Ch 23
Viewers 6k

အပိုင်း(၂၃)

 

ထိုညက မငြိမ်းချမ်းချေ။

 

အဝေးရှိမြို့မှ ပေါက်ကွဲသံများကို အဖော်ပြု နေသည့် စူးရှစွာအော်သံ၊ အထိတ်တလန့် အကူအညီတော င်းသံများက ပြည့်နှက်နေသလို တောင်တန်းနှင့် တောအုပ် အတွင်းတွင်လည်း စူးရှသည့် အော်သံ၊ ဒေါသတကြီး ကျိန်ဆဲသံများက ရှိနေသည်။

 

ဓားပြများက စံအိမ်အတွင်းသို့ အတင်း ဝင်ရောက်သွားကြပြီး ရက်စက်စွာ သတ်ဖြတ် ကြသည်။ သူတို့သည် အပြေးအလွှား ပြေးထွက်လာကြသည့် အစေခံများ၊ ဥယျာဉ်မှုးများ စသည့်ဖြင့် အလုပ်သမားများကို မျက်တောင်ပင် မခတ်ပဲ ခုတ်ပိုင်းနေလျက် အသားတုံးအဖြစ် ပြောင်းလဲလိုက်ပြီး နှင်းဆီဖြူများ စိုက်ထားသော လှပလွန်းသည့် ပန်းခင်းအတွင်းသို့ လွှတ်ပစ်လိုက်ကြသည်။ 

 

ကောင်းကင်တွင် လခြမ်းကွေးက ရှိနေသေးပြီး အောက်ဘက်ရှိ စံအိမ်အတွင်းမှ အဖြစ်အပျက်တိုင်းကို အေးစက်စွာ ကြည့်နေသည်။

 

လရောင်အောက်ဘက်တွင် အိပ်မက်ဆန်လောက်အောင် လှပလွန်းသည့် ဖြူဖွေး သန့်စင်လွန်းသော နှင်းဆီဖြူများက ယခုမူ သွေးများ စွန်းထင်းသွားသည်။ ဓားပြများ၏ မတရား သတ်ဖြတ်မှုကို ခံခဲ့ရသူများက မျက်လုံးများ ပြူးကျယ်စွာနှင့် ပန်းများအကြား လဲလျက် သူတို့၏သွေးများက မြေဆီလွှာအတွင်းသို့ စိမ့်ဝင်သွားကြသည်။

 

သွေးဆာနေသော ဓားပြများက စံအိမ်၏ အရှေ့တံခါးကို ရိုက်ခွဲ လိုက်ကြသည်။

 

တောက်ပလွန်းသော သလင်းမီးဆိုင်းကြီးအောက်တွင် ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသည့် ကျယ်ဝန်းသော ဧည့်ခန်းကြီးက ဓားပြများ၏အာရုံကို ဖမ်းစား သွားသည်။ အနည်းငယ် အံ့ဩနေပြီးနောက် သူတို့က သဘောတကျ ရယ်မော ကြသည်။ သူတို့၏ သွေးစွန်းနေပြီးသော လက်များကို သုံးလျက် ဈေးကြီးသော ပန်းချီကားများ၊ ပြင်ဆင်မှုများကို လိုက်လံ ထိတွေ့ကြည့်ကြသည်။

 

စိတ်လှုပ်ရှားစွာနှင့် ဒီနေရာဟာ သူတို့၏ခံတပ်အသစ်ဖြစ်ကြောင်း အော်ဟစ်ကြပြီး ဒီနေရာတွင် သူတို့၏ဂိုဏ်းကို ဆက်လက် နေထိုင်စေမည်ဟု ဆိုကြသည်။

 

ဒီနေရာတွင် အဖိုးတန်ပစ္စည်း မည်မျှရှိကြောင်း သူတို့က တွေးတောနေကြသေး၏။ ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသည့် လှေကားမှ တဆင့်  အပေါ်ထပ်သို့ ပြေးတက်ကြပြီး စံအိမ်အပေါ်ထပ်တွင် ပစ္စည်းကောင်းများ မည်မျှရှိကြောင်း သိချင်စိတ် ပြင်းပြနေကြသည်။

 

သို့ရာတွင် ကာကွယ်စောင့်ရှောက်တတ်လွန်းသော မိခင်ကြက်မကြီးတစ်ကောင်လို အိုမင်းသော မိန်းမကြီးတစ်ယောက်က မီးဖိုခန်းအတွင်းမှ အပြေးအလွှား ထွက်လျက် ဓားပြများ၏ အရှေ့သို့ ရောက်ရှိလာပြီး သူမ၏ လက်မောင်းနှစ်ဖက်လုံးကို ဖြန့်ကားလျက် အပေါ်သို့ တက်မည့် သူတို့၏လမ်းကြောင်းကို ပိတ်လိုက်သည်။

 

ခေါင်းဆောင်က ထိုမိန်းမကို လည်ပင်းမှ ဆုပ်ကိုင်ပြီး ဘေးဘက်သို့ ပစ်လွှတ်လိုက်သည်။ သို့သော် ထိုမိန်းမကမူ နာကျင်မှုကို တောင့်ခံပြီး တွားသွားလျက် ပြန်ကုန်းတက်လာကာ ခေါင်းဆောင်အရှေ့ကို ပြန်ဝင်ရပ်ပြီး သူ၏လက်မောင်းကို ကိုင်လျက် ဘေးဘက်သို့ တွန်းထုတ်ရန် ကြိုးစားသည်။ သို့သော် ခြေထောက်ဖြင့်သာ အကန် ခံလိုက်ရသည်။

 

ထိုမိန်းမ၏ဒဏ်ရာများက တဖြည်းဖြည်း များသထက် များလာသည်။ သို့တိုင်အောင် သူမက ခေါင်းဆောင်ကို အတင်း ကုပ်တွယ် ထားသေးသည်။

 

ခေါင်းဆောင်၏ မျက်လုံးများမှ တဆင့် ယန်ရှစ်ရွှမ်းသည်လည်း ထိုအမျိုးသမီးဟာ သူ မီးဖိုခန်းအတွင်း မြင်ခဲ့ရသော နာနီဖြစ်ကြောင်း သိလိုက်ရသည်။ နောက်ဆုံးတွင် အားနည်းလွန်းသော ထိုအိုမင်းနေသည့် အမျိုးသမီးကို အလေးမထားသည့် ခေါင်းဆောင်က စိတ်မရှည် ဖြစ်သွားပုံရသည်။ ခပ်တိုးတိုး ကျိန်ဆဲပြီးနောက် ထိုနာနီ၏ ခေါင်းကို ခပ်ကြမ်းကြမ်း ဆုပ်ကိုင်လျက် ဆံပင်မှ ဆောင့်ဆွဲကာ လှေကားပေါ် တရွတ်တိုက် ခပ်ကြမ်းကြမ်း ဆွဲသွားလိုက်သည်။

 

ထို့နောက် ခေါင်းဆောင်က ဒုတိယထပ်အစွန်နားတွင်ရှိသော အခန်းအတွင်းသို့ ဝင်ပြီး နာနီ၏ ရုန်းကန်မှုများနှင့် ရုပ်ပိုင်းဆိုင်ရာ ခုခံမှုတိုင်းကို လစ်လျူရှုလျက် ခပ်ကျယ်ကျယ်ဖွင့်ထားသည့် တံခါးအတွင်းရှိ ပြတင်းပေါက်အစွန်းပေါ်သို့ ပစ်တင် လိုက်သည်။ ထိုသို့ဖြင့် သူမ၏လည်ပင်းကို ပြတင်းဘောင်နားတွင် ကပ်ထားရင်း ပြတင်းပေါက်မှ ပစ်ချရန် ကြံစည်လိုက်သည်။

 

မွန်းကြပ်စေလောက်အောင် နာကျင်မှုနှင့် သူမ၏ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံးက လေထဲတွင် ရောက်ရှိနေသောကြောင့် ကြောက်လန့်စိတ်ကြောင့် သတိလက်လွတ် လက်မောင်းကို ပြန်လည်ကိုင်ပြီး လွတ်မြောက်အောင် ကြိုးစား နေသောကြောင့် သူမ၏လက်ချောင်းများက ခေါင်းဆောင်နှင့် ထိုလေသာဆောင် အတန်းနားကို ကုပ်ဆွဲမိပြီး သူမ၏လက်ချောင်းက သွေးချင်းချင်း ရဲသွားသည်။

 

ရုတ်တရက် ခန္ဓာကိုယ် အပေါ်ပိုင်းက ပြတင်းပေါက် အပြင်ဘက်တွင် ရောက်နေသော နာနီက လေးထပ်မြောက် ပြတင်းပေါက်မှ ခေါင်းထွက်လျက် ကြည့်လာသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။

 

သူမ၏ ကိုယ်ပိုင်လက်ဖြင့် မွေးမြူလာခဲ့ရသော သခင်မလေးက ထိတ်လန့်သော မျက်နှာမျိုးနှင့် နာနီကို ကြည့်လာသည်။ မျက်ရည်များ ပြည့်နှက်နေသော မျက်လုံးမျိုးဖြင့် သူမ၏လက်ကို မြေပြင်ရှိရာ ဘက်သို့ လှမ်းဆန့်ရင်း နာနီကို ဆွဲခေါ်ပေးလိုဟန် ကြိုးစားသည်။ သူမ၏ မျက်ရည်များက နာနီ၏မျက်နှာပေါ်သို့ ကျလာ၏။ ထိုအခါ အင်အားကုန်ဆုံးလုနီးပါး ဖြစ်နေသည့် နာနီက ခပ်ကြမ်းကြမ်း ရုန်းကန်လာသည်။ သူမသည် အင်အားအများကြီး ရရှိသွားပုံပေါ်သည်။

 

“မြန်မြန် ပြေးတော့”

 

လည်ပင်း အညှစ် ခံထားရသောကြောင့် စကား မပြောနိုင်သည့် နာနီက သူမ၏ပါးစပ်ကို ခပ်ကျယ်ကျယ်ဖွင့်ပြီး အော်ဟစ် လိုသော်လည်း အသက်ရှူသံကြီးကသာ ထွက်လာသည်။ ထို့ကြောင့် ပါးစပ် ဟန်အမူအယာကိုသာ သုံးပြီး သခင်မလေးကို ပြောရသည်။

 

“ငါ့ကို စိတ်ထဲ မထားနဲ့။ မြန်မြန် ပြေးတော့”

 

သို့ရာတွင် အသက်ကြီး ရင့်နေသော မိန်းမကြီးတစ်ယောက်က  မရေမတွက်နိုင်သော အသက်ပေါင်းများစွာ ယူပြီးသည့် ရက်စက်သော ဓားပြများကို မယှဉ်နိုင်ပြန်ချေ။

 

စိတ်မရှည်ဖြစ်သွားသော ဓားပြခေါင်း‌ဆောင်က ထိုနာနီ၏ ခြေထောက်နှစ်ဖက်က ဆွဲကိုင်ရင်း ပြတင်းပေါက်ပေါ်မှ တိုက်ရိုက် ပစ်ချလိုက်သည်။ ထိုသို့ဖြင့် တူညီသော လမ်းကြောင်းအတိုင်း လိုက်သွားရသည်။

 

ဘန်း

 

နာနီ၏ကိုယ်က အောက်ဘက်ရှိ ပန်းခြံထဲသို့ ခပ်ကြမ်းကြမ်း ပြုတ်ကျသွားသည်။ သူမ၏ရင်ဘတ်က ပန်းခြံအတွင်းမှ သံမဏိ တိုင်လေးတစ်ခုဖြင့် ထုတ်ချည်း အဖောက်ခံလိုက်ရပြီး သွေးများက ပန်းထွက်လာသည်။

 

စတုတ္ထထပ်တွင် ရှိနေသော သခင်မလေးက နာနီ၏ ခြောက်ခြားဖွယ် ကောင်းသည့် အဆုံးသတ်ကို မြင်လိုက်ပြီး စူးရှစွာ အော်ငိုသည်။ မည်သို့ပင်ဆိုစေ ဒါဟာ သူမ၏မိခင်အလား သူမနှင့်အတူ ရှိနေခဲ့သူ ဖြစ်သည်။

 

“နာနီ”

 

နာနီ၏မြင်ကွင်းက တဖြည်းဖြည်းချင်း ဝေဝါးသွားသည်။ သူမက လက်ကိုမြှောက်ပြီး သခင်မလေး၏ မျက်နှာမှ မျက်ရည်များကို သုတ်ပေးချင်နေသေးသည်။

 

သို့သော် သူမ၏လက်က တစ်ဝက်ခန့်သာ ဆန့်နိုင်ခဲ့သည်။ သိပ်မကြာခင် အားအင်မဲ့စွာနှင့် သွေးအိုင် အတွင်းသို့ ပြန်ပြုတ်ကျသွားသည်။

 

“သခင်လေး _ _  _မြန်မြန် _ _ _ ပြေးပါတော့_ _  _”

 

ခေါင်းဆောင်က ခပ်အေးအေး နှာခေါင်း ရှုံ့လိုက်သည်။

 

“ငါက မင်းကို ချက်ပြုတ်ဖို့ ထိန်းထား ချင်သေးတာ။ ဒါပေမဲ့ ငါ့ကို လာပြီးရန်စမှတော့ သေလိုက်ပေါ့”

 

သူက ထိုနာနီက သူ့ကို အနှောက်အယှက် မပေးနိုင်ကြောင်း သေချာအောင် တစ်ချက် စစ်ဆေးကြည့်ပြီးနောက် တန်ဖိုးရှိသော ပစ္စည်းများကို ရှာဖွေရန် အပေါ်ထပ်သို့ တက်သည်။ ထို့ကြောင့် နာနီ၏ သေဆုံးမှုကို ဂရုမစိုက်ပါချေ။

 

စံအိမ်ထဲတွင် အစေခံများ၏ ရုန်းကန်မှုများ၊ အော်ဟစ်သံများက ပြည့်နှက်နေသည်။

 

ဝရုန်းသုန်းကား အခြေအနေများ၏ အလယ်တွင် တိုင်များတွင် တွဲလောင်း ဖြစ်ပြီး ထိုးဖောက် ခံလိုက်ရသော ခန္ဓာကိုယ်များ၏ သွေးများက အောက်သို့ ဆက်တိုက် စီးကျသွားသည်။ အသက်မဲ့နေသော မျက်လုံးများက ဖြူဖျော့စွာဖြင့် ဓားပြများကိုသာ စိုက်ကြည့်လျက် ထိုမျက်နှာများကို သူတို့၏ဝိဉာဉ်အတွင်း ဆွဲသွင်းနိုင်လောက်အောင် မှတ်မိ ချင်နေပုံပေါ်သည်။ သေလောက်အောင် မှတ်မိ ချင်နေပုံ ပေါ်သည်။ သေသွားသည့် တိုင်အောင် သူတို့၏ မုန်းတီးမှု ပြည့်နှက်နေသော အကြည့်များအတွင်း ကလဲ့စားချေလိုစိတ်က ပြင်းထန်သည်။

 

လက်သင့်မခံတာ။ အားးး မုန်းဖို့ကောင်းလိုက်တာ။

 

မုန်းဖို့ ကောင်းလွန်းတယ်။

 

သည်းမခံနိုင်စရာပဲ။

 

သိပ်သည်းလွန်းသော သွေးရနံ့က စနကူးနံ့ သင်းပျံ့သော နေရာတစ်ခုလုံးကို ကြီးစိုး သွားသည်။ ယခင်က ခမ်းနားထည်ဝါသော ဇိမ်ခံအဆောက်အဦးကြီးက သေဆုံးခြင်း ရနံ့များ အုပ်ဆိုင်းနေသည့် အဆောက်အဦးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုသို့ဖြင့် ရွှေခန်းဆောင်အတွင်း နေထိုင်ခဲ့ရသည့် အလိုလိုက် ခံထားရသော အမျိုးသမီးများက အသတ် ခံနေရသည်။

 

ခေါင်းဆောင်က ခြေလှမ်းကျဲကြီးများနှင့် လှေကားပေါ်သို့ တက်ပြီး သခင်ဖြစ်သူ နေလောက်မည့် စတုတ္ထထပ်သို့ သွားသည်။ သူက လေးလံလွန်းသော တံခါးကြီးကို အင်အားသုံးကာ တွန်းဖွင့် လိုက်ပြီးနောက် အနီ‌ရောင်ဝတ်စုံဝတ်ထားသည့် ပုံရိပ်တစ်ခုက ရုတ်တရက် သူ၏‌ရှေ့သို့ ပြေးဝင်လာသည်။ လက်ထဲတွင်လည်း ဆံထိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ခေါင်းဆောင်ကို ဖြတ်ထိုးသည်။

 

သတိ လက်လွတ်ဖြစ်သွားသော ခေါင်းဆောင်က မမျှော်လင့်ထားစွာဖြင့် မခုခံနိုင်ခဲ့‌ချေ။ ထို့ကြောင့် သူသည် အချိန်မှီမရှောင်နိုင်ခဲ့ပဲ စူးရှလွန်းသော ဆံထိုးထိပ်က သူ၏ လက်မောင်း တစ်ဖက်ထဲသို့ စိုက်ဝင်သွားသည်။

 

ခေါင်းဆောင်က နာကျင်စွာ အော်သည်။ ထို့နောက် သူ့အား တိုက်ခိုက်လာသူကို လက်ပြန် ရိုက်ချက်လိုက်လေရာ တစ်ဖက်သူသည် အဝေးသို့ ဆိုးဆိုးရွားရွား လွှင့်ထွက် သွားလေသည်။

 

ထိုအခါမှသာ သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့သူက အံ့အားသင့်စရာ ကောင်းလောက်အောင် နုနယ်သိမ်မွေ့သည့် လှပလွန်းသော အမျိုးသမီးတစ်ယောက် ဖြစ်ကြောင်း တွေ့လိုက်ရသည်။

 

အမျိုးသမီး၏ မျက်နှာတွင် မျက်ရည်များက ပြည့်နှက်နေသည်။ သူမ၏ သွယ်လျသော၊ ပိန်ပါးသော ခန္ဓာကိုယ်က ကြောက်လန့်မှုကြောင့် တုန်ယင်နေသည်။ သို့ရာတွင် သူမ၏ ဆွဲဆောင်မှု ပြင်းထန်သော ဖီးနစ်လိုမျိုး မျက်ဝန်းတစ်စုံထဲတွင်မူ မုန်းတီးမှုနှင့် ဒေါသများကို မြင်နိုင်သည်။ သူမသည် နာနီနှင့် အခြားသော သူများအတွက် ကလဲ့စားချေလိုသလို ထိုဓားပြများကိုလည်း မုန်းတီးစွာနှင့် ကျိန်ဆဲ ချင်ပုံရသည်။

 

သူမသည် တစ်ထည်လုံးကို နှင်းဆီပုံများ ရိုက်နှိပ်ထားသည့် အဖြူရောင် ချည်ဖောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏လည်ပင်းတွင်လည်း ပုလဲလည်ဆွဲက ရှိနေပြီး သူမကို ချို့ယွင်းချက်မရှိ ကျော့ရှင်း ကြည့်ကောင်းကာ အထက်တန်း မြင့်သည့် အမျိုးသမီး တစ်ယောက်အသွင် ပေါက်နေစေသည်။ ယခုဝရုန်းသုန်းကား အခြေအနေကြောင့် သူမ၏ ဆံပင်က ဖရိုဖရဲ ဖြစ်သွားသော်လည်း အလှတရားအပေါ် သက်ရောက်မှု မရှိခဲ့ချေ။

 

ယန်ရှစ်ရွှမ်းက ထိုအမျိုးသမီးသည် ပိုင်ရွှမ်း၏အခန်းအတွင်းသို့ ရောက်ချိန်က ပုံရိပ်ယောင်နယ်မြေအတွင်း ပေါ်လာခဲ့သော မိန်းမဖြစ်ကြောင်း သိလိုက်သည်။ သူမသည် ဒီစံအိမ်မှ သခင်မ ချီရွှမ်း ဖြစ်သည်။

 

သို့ရာတွင် ခေါင်းဆောင်က အမျိုးသမီး၏ ခုခံမှုကြောင့် ဒေါသ ထွက်နေခြင်းဖြစ်သည်။ ထို့ကြောင့် အနားသို့ လျှောက်သွားပြီး သူမ၏ဆံပင်ကို ဆောင့်ဆွဲလျက် ခပ်ကြမ်းကြမ်း ကောက်မလိုက်သည်။ ထို့နောက် ဒေါသတကြီး သူမကို သတ်ပစ်ရန် ကြံစည်မိသော်လည်း အနီးအနားတွင် ပြန့်ကျဲနေသော အဖိုးတန် ရတနာများကို သတိ ထားမိလိုက်သည်။

 

သူ၏လောဘက သူ့ကို လွှမ်းမိုးသွားသောအခါ ထိုအမျိုးသမီးအား အခြားသော ရတနာများနှင့် တန်ဖိုးကြီး ပစ္စည်းရှိသည့် နေရာကိုသာ အသဲအသန်မေးလေသည်။ သို့ရာတွင် ထိုအမျိုးသမီးကမူ နူတ်ခမ်းကို တင်းတင်းစေ့ပိတ်ထားပြီး ဆက်တိုက်သာ ရုန်းကန်သည်။ သူမ၏ ရုန်းကန်မှုနှင့်အတူ သူမ၏ ထက်ရှသော လက်သည်းများက ခေါင်းဆောင်၏လည်ပင်းကို ကုပ်ခြစ်နေသည်။ ခေါင်းဆောင်၏ စိတ်ရှည်မှုက နောက်ဆုံးတွင် ကုန်ဆုံး သွားပြန်သည်။ သူက ထိုအမျိုးသမီးကို မှန်တင်ခုံပေါ်သို့ ပစ်တင်လိုက်ပြီး သူ၏ခါးမှ ပုဆိန်ကို လေထဲသို့ မြှောက်အောင် မြှောက်လိုက်သည်။ အမျိုးသမီး၏ ကြောက်လန့်နေသော အကြည့်အောက်တွင် သူဟာ အောက်သို့ ချောမွေ့စွာ ခုတ်ချလိုက်သည်။

 

ကွက်

 

အမျိုးသမီး၏ ဆိုးဆိုးရွားရွား ခုတ်ခံ လိုက်ရသော ဦးခေါင်းက မှန်တင်ခုံပေါ် စားပွဲပေါ်မှ လိမ့်ကျပြီး နူးညံ့လွန်းသော အသံနှင့်အတူ ကော်ဇောပေါ်သို့ ရိုက်မိသွားသည်။ သွေးများက ပက်ဖြန်းသွားသလို မှန်တင်ခုံပေါ်ရှိ မှန်တစ်ခုလုံးက နီရဲသွားသည်။ ထိုမှန်သည် ထိုအမျိုးသမီး၏ အလှတိုင်း၊ ဝမ်းနည်းမှုတိုင်းကို မျက်မြင်ကြုံခဲ့ဖူးသလို ယခုလို လရောင် ခစားသော ညတွင် သူမ၏သေဆုံးမှုကို တွေ့လိုက် ရပြန်သည်။

 

ခေါင်းဆောင်က သူ၏ဒဏ်ရာရသွားသော လည်ပင်းကို တစ်ချက်မြှောက်ကိုင်လိုက်ပြီး မပျော်မရွှင်ဖြစ်စွာနှင့် ခပ်တိုးတိုး ကျိန်ဆဲ လိုက်သည်။ မိန်းမတစ်ယောက်က ဒဏ်ရာရအောင် လုပ်လိုက်မှုအား ခံလိုက်ရသည့်အတွက် အရှက်ခွဲခံရသလို ခံစားရသည်။ သူက ဒေါသ ထွက်သွားသည်။ ထို့ကြောင့် ခေါင်းပြတ်သွားသော ကိုယ်ကိုပင် ကြုံသလိုပင် ခပ်ကြမ်းကြမ်း ခုတ်ပိုင်း နေပြန်သည်။ ခေါင်းပြတ်ပြီးသား အမျိုးသမီး၏ကိုယ်ကို ဦးတည်ရာမဲ့စွာ ထပ်ခါတလဲလဲ ခုတ်လျက် ဒေါသကို ဖောက်ထုတ် လေသည်။

 

ထက်ရှသော ဓားသွားအောက်တွင် အမျိုးသမီးက အစိတ်စိတ်အပိုင်းပိုင်း အခုတ် ခံလိုက်ရသည်။ စီးကျသော သွေးများက သူမ၏ အဖြူရောင် ချည်ဖောင်ကို နီရဲ တောက်ပ သွားစေသည်။

 

ကြီးမာလွန်းသော အဖြူရောင်နှင်းဆီပွင့်များက သွေးကြောင့် ချင်းချင်း နီရဲသွားပြီး သွေးမိုးချိုးကာ အသက်ရှင် လာသလိုမျိုး ခြောက်ခြားဖွယ် ကောင်းအောင် ပွင့်လန်း လာသည်။

 

အမျိုးသမီး၏ လှပလွန်းသော ခေါင်းက ကြမ်းပြင်တွင် တိတ်တဆိတ် လှဲနေသည်။ မှေးမှိန်သွားသော အသက်မဲ့သည့် ဖီးနစ်မျက်ဝန်းတစ်စုံက အသက်မဲ့လျက် နီရဲနေပြီး  သွေးစက်များအလား တောက်ပနေလေသည်။

 

သူမသည် သူမ၏ခန္ဓာကိုယ်ကို ထပ်ခါတလဲလဲ ခုတ်ပိုင်းနေသည့် ခေါင်းဆောင်အား မျက်တောင်ပင် မခတ်နိုင်သော သွေးနီရောင် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ထိုသို့ဖြင့် ခေါင်းဆောင်က အဖိုးတန် ရတနာများကို အပြေးအလွှားရှာပြီး မူလက သူမနှင့် သူမချစ်သူအပိုင် သန့်ရှင်းသပ်ရပ်သော ခမ်းနားသည့် အချစ်အသိုက်ကို ဝရုန်းသုန်းကား ဖြစ်သွားအောင် လုပ်နေသော မြင်ကွင်းကို စောင့်ကြည့်နေသည်။

 

ကျောက်သံ၊ ရတနာများ၏ အောက်တွင် မူးဝေသွားသော ထိုခေါင်းဆောင်၏အာရုံက ရတနာများထံတွင်သာ ရှိနေသည်။ သူသည် ဘေးသို့ ပစ်ထွက်ထား‌သော အလောင်းကို ဂရုမစိုက်ဘဲ ဓားပြများကိုသာ စံအိမ်ပေါ်ရှိ အလောင်းများကို အပြင်ဘက်သို့ လွှတ်ပစ် ခိုင်းလိုက်သည်။

 

မည်သို့ပင်ဆိုစေ သူသည် ဒီနေရာကို သူ၏ဂိုဏ်း၏ အသိုက်အသစ်အဖြစ် ပြောင်းလဲပြီး သူ၏အင်အားစုကို ပြန်လည် တည်ထောင်မည် ဖြစ်သည်။

 

ဓားပြများက စံအိမ်အတွင်းရှိ လူများကို ပစ်လိုက်ပြီး အလောင်းများကို ဖြစ်သလို ပစ်လိုက်ကြသည်။ ထိုသို့ဖြင့် ခြေပျက်၊ လက်ပျက်များကို အိတ်တစ်ခုတည်းသို့ စုထည့်ပြီး ဥယျာဉ်၏ ထောင့်အကျဆုံးနားတွင် ရှိသော ထင်းတဲထဲသို့ ပစ်ထည့် လိုက်ကြသည်။

 

အမျိုးသမီး၏ခေါင်းက အိတ်ထဲမှ လိမ့်လျက် သွေးကြောင့် ချင်းချင်း နီရဲနေသော နှင်းဆီခင်းများ ကြားသို့ ကျသွားသည်။

 

သူမ၏ မျက်နှာက တောင့်တင်း နေသည်။ သို့သော် ရန်ငြိုးနှင့် ဒေါသများကို သယ်ဆောင်ထားသေးပြီး နီရဲသော မျက်လုံးတစ်စုံက ကောင်းကင်သို့ တိုက်ရိုက် စိုက်ကြည့်နေသည်။

 

သူမသည် အဖြေတစ်ခုကို လိုချင်နေပုံ ပေါ်သည်။

 

သူမ၏နာနီက သူမ၏ရှေ့တွင် သေဆုံးသွားသလို သူမ၏ ချစ်ရသူကိုလည်း မတွေ့ရသေးချေ။ စံအိမ်အတွင်းမှ ရင်းနှီး ကျွမ်းဝင်သော မျက်နှာတိုင်းက အေးစက်သော ခုတ်ဖြတ်ခံထားရသော အလောင်းများအဖြစ် ပြောင်းလဲသွားပြီး သူမနှင့်အတူ အိတ်တစ်ခုထဲသို့ အထည့် ခံခဲ့ရသည်။

 

ဘာလို့လဲ။

 

ဘာလို့ ဒီလူသတ်သမားတွေက ရယ်ပြီး ပျော်ရွှင်နေကြတဲ့ အချိန်မှာ ဘာအမှားမှ မလုပ်ထားတဲ့ သူတို့ကတော့ ဒီလိုမျိုး ဖြစ်သွားရတာလဲ။ ဘာလို့ ကလဲ့စား ချေခွင့်တောင် မရှိတော့ဘူးလား။

 

သူမက ထိုအခြေအနေကို မုန်းတီးသည်။ ထိုအခြေအနေကို လက်မခံနိုင်ချေ။

 

လရောင်က တိတ်တဆိတ် ကျဆင်းလာသည်။

 

ယန်ရှစ်ရွှမ်းအနေနဲ့ ဥယျာဉ်ထဲမှ သိပ်သည်း လွန်းသော ရန်ငြိုး စွမ်းအားများကို အာရုံခံမိသည်။ သို့သော် ဓားပြခေါင်းဆောင် ကျိုးချီ၏ ခန္ဓာကိုယ်မှ ကန့်သတ်ချက်ကြောင့် သူသည် သူ၏ကိုယ်ပိုင် စစ်ဆေးလိုသည့် ဆန္ဒအတိုင်း ပြတင်းပေါက် အနားသို့ သွားပြီး အခြေအနေကို ကြည့်နိုင်စွမ်းအား မရှိချေ။

 

ဓားပြများက သွေးများစိုရွှဲနေသည့် ရတနာများကို လွပ်လပ်စွာ ပုံယူနေကြသည်။ ထို့နောက် ပျော်ရွှင်စွာဖြင့် ပုလဲလုံးများ၊ စိန်တုံးများကို ပစ်ရင်း ရူးသွပ်စွာ အော်ဟစ်နေကြ၏။ လူတိုင်း၏မျက်နှာက ပျော်မြူးနေသော အကြည့်မျိုးနှင့် ဖြစ်နေလေရာ ရတနာများ၊ ပစ္စည်းများကြောင့် ကန်းသွားပုံ ပေါ်သည်။

 

အခြေအနေက ထိုအထိ ဖြစ်လာပြီးနောက် ယန်ရှစ်ရွှမ်းသည်လည်း သူဟာ လွန်ခဲ့သော နှစ်တစ်ရာခန့်က ဒီစံအိမ်တွင် အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် အမှန်တရားများကို မြင်တွေ့ နေရခြင်း ဖြစ်ကြောင်း သိလေသည်။ သူသည် ဓားပြခေါင်းဆောင်ကျိုးချီ၏ ကိုယ်အတွင်းသို့ အတင်းထည့်ခံ ထားရသည်။ ထို့ကြောင့် ဖြစ်ပျက်ခဲ့ပြီးသော အကြောင်းအရာများကိုပင် မပြောင်းနိုင်ခဲ့ချေ။ ထို့ကြောင့် စံအိမ်အတွင်းမှ သွေးများစိုရွှဲနေသော မြင်ကွင်းကိုသာ ဘေးမှ လူတစ်ယောက် အနေနှင့် သိမြင် လိုက်ရသည်။

 

သွေးများ စိုရွှဲနေသော ဓားပြများက ဝိုင်ခန်းအတွင်း ရှာတွေ့သည် ဝိုင်များကို မြှောက်ကာ ဖောက်သောက်နေကြပြီး ပျော်ရွှင်စွာ အောင်ပွဲခံလျက် သောက်စား နေကြသည်။ တောက်ပလွန်းသော မီးအိမ်အလင်းရောင်အောက်တွင် စံအိမ်တစ်ခုလုံးက ရယ်သံများနှင့် ပြည့်နေသည်။

 

ကြီးမားလွန်းသော ပြင်သစ်ပြတင်းပေါက် အပြင်ဘက် ဥယျာဉ်အတွင်းတွင်မူ အေးစက်သော အလင်းရောင်အောက်တွင် သေဆုံးခြင်းတရားက လွှမ်းခြုံထားသည်။

 

ယန်ရှစ်ရွှမ်းသည် ဓားပြများ၏အပြုအမူကို ရွံရှာစွာ တစ်ချက် နှာမှုတ်လိုက်သည်။ ကျိုးချီ၏ မျက်လုံးမှတဆင့် သဲလွန် စပေါင်းများစွာနှင့် အဖြစ်အပျက် သက်ရောက်မှုများ အားလုံးကို ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာပြီ ဖြစ်သည်။

 

သူသည်လည်း သူ၏ယခင် ခန့်မှန်းချက်များက မှန်ကန်ကြောင်း အတည် ပြုလိုက်နိုင်သည်။

 

သူသည် အသုံးဝင်သော အချက်အလက်များ အားလုံးကို ရရှိပြီဆိုကလည်းက ယန်ရှစ်ရွှမ်းက ဒီအပြစ်သား ခန္ဓာကိုယ်အတွင်းနေပြီး ကိုယ့်ကိုယ်ကို ဒုက္ခ မပေးချင်တော့ချေ။ စံအိမ်ထဲတွင် ဓားပြတစ်ယောက်ချင်းစီတိုင်းက သွေးနီရောင် ရန်ငြိုးစွမ်းအားများဖြင့် လွှမ်းခြုံ ခံထားရလိုက်သည်။ ဒါဟာ တံဆိပ်ခတ်နှိပ် ထားလိုက်သလို ဖြစ်နေသည်။

 

ဆိုးယုတ်မှုကို ပြုခဲ့သော လူတိုင်းက ကံကြမ္မာအလျောက် ပြန်လည် ဒဏ်ခတ်ခံရမည် ဖြစ်သည်။

 

ယန်ရှစ်ရွှမ်းက မျက်လုံးကို အသာ မှိတ်လိုက်သည်။ သူ၏ အာရုံတစ်ခုလုံးက အသိစိတ် အာရုံတစ်ခုလုံးထဲသို့ ဝင်ရောက်သွားပြီး သူ၏တည်ရှိမှုနှင့် ကျိုးချီ၏ တည်ရှိမှု ခွဲခြားရန် ကြံစည်သည်။

 

သူသည်လည်း ဒါဟာ မှတ်ဉာဏ်လောကသာ ဖြစ်ကြောင်း သိပြီးသား ဖြစ်သည်။ သာမာန်လောကနှင့် ယှဉ်သော် မှတ်ဉာဏ်ဖန်တီးသူ၏ စွမ်းအားက အထိမခံနိုင်ဆုံး အနေအထားမျိုးတွင် ဖြစ်သည်။ သူကသာ သူ၏ ယခင်နည်းလမ်းကို တိုက်ရိုက် အသုံးပြုလိုက်ပါက နူးညံ့လွန်းသော ကြာခံ မှတ်ဉာဏ်နယ်မြေတစ်ခုလုံးကို အက်ကွဲ သွားအောင် လုပ်နိုင်သည်။

 

သူသည်လည်း စံအိမ်၏ နှစ်တစ်ရာရှိသော မှတ်ဉာဏ်မှတဆင့် အတည်ပြုချင်နေသော အခြေအနေများ ရှိနေသေးသည်။ ထို့ကြောင့် သူက ညင်သာသော နည်းလမ်းကိုသာ သုံးပြီး ဓားပြ၏ ကိုယ်ထဲမှ ခွဲထွက်လိုက်သည်။

 

ကြီးမားသော ခန်းမအတွင်းရှိ မီးဆိုင်းကြီးက မှိတ်တုတ် မှိတ်တုတ် လင်းလက်လာပြီး အကြိမ်အနည်းငယ်ဆိုသလို  အားနည်းသွားသော လက္ခဏာများကို ပြသလာသည်။ ယန်ရှစ်ရွှမ်းက မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါ သူသည် မီးဖိုခန်းတံခါးဝတွင် ရပ်လျက်သား ဖြစ်ပြီး အပြင်လူ ရှုထောင့်မှ တဆင့် အောင်ပွဲခံနေသော ဓားပြများကို စောင့်ကြည့်နေသော အနေအထားမျိုးအဖြစ် ပြောင်းလဲသွားသည်။

 

ထူးဆန်းသည်မှာ ဓားပြများ၏ အကြည့်ကမူ မီးဖိုခန်းကို လာပြီး အချို့သော သူများက စားစရာ၊သောက်စရာများကို အပြင်မှ ဝင်ထွက်ယူနေသည့်တိုင်အောင် မည်သူကမှ ယန်ရှစ်ရွှမ်းကို မမြင်ကြချေ။

 

ထိုအခိုက်အတန့်တွင် ယန်ရှစ်ရွှမ်းက စံအိမ်အတွင်းတွင် ရှိနေသော တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။ လက်ရှိ ဓားပြများကမူ သက်ရှိလူများ ဖြစ်နေသည်။

 

ယန်ရှစ်ရွှမ်းက ခန်းမကြီးထဲမှ ဓားပြများကို ကြည့်သည်။ သူက အထင်တသေး နှာခေါင်းရှုံ့လိုက်ပြီး မီးဖိုခန်းထဲသို့ ဝင်သွားသည်။

 

သူသည်လည်း မည်သည့်အတွက်ကြောင့် အိမ်တော်ထိန်းအိုကြီးက ပရိုဂရမ်အဖွဲ့ကို သွေးနှင့် အစားအသောက်များ ကျွေးချင်ကြောင်း သိချင်နေသည်။ အဲဒီ အသွေးအသားတွေက ဘာဖြစ်လို့လဲ။ အဲဒီအိမ်တော်ထိန်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။

 

ဖြစ်နိုင်သည်မှာ သူသည် လွန်ခဲ့သော နှစ်တစ်ရာခန့်က ထိုကိစ္စဖြစ်ပွားခဲ့ရာ ညအချိန်စံအိမ်၏ မီးဖိုခန်းမှတဆင့် အဖြေ ပြန်ရနိုင်သည်။ သို့သော် သူက တံခါးကို တွန်းဖွင့်ရုံသာ ရှိသေးသည်။ တစ်စုံတစ်ယောက်က ရောက်နေကြောင်း တွေ့လိုက်ရသည်။ ထိုသူက နာနီ ဖြစ်သည်။ သိပ်မကြာခင်က ထွက်ပေါ်လာခဲ့သော မှတ်ဉာဏ်ဟောင်းများအတွင်း ယန်ရှစ်ရွှမ်းသည်လည်း နာနီက ဆိုးရွားသော အဆုံးသတ်နှင့် ကြုံသွားပြီး ပြတင်းပေါက် အပြင်ဘက်မှ ပစ်ချခံရပြီး သွေးချင်းချင်း ရဲခဲ့ကြောင်း တွေ့ရပြီးသားဖြစ်သည်။

 

ယခုအခါတွင်မူ အသက်အရွယ်ကြီးရင့်သော နာနီက သပ်သပ်ရပ်ရပ် ဝတ်စား ထားသည်။ သူမ၏ ဆံပင်ဖြူတစ်ချောင်းကပင် ထွက်နေခြင်း မရှိချေ။ ယခင်ဆိုးရွားသော အခြေအနေပုံစံမျိုးနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။

 

နာနီက မီးဖိုခန်းအရှေ့တွင် ရပ်နေသည်။ သူမသည် သူမ၏အရှေ့တွင် လက်ပိုက် ထားရင်း ယန်ရှစ်ရွှမ်းကို နူတ်ဆက်သည်။

 

“လူကြီးမင်း ရောက်လာပြီလား”

 

သူမ၏အပြုံးက ကြင်နာပြီး တည်ငြိမ်ပြီး အေးဆေးသည်။ ရန်ငြိုးများ မရှိသလို မည်သည့် အရိပ်အယောင်မှ မရှိပါချေ။ ဒီအတိုင်း အသက်ကြီး ရင့်သွားသည့် သာမာန်မိခင်တစ်ယောက်လို၊ ကလေးငယ်ကို စောင့်ကြည့်ပေးနေရင်း ကလေးငယ် အအေးမမိစေရန် အဝတ်အစားများ ထပ်ဝတ်ခိုင်းနေသလို၊ ဆာလောင်နေမည်စိုးသဖြင့် အစားအသောက်များ ပြင်ဆင်ပေးနေသလို သာမာန်ဆန်ကာ နူးညံ့သော အကြည့်မျိုးနှင့် ဖြစ်သည်။

 

အများစုကမူ ထိုကလေးကို ကာကွယ်ရန် တတ်စွမ်းသမျှ ကြိုးစားမည့်ပုံ ရှိသည်။

 

ယန်ရှစ်ရွှမ်းကလည်း နာနီပေါ်လာမည်ဟု မထင်ထားချေ။ သူက မျက်လုံးပင့်လိုက်ပြီး ဆုပ်ကိုင်ထားသော တံခါးဘုကို လွှတ်လိုက်သည်။ တံခါးက ခပ်ကြမ်းကြမ်း ပိတ်သွားသောအခါ ခန်းမထဲမှ ဆူညံသံများနှင့် အဆက်ပြတ်သွားသည်။

 

ရုတ်တရက် တိတ်ဆိတ်နေသော မီးဖိုခန်းအတွင်း သူနှင့်နာနီသာ ရှိတော့လေသည်။

 

မီးဖိုအတွင်းရှိ ထင်းများက ချက်ချင်း ရဲနေပြီး မီးတောက်ကာ လောင်ကျွမ်းကာ ကွဲအက် နေသေးသည်။ ထိုအရာအပြင် တစီစီအသံထွက်နေသော ရေနွေကရားအိုးက ရှိနေသည်။ မီးဖိုခန်းထဲမှ စားစရာရနံ့ကလည်း ပျံ့လွှင့်လာ၏။ ဒါဟာ သခင်မလေးအတွက် အထူးတလည် ပြင်ဆင်ထားသော အမဲသားနှပ် ဖြစ်သည်။ ထိုအမဲသားကို ဖြူဆွတ်နေသော ကြွေထည်ပန်းကန်ပေါ်တွင် တင်မည်ဖြစ်ပြီး အချိန်မရွေး သယ်ထုတ်၍ ရနေလေပြီ။

 

မီးဖိုခန်းက နွေးထွေးပြီး တည်ငြိမ် အေးဆေး နေလေသည်မှာ လွန်ခဲ့သော နှစ်တစ်ရာခန့်က ဖြစ်ပျက်ခဲ့သည့် ဆိုးရွားဖွယ်ကောင်းသော မကောင်းသောဖြစ်ရပ်၏ ထိတွ့မှုကို မခံခဲ့ရသည်အလား ထင်ရသည်။ သို့သော် စံအိမ်၏ထိုနေရာကသာ စိတ်အေး နေစေလေသည်။

 

သို့တိုင်‌အောင် ယန်ရှစ်ရွှမ်းကလည်း ထိုနာနီဟာ အသက်ရှင်နေသည့်သူလို့ လတ်ဆတ် လန်းဆန်းနေသည့် တိုင်အောင် သူမသည် လွန်ခဲ့သော နှစ်တစ်ရာခန့်ကတည်းက ထိုညတွင် သေဆုံးခဲ့ကြောင်း သိနေလေသည်။

 

သူမကို မိခင်တစ်ယောက်လို မြင်သော သခင်မလေး၏ မျက်လုံးထဲတွင်မူ သခင်မလေး၏ရှေ့တွင် သူမက ပြတင်းပေါက်မှ ပစ်ချခံလိုက်ရသည်။

 

“လူကြီးမင်း ငါ့ကို မေးခွန်းမေးစရာတွေ ရှိနေတာ ထင်တယ်”

 

နာနီက ပြုံးလိုက်သည်။ သူမ၏မျက်ဝန်းထောင့်မှ အရေးကြောင်းများက တွန့်သွားသော်လည်း နွေးထွေးပြီး သဘောထားကြီးမားသည့် ပုံစံမျိုးက ပေါ်လာသည်။

 

“ငါ မင်းရဲ့မေးခွန်းတိုင်းကို ဖြေပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး အရင် တောင်းဆိုမှုကိုတော့ မမေ့ပါနဲ့”

 

သူမ၏အသံက ညင်သာသည်။

 

“ကျေးဇူးပြုပြီး သခင်မလေးကို အဆုံးအစမဲ့တဲ့ ဒီရန်ငြိုးစက်ကွင်းထဲကနေ ကယ်တင်ပေးပါ”

 

“မင်းရဲ့သခင်လေးနာမည်က ချီရွှမ်းလား”

 

ယန်ရှစ်ရွှမ်းက အတည်ပြုလိုက်သည်။

 

နာနီက ခေါင်းညိတ်သည်။

 

“ဟုတ်တယ်။ ငါ့ရဲ့သခင်မလေးက ချီရွှမ်းပါ။ သူက လွန်ခဲ့တဲ့နှစ်တစ်ရာ ပင်းဟိုင်မြို့ နာမည်အကြီးဆုံး ကန်တိုးနစ်အော်ပရာ အဆိုတော်တစ်ယောက်လေ။ နောက်ပြီး ဒီစံအိမ်ရဲ့ ပိုင်ရှင်လည်း ဟုတ်တယ်”

 

ယန်ရှစ်ရွှမ်းကလည်း ချီရွှမ်းသည် ပုံရိပ်ယောင် နှစ်ခုကို ဖန်တီးပြီး တင်းချန်နှင့် ပိုင်ရွှမ်းတို့၏ အရှေ့တွင် မကောင်းဆိုးဝါး ဆန်မှု၊ ရန်ငြိုး ကြီးမှုအား အတွေ့အကြုံ ရခဲ့ပြီးသား ဖြစ်သည်။

 

လဲနေသော သစ်ပင်ကြီးများကို ကျော်ဖြတ်လျက် တစ္ဆေတောင်သို့ ထုတ်လုပ်ရေးအဖွဲ့က ဝင်ရောက်ပြီးကတည်းက ယန်ရှစ်ရွှမ်းသည်လည်း ဒေသတစ်ခုလုံးကို မဲမှောင်နေပြီး လေးလံနေသော စွမ်းအားများက လွှမ်းခြုံထားသည်မှာ နွံအိုင်အတွင်း ရောက်နေသလိုမျိုး ဖြစ်ကြောင်း ခံစားခဲ့ရပြီးသား ဖြစ်သည်။ ကောင်းကင်ကပင် မှင်စက်များ စွန်းထင်းသလို မဲမှောင်နေသည်မှာ ထိုအရာ၏ လွှမ်းမိုးမှုအောက် ရောက်ရှိ နေခဲ့သောကြောင့် ဖြစ်သည်။

 

သို့ရာတွင် ရန်ငြိုးကြီးသော ဝိဉာဉ်ပေါင်းများစွာ၏ နက်ရှိုင်းလွန်းသော အငြိုးတရားများ အကြားတွင် ထိုနာနီဟာ အနက်ရောင်ပိတ်ကားနှင့် ကွဲထွက်နေသလိုမျိုး သန့်စင် လွန်းနေသည်။

 

ကလေးဖြစ်သူအတွက် မိခင်တစ်ယောက်လို စိုးရိမ်ပူပန်မှုအပြင် ယန်ရှစ်ရွှမ်းအနေနှင့် သူမထံမှ ရန်ငြိုးနှင့် တူလောက်မည့် မည်သည့် ခံစားချက်ကိုမှ မရပါချေ။

 

“ခင်ဗျားက ဘယ်လိုလဲ။ ခင်ဗျားမှာ ရန်ငြိုးတွေ မရှိဘူးလား”

 

နာနီက ပူးပေါင်း ပေးနေကြောင်း မြင်သောအခါ ယန်ရှစ်ရွှမ်းက သူ၏မေးခွန်းကို တိုက်ရိုက် ထုတ်ပြောလိုက်သည်။

 

“ခင်ဗျားရဲ့ သခင်မလေး။ ခင်ဗျား ကိုယ်ပိုင်ကလေး တစ်ယောက်လို တန်ဖိုး ထားထားတဲ့ သခင်မလေးက ဒီနေရာမှာ သေသွားတယ်။ ခင်ဗျားရဲ့ သခင်လေးက ထပ်ပေါ် မလာဘူး။ ဒီဓားပြတွေက ခင်ဗျားအိမ်လို့ သတ်မှတ်ထားတဲ့နေရာတွေကို သိမ်းပိုက် လိုက်ကြတယ်။ ခင်ဗျားတောင်မှ ဆိုးရွားတဲ့ သေခြင်းနဲ့ အဆုံးသတ် သွားတယ်။ ဒါတောင်မှ အငြိုးမထားမိဘူးလား”

 

နာနီက ခေါင်းကိုအသာခါပြီး ပြုံး၍ ပြန်ဖြေသည်။

 

“ငါ ငယ်ငယ်က အကြီးအကဲတွေက ပြောတယ်။ အကြီးအကဲတွေက ဆိုးယုတ်တဲ့ သူတွေကို အပြစ်ဒဏ် ခတ်ပေးလိမ့်မယ်တဲ့။ ငါ ဒါကို ယုံတယ်။ ပိုဆိုးတာက လူကြီးမင်းက ငါ့ကို ကူညီနိုင်လိမ့်မယ်လို့ ယုံတယ်။ ဒါပေမဲ့ ငါ သေသွားပြီးမှန်း ငါ့ကိုယ်ငါ သိပါတယ်။ ငါ ဒီနေရာကနေ ထွက်သွား သင့်နေပြီ။ ဒီနေရာမှာ ငါ့ကို နှစ်တစ်ရာလုံးလုံး နေစေခဲ့တဲ့ အကြောင်းတရားသာ ရှိမယ်ဆိုရင်တော့ ဒါက သခင်မလေးကြောင့်ပဲ”

 

သူမက စိုးရိမ်တကြီး ရှင်းပြသည်။

 

“သခင်မလေးက ဆိုးရွားတဲ့ အဆုံးသတ်နဲ့ သေဆုံး သွားခဲ့ရတာ။ သူမမှာ ဖြေရှင်းချင်တဲ့ ကိစ္စတွေ အများကြီးပဲ။ သူမက ငါတို့အားလုံးအတွက် ဒီဓားပြတွေကို သတ်ပြီး ကလဲ့စား ချေခဲ့ပြီးတာတောင်မှ သူမရဲ့ရန်ငြိုးတွေ၊ ပြင်းထန်လွန်းတဲ့ စိတ်ခံစားချက်တွေက သူမကို ဒီနေရာမှာ ပိတ်လှောင်ထားပြီး သူမကို ထွက်မသွားနို င်အောင် လုပ်ထားတုန်းပဲ။ ငါ သူမကို အရမ်း စိုးရိမ်မိတယ်။ ဒါကြောင့် ငါ ဒီမှာ ကိုယ်တိုင်ကိုယ်ကျ နေပြီး သူမရဲ့နောက်ဆုံးခရီးကို အဖော်ပြုလို့ လိုက်ပါ ပို့ဆောင် ပေးချင်တယ်။ သူမ ပြန်လည် ဝင်စားနိုင်တဲ့ သံသရာစက်ကွင်းကို ဝင်ရောက် နိုင်တာမျိုးကို မြင်စေချင်တယ်”

 

“လူကြီးက လေးထပ်ကို တက်ဖို့ကြိုးစားတာကို မြင်တော့ လူကြီးမင်းက မှတ်ဉာဏ်တွေထဲကို ဆွဲသွင်းခံရနိုင်တာကို သိလို့ ဒီနေရာမှာ စောင့်နေတာပါ”

 

ယန်ရှစ်ရွှမ်းက ဓားပြခေါင်းဆောင်၏ မှတ်ဉာဏ်ကို အသုံးပြုနေချိန်တွင် နာနီက မီးဖိုခန်းတွင် တစ်ချိန်လုံး ရှိနေခဲ့ပြီး လွန်ခဲ့သော နှစ်တစ်ရာခန့်က ဖြစ်ရပ်များကို ပြန်လည် ကြည့်ရှုနေခဲ့သည်။ သူမသည် ယန်ရှစ်ရွှမ်းက မီးဖိုခန်းအတွင်းသို့ ပြန်လည် ရောက်ရှိလာမည့် အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

 

ယန်ရှစ်ရွှမ်းက လာမည် ဖြစ်ကြောင်းကိုလည်း သိနေသည်။

 

လွန်ခဲ့သော နှစ်တစ်ရာခန့်က သူမ နေထိုင်ခဲ့သည့် အခန်းတွင်နေသော ထိုလူငယ်လေးက အင်အားကြီးမားပြီး ဉာဏ်ကောင်းသော ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်သည်။ စံအိမ်အတွင်းတွင် သက်ရှိလူများအတွက် စားရန် သင့်တော်သော စားစရာများကို သူမက ပြင်ဆင် ပေးကြောင်းကိုလည်း သိနေသလို မူရင်းစားစရာများ၏ ဇစ်မြစ်ကိုလည်း သေချာပေါက် သံသယ ဝင်နိုင်လောက်သည့်အတွက် မီးဖိုခန်းအတွင်းသို့ ဝင်နိုင်မည်ဟု သေချာပေါက် နားလည်နေသည်။

 

ပို၍ဆိုးသည်မှာ ယန်ရှစ်ရွှမ်းက အိမ်တော်ထိန်းကို သဘောမကျကြောင်း ပြုမူ နေခဲ့သောကြောင့် နာနီကလည်း မီးဖိုခန်းကို ပြန်လည် သိမ်းပိုက် နိုင်သွားသည်။ ထိုအခြေအနေမှ တဆင့် သူမ မီးဖိုခန်းတွင် နေထိုင်နေခဲ့သည့် သက်ရှိ ရက်များအတိုင်း မှတ်ဉာဏ်လောကထဲသို့ အလွယ်တကူ ဝင်ရောက်လျက် ပြင်ပအားများ၏ သက်ရောက်မှုကို မခံရပဲ တည်ငြိမ် အေးဆေးစွာ နေနိုင် သွားလေသည်။

 

“ရိုးရိုးသားသား ပြောရရင် ဒီနေရာမှာ နေထိုင်ခဲ့တဲ့ နှစ်တစ်ရာလုံးလုံး ငါ လေးထပ်ကို မတက်နိုင်ခဲ့ဘူး။ ငါ့ရဲ့သခင်မလေးက ငါ့ရဲ့တောင်းဆိုမှုကို ထပ်ခါတလဲလဲ ငြင်းပယ် နေတယ်။ ငါ့ကို တွေ့ဖို့ ငြင်းဆန်နေတယ်”

 

နာနီက ခါးသီးစွာ ပြုံးသည်။

 

“ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သခင်မလေးက မင်းကို နားလည်မှု လွဲနေတာလို့ ငါ ထင်တယ်”

 

နာနီ၏ ဇာတ်ကြောင်း ပြောမှုမှတဆင့် ယန်ရှစ်ရွှမ်းသည်လည်း သူဟာ ဓားပြခေါင်းဆောင်၏ နောက်ခံနှင့်အတူ ဒီနယ်မြေအတွင်းသို့ မည်သို့ ဝင်လာခဲ့ကြောင်း သိလိုက်သည်။

 

ခြားနားစွာ တည်ရှိနေသည့် နက်နဲလွန်းသော ရန်ငြိုးစွမ်းအားများ ပြည့်နှက်နေသော ဒီစံအိမ်အတွင်းတွင် ဖြစ်ရပ်တိုင်းက သာမာန် လောကအတွင်း သက်ရောက်မှု ရှိနေသည်။ ဥပမာအားဖြင့် ယန်ရှစ်ရွှမ်းကလည်း စံအိမ်၏ ဘယ်ဘက်ခြမ်းတွင် ရှိသော အဖြူရောင် လိုက်ကာများဖြင့် အလှဆင်ထားပြီး အတွင်းတွင် နေသည့် လူများကိုလည်း သရဲမက ဒုက္ခ မပေးကြောင်း နားလည်နေသည်။

 

အခြားတစ်ဖက်တွင်မူ ညာဘက်ခြမ်းရှိ အခန်းတိုင်းကို အနီရောင်လိုက်ကာများက အလှဆင်ထားသလို အိမ်တော်ထိန်းနှင့် ထိုသတ္တဝါများက ထိန်းချုပ်ထားသောကြောင့် သရဲမ၏ ရန်ငြိုးဒဏ်ကို ခံရလေသည်။

 

ပို၍ဆိုးသည်မှာ အိမ်တော်ထိန်းက ဧည့်ခန်းအတွင်းရှိ ကြမ်းခင်းမှ မျက်နှာကျက်အထိ မြင့်မားသော ပြတင်းပေါက်နားတွင် ရပ်နိုင်နေပြီး ရန်ငြိုး ပြည့်နှက်နေသော မျက်ဝန်းတစ်စုံဖြင့်သာ ထင်းတဲကို ကြည့်နိုင်သည်။ သို့ရာတွင် သူကိုယ်တိုင်ကပင် စံအိမ်အပြင်ဘက်ကို ခြေတစ်လှမ်းပင် မထွက်နိုင်သလို ဥယျာဉ်အတွင်းသို့ပင် မဝင်နိုင်ချေ။

 

ဥယျာဉ်အတွင်းရှိ လူများက ထင်းတဲကို ကြောက်ကြသည်။ ယန်ရှစ်ရွှမ်းက လေးထပ်သို့ တက်သွားချိန်တွင် သရဲမထံမှ ပြင်းထန်သည့် တိုက်ခိုက်မှုကို ခံရသည်။ သို့ရာတွင် သူက သူ၏ကိုယ်ပိုင်အင်အားကို သုံးပြီး စတုတ္ထထပ်ကို မသွားနိုင်အောင် ကာထားသည့် အရံအတားကို ဖောက်လိုက်နိုင်သည်။

 

ထိုအရံအတားကို သရဲမချီရွှမ်းက ကိုယ်တိုင်ဖန်တီးလျက် သူမ၏ဝိဉာဉ်ကို အကျဉ်းထောင်ကို ပိတ်ကာထားခြင်း ဖြစ်သည်။

 

သို့သော် ဒါဟာ သူမ၏လုံခြုံသော နေထိုင်ရာ နေရာလည်း ဖြစ်သည်။ သူမသည်လည်း ထိုအပေါ်သို့ တက်လာမည့် အချိန်ကို ကြောက်နေ မိတတ်လေသည်။

 

ယန်ရှစ်ရွှမ်း၏ လုပ်ဆောင်မှုက ချီရွှမ်း၏ အနက်ရှိုင်းဆုံး ကြောက်လန့်မှုကို နိုးဆွလိုက်သလို၊ အတိတ်မှ ဒေါသများကို ဖော်ထုတ်လိုက်သလို ဖြစ်သွားသည်။ ထို့ကြောင့် သူမ၏ဝိဉာဉ်က ဝရုန်းသုန်းကား ဖြစ်သွားသည်။ လက်ရှိ  မြင်ကွင်းက သူမ၏ မှတ်ဉာဏ်ဟောင်းများနှင့် ပေါင်းစပ် နေလေပြီး ယန်ရှစ်ရွှမ်းကို သူမ၏နာနီကို သတ်ခဲ့ပြီး သူမကို သတ်ခဲ့သော ဓားပြများတစ်ယောက်အဖြစ် အထင် မှတ်မှားသွားသည်။ ထို့ကြောင့် သူမက တိုက်ခိုက်သလို ယန်ရှစ်ရွှမ်းကို ဒီလောကအတွင်းသို့ ခေါ်ဆောင်လာခြင်း ဖြစ်သည်။

 

လေးထပ်ကို သရဲမချီရွှမ်းက ထိန်းချုပ်ထားသောကြောင့် သူမက မှားယွင်းစွာ ထင်မှတ် မိသည့်အတိုင်း နောက်ခံအတိုင်း ယန်ရှစ်ရွှမ်းက ဓားပြခေါင်းဆောင်၏ ကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီး ဓားပြခေါင်းဆောင် ကျိုးချီကို ဒီအိမ်ပေါ်သို့ ရောက်လာစေခဲ့ခြင်း ဖြစ်သည်။ ထိုအခြေအနေအရ သူသည် ကျိုးချီ၏နောက်ခံကိုသုံးပြီး ဒီမှတ်ဉာဏ်လောကသို့ ပြန်ဝင်လာနိုင်ခြင်း ဖြစ်သည်။

 

နာနီက အရာအားလုံးကို စောင့်ကြည့် နေခဲ့သည်။ သို့သော် သူက အကြီးမားဆုံး စိုးရိမ်သည်မှာ သခင်မလေးသာ ဖြစ်သည်။ သခင်မလေးက ထိုနေရာတွင် ထာဝရ ပိတ်လှောင်ခံနေရမည့် အခြေအနေကို စိုးရိမ်မိသည်။ ထို့ကြောင့် အလျင်စလို ထွက်ပြီး ယန်ရှစ်ရွှမ်းအား သူ သိထားသည့် အကြောင်းအရာများကို ပြောပြသည်။ လူကြီးမင်းယန်နှင့် သခင်မလေး တွေ့ဆုံသည့် အကြောင်းအရာကိုပင် ပြောပြ သေးသည်။ သူမ၏အမြင်တွင် သူက သခင်မလေးကို ကာကွယ်နိုင်သော အလားအလာ မြောက်မြားနေလေရာ သခင်မလေးက နှစ်တစ်ရာ ကြာပြီးနောက် ပြန်လည် ဝင်စားနိုင်သည့် စက်ကွင်းအတွင်းသို့ ဝင်ရောက်နိုင်ရန် မျှော်လင့် မိလေသည်။

 

နာနီ၏ နောက်ဆုံးစကားပြောပြီးပြီးချင်း စံအိမ်တစ်ခုလုံးရှိ မီးများက ပိတ်သွားသည်။ နာနီ၏ ကိုယ်ကလည်း ပျောက်သွားသည်။

 

ဧည့်ခန်းထဲရှိ ဓားပြများဖြစ်စေ၊ စံအိမ်တစ်ခုလုံးကဖြစ်စေ တုန်လှုပ်ချောက်ချားဖွယ် တိတ်ဆိတ် သွားသည်။ ထို့နောက် အားလုံးက အနံ့တစ်ခု ရလိုက်သလိုမျိုး ယန်ရှစ်ရွှင်းထံ အပြေး လာကြသည်။ ယန်ရှစ်ရွှင်း၏ တုန်ယင်နေသော လက်ချောင်းများက ဘေးဘက်သို့ တွဲလောင်းချထားသည်။ သူ၏ ခန္ဓာကိုယ်ကို သုံးပြီး ချိတ်စည်းတံဆိပ်ကို အတင်းအကြပ် ဖန်တီးလျက် သူ့ကို လွှမ်းခြုံထားသည့် အမှောင်ထုများကို ဖယ်ရှားရန် ကြိုးစားသည်။

 

သို့ရာတွင် ယန်ရှစ်ရွှင်း သတိမထားမိသည်မှာ အမှောင်ထုက ကျဆင်းလာသည့် အခိုက်အတန့်တွင် အမှောင်ထုအတွင်း ဖြူဖျော့လွန်းနေသော မျက်ဝန်းတစ်စုံက ပွင့်လာခြင်း ဖြစ်သည်။

 

အသက်ရှိချိန်က အတိုင်း ရဲရင့်တက်ကြွမှု အပြည့်ကို ဖော်ထုတ် ပြသနေခဲ့သည့် အလင်းရောင်သည် ပျောက်ဆုံးသွားပြီးနောက် ကျိုးချီဆိုသော ဓားပြခေါင်းဆောင်ဟာ ဓားပြများနှင့် အောင်ပွဲခံပြီး မီးဖိုခန်းကို ကျောပေးလျက် သောက်စား ပျော်ပါးနေခဲ့ရာက တဖြည်းဖြည်းချင်း တောင့်တင်းစွာနှင့် လှည့်လာသည်။ အမှောင်ထုများ အကြားတွင် သူက မီးဖိုခန်းရှိရာ ဘက်သို့ စိုက်ကြည့်သည်။

 

သူသည် အတွင်းတွင် စကားပြောနေသော နာနီနှင့် ယန်ရှစ်ရွှမ်းကို မြင်နိုင်သလို ထင်ရသည်။

 

နာနီ၏ဝိဉာဉ်က ပျောက်ကွယ်သွားသည့် အချိန်တွင် ဓားပြခေါင်း‌ဆောင်၏ မူလက ကြောက်လန့် နေသော မျက်ဝန်းများက တဖြည်းဖြည်းချင်း ကြည်လင်လာသည်။ သူက ပါးစပ်ကို တဖြည်းဖြည်းချင်း တောင့်တင်းစွာ ဖွင့်ရင်း ပြုံးလိုက်သည်။

 

လေသံများက ယန်ရှစ်ရွှင်း၏ နားသို့ တစ်ဖန် ပြန်လည် ကျရောက်ရှိလာသည့် အချိန်တွင် သူက မျက်လုံးကို တဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

 

သူသည် မျက်ရည်များ ပြည့်နှက်နေသော မျက်နှာမျိုးနှင့် ခြောက်ခြားဖွယ် ကောင်းအောင် ပြုံးလျက် သူ၏မျက်နှာထံ လက်သည်းဖြင့် ကုပ်ဆွဲရန် ကြိုးစားနေသော တစ်စုံတစ်ရာကို တွေ့လိုက်ရသည်။

 

သူ၏မြင်ကွင်းအတွင်း အရာအားလုံးက ပိန်းဖိန့်အောင် မဲမှောင်မှုနှင့် နီရဲမှုများ ကြီးစိုးနေသည်။

 

ထိုအမျိုးသမီးက ရှုးသွပ်နေသလို ရယ်သည်။ ထို့နောက် စိတ်ဓာတ်ကျသလိုမျိုး ငိုရယ် ရယ်ပြန်သည်။ ထို့နောက် ယန်ရှစ်ရွှမ်းက သူမ၏ သွေးနီရောင် မျက်ဝန်းတစ်စုံဖြင့် မုန်းတီးစွာ ကြည့်သည်။

 

အမှောင်အတွင်းမှ အလင်းသို့ ရုတ်တရက် ရောက်သွားသောအခါ မူးဝေမှုကို ခံစားရနိုင်သည်။ ထိုအခါ ပတ်ဝန်းကျင်အနေအထားကိုလည်း အာရုံစိုက်နိုင်မည် မဟုတ်ချေ။

 

ထိုအခြေအနေမျိုးတွင် ပေါ်ပေါက်လာသော ထိုအမျိုးသမီးက သူ၏အသက်ကို ယူရန်လာသော အငြိုးကြီးဝိဉာဉ်တစ်ကောင်အလား ထင်ရသည်။

 

သို့သော် ယန်ရှစ်ရွှမ်းကမူ တည်ငြိမ်စွာဖြင့် ရပ်နေသည်။ ပုံရိပ်ယောင်ကြားဖြစ်သည့် အလင်းအမှောင်က သူ့အပေါ် သက်ရောက်ပေါ် မရချေ။

 

ဒါက ပန်းချီကားပဲ။

 

လေးထပ်မြောက် ကော်ရစ်တာတွင် အန်းနန်ယွမ်၏ တိုက်ရိုက် ထုတ်လွှင့်မှုအခန်းအတွင်း ယန်ရှစ်ရွှင်း၏ အာရုံကို ဖမ်းစားခဲ့သည့် ပန်းချီကားချပ်က နဂိုအတိုင်း ရှိနေသည်။

 

သူသည် မှတ်ဉာဏ်လောကမှ သရဲမ ချီရွှမ်းနေသော စံအိမ်‌လောကသို့ ပြန်လည်ရောက်ရှိလာသည်။ မည်သည့် အချိန်ကမှန်းမသိ သူက လှေကားများကိုပင် ကျော်ဖြတ်ပြီး လေးထပ်မြောက် ကော်ရစ်တာတွင် ရပ်နေပြီဖြစ်သည်။

 

မျှော်လင့် ထားသည့်အတိုင်း သူက မျှော်လင့် စောင့်စားထားသလိုမျိုး သူက မတုန့်ပြန်သည်နှင့် စံအိမ်မှ ပြန်လည် ထွက်ခွာလာနိုင်ပေလိမ့်မည်။

 

သန့်စင်လွန်းတဲ့ နာနီက မဲမှောင်လွန်းတဲ့ လောကတစ်ခုလုံးရဲ့‌ တစ်ခုတည်းသော ထောက်တိုင်ပဲ။ သူမက သူမ၏ဆန္ဒများကို ယန်ရှစ်ရွှမ်းကို ပြောပြလျက် နောင်တများ ပြည့်နှက်နေသော ဝိဉာဉ်က တဖြည်းဖြည်းချင်း ပျောက်ကွယ် သွားသည်။ ထိုအခါ သရဲမချီ ရွှမ်းကလည်း ခံစားမိပုံ ရသည်။

 

ဒေါသတကြီး ဖြစ်နေသော သူမက မှတ်ဉာဏ်လောကကို ကိုယ်တိုင် ဆုတ်ဖြဲပြီး လျော့ပါးပျောက်ကွယ်သွားသော နာနီကို ဖမ်းဆွဲချင်ခဲ့သည်။ သို့ရာတွင် နောက်ကျ သွားခဲ့သည်။

 

“ရန်ငြိုးအပြည့်နဲ့ တည်ရှိနေသူတွေ အားလုံးကို ကယ်ဆယ်ပေးပြီး မလွတ်မြောက်နိုင်တဲ့ စက်ဝိုင်းကနေ ဆွဲထုတ် ကယ်တင် ပေးကြရမယ်”

 

ယန်ရှစ်ရွှမ်း တိတ်တဆိတ် ရေရွတ်နေသော ဂါထာက သက်ရောက် လာပုံ‌ပေါ်သည်။

 

“သွား မင်းအပိုင် နေရာကို သွား။ ဒီလို သေမျိုးလောကမှာ လာမနေ နေနဲ့တော့”

 

ယန်ရှစ်ရွှမ်းက အကြည့်ကို မျက်လွှာ အသာချလိုက်သည်။ ထိုအခါ သူ၏ရှည်လျားသော မျက်တောင်များက ခံစားချက်တိုင်းကို ဖုံးကွယ် သွားလေသည်။ သူ၏အမြဲတစေ တည်ငြိမ်ပြီး ခံစားချက် ထုတ်ပြခဲသော မျက်နှာတွင် ကြုံတောင့်ကြုံခဲ ငြင်သာမှုများက ပေါ်ထွက်လာသည်။

 

“မင်း ဘာအမှားမှ မလုပ်ခဲ့ဘူး။ ဖုန်းတုရဲ့ဘုရင် ယာမတောင်မှ မင်းကို အပြစ် မပေးနိုင်ဘူး။ ပြန်လည် မွေးဖွားတဲ့ စက်ဝိုင်းထဲကိုဝင်ပြီး ကြွယ်ဝတဲ့ မိသားစုမှာ မွေးဖွားလာလို့ ငြိမ်းချမ်း၊ ပျော်ရွှင်တဲ့ ဘဝမှာ ရှင်သန်ပါ။ မင်း ကံကြမ္မာကြောင့် အဲဒီသူကို ပြန်တွေ့ နိုင်လောက်ပါတယ်”

 

“ဒါက နောက်ထပ် အေးမြတဲ့ နွေရာသီညတစ်ညပဲ။ ဒါပေမဲ့ ကောင်းကင်မှာ မီးပန်းတွေ ဖောက်နေတယ်။ လူစည်ကားတဲ့လူအုပ်ထဲမှာ မင်းက သူမရဲ့လက်ကို ကိုင်ပြီး  ငယ်ဘဝက နာမည်ကို ခေါ်တာကို ပြန်လည် ကြားယောင်နိုင်လိမ့်မယ်”

 

နာနီက စံအိမ်၏ အမှောင်ထု အတွင်းမှ လွတ်မြောက်သွားပြီး လွန်ခဲ့သော နှစ်တစ်ရာကတည်းက သူမ သွားသင့်သည့် နေရာသို့ သွားနေလေပြီ။

 

မည်သည့် ရန်ငြိုးစွမ်းအားကမှ သူမကို မချုပ်ထိန်းထားတော့ သောအခါ သူမ၏ ယခင်ဝိဉာဉ်အတွင်းတွင် ရှိနေခဲ့ပြီးသား ကြင်နာမှုနှင့် စိုးရိမ်မှုများကိုလည်း ဖယ်ထား နိုင်ခဲ့သည်။ သူမသည် လေးလံလွန်းသော ဝန်ထုပ်ဝန်ပိုးကို ဖယ်ချလျက် အပြုံးနှင့်အတူ ထွက်သွား နိုင်လေပြီ။

 

ယန်ရှစ်ရွှမ်းက စံအိမ်၏ အာကာသပြင်ကို ကျော်လွန်လျက် ညင်သာစွာပြုံးပြီး ကျေးဇူးတင်ကြောင်း ပြောနေသည့် နာနီကိုပင် လှမ်းမြင်လိုက်သည်။

 

ကျေးဇူးတင်ပါတယ်။

 

လူကြီးမင်းယန်။ ကျေးဇူးပြုပြီး ကလေးကို ဂရုစိုက်ပေးပါ။

 

သို့ရာတွင် သရဲမချီရွှမ်း၏ဒေါသကို ခံစားမိပုံရသည့် လေးထပ် လျှောက်လမ်းတွင် ရှိသော ပန်းချီကားတိုင်းက နံရံကို ထပ်ခါတလဲလဲရိုက်ပြီး တဘန်းဘန်းအသံများကို လွှတ်ထုတ် နေလေသည်။ 

 

ပန်းချီကားထဲရှိ အမျိုးသမီးတိုင်း၏မျက်နှာများက ဝမ်းနည်းမှုများနှင့် ငိုကြွေးနေရာမှ ဒေါသတကြီး ဖြစ်နေသော ပုံစံမျိုးဖြင့် ပြောင်းလဲလာကြသည်။ သူတို့၏ပါးစပ်များက ကျယ်လောင်စွာ ဖွင့်လာလေပြီး အသွေးအသားများကို ဝါးမြိုနိုင်သလို အရိုးထဲ စွဲစေသည့် ခြောက်ခြား သွားစေလောက်သည့် ပုံစံမျိုး ပေါ်ထွက်လာစေပြီး စူးရှစွာ အော်ဟစ် ကြသည်။

 

သူတို့သည် သူတို့၏ ထက်ရှသော လက်သည်းများကို တဖြည်းဖြည်းချင်း မြှောက်လျက် ပန်းချီကားဘောင်ကို ကျော်ပြီး ယန်ရှစ်ရွှမ်းထံ လှမ်းကုပ် ဆွဲချင်သလို၊ တွားသွား၍ ထွက်လာချင် သလို ပြုမူနေကြသည်။

 

သို့သော် ယန်ရှစ်ရွှမ်းကမူ တည်ငြိမ်နေသည်။ သူသည် ကြောက်လန့်ခြင်းမရှိဘဲ တည်ငြိမ်စွာ ရပ်နေသည်။

 

သူ၏အကြည့်က မီတာအနည်းငယ်အကွာမှ တင်းတင်းကြပ်ကြပ် ပိတ်ထားသော တံခါးထံ ရောက်သွားသည်။ သူ၏အနည်းငယ် ဖြူဖျော့သည့် အနီရောင် နူတ်ခမ်းပါးက ကွာသွားသည်။

 

“ထွက်လာပြီး နူတ်ဆက်ပါဦး ချီရွှမ်း”

 

“ငါတို့တွေ မင်းရဲ့ခေါင်း မလိမ့်ကျသွားခင်အထိ မင်းကို ခုတ်ဖြတ်ခဲ့တဲ့ ပုဆိန်အကြောင်း ပြောကြမလား။ ဒါမှမဟုတ် မင်း ဘာတွေး နေသလဲလို့ ပြောသင့်လား”

 

ယန်ရှစ်ရွှမ်းက ပြောပြီးပြီးချင်း ဘုန်းကနဲ့အသံကြီးက ထွက်လာသည်။ ခမ်းနားထည်ဝါလွန်းသော တံခါးကြီးက အတွင်းဘက်မှ ကန်ဖွင့်ခံရလေသည်။

 

ထိုသို့ဖြင့် နီရဲလွန်းသော ပုံရိပ်တစ်ခုက လျှင်မြန်လွန်းစွာ ရွေ့လျား လာသည်။ မြန်ဆန် လွန်းသည့်အတွက် သူမ၏ မျက်နှာပုံပန်းသွင်ပြင်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ သို့သော် လေထဲတွင် ဖြတ်သန်းသွားတဲ့ အနီရောင်ကိုသာ မြင်နိုင်သည်။

 

“သေ သေ သေ အား ကျိုးချီ”

 

ဖရိုဖရဲဖြစ်နေသာ အနက်ရောင်ဆံပင်နှင့် တစ္ဆေတစ်ကောင်လို အမျိုးသမီးက ယန်ရှစ်ရွှမ်းထံ အပြေးဝင်လာပြီး အော်ဟစ်လေသည်။

 

“ငါ့ရဲ့နာနီကို ပြန်ပေး”

 

သူမက ထက်ရှလွန်းသော ဆံထိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ယန်ရှစ်ရွှမ်း၏ ဝမ်းဗိုက်ကို လှမ်းကိုင်သည်။ သို့ရာတွင် ယန်ရှစ်ရွှမ်း၏ သွယ်လျ လွန်းသော လက်က ဆံထိုးကို ခပ်မြန်မြန် ကိုင်ဖမ်းလိုက်ပြီး အသားထဲ စိုက်မဝင်အောင် တားလိုက်နိုင်သည်။

 

ယန်ရှစ်ရွှမ်းက မျက်နှာချထားသော အကြည့်ကို သရဲမထံ ပြန်ဝင့်လိုက်သည်။

 

ထိုအခါ ရူးသွပ်ပြီး အကျိုးအကြောင်းမဲ့သွားသော ချီရွှမ်းကို တွေ့လိုက်ရသည်။ သူက လှောင်သည်။

 

“မင်းက ငါ့ကို သတ်ချင်တယ်။ ဒါတောင်မှ ငါ့နာမည်တောင် မသိဘူး။ ကျိုးချီဟုတ်လား။ ဒီလိုနိမ့်ကျတဲ့ နာမည်တစ်ခုကို သုံးပြီး င့ါကို အရှက်မခွဲစမ်းပါနဲ့”

 

“ကောင်းကောင်း မှတ်ထား မင်းသတ်ချင်တဲ့ လူရဲ့နာမည်က_ _ _”

 

သူက လက်ထဲမှအားကို စိုက်ထုတ်လိုက်သည်။ သို့သော် သရဲမက မည်မျှ ပြင်းပြင်းထန်ထန် ကြိုးစားပြီး လွတ်မြောက်အောင် ရုန်းကန်စေကာမူ မလွတ်မြောက် နိုင်ချေ။

 

ယန်ရှစ်ရွှမ်း၏ မြင့်မားပြီး တောင့်တင်းသန်မာသော ခန္ဓာကိုယ်ကြီးက မယိမ်းယိုင်သော ဓားသွား တစ်ခုအလား ထင်ရသည်။ သူသည် ရန်ငြိုးစွမ်းအား ပြည့်နှက်နေပြီး မုန်းတီးမှုအပြည့်နှင့် သရဲမကို ငုံံကြည့်ရင်း လှောင်ပြုံး ပြုံးသည်။

 

“ငါက ယန်ရှစ်ရွှမ်း”

 

“ဒါပေမဲ့ မင်းက သေပြီးတာ နှစ်တစ်ရာလောက် ရှိပြီဆိုတဲ့အချက်ကို ထည့်သွင်း စဉ်စားခြင်း အားဖြင့်၊ မင်းရဲ့ခန္ဓာကိုယ်ကလည်း ပြာဖြစ်နေတဲ့ အချက်ကို ထည့်သွင်း စဉ်းစားခြင်း အားဖြင့် အချင်းချင်း မိတ်ဆက်ပြီး နူတ်ဆက် စကားပြောတဲ့ အပိုင်းကို ကျော်လိုက် ကြရအောင်။

 

“အခုအတွက်ကတော့ _ _ _ “

 

ယန်ရှစ်ရွှမ်း၏ အကြည့်က စူးရှ သွားသည်။ သူဟာ ရုတ်တရက် စူးရှ လိုက်ပြီး သရဲမ၏လက်ထဲမှ ဆံထိုးကို လုယူသည်။

 

ဆံထိုးပေါ်တွင် ရှိသော နှင်းဆီပွင့်အဆူးများက ယန်ရှစ်ရွှမ်း၏လက်ကို လှီးဖြတ်လိုက်ပြီး တဖြည်းဖြည်းချင်း သွေးများကို ကျလာစေသည်။ လက်ချောင်းကြားမှတဆင့် ကျလာသော သွေးများက ကြမ်းပြင်ပေါ်သို့ ရောက်ပြီး အရာအားလုံးကို ပွတ်တိုက်ကာ ဖျက်ဆီးနိုင်သည့် အနက်ရောင်မြူထုအဖြစ် ပြောင်းလဲကာ တဆစ်ဆစ်အသံများနှင့်အတူ ကြမ်းပြင်ကို အပေါက်ဖောက်သည်။

 

ကျောစိမ့်ဖွယ်ကောင်းသော သွေးများက သရဲမကိုပင် မှင်သက်သွားစေသည်။ သူမ၏ရှင်သန်လိုစိတ် ပြင်းထန်သော မသိစိတ်ကြောင့် ခြေလှမ်းအနည်းငယ်ဆုတ်ပြီး ကျလာသော သွေးများကို ရှောင်လိုက်သည်။

 

ထိုအခါတွင် သူမ၏မသိစိတ်က အနည်းငယ် ကြည်လင်သွားသည်။

 

“ငါ မင်းကို တိုက်ရိုက် ပို့ပေးသင့်လား”

 

ယန်ရှစ်ရွှမ်းက ခေါင်းကို အသာစောင်းလျက် သူ့ကို ဓားသွားလို အကြည့်မျိုးနှင့် ကြည့်နေသော သရဲမကို ကြည့်လိုက်ပြီး တစ်လုံးချင်းစီ ပြောသည်။

 

ထိုတစ်လုံးချင်းတိုင်းက သူမ၏သေစေနိုင်သော နေရာများကို ထိသည်။

 

“မင်းပဲ”

 

ယန်ရှစ်ရွှမ်း၏မျက်နှာကို မှတ်မိသွားသော သရဲမက ပို၍ပင် ဒေါသထွက်သွားသည်။

 

“ငါ မင်းကို သိပါတယ်။ နင်က ငါ့ရဲ့ချစ်သူကို အရှက်ခွဲတာလေ။ နင်က ကျိုးချီဘက်က မဟုတ်လား”

 

“နင့်ရဲ့လူတွေ_ _ _ “

 

သူမ၏အနက်ရောင်ဆံပင်များက လေထဲတွင် ကခုန်နေပြီး သရဲမ၏ဖြူဖျော့သော လက်ချောင်းများက ထက်ရှသော ဓားများအလား သူ့ရှိရာဘက်သို့ ခပ်ကြမ်းကြမ်း ညွှန်လာသည်။

 

ထို့နောက် ကွဲအက်သံများက အမျိုးမျိုးသော ထောင့်တိုင်းမှ ထွက်လာပြန်သည်။

 

ပန်းချီကားထဲတွင် ရှိ‌နေသော အမျိုးသမီးများက ကြမ်းတမ်းပြီး ကြောက်မက်ဖွယ် ကောင်းသော သရဲများအဖြစ် ပြောင်းလဲပြီး ပန်းချီကားအတွင်းသို့ ကုန်းထွက် လာကြသည်။ သူတို့၏ ရှည်လျားသောဆံပင်က ကြမ်းပြင်တစ်ခုလုံးကို အုပ်ထားလျက် သူတို့၏ အရိုးပေါ်နေသော လက်များကို သုံးပြီး ယန်ရှစ်ရွှမ်းထံ ချိန်ရွယ်ဆန့်တန်းပြီး တဖြည်းဖြည်းချင်း တွားသွားလသည်။

 

“သေ သေ‌ သေ”

 

မုန်းတီးမှုအပြည့်နှင့် ထိုသရဲမက ယန်ရှစ်ရွှမ်းထံ ပြေးလာ ပြန်သည်။

 

******