Ch 30
Viewers 6k

အပိုင်း(၃၀)

 

လွန်ခဲ့သော နှစ်တစ်ရာခန့်က ချစ်ရသူဆီမှ ရရှိထားသော စာက အခြားသူ၏လက်တွင်းသို့ ရောက်ရှိနေသည့်တိုင်အောင် ချီရွှမ်း၏ ပထမဦးဆုံးသော တုန့်ပြန်မှုက နာနီ ထွက်မသွားခင် ပြောသွားသည့် စကား ဖြစ်နေသည်။

 

“သေချာပေါက်ကိုပဲ”

 

ယန်ရှစ်ရွှမ်းက တိတ်တဆိတ်ရယ်သည်။

 

သူ ခန့်မှန်းတာ မှန်တယ်။

 

ချီရွှမ်း၏ အနက်ရှိုင်းသော အယူသီးစိတ်၊ သူမကို ရန်ငြိုးကြီး ဝိဉာဉ်အဖြစ် ပြောင်းလဲ သွားအောင် လှုံ့ဆော်ခဲ့တဲ့ စွမ်းအားက ဘယ်တော့မှ ပြန်မလာတဲ့ သူမရဲ့ချစ်ရသူ မဟုတ်ဘဲ နာနီ ဖြစ်နေတာပဲ။

 

နာနီက လွန်ခဲ့သော နှစ်တစ်ရာလုံးလုံး ချီရွှမ်းက စတုတ္ထထပ်တွင်သာ စောင့်နေခဲ့ပြီး သူမက မည်မျှ တောင်းပန်စေကာမူ အတွေ့မခံခဲ့ကြောင်း ယန်ရှစ်ရွှမ်းကို ပြောသွားခဲ့ကတည်းက ယန်ရှစ်ရွှမ်းက သံသယ ဝင်ခဲ့ခြင်း ဖြစ်သည်။

 

အိမ်တော်ထိန်းအိုကြီးနှင့် သွေးနီရောင် မကောင်းဆိုးဝါးများ၏ စတုတ္ထထပ်နှင့် ဥယျာဉ်အပေါ် ပြသသည့် ကြောက်လန့်မှုများမှ တဆင့် ချီရွှမ်းသည် လွန်ခဲ့သော နှစ်တစ်ရာတွင် ဘာမှမလုပ်ဘဲ မနေကြောင်း သိသာနေသည်။ သူမသည် ကြောက်လွန်းသဖြင့် စတုတ္ထထပ်မှ မထွက်ခဲ့ခြင်း မဟုတ်ချေ။ ရန်ငြိုးကြီး ဝိဉာဉ်တစ်ကောင်ကို ထိုနေရာတွင် ပိတ်လှောင်ထားသည်နှင့် သူမ၏စွမ်းအားများက အရက်စက်ဆုံးသော ဓားပြများကို လွှမ်းမိုးနိုင်စွမ်း မရှိသင့်ချေ။

 

ယန်ရှစ်ရွှမ်းသည် တာအိုဘုန်းတော်ကြီးတစ်ယောက် ပြောဖူးသော တောင်ပေါ်တွင် လမ်းလျှောက်နေသည့် အလောင်းကောင်များ၏ ကိုယ်ထည်များအကြောင်း သံသယ ဝင်ခဲ့ဖူးသည်။ သို့သော် တောင်နယ်နမိတ်မှ မထွက်နိုင်သည့် ကိစ္စကလည်း ချီရွှမ်းနှင့် ပတ်သက် နေနိုင်ပြန်သည်။

 

ထို့ကြောင့် နာနီက ချီရွမ်း၏ အငြိုးတရားများက သူမ၏ ရန်သူများကိုသာ ပိတ်လှောင်ထားရုံသာ မကသေးပဲ သူမကိုပါ ပိတ်လှောင်ထားကြောင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။

 

စံအိမ်အပြင်ဘက်သို့  ထွက်သွားခဲ့သော ထိုသရုပ်ဆောင်က တောင်‌အောက်သို့ ဆင်းရန် ကြိုးစား ခဲ့သော်လည်း တောင်အနှံ့ ရှိနေသည့် သွေးနီရောင် မကောင်းဆိုးဝါးများကို တွေ့ခဲ့ပြီး တောင်အတွင်းသို့ပင် ခြေမချနိုင်ခဲ့ကတည်းက ထိုသံသယကို အတည် ပြုလိုက်နိုင်သည်။

 

_ _ _

 

စံအိမ်နဲ့တောင်တန်းတွေမှာ ရှိတဲ့ သွေးနီရောင် လူသားပုံသဏ္ဍာန် မကောင်းဆိုးဝါးတွေ အားလုံးက အဲဒီနှစ်က ဓားပြတွေနဲ့ ပတ်သက် လိမ့်မယ်။ သူတို့ သေသွားပြီးတဲ့နောက်မှာ ချီရွှမ်းရဲ့ အငြိုးတရားကြောင့် ရန်ငြိုးကြီးဝိဉာဉ်ရဲ့  အကျဉ်းထောင်ထဲ ပိတ်မိ နေကြတာ ဖြစ်လိမ့်မယ်။ ဒါကြောင့် သူတို့မှာ ရန်ငြိုး အသစ်တစ်ခု ဖြစ်ပေါ်လာပြီး တစ္ဆေတောင် တစ်ခုလုံးနဲ့ ပေါင်းစပ်သွားတယ်။ အဲဒီလိုနဲ့ ဒီသရဲစွမ်းအားတွေက ပိုပြီး သိပ်သည်း လာစေတာပဲ။

 

ရလဒ်အနေနဲ့ ဒီရန်ငြိုးကြီး စွမ်းအားကြောင့် တစ္ဆေတောင်အတွင်းကို ဝင်ရောက်ခဲ့တဲ့ လူတိုင်းက ဒီနေရာမှာ ပိတ်မိနေပြီး ကွေ့တောင်ကို သွားတဲ့လမ်းကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး။

 

သို့ရာတွင် သူမ၏ ရန်သူ အိမ်တော်ထိန်းအိုကြီးနှင့် မကောင်းဆိုးဝါးများကိုပင် ကြောက်လန့်အောင် လုပ်နိုင်ခဲ့သည့် အင်အား ကြီးမားလွန်းသော ချီရွှမ်း ကိုယ်တိုင်ကပင် စတုတ္ထထပ်မှ ခြေတစ်လှမ်းမှပင် မဆင်းနိုင်ခဲ့ချေ။

 

စံအိမ်၏ ပထမအထပ် သုံးထပ်အတွက်ကမူ သူမက ထိုနေရာရှိ သက်ရှိများကို ကိုယ့်ကိုယ်ကို ဒုက္ခပေးအောင်၊ သတ်သေအောင် ထင်ယောင်ထင်မှား မြင်ကွင်းများမှတဆင့် လှုံ့ဆော်ပေးနိုင်သည်။ သို့မဟုတ်လျှင်လည်း မှန်မှတဆင့် ကိုယ်ယောင် ပြလာတတ်သည်။

 

ချီရွှမ်းက မည်မျှ ဒေါသထွက်နေစေကာမူ ယန်ရှစ်ရွှမ်းသည် ချီရွှမ်းအား အခြားသော အထပ်များတွင် ပေါ်လာအောင် မလုပ်နိုင်ခဲ့ချေ။

 

သူက သူ၏ ကိုယ်ပိုင်ဆန္ဒနှင့် စတုတ္ထထပ်သို့ တက်လာ ချင်ခဲ့သော်လည်း ထိုအခွင့်အရေးကို အမိအရ ယူလိုက်နိုင်သည့် ချီရွှမ်းက သူ့ကို လေးထပ်သို့ လာအောင်  လုပ်ပြီး သူမကို ဒေါသတကြီး ဖြစ်အောင် လုပ်ခဲ့သည့် ရန်သူကို သတ်ချင်ခဲ့သည်။ သို့သော် ထိုအစား အထိမခံသော နေရာကိုသာ အနင်းခံလိုက်ရပြီး သူမကို ပို၍သာ ဒေါသ ထွက်စေခဲ့သည်။

 

ထို့ကြောင့် တစ္ဆေတောင်တစ်ခုလုံး၏ သဘာဝဖြစ်စဉ်များက ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

 

ယန်ရှစ်ရွှမ်းသည် သူမ သေခဲ့သော စံအိမ်ကို ကြောက်ရုံသာ မကသေးလေပဲ စတုတ္ထထပ်သို့ သွားပြီး တစ်စုံတစ်ယောက်က လာတွေ့မည့် အရေးကိုလည်း ကြောက်ပုံ ရသည်။

 

သူမသည် သူမ၏ ကိုယ်ပိုင် အကျဉ်းတန်မှုအား အခြားသူများ၏ အရှေ့တွင် ထုတ်ပြရမည့် အရေးကို ကြောက်လန့်နေပြီး သူမကိုယ်ကို ဖုံးကွယ် ထားချင်ပုံ ရသည်။

 

_ _ _

 

သူမက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က နာမည်ကျော် ကန်တိုးနစ်အော်ပရာ အဆိုတော် တစ်ယောက် နောက်ပြီး သူမမှာလည်း မာန ရှိတယ်။ ပြိုင်ဘက်ကင်းတဲ့ အလှတရား ရှိတယ်။ သူမရဲ့အလှနဲ့ သီချင်းဆိုဟန်က ရှန့်ဟိုင်မြို့ဟောင်းမှာ မွှေးပျံ့လွန်းတဲ့ နှင်းဆီပန်းတွေလို ပွင့်လန်းခဲ့တာ။

 

ဒါဆိုရင် သူမက ဘာကို ကြောက်တာလဲ။ နာနီကို တွေ့ဖို့ ဘာက ကြောက်စေတာလဲ။

 

ဒါမှမဟုတ် မိခင်ရှေ့ရောက်နေတဲ့ ကလေးတစ်‌ယောက်လိုမျိုး ကြောက်လန့်လွန်းလို့ ပုန်းနေ မိတာလား။

 

ဒီလောက် လေးစားဖို့ကောင်းတဲ့ သရဲ။ အင်အားကြီးလွန်းလို့ ဟိုင်ရွန်ဂူဘုရားကျောင်းက တာအိုဘုန်းတော်ကြီးတွေက သူမကို လာပြီး စိန်ခေါ်တာတောင် ဂရုမစိုက်တဲ့ သရဲက ရာစုနှစ်တစ်ခုလုံး အမှားလုပ်မိတဲ့ ကလေး တစ်ယောက်လိုမျိုး နာနီနဲ့ မတွေ့ဘဲ ရှောင်ပုန်း နေခဲ့တယ်။

 

ယန်ရှစ်ရွှမ်းက မှန်တင်ခုံအရှေ့မှ အဆင့်အတန်းမြင့် ကတ္တီပါသားခင်းထားသော ခုံပေါ်ထိုင်ရင်း မှန်အတွင်းမှ သူ၏တုန့်ပြန်မှုကို စောင့်နေသည့် ချီရွှမ်းကို ကြည့်သည်။ သူ၏ နှင်းဆီရောင်နူတ်ခမ်းများက ခပ်အေးအေး မြှောက်သွားသည်။

 

“နာနီက သူမ မင်းကို အရမ်းချစ်တာပဲလို့ ပြောသွားတယ်”

 

ယန်ရှစ်ရွှမ်းက ထိုသို့ ပြောသည်။ သူသည် မျက်လွှာချလိုက်ပြီး ခုံပေါ်မှ စာကို ပြန်ကြည့်သည်။ သူမက ချစ်ရသူနှင့် ပတ်သက်ပြီး အထွန့်တက်မှုများ ဖြစ်စေ၊ သာယာသော အချစ်သီချင်းနှင့် ပိုင်ရွှမ်းကို ဝင်ပူးခဲ့သည့်  ညအချိန်ကပင် ဖြစ်စေ ချီရွှမ်းသည် ထိုစာကို ကြည့်ပင် မကြည့်ခဲ့သလို  ထိုစာကို သူမ၏ ဆံပင်ရှည်နှင့် ချည်ထားကြောင်းကို မသိချေ။

 

သူမ၏အာရုံက နာနီ နောက်ဆုံး ပြောသွားသော စကားများကိုသာ စိုးရိမ်တကြီး ကြောက်လန့်တကြား စောင့်ဆိုင်းနေသည်။

 

“သူမက မင်း ဆာလောင်နေမှာကို စိုးရိမ်တယ်။ မင်း အေးနေမှာကိုလည်း စိုးရိမ်တယ်။ မင်းနဲ့ စကားပြောဖော် မရှိဘဲ တစ်ယောက်တည်း ဖြစ်နေမှာကို၊ အထီးကျန်နေမှာကို  စိုးရိမ်နေတာ။ မင်းက လွန်ခဲ့တဲ့ နှစ်တစ်ရာက ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို လွှတ်မချ နိုင်မှာကိုလည်း စိုးရိမ် နေသေးတယ်။ ဒါကြောင့် မင်းက ဒီနေရာမှာ ပိတ်မိနေပြီး ပြန်လည် မွေးဖွားတဲ့ စက်ဝိုင်းထဲကို မဝင်နိုင်ခဲ့တာလေ။ ဒါကြောင့် သူမက မင်းကို ဒီသေဆုံးမှု အကြောင်းအရာတွေနဲ့ ရန်ငြိုးတွေ အားလုံးကို မေ့လျော့ နေစေချင်နေတယ်။ မင်းစောင့်နေခဲ့တဲ့ ချစ်ရသူပဲ ဖြစ်ဖြစ်၊ မင်း မုန်းတီးလွန်းတဲ့ အဲဒီဓားပြတွေပဲ ဖြစ်ဖြစ် သူတို့ကို ဒီနေရာမှာ ဒီအတိုင်း ထားခဲ့လိုက်ပါ။ အဲဒီနောက် ဘဝသစ်ကို ကြိုဆိုပြီး ငြိမ်းချမ်းမှုတွေကို ပျော်မွေ့လို့ သေမျိုးလောကရဲ့ ပျော်ရွှင်မှုတွေကို ပြန်လည် ခံစားလိုက်ပါတဲ့”

 

လွန်ခဲ့သော နှစ်တစ်ရာခန့်က လူများ၏ ချစ်ခြင်းနှင့် ပတ်သက်သည့် ဖော်ပြမှုများက ချုပ်တည်း လွန်းသောကြောင့် ဖြစ်လောက်သည်။ အဆင့်အတန်း၏ ကန့်သတ်ချက် အောက်တွင် ရှိနေသော နာနီက ကိုယ်ပိုင် သမီးအရင်းလို သတ်မှတ်ထားသည့် သခင်မအပေါ် နက်ရှိုင်းလွန်းသည့် မိခင်စိတ် ရှိနေကြောင်း ဘယ်သောအခါမှ တိုက်ရိုက် ဖော်မပြဖူးခဲ့ချေ။ သေလွန်ပြီးနောက် သရဲတစ်ကောင် ဖြစ်သွားခဲ့သည့်တိုင်အောင် ယန်ရှစ်ရွှမ်းကို မြင်ရသော အခါတွင်ပင် စိုးရိမ်မှု အလွှာအထပ်ထပ် အောက်တွင် ရှိပြီး ဘယ်သောအခါမှ ထုတ်မပြော နိုင်ခဲ့သည့် ချစ်ခြင်းတရားကို ခပ်ရေးရေး ဖော်ပြသွားသည်။

 

သို့သော် ယခုမူ ယန်ရှစ်ရွှမ်းက နာနီ၏ နက်နဲလွန်းသော အချစ်နှင့် ခံစားချက်တိုင်းကို ချီရွှမ်းထံ တိုက်ရိုက် ဖော်ပြ ပေးလိုက်သည်။

 

ထိုကဲ့သို့ အဖြေမျိုးကို ရမည်ဟု ဘယ်သောအခါမှ မထင်ထားသော ချီရွှမ်းက ကြောင်သွားသည်။

 

သွေးနီရောင် မှန်အတွင်းတွင် ရန်ငြိုးကြီး ဝိဉာဉ်၏ ဝရုန်းသုန်းကား ဖြစ်ပြီး တွန့်လိမ် ကောက်ကွေးနေသော ဆံပင်ရှည်များက အောက်သို့ ပြုတ်ကျ သွားသည်။ သူမ၏ မျက်လုံးထဲမှ ကွယ်ဝှက် ထားသည့် စိုးရိမ်စိတ်နှင့် အပြစ်မကင်း စိတ်များက မျက်ရည် စက်များအဖြစ် ပြောင်းလဲပြီး ကျလာသည်။

 

“သူမက မင်းကို ချစ်တယ်။ ဒါက သာမာန် မိခင်တစ်ယောက် ကလေးကို ချစ်တာနဲ့ မခြားနားဘူး”

 

ယန်ရှစ်ရွှမ်းက တမင်တကာ ရည်ရွယ်ပြီး သူ၏နက်ရှိုင်းကာ ဆွဲဆောင်မှု ပြင်းထန်သည့် အသံကို တိုးလိုက်လျက် နှစ်သိမ့်လိုသော လေသံမျိုးနှင့် ပေါင်းလိုက်သည်။

 

“သူမက မင်းကို တစ်ခါမှ အပြစ် မတင်ခဲ့ပါဘူး။ ပြောရရင် မင်းကို အပြစ်တင်ရမဲ့ အစား မင်းကို မကာကွယ် နိုင်ခဲ့တဲ့အတွက်ပဲ သူမကိုယ်သူမပဲ အပြစ် တင်နေခဲ့တာ။ မင်းက နှစ်တစ်ရာလုံးလုံး တစ်ယောက်တည်း ရှိနေခဲ့တဲ့အတွက် အရမ်းကို ရင်ကွဲနာ ကျနေခဲ့တယ်။ အမှန်တိုင်းပြောရရင် သူမက မင်းကို အရမ်း တွေ့ချင်နေတာ။ မင်းရဲ့မျက်နှာလေးကို ထိတွေ့ချင်ပြီး အရာအားလုံးက ပြီးဆုံးသွားပြီ ဆိုတဲ့ အကြောင်း၊ ထပ်ပြီး ကြောက်စရာ မလိုတော့တဲ့အကြောင်း ပြောချင် နေခဲ့တာ။ မင်းရဲ့နာနီက မင်းရဲ့အမေလို သတ်မှတ်ထားတဲ့ နာနီက မင်းချစ်သလိုပဲ မင်းကို အရမ်း ချစ်တာ။ မင်းကိုလည်း အရမ်း လွမ်းနေခဲ့တာပါ”

 

ချီရွှမ်း၏ လှပသော ဖီးနစ်မျက်လုံးများအတွင်းမှ ရိုးသားလွန်းသော ခံစားချက်များက ပြည့်လျှံနေသည့် မျက်ရည်စက်များက ဆင်းသက် လာလေသည်။

 

သူမ ယန်ရှစ်ရွှမ်းကို မှင်သက်စွာ ကြည့်လိုက်သည်။ ယန်ရှစ်ရွှမ်း၏ လက်ရှိ အမူအယာနှင့် လေသံက စိတ်အေး စေလောက်အောင် နူးညံ့ပြီး သူမပင် သံသယ မဝင်စေလောက်အောင် ယုံကြည် စေသောကြောင့်လည်း ဖြစ်လောက်သည်။

 

ချီရွှမ်း၏ ကိုယ်က တုန်ယင် သွားသည်။ သူမက သူမ၏ချည်ဖောင် ထောင့်စွန်းနားလေးကို ဆုပ်နှစ်ကိုင်ထားရင်း သူမ၏ တောက်ပ နီရဲနေသည့် နူတ်ခမ်းများက တဆတ်ဆတ် တုန်ခါသွားသည်။

 

သူမသည် ခက်ခက်ခဲခဲ စကားပြောလိုက်သည်။

 

“ဘယ်လိုဖြစ်နိုင်မှာလဲ ငါ ထင်ထားတာက နာနီက င့ါကို သေချာပေါက် မုန်းနေ သင့်တာလေ။ င့ါကို မုန်းတီးမှု၊ ရွံ့ရှာမှုတွေ နဲ့ ပြည့်နေတဲ့ မျက်လုံးမျိုးနဲ့ ကြည့်မယ်လို့ ထင်ထားတာ။ ဒါကြောင့် သူမကိုတောင် သွားတွေ့ဖို့ သတ္တိမရှိခဲ့ဘူး။ ငါ စိုးရိမ်တာက ငါ့ကို သဘောမကျတော့မှာကို ကြောက်နေလို့လေ”

 

“ဘာလို့လဲဆိုတော့ အဲ့တာ ငါ ငါကပဲ သူနဲ့လက်ထပ်ဖို့ ဒီနေရာမှာ အတင်းအကြပ် စောင့်ချင် နေခဲ့တာ။ ငါ့ကြောင့် နာနီက ဒီနေရာမှာ ငါနဲ့အတူ သေသွား ရတာလေ။ နာနီအနေနဲ့ ဒီလိုအခြေအနေမျိုးကို ကြုံတွေ့စရာ အကြောင်းမှ မရှိတာ။ ဒါတွေအားလုံးက ငါ သူနဲ့အတူ ရှိချင်ခဲ့လို့ပဲ”

 

“ငါ  တောင်းပန်ပါတယ်။ တောင်းပန်ပါတယ် နာနီ။ ငါ မတွေ့ချင်တာ မဟုတ်ပါဘူး။ ဝမ်းနည်းအောင် မလုပ်ချင်ရုံပါ”

 

ချီရွှမ်းက အသားကုန် ငိုသည်။ သူမ၏ မိတ်ကပ်များက ပျက်လုနီးပါး ဖြစ်သည်။ သူမ၏ မျက်လုံးကပင် ဝေဝါးသွား၏။ နာနီက သူမ၏အရှေ့တွင် ထွက်ရပ်နေသလို၊ ထိုညကလို၊ သူမ ကလေးဘဝကလို ခံစားသွားရသည်။ နာနီက ချစ်မြတ်နိုးသော ပုံစံမျိုးနှင့် လက်ဆန့် ထုတ်ပြီး သူမကို ရင်ခွင်အတွင်းသို့ ဆွဲထွေးပွေ့ချင်နေပုံ ရသည်။

 

“ငါလည်း အရမ်းလွမ်းတာပါ။ နာနီ ငါ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ ကျွန်မ နည်းနည်းလေး သတ္တိရှိပြီး လာတွေ့ခဲ့သင့်တာ။ ဒါပေမဲ့ ငါ တအားကြောက်တယ်။ ငါ တကယ် ကြောက်တာ။ နာနီက ငါ့ကို ထပ်မချစ်တော့မှာကို ငါ တကယ်စိုးရိမ်မိတယ်။ ငါ‌ တောင်းပန်ပါတယ်”

 

အပြစ်ပေး ခံရရန်၊ ဆူပူ ခံရရန် စောင့်နေသည့် အပြစ်မကင်းစိတ်နှင့် ကလေး တစ်ယောက်လိုမျိုး ချီရွှမ်းဟာ မိခင်ဖြစ်သူရှေ့ ရပ်ပြီး ခေါင်းပင် မဖော်နိုင်အောင် ဖြစ်နေသည်။ သို့သော် မမျှော်လင့်ထားစွာပင် ချစ်မြတ်နိုးမှု အပြည့်နှင့် မိခင်တစ်ယောက်က ကလေးငယ်၏ ခေါင်းကို ပုတ်ပေး လိုက်သလို၊ သူမကို နာကျင်သလားဟု မေးမြန်းနေသည့် မိခင်တစ်ယောက်၏ အပြုံးကို မြင်လိုက် ရသလိုသာ ခံစား လိုက်ရသည်။

 

ထို့နောက် ကျောဘက်သို့ ပို့ကာ ဝှက်ထားသည့် သူမ၏ လက်မောင်းမှ ဒဏ်ရာများက ရုတ်တရက် သည်းမခံနိုင်‌လောက်အောင် နာလာသည်။ ပြင်းထန်လွန်းသော ရန်ငြိုးစွမ်းအင်များက သူမကို လွှမ်းခြုံသွားပြီးနောက် သူမက မိခင်ဖြစ်သူ၏ ထွေးပွေ့မှု အတွင်းသို့ ဝင်ရောက်ပြီး ကုန်လွန်ခဲ့သည့် နှစ်များအတွင်း ခံစားခဲ့ရသည့် ခံစားချက်တိုင်းကို ဖွင့်ဟ ထုတ်ချင်သွားသည်။

 

ယန်ရှစ်ရွှမ်းက ချီရွှမ်း၏ အမူအယာကို တိတ်တဆိတ် ကြည့်နေရင်း သူမ၏ စိတ်ဓာတ် ကျနေသော ပုံစံ၊ အနိမ့်အမြင့် အတက်အကျ ဖြစ်နေသော ရှင်းပြချက်များမှ တဆင့် အခြေအနေကို သိလိုက်သည်။

 

ဒါဆိုရင် ချီရွှမ်းကို ရန်ငြိုးကြီး ဝိဉာဉ်တစ်ကောင်အဖြစ် ပြောင်းလဲ စေခဲ့တာက ဘယ်တုန်းမှ ရောက်မလာတဲ့ သူမ စောင့်နေတဲ့ ချစ်သူ မဟုတ်ဘူးဘဲ။

 

ဒါက ဒီအတိုင်း နာနီ သေသွားတဲ့အတွက်ကြောင့် အပြစ်မကင်းစိတ် ဒေါသတွေက ဒီလို ဖြစ်သွား စေခဲ့တာပဲ။

 

လွန်ခဲ့သော နှစ်တစ်ရာခန့်က ကံကြမ္မာပါသည့် ညတစ်ညတွင် သူမ၏ နာနီက ချီရွှမ်း၏အ‌ရှေ့တွင် သေသွားခဲ့သည်။ သူမသည် နာနီ၏ ဝမ်းနည်းဖွယ် ကောင်းသည့် သေဆုံးခြင်းကို မြင်လိုက်ပြီး ဓားပြများပေါ် ကလဲ့စား မချေနိုင်သည့်အတွက် ယူကြုံးမရ ဖြစ်ခဲ့ပေလိမ့်မည်။ ထို့နောက် သူမကိုယ်တိုင်ကပင် သေသွားခဲ့ပြီး ထိုခံစားချက်ကပင် သေလွန်ပြီးသည့် သူမကိုယ်အတွင်းသို့ ဝင်ရောက်ပြီး သေခြင်းနှင့် ရှင်ခြင်းအကြား နယ်နမိတ်ပေါ် ဆင်းသက်သွားခဲ့လျက် မသေခင်က ပြင်းထန်လွန်းသော အယူသီးစိတ်အဖြစ် ပြောင်းလဲသွားသည်။

 

ရလဒ်အနေဖြင့် သူမက ရန်ငြိုးကြီး ဝိဉာဉ်တစ်ကောင် ဖြစ်လာသည်။ ထိုသိုဖြင့် ဒီတောင်ကို တစ္ဆေတောင်အဖြစ် ပြောင်းလဲ လိုက်သည်။

 

ယန်ရှစ်ရွှမ်း သယ်လာသော သတင်းစကားက ချီရွှမ်းကို ထိုးနှက်ချက်ကြီးအဖြစ် သက်ရောက် သွားသည်။ သူမက ယန်ရှစ်ရွှမ်း၏ တည်ရှိမှုကို အာရုံ မစိုက်နိုင်တော့ပဲ တဆတ်ဆတ် တုန်ခါနေရင်း မှန်ရှေ့တွင် ငိုနေသည်။ သူမက ထပ်ခါတလဲလဲ ရေရွတ်နေသည်။

 

“တောင်းပန်ပါတယ်”

 

သူမကသာ တောထဲတွင် ရှိသည့် သီးသန့်တည်ဆောက်ထားသော စံအိမ်အတွင်းတွင် နေရန် မြို့ထဲမှ ခေါင်းမာမာနှင့် မထွက်ခဲ့လျှင်၊ သူမကသာ ဓားပြများနှင့် မတွေ့ခဲ့လျှင် သူမ၏နာနီက သေရလိမ့်မည် မဟုတ်ချေ။

 

သူမကသာ အနည်းငယ် ပိုသတ္တိရှိမည်ဆိုလျှင် သတ္တိကို စုစည်းပြီး စတုတ္ထထပ် အပြင်ဘက်တွင် ရပ်နေသည့် နာနီကို ထွက်တွေ့ကာ တောင်းပန်ရန် ဆန္ဒ ရှိခဲ့မည်ဆိုလျှင် သူတို့အကြားမှ နားလည်မှုများကို စောစော ဖြေရှင်းပြီး တကွဲတပြားစီ နေလျက် ခံစားခဲ့ရမည့် အခြေအနေကို ရှောင်ရှားနိုင်လောက်သည်။

 

တကယ်လို့ _ _ _ အချိန်တွေကိုသာ နောက်ပြန်ဆုတ်လို့ရရင်

 

ရုတ်တရက် ယန်ရှစ်ရွှမ်း၏ အကင်းပါးသော နားက အရည်စက်များ ကျနေသည့် အသံရေးရေးကို ကြားလိုက်ရသည်။ သူက အသံလာရာ ဘက်သို့ စူးရှသော အကြည့်နှင့် လှည့်ကြည့် လိုက်သည်။

 

မှန်တင်ခုံပေါ်တွင် သလင်းနာရီက ရှိနေသည်။ ရုတ်တရက် သဲစေ့တစ်စေ့က အောက်ဘက်သို့ ကျသွားပြီး ရှင်းလင်းနေသော သလင်းအောက်ခြေသို့ ကျသဖြင့် ထွက်လာသည့် အသံ ဖြစ်လာသည်။

 

ယန်ရှစ်ရွှမ်းက တစ်ခဏခန့် တောင့်ခဲသွားပြီး ဖျော့တော့စွာ ပြုံးလိုက်သည်။

 

နောက်ဆုံးတွင် တစ္ဆေတောင်မှ ထွက်နိုင်မည့် နည်းလမ်းကို ရှာတွေ့ သွားလေပြီ။

 

ချီရွှမ်းလို ရန်ငြိုးကြီး ဝိဉာဉ်ရဲ့ ဆွဲကိုင်ထားတဲ့ အယူသီးစိတ်က ယိမ်းယိုင် လာနေပြီ။

 

သူမကို ရှင်သန်ခြင်းအကျော် သေဆုံးခြင်း မရောက်ခင် နယ်မြေအတွင်း ပိတ်လှောင် ထားသည့် မုန်းတီးမှုများကြောင့် ခဲနေသည့် အချိန်က ပြန်လည် စီးဆင်းလာသည်။

 

စံအိမ်၏ အခြားသော နေရာများနှင့် ကွဲထွက်နေသည့် စတုတ္ထထပ်အပြင် စံအိမ်တစ်ခုလုံး သို့မဟုတ် တစ္ဆေတောင်တန်းကြီး တစ်ခုလုံးက သဲအိတ်တစ်ခုလိုမျိုး တဖြည်းဖြည်းချင်း ပြန်လည် ပြုတ်ကျသွားသည်။

 

ချီရွှမ်း၏ မျက်ရည်များက သူမ၏ သွေးနီရောင် နှင်းဆီချည်ဖောင်‌ပေါ် ကျပြီး နဂိုက နီရဲ တောက်ပနေသည့် နှင်းဆီများထံမှ သွေးနီရောင်က တဖြည်းဖြည်းချင်း ပျောက်ကွယ် လာသည်။

 

သူမသည် သေဆုံးခြင်းနှင့် ရှင်သန်ခြင်းအကြား ခွဲသွားခဲ့သည့် မှတ်ဉာဏ်များမှတဆင့် မိဘများကို တောင့်တလျက် ငိုနေသော ကလေးတစ်ယောက်လိုမျိုး အော်ဟစ် ငိုယိုနေသည်။

 

ချီရွှမ်း၏ မျက်ဝန်းထောင့်တစ်နေရာမှာ သွေးမျက်ရည် တစ်စက် ကျသွားခဲ့သည်။

 

_ _ _

 

ရန်ငြိုးကြီး ဝိဉာဉ်တွေမှာ ဝိဉာဉ် မရှိဘူး။ မုန်းတီးမှုနဲ့ နာကျင်မှုတွေကပဲ ဝိဉာဉ်အတွင်းမှာ ကပ်တွယ်နေတာ။ ဒါကြောင့် သေဆုံးပြီးသွားတဲ့နောက် ခန္ဓာကိုယ်ကနေ ကျနိုင်တာ သွေးပဲ  ရှိတယ်။

 

ကြမ်းတမ်းသော လေပြင်းက ရုတ်တရက် မြှောက်တက်လာပြီး အခန်းအတွင်းရှိ လိုက်ကာများကို ယမ်းခါသွားစေလျက် ဖယောင်းတိုင်မီးကို ခပ်ကြမ်းကြမ်း လှုပ်ခါသွားစေသည်။ နံရံများပေါ်တွင် ကျောချမ်းဖွယ် ကောင်းသော အရိပ်ရှည်ကြီးများက ကခုန်နေသည်မှာ ရန်ငြိုးကြီး ဝိဉာဉ်ပေါင်းများစွာ အံကြိတ်လျက် လက်သည်းများကို ဆန့်ထုတ်နေပုံနှင့် တူသည်။

 

သို့ရာတွင် ယန်ရှစ်ရွှမ်းကမူ မှန်တင်ခုံ‌ရှေ့တွင် ခပ်အေးအေး ထိုင်ပြီး တစ်စုံတစ်ရာကို စောင့်နေလေသည်။

 

ချီရွှမ်း၏မျက်နှာမှ သွေးမျက်ရည်များက စီးကျလာပြီး သွေးနီ‌ရောင်မှန်တွင် ရောင်ပြန်ဟပ်လာသည့် အခိုက်အတန့်တွင် အလင်းနှင့် အမှောင် အပြောင်းအလဲ တစ်နေရာတွင် ကြောက်မက်ဖွယ် ကောင်းသည့် တစ္ဆေတစ်ကောင်၏ ပုံရိပ်က ထွက်ပေါ် လာသည်။

 

သူမသည် နာကျင်မှုနှင့် တုန်ယင်နေခြင်း မဟုတ်ချေ။ သူမ၏ လှပသော မျက်နှာတွင် မုန်းတီးမှုကသာ ပြည့်နှက်သွားသည်။

 

“ဓားပြတွေကို မုန်းတယ် သူမကိုယ်ကို မုန်းတယ်”

 

“ကျိုးချီ”

 

“ကျိုးချီ”

 

ချီရွမ်းက ဒေါသတကြီး အော်သည်။ သူမက စူးရှစွာ အော်ဟစ် လိုက်သောအခါ မျက်နှာက ပုံပျက်ပန်းပျက် ဖြစ်သွားသည်။

 

“ကျိုးချီ”

 

ပြင်းထန်လွန်းသော မုန်းတီးမှုနှင့် စူးရှလွန်းသော အော်သံ၏အားအောက်တွင် အခန်းတစ်ခုလုံးက လှုပ်ခါသွားသည်။ အခန်းအတွင်းရှိ ပစ္စည်းများ၊ ပရိဘောဂများက မြေပြင်ပေါ်သို့ ပြုတ်ကျ သွားသည်။ ထို့အပြင် ကျောက်တုံး နံရံများကပင် ပြိုလဲ ကျ၏။ ချီရွှမ်းက သူမ ကိုယ်တိုင် ပုန်းကွယ်ရန် ပိတ်လှောင်ထားသော လှောင်အိမ်ကို မတည်ငြိမ်သော ခံစားချက်များကြောင့် ကိုယ်တိုင် ဖျက်ဆီး မိသွားသည်။

 

သို့ရာတွင် ယန်ရှစ်ရွှမ်းကမူ ရှောင်တိမ်းခြင်းလည်း မပြုသလို ထွက်ပြေးခြင်းလည်း မရှိပါချေ။ ဒီအတိုင်း လေးလံသော ပစ္စည်းများနှင့် လေးလံသော သစ်သားနီ‌ရောင် ဗီဒိုကြီးကို သူ့ကိုယ်ပေါ်သို့ ကျလာ စေလိုက်သည်။

 

မှန်တင်ခုံပေါ်တွင် စီးဆင်းနေသော အချိန်ကို ပြသနေသည့် သလင်းသဲနာရီအတွင်းမှ သဲမှုန်များက မြင့်လိုက်ကျလိုက် ဖြစ်နေသည်။

 

ဘုန်း

 

ယန်ရှစ်ရွှမ်း၏ အရှေ့တွင် ရှိနေသည့် အရာအားလုံးက ပိန်းဖိန့်အောင် မဲမှောင် သွားပြန်သည်။

 

သူက မျက်လုံးကို ပြန်ဖွင့် လိုက်သောအခါ စံအိမ်၏ စတုတ္ထထပ်တွင် မဟုတ်တော့ချေ။ ထို့အစား သူသည် အေးစက်သော မြေပြင်ပေါ်တွင် ညကောင်းကင်၏ အုပ်ဆိုင်းနေသော လမင်းကြီးကို မော့ကြည့်လျက်သား ရှိနေကြောင်း တွေ့လိုက် ရသည်။

 

******