Ch 26
Viewers 6k

အပိုင်း(၂၆)

 

ဘန်း

 

ရှည်လျားသော ခြေထောက်တစ်စုံက သွေးအိုင်အတွင်းသို့ တည်ငြိမ်စွာ နင်းလျှောက်လိုက်သည်။ ထိုအချိန်တွင် ထိတ်လန့်သည့် အမူအယာမျိုးလည်း ပေါ်မလာခဲ့ချေ။

 

မှေးမှိန်သော သွေး၏ အလင်းရောင်အောက်တွင် ယန်ရှစ်ရွှမ်း၏ ချောမောသော မျက်နှာတစ်ဝက်က အရိပ်အောက်သို့ ရောက်နေသည်။ သူက ကျေနပ်သော မျက်နှာထားနှင့် ထိုင်ခုံနောက်ဘက်သို့ ကျောမှီလိုက်ရင်း ကျယ်လောင်စွာ အော်ရယ် လိုက်သည်။

 

လွန်ခဲ့သော တစ်စက္ကန့်ကတင် သူက အရိုးခြောက်မိန်းမ၏ ဆံပင်ကို ဆောင့်ဆွဲပြီး လေးလံသော သစ်သားပြားတစ်တုံးလိုမျိုး တိုင်များဘက်သို့ လွှတ်ပစ်လိုက်ခြင်း ဖြစ်သည်။

 

ထိုအရိုးစုက ဧည့်ခန်း၏ ကြမ်းခင်းပြင်သို့ တိုက်ရိုက်ကျသွားပြီး သွေးများကို လေထဲသို့ မြှောက်တက် သွားစေခဲ့သည်။

 

ယန်ရှစ်ရွှမ်းသည် တိုင်ကိုမှီကာ ရပ်နေရင်း တစ်စုံတစ်ရာကို စောင့်နေသလို အေးအေးဆေးဆေး ငုံ့ကြည့်လိုက်သည်။

 

ကျန်သော အရိုးစုများက အခွင့်အရေးကို အမိအရယူကာ တိုက်ခိုက်လာကြသည်။ သူတို့၏အရိုးများက ပင့်ကူများလိုမျိုး ကြမ်းပြင်တွင် တွားသွားပြီး သွေးအစင်းကြောင်းရာများကို လျှင်မြန်စွာ ချန်ထားရစ်ခဲ့သည်။

 

ယန်ရှစ်ရွှမ်းသည် ခေါင်းအနောက်ဘက်တွင် မျက်စိတစ်လုံး ရှိနေသလိုမျိုး အခြား လက်တစ်ဖက်ကို ဖြောင့်ဖြောင့်တန်းတန်း မြှောက်လိုက်ပြီး အခြားသောအရိုးများကို တိုက်ရိုက် ရိုက်ချလိုက်သည်။ သူ၏လက်ဝါးတွင် ရွှေရောင်အလင်းပြပြ သဲ့ကနဲ့ လက်သွားသည်။

 

အရိုးခြောက်များက တစ်ခဏခန့် ကြောက်လန့်စွာ ရပ်တန့်သွားကြသည်။ ထို့နောက် တစ်ဖန် ပြန်လည် ချီတက်  လာသည်။ သူတို့သည် အမိန့်တစ်ခုကို ရနေပုံပေါ်၏။

 

ယန်ရှစ်ရွှမ်းက ဆင့်ခေါ်ခဲ့သည့် မိုးကြိုးအဆောင် သင်္ကေတငါးခုက လေထဲတွင် ပေါ်လာပြီး ရွှေရောင်စာလုံးများအဖြစ် ပြောင်းလဲလျက် အရိုးစုများထံ ဝင်ရောက်သွားသည်။ တစ်ချိန်တည်းတွင်ပင် သူက သူ၏သန်မာသော လက်မောင်းဖြင့် တိုင်ကို အသာတွန်းရင်း လေထဲသို့ ခုန်တက်လိုက်ကာ အရိုးစုများကို ရှောင်တိမ်းလိုက်သည်။ ထိုသို့ဖြင့် အရိုးစုများက သစ်သားတိုင်နှင့် ဆောင့်တိုက်မိကာ ကွဲကြေပြီး အောက်ဘက်သို့ ပြိုလဲကျသွားရသည်။

 

ဘန်း

 

ဘန်း

 

လေးလံသော တခွပ်ခွပ် ရိုက်သံ၊ ကျသံ၊ အရိုးကျိုးသံများက တစ်သံပြီးတစ်သံ မြည်ဟိန်း လာပြန်သည်။

 

သွေးများက လေထဲသို့ ပက်ဖြန်းလိုက်ပြီး စတုတ္ထထပ်တစ်ခုလုံးအနှံ့ ရောက်လုနီးပါး ဖြစ်သွားသည်။

 

ယန်ရှစ်ရွှမ်းသည် လျင်မြန်စွာ တုန့်ပြန်လိုက်ရင်း ဘေးဘက်သို့ ခုန်ရှောင် လိုက်နိုင်သည်။

 ထိုသို့ဖြင့် ကျန်အရိုးစုများကို လေသာဆောင်မှ အပြင်ဘက်သို့ ပြုတ်ကျသွားစေသည်။ သူက တစ်ဖန်ထပ်ခုန်လိုက်ပြီး တိုင်သို့ ကျော ပြန်ကပ်လိုက်သည်။

 

အရိုးစုများကို လေသာဆောင် အပြင်ဘက်တွင် ကျသွားစေခြင်းပင် ဖြစ်စေ၊ ယန်ရှစ်ရွှမ်း၏ အဆောင်များကြောင့် ပြာကျသွားစေခြင်းပင် ဖြစ်စေ နည်းလမ်း အမျိုးမျိုး သုံးကာ ရှင်းလင်း ပစ်လိုက်သည်။ ထိုအခါ နဂိုက စတုတ္ထထပ် ကြမ်းခင်းပြင်အနှံ့ ပက်ဖြန်းနေသော သွေးများက တဖြည်းဖြည်းချင်း လျင်မြန်စွာ ပျောက်ကွယ် သွားလေပြီး မူရင်းသစ်သားအရောင်အတိုင်း ပြန်ပြောင်းသွားသည်။ ထိုသို့ဖြင့် ဆူညံသံများကပင် ပျောက်သွားသည်။

 

သို့ရာတွင် အရိုးစုများက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အရိုးပုံ၊ သွေးပုံ ဖြစ်သွားခဲ့သည့်  တိုင်အောင် စံအိမ်က တိတ်ဆိတ်နေသေးသည်။ ယန်ရှစ်ရွှမ်း၏ ကိုယ်မှ အသက်ရှူသံမှလွဲပြီး မည်သည့်အသံကိုမှ မကြားရချေ။

 

စံအိမ်တစ်ခုလုံးတွင် သူတစ်ယောက်တည်းကသာ သက်ရှိအလား ထင်ရသည်။

 

ယန်ရှစ်ရွှမ်းက ကျန်းဝူပင်း၏ အော်သံကို စောင့်နေခြင်း ဖြစ်သည်။ သူ၏ကျန်းဝူပင်းအပေါ် နှစ်ပေါင်းများစွာ နားလည် သဘောပေါက်မှုအရ ဧည့်ခန်းထဲမှ ကျန်းဝူပင်းသည် သူ ထွက်‌သွားကြောင်း သိပြီး သွေးလွှမ်းသော မြင်ကွင်းကို တွေ့လိုက်ရုံနှင့် အမြင့်ဆုံးသော အသံနူန်းကိုသုံးကာ အော်ဟစ် ပေလိမ့်မည်။

 

ယန်ရှစ်ရွှမ်းက စတုတ္ထထပ်သို့ ဝင်ရောက်ပြီးနောက် ကျန်းဝူပင်းက ရိုက်ကူးရေးအဖွဲ့သားများကို ခေါ်ကာ စားစရာနှင့်ရေများကို လိုက်လံရှာဖွေပြီး အဆိုးတကာ့ အဆိုးဆုံးအတွက် အရန်အကြံအစည်တစ်ခု ချလိုလျှင်ပင် ပထမထပ်ရှိ အရေးပေါ်ခန်းကို စောင့်ကြည့်ရန် လူအနည်းငယ် ချန်ထားရစ်ပေလိမ့်မည်။

 

ထိုလူများကလည်း သရဲများနှင့် ပတ်သက်ပြီး အတွေ့အကြုံ မရှိနိုင်ချေ။ သူတို့၏ ကြောက်စရာ  ကောင်းသော အခြေအနေများကို ကိုင်တွယ်နိုင်စွမ်းရည်က ကျန်းဝူပင်းထက် ပို၍ အခြေအနေဆိုးနိုင်သည်။ ထို့ကြောင့် သူတို့က တည်ငြိမ်နိုင်လျှင်ပင် အနည်းနှင့်အများ သူတို့၏အသက်ရှူသံတွေ အပြောင်းအလဲ ဖြစ်သွားနိုင်သည်။

 

သို့ရာတွင် မည်သည့်အသံကမှ ထွက်မလာချေ။

 

ထိုအခြေအနေအရ ယန်ရှစ်ရွှမ်း၏ မှတ်ဉာဏ်လောကမှ ထွက်ပြီးပြီးချင်း သရဲမချီရွှမ်းကို မြင်ခဲ့ချိန်က ခံစားခဲ့ရသည့် သံသယကို အတည်ပြုလိုက်နိုင်သည်။

 

_ _ _

 

စံအိမ်တစ်ခုလုံးက သေလုခြောက်ခြားဖွယ် တိတ်ဆိတ် နေလေသည်။ ရိုက်ကူးရေး အဖွဲ့သားများက ပျောက်ကွယ်သွားခြင်း၊ ချက်ချင်း လိုလို ရှိနေနှင့်ပြီးသော သွေးများက ချက်ချင်းလိုလို ပျောက်ကွယ်သွားခြင်းဆိုသော ကိစ္စတိုင်းက ရူပဗေဒ နိယာမများကို ဖီဆန်နေသည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်းသည်လည်း ဒါဟာ သူ နဂိုက ရှိနေခဲ့သည့် တစ္ဆေတောင်စံအိမ် မဟုတ်တော့ကြောင်း သိလိုက်သည်။

 

မှတ်ဉာဏ်လောကအတွင်းမှ ထွက်ခွာသွားပြီးနောက် သူသည် ရိုက်ကူးရေးအဖွဲ့သားများ ဝင်ရောက်ခဲ့သည့် တစ္ဆေတောင်သို့ ပြန် မရောက် သွားခဲ့ပုံ ပေါ်သည်။

 

ထိုအစား လေးထပ်မြောက်သို့ ရောက်လာသည်။ ထိုလေးထပ်ကို ရန်ငြိုးကြီးဝိဉာဉ် ချီရွှမ်းက ထိန်းချုပ်ထားသည်။

 

ထိုအတွက်ကြောင့်လည်း အိမ်တော်ထိန်းက ရိုက်ကူးရေးအဖွဲ့သားများ အခန်းရွေးရာတွင် လေးထပ်မြောက်သို့ မတက်အောင် အကြောင်းပြချက် သုံးခဲ့ခြင်း ဖြစ်သည်။ အိမ်တော်က အလွန်ထိန်းချုပ်နိုင်စွမ်းအား ပြင်းထန်သော်လည်း အန်းနန်ယွမ်က လေးထပ်သို့ တက်ပြီး တိုက်ရိုက် ထုတ်လွှင့်သော အချိန်တွင် ပေါ်ထွက်လာခြင်း မရှိခဲ့ချေ။ အကြောင်းမူကာ လေးထပ်ကို ချီရွှမ်းပိုင်နေသောကြောင့် ဖြစ်သည်။

 

အိမ်တော်ထိန်းအိုကြီ ကျိုးချီက လွန်ခဲ့သော နှစ်တစ်ရာခန့်က နာနီနှင့် ချီရွှမ်းကို သတ်ခဲ့သည်။ ထို့ကြောင့် ချီရွှမ်ကို အလွန် ကြောက်နေသည်။

 

ယန်ရှစ်ရွှမ်းသည် ချိရွှမ်းဟာ ဓားပြခေါင်းကျိုးချီ၏ ရှုထောင့်မှ ပြန်ပြသည့် မှတ်ဉာဏ်တိုင်းကို စောင့်ကြည့်ရင်း ထိန်းချုပ်နေခဲ့သူ ဖြစ်ပေလိမ့်မည်။ ထိုအတွက်ကြောင့် ဒီလိုအခြေအနေနှင့် ပတ်သက်ပြီး သူက မအံ့ဩသွားပါချေ။

 

_ _ _

 

လွန်ခဲ့တဲ့ နှစ်ရက်ခန့်အတွင်း ယန်ရှစ်ရွှမ်းသည် တစ္ဆေတောင်၏ ပုန်းကွယ်‌နေသော နယ်နမိတ်နှင့် ပတ်သက်ပြီး တိတိကျကျ ရှာဖွေတွေ့ရှိနေပြီးသား ဖြစ်သည်။

 

ဥပမာအားဖြင့် သရဲမချီရွှမ်းက စံအိမ်၏ဘယ်နှင့်ညာ နေထိုင်သူများကို ခွဲခြားဆက်ဆံပုံ ဖြစ်စေ၊ အိမ်တော်ထိန်းအိုကြီးက လှုပ်ရှား သွားလာနိုင်သည့် ဝန်းကျင်အတိုင်းအတာ ဖြစ်စေ၊ ပုဆိန်သယ်လျက် လျှောက်သွားသော မကောင်းဆိုးဝါးများပင် ဖြစ်စေ၊ ဥယျာဉ်အတွင်းရှိ ထင်းတဲကို ကြောက်သော လူမျက်နှာ နှင်းဆီများကိုပင် ဖြစ်စေ၊ တောထဲမှ သွေးရောင်နှင့် မကောင်းဆိုးဝါးများပင် ဖြစ်စေ အားလုံးကို နားလည်နေပြီးသား ဖြစ်သည်။ သူတို့သည် ဆီနှင့်ရေကဲ့သို့ တစ်ယောက်၏ ပိုင်နက်နယ်မြေကို အခြားတစ်ယောက်က နင်းနိုင်စွမ်းအား မရှိပါချေ။

 

သို့ရာတွင် အတိတ်အဖြစ်အပျက်များတွင် အဓိကကဏ္ဍမှ ပါဝင်ခဲ့သော ချီရွှမ်းကမူ သူမတွင် ကိုယ်ပိုင်ပိုက်နက်နယ်မြေ ရှိမရှိ မသိနိုင်သေးချေ။

 

သရဲမချီရွှမ်းက ဘယ်ဘက်ခြမ်းတွင်ရှိသော ပိုင်ရွှမ်းကို ကြင်နာပေးသော်လည်း ယန်ရှစ်ရွှမ်းကိုမူ ပုံရိပ်ယောင် သုံးပြီး ကိုယ့်ကိုယ်ကို သတ်သေအောင် ဖျားယောင်း သေးသည်။ ထပ်ပေါင်းဆိုရသော် ယန်ရှစ်ရွှမ်းက သူမ၏ အားနည်းချက်ကို ရှာတွေ့သွားပြီး သူမ၏ ချစ်ရသူကို တမင် စော်ကားမော်ကား ဆိုသောအခါ သရဲမချီရွှမ်းက ဒေါသထွက်နေသည့် တိုင်အောင် ဥယျာဉ်ထဲမှ တတိယထပ်သို့ ကုန်းမတက်လာရဲချေ။

 

ထိုအချိန်က ယန်ရှစ်ရွှမ်းသည်လည်း ချီရွှမ်း၏ပိုင်နက်နယ်မြေက သူ ယခင်က မသွားခဲ့ဖူးသည့် လေးထပ်သာ ဖြစ်လောက်ကြောင်း ခန့်မှန်းမိခဲ့သည်။

 

သူ၏မှတ်ဉာဏ်များထဲတွင် နာနီ၏စကားများ ဖြစ်သည်။

 

“ငါ လွန်ခဲ့တဲ့ နှစ်တစ်ရာလုံးလုံး စတုတ္ထထပ်ကို မတက်နိုင်ခဲ့ဘူး။ ဒါကြောင့် သခင်မလေးကို လုံးဝမတွေ့နိုင်ခဲ့ဘူး”

 

ဆိုသော စကားလုံးက ယန်ရှစ်ရွှမ်း၏ ခန့်မှန်းမှုကို အကျိုးသင့်အကြောင်းသင့်ရှိကြောင်း သက်သေ ပြနိုင်ခဲ့သည်။

 

ယန်ရှစ်ရွှမ်းကို အံ့အားသင့်စေသည်မှာ ချီရွှမ်း၏ အယူသီးစိတ် ဇာစ်မြစ်နှင့် မုန်းတီးမှုများက သူ ထင်ထားသလို မတူညီနေခဲ့ချေ။ သူ အတိတ်က တွေ့ခဲ့ဖူးသော မိစ္ဆာသရဲများတွင် မတရားခံခဲ့ရသည့် ဝိဉာဉ်များက သတ်ဖြတ်သူများကို ကြောက်လန့်သည်။ တစ်ပြိုင်နက်တည်းတွင်ပင် မုန်းတီးသည်။ မည်သို့ပင်ဆိုစေ သူတို့က မိစ္ဆာဝိဉာဉ်များ ဖြစ်လာခဲ့ပြီးသည့်တိုင်အောင် သူတို့ကို သေစေခဲ့သူများကို ကြောက်သည်။ ထို့ကြောင့် ထည့်ပြောရဲခြင်းပင် မရှိခဲ့ချေ။

 

သို့ရာတွင် ဓားပြခေါင်းဆောင် ကျိုးချီက ချီရွှမ်းကို သတ်ခဲ့သော်လည်း ချီရွှမ်းကို ကြောက်နေရသည်။

 

ယန်ရှစ်ရွှမ်းသည် ထိုကဲ့သို့သော အခြေအနေမျိုးကို တွေ့ရခဲသည်။

 

တစ်စုံတစ်ခု ပြောင်းလဲနေလို့မှ_ _ _

 

ချီရွှမ်းက ကျိုးချီကို သတ်ခဲ့တာ ဆိုရင်တော့ တစ်မျိုးပေါ့။

 

ယန်ရှစ်ရွှမ်းက သူယခင်က မြင်ခဲ့ရသော မှတ်ဉာဏ်များက ပြီးပြည့်စုံခြင်း ရှိမရှိ သံသယဝင်နေပြီ ဖြစ်သည်။

 

မည်သို့ပင်ဆိုစေ ထိုမြင်ကွင်းများက ဓားပြများ၏ သတ်ဖြတ်မှုဖြင့် အဆုံးသတ် သွားသည်။ သို့သော် တစ္ဆေတောင်တွင်မူ ဓားပြများက ဆိုးရွားစွာ သေဆုံးသွားခဲ့ကြောင်း ကောလဟလများ ရှိနေတတ်သည်။

 

ဒါဆိုရင် သူ မမြင်ခဲ့ရတဲ့အတိတ်မှာ ဘာတွေ ဖြစ်ခဲ့သေးတာလဲ။

 

သို့သော် ယန်ရှစ်ရွှမ်းကမူ အတိတ်အကြောင်း အကောင်းဆုံး သိနေသည့် ချီရွှမ်းကို တိုက်ရိုက် မမေးနိုင်ချေ။

 

ယခုလေးတင် သရဲမချီရွှမ်းက နာနီကို ပြန်ပေးခိုင်းရင်း ယန်ရှစ်ရွှမ်းထံ အပြေးအလွှား ဝင်ရောက်လာသည်။ ယန်ရှစ်ရွှမ်းကမူ သူမကို တမင်တကာ ရန်စ ခဲ့ခြင်းဖြစ်သောကြောင့် ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူသည် တိုက်ရိုက်ပင် ချီရွှမ်း၏လက်ထဲမှ နှင်းဆီဆံတိုးကို လုယူနိုင်ခဲ့သည်။

 

သူက ချီရွှမ်းကို ရယ်မော၍ ပြောခဲ့သေးသည်။

 

“မင်းရဲ့နာနီကို ပြန်ပေးရမယ် ဟုတ်လား။ သူမက ပျောက်ကွယ်သွားဖို့၊ သန့်စင်ခံရဖို့ ဆန္ဒ ရှိနေခဲ့တာ။ နောက်ပြီး ပြန်လည် မွေးဖွားတဲ့ စက်ကွင်းကိုလည်း ပြန်လည် ဝင်ချင်ခဲ့သေးတယ်။ ပြန်ပေးဆိုတဲ့ စကားလုံးကို မင်းက ဘယ်နေရာကနေ ယူလာ တာလဲ။ မင်းကသာ လွန်ခဲ့တဲ့ နှစ်တစ်ရာလုံးလုံး သူမရဲ့ ကြင်နာမှုကို ထပ်ခါတလဲလဲ ငြင်းပယ် နေတာကြောင့် မဟုတ်ရင်၊ သူမကို မင်းရဲ့ခြံစည်းရိုးမှာ အမြဲတမ်း ခြံစည်းရိုး အပြင်ဘက်မှာ ထိန်းထားတာကြောင့် မဟုတ်ရင် ဘယ်သူကမှ သူမကို မင်းဆီကနေ ခေါ်သွားနိုင်မှာ မဟုတ်ဘူး”

 

“အဆုံးသတ်မှာတော့ မင်းက သူမကို သေစေတယ်။ ဒါတောင်မှ သူမကို နှစ်တစ်ရာလုံးလုံး ဒုက္ခ ခံခိုင်းလိုက်သေးတယ်”

 

ယန်ရှစ်ရွှမ်းက လှောင်သည်။

 

“သူမက နောက်ဆုံး အခိုက်အတန့်အထိ မင်းရဲ့လုံခြုံရေးကိုပဲ စိုးရိမ်နေခဲ့တာ။ ဒါပေမဲ့ သူမက သားသမီးအရင်းလို ဆက်ဆံပေးတယ်။ မင်းကတော့ သူမကို ပျော်ရွှင်မှုတွေ မယူဆောင် ပေးတဲ့အပြင် မလိုလားအပ်တဲ့ နာကျင်မှုတွေတောင် ပေးလိုက်သေးတယ်”

 

“သူမရဲ့ ကလေးတစ်ယောက် အနေနဲ့ မင်းရဲ့အပြုအမူတွေက မျှတရဲ့လား”

 

ယန်ရှစ်ရွှမ်း၏ မေးခွန်းများက ပြင်းထန်သော ထိုးနှက်ချက်လိုမျိုး ချီရွှမ်းအား ဆံထိုး ပြန်ယူရန် မေ့သွားစေသည်။ သူမ၏မျက်ဝန်းများက အနီရင့်ရောင်အဖြစ် ပြောင်းလဲသွားပြီး သူ့အား မှင်သက်စွာ စိုက်ကြည့် လေသည်။

 

“သူမ နာကျင် ခံစားနေရတာကို မင်းက မျက်ကွယ်ပြုထားပြီး နှစ်တစ်ရာလုံးလုံး သူမရဲ့ တောင်းဆိုမှုတွေကို လစ်လျူရှု ခဲ့တယ်။ အဲဒီနောက် မင်းရဲ့ ကိုယ်ပိုင် နာကျင်မှုတွေကို မုန်းတီးမှုထဲမှာ နစ်မြှပ် နေခဲ့တာ။ ဒီလိုနဲ့ မင်း ဘယ်တော့မှ နာကျင်အောင် မလုပ်ချင်တဲ့ သူကို နာကျင်စေခဲ့တာပဲ”

 

“မင်းက သူမရဲ့သမီး ဖြစ်ဖို့ တန်လို့လား”

 

ယန်ရှစ်ရွှမ်း၏ မေးခွန်းများက တစ်လုံးချင်းစီး ပြီးဆုံးချိန်တိုင်း ပို၍လေးလံ၍ လာသည်။ ပြင်းထန်သော ဖိအားအောက်တွင် မူလက ခက်ထန်ကြမ်းတမ်းသော ချီရွှမ်းက မမျှော်လင့်ထားစွာပင် အလန့်တကြား ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။

 

“မဟုတ်ဘူး။ အဲဒီလို  မဟုတ်ဘူး”

 

ချီရွှမ်းက သတိလက်လွတ် ပြန်ငြင်းလိုသည်။ သို့သော် သူမ ယုံကြည်မှု မရှိချေ။ သူမ သွေးနီရောင်မျက်ဝန်းများက ဘေးဘက်သို့ စိုးရိမ်တကြီး ကြည့်သည်။ အခုလေးတင် ဓားပြခေါင်းဆောင်ကို လွှမ်းမိုးနိုင်သည့် လေးစားဖွယ်ကောင်းသော သရဲနှင့်ပင် မတူတော့ချေ။ ထို့အစား သူမက အမှားလုပ်ထားမိသော်လည်း ဝန်ခံရန် ကြောက်လွန်းနေသော ကလေးငယ်လေးတစ်ယောက်လိုမျိုး ခေါင်းမာစွာနှင့် မေးရိုးကို တင်းတင်းကြိတ်လျက် ရှိနေသည်။ သူမကိုယ်တိုင်လည်း အမှားကို သိနေသည်။ သို့သော် ဝန်မခံ ရဲခဲ့ချေ။

 

သူမသည် တစ်စုံတစ်ရာကို ရှင်းပြချင်ပုံ ရသည်။ သို့သော် မနေနိုင်ပဲ ဘေးဘီကို ကြည့်လိုက်သောအခါ နာနီ၏အရှိန်အဝါကို သဲလွန်စပင် ရှာမတွေ့တော့ချေ။ ထိုအခါမှသာ သူမအမေအသစ်အဖြစ် သတ်မှတ်ခဲ့သော နာနီက နှစ်တစ်ရာလုံးလုံး သူမနှင့်အတူနေခဲ့သော စံအိမ်မှ ထွက်ခွာသွားပြီး ဝိဉာဉ်တိုင်း သွားသင့်သည့်နေရာသို့ သွားပြီး ပြန်လည်ဝင်စားသည့် စက်ကွင်းအတွင်းသို့ ဝင်ရောက်သွားကြောင်း သိလိုက်သည်။ အသစ်စက်စက် လူတစ်ယောက် ဖြစ်သွားလျှင် သူမသည် ချီရွှမ်းကို ဘယ်သောအခါမှ မှတ်မိလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ရင်းနှီးကျွမ်းဝင်သော နာမည်ဗြောင်ကိုလည်း ခေါ်ပေးလိမ့်မည် မဟုတ်ချေ။ သူမက ထိုအခြေအနေကို သတိ ထားမိသွားသည့် အခိုက်အတန့်တွင် သူမ၏ခွန်အားများအားလုံးက ခန္ဓာကိုယ်မှ ထွက်ခွာ သွားသလို ခံစားလိုက်ရသည်။ သူမက စိတ်ဓာတ်ကျစွာ ခေါင်းကို ငုံ့လိုက်၏။ သူမက လူအုပ်ထဲရောက်နေသော စွန့်ပစ်ခံလိုက်ရသော ကလေးတစ်ယောက်လိုမျိုးပင် ဘေးဘီကို အလန့်တကြား ကြည့်ကာ ရှာဖွေသော်လည်း မည်သူ့ကိုမှ မတွေ့ရချေ။

 

သူမ၏ အနက်ရောင်ဆံပင်များက သူမ၏မျက်နှာကို အုပ်နေသည်။ ထို့ကြောင့် ပို၍ နက်ရှိုင်းသော ရန်ငြိုးစွမ်းအားများကပင် ပေါက်ထွက်လာစေသလို ထင်ရသည်။

 

အနက်ရောင် မြူထုက ချီရွှမ်းကို လွှမ်းခြုံလာပြီး ထို့နောက် တစ်ခဏတွင် သူမသည် ယန်ရှစ်ရွှင်း၏ အ‌ရှေ့မှ ပျောက်ကွယ် သွားလေသည်။

 

မူလကမူ သူ နာနီထံမှ ရထားသော သတင်း အချက်များကို သုံးပြီး ချီရွှမ်းထံမှ စံအိမ်ကို ပို၍ အသေးစိပ်ကျကျ နားလည်ချင်ခဲ့သည်။ သို့သော် ယခုလို အခြေအနေမျိုးကြောင့် အံ့အားတကြီး မျက်ခုံးပင့်လိုက်မိသည်။

 

ချီရွှမ်း၏ တုန့်ပြန်မှုက မမျှော်လင့်ထားစွာပင် ပြင်းထန် လွန်းသည်။ ပြင်းထန် လွန်းသဖြင့် ရန်ငြိုးကြီးဝိဉာဉ်ဆိုသော သူမ၏တည်ရှိမှု အနှစ်သာရကိုပင် အလွန်အမင်း လှုပ်ခတ်သွား စေသည်။ ထိုအခြေအနေက ယန်ရှစ်ရွှမ်း မမျှော်လင့်ထားသော အခြေအနေ ဖြစ်သည်။

 

သူ မပြောသင့်တာများ ပြောလိုက် မိတာလား။

 

ဒါဆိုရင် ချီရွှမ်းကို ကွေ့တောင်မှာ နှစ်တစ်ရာလုံးလုံး ပိတ်လှောင်ထားခဲ့တာ သူမရဲ့ချစ်သူကို စောင့်နေခဲ့တာလည်း မဟုတ်သလို သူမကို သတ်ခဲ့တဲ့ ဓားပြတွေလည်း မဟုတ်ပဲ နာနီကြောင့်လား။

 

လေးထပ်ကော်ရစ်တာ အတွင်းတွင် နံရံတွင် ကပ်လျက်ရှိနေခဲ့သော ပန်းချီပုံများ ယခုအခါ ကွေးကောက်ပြီး ပြုတ်ကျလျက် ရှိနေသည်။ ထို့အပြင် မှန်ကွဲစများကလည်း သစ်သားများအနှံ့  ပြန့်ကျဲနေသည်။ ထိုနေရာ  တစ်ခုလုံးက တိတ်ဆိတ်နေသည်။

 

ယခုလေးတင် သေစေနိုင်‌လောက်အောင် ခြိမ်းခြောက်မှုပေးနိုင်သည့် ကြောက်မက်ဖွယ် ကောင်းသော သေမင်းလို ချဉ်းကပ်လာခဲ့သည့် သရဲမကပင် ယန်ရှစ်ရွှမ်းကြောင့် ပျောက်သွားသည်။

 

ချီရွှမ်းကိုမူ မည်သည့်နေရာတွင်မှ မမြင်ရတော့ချေ။

 

ယန်ရှစ်ရွှမ်းသည် သူမ၏ ကန့်သတ်ချက်ကို ထပ်ခါတလဲလဲ စမ်းသပ်ကြည့်သည်။ ကျိူးချီ၏နာမည်ကိုပင် အော်သေးသည်။ သို့သော် သူမက ပေါ်မလာခဲ့သေးချေ။

 

ထိုအခြေအနေက ယန်ရှစ်ရွှင်းအား သူ လွန်လွန်းအား ကြီးသွားသလောဟု တွေးမိသွားစေသည်။

 

ဒီကန်တိုးနှစ်အော်ပရာ အဆိုတော်က လွန်ခဲ့တဲ့ နှစ်တစ်ရာကတည်းက အခုခေတ် မိန်းကလေးတွေ ပြောသလိုမျိုး လူကြောက်တတ်တာ များလား။ သို့ရာတွင် ချီရွှမ်းက မရှိနေကတည်းက ယန်ရှစ်ရွှမ်းကလည်း အန်းနန်ယွမ်၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် မြင်ခဲ့ရသည့် မြင်ကွင်းများကို တဖန်ပြန်လည် အတည်ပြု နိုင်သွားသည်။

 

_ _  _

 

မှတ်ဉာဏ် လောကအတွင်းတွင် ထိုလောကကို ချီရွှမ်းက ထိန်းချုပ်ထားသည်။ ရိုက်ကူးရေး အဖွဲ့သားများရှိသော လောကကလည်း သီးသန့် ဖြစ်သည်။ နှစ်ခုကြားမှ ကွာခြားချက်က မည်သည့် အရာဖြစ်ကြောင်း သူသည် ချီရွှမ်း ထိန်းချုပ်ထားသော လောကမှ ကွေ့တောင်သို့ မည်သို့ ပြန်သင့်ကြောင်း လေ့လာ  ရဦးမည်။

 

ယန်ရှစ်ရွှမ်းသည်လည်း သူသာ ချီရွှမ်းက လေးထပ်နှင့် စံအိမ်တစ်ခုလုံးကို ထိန်းချုပ်ထားမှကို လိုလိုလားလား စိတ်လိုလက်ရ ပြောလျော့ပေးအောင် လုပ်နိုင်မည့် နည်းလမ်းကို ရှာတွေ့မည်ဆိုလျှင် တစ္ဆေတောင်မှ ထွက်ပြီး ကွေ့တောင်သို့ ပြန်လာနိုင်မည်ဖြစ်ကြောင်း သိလိုက်သည်။

 

ထို့အပြင် စံအိမ်အတွင်းတွင် ရှိနေသည့် သဘာဝလွန်ဆန်သော ဖြစ်ရပ်များကလည်း တစ်ခုနှင့်တစ်ခု ကိုက်ညီခြင်းမရှိ‌ချေ။ အနည်းနှင့်အများ အရာအားလုံး၏ ဇစ်မြစ်က တစ္ဆေတော င်ဖြစ်ကြောင်းကို သူက ခန့်မှန်းနိုင်သည်။ အဓိက ဇစ်မြစ်ကမူ ချီရွှမ်းကိုယ်တိုင် ဖြစ်သည်။

 

******