အပိုင်း (၁၇)
ဖျော်ဖြေရေးနယ်ပယ်အတွင်းမှ လူများအတွက် ပရိုဂရမ်အသင်း၏ အထူးတလည် ဂရုစိုက်မှုကို ခံရခြင်းက သူတို့၏ အဆင့်အတန်းကို ကိုယ်စားပြုသည်။ အလယ်တွင် အခန်း ပြောင်းလိုက်လျှင် အနုပညာရှင်နှင့် ပရိတ်သတ်အတွက် မကျေနပ်မှုများ ဖြစ်စေနိုင်သည်။
သို့သော် ထိုအချိန်တွင် ယန်ရှစ်ရွှမ်းကလည်း ညာဘက်ခြမ်းရှိ ဧည့်သည်တိုင်းကို ဘယ်ဘက်ခြမ်းသို့ ပြောင်းခိုင်းသောအခါ လူတိုင်းက မကျေနပ်မှု၊ မေးခွန်းထုတ်မှုများ မရှိဘဲ ခပ်မြန်မြန် တုန့်ပြန် ကြသည်။ တိုက်ရိုက် ထုတ်လွှင့်မှု၏ ကွန့်မန့်မှ လူအများကပင် ထိုဧည့်သည်များကို ခပ်မြန်မြန် အခန်းပြောင်းရန် စိုးရိမ်တကြီး တိုက်တွန်း နေကြသေးသည်။ ပရိတ်သတ်များကလည်း သဘောမကျသော စကားမျိုး မပြောကြပါချေ။
သူတို့၏ တုန့်ပြန်မှုအရ ထိုဧည့်သည်များ၏ အခန်းပြောင်းမှုကသာ အနည်းငယ် နှေးကွေး သွားခဲ့သော် သူတို့၏အသက်က ခြိမ်းခြောက် ခံရနိုင်သည်ဟု ထင်မှတ် နေပုံရသည်။ ညာဘက်ခြမ်းမှ ဧည်သည့်များက အလွန့်အလွန့် လျှင်မြန်သော ပုံစံမျိုးဖြင့် ပြောင်းလိုက်ကြသည်။
ညာဘက်ခြမ်းရှိ ဒုတိယထပ်နှင့် တတိယထပ်တွင် အခန်းလေးခန်း ရှိသည်။ ဒုတိယထပ်မှ သရုပ်ဆောင်တစ်ယောက်က စိတ်ပိုင်းဆိုင်ရာ လွှတ်ထွက် သွားခဲ့သည်။ ထို့ကြောင့် သူ့ကို သီးသန့်ခွဲခြားထားရပြီး ပထမထပ်ရှိ ကုသမှုအခန်းအတွင်းတွင် ယာယီအားဖြင့် အိပ်စက် နေလေသည်။ တတိယထပ်မှ လျိုရီရီကလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ပြီး သူမကလည်း ထိုနေရာတွင် အတူ လှဲအိပ်နေရ၏။
ကျန်သော တင်းချန်ကလည်း မှန်ထဲမှ သရဲကြောင့် ကြောက်လန့်ခဲ့ရသည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်းက ပြော၍ ပြီးသွားသည့်နောက်တွင် သူမက သူမ၏ ပစ္စည်းများကိုပင် မသုံးတော့ပဲ ပိုင်ရွှမ်း၏အခန်းထဲသို့ တိုက်ရိုက် ပြေးဝင်သွားသည်။ မည်သိုပင်ဆိုစေ ပိုင်ရွှမ်းကသာ တစ်ဦးတည်းသော မိန်းကလေး ဧည့်သည် ဖြစ်လေသည်။
ဒုတိယထပ်မှ ဧည့်သည်အတွက်ကမူ သူက မပျော်မရွှင် ဖြစ်သွားသော်လည်း _ _ _သူ့အနေနှင့် ဖျော်ဖြေရေး အသိုင်းအဝိုင်းအတွင်းသို့ ဝင်ကာစ လူသစ်တစ်ယောက်က သူ့ကို ဟိုဟာလုပ်၊ ဒီဟာလုပ်ဟု အမိန့်ပေးခြင်းက အရှက်ရသည်ဟု ခံစားရသည့် တိုင်အောင်_ _ _ ကံကောင်းသည်မှာ မနက်ပိုင်းက ယန်ရှစ်ရွှမ်း၏ စကားကို နားမထောင်ခဲ့သော သရုပ်ဆောင်၏ အဖြစ်အပျက်ကို သူက ထင်ထင်ရှားရှား မြင်နိုင် ခဲ့သည်။ ထို့ကြောင့် သူက သူ၏ခရီးဆောင်အိတ်ကို ခပ်မြန်မြန် ကောက်သိမ်းပြီး ဒုတိယထပ် ဘယ်ဘက်ခြမ်းသို့ ပြောင်းရွှေ့လိုက်သည်။ ထိုသို့ဖြင့် ထိုအထပ်မှ အခြား ဧည့်သည် တစ်ယောက်နှင့် အတူနေမည် ဖြစ်သည်။
အခန်းများ အားလုံး ပြောင်းပြီးသွားမှသာ ဝန်ထမ်းများ အားလုံး၏ ပူပန်မှုက ပြန်လည် လျော့ကျ သွားသည်။ ထိုသို့ပြောင်းနေသည့် ဖြစ်စဉ်အတောအတွင်း အိမ်တော်ထိန်းအိုကြီးက ရုတ်တရက် ခုန်ထွက်လာပြီး သူတို့၏ လုပ်ဆောင်မှုများကို တားမြစ်မည့် အရေးကို စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။ ကံကောင်းသည်မှာ အရာအားလုံးက ချော့မွေ့နေခဲ့သည်။ သို့သော် ယန်ရှစ်ရွှမ်း၏ ထင်မြင်ချက်အရ ကိစ္စက ချောမွေ့ လွန်းသည်ဟု ခံစား နေရသည်။
သူက နားလည်ထားသော အခြေအနေများအရ ညာဘက်ခြမ်းရှိ အနီရောင်အခန်းများက အိမ်တော်ထိန်းအိုကြီးနှင့် ထိုမကောင်းဆိုးဝါးများ၏ အောက်တွင် ရှိသည်။ ထို့ကြောင့် သူတို့အတွက် ညာဘက်ခြမ်းမှ အခန်းများက သူတို့ အပိုင်နယ်မြေ ဖြစ်သည်။ ညာဘက်ခြမ်းမှ လူများက ယခုအခါ ဘယ်ဘက်ခြမ်းသို့ ပြောင်းသွားသည့်အခါ အိမ်တော်ထိန်းအိုကြီးနှင့် ထိုအရာများက ကိုင်တွယ် နိုင်တော့မည် မဟုတ်ချေ။ ဘယ်ဘက်ခြမ်းကလည်း ထိုသရဲမ၏ လက်အောက်တွင် ဖြစ်နေသည်။ အိမ်တော်ထိန်းအိုကြီးက သေချာပေါက် အရှုံးဘက်တွင် ဖြစ်သည်။
ဒါကို ဘာလို့ အစကနေ အဆုံးအထိ အိမ်တော်ထိန်းအိုကြီးက ထွက်မလာရတာလဲ။
“မင်းတို့ အဲ့အိမ်တော်ထိန်းအိုကြီးကို နောက်ဆုံး မြင်ခဲ့တာ ဘယ်အချိန်ကလဲ”
ယန်ရှစ်ရွှမ်းက လေးနက်သော လေသံနှင့်မေးသည်။
လူတိုင်းက တုန့်ဆိုင်းသွားကြသည်။ သူတို့က စတွေးကြသည်။
“မနက်စာ စစားတဲ့အချိန်က မဟုတ်လား”
“ဟုတ်တယ်။ ငါလည်း သူ မီးဖိုခန်းထဲကို ဝင်သွားတာ တွေ့လိုက်တယ်။ ငါတောင်မှ ဧည့်ခန်းထဲမှာပဲ တောက်လျှောက် နေနေခဲ့တာ။ မီးဖိုခန်းကို မသွားရဲဘူး။ ဒါပေမဲ့ သူ ထွက်လာတာတော့ မတွေ့ဘူး”
“ဟုတ်တယ်။ ငါ မနက်စာ စားပြီးကတည်းက သူ့ကို မတွေ့ရတော့တာပဲ”
လူတိုင်းကလည်း အချိန်ကို ပြောပြ ကြသည်။ သူတို့အားလုံးကလည်း အတူ စုနေကြသောကြောင့် မနက်စာ စားပြီးသည့် အချိန်တွင် အိမ်တော်ထိန်းအိုကြီးက လူတိုင်း၏အရှေ့သို့ ပေါ်မလာကြောင်း အတည်ပြု လိုက်နိုင်သည်။ သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ လူတိုင်း၏မျက်ဝန်းထဲတွင် သံသယနှင့် ထိတ်လန့်မှုများကို မြင်နိုင်သည်။
ပိုးကောင်ကို မြင်နေရတာထက် ပိုပြီးကြောက်ဖို့ကောင်းတာက ပိုးကောင်က ရုတ်တရက် ပျောက်သွားပြီး ရုတ်တရက် ပြန်ပေါ်လာနိုင်တဲ့ အခိုက်အတန့်ပဲ။ ဒီလိုဆိုရင် အဲဒီပိုးကောင်က ခေါင်းအုံးပေါ်မှ လဲနေမလား၊ ကျောပေါ် တက်လဲ နေမလား ဆိုတာကို မသိနိုင်လို့ စိုးရိမ် ကြရလိမ့်မယ်။
လှေကားလက်ရမ်းကို ကိုင်ပြီးရပ်နေသော ယန်ရှစ်ရွှမ်းက တတိယထပ်မှ တဆင့် ဧည့်ခန်းသို့ လှမ်းကြည့်သည်။ အိမ်တော်ထိန်းအိုကြီးက မီးဖိုခန်းတွင်သာ ထာဝရ နေမည်ဟု မယုံကြည်နိုင်ချေ။
မနေ့က ညနေတွင် အိမ်တော်ထိန်းအိုကြီးက သူ့နောက် တောက်လျောက်လိုက်ပြီး သူ့လုပ်ဆောင်မှုများကို အနီးကပ် လိုက်ကြည့်သည်။ မနေ့ညကလည်း အိမ်တော်ထိန်းအိုကြီးက ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်သော ပြတင်းပေါက်ကြီး အနားတွင် ရပ်လျက် ဥယျာဉ်နှင့် ထင်းတဲဘက်သို့ စိုက်ကြည့် နေခဲ့သေးသည်။
အရာအားလုံးကို သူ လိုချင်တဲ့အတိုင်း ဖြစ်အောင် ထိန်းချုပ် ချင်လွန်းတဲ့ လူတစ်ယောက်က သူ့နယ်မြေကို အပိုင်အဖြစ် သတ်မှတ် ထားပြီးတဲ့အခါ အရာအားလုံးကို ကိုင်တွယ် စီမံထားချင်နေမှာပဲ။ ဒါကို သူက ဘာလို့ ပေါ်မလာရတာလဲ။
အဲဒီလိုမှ မဟုတ်ရင်_ _ _ အဲဒီအိမ်တော်ထိန်းရဲ့ အာရုံကို ပိုပြီးအရေးကြီးတဲ့ အရာတစ်ခုက မဆွဲဆောင်ထားသမျှ ကျန်တဲ့သူတွေ ဘာပဲလုပ်လုပ် ဂရုမစိုက်စရာ အကြောင်း မရှိဘူး။
ယန်ရှစ်ရွှမ်းက ရုတ်တရက် ပြောသည်။
“ပထမထပ်က အရေးပေါ်ခန်းကို ဘယ်သူစောင့်ကြည့်နေလဲ”
ဝန်ထမ်းများက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး တုန့်ဆိုင်းသွားကြသည်။
“ငါတို့လည်း လူအော်သံကို ကြားတော့ တစ်ယောက်ယောက် တစ်ခုခု ဖြစ်ပြန်ပြီလို့ ထင်ပြီး ပစ္စည်းတွေအားလုံး ယူပြီး အပြေး လာတာပဲလေ။ နောက်ပြီး ဆေးဝန်ထမ်းတွေ အားလုံးကလည်း ဒီမှာပဲ။ ပထမထပ်က အရေးပေါ်အခန်းကို စောင့်နေတဲ့ သူတွေအားလုံးက အခု ဒီကို ရောက်_ _ _”
သူက ပြောနေရင်းမှ ရုတ်တရက် ပါးစပ် ပိတ်လိုက်သည်။ သူတို့ အားလုံးကလည်း ယန်ရှစ်ရွှမ်း၏ မေးခွန်း ရည်ရွယ်ချက်ကို နားလည်သွားကြသည်။ သူတို့ အားလုံးကလည်း ချက်ချင်းဆိုသလို ကြောက်လန့်တကြား လှေကားပေါ်သို့ အပြေးသွားပြီး လည်ဆန့်ကာ အောက်ဘက်သို့ အခြေအနေကို ကြည့်လေသည်။
သို့ရာတွင် စံအိမ်၏တည်ဆောက်ပုံက Uပုံသဏ္ဍာန် ဖြစ်နေသည်။ တတိယထပ် ဘယ်ဘက်ခြမ်းနားတွင် ရပ်နေသော လူများက ပထမထပ် ဘယ်ဘက်အခြမ်းရှိ အရေးပေါ် အခန်းကို မမြင်နိုင်ချေ။
“မဖြစ်နိုင်တာ။ အရေးပေါ်ခန်းမှာ လူနှစ်ယောက်ပဲ ရှိတယ်_ _ _လျိုရီရီ”
ချက်ချင်း တုန့်ပြန်လိုက်နိုင်သည့် ဝန်ထမ်းက အောက်ထပ်သို့ အပြေးအလွှား ပြေးဆင်းသည်။ သို့သော် ယန်ရှစ်ရွှမ်းကမူ သူ့ထက် ပိုမြန်သည်။
ဝန်ထမ်းက ထွက်ခွာလိုက်သည်နှင့် ယန်ရှစ်ရွှမ်းက လက်တစ်ဖက်တည်းနှင့် လှေကားဘောင်ကို လှမ်းကိုင်လိုက်ပြီး သူ၏တောင့်တင်းကာ ကြံ့ခိုင်လွန်းသော လက်မောင်းက ချက်ချင်းဆိုသလို ကျုံ့သွားပြီး အား ပြန်လည် ဆန့်ထုတ်လျက် ခုန်ကျော် လိုက်သည်။ ထိုနည်းအားဖြင့် သူက တတိထပ်မှ ပထမထပ်သို့ တိုက်ရိုက် ခုန်ဆင်း လိုက်၏။
လူတိုင်း၏ တအံ့တဩ အော်သံများ အကြားတွင် ယန်ရှစ်ရွှမ်းက ပထမထပ် ဧည့်ခန်း အတွင်းရှိ ကော်ဇော်ပေါ် သို့ ခိုင်မြဲစွာ ခြေချ လိုက်နိုင်သည်။ ထို့နောက် သူက တစ်ချက် ဆောင့်ကြောင့် ထိုင်လိုက်ပြီး အားကို စုစည်းကာ မတ်တပ် ထရပ်လိုက်ပြီးနောက် အရေးပေါ် အခန်းသို့ အပြေးသွားသည်။
ပိတ်ထားသင့်သော အခန်း၏တံခါးက ပွင့်နေသည်။
ဟထားသော တံခါးအဟ ကြားနေရာမှ ကြည့်လျှင် အိပ်ယာပေါ်တွင် လဲနေသော သရုပ်ဆောင်ကို မြင်နိုင် သေးသည်။ သူကလည်း အိပ်မောကျနေသည်။ အခြား ကုတင်တွင်မူ လျိုရီရီ ရှိသင့်သည်။ သို့သော် ထိုနေရာက ရှင်းနေသည်။ ဖြူဖွေးသော စောင်တစ်ဝက်က အောက်သို့ ပြုတ်ကျနေပြီး ကြမ်းပြင်ပေါ်သို့ ရောက်နေသည်။
မနက်ပိုင်းက လျိုရီရီက အိပ်ယာထဲမှ ကုန်းထွက်ပြီး တံခါးဆီ လာရန် ပြင်ဆင်နေခဲ့ချိန်က ပုံသဏ္ဍာန်အတိုင်း ဖြစ်သည်။
ယန်ရှစ်ရွှမ်းက ခြေလှမ်း အနည်းငယ်တည်းနှင့် ဖန်သားပြင်နှင့် ဧည့်ခန်းမှ အလှဆင် ပန်းအိုးကြီးတို့ကို ကျော်ဖြတ် လိုက်ပြီး ထိုနေရာသို့ နီးသထက် နီးသွားသည်။ ထိုအခါ လျိုရီရီက ပျောက်နေခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။ သူမက တံခါး အလယ်နေရာနားတွင် မြေပြင်ပေါ် သူမ၏ခေါင်းနှင့် ပုခုံးများကို ဖိချထားလျက် ပုံစံမျိုးနှင့် လဲနေလေသည်။ ထိုအခြေအနေကြောင့် တံခါးက ပွင့်သွားခြင်း ဖြစ်နေလေသည်။ ထို့ကြောင့် မပိတ်တော့ခြင်းလည်း ဖြစ်သည်။
သူက ပတ်ဝန်းကျင် တစ်ခုလုံးကို စစ်ဆေး ကြည့်လိုက်သည်။ မည်သည့် အရာကိုမှ မတွေ့ချေ။ ထို့နောက် လျိုရီရီ၏အနားတွင် ဆောင့်ကြောင့် ထိုင်လိုက်ပြီး လက်ဆန့်တန်းကာ တံခါးလက်ကိုင်ကို လက်တစ်ဖက်ဖြင့် ကောက်ကိုင် လိုက်ကာ ဖွင့်လိုက်သည်။ အခန်းအတွင်းရှိ အခြေအနေကို အသေးစိပ် ကြည့်ရှုပြီးနောက် လျိုရီရီကို ပြန်လည်ပြီး စစ်ဆေး ကြည့်လိုက်သည်။
လျိုရီရီက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသောကြောင့် ကိုမာဝင်နေသေးသည်။ ထို့ကြောင့် တုန့်ပြန် နိုင်စွမ်းရည်လည်း မရှိသလို အလိုအလျောက် မတုန့်ပြန်နိုင်ချေ၊ သူမ၏ ပုံသဏ္ဍာန်၊ အဝတ်အစားများ၏ တွန့်ကြေမှုများအရ တစ်စုံတစ်ယောက်က သူမ၏ ဂျိုင်းအောက်မှ လက်လျို သွင်းပြီး လက်မောင်းကို ဆွဲလျက် တံခါးဆီ တရွတ်တိုက် ဆွဲထုတ်ခဲ့ခြင်း ဖြစ်ရပေမည်။
ဆွဲထုတ်ခဲ့သော သူကလည်း သူမက သေသေရှင်ရှင် ဂရုမစိုက်ချေ။ ဒီအတိုင်း သူမကို ခေါ်သွားချင်ရုံသာ ဖြစ်လောက်သည်။ ထိုသို့ အင်အားသုံးကာ ဆွဲထုတ်မှု အောက်တွင် သူမ၏ မူလက ပတ်တီးအပြည့် စည်းထားပြီးသော ဒဏ်ရာက ပြန်ပွင့်သွားသည်။ ထိုသို့ဖြင့် အဝတ်နှင့် ကြမ်းပြင်ပေါ်တွင် သွေးများ နီရဲကာ စွန်းထင်းသွားသည်။
ယန်ရှစ်ရွှမ်းကသာ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သိပြီး အရေးပေါ် အခန်းထဲသို့ အပြေးအလွှား အမြန်ဆုံး လာခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် လျိုရီရီက ခေါ်သွားခံရပြီး ပျောက်ရှ သွားလောက်သည်။
အနီးကပ် ကြည့်ရှုပြီးနောက် ယန်ရှစ်ရွှမ်းက ရုတ်တရက် ဆိုသလို လျိုရီရီနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာဟာ မှားယွင်းနေကြောင်း သိလိုက်သည်။
လျိုရီရီဆီက လာတဲ့ အဲဒီသွေးရနံ့က တော်တော်လေးကို နံတယ်။
ထိုရနံ့က သာမာန်လူများ၏ သွေးမှ လာသည့် သံကြေးရနံ့လို အနံ့မျိုး မဟုတ်ချေ။ လျိုရီရီ၏ ခန္ဓာကိုယ်မှ ရနံ့က နှစ်ပေါင်းများစွာ ကြာအောင် ထုတ်ထားပြီးသား သွေးရနံ့ကဲ့သို့ ညှီစို့ နေသည်။
ဒါက မနေ့ညက လျိုရီရီရဲ့ အခန်းထဲမှာ ယန်ရှစ်ရွှမ်း ရှာတွေ့ခဲ့တဲ့ ဝိုင်နီထဲက အနံ့လိုမျိုးပဲ။
ဆိုတော့ လျိုရီရီ သောက်ခဲ့တဲ့ သွေးတွေက တိကျ သေချာတဲ့ သက်ရောက်မှုတစ်ခု ပြပြီး အလဲအလှယ်အနေနဲ့ သူမရဲ့ ကိုယ်ထဲက သွေးတွေနဲ့ လဲလှယ် လိုက်တာလား။
နောက်ပြီး အခုလျိုရီရီကို ခေါ်သွားတဲ့ လူက လျိုရီရီကို ပုဆိန်နဲ့ ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ မကောင်းဆိုးဝါး ဖြစ်နိုင်တယ်။
“ဆရာယန် ဒါ ဒါ ဒါဒါဒါ က “
လှေကားပေါ်မှ အပြေးအလွှား ပြေးဆင်းလာသော သူများက အသက်ပင် ကောင်းကောင်း မရှူနိုင်သေးချေ။ သွေးမြစ်နှင့် ကြမ်းပြင်ပေါ်တွင် လဲနေသော လျိုရီရီကို မြင်လိုက်ရပြန်ပြီး စိုးရိမ်စိတ် ကြီးသွားရပြန်သည်။
လျိုရီရီ၏ ဒဏ်ရာက ကျော အောက်ဘက်ပိုင်းတွင် ဖြစ်သည်။ ယန်ရှစ်ရွှမ်း၏ အရေးပေါ် ကုသမှုက ဒဏ်ရာကို တည်ငြိမ်စေခဲ့သည်။ သို့ရာတွင် ဂရုသာ မစိုက်မိလျှင် သူမ၏ ကျောက်ကပ်နှင့် အရွတ်များက ဒဏ်ရာ ရသွားနိုင်သည်။ ထိုဒဏ်ရာများက ပိုးဝင်နိုင်သည့် အခြေအနေကို မဆိုထားဘိ။ အရေးပေါ် ကုသမှု မလုံလောက်သောကြောင့် သေကောင်းပင် သေသွားနိုင်သေးသည်။
ထိုလူများကလည်း စိုးရိမ်စိတ် ကြီးသွားပြီး ငိုလုနီးပါး ဖြစ်သွားနိုင်သေးသည်။ ဆေးဝန်ထမ်းက ယန်ရှစ်ရွှမ်းကို မျှော်လင့်ချက် အပြည့်နှင့် ကြည့်သည်။ ယန်ရှစ်ရွှမ်းက အံ့အားသင့်ဖွယ် တစ်စုံတစ်ရာကို ထပ်လုပ်နိုင်ရန် မျှော်လင့် နေပုံရသည်။
ယန်ရှစ်ရွှမ်းကလည်း ထိုဆေးဝန်ထမ်းကို ဂရုစိုက် မနေချေ။ ထို့အစား သူက မတ်တပ် ထရပ်လိုက်ပြီး အခန်းအတွင်း ခြေလှမ်း ကျဲကြီးများဖြင့် ဝင်သွားသည်။ ထို့နောက် သူက ဘေးဘက်တွင် ကျနေသော ရေချိုးသဘက်ကို လက်တစ်ဖက်ဖြင့် ကောက်ကိုင် လိုက်ပြီး လေထဲသို့ ဆွစ်ကနဲ ယမ်းလိုက်သည်။
“လူတွေကို စာရွက်နဲ့ ခွဲခြား သိရတယ်။ သရဲတွေကို တောင်တန်းတွေနဲ့ ခွဲခြား သိရတယ်။ မိစ္ဆာတစ်ထောင်က အဆင့်ချိုးဖျက် သက်ရောက်နိုင်တယ်။ မိစ္ဆာတစ်သောင်းကတော့ မချိုးဖျက် မသက်ရောက်နိုင်ဘူး”
ယန်ရှစ်ရွှမ်း၏ အသံက ထူးဆန်းသော ဟန်ချက်တစ်ခုကို ပိုင်ဆိုင်ထားပုံ ရသည်။ သူက လေသံတိုးတိုးနှင့် ခပ်မြန်မြန် ရွတ်ဆို လိုက်ပြီးနောက် သူ၏သွယ်လျသော လက်ချောင်းများကလည်း ရေချိုးသဘက်ကို အောက်သို့ ပစ်ချလိုက်သည်။ ထို့နောက် သူ၏လက်တစ်ဖက်ဖြင့် ဘောပင်တစ်ချောင်းကို သုံးပြီး ထိုရေချိုး သဘက်ပေါ်တွင် အဆောင်သင်္ကေတကို ခပ်မြန်မြန် ရေးဆွဲလိုက်သည်။
ထိုသဘက်က အောက်သို့ တဖြည်းဖြည်းချင်း ကျသွားပြီး လျိုရီရီ၏ ခါးနှင့် ဝမ်းဗိုက်နေရာကို အုပ်သွားသည်။
ဆေးဝန်ထမ်းက ထင်ယောင်ထင်မှား မြင်မိသည်လား မသိချေ။ သို့သော် ထိုသို့ကျသွားသည့် တစ်ခဏတွင် မူလက သာမာန်ဟုသာ ထင်ရသော ရေချိုးသဘက်က တောက်ပသော ရွှေရောင်အလင်းကို လွှတ်ထုတ်လာပြီး မှော်စွမ်းအား တစ်ရပ်ကို သယ်ဆောင် ထားသလိုမျိုး တောင်တန်းများကို လွှမ်းမိုးနိုင်ပြီး ဝိဉာဉ်များကို နှင်ထုတ်နိုင်သလို စွမ်းအင်မျိုးကို ထုတ်လွှတ်လာသည်။ ထို့ကြောင့် လူအများကို ကြောက်ရွံ့ရိုသေစိတ် ဖြစ်လာစေ၏။
“သူမရဲ့ ဒဏ်ရာက ပွင့်သွားတယ်။ ဒီတော့ နောက်ပိုင်း ဆက်လုပ်ရမယ့် ပတ်တီးစည်းတဲ့ တာဝန်တွေကတော့ မင်းတို့ရဲ့တာဝန်တွေပဲ”
ယန်ရှစ်ရွှမ်းက မှင်သက်နေသော ဆေးဝန်ထမ်းကို တစ်ဖန်ပြန် ကျောပေးလိုက်ပြီး တည်ငြိမ်စွာဖြင့် လျှောက်ထွက်သွားသည်။ သူက မီးဖိုခန်းထံ ဦးတည်သည်။
“မှတ်ထား သူမကို အုပ်ထားတဲ့ သဘက်ကို မခွာနဲ့”
ဆေးဝန်ထမ်းကလည်း စက္ကန့်အနည်းငယ်သာ မှင်သက် နေပြီးနောက် သူလျှာသူ ပြန်ရှာတွေ့ သွားသည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ ယန်လောင်ရှစ်”
ယန်ရှစ်ရွှမ်း၏ အော်ရဂျင်နယ် ဖန်သားပြင် အခွဲရှေ့မှ ကြည့်ရှုသူ များကလည်း အဖြစ်အပျက် အလှည့်အပြောင်းကြောင့် မှင်သက် ဆွံ့အ ကုန်ကြသည်။ သူတို့၏ နှလုံးသားက အခုန်နူန်း မြန်ဆန် နေသည်။ ယန်ရှစ်ရွှမ်းက ကပ်ဘေးတစ်ခုလုံးကို ခပ်အေးအေး ကိုင်တွယ် လိုက်နိုင်ကြောင်း မြင်ရမှသာ စိတ်အေးသွားသလို သက်ပြင်း ချကြသည်။
[တော်သေးတာပေါ့။ ကံကောင်းလို့ ရွှင်းကောက ဒီနေရာမှာ ရှိနေတယ်။ တကယ်လို့ ရှီရွှင်းကောကို အရမ်းရမ်း ချစ်မိသွားခဲ့ရင် ဘယ်လိုလုပ်ရမလဲ။ ရုတ်တရက်ကြီး ရှီရွှင်းကောကို တအား သဘောကျ မိသွားပြီ။ တစ်ခါတစ်ရံမှာ ရှီရွှင်းကော အနားမှာ နေရတာက အရမ်းကို စိတ်အေးသွားစေတယ်လို့ ခံစားရတယ်]
[_ _ _ _ _ ယန်ရှစ်ရွှမ်း အခုလုပ်သွားတဲ့ ဟန်အမူအယာ နှစ်မျိုးကို ငါ မြင်ဖူးတယ်။ ငါရဲ့မိတ်ဆွေတစ်ယောက်လည်း တာအိုဘုန်းတော်ကြီး တစ်ပါးလေ။ သူကလည်း ငါ့ရဲ့အရှေ့မှာ ဒီလိုအလားတူတဲ့ ပုံစံမျိုး ရေးဆွဲဖူးတယ်။ ဒါပေမဲ့ အဲဒီတုန်းက သူသုံးခဲ့တာက အဝါရောင် ပြဒါးရိုင်း အဆောင်လက်ဖွဲ့ တစ်ခုပဲ။ သူ ပြောတဲ့ စကားအတိုင်းဆိုရင် ဒါက သရဲနှင်အဆောင်တဲ့။ ဆိုတော့ ဒီစံအိမ်မှာ တကယ်ပဲ သရဲ ရှိနေတာလား]
[မင်းတို့ ယုံလား။ ငါ မနေ့ညကတည်းက ယုံထားပြီးသား]
[တာအို ဘုန်းတော်ကြီးဆိုတာ။ ဆိုတော့ ယန်ရှစ်ရွှမ်းကလည်း အလားတူပဲလား။ ဝိုး သူက တအားချောတယ် မဟုတ်လား]
အလားတူ အဆောင်ကို အသုံးပြုသော မိတ်ဆွေတစ်ယောက် ရှိသည်ဆိုသော ကြည့်ရှုသူကမူ သူ၏ကွန့်မန့်ကြောင့် ဆွေးနွေးမှု တစ်သုတ် ဖြစ်နေခဲ့ကြောင်းကို ဆက်လက် ကြည့်ရှုနိုင်ချိန် မရှိတော့ချေ။ အကြောင်းမူကား သူက ခပ်မြန်မြန် လော့အောက် ထွက်လိုက်ပြီး သူ၏တာအိုမိတ်ဆွေထံ သွားရောက်နေပြီ ဖြစ်သည်။
ထိုအချိန်တွင်လည်း တတိယထပ်မှ ဝန်ထမ်းများက အပြေးအလွှား ဆင်းလာနေသည်။ ယန်ရှစ်ရွှမ်းက မီးဖိုခန်းထဲသို့ ရောက်သွားနေပြီ ဖြစ်သည်။ သို့ရာတွင် သူတို့ တံခါးကို တွန်းဖွင့်လိုက်သောအခါ ဂန္တာရသဖွယ် ခြောက်ကပ်နေပြီး ရှင်းလင်းသော မီးဖိုခန်းကိုသာ တွေ့လိုက်ရသည်။
ထိုနေရာတွင် အိမ်တော်ထိန်းအိုကြီးပင် မဆိုထားဘိ မည်သူကမှ မရှိနေခဲ့ချေ။
မီးဖိုနှင့် ဗီဒီုများအားလုံးကလည်း ရှင်းလင်းကာ သပ်ရပ်နေသည်။ မည်သည့် အစားအစားကိုမှ မမြင်ရချေ။ ထိုနေရာက ရှင်းလင်း နေခဲ့သည်မှာ အချိန်အတန် ကြာခဲ့ပုံပေါ်သည်။
******