Ch 20
Viewers 6k

အပိုင်း(၂၀)

 

ယန်ရှစ်ရွှမ်းက မီးဖိုခန်း တံခါးအဝတွင် အချိန် အတန်ကြာအောင် ရပ်နေခဲ့ကြောင့် လူတိုင်းကလည်း အာရုံစိုက် လာကြသည်။

 

ဘယ်ချိန်ကလဲတော့ မသိဘူး။ ယန်ရှစ်ရွှမ်းက ကျန်းဝူပင်းက အရေအတွက် ဖြည့်ချင်ရုံ သက်သက် ထည့်ထားတဲ့ လူသစ်ဆိုတဲ့ အကြောင်းကို လူတိုင်းက မေ့သွားကြတယ်။ အဲဒီအစား ယန်ရှစ်ရွှမ်းက အန္တရာယ်ဖြစ်ပေါ်နေတဲ့ အခြေအနေ တစ်ခုပြီးတစ်ခု တည်ငြိမ်စွာ ဖြေရှင်း နိုင်တာကြောင့် အားလုံးက သူ့ကို တဖြည်းဖြည်းနဲ့ မှီခိုလာကြတယ်။

 

အန်းနန်ယွမ်က အံအားတကြီး ရောက်လာသည်။

 

“ယန်ကော မီးဖိုခန်းက ဘာ _ _ _ သေစမ်း”

 

ယန်ရှစ်ရွှမ်းက မဖြေနိုင်သေးခင် အန်းနန်ယွမ်က မီးဖိုခန်းနားသို့ ချဉ်းကပ်လာပြီး ပြောင်ရှင်းနေသော နေရာကို မြင်လိုက်ရသည်။

 

အန်းနန်ယွမ်နှင့် ယန်ရှစ်ရွှမ်း ကြားမှ တဆင့် အော်ရဂျင်နယ်ဖန်သားပြင်အခွဲက မြင်နေရသော ကြည့်ရှုသူများ အားလုံးကလည်း အလန့်တကြား ထိတ်လန့် သွားကြသည်။ မီးဖိုခန်းတွင် ပင့်ကူအိမ် ပြည့်နေပြီး သိပ်သည်းလွန်းသော ဖုန်များအရ အသုံးမပြုသည်မှာ အတန်ကြာပြီ ဖြစ်ကြောင်း သိနိုင်သည်။

 

[မဟုတ်သေးပါဘူး။ သူတို့ လွန်ခဲ့တဲ့ နှစ်နာရီကတင် မနက်စာ စားသေးခဲ့တယ် မဟုတ်လား။ ဒီလောက် အချိန်တိုအတွင်းမှာ မီးဖိုခန်းက ဒီလောက်ထိ ဖြစ်သွား နိုင်လို့လား]

 

[ဒါက မသန့်ရှင်းတာ ဆယ်နှစ်လောက်ကြာတဲ့ သိုလှောင်အိမ် ထက်တောင် ညစ်ပတ် နေသေးတယ်။ နောက်ပြီး ဒီပုံထဲက အိုးတွေက သံချေးတောင် တက်နေပြီ။ ဒါက ချက်ပြုတ်လို့ရော ရသေးရဲ့လား]

 

[မီးဖိုခန်းကို မသုံးဘူးဆိုရင် ယန်ရှစ်ရွှမ်းနှင့် အခြားလူတွေ စားထားတဲ့ မနက်စာက ဘယ်နေရာကနေ ရောက်လာတာလဲ။ အဲဒါက လုံခြုံရဲ့လား။ လျိုရီရီ လိုတော့ ထပ်မဖြစ် လောက်ပါဘူးနော်။ ဒီကလေးက ငိုတော့မယ်။ ဒီစံအိမ်က ဘာတွေ ဖြစ်နေတာလဲ]

 

[တကယ်တော့ မင်းတို့တွေက အန်းနန်ယွမ်ရဲ့ အော်ရဂျင်နယ် ဖန်သားပြင် အခွဲကနေပဲ ထိတ်လန့်စရာ ကောင်းတဲ့ လျိုရီရီတို့ကို ကြည့်နေခဲ့တော့ အခုလေးတင် မီးဖိုခန်းထဲမှာ ရှိနေခဲ့တဲ့ ယန်ရှစ်ရွှမ်းကို မမြင်ခဲ့ကြဘူးပေါ့။ သူက အခုလေးတင် မီးဖိုခန်းဘက်ကို လက်ဟန်အမူအယာတွေ တစ်စုံတစ်ရာ လုပ်နေခဲ့ပြီး တစ်ယောက်ယောက်ကို တစ်စုံတစ်ရာ ပြောနေခဲ့သလိုပဲ။ နောက်ပြီး သူပြောခဲ့တဲ့ နူတ်ဟန် အမူအယာကို ရေတွက်ကြည့်ရရင် “လောကကို မြေအောက်လောကက အကဲ မဖြတ်နိုင်ဘူး” ဆိုသလားပဲ။ ငါ ထင်တာ မှန်နေလား]

 

[ဒါပေမဲ့ ယန်ကောက တအား ချောတယ်နော်။ အာ...မီးဖိုခန်းက ဘာဖြစ်နေလဲ ငါ ဂရု မစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် ငါ အရှေ့တံခါး လော့ချထားတယ်။ နောက်ပြီး ငါ အခန်းထဲက အိပ်ယာပေါ်မှာ စောင်နဲ့ တင်းတင်းကြပ်ကြပ် ခြုံပြီး ထိုင်နေခဲ့တာလေ။ ဒါကြောင့် ငါ ဘာကိုမှ ကြောက်စရာ မရှိဘူး။ သရဲရှိနေရင်တောင်မှ တိုက်ရိုက် ထုတ်လွှင့်မှုကို ကျော်ဖြတ်ပြီး ငါ့ရဲ့အရှေ့ဆီ တွားသွားပြီး ရောက်လာနိုင်မှာလဲ မဟုတ်ဘူးလေ ဟုတ်တယ်မလား]

 

[တုန့်ဆိုင်းနေပေမယ့်လည်း ပြောရဦးမယ်။ ဒီကွန့်မန့်ကိုသာ စီမံတဲ့သူမျိုး ရှိနေခဲ့မယ်ဆိုရင် ဒါက ဇာတ်ညွှန်းတစ်ခုလို့ ပြောချင်သေးတယ်။ မနေ့ကတင် ဒါက ဇာတ်ညွှန်းရှိတဲ့ ရှိုးလို့ ကျိန်ဆဲသေးတာ။ အခု‌တော့ ခေါင်းဆောင်ယန်ရဲ့ မျက်နှာကြောင့် ငါ ဖြတ်ရိုက် ခံလိုက်ရပြီ]

 

[အခု ရှိနေတဲ့ မေးခွန်းက သရဲရှိတာ မရှိတာလားဆိုတဲ့ အခြေအနေ မဟုတ်‌တော့ဘူး။ မင်းတို့ မီးဖိုခန်းထဲမှာ ဘာစားစရာမှ မရှိတာကို သတိထားမိကြတယ် မဟုတ်လား။ ဒါဆိုရင် မနက်ပိုင်းက ဘာဖြစ်ခဲ့တာလဲ။ နောက်ပြီး ဒီစံအိမ် ထဲကနေလည်း မထွက်နိုင်ဘူး။ ဒီစံအိမ်ထဲမှာပဲ ထာဝရ ပိတ်မိသွားရင် သူတို့ ဘယ်လိုလုပ်ကြမလဲ။ သူတို့က ဒါရိုက်တာပြောသလိုမျိုး ဘာမှမတွေ့ရင်တောင်မှ ငတ်သေကြမှာ မဟုတ်လား]

 

[ငါ သိပြီ။ ဒါပေမဲ့ ငါလည်း ဘာလုပ်ရမှန်း မသိဘူး။ သေချာတာ တစ်ခုတော့ ရှိတယ်။ ယန်ကော ရှိနေတယ် မဟုတ်လား။ ဒီတော့ သေချာပေါက် အဆင်ပြေ နေမှာပါ။ ယန်ကော ပြောလိုက်တာကို မကြားဘူးလား။ သူက အငတ် အသေခံမှာ မဟုတ်ဘူးတဲ့။ ယန်ကော အနောက်ကိုသာလိုက်။ ဘာမဆို အဆင်ပြေလိမ့်မယ်]

 

ယန်ရှစ်ရွှမ်း၏ မျက်ဝန်းက အန်းနန်ယွမ်၏ ပုခုံးကို ကျော်လွန်ပြီး ဖန်သားပြင်ထံ ရောက်သွားသည်။ သူက နောက်ဆုံးတွင် ထိုအိုင်ဒေါလ်ဟာ ဖန်ပေါင်းများစွာ ရှိသောလူ ဖြစ်ကြောင်း သိလိုက်သည်။ အန်းနန်ယွမ်၏ တိုက်ရိုက် ထုတ်လွှင့်မှု ကင်မရာ အရှေ့တွင်လည်း ပရိတ်သတ် ပေါင်းများစွာက ဆောင့်ကြောင့် ထိုင်စောင့်ကာ ကြည့်နေကြပေမည်။

 

ကျန်းဝူပင်းကလည်း တောင်ခြေတွင် ချန်ထား ရစ်ခဲ့သော ပရိုဂရမ် ဝန်ထမ်းများနှင့် ဆက်သွယ်ရန် အပြေး သွားခဲ့သော်လည်း အလုပ် ရှုပ်လွန်းနေသဖြင့် တိုက်ရိုက် ထုတ်လွှင့်မှုကို စီမံခန့်ခွဲရန် အချိန်မရှိချေ။ သို့သော် တိုက်ရိုက် ထုတ်လွှင့်မှု ကွန့်တန့်များက အခြေအနေ လွှဲမှားသွားပြီး ခွင့်ပြုမိန့်က အပိတ်ခံခဲ့ရသော ကျန်းဝူပင်းက ဆိုးဆိုးရွားရွား တုန့်ပြန်ကာ အော်ဟစ် နေလောက်သည်။

 

ထို့ကြောင့် ယန်ရှစ်ရွှမ်းကလည်း သူ၏အမူအယာကို တည်ငြိမ် လိုက်သည်။ သူက အကောင်းဆုံး ကြိုးစားပြီး အန်းနန်ယွမ်၏ ဖန်သားပြင်ကို ကြည့်ကာ ပြောလိုက်သည်။

 

“တောင်တန်းတွေကတောင်မှ လူတွေ ရှင်းလင်းနေတယ်။ မီးဖိုခန်းက အခုလိုမျိုး ခြောက်ကပ်နေတာ ပုံမှန်ပါပဲ။ အများကြီး ဆူဆူပူပူ မလုပ်ကြနဲ့”

 

ယန်ရှစ်ရွှမ်းက တစ်စုံတစ်ရာ ပြောတော့မည်ဟု မျှော်လင့်ပြီး မျှော်လင့်စောင့်စားကာ စောင့်နေကြသော ပရိတ်သတ်များ “_ _ _ “

 

[သူ ငါ့ကို အယုံ သွင်းတယ်လို့ ခံစား နေရတယ်။ ဒါပေမဲ့ ငါ့မှာ သက်သေ မရှိဘူး]

 

[ယုံကြည်မှုရှိရှိနဲ့ မင်းတို့ သံသယတွေကို ဘေးဖယ်ထားလိုက်။ ယန်ကောက ဒီအတိုင်း မင်းတို့ကို အယုံသွင်းနေတာ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့က ချောတယ်။ သူက မှန်တယ်။ ယန်ကော ပြောတာ အမှန်ဆုံးပဲ]

 

[အကြောင်းပြချက် ကတော့ ငါ မြင်ခဲ့ဖူးသမျှ သိပ္ပံနည်းကျတဲ့ အချက်အလက်တွေထက် ပိုပြီးတော့တောင် စစ်မှန်နေတယ်။]

 

အန်းနန်ယွမ်က အနားသို့ ကပ်သွားပြီး မီးဖိုခန်းရဲ့ အခြေအနေကို ကြည့်နေသည်။ သို့သော် ယန်ရှစ်ရွှမ်းကမူ သူ၏အင်္ကျီကော်လံမှ ဆောင့်ဆွဲလျက် မီးဖိုခန်းနှင့်ဝေးရာသို့ ဆွဲခေါ်သွားပြီ ဖြစ်သည်။

 

ထိုနေရာတွင် ကျန်းဝူပင်းက တောင်ခြေမှ ပရိုဂရမ်အဖွဲ့သားများနှင့် ဆက်သွယ်ရန် ကြိုးစား နေပြန်သည်။ သို့သော် ဝန်ဆောင်နယ်မြေတွင် မရှိနေကြောင်း ပြန်ဖြေသံကိုသာ ကြားနေရသည်။

 

ကျန်းဝူပင်းက စိုးရိမ်စိတ် ကြီးလွန်းသဖြင့် သူ၏ပါးစပ်ကပင် ခြောက်သွေ့လာသည်။

 

“ဘာလို့ လိုင်းမရှိတာလဲ။ တိုက်ရိုက်ထုတ်လွှင့်မှု ဆင်ဂနယ်တောင်မှ ကောင်းနေတာ မဟုတ်ဘူးလား။ ဘာလို့ ဖုန်းခေါ်လို့ မရတာလဲ”

 

ကျန်းဝူပင်း၏ အနားမှာ အန်းနန်ယွမ်၏ လက်ကို ကိုင်လျက် ဖြတ်သွားသည့် ယန်ရှစ်ရွှမ်း “...”

 

ကြည့်ရတာ ဒီခရီးသွား ရသစုံရှိုးကတော့ ပရလောကသား ရသစုံရှိုး ဖြစ်တော့မယ် ထင်တယ်။ ဒါရိုက်တာ တစ်ယောက်အနေနဲ့ မင်းက မီးကို လောင်စာထည့်ပြီး ကြောက်စရာ ကောင်းတဲ့ အခြေအနေကို ဖန်တီးနေတုန်းပဲ။ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ခွင့်ပြုမိန့်က ပိတ်သွားမှာကို မကြောက်ဘူးလား။

 

ယန်ရှစ်ရွှမ်းက တိတ်ဆိတ်စွာဖြင့် အန်းနန်ယွမ်၏ ပုခုံးပေါ်မှ တိုက်ရိုက် ထုတ်လွှင့် အခွဲကင်မရာလေးကို ညွှန်ပြလိုက်သည်။ သူက ကျန်းဝူပင်းကို အမူအယာ ပြနေရင်း မျက်လုံးကို လှန်ကာ နည်းလမ်းတကျ ရှင်းပြလိုက်သည်။

 

“တောင်တွေထဲမှာ လိုင်းက မကောင်းဘူး။ ဒီတော့ ဒါက ပုံမှန်ပဲ”

 

ကွန့်မန့် _ _ _ [ _ _ _ ]

 

ကျေးဇူးတင်ပါတယ်။ မင်း ပြောသမျှ ငါတို့ ယုံတယ်။

 

မီးဖိုခန်းကို ပရိုဂရမ်အသင်းက ယာယီအားဖြင့် ပိတ်လိုက်သည်။ ထို့ကြောင့် မည်သူကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ခွင့် မရှိတော့ချေ။

 

ကျန်းဝူပင်းက လူတိုင်းအား အခြေအနေကို ခပ်မြန်မြန် ရှင်းပြလိုက်သည်။ ထိုသို့ဖြင့် အားလုံးကို သူတို့၏ ခရီးဆောင်အိတ်ထဲတွင် ပါလာသည့် စားစရာများကို စစ်ခိုင်းသည်။ ထို့‌နောက် အားလုံးကို စုပုံထားပြီး အစီစဉ်တကျ ခွဲဝေပေးသည်။

 

ယန်ရှစ်ရွှမ်းက ဒီနေရာတွင် ရှိနေသော်လည်း ကျန်းဝူပင်း၏ ခိုင်မြဲစွာ ယုံကြည်မှုအရ ပရိုဂရမ်အသင်းက ကွေ့ရှန်းမှ ထွက်သွားနိုင်ပေလိမ့်မည်။ သို့သော် ဒါရိုက်တာ တစ်ယောက်အနေနှင့် အဆိုးဆုံးအခြေအနေအတွက် လူတိုင်းအတွက် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်လေသည်။

 

အားလုံးကလည်း စံအိမ်ကို ထပ်ရှာ ကြပြန်သည်။ သို့သော် ဘာကိုမှ မတွေ့ရချေ။ ရေပုလင်းပင် မတွေ့ချေ။

 

အိမ်က ယိုနေသည်။ တစ်ညလုံး မိုးက ရွာခဲ့သေး၏။ လျိုရီရီ၏ ဒဏ်ရာများကလည်း ဒုတိယတစ်ကြိမ် ထပ်ဖြစ်သွားခဲ့သော အခြေအနေကြောင့် ပိုဆိုးသွားခဲ့သည်။ သူမက အဖျား ကြီးနေပြီ ဖြစ်သည်။

 

စားစရာနှင့်ဆေးဝါးများ လိုအပ်ချက်က စံအိမ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

 

ဧည့်သည်များက ကင်မရာနှင့် ပတ်သက်ပြီး စိုးရိမ်နေကြသည့်အတွက် ဆက်တိုက် ပြုံးပြီး သူတို့ရဲ့ အကောင်းဘက်ခြမ်းကို ပြသနေသည့် တိုင်အောင် သူတို့၏ မျက်ဝန်းအတွင်းမှ စိုးရိမ်မှုကို မဖုံးကွယ်နိုင်ချေ။ ယခုလေးတင် ကြောက်လန့်လွန်းလို့ သေလုနီးပါး ဖြစ်သွားခဲ့သော တင်းချန်ဆိုလျှင် မျက်ရည်များ သုတ်နေရပြီ ဖြစ်သည်။

 

ထိုသို့ မသက်မသာ ဖြစ်စေသော ခံစားချက်က လူတိုင်းအပေါ် သက်ရောက်သွားပြီး ထိုနေရာ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

 

မတော်တဆမှုများ ထပ်မဖြစ်လာစေရန် အလို့ငှာ လူတိုင်းက အခန်းထဲတွင် စုဝေး ရောက်ရှိနေကြသည်။ ဧည့်သည်များကလည်း အသေးစားဂိမ်းလေးများ ကစားရင်း လေထု အခြေအနေကို ပေါ့ပါးအောင် လုပ်နေသည်။ သို့သော် သူတို့က အင်အား အများကြီး စိုက်ထုတ် ချင်ကြခြင်း မရှိချေ။

 

ယန်ရှစ်ရွှမ်းက လေးထပ်မြောက်ကိုသာ ကြည့်နေသည်။

 

သူ၏မူရင်းအကြံအစည်က လေးထပ်မြောက်သို့ သွားလာမည့် အကြံကို ထို ကွမ်ယင်ရုပ်ထု ပြုတ်ကျခြင်းနှင့် တင်းချန်က သရဲကို မြင်လိုက်ခြင်း စသော အခြေအနေများကြောင့် ရပ်တန့်ခံခဲ့ရသည်။

 

ဗုဒ္ဓရုပ်ပွားတော်က ပြုတ်မကျသေးချေ။ သို့သော် စတုတ္ထထပ်တွင်လည်း မည်သည့် ပြတင်းပေါက်မှ မရှိသည့်အတွက် လေတိုက်ရန်လည်း မဖြစ်သင့်ချေ။ ထိုကွမ်ယင်ရုပ်ထုက အကြောင်းပြချက်မရှိ သူ၏အရှေ့သို့ ပြုတ်ကျရန် မဖြစ်နိုင်ချေ။ ထို့အပြင် သူက ထို ကွမ်ယင်ရုပ်ထုကို ကြည့်လိုက်ချိန်တွင် မျက်လုံးက မှိတ်သွားစရာ အကြောင်း မရှိပြန်ချေ။

 

တစ်စုံတစ်ရာက သူ့ကို လေးထပ်မြောက်ကို မတက်နိုင်‌အောင် တားနေတာပဲ။

 

ကြည့်ရတာ လေးထပ်ကို တကယ်တက်သင့်နေပြီ။ ယန်ရှစ်ရွှမ်းက ထိုသို့တွေးပြီး ခြေတံရှည်ကြီးများနှင့် လှေကားများထံ သွားသည်။ သူက စတုတ္ထထပ်သို့ တက်ပြီး တစ်စုံတစ်ရာကို ရှာဖွေလိုသည်။ သို့ရာတွင် သူ၏ခြေထောက်က လှေကားပေါ် ချပြီးပြီးချင်း ပထမထပ် ဝန်ထမ်းများရှိရာ အခန်းဘေးမှ တံခါးက ဘန်းကနဲ မြည်သံနှင့်အတူ ပွင့်သွားသည်။

 

“ဒါရိုက်တာ မကောင်းတော့ဘူး”

 

ဝန်ထမ်းအဖွဲ့ဝင်၏ မျက်နှာက ဖြူဖျော့နေသည်။

 

“ငါတို့ အခုလေးတင် စုဆောင်းထားတဲ့ စားစရာတွေ အားလုံး ပျောက်သွားပြီ”

 

လူတိုင်းက စိတ်မငြိမ် နိုင်ကြတော့‌ချေ။

 

“ဘာ”

 

“ဘယ်လို ဖြစ်ပြီးတော့လဲ”

 

“ဒါဆိုရင် နေ့လည်စာက ဘယ်လိုလုပ်မလဲ။ ငါတို့တွေ ဒီနေရာမှာပဲ ငတ်သေရတော့မှာ မဟုတ်လား”

 

******