အပိုင်း(၁၉)
လေထဲတွင် တစ်စုံတစ်ယောက်က မျက်ရည်များ ဖြိုင်ဖြိုင်ကျလျက် ငိုနေပုံပေါ်သည်။ ထို့အပြင် _ _ _
ငါ့ရဲ့ကာကွယ်မှုကို လိုအပ်နေတဲ့ လူတွေ ရှိသေးတယ်။ ငါ ဒီနေရာကနေ ထွက်သွားလို့ မရဘူး။
နင် ငါ့အခန်းမှာ နေတယ်။ နင်က လူကောင်းဆိုတာ ငါ သိတယ်။ ဒီတော့ ငါ နင့်ကို ယုံတယ်။
ငါက ဘယ်သူကိုမှ ဒုက္ခ မပေးချင်ပါဘူး။ ဒါပေမဲ့ ငါ ဒီကနေ မထွက်သွား နိုင်ဘူး။ ငါ့ရဲ့သခင်မလေး_ _ _သူမက ဒီမှာ ရှိနေသေးတယ်။
သူမက အတိတ်ရဲ့ မုန်းတီးမှု ကြားမှ ပိတ်မိနေတယ်။
ကျေးဇူးပြုပြီး သူမကို နာကျင်အောင် မလုပ်ပါနဲ့။
ကျေးဇူးပြုပြီး သူ့မကို နာကျင်အောင် မလုပ်ပါနဲ့။
ကျေးဇူးပြုပြီး သူမကို ကယ်ပေးပါ။
ယန်ရှစ်ရွှမ်း၏ ဆန့်ထားသော လက်က တန့်သွားသည်။ သူက တဖြည်းဖြည်းချင်း ပြန်ရုတ်လိုက်သည်။
“ငါ ခင်ဗျားရဲ့အပ်လာတဲ့ အလုပ်ကို လက်ခံ နိုင်ပါတယ်”
သူ၏အသံက ပြတ်သားသည်။ ထို့အပြင် တိုး၏။
“ဒါဆိုရင်လည်း အလုပ်အပ်တဲ့ ဝန်ဆောင်ခအနေနဲ့ အဲဒီစားစရာ နှစ်နပ်ကို လက်ခံ ယူလိုက်မယ်”
ယန်ရှစ်ရွှမ်းက ပြော၍ ပြီးသွားသည့်နောက် သူ၏ဘေးဘက်ရှိ နေရာအလွတ်မှ လေပြေတစ်ခုက ဖြတ်တိုက် သွားပြီး မီးဖိုခန်း အပြင်ဘက်သို့ ထွက်သွားသည်။
ထိုလေက သူ၏ရှပ်အင်္ကျီထောင့်နားလေးကို ထိတွေ့ သွားသေးသည်။ သို့သော် သူက လေကို မတားခဲ့ပါချေ။
သူ၏ သွယ်လျ ပိန်းပါးသော ခန္ဓာကိုယ်က မြင့်မားရှည်လျားသည့် အစိမ်းရောင် နွယ်ပင် တစ်ခုလိုမျိုး ထိုးဖောက်ရန် ခက်ခဲလေသည်။
“ယန်ကော”
မီးဖိုခန်း၏တံခါးဝတွင် တိတ်တဆိတ် ရပ်နေခဲ့သော ယန်ရှစ်ရွှမ်းကို _ _ _ ဒဏ်ရာ ရသွားသော လျိုရီရီကို နေရာ ချထားရန် ခိုင်းစေပြီးနောက် အပြေး ရောက်လာပြီး ကျန်းဝူပင်းက မြင်လိုက်ပြီး ထူးဆန်းသည်ဟု ခံစားလိုက်ရသဖြင့် လှမ်းခေါ် လိုက်သည်။
“ယန်ကော ယန်ကော အဲဒီမှာ ဘာရပ် လုပ်နေတာလဲ။ ဘာရပ် ကြည့်နေတာလဲ။ ဖြစ်နိုင်တာက _ _ _”
ကျန်းဝူပင်းက ရုတ်တရက် တစ်စုံတစ်ရာသော ဖြစ်နိုင်ချေကို တွေးမိသွားသည်။ သူ၏မျက်နှာပေါ်ရှိအပြုံးက ရုတ်ချည်း တောင့်တင်းသွားပြီး ခြေလှမ်းများပင်ကို ရပ်တန့် လိုက်သေးသည်။
“ဟုတ်တယ် မီးဖိုခန်းနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ မှားနေတယ်”
ယန်ရှစ်ရွှမ်းက ကျန်းဝူပင်း၏အမေးကို ချက်ချင်း မဖြေပါချေ။ သူက ထိုနေရာတွင် တိတ်တဆိတ်လေး ရပ်နေခဲ့ပြီး မျက်လွှာချလိုက်သည်။ ထို့နောက် မျက်လုံး ပြန်ဝင့်၏။
“မီးဖိုခန်းထဲမှာတော့ ဘာပြဿနာမှ မရှိတော့ဘူး”
ကျန်းဝူပင်းက စိတ်အေး သွားသလို သက်ပြင်း ချသည်။
“ယန်ကော ယန်ကော ငါ့ကို စောစောပြောသင့်တယ်။ ငါ ကြောက်လို့ သေတော့မှာ”
“ပြဿနာက _ _ _”
ယန်ရှစ်ရွှမ်းက ပြုံးနေသော်လည်း အပြုံးမ မည်သော ပုံစံမျိုးဖြင့် ဆက်ပြောလာသည်။
“မီးဖိုခန်းထဲမှာ ဘာပစ္စည်းမှ မရှိဘူး။ နောက်ပြီး မူလက မင်း ငါ့တို့ကို ပေးမယ်လို့ ကြံစည်ထားတဲ့ စားစရာတွေက ဘယ်ရောက်သွားတာလဲ”
လျိုရီရီတွင် ရွေးချယ်စရာ အများကြီး ရှိသည်။ သို့သော် သူမကမူ အိမ်တော်ထိန်းအိုကြီး၏ ထိန်းချုပ်မှုကြောင့် ထိုအခန်းအတွင်းတွင် နေရင်း အဆုံးသတ် သွားသည်။ ထိုအခန်းကို သွေးနီရောင် မကောင်းဆိုးဝါးများက စိတ်ကြိုက် ဝင်ထွက် နိုင်သည်။ သူမ၏ မောက်မာ ထောင်လွှားသော အပြုအမူကြောင့် သူမက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ပြီး သေလုနီးပါး ဖြစ်သွားခဲ့၏၊
သူမက ယန်ရှစ်ရွှမ်းကို လှောင်ရယ် ချင်ခဲ့သဖြင့် နေခိုင်းခဲ့သော လှေကား ဘေးဘက်ရှိ ရိုးရှင်းသော အခန်းက လွန်ခဲ့သော နှစ်တစ်ရာခန့်က နာနီတစ်ယောက် နေခဲ့သော အခန်း ဖြစ်လေသည်။
ထို့ကြောင့် ယန်ရှစ်ရွှမ်းက မမျှော်လင့် ထားစွာပင် ထိုနာနီထံမှ ယုံကြည်မှု၊ မျက်နှာသာပေးမှုကို လက်ခံ ရရှိလိုက်သည်။ ဒီနည်းအားဖြင့် ဒီစံအိမ်နှင့် သခင်မလေးအကြောင်း အကြောင်းအရာများကို ပြောပြလိုစိတ် ရှိသွားသည်။
ဒါက ကောက်ကျစ်ပြီး တိုက်ခိုက်ချင်ခဲ့တဲ့ ပုံစံမျိုးပဲ။ တကယ်လည်း ထိသွားတယ်။ ဒါပေမဲ့ ယန်ရှစ်ရွှမ်းကို ဒီသရဲတောင် စံအိမ်နဲ့ ပတ်သက်ပြီး သဲလွန်စတစ်ခု ရသွားစေခဲ့တယ်။
မီးဖိုခန်းအတွင်းမှ နာနီသရဲက ပို့ခဲ့သော သတင်းစကားအရ ယန်ရှစ်ရွှမ်းကလည်း သူဟာ မနေ့က လူသားအသားအိုးကို ဖျက်ဆီးခဲ့သောကြောင့် နောက်ပိုင်း စားစရာတိုင်းက သာမာန် စားစရာသာ ဖြစ်ကြောင်း နားလည်လိုက်သည်။
_ _ _
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သေသွားခဲ့တဲ့ အဲဒီနာနီကလည်း စံအိမ်တော်အတွင်းမှာ သူမရဲ့မသေခင်က အယူသီးမှုကြောင့် လေလွင့် သွားလာနေခဲ့ရတယ်။ ဒုက္ခဆင်းရဲကို ခံစားပြီး သေဆုံးမှုကို ကြုံတွေ့ ခဲ့ရပြီးနောက် အဲဒီနာနီမှာ အမေတစ်ယောက်ရဲ့ ဂရုစိုက်စိတ်နဲ့ ပူပန်နိုင်တတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတုန်းပဲ။
သူမကလည်း သူမရဲ့ကလေးနဲ့ သက်တူရွယ်တူ လူငယ်ကလေးတွေက လူ့အသား စားမှာကို မကြည့်ဝံ့ဘူး။ ဒီအတွက်ကြောင့်ပဲ မီးဖိုခန်းအတွင်းမှာ ဆူညံတဲ့ အသံ လုပ်ပြီး ယန်ရှစ်ရွှမ်းက လာရောက် စစ်ကြည့်အောင် ဆွဲဆောင်ခဲ့တယ်။ ပိုဆိုးတာက ယန်ရှစ်ရွှမ်းရဲ့ အသားအိုးကို မတော်တဆ ပုံစံမျိုးနဲ့ အိမ်တော်ထိန်း အရှေ့မှာတင် ဖျက်ဆီး ပြလိုက်တဲ့ အပြုအမူအရ ဒီစံအိမ်အတွင်းက တင်းကြပ်တဲ့ ကွဲပြားမှုတွေနဲ့ အတူ နာနီက မီးဖိုအခန်းထဲကို ပြန်လည်ပြီး ထိန်းချုပ် နိုင်သွားတယ်။ အထူးသဖြင့် ဒီမီးဖိုခန်းက စံအိမ်ရဲ့ ညာဘက်ခြမ်းမှာ ရှိနေခဲ့ပေမယ့် သူမက ပြန်လည် ထိန်းချုပ် နိုင်သွားတယ်။
နှစ်တစ်ရာ ကြာပြီးနောက်မှာ သူမက မီးဖိုအရှေ့မှာ ပြန်လည် ရပ်နိုင်သွားတယ်။ သူမရဲ့ ကလေးနဲ့ သက်တူရွယ်တူ လူငယ်လေးတွေအတွက် စားစရာ ပြန်ပြင် နိုင်သွားတယ်။
ယန်ရှစ်ရွှမ်းက မီးဖိုခန်းအတွင်းမှ ရုတ်ချည်း ထွက်သွားမှုကြောင့် နာနီက ဆက်ပြီး မကြည့်ရှု နိုင်ခဲ့သော်လည်း အိုဟောင်းနေပြီ ဖြစ်သော မှတ်ဉာဏ်များမှတဆင့် သူမ၏ အထိတ်တလန့် ဖြစ်မှု၊ နွေးထွေးမှုများက ယန်ရှစ်ရွှမ်းကို သတိလက်လွတ် ဖြစ်သွား စေခဲ့သည်။ သူမက ထိုအခွင့်အရေးကို ယူပြီး မီးဖိုခန်းအတွင်းမှ ထွက်သွားရန် ကြံစည်ခဲ့သည်။
ယန်ရှစ်ရွှမ်းကလည်း အဆုံးသတ်တွင် သူ၏လက်ထဲမှ ချိတ်စည်းတံဆိပ်ကို လွှတ်ပေးခဲ့သည့် အကြောင်းပြချက်ကလည်း ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်ခဲ့သောကြောင့် ဖြစ်သည်။
သူက စားခဲ့ရသည့် စားစရာများအတွက် အပြန်အလှန် အနေနှင့် နာနီ၏အယူသီးစိတ်ကို အစစ်အမှန် လောကသို့ ပြန်လည် ဝင်ရောက်လာခွင့် ပြုခဲ့သည်။
ပို၍ဆိုးသည်မှာ ယန်ရှစ်ရွှမ်းကလည်း သူက ထင်ယောင်ထင်မှား မြင်ခဲ့ရသော ပုံရိပ်ယောင် အတောအတွင်း တစ္ဆေတောင်နှင့် ပတ်သက်သည့် ကောလဟလတစ်ခုကို အတည် ပြုနိုင်ခဲ့သည်။
လွန်ခဲ့တဲ့ နှစ်တစ်ရာခန့်က ဒီစံအိမ်မှာ အရမ်းကိုလှပတဲ့ အမျိုးသမီးတစ်ယောက် နေခဲ့တယ်။
ယန်ရှစ်ရွှမ်းက ပုံရိပ်ယောင် မြင်ကွင်းနှစ်ခုကို မြင်ခဲ့ရပြီးလေပြီ။
ယခုကမူ မနေ့ညက ပိုင်ရွှမ်း၏ အခန်းထဲတွင် ဖြစ်သည်။ ချီရွှမ်း အမည်ရသော ထိုအမျိုးသမီးက ပုံရိပ်ယောင်ကို သုံးပြီး သူ့ကို သတ်ချင်ခဲ့သည်။ သို့သော် အတိတ်က စံအိမ်၏ အခြေအနေကိုလည်း မြင်ခဲ့ရသည်။ ထိုသို့ဖြင့် ချီရွှမ်းက လွန်ခဲ့သော နှစ်တစ်ရာခန့်က ဒီစံအိမ်မှ အိမ်ရှင်သခင်မ ဖြစ်ကြောင်း သိခဲ့ရသည်။ သူမက သူမ၏ ကြာရှည်စွာ ပျောက်ဆုံး နေခဲ့သည့် ချစ်သူကို စောင့်နေလေသည်။
နောက်တစ်ကြိမ်က မီးဖိုခန်းအတွင်းတွင် ဖြစ်သည်။ ထိုနာနီက ထင်ယောင်ထင်မှား မြင်ကွင်းများကို ပြလျက် ယန်ရှစ်ရွှမ်း၏ တောင့်တင်းနေသော သွေးကြောများကို ပြေလျော့သွားစေပြီး ထွက်ပြေး လိုခဲ့သည်။ သို့သော် ချီရွှမ်း၏ ပုံရိပ်ယောင် မြင်ကွင်းအတွင်း လွတ်နေသော အပိုင်းကို သူမက ဖြည့်ပေးခဲ့သည်။ ဒီနည်းအားဖြင့် ယန်ရှစ်ရွှမ်းအား နှစ်ရာကျော်ကာလက ပုံပြင်ဟောင်းကို နားလည် သွားစေသည်။
ဒါက အရင်စံအိမ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာပဲ။
မှတ်ဉာဏ်အဟောင်းတွေကို တူညီတဲ့ နည်းလမ်းသုံးပြီး ပုံရိပ်ယောင်များကို ခန့်မှန်း ကြည့်ရုံနဲ့တင် ဒီနာနီနဲ့ ဒီအမျိုးသမီးကြားက တူညီနေတဲ့ အချက်တွေကို အတည် ပြုလိုက်နိုင်တယ်။ နာနီပြောတဲ့ သခင်မလေးက အဲဒီချီရွှမ်း ဖြစ်လိမ့်မယ်။ နောက်ပြီး ဦးလေး ဆိုတာကလည်း ချီရွှမ်းရဲ့ ချစ်ရသူ အဲဒီသူဌေး ဖြစ်လိမ့်မယ်။
ချီရွှမ်းက ပိုင်ရွှမ်းရဲ့အသံကို သုံးပြီး ဝမ်းနည်းစရာ ကောင်းတဲ့ သံစဉ်ကို သီဆိုခဲ့တယ်။ သူမ ဆိုသွားတဲ့ လေဟန် အတိုင်းအတာမျိုးက သာမာန်လူတွေ မလေ့ကျင့်ဘဲ မရနိုင်တဲ့ အခြေအနေမျိုးပဲ။
အနှစ်ချုပ်ဆိုရရင် နာမည်ကြီး မင်းသမီးတစ်ယောက်နဲ့တောင် ပိုတူနေသေးတယ်။
ထင်ယောင်ထင်မှား မြင်ကွင်းအတွင်းတွင် ယန်ရှစ်ရွှမ်းကလည်း သူမ၏ အဝတ်ဗီရိုအတွင်းမှ ဈေးကြီးလောက်မည့် လှပ၊ ခမ်းနား လွန်းသော ဝတ်စုံပေါင်း များစွာကို မြင်ခဲ့ရသည်။
ယခင်က ကြားခဲ့ဖူးသည့် တစ္ဆေတောင်မှ ကောလဟလများနှင့် ပေါင်းစပ် ကြည့်သော် ယန်ရှစ်ရွှမ်း အနေဖြင့် သဲလွန်စ တစ်ခုချင်းစီ တိုင်းကို စုစပ်ရင်း လွန်ခဲ့သော နှစ်တစ်ရာခန့်မှ အမှန်တရားကို အနှစ်ချုပ် လိုက်နိုင်သည်။
လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ကြွယ်ဝလွန်းတဲ့ စီးပွားရေးသမား တစ်ယောက်က နာမည်ကြီး cantonesc အော်ပရာ မင်းသမီးတစ်ယောက်ကို ဒီတောင်ထဲမှာ ဝှက်ထား ခဲ့တယ်။ အဲဒီလှပတဲ့အမျိုးသမီး ပြုံးဖို့အတွက်နဲ့ ဆောက်လုပ်ရေး ပရောဂျက်ကြီး ပေါင်းများစွာနဲ့ ခမ်းနားလွန်းတဲ့ စံအိမ်ကြီးတစ်ခုကိုတောင် ဆောက်လုပ်ခဲ့သေးတယ်။ နာမည်ကြီးအမျိုးသမီးက အဲဒီကြွယ်ဝတဲ့ အမျိုးသားကို ချစ်လွန်းလို့ သူမရဲ့ ဖီးနစ်သရဖူနဲ့ harenကို ချိတ်ပိတ်ဖို့ ဆန္ဒရှိပြီး သူ ပြန်လာမဲ့ အချိန်ကိုပဲ စံအိမ်ထဲမှာ နာနာခံခံနဲ့ စောင့်ပေးခဲ့တယ်။
ဒါပေမဲ့ ဗုံးပေါက်ကွဲတဲ့ ညမှာ စံအိမ်တော်ကို လာပြီး နာမည်ကြီး မင်းသမီးနဲ့ တွေ့ဆုံသင့်တဲ့ အဲဒီလူချမ်းသာ သူဌေးသားက ချိန်းဆိုမှုကို ပျက်ကွက် သွားတယ်။ အဲဒီနောက်ပိုင်း ဘယ်တော့မှ ပြန်မလာခဲ့တော့ဘူး။
ဖြစ်နိုင်ချေ အများဆုံးက သူ လမ်းမှာတင် သေသွားတာပဲ။
အိမ်တိုင်ကို မှီပြီး အဝေးကို မျှော်ငေးလို့ သူမရဲ့ချစ်သူ ပြန်လာမယ့်အချိန်ကို စောင့်နေတဲ့ နာမည်ကြီးအမျိုးသမီးကို ကြိုဆိုနေတာက ချစ်ရသူ မဟုတ်ဘဲ ခက်ထန် ကြမ်းတမ်းလွန်းတဲ့ ဓားပြတွေ ဖြစ်နေတာ။
နာမည်ကြီး မင်းသမီးနဲ့ စံအိမ်အတွင်းက လူတိုင်းက ဝမ်းနည်းဖွယ် ကောင်းတဲ့ ပုံစံမျိုးနဲ့ သေဆုံးသွားရတယ်။ ဒါပေမဲ့ သူတို့ရဲ့ မုန်းတီးမှု၊ လက်သင့် မခံလိုစိတ်တွေကြောင့် အယူသီးမှု ဖြစ်သွားပြီး ဒီနေရာမှာ အပိတ်လှောင်ခံထားရတာပဲ။
နှစ်တစ်ရာ ကြာပြီးနောက်မှသာ ကွေ့ရှန်းကို လာမယ်လို့ ကြံစည်ထားတဲ့ ပရိုဂရမ်အသင်းက မတော်တဆ တစ္ဆေတောင်ထဲကို ဝင်ရောက်မိပြီး တစ္ဆေဂူသင်္ချိုင်းထဲကို ရောက်လာခဲ့မိတယ်။
ဒါပေမဲ့
မျက်တောင် တစ်ခတ် အချိန်အတွင်း ယန်ရှစ်ရွှမ်းက စံအိမ်နှင့် ချီရွှမ်းအကြားမှ အကျိုးအကြောင်းများကို ဆက်စပ် တွေးမိလိုက်သည်။
ထိုအတွက်ကြောင့် ယန်ရှစ်ရွှမ်း၏ စိတ်အတွင်း မေးခွန်းတစ်ခုက ထပ်ပေါ်လာသည်။
_ _ _
ဒါဆိုရင် အိမ်တော်ထိန်းအိုကြီးက ရှိုးထဲက လူတိုင်းကို စားစေချင်ခဲ့တဲ့ အရာက ဘာလဲ။ နောက်ပြီး အဲဒါက ဘယ်နေရာမှာ ထားထားတာလဲ။
ယန်ရှစ်ရွှမ်းကြောင့် တရွတ်တိုက် အခေါ်သွားခဲ့ရသည့် ကျန်းဝူပင်းကလည်း ရှင်းလင်းကာ ယိုယွင်း အိုဟောင်းနေသည့် မီးဖိုခန်းကို ကြည့်ရင်း ဆွံ့အ သွားသည်။
“သောက်ကျိုးနည်း”
“ဒီမှာ ဘာစားစရာမှ မရှိတာ။ ငါတို့ ဒီနေရာကသာ မြန်မြန် မထွက်သွားနိုင်ရင် အဲဒီအရာတွေ ငါတို့ကို လာမသတ်ခင် ငါတို့ ငတ်သေသွားမှာ မဟုတ်လား”
ယန်ရှစ်ရွှမ်းက ကျန်းဝူပင်း၏ ခေါင်းအပေါ်ပိုင်းကို ဖြတ်ရိုက် လိုက်သည်။ ထို့နောက် ထိုအရူးလေး၏ ဆံပင်များကို ရှုပ်ပွ သွားစေသည်။
ထို့နောက် ကျန်းဝူပင်း၏ မျက်ရည် အပြည့်နှင့် အကြည့်ကို ရင်ဆိုင်ရသောအခါ ယန်ရှစ်ရွှမ်းက နှာခေါင်းရှုံ့ကာ လှောင်လိုက်သည်။
“ငါ မင်းကို ခြောက်နှစ် ကြာအောင် ကယ်တင်ခဲ့တယ်။ ဒါပေါ့။ ငါ မင်းကို ထပ်ကယ် နိုင်သေးတယ်။ ငတ်သေမယ် ဟုတ်လား။ မဖြစ်စေရဘူး”
ကျန်းဝူပင်း၏မျက်လုံးက ရုတ်တရက် ပြင်းထန်သည့် မျှော်လင့်ချက်နှင့် ယုံကြည်မှုက အပြည့်နှင့် တောက်ပ လာပြန်သည်။
“ယန်ကော”
******