သွားသည်။ သူကလည်း သူ့နောက်မှ ပြေးလိုက်လာသော ဝန်ထမ်းများကို အချက်ပြ လိုက်သည်။

 

“တင်းချန်ဆီကို သွား”

 

ထိုဝန်ထမ်းများကသာ လှုပ်ရှားရုံ မကသေးပဲ ပိုင်ရွှမ်းနှင့် အန်းနန်ယွမ်တို့ကလည်း တံခါးအသီးသီး ဖွင့်လာကြပြီး စိုးရိမ်တကြီး မေးလာကြသည်။

 

“ဘာဖြစ် ပြန်တာလဲ။ အခု ကြားလိုက်ရတာက တင်းချန်ကျဲရဲ့အသံ မဟုတ်လား”

 

အန်းနန်ယွမ်က ယန်ရှစ်ရွှမ်း၏အနောက်သို့ တိုက်ရိုက် ဝင်လာသည်။ သူက ယန်ရှစ်ရွှမ်းသွားသော မည်သည့် နေရာသို့မဆို လိုက်မည့်ပုံ ပေါ်သည်။

 

“လူငယ် အမျိုးသားတွေမှာ ယန်စွမ်းအင် အပြည့်ရှိတယ်လို့ ပြောတယ် မဟုတ်လား။ ယန်ကော ငါ ယန်ကောရဲ့အနောက်ကို လိုက်ပါရစေ။ ငါက သေချာပေါက် အသုံးဝင်မှာပါ”

 

အန်းနန်ယွမ်၏ အော်ရဂျင်နယ် ဖန်သားပြင်အခွဲက ပရိတ်သတ်များ .. [_ _ _]

 

[ဒီကောင်က သီချင်း ဆိုနိုင်တယ်၊ ကနိုင်တယ်၊ ကောင်မလေးတွေကိုလည်း ကောင်းကောင်း flirtနိုင်တယ်လို့ ထင်ထားတာ။ မမျှော်လင့်ထားပဲ သူက ဒီလောက်ထိ သတ္တိ ရှိလွန်းနေပါ့လား]

 

[ဟေး လက်ရှိအခြေအနေအရ ဒီလိုပဲ ခေါ်သင့်တယ်လို့ ထင်တယ်။ မနေ့ညက ယန်ရှစ်ရွှမ်းက ဘယ်လောက် တော်လဲဆိုတာကို သူ မြင်လို့ ခြေသလုံး ပြေးဖက်တာ မဟုတ်လား။ မနက်ပိုင်းက ကံဆိုးသွားတဲ့ အကောင်ထက်စာရင် သူ အများကြီး တော်ပါသေးတယ်။ ယန်ရှစ်ရွှမ်းက မသွားနဲ့လို့ ပြောတဲ့နေရာကို သူက သွားမှာ မဟုတ်ဘူး။ သူ သွားခိုင်းတဲ့နေရာကို သေချာပေါက် သွားလိမ့်မယ်။ ဒီလိုဆိုရင် ဘယ်လိုလဲ။ အဲဒီသရုပ်ဆောင်ဆိုရင် မသွားနဲ့လို့ ပြောတဲ့ နေရာကို သွားလို့ ခံလိုက်ရတာလေ။ ကိုယ့်ထိုက်နဲ့ ကိုယ်ကံပဲ]

 

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကွန့်မန့်များကို မည်သူကမှ စီမံခန့်ခွဲနိုင်ခြင်း မရှိတော့ချေ။ လူတိုင်းက ယန်ရှစ်ရွှမ်း ဦးတည်နေသော တင်းချိန်အခန်းခွဲ ရှိရာဘက်သို့ အပြေးအလွှားသွားကြပြီး တံခါးကို ခပ်မြန်မြန် ခေါက်သည်။

 

“တင်းချန်ကျဲ တင်းချန်ကျဲ အဆင်ပြေရဲ့လား။ ဘာတွေ ဖြစ်နေတာလဲ”

 

“မိန်းကလေးတင်း ကျေးဇူးပြုပြီး တံခါးကို အရင်ဖွင့်ပေးပါ။ ဒဏ်ရာ ရထားသေးလား”

 

လူတိုင်းက ယန်ရှစ်ရွှမ်း လုပ်သကဲ့သို့ တံခါးနောက်တွင် တွေ့လိုက်ရမည့် အခြေအနေကို စူးရှတက်ကြွစွာ ကြည့်ချင်နေချိန်တွင် တင်းချန်မှ အခန်းတံခါးမှ တံခါးလော့ဖွင့်သံကို ကြားလိုက်ရသည်။ ထို့နောက် ခရွှီးဆိုသော အသံနှင့် တံခါးက တဖြည်းဖြည်းချင်း ပွင့်သွားသည်။ ထိုသို့ဖြင့် အဟကြားက ပေါ်လာ၏။ တင်းချန်က တံခါးအဟကြားထဲမှ ခေါင်းကို ဂရုတစိုက်ထုတ်လာရင်း ကြည့်သည်။

 

သူမကလည်း ယန်ရှစ်ရွှမ်းအပါအဝင် လူတိုင်းက ရောက်လာကြောင်း မြင်လိုက်ရသည်။ ယန်ရှစ်ရွှမ်းကို သေချာမြင်လိုက်ရမှသာ တင်းချန်က တံခါးကို အပြည့်အဝ ဖွင့်လိုက်ပြီး နောက်ဆုံးတွင် တစ်စုံတစ်ရာကို အတည်ပြုနိုင်သလို ပုံစံမျိုးဖြင့် လေချဉ်တက်ရင်း မျက်ရည်များအပြည့်နှင့် အပြေးအလွှား ထွက်လာသည်။ သူမက ယန်ရှစ်ရွှမ်းထံ ခုန်အုပ်သည်။

 

“လူကြီးမင်းယန်။ ယန်ကော ငါ့ကို ကျေးဇူးပြုပြီး ကယ်ပါ။ ငါ့ကို ကျေးဇူးပြုပြီး ထပ်ကယ်ပေးပါဦး။ ငါ့ရဲ့အခန်းထဲမှာ သရဲမ ရှိတယ်”

 

တင်းချန်က ကြောက်နေသည်မှာ သေချာသည်။ သူမ၏တစ်ကိုယ်လုံးက တုန်ယင်နေပြီး သူမ၏ မျက်နှာရှိ မိတ်ကပ်များကပင် မျက်ရည်များကြောင့် ပျက်ယွင်း သွားသည်။

 

ယန်ရှစ်ရွှမ်းက လက်ကို မြှောက်လိုက်ရင်း တင်းချန်ကို သူ၏ရင်ခွင်အတွင်း မခုန်ဝင်အောင် တွန်းထားသည်။ သူက မျက်မှောင် ကျုံ့လိုက်သည်။ အထူးသဖြင့် သူမက သရဲမ ဆိုသော စကားကို ထည့်ပြောလိုက်ချိန်တွင် သတိလက်လွတ် အခန်းအတွင်းကို ကြည့်လိုက်မိသည်။ သူ၏ရှု‌ထောင့်မှ ကြည့်သော သူဟာ တင်းချန်၏အခန်းအတွင်းရှိ ရေချိုးခန်းကို တန်း၍ မြင်နိုင်သည်။

 

လက်ဆေးကန်အပေါ်တွင် ချိတ်ဆွဲထားသော မှန်အတွင်းတွင် ရုတ်ချည်း ဖြတ်ပြေးသွားသော အနီရောင် အစင်းကြောင်းကို မြင်လိုက်ရသည်။ မြန်လွန်းသဖြင့် လူသားတစ်ယောက်က ထင်ယောင်ထင်မှား ဖြစ်လွန်းသည်ဟုပင် ထင်မိလောက်သည်။ သူ တစ်ဖန်ထပ်ကြည့်ချိန်တွင် မည်သည့်အရာကိုမှ မမြင်ရတော့ချေ။ သို့သော် ယန်ရှစ်ရွှမ်းကမူ ဒါက ပုံရိပ်ယောင် မဟုတ်ကြောင်း နားလည်သည်။

 

_ _ _

 

ဘာလို့လဲဆိုတော့ သူ မနေ့က အခန်းထဲကို ဝင်ခဲ့တဲ့အချိန်ကလည်း အဲဒီလို အလားတူ ပုံရိပ်ယောင်ကို ရေချိုးခန်းမှန်မှာ မြင်ခဲ့ရလို့ပဲ။ နည်းနည်း ကွာခြားတာကတော့ တင်းချန်ရဲ့အခန်းထဲမှာ နီရဲနေတယ်။ ဒါပေမဲ့ သူ့ရဲ့အခန်းထဲမှာ မြင်ခဲ့ရတာက အဖြူရောင်ပဲ။

 

ထိုအခြေအနေကလည်း အခန်း၏ ပြင်ဆင်ပုံကြောင့် ကွာခြားခြင်း ဖြစ်လောက်သည်။

 

တင်းချန်ကလည်း ပိုင်ရွှမ်းနှင့် အနားရှိ ဝန်ထမ်းတို့ကြောင့် နှစ်သိမ့် ခံလိုက်ရသည်။ ယန်ရှစ်ရွှမ်းက ချက်ချင်းဆိုသလို ပြောသည်။

 

“ငိုမနေနဲ့။ မင်း ဘာမြင် ခဲ့ရသလဲဆိုတာကို အရင်ဆုံး ရှင်းပြပေးဦး”

 

ကျန်သော သူများကလည်း တင်းချန်၏ ပွင့်ထားသော တံခါးကို ကြည့်ကြသည်။

 

လွန်ခဲ့သော နာရီအနည်းငယ်ကတင် တင်းချန် ဘေးအခန်းထဲတွင် လျိုရီရီက မတော်တဆမှု ဖြစ်သွားလျက် ရှာဖွေ တွေ့ရှိခဲ့သည်။ ယခုအခါ တင်းချန်က ဖြစ်ပြန်သည်။

 

အဲဒီအရာက ထပ်လာပြန်တာ မဟုတ်လား။

 

တင်းချန်ကလည်း လျိုရီရီ၏ ဝမ်းနည်းဖွယ် ကောင်းသော အဖြစ်အပျက်ကို တွေး‌နေမိခြင်း ဖြစ်လောက်မည်။ သူမက ကြောက်လွန်းသဖြင့် သူမပုံစံက စိတ်ရှုပ်ထွေးဖွယ် ဖြစ်နေပြီး သူမ ကြုံတွေ့ရသည့် အခြေအနေကို ထပ်ခါတလဲလဲ ပြန်ပြောင်း ပြောပြသည်။

 

သူမက မနက်စာစားပြီးနောက် အိပ်ခန်းထဲသို့ ချက်ချင်း ဝင်ပုန်းကာ ဂရုတစိုက် လော့ပိတ်ထားခဲ့သည်။ သူမက မနေ့က တောင်ပေါ်တက်သည့် အချိန်တွင် လူအရိုးစုကို တက်နင်းမိကတည်းက အလွန်အမင်း မသက်မသာ ဖြစ်သည့် ခံစားချက်ကို ရနေခဲ့ပြီး တစ်စုံတစ်ရာဟာ အလွန်အမင်း ညစ်ညမ်းသလိုမျိုး ကြောက်လန့် နေခဲ့သည်။ ထို့ကြောင့် သူမက ပရိုဂရမ်နှင့် ပတ်သက်သည့် သူမကို ဝင်ပါမှ ဖြစ်မည့် အစီအစဉ်မျိုး မရှိသမျှ အခန်းအတွင်းတွင်သာ နေနေလေသည်။

 

ဒီမနက်တွင်လည်း အတွေ့အကြုံ အများကြီး ရခဲ့သောကြောင့် ပင်ပန်း နွမ်းနယ်နေသော သူမက စိတ်ကြည်လင်စေရန် မျက်နှာ သွားသစ်သည်။ သူမက ခေါင်းကို ငုံ့ပြီး ရေချိုးခန်း မှန်အရှေ့မှ တစ်စုံတစ်ရာကို ကောက်ယူလိုက်ပြီးနောက် ခေါင်း ပြန်မော့လိုက်သည့် အချိန်တွင် မှန်တစ်ခုလုံးက နီရဲကာ သွေးများ စွန်းပေ နေကြောင်း တွေ့လိုက်ရသည်။

 

ထို့အပြင် မှန်တွင်မြင်နေရသော မျက်နှာက သူမ၏ မျက်နှာ မဟုတ်ချေ။ ထိုအစား အလွန်အမင်းလှကာ ဆိုးယုတ်သည့် မျက်နှာထားမျိုးနှင့် အမျိုးသမီးတစ်ယောက်၏ မျက်နှာ ဖြစ်နေသည်။

 

“နင်က အဲဒီကောင် ကျိုးချီနဲ့ တစ်ဖွဲ့တည်း မဟုတ်လား။ နင်က ငါ့ကို သတ်ခဲ့တဲ့ လူတွေထဲက တစ်ယောက် မဟုတ်လား”

 

“သေစမ်း နင်တို့ ဓားပြတွေ သေရမှာ”

 

“ငရဲကို သွား... ဟွန့် နင်တို့ ဒီမှာ ငါနဲ့ ထာဝရ နေလိုက်တော့။ ဘယ်သူ့ကိုမှ ထပ်ပြီး ထိခိုက် ဒဏ်ရာရ‌အောင် လုပ်ဖို့ မစဉ်းစားနဲ့တော့”

 

ထိုအမျိုးသမီးက တင်းချန်ကို မုန်းတီးမှုအပြည့်နှင့် ကြည့်သည်။ ထို့နောက် သူမ၏နီရဲတောက်ပနေသော လက်ကြီးကို ဆန့်တန်းလိုက်ပြီး မှန်ထဲမှ အပြင်သို့ ထိုးထုတ် လာသည်။

 

မှန်၏အပေါ်ယံမျက်နှာပြင်က ရေလှိုင်းထသွားသလို ဖြစ်သွားလေပြီး အမျိုးသမီးတစ်ယောက်၏ ထက်ရှလွန်းသော တောက်ပ နီရဲသည့် လက်သည်းကြီးများက မှန်အပြင်ဘက်သို့ ဆန့်ထွက်လာကာ တင်းချန်ကို ဖမ်းဆုပ်ရန် ကြံစည်သည်။

 

ကြောက်လန့်လွန်းပြီး မလှုပ်ရှားနိုင်တော့သော တင်းချန်က ငယ်သံပါအောင် အော်ဟစ် လိုက်မိခြင်း ဖြစ်သည်။

 

.....

 

တင်းချန်၏ ဇာတ်ကြောင်း ပြန်ပြောပြမှုကို နားထောင်ပြီး လူတိုင်းက တိတ်ဆိတ် သွားကြသည်။ သူတို့ တုန်ယင်ပြီး ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်ကြသည်။ သူတို့၏ တောင့်တင်းနေသော သွေးကြောများကပင် ထိုးထောင် ကုန်သည်။

 

ယန်ရှစ်ရွှမ်း၏ စကားများကြောင့် သူတို့ဟာလည်း အခန်းထဲတွင် နေနေပြီး လုံခြုံကြောင်း သိခဲ့ရသည်။ ယခုအခါတွင် တင်းချန်၏ အတွေ့အကြုံအရ သူတို့ဟာ အခန်းထဲတွင် နေနေရုံဖြင့် မလုံခြုံနိုင်ကြောင်း သိလိုက်ကြရသည်။ သရဲက အခန်းအတွင်းသို့ပင် ရောက်လာနိုင်သည်။

 

ဒါဆိုရင် သူတို့ ဒီနေရာမှာပဲ သေရတော့မှာလား။ သူတို့ အပြင်ကို မထွက် နိုင်တော့ဘူးလား။

 

ဧည်သည့်များထဲမှ တစ်ယောက်က စိတ်ဓာတ် ကျသွားပုံ ပေါ်သည်။

 

“စကားမစပ် ငါ လော့ကို ဘယ်လို ဖွင့်ဖွင့် မရခဲ့ဘူး။ ဒါပေမဲ့ ရုတ်တရက် ဖွင့်နိုင်သွားတာ”

 

တင်းချန်က ယန်ရှစ်ရွှမ်းကို တုန့်ဆိုင်းစွာ ကြည့်သည်။

 

“ကိစ္စကို ဂရုတစိုက် ပြန်တွေးကြည့်တော့ ယန်ကော ရောက်လာတဲ့အချိန် ဖြစ်လိမ့်မယ်”

 

ယန်ရှစ်ရွှမ်းက ပိုင်ရွှမ်းကို ကြည့်ကာ မေးသည်။

 

“မနေ့က ဒီလိုအတွေ့အကြုံမျိုး ရခဲ့သေးလား”

 

“ဟင်”

 

ပိုင်ရွှမ်းက မျက်တောင်တစ်ချက် ခတ်သည်။ သူမက မှတ်မိရန် ကြိုးစားသည်။

 

“မနေ့ကလား မခံခဲ့ရပါဘူး။ ငါ မှန်တင်ခုံအ‌ရှေ့မှာ ထိုင်ပြီး မိတ်ကပ်လိမ်းသေးတယ်။ နောက်ပြီး ငါ အိမ်သာလည်း မသွားဘူးလေ။ ဘာအသံမှလည်း မကြားခဲ့ရသလိုပဲ။ ဒါနဲ့ အရမ်းကြည့်ကောင်းလွန်းတဲ့ ကျဲကျဲတစ်ယောက်ကိုတော့ တွေ့ခဲ့မိသလိုပဲ။ ဒါက တင်းချန်ကျဲကျဲ တွေ့ခဲ့ရတဲ့ တစ်ယောက်နဲ့များ တူနေလောက်မလား။ နောက်ပြီး သူမကလည်း အဲဒီအချိန်က မိတ်ကပ်လိမ်းနေတာလေ”

 

ယန်ရှစ်ရွှမ်းက ခေါင်းညိတ်သည်။ ထိုနှစ်ယောက်၏ ခြားနားသော အတွေ့အကြုံက သူ့အား တစ်စုံတစ်ရာကို နားလည်မိသွားစေသည်။

 

ထို့အပြင် စံအိမ်၏ တစ်ဖက်တစ်ချက်ရှိသော အခန်းများ၏ ကွဲပြားမှုကလည်း အကြောင်းပြချက် မရှိ အဓိပ္ပာယ် မဲ့နေခြင်း မဟုတ်လောက်ချေ။

 

ချီရွှမ်း အမည်ရသော ထိုအမျိုးသမီးက တင်းချန်၏ အနီရောင် အခန်းထဲတွင် ပေါ်လာခဲ့ချိန်တွင် မုန်းတီးမှု အပြည့်နှင့် ဖြစ်နေခဲ့သည်။ ထိုအခန်းက ညာဘက်ခြမ်းတွင် ရှိသည်။ သို့သော် ပိုင်ရွှမ်း၏ ဘယ်ဘက်အခြမ်းမှ အဖြူရောင်အခန်းတွင် ချီရွှမ်းကမူ ဖျော့တော့ အားနည်းပြီး ကူကယ်ရာမဲ့နေသော ဘက်ခြမ်းကို ပြသသည်။ သူမက ပိုင်ရွှမ်းကို ဝင်ပူးခဲ့သည့် တိုင်အောင် နာကျင်အောင် မလုပ်ခဲ့ချေ။

 

ပို၍ဆိုးသည်မှာ လျိုရီရီကလည်း ညာဘက်ခြမ်းတွင် နေခဲ့သူဖြစ်ပြီး ပုဆိန်ကိုင်သော ထိုမကောင်းဆိုးဝါးကလည်း သူမ၏အခန်းထဲသို့ ဖောက်ဝင်နိုင်ခဲ့သည်။

 

တင်းချန်စကားများအရ ထိုအမျိုးသမီးက သူမနှင့် ကျိုးချီဆိုသော သူကို တစ်ဖွဲ့တည်းဟု ထင်နေပုံရသည်။ ကျိုးချီကလည်း ထိုအမျိုးသမီးကို သတ်ခဲ့သော ဓားပြ ဖြစ်နိုင်သည်။

 

နောက်ပြီး ငါ မနေ့ည စစ်ကြည့်ခဲ့တဲ့အချိန်က အိမ်တော်ထိန်းအိုကြီးက သူ့ကိုယ်သူ ကျိုးချီလို့ မိတ်ဆက်ခဲ့သလိုပဲ။

 

ယန်ရှစ်ရွှမ်းက နားလည်မှု အပြည့်နှင့် နီရဲ‌သော အခန်းကို ပြန်ကြည့်သည်။

 

ညာဘက်ခြမ်းက နီရဲနေတဲ့ သွေးနီရောင် အခန်းတွေက အဲဒီအနီရောင် မကောင်းဆိုးဝါးတွေနဲ့ အရောင်တူတယ်။ ညာဘက်ခြမ်း တစ်ခြမ်းလုံးက အိမ်တော်ထိန်းအိုနဲ့ အဲဒီမကောင်းဆိုးဝါးတွေရဲ့ အောက်မှ ဖြစ်လောက်တယ်။ ဒီတော့ လျိုရီရီကို နာကျင်အောင် လုပ်ခဲ့တဲ့ အဲဒီမကောင်းဆိုးဝါး၊ နောက်ပြီး အဲဒီ တင်းချန်နဲ့ အိမ်တော်ထိန်းအိုကြီးကို တစ်ဖွဲ့တည်းလို့ ထင်တဲ့ ချီရွှမ်းတို့ကို ဆက်စပ် တွေးကြည့်လို့ ရသွားပြီ။

 

“အခန်းပြောင်းလိုက်”

 

ယန်ရှစ်ရွှမ်းက ဆက်ပြောသည်။

 

“ညာဘက်ခြမ်းမှာ နေတဲ့သူ အားလုံး ဘယ်ဘက်ခြမ်းကို သွားသင့်တယ်”

 

******