Ch 31
Viewers 6k

အပိုင်း(၃၁)


ချီရွှမ်း၏ စိတ်ရှုပ်ထွေးမှုများကြောင့် တစ္ဆေတောင်တွင် ခြားနားသော လောကသုံးခုက ထပ်လျက် ရှိနေသည်။ တစ်ခုကမူ ချီရွမ်းကိုယ်တိုင်က စတုတ္ထထပ်တွင် သီးသန့်ခွဲထားသော လောကတစ်ခု ဖြစ်ပြီး အခြားတစ်ခုကမူ ချီရွှမ်းက ဖန်တီး ထားသည့် ပုံရိပ်ယောင်လောက ဖြစ်သည်။ နောက်တစ်ခုကမူ တီဗွီရိုက်ကူးရေး အဖွဲ့သားများ ကပ်ဘေး ရင်ဆိုင်နေရသည့် တစ္ဆေတောင်ဖြစ်သည်။


သူသည် သူရင်ဆိုင်ရကောင်း ရင်ဆိုင်ရနိုင်သည့် အန္တရာယ်များကို အရင်ဦးဆုံး မျှော်လင့်ပြီး ပုံမှန်အတိုင်း လုပ်ဆောင်ရန် ပြင်ဆင်ထားလိုက်သည်။ 


သို့သော် သူသည် ကျရှုံးသွားသည်။


ယန်ရှစ်ရွှမ်းသည် ဒီခန္ဓာကိုယ်ကို မထိန်းချုပ် ထားနိုင်ချေ။ သူသည် အရိုးရှင်းဆုံးသော ခေါင်းငိုက်သည့် ကိစ္စကိုပင် မလုပ်နိုင်ချေ။ သူသည် သာမာန်လူသားတစ်ယောက်က လည်ပင်းကို လှည့်သောအခါ ခံစားရသင့်သည့် သွေးပြန်ကြောများနှင့် ကြွက်သားများ၏ ခံစားမှုကို မခံစားရချေ။ သူတွင် ခန္ဓာကိုယ် မရှိနေသလို၊ လည်ပင်း မရှိသလို၊ ခေါင်းသီးသန့် တည်ရှိနေသလို ဖြစ်သည်။ 


ဒါက ဘယ်လိုအခြေအနေလဲ။


ယန်ရှစ်ရွှမ်းက သူရောက်နေသည့် အခြေအနေကိုသာ အရင်ဆုံး အတည် ပြုလိုက်သည်။


_ _ _ 


သူသည် လွန်ခဲ့သော နှစ်တစ်ရာခန့်က အမှန်တရားဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များဖြင့် တည်ဆောက်ထားသော မှတ်ဉာဏ်လောကတွင်းသို့ ပြန်လည်ရောက်ရှိသွားပြီး ဓားပြများကြောင့် ခေါင်းဖြတ်ခံလိုက်ရသည့် ချီရွှမ်း၏ကိုယ်အတွင်းသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ 


သူ ဓားပြခေါင်းဆောင်း ကျိုးချီ၏ ရှုထောင့်မှ မြင်ခဲ့ရသော အခြေအနေများအရပင် ဖြစ်စေ၊ လက်ရှိ ပန်းခြံ၏အစွန်နား ထင်းတဲအတွင်းတွင် ပြတ်နေသော ခေါင်းသီးသန့်အဖြစ် မြေပြင်တွင် ကျလျက်ရှိနေသော ချီရွှမ်း၏ ရှုထောင့်အရတွင် ဖြစ်စေ မှတ်ဉာဏ်များကို စပ်ဆက်နိုင်မည် ဖြစ်သည်။ 


ကျိုးချီ၏ ရှုထောင့်မှ မြင်ရသော မှတ်ဉာဏ်များမှ ယခင်သုံးသပ်ချက်များအရ ယန်ရှစ်ရွှမ်းသည် သံသယ အများကြီး ရှိခဲ့သည်။ 


ယန်ရှစ်ရွှမ်းသည် သံသယ အများကြီး ရှိခဲ့သည်။ 


အကြောင်းမူကား မှတ်ဉာဏ်များက နာနီ၏ ဝိဉာဉ်က ထွက်ခွာသွားသည့် အပိုင်းတွင် အဆုံးသတ် သွားသောကြောင့် ဓားပြများက အောင်ပွဲခံပြီးနောက် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို မသိနိုင်ချေ။


ဒီတော့ ဘာလို့ သတ်လိုက်တဲ့သူက အသတ်ခံရတဲ့သူကို ကြောက်နေရတာလဲ။


နောက်ပြီး ဒီလောက်ကြမ်းတမ်းရက်စက်လွန်းတဲ့ ဓားပြတွေက ချီရွှမ်းကို ကြောက်နေရတာလဲ။ နောက်ပြီး အဲဒီသွေးနီရောင်လူသားပုံသဏ္ဍာန် မကောင်းဆိုးဝါးတွေက တောင်အနှံ့ တကွဲတပြားစီ ရှိနေရတာလဲ။ နောက်ပြီး ကောလဟလတွေအရ တစ္ဆေတောင်မှာ လူတွေ ဆက်တိုက် သေတယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ထွက်နေရတာက ဘယ်လိုကြောင့်လဲ။


နာနီက ယန်ရှစ်ရွှမ်းကို စကားတစ်ကြောင်း ပြောသွားခဲ့ဖူးသည်။


“သခင်မလေးက မင်းကို ဓားပြခေါင်းဆောင်လို့ ထင်နေတာ”ဆိုသော စကားအရ ယန်ရှစ်ရွှမ်းသည် ချီရွှမ်း၏ နောက်ခံနှင့် ရှုထောင့်မှတဆင့် ကိစ္စတိုင်းကို အတည်ပြုနိုင်ကြောင်း သိလိုက်သည်။ သူကသာ ဆက်ဖြစ်မည့် ကိစ္စများကို သိချင်လျှင် ချီရွှမ်း၏ ရှုထောင့်မှတဆင့် ပြီးပြည့်စုံသည့် မှတ်ဉာဏ်များကို ကြည့်ရပေလိမ့်မည်။


ထိုသို့ဖြင့် စိတ်ထဲတွင် ပြည့်နှက်လျက်ရှိသည့် မေးခွန်းများနှင့် ယန်ရှစ်ရွှမ်းက ကြောက်လန့်မှုအပြည့်နှင့် ပုန်းနေခဲ့သော သရဲမချီရွှမ်းကို ဆက်တိုက် ရန်စပြီး မှန်ထဲတွင် ပေါ်လာအောင် လုပ်ခဲ့သည်။ သူက သူ သိထားပြီးသော သတင်းအချက်အလက်များကို သုံးပြီး ချီရွှမ်းအား လွန်ခဲ့သော နှစ်တစ်ရာခန့်က မှတ်ဉာဏ်များကို ပြန်မှတ်မိသွားအောင် လှုံ့‌ဆော်လိုက်သည်။ ဒီနည်းအားဖြင့် သူမ၏ဝိဉာဉ်က မတည်မငြိမ် ဖြစ်လာပေလိမ့်မည်။ ထိုသို့ဖြင့်် ကိုယ့်ကိုယ်ပိုင်နောက်ခံကို ဝေခွဲမရ ဖြစ်သွားလေပြီး ချီရွှမ်း၏ နောက်ခံကို သုံးပြီး မှတ်ဉာဏ်လောကအတွင်းသို့ ဝင်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။


ချီရွှမ်းသည် ဒီတစ္ဆေတောင်တစ်ခုလုံး၏ အဓိကသော့ချက် ဖြစ်သည်။ သူမ၏ မုန်းတီးစိတ်နှင့် အယူသီးစိတ်ကြောင့်သာ တစ္ဆေတောင်ကို ခွဲထုတ်ထားနိုင်သည်။ သူမ၏မုန်းတီးမှုများနှင့် ဖန်တီးထားသည့် အကျဉ်းထောင်ကို ဖြိုခွဲပေးနိုင်ပေလိမ့်မည်။


ရိုက်ကူးရေးအဖွဲ့သားတိုင်း တစ္ဆေတောင်မှ ထွက်သွားပြီး ကွေ့တောင်သို့ အမှန်တကယ် ပြန်လျက် သာမာန်လောကသို့ ပြန်ရောက်နိုင်ရန် သူမက အရေးပါဆုံး ဖြစ်နေသည်။


သို့ရာတွင် ချီရွှမ်း၏နောက်ခံကို ယူသုံးထားရသောကြောင့် သူသည် ယခင်တစ်ခေါက်က ဓားပြခေါင်းဆောင်၏ နောက်ခံကို ယူထားရသလိုမျိုး မည်သည့်အရာကိုမှ မလုပ်နိုင်ချေ။ မည်သည့် အရာကိုမှ မလုပ်နိုင်ပြန်ချေ။ မည်သို့ပင်ဆိုစေ အရာအားလုံးက အမှန်တကယ် ဖြစ်ပျက်ခဲ့ပြီးလေပြီ။


သူသည် ချီရွှမ်း၏ကိုယ်အတွင်းတွင် နေရင်း ဘေးမှရပ်ကြည့်နေသူတစ်ယောက်လို လွန်ခဲ့သော နှစ်တစ်ရာခန့်က ကိစ္စတိုင်းကို ပြန်ကြည့် နေလိုက်သည်။


နွေရာသီ ညတစ်ည တောင်တန်းပေါ်တွင် ညခင်းလေပြင်းက အရိုးကွဲမတတ် အေးစက်နေသည်။ ဥယျာဉ်အတွင်း သိပ်သည်းလွန်းသော သွေးနီရောင်က ပြည့်နှက်နေသောကြောင့် လေကြောင့် သယ်ဆောင်လာသည့်အခါ ယန်ရှစ်ရွှမ်း၏ နှာခေါင်းအတွင်းသို့ ဝင်ရောက်လာသည်။


ဆိုးဆိုးရွားရွားနှင့် ခုတ်ဖြတ်ခံထားရသည့် ခေါင်းနှင့် သိပ်မဝေးသော နေရာတွင် စံအိမ်အတွင်း သေသွားခဲ့သည့် လူများ၏ ခြေပြတ်၊ လက်ပြတ်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပုံပြီး အိတ်ထဲထည့်လျက် ပစ်ထားသည့် ထင်းတဲတွင် မြင်နိုင်သည်။ ထိုထဲတွင် နာနီအပိုင် အလောင်းလဲ ပါလေသည်။


ထို့အပြင် ခန္ဓာကိုယ် အစိတ်အပိုင်းများက အိတ်ထဲမှ ယိုဖိတ်နေပြီး မြေပြင်အနှံ့ ပြန့်နေသည်။


စီးလာသော သွေးက တိုက်ခိုက်လာသော လေကြောင့် တရွေ့ရွေ့ ရွေ့လျားပြီး ဥယျာဉ်နှင့် ပေါင်းစပ်လျက် မြေဆီလွှာ အတွင်းသို့ စိမ့်ဝင်သွားပြီး ဥယျာဉ်အတွင်းရှိ အဖြူရောင် နှင်းဆီပန်းများကို ရေလောင်းသလို မြေဩဇာအဖြစ် ထောက်ပံ့ ပေးနေသည်။


ချီရွှမ်း၏ ပွင့်နေသော မျက်လုံးက မျက်တောင် မခတ်သေးချေ။ ထိုမျက်လုံး တစ်စုံက ညကောင်းကင်ရှိ လမင်းသာကို စိုက်ကြည့်နေသည်။


သူမ၏ဝိဉာဉ်က ခန္ဓာကိုယ်အတွင်းတွင် ပိတ်မိနေသေးသည်။သို့သော် တစစီ ခုတ်ပိုင်းခံရမှုကြောင့် တစ်ကွဲတပြားစီ ဖြစ်နေ၏။ သူမက ငိုငြီးပြီး ဒေါသများ၊ နာကျင်မှုများနှင့်အတူ အော်ဟစ်သည်။ သူမ ချစ်သူ၏နာမည်ကို အော်သည်။ သူမချစ်သူ၏ နာမည်ကို အော်သည်။


သို့သော် မည်သူကမှ သူမ၏အသံကို မကြားကြချေ။ မည်သူကမှ ပြန်မဖြေကြချေ။ 


သူမသည် သွေးများ စွန်းထင်းနေသည့် နီရဲသော မျက်လုံးဖြင့်သာ စိုက်ကြည့် နေနိုင်သည်။ ထိုမျက်လုံးထဲတွင် ရန်ငြိုးများ ထွက်လာသည့် စံအိမ်ဘက်သို့ ပြန်ကြည့်လိုက်သည်။ 


သူမ၏ ကိုယ်နှင့် ဝိဉာဉ်ကွဲထွက်သွားအောင် လှုံ့ဆော်ခံခဲ့ရသည့် နာကျင်မှုနှင့် ရန်ငြိုးများက ပြည့်နှက်လာသည်။ နဂိုက သူမ၏ ကျော့ရှင်းကြည့်ကောင်းပြီး လှပသော ချည်ဖောင်တွင် သွေးများ စွန်းထင်သွားသည်။ သူမ ယခင်က ကြင်နာမှုတိုင်းက အကန့်အသတ်မဲ့သည့် မုန်းတီးမှုအဖြစ် ပြောင်းလဲသွားသည်။ ထိုသို့ဖြင့် ပြင်းထန်လွန်းသော အယူသီးစိတ်က ဓားပြတိုင်းကို သတ်ပြီး သူမ၏အမုန်းတရားတိုင်းကို ဆေးချင်စိတ် ပြင်းထန်လာသည်။ အထူးသဖြင့် ဓားပြများ၏ သောက်စားရယ်မောသံက ကျယ်‌လောင် လာလေလေ ထိုခံစားချက် ပို၍ မြှင့်တက် လာလေလေ ဖြစ်သည်။


မျက်လုံးတစ်လုံးအတွက် တစ်လုံး၊ သွားတစ်ချောင်းအတွက် တစ်ချောင်း။


ပထမဦးဆုံးသော အာရုံဦး အလင်းတန်းက မိုးကုပ် စက်ဝိုင်းတည့်တည့်ကို ကျော်ြဖတ်ပြီး မရောက်ရှိ လာသေးခင် အရပ်ရှည်ရှည်နှင့် ခမောက် ဆောင်းထားပြီး ချိန်းကြိုးတစ်ချောင်း သယ်လာသည့် သရဲတစ်ကောင်က ချီရွှမ်း၏ အရှေ့သို့ ရောက်လာသည်။ သူသည် သူမကို မြေအောက်လောကသို့ ခေါ်သွားပြီး သူမ၏စိတ်ရင်းကို ရှင်းလျက် ပြန်လည်ဝင်စားနိုင်အောင် လုပ်ပေးမည့်ပုံ ရှိသည်။ 


သို့ရာတွင် ချီရွှမ်း၏ ဝိဉာဉ်ထဲတွင် မုန်းတီးမှုများကြောင့် ပြည့်နှက်နေသောကြောင့် သူမက ငြင်းဆန်လိုက်သည်။’


ချီရွှမ်းသည် မူလက သေသေသပ်သပ် ဖြီးသင်ထားသော ဆံပင်အခွေလေးများက ဓားပြခေါင်းဆောင်ကျိုးချီနှင့် ရုန်းကန်မှုများအတွင်း ဖြူဖျော့ပြီး သွေးရောင်မဲ့သော မျက်နှာပေါ်သို့ အုပ်လျက် ရှိနေသည်။


သူမ၏ သွေးနီရောင်မျက်ဝန်းတစ်စုံကသာ မုန်းတီးမှုအပြည့်နှင့် တောက်ပနေသည်။ ထိုအခြေအနေအရ သူမကို ပို၍သုန်မှုန်ကာ ရန်ငြိုးစွမ်းအား ပြည့်နှက်နေသော မျက်နှာထားမျိုး ပေါ်လာစေပြီး ပို၍ ဆိုးယုတ်ကာ ရက်စက်စေသည်။ 


သူမ၏ သွေးများ စွန်းထင်းနေသော နီရဲသောဝတ်စုံကသာ ည၏ အနက်ရှိုင်းဆုံး အမှောင်ထုအတွင်း တစ်ခုတည်းသော ရောင်စဉ်ဖြစ်သွားသည်။


‘လူသတ်သမား _ _ _ သူလည်း ပြန်သေသင့်တယ်။ သူက ငါ့ကို သတ်သွားတာ။ ငါ သူ့မျက်နှာကို မှတ်မိတယ်။ သူ့ နာမည်ကိုလည်း သိတယ်။ ငါ ဆိုးဆိုးရွားရွား သေခဲ့ရတယ်။ ငါ့ရဲ့နာနီ နောက်ပြီး အဲဒီလူတွေ၊ နောက်ပြီး ငါကိုယ်တိုင်ရဲ့ မုန်းတီးမှုတိုင်းကို သွေးနဲ့ သန့်ရှင်းမှ ဖြစ်လိမ့်မယ်’


ချီရွှမ်း၏ သူမ၏လက်များဖြင့် မျက်နှာကို အုပ်ပြီး ငိုသည်။ သွေးနီရောင် မျက်ရည်များက ဆက်တိုက် စီးကျလာသည်။


သူမသည် သူမကို လာခေါ်သော သေမင်းကို သူမ၏ရန်ငြိုးများကို ထပ်ခါတလဲလဲ ပြောပြီး လောကတွင် တရားမျှတမှု မရှိတော့ကြောင်း မေးခွန်းထုတ်နေသည်။


စိတ်မရှည်သော ထိုသေမင်းက ဥယျာဉ်နှင့် တောင်တန်းများတွင် လေလွှင့်နေသည့် ဝိဉာဉ်ပေါင်းများစွာကို အင်အားသုံးပြီး ခွဲခေါ်သွားချင်ခဲ့သည်။


သို့သော် ရုတ်တရက် ခပ်ကြမ်းကြမ်း တိုက်ခိုက်လာသည့် ချီရွှမ်း၏ ဒေါသများကြောင့် အားလုံးကို ပြန်လည်မောင်းထုတ်လိုက်နိုင်သည်။


ညဆယ့်နှစ်နာရီအတိ ရောက်သွားသောအခါ ဆိုးရွားသော အဆုံးသတ်နှင့် ကြုံတွေ့ခဲ့ရသည့် အနီရောင်ဝတ်စုံ ဝတ်ထားသော ထိုသရဲမက သူတို့အားလုံး အကြောက်ရဆုံးသောသူ ဖြစ်သွားသည်။


နေ့ရက်နှစ်ရက်၏ အကူးအပြောင်းကာလ အခိုက်အတန့် _ _ _ 


နေ့နှင့်ည အကူးအပြောင်း တိုတောင်းလွန်းသော ကာလတွင် ရှိသည့် အချိန်က သေမျိုး နယ်မြေအတွက်ပင် ဖြစ်စေ၊ ဝိဉာဉ်လောကအတွက်ပင် ဖြစ်စေ ထူးခြားလေသည်။ ထိုကဲ့သို့သော အခိုက်အတန့်တွင် သရဲပေါင်းများစွာက မျက်လုံးဖွင့်နိုင်သည်။


ဒေါသနှင့် မုန်းတီးမှု၏ အရိပ်ရောင်ကို ခံထားရသော အနီရောင်ဝတ်စုံ ဝတ်ထားပြီး လရောင်အောက်တွင် ရပ်နေသည့် ချီရွှမ်းက ရက်စက်မှုများ အပြည့်နှင့် သူမကို လာရောက် ရိတ်သိမ်းလိုသည့် သေမင်းများစွာကို ထွက်ပြေး သွားလောက်အောင် မောင်းထုတ် လိုက်နိုင်သည်။ 


သူမ၏ ကိုယ်ပိုင်သွေးများ စွန်းထင်းနေသော အနီရောင် ဝတ်စုံကို ဝတ်ထားသည့် ချီရွှမ်းက သွေးများစွန်းထင်နေသော နှင်းဆီဖြူများ ရှိရာ ဥယျာဉ်ထဲတွင် ရပ်ရင်း ကြီးမားလွန်းသော ပြတင်းပေါက်မှတဆင့် ဧည့်ခန်းအတွင်းရှိ အခြေအနေကို အေးစက်စွာ ကြည့်လိုက်သည်။ 


သူမ၏ချစ်ရသော နာနီ၊ သူမ ကိုယ်ပိုင်မိခင်အရင်းလို သတ်မှတ်ထားသော သူ၊ သူမနှင့် အလွန်ရင်းနှီးသော လူများကို သတ်ခဲ့သည့် ရက်စက်သည့် ဓားပြများကို ကြည့်နေခြင်း ဖြစ်နေသည်။ သူတို့သည် သူမ၏ ချစ်ရသူ လက်ထပ်မည့်နေ့ရက်ကို မမြင်နိုင်အောင် သူမဆီက လုယူသွားကြသည်။ ထို့နောက် သူတို့က ကြွယ်ဝမှုကို ယစ်မူးသွားပြီး စံအိမ်ကို အပိုင်အဖြစ် သိမ်းယူကြကာ သဘောတကျ အောင်ပွဲခံနေပြီး ရဲရင့်မှုအတွက် ဂုဏ်ယူနေကြသည်။ 


ခွင့်မလွှတ်နိုင်စရာဘဲ။


ခွင့်မလွှတ်လို့ မရဘူး။ 


ပထမဦးဆုံးသော နေအလင်းရောင်က မိုးကုပ်စက်ဝိုင်းကို ကျော်လွန်လာသည့် အခိုက်အတန့်တွင် ချီရွှမ်း၏ဝိဉာဉ်က တဖြည်းဖြည်းချင်း လွှင့်ပြယ် သွားသည်။ သို့သော် သူမ၏သွေးနီရောင် မျက်လုံးကမူ ကျန်ရစ်သည်။ ထိုမျက်လုံးတစ်စုံက ဓားပြတိုင်း၏ မျက်နှာကို မှတ်ဉာဏ်ထဲတွင် စွဲထင်အောင် မှတ်သွားသည်။ 


သူတို့၏နာမည်၊ သူတို့အချင်းချင်းခေါ်ကြသော နာမည်တိုင်းက သူမ၏ဝိဉာဉ်ထဲတွင် ရေးထိုးထားသလို စွဲမြဲသွားသည်။ သေလွန်ပြီးသည့်တိုင်အောင် သူမသည် ထိုအမုန်းတရားကို မေ့လိမ့်မည် မဟုတ်ချေ။


.....


နေ့ရက်များက ကျော်လွန်သွားသည်။ ထိုသို့ဖြင့် ညများက နေ့ရက်အဖြစ် ပြောင်းလဲ သွားသည်။ 


အနီရောင်ဝတ်စုံဝတ်ထားသော သရဲက အမြဲတစေ ဥယျာဉ်ထဲတွင်ရပ်ပြီး သူမ၏ တိတ်ဆိတ်စွာနှင့် မုန်းတီးမှုများကို ဖော်ပြနေသည့် အကြည့်ဖြင့်သာ စံအိမ်အတွင်းက ပုံရိပ်တိုင်းကို ကြည့်နေတတ်သည်။ 


သူမ၏ကိုယ်အတွင်းမှ မုန်းတီးမှုက မြင့်တက်လာသည်နှင့်အမျှ ဒေါသများက ဟိန်းသံများပင် ပြုလာကြသည်။


သိပ်မကြာခင် လက ပြည့်လာသည်။ 


ချီရွှမ်း သေပြီး ခုနှစ်ရက်မြောက်နေ့တွင် အဝေးရှိ မိုးကုပ်စက်ဝိုင်းအတွင်းမှ လမင်းကြီးက တဖန် ပြန်လည် ကုန်းတက်လျက် လုံးဝန်းပြည့်တင်းသော ကျောက်စိမ်းပန်းကန်ပြားလုံးလေးကို ကောင်းကင်တွင် ပြန်ပေါ်လာသည်။ 


ကောင်းကင်က လင်းထိန်နေသည်။ လမင်းကြီးကလည်း အဝိုင်းနိုင်ဆုံးသော အတိုင်းအတာသို့ ရောက်ရှိနေလေသည်။ 


အလွန်အမင်း သိပ်သည်းလွန်းသော နေမင်း၏ယန်မှ လပြည့်လုံးကြီး၏ ပြင်းထန်လွန်းသော ယင်အဖြစ် ကူးပြောင်းသွားသည့် အခိုက်အတန့်က ခုနှစ်ရက်တာ ပြီးနောက် နောက်ဆုံးသော အပြောင်းအလဲကို ပေါ်လာစေသည်။ 


ထိုညက သေလွန်ပြီး သူတိုင်းကို ပြန်လည်နိုးထ လာစေနိုင်သည့် အချိန်ဖြစ်သည်။


အတတ်ဆုံး စိတ်ရှည်အောင် ကြိုးစားရင်း စောင့်နေရသည့် ယန်ရှစ်ရွှင်းက မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး ချီရွှမ်း၏မျက်လုံးမှတဆင့် ပတ်ဝန်းကျင်ကို ကြည့်သည်။


သူ၏ တွက်ချက်မှုကသာ မှန်လျှင် ဒီညက အရေးပါလွန်းသော ညဖြစ်ပေလိမ့်မည်။


လပြည့်ဝန်း၏အားဖြည့်ပေးမှုနှင့် ခုနှစ်ရက်ဆိုသော ကာလ၏အစဉ်အလာအောက်တွင် ယင်က အထွန့်အထိပ်သို့ ရောက်သွားသည်။ မြေအောက်လောက၏ တံခါးက ခပ်ကျယ်ကျယ်ဖွင့်ပြီး ရန်ငြိုးကြီး ဝိဉာဉ်များကို လမ်းဖွင့် ပေးလေသည်။


လေလွှင့် ဝိဉာဉ်တစ်ကောင်ဖြစ်သည့် ချီရွှမ်း၏ စွမ်းအားကမူ အများကြီး တက်သွားလေသည်။


ချီရွှမ်းကသာ ဓားပြတိုင်းကိုသတ်ပြီး ထိုအလောင်းများအား ရာစုနှစ်ကြာသည်အထိ သူမကို ကြောက်လန့်ခြောက်ခြား‌အောင် လုပ်နိုင်ခဲ့လျှင် ထိုညက ဒီညဖြစ်လိမ့်မည်။


အပြောင်းအလဲတော့ ဖြစ်တော့မယ်။


အနက်ရောင်တိမ်စိုင်များက စုစည်းလာပြီး လကို တဖြည်းဖြည်းချင်း အုပ်သွားသည်။ ထိုသို့ဖြင့် ညက ပိန်းဖိန့်အောင် မဲမှောင်သော အမှောင်ထု၏ ကြီးစိုးမှုကို ခံခဲ့ရပြန်သည်။


ယန်ရှစ်ရွှင်းက အသက်ရှူထိန်ထားပြီး စောင့်သည်။ သို့သော် ဒီလောကနှင့် မသက်ဆိုင်လောက်သည့် မိစ္ဆာလောက၊ အခြားလောကမှ လေဟာနယ်အတွင်းမှ ဒေါသလည်း မပါသော်လည်း တိုးလျပြီး အာဏာအပြည့်ပါသည့် သို့မဟုတ် အမြင့်ဆုံးတွင် ရှိနေသော တစ်စုံတစ်ရာ၏ အမိန့်သံပါ‌နေသော လေသံလို အသံမျိုးနှင့် ပြောလိုက်သည့် စကားသံက အမှောင်ထုကို ထိုးခွင်းလျက် ချီရွှမ်း၏ နားအတွင်းသို့ ဝင်ရောက်လာသည်။


‘အသစ်စက်စက် ထွက်ခွာလာတဲ့ ဝိဉာဉ်ချီရွှမ်း ငါ မင်းရဲ့ ရန်ငြိုးကြီး ဝိဉာဉ်ဖြစ်ချင်ပြီး စွမ်းအား လိုချင်တယ်။ ကလဲ့စား ချေချင်တယ်။ မတရားခံခဲ့ရတဲ့ သူတွေကို ပြန်လည် ဖြေရှင်းချင်တယ်ဆိုတဲ့ တောင်းဆိုမှုကို ကြားတယ်’


ချီရွမ်း၏ နှလုံးသားက တစ်ချက်ခုန်သွားသည်။ သူသည် အသံလာရာဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ အနက်ရောင်တိမ်စိုင်များက လကို အုပ်ထားသည်။ ထိုသို့ဖြင့် ဖျော့တော့မှေးမှိန်လွန်း‌သော အလင်းဖြင့်သာ နှင်းဆီရောင်ပြည့်နေသည့် ဥယျာဉ်ကို မြင်နိုင်သည်။


ထိုအခိုက် အဝေးမှ အရပ်ရှည်ရှည်နှင့် ပုံရိပ်တစ်ခုက တဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ ထိုသူသည် ပန်းခင်းတစ်ခုလုံးမှ ဖုံးလွှမ်းလောက်အောင် ရှည်လျားသည့် ဝတ်ရုံရှည်ကြီးကို ခြုံထားပြီး အလေးချိန်မဲ့သလိုမျိုး အသာအယာ လျှောက်လာခြင်း ဖြစ်သည်။ ထိုပုံရိပ်က မည်သည့်နေရာသို့ ထွက်သွားစေကာမူ ပန်းနှင့်အပင်များက ညိုးနွမ်းသွားပြီး မဲတူးနေသည့် မြေသားနှင့် တိတ်ဆိတ်မှုကိုသာ ချန်ထားရစ်ခဲ့သည်။


ချီရွှမ်း၏ ပြတ်နေသော ခေါင်းက မြေပြင်မှာ အနားယူနေရာက ယန်ရှစ်ရွှင်အား အလင်းကို မြင်နိုင်ရန် လှည့်ကြည့် ပေးသည်။ ထိုပုံရိပ်ဟာ သူနှင့် သိပ်မဝေးသော နေရာတွင် ရပ်သွားသည်။ သဘာဝလွန်နေသည့် လေးလံသိပ်သည်းလွန်းသော အရှိန်အဝါတစ်ရပ်က လောက၏ အသက်စွမ်းအားများကို တိုက်စားလာသည်။ သူ၏ရှုထောင့်မှ ကြည့်သော် ထိုပုံရိပ်က အလွန်အမင်း ရှည်သည်။ လမင်းနှင့် ကောင်းကင်ကိုပင် တိုက်နေသည်ဟု ထင်ရလောက်အောင် မြင့်လွန်း၏။


အကယ်၍ လပြည့်ဝန်းကြီး၏ အေးစိမ့်စေသော အလင်းရောင်အောက်တွင် ထိုပုံရိပ်က သေခြင်းနှင့် ရှည်ခြင်းနယ်မြေကို ထုတ်ထားပေးသော တစ်စုံတစ်ရာဟု ပြော၍ပင် ရလောက်သည်။


မြင်ရုံသာ မြင်ရလောက်အောင် မှေးမှိန်နေသော အလင်းရောင်အောက်တွင် ယန်ရှစ်ရွှင်းသည် တစ်ဖက်သူ၏ သွင်ပြင်လက္ခဏာများကို မနည်းခွဲခြားလိုက်ရသည်။


ယန်ရှစ်ရွှင်း ယခင်က မြင်ခဲ့ဖူးသမျှ ဝိဉာဉ်နှင့် မကောင်းဆိုးဝါးများနှင့် မတူသော မျက်နှာမျိုးကို မြင်လိုက်ရသည်။ သိပ်သည်းလွန်းသော သဘာဝလွန် အရှိန်အဝါများနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ထိုမျက်နှာက အရွယ်ရောက်ပြီးသော ရင့်ကျက်သော အမျိုးသားတစ်ယောက်လို ထက်ရှသည့် မေးရိုးနှင့် ရှင်းပြန်ရန် ခက်ခဲလောက်အောင် မြင့်မားသည့် အာဏာကို ကြာရှည်စွာ ကိုင်စွဲထားဖူးသူ တစ်ယောက်ကဲ့သို့ ကြည့်ကောင်းလေသည်။


ထိုသူ၏နားထင်အနားတွင် ရှိနေသော အနက်ရောင် သင်္ကေတနှစ်ခုကြောင့်သာ သာမာန်လူနှင့် ကွဲထွက်နေခြင်း ဖြစ်လာက်သည်။ 


ယန်ရှစ်ရွှင်း၏ အမြင်တွင် ထိုပုံရိပ်က သိပ်သည်းလွန်းသော အနက်ရောင်မြူများကို ဆက်တိုက်လွှင့်ထုတ်နေပြီး သူဟာ အမှောင်ထုမှ ထုဆစ်ထားသော ကျောချမ်းဖွယ် ကောင်းသည့် သဘာဝလွန် စွမ်းအင်များ၏ တစ်စိတ်တစ်ပိုင်းအလား ထင်ရသည်။


ချီရွှမ်းသည် ယခုအခါ နှစ်တစ်ရာကြာပြီ ဖြစ်သောကြောင့် ရန်ငြိုးကြီး ဝိဉာဉ် ဖြစ်လာသောကြောင့် ယန်ရှစ်ရွှင်းကိုပင် အန္တရာယ်ကိုပင် ခံစားမိစေသည့်တိုင်အောင် သူ၏အရှေ့မှ လူနှင့်ယှဉ်သော် အပုံတစ်ထောင် ပုံလျှင် တစ်ပုံ မရှိပါချေ။ 


သူ့ဘဝတစ်ခုလုံးတွင် ဆရာဖြစ်သူနောက် လိုက်ပြီး နေရာတိုင်းကို လှည့်လည် သွားလာခဲ့သည်။ ယန်ရှစ်ရွှင်းသည် မရေမတွက် နိုင်သော ဝိဉာဉ်ပေါင်း၊ မကောင်းဆိုးဝါး များစွာကို ကြုံတွေ့ပြီးလေပြီ။ သို့ရာတွင် ယခုတစ်ခါကဲ့သို့ အလွန်အမင်း ကြီးလေးလွန်းသည့် အန္တရာယ်ကို ဆောင်ကျဉ်းပေးနိုင်သည်ဆိုသော ပြင်းပြအာရုံကို ခံစားစေလောက်သည့် အကောင်မျိုးကို မတွေ့ဖူးချေ။


သူ၏မှတ်ဉာဏ်များအတွင်းတွင်မူ ဆရာဖြစ်သူ မခေါ်သွားခင် ငယ်စဉ်ဘဝက အလားတူ ခံစားချက်မျိုးကို ရဖူးသလို ခပ်ရေးရေး ခံစားခဲ့ရသည်။ ယန်ရှစ်ရွှင်းက သတိအပြည့်ကပ်နေပြီး ချီရွှမ်း အရှေ့မှ ကျောချမ်းဖွယ်ကောင်းသည့် ပုံရိပ်ကြီးကို လေ့လာအကဲဖြတ်နေချိန်တွင် ချီရွှမ်းက သဘောတူလိုက်သည်။


“ဟုတ်တယ် ဒီလူတွေအားလုံးကို ငါ့လိုမျိုး နာကျင် ခံစားစေချင်တယ်။ မဟုတ်ဘူး။ အဆတစ်ရာ ပိုစေချင်တယ်”


ရန်ငြိုးကြီးဝိဉာဉ်က အော်သည်။


“ခွင့်မလွှတ်နိုင်တာ ခွင့်မလွှတ်နိုင်တာတွေပဲ။ သူတို့က လူဖြစ်ဖို့ မတန်ပါဘူး။ ဒီတော့ သူတို့က အခြားသူတွေကို ဒုက္ခပေးဖို့ အသက် ဆက်ရှင်နေဖို့လည်း မတန်ဘူး။ ဘာလို့ သူတို့ကို ဘယ်သူကမှ အပြစ် မပေးကြတာလဲ။ သူတို့က သေရမယ်။ သူတို့ ဒီတောင်ထဲမှာ ခြေတစ်လှမ်းတောင် မထွက်နိုင်သင့်ဘူး။ သူတို့ ဒီနေရာမှာ သေရမယ်။ ထာဝရပဲ။ ဘယ်သူ့ကိုမှ ဒုက္ခမပေးနိုင်စေရဘူး”


“မင်း ဆုံးဖြတ်ပြီးပြီလား”


တစ်ဖက်သူ၏ အသံက တိုးသည်။ အသံတုံးက အလွန်နိမ့်ပြီး အေးစက်နေသည်မှာ ဖုန်းတုယန်နန်းတော်အတွင်းတွင် လမ်း‌ပျောက်နေသော ဝိဉာဉ်တိုင်းကို ဆုံးဖြတ်ချက် ချပေးသည့် မြင့်မြတ်သော တစ်စုံတစ်ယောက်အလား ထင်ရသည်။


‘ရန်ငြိုးကြီး ဝိဉာဉ်တစ်ကောင် ဖြစ်ချင်တယ်ဆိုတာက ပြန်လည်မွေးဖွားဖို့ ဝင်ရတဲ့ စက်ကွင်းထဲ ဝင်ခွင့်ကို လက်လျော့ လိုက်တာပဲ။ မင်းက မင်းရဲ့ကိုယ်ပိုင် မုန်းတီးမှုအတွင်းမှာပဲ ပိတ်မိနေပြီ။ ကောင်းကင်ဘုံက သက်ညှာပေးပြီး ကျန်ရစ်တဲ့ အပြစ်တိုင်းကို ချေပြီးမှ မင်း ပြန်လည် မွေးဖွားတဲ့ စက်ကွင်းထဲကို ပြန်လည် ဝင်ရောက်နိုင်လိမ့်မယ်’


“ငါ ဂရုမစိုက်ဘူး။ ငါ ကျိုးချီနဲ့ အဲဒီဓားပြတွေကိုပဲ သေစေချင်တာ”


ချီရွှမ်း၏မျက်လုံးမှ သွေးများ စီးကျလာသည်။ သူမ၏ပြင်းထန်လွန်းသော မုန်းတီးမှုကြောင့် ထိုသွေးများက မြေဆီလွှာအတွင်းသို့ ဝင်ပြီး ညိုးနွမ်းပြီးသား သွေးစွန်းနေသော နှင်းဆီများကို ပြန်လည် ပွင့်လန်းလာစေသည်။


ယန်ရှစ်ရွှင်းက တစ်ဖက်သူထံမှ ရယ်သံခပ်တိုးတိုးကို ကြားလိုက်ရပုံ‌ပေါ်သည်။ သို့သော် တိုးလွန်းသဖြင့် သူကပင် ထင်ယောင်ထင်မှား ဖြစ်သလို ခံစားလိုက်ရသည်။ သူက သေချာနား‌ထောင်လိုက်သောအခါ မကြားရပြန်ချေ။


“မြေ‌အောက်လောကမှာ သေလွန်ပြီးတဲ့နောက် ဖုန်းတုကို သွားပြီး အစီရင်မှုခံရတယ်”


မှတ်ချက် ဖုန်းတု = သေလွန်ပြီးသူများကို စီရင်ပေးရာနေရာ။


ထိုအသံက သရဲများအတွက် လမ်းပြပေးနေသလို တင်းမာလွန်းနေသည်။


“အသစ်စက်စက် ဖြစ်ကာစ သရဲချီရွှမ်း နိုးထစေ”


တိမ်များက ရုတ်တရက် ကွဲထွက်သွားပြီး ကောင်းကင်က ဘု‌ရားကျောင်း၏ အမိုးလိုမျိုး မြှောက်တက်သွားသည်။


ဖျော့တော့သောလရောင်က ရုတ်တရက် အောက်သို့ ဆင်းသက်လာပြီး ပုတ်ပွ နေပြီးသားဖြစ်သည့် ချီရွှမ်း၏အလောင်းနှင့် ဦးခေါင်းခွံပေါ် ကျလာသည်။


အကျိုးအပြတ် အလောင်းများ ပြည့်နေသည့် ထင်းတဲအတွင်းမှ အလောင်းအိတ်က လှုပ်လှုပ်ရှားရှား အသံများကို ထုတ်လာစေသည်။


ထင်းခြောက်များပေါ် စွန်းပြီး ခြောက်နေပြီးသား သွေးနှင့် သွေးများဝင်ရောက်လျက် ပြန်လည်ခြောက်သွေ့သွားသော မြေဆီလွှာများက လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ထို့နောက် လူပုံပင် မပေါ်လောက်အောင် နုတ်နုတ်စင်းခံထားရသည့် အသားများကပင် ဦးခေါင်ခွံရှိရာသို့ တစ်လှိမ့်ချင်းစီလာသည်။ အလင်းရောင် ပျောက်ဆုံးပြီး ခပ်ထိုင်းထိုင်း ဖြစ်နေလျက် မှေးမှိန်သွားသည်။ အနီရောင်မျက်လုံးက ရုတ်တရက် ပွင့်သွားသည်။


ခုနှစ်လမြောက် ခုနှစ်ရက်နေ့ညတွင် မုန်းတီးမှုအပြည့်နှင့် သေသွားသော ချီရွှမ်းက ဥယျာဉ်အတွင်း ပြည့်နေသည့် လေပြင်းနှင့် တစ္ဆေချီများအကြား ကြမ်းတမ်းသော တစ္ဆေအသွင် ပြောင်းသွားသည်။


ထိုအချိန်တွင် စံအိမ်တစ်ခုလုံးက တောက်ပ ထိန်လင်းနေပြီး လူအများစုက သောက်စားပျော်ပါးသည့် သီချင်းဆိုသံများဖြင့် စည်ကားနေလေသည်။


ချီရွှမ်းက မတ်တပ်ထရပ်လိုက်သည့် အခိုက်အတန့်တွင် ယန်ရှစ်ရွှင်းသည်လည်း သူမ၏မျက်ဝန်းမှတဆင့် ထိုပုံရိပ်ရပ်နေသော နေရာကို ခပ်မြန်မြန် ကြည့်လိုက်သည်။


သို့ရာတွင် လရောင်က တောက်ပလွန်းသည်။ ထိုပုံရိပ်ကမူ သဲလွန်စပင် မရှိဘဲ ပျောက်ကွယ်သွားနှင့်လေသည်။ 


******