အပိုင်း(၂၇)
စတုတ္ထထပ်တွင် ချီရွှမ်း၏ သဲလွန်စတိုင်းက ပျောက်ကွယ်သွားပြီး အရာအားလုံးက တိတ်ဆိတ် ငြိမ်သက်သွားသည်။
ယခုလေးတင် လွှင့်ပစ်ခံခဲ့ရသည့် အမျိုးသမီးများ၏ အရိုးစု အကြွင်းအကျန်များကလည်း ပျောက်ကွယ်သွားပြီး ပြန်လည် ပေါ်ထွက်လာခြင်း မရှိတော့ပါချေ။ နံရံပေါ်မှ ပန်းချီကားများကို ယန်ရှစ်ရွှမ်းက တဖန်ပြန်လည် ကြည့်လိုက်သည့် အခိုက်အတန့်တွင် မူရင်းပုံစံအတိုင်း ပြန်ပြောင်းနေကြောင်း မြင်လိုက်ရသည်။ ကွဲထွက်သွားသော သစ်သားဘောင်များဖြစ်စေ၊ ကြမ်းပြင်တွင် တလက်လက် တောက်ပနေသော ဖန်အကွဲစများကပင် ဖြစ်စေ မူရင်းပုံစံအတိုင်း ပျက်စီးခြင်း မရှိသည့် ပန်းချီကားများအသွင် ပြောင်းနေလေပြီ။ ထိုပန်းချီကားများက ဘယ်သောအခါမှ မလှုပ်ရှားခဲ့သလိုမျိုး အကောင်းအတိုင်း ပြန်ရှိနေလေသည်။
သို့ရာတွင် ပန်းချီကားထဲမှ ပုံများက ပြောင်းသွားသည်။ အော်ဟစ်နေပုံ၊ ငိုကြွေးနေပုံများ ရှိနေခဲ့သည့် အမျိုးသမီးများ၏ မျက်နှာများအစား မျက်နှာကိုအုပ်ကာ တိတ်ဆိတ်နေသည့် အမျိုးသမီးများအသွင် ပြောင်းသွားသည်။
ရုပ်ပိုင်းဆိုင်ရာ အသိစိတ်၏ ချုပ်ထိန်းမှုများမှ လွတ်ကင်းသွားပြီးနောက် စံအိမ်၏ မူလ Uပုံသဏ္ဍာန် တည်ဆောက်ပုံက ပို သိသာ ထင်ရှားလာသည်။ ကန့်သတ်ထားသော ကော်ရစ်တာအရှည်ကို အဆုံးအစမဲ့သည်အထိ တိုက်ရိုက် ဆွဲဆန့် ကြည့်လိုက်မည် ဆိုလျှင် ဝေးကွာလွန်းသော နေရာရှိ အမှောင်ထုအတွင်းသို့ ရောက်ရှိသွားပေလိမ့်မည်။
နံရံ၏ တစ်ဖက်တစ်ချက်ချင်းစီတွင် ရှိနေသော ပန်းချီကားများက လျှောက်လမ်း တောက်လျောက် ဆန့်တန်းကာ ရှိနေသည်မှာ အဆုံးအစ မဲ့နေသည်ဟုပင် ထင်ရသည်။
ပန်းချီကားများအတွင်းတွင် လက်များကို သုံးလျက် မျက်နှာကို အုပ်နေသော အမျိုးသမီးများ ဖြစ်စေ၊ လက်တစ်ဖက်ဖြင့် မျက်လုံးများကို အုပ်ပြီး ကျန်သော လက်တစ်ဖက်က နားကို ပိတ်ထားလျက် အစစ်အမှန်ကို ရှောင်ရှားလိုသော အမျိုးသမီးများကိုပင် ဖြစ်စေ မြင်ရသည်။
သူတို့၏ တစ်ကိုယ်လုံးက အနက်ရောင်ဆံပင်များအောက်တွင် ရောက်နေလေပြီး ပိတ်ကားအ ပြင်ဘက်ရှိလောကကို ရင်မဆိုင်ချင်ပဲ ရှိနေသည်။
အချို့သော အမျိုးသမီးက မြေပြင်တွင် ဒူးထောက်လျက် ရှိသည်။ သူတို့၏ လက်များက ကောင်းကင်သို့ စိတ်ပျက်အားငယ်စွာ ဆန့်တန်းရင်း ကောင်းကင်ကို မေးခွန်း ထုတ်နေသလို သွေးကြောများက ထောင်ထနေသေးသည်။ သူတို့သည် ကောင်းကင်ကို အသနား ခံနေပုံ ပေါ်သည်။
ယန်ရှစ်ရွှမ်းက လျှောက်လမ်းတလျှောက် တဖြည်းဖြည်းချင်း လျှောက်သွားရင်း အမျိုးမျိုးသော ခြားနားသည့် ပုံစံအပြုအမူများနှင့် ပုံစံပန်းချီကားများကို လေ့လာနေခဲ့သည်။
ပြတင်းပေါက်အပြင်ဘက်မှ အနီရောင်အလင်းကို ထုတ်လွှတ်ထားသည့် လရောင်က စံအိမ်နှင့် ဥယျာဉ်ထံသို့ ကျဆင်းလာသောအခါ အနီရောင် ပန်းများက ရမ်းခါနေလေသည်။
လွန်ခဲ့သောနှစ်တစ်ရာခန့်က ချီရွှမ်းသေသွားခဲ့သော ညကကဲ့သို့
ခရက်
ယန်ရှစ်ရွှမ်းက လက်တစ်ဖက်မြှောက်လျက် လေးလံသော တံခါးကို တွန်းဖွင့် လိုက်သည်။ တံခါးက ဟောင်းနေလေပြီ။ ထို့ကြောင့် တွန်းဖွင့်လိုက်သောအခါ တတီတီ မြည်သံက ကျယ်လောင်စွာ ထွက်ပေါ်လာလျက် တိတ်ဆိတ်သော နေရာတွင် ခြောက်ခြားဖွယ် ကောင်းသွားလေသည်။
ယန်ရှစ်ရွှမ်း အရှေ့တွင် ရှိနေသည်မှာ ခမ်းနားသော နူတ်ခမ်းနီ ဖြစ်သည်။
အထဲတွင် ဖုန်တစ်စပင် မရှိချေ။ ပျက်စီးမှုလည်း မရှိချေ။ အရာအားလုံးက သေသေသပ်သပ် ရှိနေသည်မှာ လွန်ခဲ့သော နှစ်တစ်ရာခန့်မှ ယခုအချိန်အထိ ဆက်တိုက် အသုံးပြုထားပြီး သန့်ရှင်းထားသည်အလား ထင်ရသည်။
ထိုအခန်းက ချီရွှမ်းပြေး ထွက်လာသော အခန်းဖြစ်သလို ယန်ရှစ်ရွှမ်း၏ မှတ်ဉာဏ်ထဲတွင် မြင်ခဲ့ရသည့် ချီရွှမ်းအပိုင် အခန်း ဖြစ်လေသည်။
သို့ရာတွင် ယန်ရှစ်ရွှမ်း၏ ယခုမြင်ရသော ပုံစံက အန်းနန်ယွမ် စတုတ္ထထပ်သို့ သွားရောက်ခဲ့ချိန်က ဖု့တေ့တွင် ဖမ်းယူရိုက်မိသော ပုံစံမျိုးနှင့် ခြားနား နေလေသည်။ ထိုအစား သူ၏မှတ်ဉာဏ်လောကထဲမှ လွန်ခဲ့သော နှစ်တစ်ရာခန့်၏ စံအိမ်နှင့် ပိုတူနေသည်။
အန်းနန်ယွမ်၏ ဖန်သားပြင်အခွဲ ဖု့တေ့ရှ်တွင်မူ ထိုအခန်းက အခြားအခန်းများ နည်းတူ အပြည့်အဝ ပြင်ဆင် မွန်းမံထားခြင်း မရှိချေ။ အချိန်၏ တိုက်စားမှုဒဏ်ကြောင့် ဟောင်းနွမ်းနေပုံ ပေါ်သည်။ ပိုးသားများ၊ လိုက်ကာသားများကလည်း တောက်ပမှုများ ပျောက်ဆုံးနေပြီး ပရိဘောဂများကလည်း ပျက်စီးနေသည်မှာ တစ်ချိန်က ဖျက်ဆီး ခံရဖူးသည်အလား ထင်ရသည်။
ထိုအချိန်က အန်းနန်ယွမ်က ဒီအခန်းကို အများကြီး လျှောက်မကြည့်ခဲ့ချေ။
သူက တံခါးကို တွန်းဖွင့်လိုက်သောအခါ မှန်တင်ခုံဘေးနားတွင် ဖြစ်သလို တင်ထားသည့် သွေးနီရောင် နှင်းဆီပွင့်များပါသည့် ချည်ဖောင်ကို တွေ့ရသည်။ ထိုအခါ ဒါဟာ မိန်းကလေးအခန်း ဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် မည်သူမှမရှိသည့် အခန်းကို တစ်ချက်ကြည့်ရင်း ခပ်မြန်မြန် တောင်းပန်ရင်း နောက်ဆုတ်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က အန်းနန်ယွမ်၏ ပရိတ်သတ်များကလည်း သူ၏ တိုက်ရိုက် ထုတ်လွှတ်မှုနှင့် ရီကောတင်းများတွင် ကွန့်မန့်များ ပို့ကြသည်။ သူသည် အလွန်ယဉ်ကျေးလွန်းသည်ဟု ဆိုကြ၏။ အထူးသဖြင့် ဘယ်သူမှမရှိသော အခန်းအတွင်းတွင်ပင် ယဉ်ကျေးပြခဲ့သည်။
နောက်ပိုင်းတွင် ယန်ရှစ်ရွှမ်းက အန်းနန်ယွမ်ဟာ မည်သည့်အတွက်ကြောင့် အခန်းအတွင်းသို့ မဝင်ကြည့်ခဲ့ကြောင်း မေးခဲ့သည်။ ထိုအခါ အန်းနန်ယွမ်က ခေါင်းကို ကုပ်ရင်း ရှက်ရွံသွားသလိုမျိုး၊ ထိတ်လန့်သဲဖိုရုပ်ရှင်များအတွင်းတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ရှင်းပြပေးသေးလေသည်။ အိုဟောင်းနေသော အခန်းတစ်ခုအတွင်းသို့ ဝင်ရောက် ကျူးကျော်ခြင်းက အခန်း၏ မူရင်းပိုင်ရှင်ကို ရန်စသလို ဖြစ်သွားလေပြီး သူတို့၏ ရန်ငြိုးကို လှုံ့နိုးလိုက်သလို ဖြစ်ရင်းနှင့် နောက်က လိုက်သတ်သည့် အန္တရာယ်မျိုးကို ကျရောက်နိုင်ကြောင်း ဆိုလေသည်။
ပို၍ဆိုးသည်မှာ ထိုအခန်းဟာ အမျိုးသမီးပုံစံ ဖြစ်နေသည်။ ထိတ်လန့် သဲဖိုရုပ်ရှင်များအတွင်းတွင် အမျိုးသမီး၊ ကလေးနှင့် သက်ကြီးရွယ်အိုများက ကြောက်စရာ အကောင်းဆုံး ဖြစ်ပြီး ရန်စမသင့်ဆုံးသူများ ဖြစ်သည်။
သို့ရာတွင် အန်းနန်ယွမ်၏ ကိစ္စများကို လုပ်ဆောင်ခဲ့ပုံက အလွန်အမင်း ပြောင်မြောက်သည်ဟု ဆိုရမည် ဖြစ်သည်။ ထို့အပြင် သူက ယန်ရှစ်ရွှမ်းကိုပင် ဆွံ့အ စေလောက်မည့် အကြံများကို မကြာခဏပြောတတ်သည်။ သို့သော် ဒီတစ်ကြိမ်တွင် အန်းနန်ယွမ်က တိုက်တိုက်ဆိုင်ဆိုင် မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။
အန်းနန်ယွမ်ကသာ အခန်းအတွင်းမှ အချိန်မှီ မထွက်ခဲ့လျှင် သူ့ကို လေးထပ်မြောက်တစ်ခုလုံးကို လွှမ်းမိုး မင်းမူနေသည့် ချီရွှမ်းက ထိန်းချုပ်ကောင်း ထိန်းချုပ်သွားနိုင်ပြီး ဒေါသတကြီး သတ်ပစ် နိုင်လောက်သည်။ သူသည် ရိုက်ကူးရေးအဖွဲ့မှ စံအိမ်၏ သဘာဝလွန်ဖြစ်ရပ်များကြောင့် အရင်ဆုံးသေရမည့် ပထမဦးဆုံးသူ ဖြစ်သွားနိုင်သည်။
သွေးနီရောင်နှင်းဆီ ချည်ဖောင်က ယန်ရှစ်ရွှမ်း သူ၏မှတ်ဉာဏ်လောကတွင် မြင်ခဲ့ရသော ဝတ်စုံဖြစ်ပြီး အသတ်ခံရချိန်က ချီရွှမ်းဝတ်ထားသော ဝတ်စုံလည်း ဖြစ်သည်။ ချည်ဖောင်၏မူရင်းအရောင် သွေးနီရောင်မဟုတ်ပဲ ပုလဲဖြူသားလို အဝတ်စကို ချီရွှမ်း၏ ကိုယ်ပိုင်သွေးဖြင့် စိုသွားစေခဲ့သောကြောင့် ယခုလို နီမြန်းသွားခြင်း ဖြစ်သည်။ ထို့အပြင် ရန်ငြိုးစွမ်းအားများကြောင့် ပို၍ပင် တောက်ပ သွားသေးသည်။
ယန်ရှစ်ရွှမ်းက ပုံရိပ်ယောင်နယ်မြေသို့ ထပ်ခါတလဲလဲ ရောက်ရှိခဲ့သည်။ ထိုထဲတွင် မှန်ထဲတွင် မြင်ခဲ့ရသည့် တင်းချီ၏ပုံရိပ်လည်း ပါဝင်သလို ချီရွှမ်းသည် အမြဲတမ်းလိုလို သူမ၏ သွေးနီရောင် နှင်းဆီချည်ဖောင်ကို ဝတ်ထားတတ်သည်။
ညလယ်ခေါင် အနီရဲရဲဝတ်စုံ၊ အနီရောင်ဖိနပ်များကို ဝတ်ရင်း သေဆုံးသွားခဲ့သည့် ဝိဉာဉ်များက ရန်ငြိုးအကြီးဆုံး ဝိဉာဉ်များအဖြစ် ပြောင်းလဲသွားတတ်သည့် သင်ခန်းစာ ပေါင်းများစွာ ရှိသည်။ သူတို့သည် သူတို့ ကိုင်ဆောင်ထားသော ရန်ငြိုးများကို ပြန်လည် ရင်ဆိုင်ရန် ကလဲ့စားချေလိုစိတ်နှင့် ပို၍ကြောက်စရာ ကောင်းသော သရဲများ ဖြစ်သွားခဲ့သည်။ သို့ရာတွင် ချီရွှမ်း သေသောအခါ သူမ၏ခန္ဓာကိုယ်က ဓားပြခေါင်းဆောင်ကြောင့် ဆယ်ပိုင်းကျော်မက အပိုင်းခံခဲ့ရသည်။ ထို့ကြောင့် အားလုံးကို ပြန်ဆက်ရန် မလွယ်ကူချေ။ သူမကလည်း ရန်ငြိုးကြီးသရဲတစ်ကောင် မဖြစ်ချင်လျှင် သူမ၏ကိုယ်ကို ပြန်ဆက်ပေးမည့် တစ်စုံတစ်ရာတော့ လိုအပ်သည်။
ယေဘုယျကျကျ ပြောရသော် ဝိဉာဉ်များက သူတို့၏ဘဝတွင် အသုံးအများဆုံး၊ အစွဲလမ်းဆုံး အရာများတွင် ကပ်တွယ်နေတတ်သည်။ ထိုပစ္စည်းများက သူတို့၏ ယခင်ဘဝမှ ဝိဉာဉ်၏ အသက်စွမ်းအား သို့မဟုတ် စိတ်ဝိဉာဉ်များကို တစွန်းတစ သယ်ဆောင် ထားရင်းဖြင့် တစစီကွဲနေပြီး အားနည်းနေသော ဝိဉာဉ်ကို တည်ငြိမ်အောင် ပြုပြင် ပေးနိုင်စွမ်းရည် ရှိသည်။ ထိုသို့ဖြင့် သေမျိုးလောက အတွင်းတွင် ဆက်လက် နေထိုင်နိုင် စွမ်းရည် ရှိသွားစေသည်။
ယခင်က ယန်ရှစ်ရွှမ်းသည်လည်း အတွေးပေါင်း များစွာ ရှိခဲ့သည်။ အထူးသဖြင့် ချီရွှမ်း ကန်တိုးနစ်အော်ပရာ အသက်မွေးဝမ်းကြောင်း လုပ်ငန်း လုပ်ခဲ့ချိန်က အသုံးအများဆုံး အော်ပရာဝတ်စုံ သို့မဟုတ် ဖီးနစ်သရဖူ စသည်ဖြင့် အရာများဖြစ်စေ သူမ သဘောအကျဆုံး ဖြစ်လောက်မည့် ချစ်သူက ပို့ခဲ့သည့်စာများ ဖြစ်စေ စသဖြင့် အရာများကို စွဲနေခြင်း ဖြစ်လောက်မည်ဟု တွေးနေခဲ့သည်။
သို့ရာတွင် ယခုမူ ယန်ရှစ်ရွှမ်းက ဖြစ်နိုင်ချေအားလုံးကို ဖယ်ထုတ်ပြီးနောက် ချီရွှမ်းဝတ်ခဲ့သည့် ချည်ဖောင်ကို အာရုံစိုက်မိသွားသည်။
ထိုချည်ဖောင်သည် ချီရွှမ်းက အလှပဆုံးပုံစံနှင့် ချစ်ရသူကို စောင့်ရန် ရွေးချယ်ထားခဲ့ခြင်း ဖြစ်သည်။ သူမသည် ပျော်ရွှင်မှုအပြည့်နှင့် သေချာပေါက် ရွေးဝတ် ခဲ့ပေလိမ့်မည်။ သူမက ချည်ဖောင်ကို ဝတ်ရင်း တိုင်လေးကို မှီလျက် ချစ်ရသူလာမည့် နေ့ရက်ကို တစ်ရက်ပြီးတစ်ရက် စောင့်နေခဲ့လိမ့်မည်။ သို့သော် တစ်ဖက်သူက ဘယ်သောအခါမှ ပြန်လာလိမ့်မည် မဟုတ်ချေ။ ထို့အစား စံအိမ်အတွင်းရှိ ရင်းနှီး ကျွမ်းဝင်လွန်းသော အစေခံများက ဓားပြများ၏လက်တွင် တစ်ယောက်ပြီး တစ်ယောက် သေနေရသော မြင်ကွင်းများကို ကြည့်နေရသလို သူ၏နာနီကလည်း ပြတင်းပေါက် အပြင်ဘက်မှ ဥယျာဉ်ထဲသို့ ပစ်ချခံရရင်း သေသွားခဲ့သည့် မြင်ကွင်းကို မြင်လိုက်ရသည်။ သူမသည်လည်း ဓားပြခေါင်းဆောင်ကြောင့် အသတ် ခံခဲ့ရသည်။
ထိုချည်ဖောင်ကို ဝတ်ထားသည်။ သူမ၏ ရင်ကွဲနာ ကျမတတ် ပြင်းထန်လွန်းသော နာကျည်းစိတ်ကို ချည်ဖောင်က သိခဲ့သလို သေခြင်းနှင့် ရှင်ခြင်းဆိုသော နယ်နမိတ်ကို ကျော်ဖြတ်ရာတွင်လည်း ချည်ဖောင်က အဖော်ပြုပေးခဲ့သည်။
ပြောရမည်ဆိုလျှင် သူမအသက်ရှိချိန်က ချည်ဖောင်တွင် ချီရွှမ်း၏သွေးများ စွန်းထင်းသွားရုံသာ မကသေးလေပဲ သူမ၏အသက်စွမ်းအား အမြောက်အမြားကို သယ်ဆောင်ထားသေးသည်ဟု ဆိုရပေမည်။ ထိုသို့ဖြင့် သူမ၏ခံစားချက် အပြင်းထန်ဆုံးသော အခြေအနေကို တွေ့ကြုံလျက် ရက်စက်လွန်းသော အလှည့်အပြောင်း ပေါင်းများစွာ သိရှိခဲ့သည်။
ထို့ကြောင့် ထိုချည်ဖောင်ကသာ ချီရွှမ်းကို တစ္ဆေတောင်တွင် နှစ်ရာကျော် ထိန်းထားပေးနိုင်သည့် အကြောင်းပြချက် ဖြစ်နိုင်သည်။ ဒီနည်းအားဖြင့် သက်ရှိလောကကို ထိတွေ့မိနိုင်အောင် ဖန်တီးပေးထားခြင်း ဖြစ်လောက်၏။ အခြားသော မတည်ငြိမ်သည့် ဝိဉာဉ်များနှင့် မတူသည်မှာ ချီရွှမ်းသည် အင်အား ကြီးမားသော ရန်ငြိုးကြီး ဝိဉာဉ်တစ်ကောင် ဖြစ်လင့်ကစား ဝိဉာဉ်၏ကန့်သတ်မှုကို ကျော်ပြီး သက်ရှိများနှင့်ပင် စပ်ဆက်ထိတွေ့၍ ရနိုင်သည့် အတိုင်းအတာသို့ပင် ရောက်ရှိနေသည်။
ယန်ရှစ်ရွှမ်းသည် အနုစိတ်ကျကျ ထွင်းထုထားသော တံခါးကို မှီလျက် နည်းပါးသော စက္ကန့်ပိုင်းအတွင်း ပုံရိပ်ပေါင်းများစွာကို မြင်ယောင်ရင်း နက်နဲသော အသိများကို နားလည် လိုက်သည်။
သူက ခပ်တိုးတိုး ရယ်သည်။ ထို့နောက် သူ၏လက်ကို တံခါးမှလွှတ်ပြီး အခန်းထဲသို့ ဝင်လိုက်သည်။
ချီရွှမ်းကို ကျိုးချီက ဒီနေရာတွင် သတ်လိုက်ပြီး သူမ ရတနာများအားလုံးကို တစ်စစီ ရှာဖွေခြင်း ခံခဲ့ရသည့်တိုင်အောင် ဒီမက်စတာဘက်ရွန်းကြီးက ခမ်းနားထည်ဝါစွာ တည်ရှိနေပြီး လွန်ခဲ့သော နှစ်တစ်ရာခန့်က ကျော့ရှင်း ကြည့်ကောင်းသော အလှတရားများကို ထိန်းထားသေးသည်။
အလှဆင်ထားသော ရွှေရောင်နှင်းဆီများနှင့် ခမ်နားသော နာရီကလည်း ရှိနေသလို တေးဆို နိုင်တင်ဂေးငှက်ကလေးလည်း အချိန်မရွေး ထွက်ထွက်လာသည်မှာ အသက်ရှိနေသည့်အလား ထင်ရသည်။ ထို့အပြင် ထိုပန်ကျူလန်နာရီကြီးကလည်း တည်ငြိမ်စွာ တဒေါင်ဒေါင် လွှဲရမ်း နေသေးပြီး အချိန်၏ ကုန်ဆုံးမှုကို အမှတ်သင်္ကတ ပြနေသည်မှာ အရာအားလုံးဟာ ယခင်ကအတိုင်း ရှိနေသည်ဟု ထင်ရသည်။
ယန်ရှစ်ရွှမ်းကမူ ပုံရိပ်ယောင်နယ်မြေအတွင်း သူ အကြိမ်ပေါင်းများစွာ မြင်ခဲ့ရသည့် မှန်တင်ခုံပေါ်မှ လှုပ်ရှားမှုမဲ့စွာ ကြည့်နေမိသွားသည်။
သူ၏မျက်ဝန်းက ကျဉ်းမြောင်းသွားပြီး စားပွဲနားသို့ ချဉ်းကပ်သွားသည်။
မှန်တင်ခုံက လွန်ခဲ့သော နှစ်တစ်ရာကအတိုင်း ရှိနေသေးသည်။
လှပသော ထုပ်ပိုးမှုပုံစံနှင့် ရေမွှေးဘူးအပြင် ဈေးကြီးလောက်မည့် ဖွင့်ထားပြီးသား အနီရောင် နှုတ်ခမ်းနီတစ်ချောင်းက ပန်းတစ်ပွင့်လိုမျိုး နီရဲတောက်ပကာ မွှေးပျံ့ နေသည်။ ထို့နောက် အနီးအနားတွင်လည်း ပြန့်ကျဲလျက် ရှိနေသည့် ဖွင့်ထားသော စာများကို မြင်ရပြန်သည်။ ယန်ရှစ်ရွှမ်းက လက် ဆန့်ထုတ်ပြီး စာများကို ယူလိုက်လေသည်။
လက်ရေးလက်သားများက အမျိုးသားပိုင် ဖြစ်လောက်သည်။ သို့သော် လေသံကမူ နူးညံ့ပြီး ချိုမြိန်လွန်းနေလေရာ ရေးသားသူက လက်ခံသူအပေါ် မည်မျှ ချစ်မြတ်နိုးကြောင်း သူ မည်သို့ ပြန်လာရန်၊ ကြံစည် ထားကြောင်း ဖော်ပြထားသည်။
ဒါက အဲဒီလူချမ်းသာ စီးပွားရေးသမားဆီက ဖြစ်မယ်။
ပို၍ဆိုးသည်မှာ စာထဲတွင် သူသည် ကမ်းရိုးတန်းကုန်သွယ်အဖွဲ့အစည်း ကုမ္ပဏီ၏ ဥက္ကဌဖြစ်လာကြောင်း ထည့်ပြောထားသည်။ သူသည် သူ၏အာဏာနှင့် အကျိုးအမြတ်ကို သုံးပြီး မိသားစုကို တိတ်ဆိတ်စေအော င်လုပ်လျက် သူနှင့် ချီရွှမ်း လက်ထပ်မည့် သဘောတူညီချက်ကို အရယူနိုင်ခဲ့သည်။ သူက တောင်စံအိမ်သို့ ရောက်ရှိလာချိန်တွင် ချီရွှမ်းကို သူနှင့်အတူ တပါတည်းခေါ်လျက် မြို့သို့ပြန်တော့မည် ဖြစ်သည်။
ပို၍ဆိုးသည်မှာ နမိတ်ဖတ်သူများ၏ ပြောစကားနှင့် ကာရိုက်တာ ရှစ်ခုအရ သူသည် ချီရွှမ်းနင့် လက်ထပ်မည့် နေ့ရက်ကိုပင် ရွေးချယ်ထားပြီးလေပြီ။
စာပါ အကြောင်းအရာများကို ဖတ်ပြီးနောက် ယန်ရှစ်ရွှမ်းက တစ်ခဏခန့် တိတ်ဆိတ် သွားလေသည်။
သူသည် ခံစားချက်မဲ့လွန်းသော လူမျိုး မဟုတ်ခဲ့ပါချေ။
သူ့ကို ငယ်ရွယ်ချိန်က ဆရာက ကောက်ယူ မွေးစားခဲ့ချိန်ကတည်းက သူသည် ဆရာဖြစ်သူနှင့် အတူ နေရာအနှံ့လိုက်ပြီး သွားလာနေခဲ့လေရာ သရဲပေါင်းများစွာ၊ မကောင်းဆိုးဝါး ပေါင်းများစွာကြောင့် ဖြစ်ခဲ့သည့် ဝမ်းနည်းဖွယ်ကောင်းသော အဖြစ်အပျက် ပေါင်းများစွာကို မြင်တွေ့ခဲ့ပြီးသား ဖြစ်သည်။ ရလဒ်အနေဖြင့် သေမျိုးလောက တစ်ခုလုံးကို အေးစက်သော မျက်ဝန်းတစ်စုံဖြင့် စောင့်ကြည့် နိုင်လာသည်။
သို့ရာတွင် ဒီစာထဲတွင် ထည့်သွင်းဖော်ပြထားသော အချက်အလက်များ၏ နောက်ကွယ်မှ ဝမ်းနည်းဖွယ်ကောင်းလွန်းသော အဖြစ်အပျက်က ယန်ရှစ်ရွှမ်းကိုပင် အနည်းငယ် ခံစား သွားမိစေသည်။
စာက အနီးအနားရှိ ပြက္ခဒိန်မှ နေ့ရက်ထက် လဝက်ခန့် စောနေသည်။ စာစွန်းနားက အနည်းငယ် ပျက်စီးပြီး ကောက်ကွေးနေပုံ ရှိနေသော်လည်း စာကိုကော င်းကောင်း ထိန်းသိမ်းထားပုံပေါ်သည်။ ထို့ကြောင့် ပိုင်ရှင်က မကြာခဏထုတ်ကာ ဖတ်တတ်ပုံပေါ်သည်။ စာတွင် မွှေးရနံ့ပါသည်။ ထိုရနံ့က ချိုမြိန်ကာ နွေးထွေးသော ရနံ့မျိုး ဖြစ်သည်။
တစ်စုံတစ်ရာကို အချိန်အတန်ကြာအောင် စောင့်ဆိုင်းနေပြီး နောက်ဆုံးတွင် ရလဒ် ရောက်ရှိလာပြီးနောက် ချစ်ရသူကို လက်ထပ်ရရန် နီးကပ်နေသာ အခြေအနေမျိုးတွင် _ _ _ စာကို ရလိုက်သည့် ချီရွှမ်းက မည်မျှပျော်ရွှင်နေပြီး မျက်ရည်မည်မျှ ကျသည်အထိ ဝမ်းသာခဲ့ရကြောင်း မသိနိုင်ချေ။
စာကိုရရှိပြီးနောက် သူမသည် နေ့ရက်တိုင်းလိုလို ချစ်ရသူ ပြန်လာမည့်နေ့ရက်ကို မျှော်လင့် စောင့်စားနေပေလိမ့်မည်။ ယခင်နှစ်များအတွင်း ခံစားနေရသည့် စိုးရိမ် ပူပန်မှုများနှင့် ပူပန်သောကများ အားလုံးက အဆုံးအစမဲ့သည့် ပျော်ရွှင်မှု အဖြစ် ပြောင်းခဲ့လောက်သည်။
သူမက နေ့ရက်များကို ရေတွက် ခဲ့လောက်သည်။ သို့သော် သူမ မသိသည်မှာ ထိုနေ့ရက်များက သူမဘဝ၏ အမှောင်ဆုံးသော နေ့ရက်များ ဖြစ်လာခြင်း ဖြစ်သည်။
ကြွယ်ဝသော စီးပွားရေးသမားက မြို့ထဲမှ ထွက်လာသည့်လမ်းတွင် ပေါက်ကွဲမှု အတွင်းတွင် ပါသွားပြီး အကြွင်းအကျန်ပင် မကျန်ရစ်ခဲ့ချေ။ ထိုအချိန်တွင် စံအိမ်အတွင်းတွင် စောင့်နေသော ချီရွှမ်းကမူ ရက်စက်လွန်းသော ဓားပြများနှင့် တွေ့လိုက်ရသည်။ တစ်ရက်တည်း_ _ _
ဒါက ပျော်ရွှင်မှု အထွန့်ထိပ်ကနေ အနက်ဆုံးသော ငရဲကို ထိုးကျသွားတာပဲ။
ယခုလို ပြဇာတ်ဆန်လွန်းသော ဆန့်ကျင်ဘက် အနေအထားက လူတိုင်း၏ရန်ငြိုးများကို ပြင်းထန်စေပေလိမ့်မည်။
သို့ရာတွင် တစ်ခဏခန့်အထိ ခံစားချက်များကို ထိန်းညှိယူပြီးနောက် ယန်ရှစ်ရွှမ်းက မျက်မှောင်ကိုကြုတ်ပြီး တစ်စုံတစ်ရာဟာ လွှဲချော်နေသေးကြောင်း သိလိုက်ပြန်သည်။
ပုံရိပ်ယောင် နယ်မြေအတွင်းတွင် ဖြစ်စေ၊ နာနီ၏ဖော်ပြချက်အရတွင် ဖြစ်စေ ချီရွှမ်းကို ရန်ငြိုးကြီးသရဲ ဖြစ်လာစေသော ပြင်းထန်လွန်းသည့် အယူသီးစိတ်က ချစ်ရသူ၏ ပျက်ကွက်မှု ဖြစ်သည်။
သို့သော် ထိုသို့သာ ဖြစ်နေခဲ့လျှင် သူမသည် သူမကို ပျော်ရွှင်သော သတင်းများ ယူဆောင် လာပေးသည့် စာတွင် ပူးကပ် နေသင့်သည်။
ယန်ရှစ်ရွှင်းက ထိုအတိုင်း တွေးမိပြီး ထုတ်မေးရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ချီရွှမ်းကမူ သူ၏ ရည်ရွယ်ချက်ကို သိနေသလို လစ်လျူရှု ထားသည်။ သို့သော် ယန်ရှစ်ရွှင်းက အခြား နည်းလမ်းတစ်မျိုး ပြောင်းလဲကာ ချဉ်းကပ် ရပေမည်။
“မင်းရဲ့ မင်းရဲ့ချစ်သူအပေါ် အချစ်တွေက အတုအယောင်များ ဖြစ်နေမလား။ ဒါမှမဟုတ် သူက ဒီအတိုင်း မင်းကို အလေး မထားတာလား။ ဘာပဲဖြစ်ဖြစ် အဲဒီနောက်ပိုင်း သူက မင်းဆီ တစ်ခါမှ လာမတွေ့တော့ဘူးလေ”
ယန်ရှစ်ရွှင်းက အေးစက်စွာ ဆက်ပြောသည်။
“အခြားတစ်ယောက် ရွေးရင် ဘယ်လိုလဲ။ ငါ့အထင် ငါက သူ့ထက် ပိုမကောင်းဘူးလား။ နောက်ပြီး ငါတို့က လူသားနဲ့ သရဲဆိုပြီး နယ်မြေတွေ ခြားနားနေလို့ ငါက မင်းနဲ့အတူ မရှိနေနိုင်ဘူး ဆိုရင်တောင်မှ မင်းက သေသွားပြီးပြီ ဆိုကတည်းက ဘာလို့ တိုက်ရိုက် မစဉ်းစားရမှာလဲ”
ကိုယ်ပိုင်ရန်ငြိုးများအတွင်း ပိတ်လှောင်ခံထားရသည့် ချီရွှမ်းက သေဆုံးပြီးနောက် တစ္ဆေတောင်၏ နယ်နမိတ်မှ ထွက်မသွားနိုင်ခဲ့ချေ။
သဘာဝအလျောက်ပင် ချစ်ရသူက ထိုညက ဗုံးပေါက်ကွဲမှုအတွင်း သေဆုံး သွားခဲ့ကြောင်း မသိသေးပါချေ။
ချီရွှမ်းသည် လေးထပ်မှ ပျောက်ကွယ်သွားပြီးသော်လည်း သူမကို ငြိမ်းချမ်းမှု ဆောင်ယူပေးသည့် ထိုနေရာမှ ဘယ်သောအခါမှ ပျောက်ကွယ် မသွားခဲ့ချေ။
သူမ၏အခန်းကိုပင် ကောင်းကောင်း ထိန်သိမ်း ထားသည်။ ထို့အပြင် အခန်း၏ တည်ရှိပုံ နေရာနှင့် အဖြစ်အပျက် အားလုံးကြောင့် ဖြစ်စေ ဒီနေရာဟာ ချီရွှမ်း ပုန်းအောင်းနေရန် သဘော အကျဆုံး နေရာ ဖြစ်လေသည်။
သေချာပေါက်ပင် ထိုစကားလုံးများက ယန်ရှစ်ရွှင်း၏ ပါးစပ်မှ ထွက်ပြီးပြီးချင်း သူ၏အရှေ့ရှိ မှန်တင်ခုံက စတင်ကာ ခပ်ကြမ်းကြမ်း လှုပ်ခါလာသည်။ ထို့နောက် ကြမ်းပြင်နှင့် တိုက်မိသောကြောင့် ကျယ်လောင်သည့် တခွပ်ခွပ် အသံများက ထွက်လာသေးသည်။
သရဲမက ဒေါသထွက်သွားပြီး မောက်မာထောင်လွှားလွန်းသော အကောင်ကို ပြန်လည် အော်ဟစ်နေသလို ထင်ရသည်။
ယန်ရှစ်ရွှင်း၏အရှေ့ရှိ မှန်တင်ခုံ၏ မှန်ထိပ်ပိုင်းမှ သွေးများက စီးကျလာပြီး မှန်မြေမျက်နှာပြင် တစ်ခုလုံးကို အနီရောင်ဆေး ခြယ်ထားသလို နီရဲ သွားစေသည်။
ထိုအနီရောင်ပင်လယ်အတွင်းတွင် ရန်ငြိုးများ၊ ဒေါသများ ပြည့်နှက်နေသည့် ချီရွှမ်း၏ပုံရိပ်က ပေါ်လာသည်။ ယန်ရှစ်ရွှင်းက တည်တည်ငြိမ်ငြိမ် လက်ရမ်းကာ နူတ်ဆက်လိုက်သည်။
“အိုး မင်းနောက်ဆုံးတော့ အသိဝင်သွားပြီပေါ့”
ချီရွှမ်း “ငရဲကို သွား”
******