အပိုင်း(၂၄)
ယန်ရှစ်ရွှမ်း၏ ထွက်ခွာသွားမှုက ချောမွေ့ မြန်ဆန် လွန်းလေရာ ဧည့်ခန်းအတွင်းရှိ လူများကပင် ကြောင်တောင်တောင် ဖြစ်သွားကြပြီး အဖြစ်အပျက်ကို နားမလည် နိုင်အောင် ဖြစ်နေကြသည်။
ဖန်သားပြင်ရှိ ကြည့်ရှုသူများက ကြောင်သွားကြသည်။
[ဘာဖြစ်သွားတာလဲ ဘာလို့ ယန်ရှစ်ရွှမ်းက ပျောက်သွားတာလဲ]
[သူက ဒါရိုက်တာကိုတောင် ပြန်မတုန့်ပြန်ဘူးဆိုတော့ ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခုခု ဖြစ်တော့မှာကို အာရုံခံမိလို့ ခပ်မြန်မြန် ထွက်သွားတာများလား]
[အပေါ်ကတစ်ယောက် ဘာတွေ ပေါက်ကရ ပြောနေတာလဲ။ ယန်ကောက မင်းပြောတဲ့ လူလိုမျိုး ဖြစ်နေမယ်လို့ ထင်နေလား။ သူက စတုတ္ထထပ်ကို ပြေးတက်သွားတာ မမြင်ဘူးလား။ သူက တစ်ခုခုဆီကနေ ထွက်ပြေးတယ်ဆိုရင် အရှေ့တံခါးဆီက ပြေးသွားမှာလေ]
[ငြင်းမနေကြနဲ့ ကြည့်ဦး။ တစ်ခုခုတော့ မူမမှန်တော့ဘူး။ ငလျင်လှုပ်တာလား။ ဘာလို့ ကင်မရာက လှုပ်နေတာလဲ]
စံအိမ်အပြင်ဘက်ရှိကောင်းကင်က လျင်မြန်စွာ မဲမှောင်လာပြီး တလောကလုံးကို အမှောင်ထုအတွင်း ဆွဲသွင်း လိုက်သည်။ ဧည့်ခန်းအတွင်းရှိ သလင်း မီးဆိုင်းကြီးကလည်း ဆက်တိုက် ယမ်းခါလာပြီး ထက်ရှသည့် အသံမျိုးကို လွှတ်ထုတ်နေသည်။ ဒေါသတကြီး ဖြစ်နေသော လေပြင်းက ပြတင်းပေါက်မှန်ကို ရိုက်ခတ် လာသောအခါ ကွဲအက်သံများကိုပင် ထွက်ပေါ်လာသည်မှာ ပြင်းထန်သည့် ဖိအားအောက်တွင် ဖန်သားပြင်က ကွဲလုနီးပါး ဖြစ်လာပုံရသည်။
စံအိမ်အတွင်းတွင် ရုတ်တရက် အင်အားကြီးမားသော လေပြင်းမုန်တိုင်းက တိုက်ခတ်လာပြီး လိုက်ကာများကို တိုက်ခတ်နေသော လေပြင်းအောက်တွင် ခပ်ကြမ်းကြမ်းလွှင့်ခါသွားရုံသာ မကသေးလေပဲ လူအများကိုလည်း ခြေထောက်မှ မြှောက်တက် သွားစေမတတ် တိုက်ခတ် နေလေသည်။
ဧည့်သည်များက အံ့အားတကြီး ပင့်သက် ရှိုက်လိုက်ကြသည်။ သူတို့က အနီးအနားရှိ ပစ္စည်းများကို ကိုင်ထားပြီး ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းထားလျက် လွှတ်ထွက် မသွားအောင် တားကြသည်။
သူတို့သည်လည်း ပတ်ဝန်းကျင်ဟာ မည်သည့်အတွက်ကြောင့် ထိုမျှအထိ ပြင်းထန်စွာ ပြောင်းလဲ သွားကြောင်း မသိပါချေ။ သို့သော် စံအိမ်အတွင်းတွင် အမျိုးမျိုးသော အဖြစ်အပျက် ပေါင်းများစွာကို ကြုံတွေ့ပြီးနောက် ယန်ရှစ်ရွှမ်းက လေးထပ်မြောက်သို့ ပြေးတက်သွားသောကြောင့် ယခုလို ဖြစ်လာကြောင်း နားလည်လိုက်သည်။
မှင်သက်နေသော လူအုပ်က တစ်ချက် မော့ကြည့်လိုက်သောအခါ လေးထပ်သို့ တက်သွားသော ယန်ရှစ်ရွှမ်းက ထောင့်တစ်နေရာနားတွင် ရပ်နေကြောင်းကိုသာ မြင်ရသည်။ သူသည် ဂါထာအချို့ကို သုံးနေသလော၊ သိုင်းပညာ တစ်မျိုးမျိုးကို သုံးနေသလော မသိနိုင်ချေ။ ထိုအတွက်ကြောင့် ယခုလို ဒေါသတကြီးဖြစ်နေသော လေပြင်းမုန်တိုင်းက တိုက်ခိုက်နေခြင်း ဖြစ်နိုင်သည်။
မနေ့ညက ယန်ရှစ်ရွှမ်းနှင့်အတူရှိပြီး မကောင်းဆိုးဝါးများနှင့် သရဲမကို ရှောင်ရှားနိုင်ခဲ့သည့် ပိုင်ရွှမ်းကပင် တစ်ဖက်သူ၏မျက်နှာတွင် ထိုကဲ့သို့သော လင်းလက်သော မျက်ထောင့်များကို မမြင်ဖူးကြောင်း မှတ်မိနေလေသည်။ ထို့ကြောင့် အခြေအနေ၏ လေးနက်မှုကို နားလည်လိုက်သည်။ သူမ၏မျက်နှာက ဖြူဖျော့သွားပြီး သူမ၏ရင်ဘတ်ပေါ် လက်ဖိတင်လိုက်ကာ ယန်ရှစ်ရွှမ်းသည် အခြေအနေတစ်ခုလုံးကို ဖြေရှင်းနိုင်ရန်သာ မျှော်လင့်မိသွားသည်။
_ _ _
လေးထပ်မြောက်မှာ ဘာတွေ ရှိနေလဲတော့ မသိဘူး။ ဒါပေမဲ့ ယန်ရှစ်ရွှမ်းကတော့ ဒီတစ္ဆေခြောက်တဲ့အိမ်ကြီးကနေ သူတို့အားလုံးကို ခေါ်ထုတ်သွားနိုင်မယ်လို့ ယုံကြည်တယ်။
အချိန်က ထာဝရနီးပါး ကြာညောင်း သွားပြီးနောက် စံအိမ်တစ်ခုလုံး၏ လှုပ်ခါမှုက တည်ငြိမ် သွားသောအခါ လူတိုင်း၏ တောင့်တင်းနေသော သွေးကြောများက ငြိမ်သက် အေးဆေးသွားကြသည်။ ထို့နောက် ကပ်ဘေးမှ ရှင်သန် လိုက်နိုင်သလိုမျိုး စိတ်သက်သာရာ ရသည့် အမူအယာမျိုး ပေါ်ထွက်လာလေသည်။
သို့ရာတွင် နောက်ထပ် ဧည့်သည့်တစ်ယောက်က မကျေမနပ် ဖြစ်သံနှင့်အတူ အော်ဟစ်လိုက်သည်။
“ယန်ရှစ်ရွှမ်းက ဘာလုပ်တာလဲ။ သူက ငါတို့အားလုံးကို သတ်ချင်နေတာလား”
ပိုင်ရွှမ်းက အံ့ဩသွားသည်။
“နင် ဘာပြောတာလဲ”
အန်းနန်ယွမ်နှင့် အခြားသောသူများက မျက်မှောင် ကြုတ်နေကြပြီး ရင့်ကျက်သည့် ဦးလေး တစ်ယောက်လို ပုံစံမျိုးကို လုပ်ယူထားသည့် ထိုဧည့်သည်ကို ကြည့်ကြသည်။
အမြဲတမ်း စိတ်သဘောထား ကောင်းမွန်ပြီး အေးအေးဆေးဆေး ဖြေရှင်းတတ်သည့် ကျန်းဝူပင်းကပင် မနေနိုင်ပဲ သဘောမကျကြောင်း ဖော်ပြသည်။ မည်သို့ပင်ဆိုစေ သူ၏ယန်ကောကို ထိုကဲ့သို့သော လေသံ၊ အပြုအမူမျိုးဖြင့် ပြောဆိုသည်အား လက်မခံနိုင်ပေ။
သူက ပြောလိုက်သည်။
“သူ့ကြောင့်သာ မဟုတ်ရင် ငါတို့တွေ မနေ့ညက ညစာကတည်းက ဒုက္ခ ရောက်နေလောက်ပြီ။ နောက်ပြီး ငါ နားလည်ထားတဲ့ အတိုင်းဆိုရင် အခု လူတိုင်းက တုန်လှုပ် နေကြတာ။ အားလုံးကလည်း ထိတ်လန့် နေကြတာပဲ။ ဒါပေမဲ့ ဒါက တိုက်ရိုက် ထုတ်လွှင့်နေတယ်ဆိုတာ မှတ်ထားကြပါဦး။ ကိုယ့်စကားကို ကြည့်ပြော”
သူ၏အသက်ကို ခြိမ်းခြောက်ခံနေရသော ကြောက်လန့်မှုကြောင့် ထိုအဆိုတော်က လေနောက်လိုက်ပြီး ပြောဆို ပုံချလိုခြင်း ဖြစ်သည်။ ဒီမနက် လျိုရီရီ၏ ကိစ္စကို သိပြီးကတည်းက ကြောက်လန့်နေသည့် သူ၏စိတ်ကို ဖိနှိပ်လိုခဲ့သည်။
ထိုအဆိုတော်က ရုတ်တရက် ထရပ်လိုက်ပြီး လေးထပ်ရှိရာဘက်သို့ လက်ညိုးထိုးလျက် တအံ့တဩ ပြောလိုက်သည်။
“ယန်ရှစ်ရွှမ်း သူ့စိတ်နဲ့သူ ဒီအပေါ်ထပ်ကို ပြေးတက်သွားတဲ့ အချိန်မှ ဒီလိုတွေ ဖြစ်လာတယ်ဆိုတာကို မင်းတို့ မပြောရဲဘူးလား။ သူက ငါတို့နဲ့တောင် မတိုင်ပင်ပဲ ဒီအတိုင်း ပြေးတက် သွားတယ်။ လက်ရှိ အခြေအနေကို ဖြစ်ပေါ်စေတာ သူပဲ။ ဒီကျောချမ်းဖို့ ကောင်းတဲ့ အဲဒီလေပြင်းက ဒီလောက် သန်မာတာ။ အဲဒီအရာတွေကို သူ ဒေါသထွက်အောင် လုပ်လိုက်မိတာ ဖြစ်မယ်”
“ရှင်းလင်း နေတာပဲ။ ငါတို့ဘာမှ မလုပ်ဘဲ နေရင် ဒီအရာတွေကို ဒေါသထွက်စေမှာ မဟုတ်ဘူး။ ဒီလိုနဲ့ ငါတို့ကို ထွက်သွားခွင့် ပေးနိုင်သေးတယ်။ ဒါပေမဲ့ ယန်ရှစ်ရွှမ်းက လျှောက်လု ပ်နေတော့ ဒီအရာတွေက ငါတို့ကို ဒုက္ခပေးတော့မှာလေ။ အခုပဲ ကြည့်ဦး သူက ထွက်ပြေးသွားပြီ။ ငါတို့ကတော့ စားစရာမရှိ၊ သောက်စရာမရှိ သေဖို့ပဲ ထိုင်စောင့် နေရတော့မယ်”
ထိုအဆိုတော်က တစ်ခဏခန့် ဒေါသ ဖောက်ထုတ် လိုက်သော်လည်း မည်သူကမှ သူ၏စကားကို မထောက်ခံကြောင်း သိလိုက်ရသည်။
မူလက သူ့ကို လောင်ရှစ်တပ်ခေါ်သော ဝန်ထမ်းများက မျက်မှောင်ကြုတ်ပြီး သူ့ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်မှာ တိရစ္ဆာန်ရုံထဲမှ မျောက်တစ်ကောင် တွေ့ရသလို ဖြစ်သည်။
_ _ _
သူတို့က သူပြောသော စကားကို မယုံကြည်ကြပဲ သူ့ကို မျောက်တစ်ကောင်လို ရယ်နေကြသည်။
ထိုသုံးသပ်ချက်က ထိုအဆိုတော်အား ဒေါသ ထွက်သွားစေသည်။ သူသည် အရှက်ရမှုကို မဖုံးကွယ်နိုင်တော့ချေ။ သူ၏မျက်နှာက နီရဲသွားသည်။
“ဟွန့် မင်းတို့တွေ ယန်ရှစ်ရွှမ်းကို မှီခိုနေရုံနဲ့ ဒီနေရာက ထွက်သွားနိုင်လိမ့်မယ်လို့ ထင်နေတာလား”
မျက်နှာနီရဲပြီး လည်တိုင်ကပင် တုတ်ခိုင်လာသည့် ထိုအဆိုတော်က သရော်သလို ပြောဆိုသည်။
“သူကသာ ဒီလောက် အံ့ဩစရာကောင်းရင် ဘာလို့ ပင်းဟိုင်မြို့မှာ သူ့ရဲ့နာမည်ကို မကြားဖူး ရတာလဲ။ ငါ နှစ်တိုင်းလိုလို ဟိုင်ရွန်ဂူဘုရားကျောင်းဆီ လှူဒါန်း နေကြလေ။ ဒါပေမယ့် ယန်ရှစ်ရွှမ်းအကြောင်း ပြောသံကို တစ်ခါမှ မကြားဖူးဘူး။ သူက ဒီအတိုင်း လူတွေကို လှည့်စားတတ်တဲ့ အလိမ်အညာပဲ ဖြစ်လိမ့်မယ်။ ဒါရိုက်တာ မင်းတော့ အရူးလုပ်ခံရပြီ”
ကျန်းဝူပင်းက ဒေါသထွက်သွားသည်။
ပင်းဟိုင်တက္ကသိုလ်တွင် ယန်ကောနှင့် တွေ့ခဲ့သောကြောင့်သာ မဟုတ်လျှင် သူသည် ဆယ့်နှစ်ကြိမ်မက သေပြီးလောက်ကြောင်း နားလည်နေသည်။ သူသည် ယန်ကော၏စွမ်းရည်ကို သူ၏အသက်နှင့် အာမ ခံရဲသည်။
ကျန်းဝူပင်းက ပြန်လည် ငြင်းခုံမည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ယောက်က ရှေ့တက်လာသည်။
“တိတ်စမ်း”
တက်လာသောသူက တစ်ချိန်လုံး ပုန်းနေခဲ့သော တင်းချီဖြစ်သည်။
သူမသည် မနေ့က တောင်ပေါ်သို့တက်ရင်း လူအရိုးကို တက်နင်း မိချိန်ကတည်းက သဘာဝလွ န်ဖြစ်ရပ်များကို မယုံကြည်သော သူမဟာ နောက်ပိုင်း တစ်ကြိမ်ပြီးတစ်ကြိမ် ကြုံတွေ့လာရသည့် ထူးဆန်းသော ကိစ္စများကြောင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါး ဖြစ်လာခဲ့သည်။ ယခုလေးတင် ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် အကြောက်လန့်ဆုံးသော ဧည့်သည်များတွင်လည်း သူမသည်လည်း တစ်ယောက်ဖြစ်သည်။
သို့ရာတွင် သူမကသာ အပြင်းထန်ဆုံး တုန့်ပြန်သူ ဖြစ်သွားသည်။
“ယန်ကောက ငါတို့ကို ဘယ်တော့မှ ဒုက္ခပေးမှာ မဟုတ်ဘူး။ ငါ သူ့ကို ယုံတယ်။ သူက ငါတို့ကို ဒီနေရာက ခေါ်ထုတ် ပေးနိုင်အောင် ကြိုးစားနေတာ ဖြစ်လိမ့်မယ်”
တင်းချီ၏မျက်လုံးက ဆုံးဖြတ်ချက် ပြတ်သားသည်။ သူမသည် ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သော အမူအယာမျိုး ပျောက်နေပြီး အလွန်အင်အား ပြင်းထန်သည့်ပုံစံ ပေါ်နေသည်။
“သူ ငါ့ကို နှစ်ကြိမ်တောင် ကယ်ထားတာ။ နင်က ဘာလဲ။ မနက်ကတော့ ငါ့ရဲ့အခန်း မှန်ထဲက တစ်ခုခုကို မြင်ပြီး ငါ တအား ကြောက်နေတဲ့ အချိန်မှာ နင်က လူတိုင်းရဲ့အနောက်မှာ ပုန်းပြီး နင့်ရဲ့အခွဲဖန်သားပြင်က ကင်မရာကို ငါ့ဆီ တည့်တည့် ချိန်ထားတာ မဟုတ်လား။ အဲဒီအချိန်က သနားစရာကောင်းနေတဲ့ ငါ့ရဲ့ပုံစံကို ကြောက်နေတာတောင်မှ အကျိုးအမြတ် အရယူချင်ပြီး နင့်ရဲ့စခရိုက်ပါတွေနဲ့ ကြည့်ရှုသူတွေ တိုးချင်ခဲ့သေးတာ မဟုတ်လား”
“ငါတို့ကို လူတစ်ယောက်တည်းကပဲ ထပ်ခါတလဲလဲ ကယ်နေတာ။ ဒါပေမဲ့ နောက်တစ်ယောက်ကတော့ လူတိုင်းရဲ့နောက်မှာ ပုန်းနေပြီး ဒေါသတကြီး ပြောဆို ရဲသေးတယ်။ ငါတို့က အသက်ရှိနေပြီး မျက်လုံးကောင်းနေတာနဲ့။ ဘယ်သူ့ကို ယုံရမလဲ ဆိုတာကို နားလည်လိမ့်မယ်”
တင်းချီ၏စကားလုံးများက အားပါသည်။ ထိုသို့ဖြင့် ဧည့်ခန်းအတွင်းရှိ လူတို့ကို မှင်သက် ခြောက်ခြားဖွယ် တိတ်ဆိတ် သွားစေသည်။
ယန်ရှစ်ရွှမ်းကို အလွန်အမင်း ယုံကြည်ကိုးစားနေသော အန်းနန်ယွမ်နှင့် ပိုင်ရွှမ်းကို မဆိုထားဘိ။ တစ်ဖွဲ့လုံရှိလူများ အကုန်လုံးကလည်း တင်ချီ၏ စကားလုံးများကို ပို၍သာ လက်ခံ ယုံကြည်လာကြလေသည်။
ယန်ရှစ်ရွှမ်းက ကွေ့တောင်သို့ စရောက်ခဲ့ချိန်က ရိုက်ကူးရေးအသင်းနှင့် အဆင်မပြေပုံပေါ်ပြီး သူ၏ ခပ်ပြတ်ပြတ်နိုင်သော ပုံစံ၊ မျက်နှာသေတို့က အချို့သော ဧည့်သည်များကဲ့သို့ ဖားယားမှုကိုသာ ကျင့်သားရနေခဲ့သော လူများအတွက် သဘောမကျ ဖြစ်စေခဲ့သည်။ သူ၏လူသစ်ဆိုသော အဆင့်အတန်းက သူ့တို့အား သူ့ကို အထင်သေး မိစေသည်။
သို့ရာတွင် နှစ်ရက်ပင် မကြာသေးခင် ယန်ရှစ်ရွှမ်းသည် သူ၏လုပ်ဆောင်မှုများနှင့် စွမ်းရည်များအရ သူသည် သူ၏တောက်ပမှုကို အကူနောက်ခံ တစ်ခုသုံးပြီး မွန်းမံပေးရန် မလိုအပ်ကြောင်း ဖော်ပြလာသည်။
ယန်ရှစ်ရွှမ်း၏ နှလုံးသားထဲတွင် သူသည် ကိုယ်ပိုင် ကျယ်ပြောသည့် လောကကို ပိုင်ဆိုင်နေပြီးသား ဖြစ်သည်။
ထိုနယ်ပယ်သည် မည်သူကမှ မထိတွေ့နိုင်သည့် သိပ္ပံမကျသော အရာများ ဖြစ်တည်နေသော နယ်ပယ်ကြီးတစ်ခု ဖြစ်သည်။
သူသည် လူတိုင်းကို အယုံသွင်းနိုင်သလို အမှီအခိုကင်းသည့် အင်အားမျိုးကိုလည်း ပိုင်ဆိုင်ထားသည်။
ယန်ရှစ်ရွှမ်းကြောင့်သာ မဟုတ်လျှင် ကြိုတင် ပြင်ဆင်ထားခြင်း မရှိသည့် အဖွဲ့ဟာ အိမ်တော်ထိန်းအိုကြီး ပြင်ဆင်ထားသော သံသယဝင်ဖွယ်ရာ အသားများကို စားပြီး ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်လာနိုင်ချေကို မည်သူကမှ မငြင်းနိုင်ပေ။
လျိုရီရီ၏အခြေအနေကို ကြည့်ရုံနှင့်တင် ဆက်လက်ပြီး တွေးတော ကြည့်နိုင်ရန် လုံလောက်နေသည်။
အဆိုတော်၏စကားကြောင့် အနည်းငယ် ယိမ်းယိုင်သွားသော လူအချို့သည်လည်း အလွန်အကျွံ့ ကြောက်လန့် သွားကြသည်။
သူတို့၏နှလုံးသားထဲမှာ ယန်ရှစ်ရွှမ်းကို ကိုယ့်သဘောထားနှင့်ကိုယ် လုပ်ဆောင်ပြီး ကြောက်လန့်စရာ ကောင်းသည့် အခြေအနေကို ဖြစ်လာစေသည်ဟု ယူဆမိခဲ့သည့် ခံယူချက်များမှ တင်းချီ၏ စကားလုံးများကြောင့် အပြစ်မကင်းစိတ် အဖြစ် ပြောင်းလဲသွားကြသည်။ သူတို့၏ ယခင် မကျေနပ်စိတ်များ အားလုံးက ယန်ရှစ်ရွှမ်းအပေါ် ပြင်းထန်သည့် ယုံကြည်မှုအဖြစ် ပြောင်းလဲသွားသည်။
ယခုလိုမျိုး ကျောချမ်းဖွယ်ကောင်းပြီး ကပ်ဘေးကို ရင်ဆိုင်ရနိုင်သည့် တောင်စံအိမ်ကြီးအတွင်းတွင် ဆက်သွယ်၍ မရနိုင်အောင် အပြင်လောကနှင့် ခွဲထုတ်ထားမှုကို ခံရသည်။ သူတို့ကသာ လုံခြုံစွာ ထွက်သွားလိုလျှင် သူတို့ကို ကာကွယ် ပေးနိုင်စွမ်းရှိသောလူကို အပြစ်တင်ရမည့်အစား ပို၍ ယုံကြည် ပေးသင့်သည်။
အဆိုတော်က အဖွဲ့၏ ပြောင်းလဲသွားသော မျက်နှာများကို ကြည့်ပြီး မနေနိုင်ပဲ ပြောလိုက်သည်။
“မင်းတို့တွေက ဘယ်လိုနောက်ခံရှိလဲ မသိရတဲ့သူ့ကို ယုံနေတယ်ဟုတ်လား။ မင်းတို့တွေ ရူးသွားပြီလား”
အန်းနန်ယွမ်က ပုခုံးတွန့်သည်။
“ငါတို့က ယန်ကောရဲ့စကားကို မယုံပဲ မင်းရဲ့စကားကို ယုံမှာလား။ ချီချီကျဲကျဲ ပြောသလိုပဲ ကိစ္စတစ်ခုခု ဖြစ်လာရင် အဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကို လစ်လျူရှုပြီး ဘေးဘက်မှာ ရပ်နေတဲ့သူ့ကို ယုံကြည်ရမယ့်အစား လုပ်ဆောင်မှုတွေနဲ့အတူ ကိုယ့်ကိုယ်ကို သက်သေပြနိုင်တဲ့ သူမျိုးကို ယုံတာက ပိုကောင်းမယ်လို့ ထင်တယ်။ ဒါတွေ အပြင် _ _ _ “
သူ၏မျက်နှာတွင် လှောင်ပြုံးက ပေါ်လာသည်။
“မင်းက မင်းကိုယ်မင်း အွန်လိုင်းမှာ နာမည်ကြီးတဲ့ အရှိန်အဝါ ရှိတယ်ဆိုပြီး ယန်ကောလို လူသစ်ကို အထင်သေးတယ်။ ဒါပေမဲ့ မင်းရဲ့ ဖန် အရေအတွက်က ငါ့ရဲ့ ပရိတ်သတ်တွေကို ယှဉ်နိုင်လို့လား။ အဆိုတော် တစ်ယောက်အနေနဲ့ မင်းရဲ့ ကျော်ကြားမှုက ချီချီကျဲကျဲနဲ့ပဲ ဖြစ်ဖြစ်၊ ပိုင်ရွှမ်းလောက်ပဲ ဖြစ်ဖြစ် မင်း နိုင်လို့လား။ မင်းက ဘာဆုမှတောင် မရသေးဘူး။ ဒါကိုများ ဘာကြောင့် ချီချီကျဲကျဲနဲ့ ငါက ဒီလောက် ယုံနေတဲ့ ယန်ကောကို မင်းက အထင်သေးနိုင်တယ်လို့ ယုံကြည်မှု ရှိနေရတာလဲ။ မင်းကို ဘယ်သူကများ ဘာဆေးကျွေးထားလဲ”
အိုင်ဒေါလ်ဘွိုင်းဂရုမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် အန်းနန်ယွမ်သည် သူ၏အင့်မေ့ရှ်ကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် အာရုံစိုက် ထားသည်။ သို့သော် ထိုအချိန်မျိုးတွင် သူသည် ပထမဦးဆုံး အကြိမ်ဖြစ် အများရှေ့တွင် သူ၏ အဆင့်အတန်းနှင့် အောင်မြင်မှုကို တိုက်ရိုက် သုံးလိုက်ခြင်း ဖြစ်သည်။
စားစရာမရှိ၊ ဆေးဝါးမရှိ၊ မည်သည့်အရာမှ မရှိဘဲ အန္တရာယ်မှ ပတ်ပတ်လည် ဝိုင်းနေသော နေရာမျိုးတွင် _ _ _
ယခုလိုမျိုး စံအိမ်အတွင်းတွင် သရဲရှိနေတဲ့ အခြေအနေမျိုးကို ကြုံတွေ့နေရသည့် အခိုက်အတန့်တွင် ကင်မရာ အရှေ့တွင် ပြီးပြည့်စုံသည့် အင်းမေ့ရှ်ကို ထိန်းထားလိုသော လူတစ်ယောက်ကပင် အစစ်အမှန် ပုံစံကို ထုတ်ပြလာသည်။ ပို၍ဆိုးသည်မှာ အန်းနန်ယွမ်သည် ယန်ရှစ်ရွှမ်းထံမှ ရှင်းပြရန် ခက်ခဲလောက်သော ယုံကြည်နိုင်စွမ်းအား ပြင်းထန်သည့် စွမ်းအားကို မြင်ခဲ့ဖူးပြီးသား ဖြစ်သည်။ မနေ့က စံအိမ်အတွင်းတွင် ဖြစ်စေ၊ ဥယျာဉ်အတွင်းတွင် ဖြစ်စေ၊ ယန်ရှစ်ရွှမ်းကြောင့်သာ မဟုတ်လျှင် သူ့ကို ဧည့်ခန်းထဲတွင်ပေါ်လာသော အိမ်တော်ထိန်းအိုကြီးက ဖြစ်စေ၊ ဥယျာဉ်အတွင်း ပုဆိန်ကြီးကို ကိုင်ကာ လွှဲယမ်းခုတ်နေသော မကောင်းဆိုးဝါးဖြစ်စေ သတ်သွားပြီးလောက် လေပြီ။
သေရေရှင်ရေး အခြေအနေကို ကြုံတွေ့ခဲ့ရပြီးသော လူဖြစ်သည့်အလျောက် အန်းနန်ယွမ်သည် ယန်ရှစ်ရွှမ်းကို လိုလိုလားလားနှင့် ခုခံပေးလိုစိတ် ရှိသည်။ တစ်ဖက်သူသည် သူ အယုံကြည်ရဆုံး၊ အလေးထားရဆုံး လူတစ်ယောက် ဖြစ်လေသည်။
ထပ်ခါတလဲလဲ မေးခွန်း အထုတ်ခံနေရသော အဆိုတော်ကမူ အတော်လေး ဝမ်းနည်း သွားသည်။ သူ၏မျက်နှာက နီရဲ သွားသည်။ ထို့နောက် ဖြူဖျော့သွားသည်။ သူသည် အလွန်အမင်း မသက်မသာ ဖြစ်သွားပေါ်ပုံသည်။
သူက အခြားသော ဧည်သည့်များကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကောင်းပြီလေ ဒီမှာနေပြီး သေဖို့စောင့်နေလိုက်တော့။ ငါကတော့ မင်းတို့နဲ့အတူ အရူးလုပ်မခံဘူး”
ထိုသို့ဖြင့် ထိုအဆိုတော်က ရန်လိုမှု အပြည့်နှင့်အတူ သူ့ကို မထောက်ခံပေးသည့် ကျန်းဝူပင်းကို တစ်ချက် စိုက်ကြည့်လိုက်ပြီး တစ်စုံတစ်ရာကို ပြောကာ ထွက်သွားသည်။
“ငါက အန်းနန်ယွမ်လို နောက်ခံမျိုး မရှိလို့ မနာလို ဖြစ်တယ်လို့ ထင်တယ်ပေါ့။ ဟုတ်လား ဟွန့်။ ငါ စုန့် နတ်ဘုရားဆုကို အနိုင်ရတဲ့နေ့ကို စောင့်ကြည့်နေလိုက်”
ကျန်းဝူပင်းက ကြောင်တောင်တောင် ဖြစ်နေသည်။ သို့သော် သူ၏ ဒါရိုက်တာဆိုသော ကဏ္ဍအရ ကင်မရာတွင် ထုတ်လွှင့်ပြသနေသည့် ပရိုဂရမ်ကို မနှောက်ယှက်လိုသဖြင့် ဆဲချင်စိတ်ကို ထိန်းသိမ်း ထားလိုက်ရသည်။
သို့ရာတွင် သူက မတွေးမိပဲ မနေနိုင်ချေ။
ယန်ကောက အမြဲတမ်း ငါ့ရဲ့နာမည်ကို ယို့ပင်းလို့ ပြောင်းစေချင်နေတာ။ ဒါပေမဲ့ ဒီကောင်ကမှ ယို့ပင်း(ခေါင်းထဲက တစ်ခုခုများ ပြောင်းသင့်တာထင်တယ်)
ကျော်ကြားမှုတွေ ပိုင်ဆိုင်ထားပြီး ဆုတွေ ရထားတာ ဘာဖြစ်လဲ။
သူက ပြဿနာ အရင်ရှာတဲ့သူ မဟုတ်ဘူးလား။
ဘယ်လိုကြောင့်များ ရုတ်တရက် ဘက်ပြောင်းပြီး သူ့ကို ချီးကျူး စေချင်နေတာလဲ။
ပိုင်ရွှမ်းက ထွက်ခွာသွားသော အဆိုတော်၏ ကျောပြင်ကို ပဟေဠိအပြည့်နှင့် ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ထူးဆန်းတယ်”
သို့ရာတွင် ယခုလေးတင် ခေါင်းမာစွာနှင့် အဆိုတော်ကို ထောက်ခံ ပေးခဲ့သော သူကလည်း ထိုကဲ့သို့ ထွက်သွားကြောင်း မြင်သောအခါ အတန်ငယ် တိတ်ဆိတ်သွားပုံ ရသည်။
“ဘာလို့ သူက တစ်ခုခု မှားနေတယ်လို့ ငါ ခံစားမိနေတာလဲ”
တင်းချီက မျက်မှောင် ကြုတ်သည်။
“ငါ သူနဲ့တော့ မရင်းနှီးပါဘူး။ ဒါပေမဲ့ အရင်က ပွဲတွေမှာတော့ အကြိမ် နည်းနည်းလောက် ဆုံဖူးတယ်။ သူက အခုလိုမျိုး သူ၏အင့်မေ့ရှ်ကိုတောင် ဂရုမစိုက်နိုင် လောက်အောင် အလျင်စလို ဆုံးဖြတ်တတ်တဲ့ သူမျိုးမှ မဟုတ်တာ။ အခု သူ ပြုမူသွားတဲ့ ပုံစံတွေက တော်တော်လေးတော့ ပုံမှန်မဟုတ်ဘူး။ သူက ပုံမှန်ဆို ဒီလောက်ထိ စိတ်မဆတ်တတ်ပါဘူး”
အဆိုတော် တစ်ယောက်ဖြစ်သည့် ပိုင်ရွှမ်းသည်လည်း ထိုအဆိုတော်နှင့် ပတ်သက်ပြီး အနည်းငယ် နားလည်သည်။ ထို့ကြောင့် တစ်ဖက်သူသည် လုပ်ဖော်ကိုင်ဖက်များအတွင်း ကြွားဝါတတ်သော အကျင့်ဆိုး ရှိကြောင်း သိထားမိသည်။ သို့သော် ယခင်ကမူ အများကြီး မတွေးမိခဲ့ချေ။ ထို့ကြောင့် တင်းချီကဲ့သို့ သံသယ မဝင်ပါချေ။
“သူက တကယ် ကြောက်နေလို့ ဖြစ်ပါလိမ့်မယ်။ မည်သို့ပင်ဆိုစေ အသက်ကို ခြိမ်းခြောက် ခံနေရသော အခြေအနေမျိုးတွင် လူတိုင်းက ကိုယ်ပိုင် အစစ်အမှန် အရောင်ကို ထုတ်ပြ တတ်လေသည်။
သို့သော် နောက်ထပ် အမျိုးသားဧည့်သည်တစ်ယောက်က ထိုအဆိုတော် ထွက်သွားသော ဘက်သို့သာ ကြည့်နေပြီး အလွန် ထိတ်လန့်နေပုံ ပေါ်သည်။
ဖျော်ဖြေရေးလောကအတွင်း နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက် ထိုအဆိုတော်က ပုဂ္ဂိုလ်ရေးရာ ကဏ္ဍတွင် စိတ်သဘောထား ဆိုးနေမည်ဆိုလျှင် ကင်မရာ၏အရှေ့တွင် ထိုမျှအထိ မမောက်မာရဲနိုင်ချေ။
တစ်စုံတစ်ရာဟာ မူမမှန်ပါချေ။
“ဟင် သူက ဒီလိုထွက်သွားတယ်ဆိုတော့ အဆင်ပြေပါ့မလား”
အချိန်တစ်ခုကြာသွားပြီးနောက် ထိုအဆိုတော်ဟာ အမှန်တကယ် ထွက်သွားသည်။ ယခုအခါ အန်းနန်ယွမ်က ဆက်လက်ပြီး တွေးမိပြန်သည်။
အမျိုးမျိုး တွေးတောစဉ်းစားပြီးနောက် အန်းနန်ယွမ်က ထိတ်လန့်သဲဖိုရုပ်ရှင်များအတွင်း အခြားသူများ၏စကားကို နားမထောင်ပဲ တစ်ယောက်တည်း လှုပ်ရှားတတ်သည့် ကာရိုက်တာများ၏ ကံကြမ္မာကို တွေးမိ သွားသည်။ သူက သူ့၏စိတ်ထဲတွင် ပေါ်လာသော အတွေးများကြောင့် တုန်ယင် သွားလေသည်။
နောက်ထပ်ဧည့်သည်တစ်ယောက်က ဝင်ပြောသည်။
“တစ်ယောက်ယောက်တော့ သွားပြီး စစ်ကြည့်သင့်တယ် ထင်တယ်”
“ငါလည်း တစ်ယောက်တည်း မသွားရဲဘူး ကြောက်တယ်။ ငါတို့ ဧည့်ခန်းထဲမှာ အတူနေတာ ပိုပြီးလုံခြုံမှာပါ။ ဒါတွေအပြင် သူက သူ့ဘာသာသူ ထွက်သွားတာလေ။ ငါတို့က သွားရှာရင် ငါတို့ကို အော်ဟစ်ဆူပူရုံပဲ ရှိမှာ”
“ဒါလည်း ဟုတ်တာပဲ။ ဘာပဲဖြစ်ဖြစ် သူဟာ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဆိုတော့ ဘာများ ဖြစ်နိုင်မှာမို့လို့လဲ”
လူတိုင်းက ထိုသို့ပြောဆိုပြီးနောက် ဧည်သည့်တစ်ယာက်က တုန့်ဆိုင်းစွာ ဝင်ပြောလာသည်။
“တကယ်တော့ သူ့အခန်းက ဒုတိယထပ် ညာဘက်ခြမ်းမှာ ရှိတာလေ။ ဒါပေမဲ့ ဒီမနက် လူကြီးမင်းယန်က လူတိုင်း ဘယ်ဘက်ခြမ်းကို ပြောင်းနေသင့်တယ်လို့ ပြောလို့ သူက ငါ့ရဲ့အခန်းထဲကို ပြောင်းလာတာ။ ဒါကများ သက်ရောက်မှု ရှိနိုင်လား”
ထိုစကားကို ကြားသောအခါ အဖွဲ့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သို့သော် အချင်းချင်း၏ မျက်လုံးများတွင် တုန့်ဆိုင်းမှုနှင့် ကြောက်လန့်မှုများက ပေါ်နေသည်။
ညာဘက်ခြမ်းတွင် လူလေးယောက်သာ နေသည်။ လျိုရီရီနှင့် အမျိုးသား သရုပ်ဆောင်က ပထမဦးဆုံး လူနာခန်းထဲသို့ ရောက်သွားသည်။ တင်းချီကလည်း အလွန် ကြောက်လန့်ခဲ့ရသည်။ ထို့ကြောင့် တစ်ဖက် တစ်ယောက်တည်းကသာ ကျန်ရစ်လေသည်။
ဒါက _ _ _
ပြဿနာတော့ မရှိလောက်ပါဘူးနော် ဟုတ်တယ်မလား။
ကျန်းဝူပင်းသည်လည်း ယန်ရှစ်ရွမ်းကို မေးခွန်းထုတ်ခဲ့သော ထိုလူကြောင့် မပျော်မရွှင် ဖြစ်နေသည့်တိုင်အောင် ဒါရိုက်တာတစ်ယောက် အနေနှင့် ရိုက်ကူးရေးအသင်းထဲရှိ အဖွဲ့ဝင်တိုင်း၏ လုံခြုံရေးကို အာရုံစိုက်ပေးရန် လိုအပ်သည်။ ထို့ကြောင့် သူက ဝန်ထမ်းအချို့ကို ခေါ်ပြီး ထိုအဆိုတော်ကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။
“တို့ ကြည့်ရတာ သူ သူ့အခန်းကို ပြန်သွားတာ မဟုတ်လောက်ဘူး။ သူ့ရဲ့ညာဘက်ခြမ်းက မူရင်းသူ့ရဲ့အခန်းကို ပြန်သွားရမှာလည်း သူ ကြောက်လို့ ဖြစ်လောက်တယ်။ ဒါပေမဲ့ ဘယ်ဘက်ခြမ်းက အခန်းကိုလည်း ပြန်မသွားခဲ့ဘူးလား”
ပိုင်ရွှမ်းက မီးဖိုခန်းဘက်သို့ ကြည့်သည်။
“သူက အဲဒီဘက်ကို သွားတာပဲ ဒါရိုက်တာ။ အဲဒီဘက်ကို သွားရှာသင့်တယ်”
ကျန်းဝူပင်းက ခေါင်းညိတ်သည်။
“ကောင်းပြီလေ တစ်ခါတည်း စားစရာတွေနဲ့ ရေရှိမရှိ သွားကြည့်တာပေါ့”
ထိုအချိန် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာအတွင်းတွင် ကြည့်ရှုသူပေါင်းများစွာက အခြေအနေကို အပြည့်အဝ နားမလည်သေးချေ။ သို့သော် ထိုအဆိုတော်၏ အထွန့်တက်မှုများနှင့် နဂိုက ထိုအဆိုတော်ကို အားပေးထောက်ခံပေးသော ပရိတ်သတ်များကြောင့် သူတို့သည်လည်း ယန်ရှစ်ရွှင်းနှင့် ပတ်သက်ပြီး မသေချာမရေရာသလို ခံစားလိုက်ရသည်။ အချို့ကမူ ကိစ္စများကို ခြားနားစွာ ရူမြင်လာသည်။
[အဲဒီလို ဖြစ်လောက်တယ်။ မနေ့ညက ကောရဲ့အခွဲဖန်သားပြင်တွေက တဆင့် ယန်ရှစ်ရွှမ်းက ပိုင်ရွှမ်းကို လိုက်ရှာပေးတာတွေ၊ ထင်းတဲထဲမှာ အတူပုန်းတာတွေကို တွေ့ခဲ့တယ်။ ယန်ရှစ်ရွှမ်းက အဲဒီလူ ပြောသလို အလျင်စလို လုပ်ခဲ့တာ မဟုတ်ပါဘူး။ သူက ငါတို့ကောနဲ့ ပိုင်ရွှမ်းကို တောက်လျောက် ကာကွယ်ပေးခဲ့တာလေ]
[ငါ ရယ်ရမလား ငိုရမလား မသိတော့ဘူး။ ကောက ယန်ကောကို အိုက်ဒေါလ်တစ်ယောက်လို ဆက်ဆံနေတာပဲ။ ပထမဦးဆုံးအကြိမ် ကော ဒီလိုမျိုး တိုက်ရိုက် ပြတ်ပြတ်သားသား ပြောတာကို မြင်ဖူးတာပဲ။ ဒါပေမဲ့ ငါသာဆိုရင်လည်း ယန်ကောကိုပဲ ရွေးချယ်မှာ။ ယန်ကောက ဒီကောင့်ထက် အများကြီးပိုချောတယ်လေ ဟား ဟား။ အလှလေးက ငါ့ကို အာရုံ လွှဲမှားစေတယ်]
[ဒီကောင် _ _ _သူ့ရဲ့ကာရိုက်တာက တကယ်ကို မကောင်းတာပဲ။ ချီချီဒီမနက် ကြောက်နေတဲ့အချိန်က လူတိုင်းက သူမကို စိုးရိမ်ပေးနေကြတယ်။ ဒါပေမဲ့ သူတစ်ယောက်တည်းကပဲ သူ့ရဲ့ အခွဲဖန်သားပြင်ကို ချီချီဆီ ချိန်ထားတာလေ။ အခြားသူတွေရဲ့ ရူထောင့်ကနေ အဖြစ်အပျက်တွေကို သေချာမမြင်ရလို့ ငါတို့ သူ့ရဲ့အခွဲဖန်သားပြင်ဆီ ပြေးလွှားခဲ့ရသေးတယ် မဟုတ်လား။]
[သနားစရာကောင်းတဲ့ ငါ့ရဲ့ချီချီလေး။ မိတ်ကပ်တွေ ပျက်စီးတဲ့အထိ ငိုနေခဲ့ရတာ။ ပါ့ပလစ်ဖစ်ကာတစ်ယောက် အနေနဲ့ ဒီလိုဘက်ခြမ်းမျိုးကို မပြသင့်ဘူး။ ဘာပဲဖြစ်ဖြစ် သူမက မင်းသမီးလေ။ ဒါပေမဲ့ ကြည့်ရှုသူတွေအားလုံးက ဒီအရှက်ရဆုံး အခြေအနေကို မြင်သွားခဲ့တဲ့အပြင် ဒီလူက ဖော်လိုဝါတွေ တိုးအောင် အသုံးချ သွားသေးတယ်။ ငါ တကယ် ဆွံ့အနေပြီ။]
[ဒါပေမဲ့ ယန်ရှစ်ရွှမ်းက ဘာလို့ လေးထပ်မြောက်ကို တက်သွားတာလဲ။ သူ့ရဲ့အခွဲဖန်သားပြင်မှာ ဘာမှလည်း မပေါ်ဘူး။ မဲမှောင်နေတာပဲ။ အဓိက ဖန်သားပြင်ကနေ ကြည့်ရင် သူက ဒီအတိုင်း လှေကားပေါ်မှာ ရပ်နေတာ။ ယေဘုယျကျကျ ပြောရရင် အဲဒီက ဖန်သားပြင်မှာ ပေါ်နေသင့်တယ်လေ ထူးဆန်းတယ်။]
[ငါလည်း သတိထားမိတယ်။ ငါ ယန်ကောရဲ့ ဖန်သားပြင်အခွဲကနေ ဒီဘက်ခြမ်းကို ကူးလာတာလေ။ ဒါမှ အခြေအနေကို သိရအောင်လို့ပေါ့။ ယန်ကောက တော်တော်လေးတော့ ချောတာနော်။ ဒါပေမဲ့ သူက တစ်ခုခုကို ရွတ်ပြီးကာစ ထင်တယ်။ အဲဒီနောက် အလင်းတွေ ပြောင်းသွားသလိုပဲ။ ငါ အလင်းမှုန်လေးကိုတောင် မြင်လိုက်သေးတယ်။ အဲဒီနောက် ဖန်သားပြင်တစ်ခုလုံးက မဲသွားတော့တာပဲ။ အဲဒီနောက် ငါ ဘာကိုမှ မမြင်ရတော့ဘူး။ ]
[အဓိကဖန်သားပြင်ကနေ ကြည့်ရင် ယန်ကောက လှေကားပေါ်မှာ ရပ်နေတာကို မြင်ရလိမ့်မယ်။ ဘာတွေ ဖြစ်နေတာလဲ။ ငါတကယ် စိုးရိမ်နေပြီ။ ယန်ကော ဒုက္ခတော့ မရောက်လောက်ဘူးနော်။
ယန်ကောတော့ ဒုက္ခရောက်ရင် ဒီရှိုးကတော့ ဒုက္ခရောက်ပြီပဲ။]
[ပါးစပ်ပိတ်စမ်း ပေါက်ကရတွေ ပြောမနေနဲ့။ နမိတ် မရှိတာတွေ။ သူတို့ ဒုက္ခမရောက်ပါဘူး။ အားလုံး လုံလုံခြုံခြုံနဲ့ ထွက်သွားနိုင်မှာပါ။]
[ဟုတ်တယ် ဟုတ်တယ် အားလုံးက အဆင်ပြေ လာပါပြီ။ ကြည့် ဒါရိုက်တာနဲ့ အခြားသူတွေက စားစရာ စရှာနေကြပြီလေ]
.....
ပရိုဂရမ်၏ ကြည့်ရှုသူများက ယန်ရှစ်ရွှမ်း၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခြင်း မဟုတ်ချေ။ အခြားတစ်ဖက်တွင် ဟိုင်ရွန်ဂူဘုရားကျောင်းမှ ဘုန်းတော်ကြီးများကလည်း တစ်စုံတစ်ရာကို လုပ်နေကြသည်။ သူတို့သည် ယန်ရှစ်ရွှမ်း၏ ဖန်သားပြင်အခွဲကို တောက်လျောက် စောင့်ကြည့်နေကြသည်။
ဟိုင်ရွန်ဂူဘုရားကျောင်းသည် သူတို့၏ ကောင်းချီးပေးမှုနှင့် မှင်သက်ဖွယ်ကောင်းသော လုပ်ဆောင်မှုများကြောင့် ကျော်ကြားသော်လည်း လူအများစုကမူ အပနှင်ခြင်း၊ တစ္ဆေဖမ်းခြင်းဆိုသော ကိစ္စမျိုးကို မယုံကြည်ကြချေ။ ထိုတာဝန်များကသာ ဟိုင်ရွန်ဂူဘုရားကျောင်း၏ အစစ်အမှန် လုပ်ဆောင်မှုများ ဖြစ်လေသည်။
ဟိုင်ရွန်ဂူဘုရားကျောင်းသည် အာဏာပိုင်များနှင့် ပူးပေါင်းပြီး သဘာဝလွန်သော ဖြစ်ရပ်ပေါင်းများစွာကို ဖြေရှင်းရုံသာ မကသေးလေပဲ ပင်းဟိုင်မြို့၏ အချို့သော နေရာမျိုးကို တာဝန်ယူစောင့်ကြပ်ပေးနေကာ သိပ်သည်းလွန်းသော ယင်နှင့် ရန်ငြိုး စွမ်းအားများကြောင့် သရဲများ မကပ်နိုင်အောင် တားဆီး ပေးလေသည်။ ထို့ကြောင့် ပုံမှန်မဟုတ်မှုများ ရှာတွေ့သည်နှင့် သူတို့က ချက်ချင်း ကိုင်တွယ်လေ့ရှိသည်။
ပင်းဟိုင်မြို့အပြင်ဘက်ရှိ ကွေ့တောင်အတွက်ကမူ ဟိုင်ရွန်ဂူဘုရားကျောင်းက မူရင်းဇစ်မြစ်ကို အလွန်ကောင်းစွာ နားလည် နေပြီးသားဖြစ်သည်။
ယခင်မျိုးဆက်များက ကွေ့တောင်အကြောင်း ပြောကြသည့် ပုံပြင်များအတိုင်း ဓားပြများ၏ ဆိုးရွားသော သေဆုံးမှုမှ စတင်ပြီး ဖြတ်သွား၊ ဖြတ်လာ ခရီးသွားများ၏ ပျောက်ဆုံးမှုအပြင် ဟိုင်ရွန်ဂူဘုရားကျောင်းသည် ထိုအရာများဟာ ကောလဟလများ မဟုတ်ကြောင်း အားလုံးကို သိနေသည်။
သို့သော် အစစ်အမှန် အဖြစ်အပျက်များကလည်း ဖြစ်ပျက်ခဲ့သေးသည်။
ဟိုင်ရွန်ဂူဘုရားကျောင်း၏ အောင်အောင်မြင်မြင်နှင့် သွားရောက် နိုင်ခဲ့သော တာအိုဘုန်းတော်ကြီးများက ရေးသားထားခဲ့သည့် မှတ်တမ်းများက မျိုးဆက် အဆက်ဆက် လက်ဆင့် ကမ်းပေးခဲ့သည်။ ထိုအချက်အလက်များတွင် ဓားပြတစ်ဖွဲ့က ကွေ့တောင်တွင် အလွန်ဆိုးရွားစွာ အဆုံးသတ်ခဲ့ကြောင်း အတည်ပြုထားသည်။ ထို့ကြောင့် နာမည်မဲ့သော တောင်တစ်ခုအဖြစ် ပြောင်းသွားသည်။
အနီးအနားရှိ ရွာသားများက တောင်တစ်ခုလုံးအနှံ့ အုပ်ဆိုင်းနေသည့် အသွေးအသားတုံးများကြောင့် ဆိုးဆိုးရွားရွား ကြောက်လန့်ခဲ့ရသည်။ သူတို့သည် ဟိုင်ရွန်ဂူဘုရားကျောင်းမှ ဘုန်းတော်ကြီးများကို ပင့်ဖိတ်ခဲ့ပြီး ရက်စက်ကြမ်းတမ်းကာ ရန်ငြိုးကြီးသည့် ဓားပြများက ရန်ငြိုးကြီးသော ဝိဉာဉ်များ ဖြစ်လာလျက် ရွာများကို မနှောက်ယှက်နိုင်အောင် ပွဲများ လုပ်ခဲ့ကြသည်။
သို့သော် ဘုန်းတော်ကြီးများက ကတိပေးသည့်အတိုင်း သွားရောက်ခဲ့သောအခါ မည်သည့် ရွာသားကိုမှ မမြင်ရချေ။ တောင်ပေါ်သို့ ကိုယ့်ဘာသာကိုယ် တက်သွားသောအခါ ပြောထားသလို အလောင်းများကို မမြင်ရပြန်ချေ။
ဒီအတိုင်း ထိုနေရာတွင် စွန့်ပစ်စံအိမ်ကြီးသာ ရှိနေသည်။ သိပ်သည်းလွန်းသော ဖုန်များက အုပ်ဆိုင်းနေပြီး ခြောက်ကပ်နေသော သွေးများကိုပင် မြင်ရ၏။ ထိုစံအိမ်ကြီးက ထိုအတိုင်း တောင်ထိပ်တွင် ကြီးကြီးမားမား ရှိနေခဲ့သည်။ ထို့ကြောင့် ရွာသားများက မလိမ်ညာကြောင်း သေချာသွားပြန်သည်။
သို့သော် ထိုနေ့မှ စတင်ပြီး ယာယီတည်းခိုရန်အတွက် စံအိမ်သို့သွားသော ခရီးသွားများက ပျောက်သွားကြောင်း ပြောကြသည်။ တောင်ပေါ်သို့တက်ပြီး ထင်းခုတ်သော ရွာသားများကလည်း ပျောက်သည်ဟု ဆို၏။
သို့သော် သူတို့ကို ရက်အနည်းငယ် ကြာပြီးနောက် ပြန်လည် တွေ့တတ်သည်။ သို့သော် အလွန်အမင်း သနားစရာကောင်းသော ပုံစံဖြင့် သေဆုံးနေကြလေပြီး တောင်ပေါ်မှ အပစ် ခံထားရသည့်ပုံစံ သို့မဟုတ် သဲလွန်စပင် မရှိဘဲ ဘယ်သောအခါမှ ပြန်မတွေ့တော့သည့် အခြေအနေမျိုးနှင့်လည်း ကြုံရတတ်သည်။
ထိုအချိန်အတောအတွင်း တာအိုဘုန်းတော်ကြီး ပေါင်းများစွာ၊ နတ်ဆရာ ပေါင်းများစွာနှင့် အခြားသော ကောလဟလ ကြားသော လူတိုင်းက ထိုကိစ္စကို ဖြေရှင်းရန် သွားခဲ့ကြသော်လည်း လက်ဗလာနှင့် ပြန်လာခဲ့ကြရသည်။ တစ်ချို့သော သိပ္ပံမကျသည့် ကိစ္စများကို မယုံကြည်သော သူများဆိုလျှင် လမ်းပင် ပျောက်ပြီး ဘယ်သောအခါမှ ပြန်မလာနိုင်ကြချေ။
ထိုတောင်သည် ဒီဝန်းကျင်ရှိ ရွာသားတိုင်းက ကြောက်လန့်ရသည့် ဂုဏ်သတင်းကြီးမားသော နယ်မြေကြီး ဖြစ်သည်။ ထို့နောက် တစ္ဆေတောင်ဟုပင် ပြောင်းခေါ်ကြသည်။
အချိန်အတန်ကြာပြီးနောက်တွင် တစ္ဆေတောင်က အချိန်ကာလကြာအောင် ငြိမ်းချမ်းပြီး လူသွားလူလာ များပြား လာရင်းဖြင့် ပြန်လည် နာမည်ကျော်ကြား လာသည်။ တောင်၏မကောင်းသော သတင်းများက ဆက်တိုက်ဆိုသလို ဖိနှိပ် ခံလိုက်ရသည်။ ဆက်တိုက်ဆိုသလို သေဆုံးမှုများအကြောင်း တင်ပြခံရမှုများ မရှိတော့ချေ။
နောက်ပိုင်းမှသာ ကွေ့တောင်ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ ထိုသို့ဖြင့် သမိုင်းဝင် နေရာတစ်ခုအဖြစ် သတ်မှတ်လာခဲ့ပြီး လူအများက မကောင်းသော အကြောင်းအရာများကို ထည့်ပြောခြင်း မရှိတော့ချေ။ ထို့အစား ပင်းဟိုင်မြို့အပြင်ဘက်တွင် ခရီးသွားများကို ဆွဲဆောင်ရန် နေရာကြီးတစ်ခု ဖြစ်လာလေသည်။ ထို့အပြင် လှပလွန်းသော ရှုခင်းများကြောင့် လူအများစုက သဘောကျကြသည်။
သို့ရာတွင် ဒီနှစ်အစပိုင်းတွင် ဆောင်းရာသီပိတ်ရက်တွင် ကွေ့တောင်ပေါ်သို့တက်သော ကောလိပ်ကျောင်းသား၊ ကျောင်းသူတစ်ဖွဲ့က ပျောက်သွားပြီးနောက်ပိုင်း ဆိုးရွားသော ကိစ္စများက ပြန်လည် စဖြစ်လာသည်။
ကယ်ဆယ်ရေးအသင်းကမူ ယခင် အခြေအနေများအတိုင်း ထိုကျောင်းသူ၊ ကျောင်းသားများက တောတွင်းရှင်သန်ရေး အတွေ့အကြုံ မရှိသောကြောင့် တောင်တက်ရင်း ဒုက္ခရောက်သွားခြင်းဟု ယူဆလိုက်ကြသည်။ သို့ရာတွင် ပျောက်နေသော ကျောင်းသားများကို ပြန်တွေ့ပြီးနောက် သူတို့သည် တုန်ယင်စွာနှင့် ရှိနေကြသည်။ ကြောက်လန့်မှုကြောင့် ရူးသွပ်မတတ် ဖြစ်နေကြပြီး တစ်ကိုယ်လုံး သွေးများ စိုရွှဲ နေကြလေသည်။
ထိုကျောင်းသားတစ်စုများက မတည်မငြိမ် ပုံစံမျိုးနှင့် သူတို့၏အတွေးများကို ပြန်လည် ဖော်ပြကြချိန်တွင် သူတို့၏မျက်လုံးက ကြောက်လန့်မှုနှင့်အတူ ပြူးကျယ် နေလေသည်။ သူတို့သည် အသွေးအသားများကို ပါးစပ်အတွင်းသို့ စုပ်ယူ ဝါးမြိုရန် ကြိုးစားသည့် လူသားပုံသဏ္ဍာန် ကြောက်စရာသတ္တဝါများကို တွေ့ခဲ့ကြောင်း တစ်ဖက်သူများက သူတို့၏နေရာကို ကျောင်းသား၊ ကျောင်းသူများကို အစားထိုး ဝင်ယူစေလိုသည်။ သူတို့သည် ကွေ့တောင်မှ ထွက်သွားချင်ကြောင်း ပြောကြသည်ဟု ဆိုသည်။
ကယ်ဆယ်ရေးအသင်းကမူ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ခံစားချက်များ တည်ငြိမ်သည်အထိ စောင့်ပြီးမှသာ မေးခွန်းထုတ်ရန် ဆုံးဖြတ် လိုက်ကြသည်။ သို့ရာတွင် ဆေးရုံသို့ သွားသည့်လမ်းတွင် ကျောင်းသား၊ကျောင်သူများ အပူချိန် မြင့်လာကြပြီး သရဲများ ရှိကြောင်း ဆက်တိုက် အော်ဟစ်လျက် ပလုံးပထွေးများ ဆိုကြပြန်သည်။
ဟိုင်ရွန်ဂူဘုရားကျောင်းက ဘုန်းတော်ကြီးများက ဆေးရုံသို့ အပြေးသွားကြသည်။ သူတို့သည် အံ့အားသင့်စေသည်မှာ ထိုကျောင်းသားကျောင်းသူများက ဝိဉာဉ်များ ကွဲထွက်နေသလိုမျိုး မတည်မငြိမ် ဖြစ်နေသည်။ သူတို့၏ သက်ရှိနှင့်တူသော အသက်စွမ်းများကလည်း သေဆုံးမှု နယ်ပယ်အတွင်းသို့ ဝင်ရောက်ပြီး ပြန်ထွက်လာသော လူများအလား ကင်းလွတ်လုနီး ဖြစ်နေခဲ့သည်။
ကျောင်းသားကျောင်းသူများ၏ ပျောက်ဆုံးသွားသော ဝိဉာဉ်များကို ပြန်လည် ထည့်သွင်းပြီးနောက် ထိုကလေးများက ယာယီအားဖြင့် တည်ငြိမ်သွားကြသည်။ သို့ရာတွင် ကွေ့တောင်အကြောင်း ထည့်ပြောချိန်တိုင်းလိုလို သူတို့သည် ကြောက်လန့်တကြား အော်ဟစ် ကြပြန်သည်။ လူသန်မာကြီးကပင် သူတို့ကို မထိန်းနိုင်ကြချေ။
ကွေ့တောင်ပေါ်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ကျောင်းသား၊ ကျောင်းသူများထံမှ မမေးမြန်းနိုင်ကြောင်း သေချာသွားသောအခါ ဟိုင်ရွန်ဂူဘုရားကျောင်းက ရွေးချယ်စရာမရှိဘဲ သူတို့ကို ဆေးရုံတွင်သာ ကုစားခိုင်းလိုက်ရသည်။ ပို၍ဆိုးသည်မှာ ကွေ့တောင် တစ်ခုလုံးအနှံ့ ရှာဖွေပြီးသော်လည်း ကျောင်းသား တစ်ယောက်က ပျောက်နေခဲ့သည်။
သိပ်မကြာခင် အနီးအနားရှိ ရွာများမှ ကလေးများကလည်း ကွေ့တောင်တွင် သွေးများ စိုရွှဲနေသော လူများက တောင်အနှံ့ လျှောက်သွားနေကြောင်း သို့မဟုတ် မြေကြီးထဲမှ အရိုးခြောက်များ ထွက်လာကြောင်း၊ အရိုးများ ပေါ်နေသော လက်ချောင်းများက မြေကြီးအတွင်းမှ ထွက်လာရန် ရုန်းကုန်နေသလိုမျိုး အပေါ်သို့ ကုပ်ခြစ်နေကြောင်း စသဖြင့် တင်ပြလာကြပြန်သည်။
အစပိုင်းတွင်မူ မိဘများက ကလေးများက နောက်ပြောင်သည်ဟု ထင်ပြီး အလေးအနက် သဘောမထားခဲ့ကြချေ။ ဒီအတိုင်း ကလေးများက ပြဿနာ ရှာချင်နေသည်ဟုသာ ထင်လိုက်သည်။
သို့ရာတွင် သိပ်မကြာခင် ဆော့ကစားသော ကလေးများသာ မကတော့ပဲ တောင်ပေါ်သို့ တက်ပြီး ထင်းခုတ်သော ရွာသားများ၊ သစ်သီးရိုင်းများ သွားကောက်သော အမျိုးသမီးများနှင့် အနီးအနားရွာသို့ သွားရန် တောင်ပေါ် လမ်းကို သုံးကာ ဖြတ်သွားသော သူများအပြင် ပို၍များပြားသော လူများကလည်း တောင်အနှံ့ရှိသော သွေးမကောင်းဆိုးဝါးများကို မြင်လာရသည်။ ထိုသူများက အရေခွံ အဆုတ်ခံထားရသော သူများနှင့် တူသည်။ သူတို့၏ အူသိမ်၊ အူမနှင့် ကိုယ်တွင်း အင်္ဂါများက မြေပြင်ပေါ်တွင် ကျနေသည်။ ထို့ကြောင့် သူတို့သွားရချိန်တိုင်း ထိုကိုယ်တွင်းအင်္ဂါများက တရွတ်တိုက် ကပ်ပါနေသည်။ ညနေ စောင်းလာချိန်တွင်လည်း ငေးငိုင်နေသော ပုံစံမျိုးဖြင့် သစ်ပင်၏အရိပ်အောက်တွင်ပင် ထိုးထိုးထောင်ထောင် ပုံစံမျိုးဖြင့် လမ်းလျှောက် နေကြသည်။ သူတို့သည် ပါးစပ်ကြီးများကို ဖြဲထားသည်မှာ မေးရိုးသာ ကျန်သည်။ ထို့အပြင် အမည်မသိရသော အဓိပ္ပာယ်နှင့် အော်သံမျိုးကို ထုတ်လွှတ်ပြီး သူတို့ရှိရာဘက်သို့ ကြည့်နေ တတ်လေသည်။
သို့ရာတွင် ထိုလူများက တောင်စွန်းနားသို့ ရောက်ပြီးနောက် ခြေလှမ်းတစ်ဝက်ပင် မလှမ်းနိုင်ကြချေ။ ထို့နောက် နောက်သို့ ပြန်လှည့် သွားကြသည်။
ထိုသို့ဖြင့် ငိုနေသော အသံမျိုးဖြင့် အော်ဟစ် ကြပြန်သည်။
အသေကောင်များ၏ အော်ငြီးသံက အိမ်ပြန်လမ်းကို မသိသလိုမျိုး ထင်ရသည်။
ရွာသားများက ကြောက်လန့်လွန်းသဖြင့် အသိစိတ် လွတ်ကြပြီး ထိုအကြောင်းကို အာဏာပိုင်များထံ တင်ပြကြသည်။
သို့ရာတွင် ဟိုင်ရွန်ဂူဘုရားကျောင်းက အာဏာပိုင်နှင့် ပူးပေါင်းပြီး ကြိုးစား အားထုတ်မှု အပြည့်နှင့် ကွေ့တောင်တစ်ခုလုံးအနှံ့ ပိုက်စိပ်တိုက် လိုက်ရှာခဲ့သော်လည်း လူအရိုးတစ်ခုကိုပင် ရှာမတွေ့ခဲ့ကြပြန်ချေ။
၉၉ရက်တာ နှလုံးခုန်သံခရီး၏ ပရိုဂရမ်အသင်းနှင့်မှသာ ထိုအကြောင်းအရာကို ပြန်လည် တွေ့ဆုံရခြင်း ဖြစ်သည်။
ထိုပရိုဂရမ်အသင်းက ကွေ့တောင်သို့ ဝင်ရောက်ပြီး ဆက်တိုက် ဆိုသလို ဆိုးရွားသည့် ကိစ္စများကို ကြုံတွေ့လာသည့်အခါ ဟိုင်ရွန်ဂူဘုရားကျောင်း၏ ဘုန်းတော်ကြီးများကို သိသော အချို့သော ကြည့်ရှုသူများက ယန်ရှစ်ရွှမ်းဆွဲသော သင်္ကေတများက တာအိုအဆောင် သင်္ကေတများ ဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သိချင်စိတ် ပြင်းပြစွာနှင့် သူတို့၏တာအိုမိတ်ဆွေ ဘုန်းတော်ကြီးများကို အကြောင်းကြားကြခြင်း ဖြစ်သည်။ ကင်မရာတွင် သတ္တဝါများ ပေါ်လာသော အခြေအနေနှင့်ပေါင်းပြီး ဟိုင်ရွန်ဂူဘုရားကျောင်းက အာရုံ စိုက်မိသွားသည်။
သူတို့သည်လည်း ရိုက်ကူးရေးအသင်းက သူတို့ ရှာဖွေနေသော်လည်း ဘယ်သောအခါမှ ရှာမတွေ့သည့် အရာများနှင့် အမှန်တကယ် ကြုံနေကြောင်း သိလိုက်သည်။ ပိုဆိုးသည်မှာ ပရိုဂရမ်အသင်းရှိနေသော ထိုစံအိမ်က လွန်ခဲ့သော ရာစုနှစ်တစ်ခုက ကွေ့တောင်မှ အရာအားလုံးကို ဖြစ်ပွားစေခဲ့သော မြစ်ဖျားခံရာ အစစ်အမှန် အရင်းအမြစ်နေရာကြီး ဖြစ်နိုင်သည်။ ရလဒ်အနေဖြင့် ဟိုင်ရွန်ဂူဘုရားကျောင်းမှ အဖွဲဝင်များက တိုက်ရိုက်ထုတ်လွှင့်မှု အစီစဉ်ကို တိုက်ရိုက် စောင့်ကြည့် ခိုင်းထားသည်။ ထိုသို့ဖြင့် ဖန်သားပြင်အခွဲ တစ်ခုခြင်းဆီက ဖြစ်ရပ်တိုင်းကို အလေးနက်ထားပြီး စောင့်ကြည့် လေ့လာနေကြခြင်းဖြစ်သည်။
သူတို့သည် ယန်ရှစ်ရွှမ်း၏ ကင်မရာကို အထူးတလည် အာရုံစိုက်သည်။
“ဒီယန်ရှစ်ရွှမ်းလို့ ခေါ်တဲ့ ဒီလူငယ်လေးက တိုက်ရိုက် ထုတ်လွှင့်မှုအခန်းမှာ ပြသွားတဲ့ ဖုန်းရွှေ သင်္ကေတတွေကို တော်တော်လေး ရင်းနှီး ကျွမ်းဝင်နေတယ်။ ငါ သူ့ရဲ့နာမည်ကို အရင်က မကြားဖူးတာကြောင့်သာ မဟုတ်ရင် သူ့ကို အဆင့်မြင့်အဆင့် ဆရာသခင်တစ်ယောက်ယောက်ရဲ့ တိုက်ရိုက် တပည့်၊ ဒါမှမဟုတ် ဒီနယ်ပယ်အတွင်းက စီနီယာ တစ်ယောက်ယောက်လို့ ထင်မိမှာပဲ”
ယန်ရှစ်ရွှမ်းက လေထဲတွင် လက်ကို သုံးပြီး သင်္ကေတများကို ရေးဆွဲနေသည့် မြင်ကွင်းကို ကြည့်နေသည့်တိုင်အောင် ဘုန်းတော်ကြီးတစ်ယောက်က တအံ့တဩ ပြောသည်။
“ဘယ်လောက်တောင် တိကျပြီး ကျွမ်းကျင် လိုက်သလဲ။ သူက တစ်သုတ်ထဲနဲ့ ဒီသင်္ကေတတွေကို ပြစ်ချက်မဲ့ ရေးဆွဲ လိုက်နိုင်တယ်။ နောက်ပြီး သူတို့ရဲ့ အင်အားတွေက ပြီးပြည့်စုံစွာ ပေါ်ထွက် လာသေးတယ်။ ဒါတွေက မွေးရာပါ သင်္ကေတတွေမှန်း သိနေရင်တောင်မှ သူ့ရဲ့ မွေးရာပါ ပါရမီက ဘယ်လောက်ထူးခြားပြီး ရှားပါး လိုက်သလဲဆိုတာကို ချီးကျူး ချင်မိသေးတယ်”
နောက်ထပ် တာအိုအကြီးအကဲ တစ်ယောက်က ရယ်သည်။
“မင်းတို့တွေ လွန်ခဲ့တဲ့နှစ် နှစ်ဆယ်လောက်ကသာ ဟိုင်ရွန်ဂူဘုရားကျောင်းကို လာတာဆိုရင် ဒီလိုလူမျိုး အမှန် တကယ်ရှိကြောင်း သိလိမ့်မယ်။ အဲဒီအချိန်က ဟိုင်ရွန်ဂူဘုရားကျောင်းမှာ အခုလိုမျိုးကျွမ်းကျင်တဲ့ သိုသိုသိပ်သိပ် နေတတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိတယ်လေ”
တစ်ချက် ဉာဏ်အလင်းပွင့်သွားရုံနှင့် သင်္ကေတစ်ခုကို ရေးဆွဲနိုင်သည်။ လောက က မင်ရည်ကို ဖြုန်းတီးပြီး ကြိုးစားအားထုတ်မှုကို အလဟသ ဖြစ်စေနိုင်သည်။
ဒီအသိုင်းအဝိုင်းတွင် မကြာခဏဆိုသလို ပင်ပင်ပန်းပန်း အားစိုက် ထုတ်စရာမလိုဘဲ သင်္ကေတများရဲ့ အနှစ်သာရကို ဖမ်းဆုတ်နိုင်သည့် ထူချွန်ပြောင်မြှောက်သော ပါရမီရှင်ကို ရှာဖွေ နိုင်တတ်သည်။ ထိုကဲ့သို့သောလူမျိုးက မည်သည့်ပွဲမျိုးကိုမှ ကျော်ဖြတ်ရန် မလိုအပ်လေပဲ သင်္ကေတများကို အကျွမ်းတဝင် ရေးဆွဲ နိုင်တတ်သည်။
ထိုတာအိုဘုန်းတော်ကြီးများ၏ အမြင်တွင် ယန်ရှစ်ရွှမ်းနှင့် လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ခန့်က သိုဝှက်စွာနေတက်သည့် လှည့်လည်သွားလာသော ဘုန်းတော်ကြီးတို့သည် ထိုကဏ္ဍအပိုင်း ဖြစ်သည်။
သို့သော် သိပ်မကြာခင် တာအိုဘုန်းတော်ကြီးများက အခြားကိစ္စကို အာရုံ မစိုက်နိုင်တော့ချေ။ သူတို့၏ အာရုံက ယန်ရှစ်ရွှမ်း၏ ပုံမှန်မဟုတ်သော အပြုအမူထံ ရောက်နေသည်။
ကင်မရာ၏ ဖရိန်မှတစ်ဆင့် ယန်ရှစ်ရွှမ်းဟာ စံအိမ်၏ လှေကားထောင့်နားတွင် ရပ်နေကြောင်း ရှင်းရှင်းလင်းလင်းမြင်ရသည်။ သူသည် ဆက်ရပ်နေသေးသည်။ သို့သော် မျက်မှောင်ဟာ ကြုတ်လိုက် ပြေလိုက်ဖြစ်နေကာ အမူအရာက ဆက်တိုက် ဆိုသလို ပြောင်းနေသည်။
ဖန်သားပြင်တွင် ဆက်တိုက်ဆိုသလိုပေါ်နေသော ကောမန့်များ၏ အခြေနေကလည်း မကောင်းချေ။ ပရိုဂရမ်၏ ကောမန့်ကဏ္ဍက ယန်ရှစ်ရွှမ်းလုပ်နေသည့် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများနှင့် ပျံ့နှံ့နေသည်။
သို့ရာတွင် တာအိုဘုန်းတော်ကြီးများကမူ လေးထပ်မြောက်မှ တစ်စုံတစ်ရာက ယန်ရှစ်ရွှမ်း၏ အာရုံကို ဖမ်းစားသွားသည်ဟု ထင်နေသည်။ သူတို့မမြင်ရသည့် အရာ ရှိနေလောက်သည်။ ယန်ရှစ်ရွှမ်း၏ မတည်ငြိမ်မှုအရ သူသည် လေးထပ်မြောက်တွင် ရှိနေလောက်မည့် တစ်စုံတစ်ရာနှင့် ထိပ်တိုက် ရင်ဆိုင်နေခြင်း သို့မဟုတ် တိုက်ခိုက်နေခြင်း ဖြစ်နိုင်သည်။
“ဒီလူငယ်လေးက တော်တော်လေးကို ထူးခြားတဲ့ ပါရမီ ရှိတယ်။ ဒါပေမဲ့ ငယ်သေးတာကိုး။ ကွေ့တောင်က အဲဒီအရာတွေက နှစ်ရာကျော်ကြာခဲ့ပြီဆိုတော့ ထိပ်တိုက်ရင်ဆိုင်တာက အဆုံးသတ် မကောင်းနိုင်ဘူး”
တာအိုဘုန်းတော်ကြီးတစ်ယောက်က စိုးရိမ်မှုအပြည့်နှင့် ပြောသည်။
“သူကသာ ပုံရိပ်ယောင်နယ်မြေမှာ ပိတ်မိသွားပြီး မလွှတ်မြောက် နိုင်ခဲ့ရင်တော့ ဆိုးပြီပဲ”
“သူ့ဘေးက ဗုဒ္ဓရုပ်ပွားတော်ကို ကြည့်ဦး”
နောက်ထပ်လူတစ်ယောက်က ယန်ရှစ်ရွှမ်း၏ ဘေးဘက်သို့ လက်ညိုးထိုးလိုက်သည်။
“ဒါက ဒီ ဒီကွမ်ရင်ရုပ်ထုက တစ်ခုခုတော့ မှားနေသလိုပဲ”
အကြောင်းမူကား ပျက်စီးနေသော ကွမ်ရင်ရုပ်ထု၏ ပိတ်ထားသော မျက်လုံးထဲမှ သွေးနီမျက်ရည်များက စီးကျလာသည်။
ထိုသို့ဖြင့် ယန်ရှစ်ရွှမ်း၏ ခြေထောက်နားတွင် သွေးများက အိုင်လာသည်။ သို့တိုင်အောင် ယန်ရှစ်ရွှမ်းကမူ သွေးအိုင်ထဲတွင်ရပ်လျက် သိသာစွာပင် မလှုပ်ရှားသေးချေ။ သူသည် မည်သူမျှမမြင်ရသည့် တစ်စုံတစ်ရာအောက်တွင် အတွေး နက်နေပုံပေါ်သည်။
တစ်ချိန်က ရှင်းလင်းကြည်လင်ခဲ့သည့် ကင်မရာက တဖြည်းဖြည်းချင်း လှုပ်ခါလာသည်။ ထိုသို့ဖြင့် ခေတ်နောက်ကျနေသော တီဗွီတစ်ခုလိုမျိုး မှိတ်တုတ်မှိတ်တုတ် ဖြစ်လာကာ ဖန်သားပြင်အနှံ့ နှင်းမှုန်များလို အရာများက ဝေဝါးလျက် ပြန့်နှံ့လာပြီး ပုံရိပ်များအားလုံးကို ဝါးသွားစေသည်။
တာအိုဘုန်းတော်ကြီးများထဲမှ တစ်ယောက်က ဆုံးဖြတ်ချက် ပြတ်သားမှုအပြည့်နှင့် သူ၏ တတိယမျက်လုံးကို ဖွင့်လိုက်သည်။
ထို့နောက် သူ၏မြင်ကွင်းက ပြောင်းလဲသွားသည်။ ကင်မရာ၏ ဖရိန်တွင် ယန်ရှစ်ရွှမ်းရပ်နေသော နေရာက သွေးများ စိုရွဲနေသည်။ အနက်ရောင် ဆံပင်ရှည် ပေါင်းများစွာက ထိုနေရာတွင် ဝရုန်းသုန်းကား ဖြစ်လောက်အောင် ပျံသန်းနေသည်။ ထို့ပြင် ဖြူဖျော့နေပြီး အရိုးများပေါ်နေသည့် လက်ချောင်းများကလည်း မှောင်အတွင်းမှ ဆန့်တန်းလျက် ယန်ရှစ်ရွှမ်းရှိရာဘက်သို့ အရပ်မျက်နှာများမှ ဝင်ရောက်ပြီး ကုတ်ဆွဲရန် ကြိုးစား နေကြသေးသည်။
ထိုနေရာတစ်ခုလုံးက ပိတ်လှောင်ထားသော ဖန်ပေါင်းချောင်ကြီးတစ်ခုလိုမျိုး သွေးများနှင့် ပြည့်နှက်နေသည်။ ထိုသွေးများက ယန်ရှစ်ရွှမ်း၏ ခေါင်းတိုင်အောင် ရောက်မတက် မြင့်တက်လာနေသည်။ ထိုသို့ဖြင့် သူ့ကို သွေးပင်လယ်အတွင်းသို့ ဆွဲယူ ချင်နေပုံပေါ်သည်။
သွေးများက ပင်လယ်သမုဒ္ဒရာကြီးအလား နက်ရှိုင်းသည်။ ရန်ငြိုးများက ပို၍ နက်ရှိုင်း သေးသည်။ ရန်ငြိုးနှင့် ဝိဉာဉ်ပေါင်းများစွာက အသက်များကို ယူချင်နေ၏။
ဆက်တိုက်ဆိုသလို မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည့် ကင်မရာက နောက်ဆုံးတွင် စွမ်းအား ဖြတ်တောက်ခံလိုက်ရသလိုမျိုး မဲမှောင်သွားသည်မှာ အရာအားလုံးကို မှောင်ပိန်း သွားစေသည်။
ထို့နောက်အနည်းငယ်ကြာပြီးနောက် ကင်မရာက ပြန်လည်လင်းသည်။ သို့သော် အရာအားလုံးဟာ ပုံမှန် ပြန်ဖြစ်သွားလေပြီ။
မည်သည့်သွေးကိုမှ မမြင်ရသလို အနက်ရောင်ဆံပင်ရှည်များလည်း မရှိချေ။ အရိုးပေါ်နေသော ပုံရိပ်ပေါင်းများစွာကလည်း ထင်ယောင်ထင်မှား မြင်ခဲ့ရသလိုမျိုး ပျောက်ကွယ် သွားပြန်သည်။
သို့ရာတွင် ယန်ရှစ်ရွှမ်းကလည်း ပျောက်သွားသည်။
ကင်မရာဟာ ဒီနေရာတွင်ရှိနေသည်။ သို့သော် ယန်ရှစ်ရွှမ်းကိုပင် မမြင်ရတော့ချေ။
တစ်ခုတည်းသော ကျန်ရစ်နေသည့် ကွမ်ရင်ရုပ်ထုကမူ ပင့်ကူအိမ်လို အက်ရာက ပြည့်နှက်နေပြီး တဖြည်းဖြည်းခြင်း သူ၏ရွှေသားခန္ဓာကိုယ်ကြီး တစ်ခုလုံးအနှံ့ ပျက်စီးသွားလေသည်။
ကွမ်ရင်ရုပ်ထု၏ မျက်လုံးက တင်းတင်းကျပ်ကျပ် ပိတ်နေသေးသည်။ မည်သည့်သွေးနှင့် မည်သည့်မျက်ရည်ကိုမှ မမြင်ရချေ။ သို့သော် သူ၏ နှုတ်ခမ်းထောင့်စွန်းက အသာကော့တက်ပြီး ကင်မရာကို တိုက်ရိုက်ကြည့်လျက် ပြုံးနေလေသည်။
သူက သက်ရှိဖြစ်သူ လူတိုင်းကို လှောင်ပြောင်ချင်ပုံ ပေါ်သည်။
တာအိုဆရာသခင် “!!!”
“ငါတို့ ဆက်စောင့်လို့မရတော့ဘူး။ ငါတို့ခုပဲ ကွေ့တောင်ကို သွားမှ ဖြစ်တော့မယ်”
******